Chapter 110
ယဲ့ကျားကအရှေ့တိုးသွားကာ ၎င်းအောက်ခြေကိုငုံ့ကြည့်လိုက်သည်။ သူ၏မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားရသည်။ ရေခဲတမျှလေအေးတို့သည်သူ၏ဆံပင်ကိုဖြတ်တိုက်သွားသည်၊ ချွေးစိုနေသောနဖူးနှင့်လည်ဂုတ်ကိုပွတ်သပ်သွားသည်။ အရိုးထဲမှအကြောက်တရားများ အပြင်ထွက်လာသည်။
ချောက်နက်ထဲမှ နက်မှောင်ချွဲပြစ်သောအရည်လှိုင်းလုံးများ ဆန်တက်လာသည်။ မသန့်စင်သောအငြိုးတရားများ အပေါ်သို့ဖြည်းဖြည်းချင်းတက္လာ၏၊ မြေပေါ်မှပေါင်းပင်များကိုညိုးခြောက်သွားစေသည်၊ ၎တို့၏အသက်ဝိညာဉ်မှာနှုတ်ယူခံလိုက်ရပြီး မည်းညစ်သွားသည်။ အနက်ရောင်မြူထုသည် ကျောက်သားအုတ်ဂူဘေးပတ်လည်မှပေါ်ထွက်လာ၏။ လှိုင်းလုံးတလိမ့်လိမ့်အကြား လူသားတို့၏ဝိုးတဝါးမျက်နှာတစ်ခုပြီးတစ်ခုပေါ်ထွက်လာသည်၊ ၎င်းတို့၏ မချိမဆန့်နာကျင်ရမှုတို့သည်တစ်ယောက်ထက်တစ်ယောက် ဆင့်ကဲပိုသာနေသယောင်။ သူတို့သည်ရေညစ်များအကြား လူးလိမ့်နေပြီး အရေပြားသာရှိသောလက်များက အထက်ကောင်းကင်ယံကိုလှမ်းနေသည်။ မွန်းကျပ်ဖွယ်လေထုသည် လက်ဆုပ်လက်ကိုင်ပင်ပြ၍ရနိုင်၏။
"ဘာ...ဘာကြီးလဲ"
ယဲ့ကျား မျက်လုံးများပြူးဖြင့်မေးလိုက်မိသည်။ လက်မည်းလေးသည် သူ၏အကျႌကော်လံတွင် တွဲလဲချိတ်နေဆဲ။
"ငါမင်းကို အငြိုးကြီးဝိညာဉ်တွေက ဝိညာဉ်နဲ့ခက်ထန်တဲ့အဆင့်တစ္ဆေတွေကိုတောင်စားပစ်နိုင်တယ်လို့ပြောဖူးတာကိုမှတ်မိလား"
ယဲ့ကျားကိုယ်က တောင့်တင်းသွားပြီး လက်မည်းလေးကိုလှည့်ကြည့်လိုက်သည်။
"မင်းဆိုလိုချင်တာက...."
လက်မည်းလေးသည် ယဲ့ကျားအနောက်တွင်ပုန်းနေပြီး ကြောက်ကြောက်လန့်လန့်ဖြင့်ဆက်ပြော၏။
"သူတို့...သူတို့အကုန်လုံး...အစားခံလိုက်ရပြီးပြီ"
ထိုအချိန်မှာပင် မြေကြီးကလှုပ်ရှားလာသည်။ အခေါင်း၏ပျဉ်ချပ်မှ သံများပြုတ်ထွက်နေပုံမှာ ခေါင်းမွှေးထောင်ချင်စရာ။ ရိရွဲနေသည့်လက်တစ်ဖက်က အောက်ဘက်မှတဆင့် ပျော့ပျောင်းသောမြေလွှာကိုဖောက်ထွက်လာကာ မကြာခင် လောက်တက်ပြီးပျက်စီးနေသောအလောင်းက အပြင်ဘက်ရောက်လာသည်။ မြက်ခြောက်နှင့်တူသောဆံပင်များက ခေါင်းပေါ်မှဖားယားကျနေကာ မျက်တွင်းဟောက်ပက်တစ်စုံကသချႋုင်းထဲမှ တစ်ဦးတည်းသောသက်ရှိလူသားကိုစိုက်ကြည့်နေသည်။လူသေအလောင်းများမှာ တစ်လောင်းပြီးတစ်လောင်းမြေကြီးထဲမှထွက်လာကြသည်။ သူတို့၏အရိုးပြိုင်းပြိုင်းလက်များက ယဲ့ကျားအားလှမ်းဆွဲလာသည်။
"အား....!...အား....!"
မညီမညာသံစဉ်သည် သာယာနာပျော်ဖွယ်အသံအား ထုတ်ပေးရန်ခက်ခဲသည်။
ယဲ့ကျားက သူ့မျက်လုံးများကိုတဖြည်းဖြည်းမှေးလိုက်သည်။ သူ၏လက်ထဲတွင် အေးစက်သောအလင်းရောင်ပေါ်လာသည်။
သူသည်ဂိမ်းထဲတွင်ရှိခဲ့သမျှ ကာလပတ်လုံး ထိုအရာမျိုးစုံကိုမြင်ဖူးထားခဲ့ပြီးပြီ။ သူ့အတွက် အထူးအဆန်းမဟုတ်တော့ပေ။
"....ငါ့ကိုကယ်ပေးပါ...."
ပုပ်အက်နေသောအလောင်းက တဝူးဝူးရွတ်လေသည်။
"နာလို့ပါ...."
"နာလို့ပါ...မေမေရယ်"
ကလေးဖုတ်ကောင်၏ စွဲစွဲငင်ငင်မြည်တမ်းသည့်အသံ။
"အရမ်းမှောင်တယ်..."
"တစ်ယောက်ယောက်ကယ်ကြပါ..."
ယဲ့ကျား ကြက်သေသေနေသည်။ သူတို့ကား မကောင်းဆိုးဝါးများမဟုတ်ရပါ။ သူတို့သည် သက်ရှိဖုတ်ကောင်များသာ။
သူကြောင်ရပ်နေစဉ် ဖုတ်ကောင်တစ်ကောင်က သူ၏ဘောင်းဘီခြေထောက်အနားကိုလှမ်းဆွဲလာသည်။ တရှဲရှဲအသံဖြင့် အနက်ရောင်မြူထုက၎င်းကိုင်ထားသည့်နေရာတွင်ပေါ်လာခဲ့သည်။
ယဲ့ကျားက ၎င်းထိထားသည့်အပိုင်းကိုမဆိုင်းမတွ ဖြတ်ပစ်လိုက်၏။ အဝတ်စက မြေကြီးဖြင့်မထိခင်မှာပင် လုံးဝပျက်ဆီးသွားလေသည်။ အငြိုးစွမ်းအင်က ခက်ထန်သောအဆင့်တစ္ဆေကို ဝါးမြိုပစ်နိုင်သည်အထိ ပြင်းထန်သည်။
ယဲ့ကျား၏မျက်လုံးများမှာမှောင်မိုက်သွား၏။ လက်မည်းလေးက ယဲ့ကျား၏အကျႌကော်လာကို တင်းတင်းကိုင်ထားကာမေးလိုက်သည်
: "ငါတို့ဘာလုပ်ကြမလဲ"
ယဲ့ကျားကအံကြိတ်ထားပြီးပြန်မဖြေပေ။ သူရင်ဆိုင်နေရသည့်အရာများက သက်ရှိဝိညာဉ်များဖြစ်နေသည်
သူကျီရွှမ်ကိုလှည့်ကြည့်လိုက်သည်။
"သူတို့ကိုနောက်တစ်ခေါက်ချိပ်ပိတ်လို့ရလား"
ကျီရွှမ်က ခပ်ဖြည်းဖြည်းခေါင်းညိတ်ပြသည်။ သူ၏ဖြူဖတ်ဖြူရော်လက်ချောင်းများက ရုတ်တရက်လှုပ်ရှားလိုက်သည့်အခါ မမြင်ရသည့်အားတစ္ခုက လေထုထဲမှအနက်ရောင်မြူခိုးများကိုရစ်ပတ်သွားပြီး မြေကြီးထဲသို့ပြန်ဝင်စေသည်။ ရုပ်သေးကဲ့သို့သောအလောင်းကောင်များမှာ အထိန်းအကွပ်မဲ့သွားသည်။ မြေပေါ်တွင်လဲကုန်ကြပြီး ထပ်မလှုပ်ရှားလာကြတော့ပေ။ ကျီရွှမ်၏ကိုယ်သည် မဆိုသလောက်ယိုင်သွားသည်။ သူသည် အမြန်ပင်သူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး ယဲ့ကျားလှည့်ကြည့်လာချိန်တွင်မူလအခြေအနေပြန်ရောက်သွားသည်။
"အခု ငါသူတို့ကိုပုံမှန်အခြေအနေရောက်အောင်ပြန်ထိန်းလိုက်ပြီ..ငါသူတို့ကိုငြိမ်အောင်လုပ်လို့တော့မရဘူး"
၎င်းသည် အချိန်တစ်ခုရောက်သည်နှင့်ထပေါက်မည့် ချိန်ကိုက်ဗုံးတစ်လုံးလိုပင်။ ကျီရွှမ်၏ထိန်းချုပ်မှုလွတ်သွားသည်နှင့် ပေါက်ကွဲလိမ့်မည်။
ယဲ့ကျားသည် သူ၏အရှေ့မှပျက်စီးနေပြီးသော သချုႋင်းကိုကြည့်လိုက်၏။
နေရောင်ခြည်သည် တောက်ပနေဆဲဖြစ်လင့်ကစား သူသည်နွေးထွေးမှုကိုမခံစားရပေ။ ယဲ့ကျားသည် ရုတ်တရက်တစ်ခုခုအားတွေးမိသွားသည်ဖြစ်မည်။ သူ အနည်းငယ်မျှသောအံ့အားသင့်မှုများဖြင့် မြို့တော်ရှိရာဘက်သို့လှမ်းကြည့်လိုက်သည်။
ဒါပဲလေ..
......
'ဗြိ'
ကြမ်းပြင်ပေါ်မှ ကော်ဇောအဟောင်းသည် နှစ်ခြမ်းပြဲသွားပြီး ဖုန်ငွေ့များကအလင်းရောင်မှိန်မှိန်သာရှိသော အခန်းထဲတွင် အုံ့ဆိုင်းသွားသည်။အကြောက်လွန်နေသည့် အကြီးနှင့်အသေးဝိညာဉ်နှစ်ခုသည် ခေါင်မိုးပေါ်တွင်ထိုင်နေပြီး ဂျယ်လီနှစ်ခုကဲ့သို့ကပ်နေသည်။
"ဘာတွေဖြစ်နေတာလဲ"
"ငါလည်းမသိဘူးလေ!"
"သူတစ်ခုခုကိုရှာနေတာလား"
"ငါလည်းသေချာမသိဘူး"
အကြောက်လွန်နေသောဝိညာဉ်နှစ်ခုသည် အခန်းထဲတွင်တွေ့ကရာကိုစိတ်ရှိလက်ရှိဖျက်ဆီးနေသော လူငယ်လေးထံဝဲသွားပြီးမေးလိုက်၏။
"ကျွန်တော်တို့အကူအညီပေးရမလား"
ယဲ့ကျားကသူတို့အားလှည့်ကြည့်လိုက်သည်။
အား....ချောလိုက်တာ....
ကြည့်နေချိန်မှာပင် ပိုပြီးချောလာသယောင်။
ကြောက်တတ်ကြသော ဝိညာဉ်လေးနှစ်ကောင်သည် အချစ်တွင်ပျော်ဝင်သွားသည့်ပုံဖြင့် စိတ်လက်တက်ကြွလာကြသည်။
"ငါတို့ဒီမှာနေခဲ့တာကြာလှပြီ၊ မင်းဘာရှာချင်လဲ! ငါတို့ကိုသာပြောလိုက်!"
ယဲ့ကျားက စာရွက်တစ်ရွက်ထုတ်ကာ ရိုးရိုးရှင်းရှင်းပုံဆွဲပြလိုက်သည်။
"မင်းတို့တွေ ဒါနဲ့တူတဲ့ပစ္စည်းမျိုး ဒီအိမ်မှာမြင်ဖူးကြလား"
ကြောက်တတ်သည့်ဝိညာဉ်နှစ်ခုမှာ ပြန်လည်စဉ်းစားလိုက်ကြကာ
"အား!"
ကြောက်တတ်သောဝိညာဉ်အကြီးက ရုတ်ချည်းမှတ်မိသွားသည်။ ၎ကခုန်လိုက်ပြီး "ငါထင်တာတော့...ငါထင်တာကတော့ အဲဒီနေရာမှာပဲ!"
"ဘယ်နေရာလဲ"
ဝိညာဉ်အကြီးက လက်ညိုးထိုးပြသည်။
ယဲ့ကျားအံ့ဩသွားသည်။ သူဖြည်းဖြည်းချင်းခေါင်းမော့ကြည့်လိုက်သည်။
၎က မည်းမှောင်ပြီးဖုန်များသာရှိစေကာမူ အသေအချာကြည့်ပါကသူ၏ခေါင်းပေါ်မှ မှုန်ဝါးဝါးအမှတ်အသားသည် ရင်းနှီးနေသောပုံစံရှိသည်။ ၎င်းသည် အမေ၏အခေါင်းအောက်ခြေ၌ သူမြင်တွေ့ခဲ့ဖူးသည့်အမှတ်အသားနှင့်အတူတူပင်....။
ယဲ့ကျား ခေါင်းမော့ပြီး အဆိုပါထူးဆန်းသောပုံစံကိုစိုက်ကြည့်လိုက်သည်၊ သူ၏အကြည့်များက အနည်းငယ်မည်းမှောင်သွားသည်။
တစ္ဆေဘုရင်က အမေ၏ ကိုယ်စားလှယ်။ သို့ဖြစ်၍ သူ၏လုပ်ဆောင်မှုမှန်သမျှသည်် အမေ၏ဆန္ဒဖြစ်သည်။ ယဲ့ကျားသည်ဖုန်းထုတ်ပြီး လျိုကျောက်ချန်ကိုလှမ်းခေါ်သည်။
"ဥက္ကဌ၊ ယင်မျိုးစေ့တွေဘယ်အချိန်မှာစဖြစ်တာလဲဆိုတာသိလား"
"အမ်?"
လျိုကျောက်ချန်၏အသံက တဖက်မှပြန်ရောက်လာသည်။ အတန်ကြာမွ "ငါဌာနချုပ်ကိုစဝင်တော့ လုပ်ငန်းစဉ်တွေနဲ့ သုသေသနတွေက မပြီးသေးဘူး၊ သီအိုရီအရ ယင်မျိုးစေ့တွေက မြို့တော်အနားတဝိုက်မှာရှိနေသရွေ့...."
ယဲ့ကျားက သူ၏စကားကိုဖြတ်ပြောသည်။
"ဒါပေမဲ့ အဲဒီလိုသာတကယ်မှန်ရင် ဌာနမဖွဲ့စည်းခင်တည်းက ယင်မျိုးစေ့တွေက နှစ်ထောင်ချီကြာတဲ့ယင်စွမ်းအင်တွေနဲ့ပေါင်းနေလောက်ပြီမဟုတ်ဘူးလား"
လျိုကျောက်ချန်က ခက်ခက်ခဲခဲပြန်ဖြေရသည်။
"အမ်?...ဖြစ်နိုင်တာက...လူသားတွေရဲ့တိုးပွားမှုဖြစ်စဉ်အရ..."
"ယင်မျိုးစေ့ဖြစ်စဉ်ရဲ့ အဓိကအချက်ကဘယ်အချိန်ဖြစ်တာလဲ"
"လွန်ခဲ့တဲ့နှစ်သုံးဆယ်ကလို့တော့ ထင်တာပဲ"
"ဌာနချုပ်ပြန်ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှလား"
လျိုကျောက်ချန်း၏မှတ်ဉာဏ်များမှာ ခဏတာတန့်သွားလေ၏။
".....ဟုတ်တယ်"
ယဲ့ကျားကဖုန်းချလိုက်ပြီး အခြားသူများကိုမက်ဆေ့ချ်ပို့လိုက်သည်။
.....
အဆောက်အအုံအပြင်ဘက်တွင်ဖြစ်သည်။
ထောင့်နားတဝိုက်ရှိ မစ်တီးဆိုင်သည် ဖွင့်ထားဆဲဖြစ်သော်ငြား စီးပြားရေးကား ပုံမှန်အတိုင်းနှေးကွေးနေသေးသည်။ တီဗွီမှသတင်းကြေညာသံသည် မှန်ပြတင်းများကိုဖြတ်ကာအပြင်မှပင်ကြားရ၏။
".....သဘာဝလွန်ဖြစ်စဉ်တွေဟာ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပါတယ်၊ တိုင်းပြည်ဟာ ပြည်သူ့လုံခြုံရေးအတွက် အရေးပေါ်အခြေအနေချမှတ်ထားပါတယ်..."
ယဲ့ကျားကဆက်မကြည့်တော့ချေ။ နောက်ဆုံးတစ်ကြိမ် သူလာစဉ်ကနွေလယ်ခေါင်ဖြစ်ခဲ့ပြီး ယခုဆောင်းဦးပေါက်တော့မည်။ လေထုထဲတွင် နွေရာသီ၏အငွေ့အသက်သည် တစွန်းတစမျှကျန်ရစ်နေသေးသည့်တိုင် အပူချိန်ကလျော့ကျနေပြီး အေးစိမ့်မှုအချို့က သူ၏အကျႌအတွင်းသို့ဖောက်ထွင်းဝင်လာနေသည်။ သူ၏အရှေ့မှအဆောက်အအုံဟောင်းသည်တိတ်ဆိတ်စွာဖြင့် မားမားမတ်မတ်ရှိနေပြီး အလင်းရောင်ကင်းမဲ့သောကော်ရစ်တာမှ မြူဆိုင်းနေသောလေထုကိုထုတ်လွှတ်နေသည်။ မကြာမီ အဝေးမှအော်သံကြားရသည်။
"ဟေး...အစ်ကိုယဲ့!"
ယဲ့ကျားက အသံလာရာသို့လှမ်းကြည့်သည်။ သူသည်ချန်းချင်းယဲ့၊ ဝေ့ရွှယ်ချုးနှင့်ဘလပ်တို့လာနေသည်ကို မြင်ရသည်။ ဝေ့ရွှယ်ချုးကသူ့ထံလက်ပြပြီးပြေးလာနေသည်။
"ဟေး...ဘာလို့ကျွန်မတို့ကိုအရေးတကြီးခေါ်ရတာလဲ"
ယဲ့ကျားကနှုတ်ခမ်းကိုဖိပြီး ချန်းချင်းယဲ့ကိုလှမ်းကြည့်သည်။
"ငါမင်းကိုယူလာခိုင်းတဲ့ပစ္စည်းယူလာခဲ့လား"
ချန်းချင်းယဲ့ကခေါင်းညိတ်သည်။ သူကျောပိုးအိတ်ကိုဖွင့်ပြီး ထောက်လှမ်းရေးကိရိယာသုံးခုကိုထုတ်လိုက်သည်။
"ဟမ်?"
ဘလပ်စ်ကမျက်ခုံးပင့်လိုက်သည်။
"ဘာအတွက်လဲ"
ယဲ့ကျား: "ငါတို့ရှာတွေ့လာတဲ့ အမြန်ဆုံးအာရုံခံစက်တွေပဲ၊ ငါတို့ရဲ့စိတ်ထက်တောင် သိတာပိုမြန်တယ်"
ဝေ့ရွှယ်ချုးသည် မျက်ခုံးများကိုကြုံ့လိုက်ပြီး "ငါတို့ဘာကိုရှာနေတာလဲ"
"အငြိုးအတေး"
ကျန်သူများ မလှုပ်မယှက်ဖြစ်ကုန်သည်။
"အငြိုးအတေး?"
"ယင်စွမ်းအင်နဲ့တူတယ် ဒါပေမဲ့ မှော်နက်စွမ်းအင်နဲ့အန္တရာယ်ပိုများတယ်၊ ခက်ထန်တဲ့အဆင့်တစ္ဆေကိုတောင်ဝါးမြိုပစ်နိုင်တယ်"
အားလုံး၏တဖြည်းဖြည်းထိတ်လန့်လာပုံကိုကြည့်ပြီး ယဲ့ကျားကဆက်ပြောလေသည်။
"အဆောက်အအုံကကြီးလွန်းတော့ ငါတို့လူခွဲရှာရအောင်"
ဝေ့ရွှယ်ချုးသည် အလေးချိန်စီးသေါကိရိယာကိုလက်ထဲတွင်ကိုင်ကာ ယဲ့ကျားအားကြည့်လိုက်သည်။
"ရှင်ကရော"
ယဲ့ကျားက အိတ်ကပ်ထဲမှလက်မည်းလေးအားထုတ်ကာ ဝှေ့ယမ်းပြလိုက်သည်။
"ငါကတော့ဒါလေးသုံးလိုက်မယ်"
လူတိုင်း: "....."
ခဏေလး...မင်းပြောတော့ တစ်ခါပဲသုံးလို့ရတာဆို?
လက်မည်းလေးက သူတို့သုံးယောက်အားလက်ယမ်းပြသည်။
"ဟိုင်း!"
လူတိုင်း: "...."
ဘာကောင်လဲဟ?
ယဲ့ကျားကရှင်းပြလိုစိတ်မရှိချေ။ လက်မည်းလေးအားပုခုံးပေါ်တင်ပြီး အခြားသုံးယောက်ကိုလှည့်ကြည့်သည်။
"သွားမယ်၊ တစ်ခုခုတွေ့ရင်ဖုန်းခေါ်လိုက်"
သူဘေးတွင်ရပ်နေသောကျီရွှမ်ကိုကြည့်ပြီး ခဏတဖြုတ်ရပ်သွားသည်။
"မင်းကတော့အပြင်မှာစောင့်နေ"
ကျီရွှမ်၏နှုတ်ခမ်းထောင့်ချိုးလေးများကယောင်ယောင်မျှကွေးတက်သွားကာ အနီရင့်ရောင်မျက်လုံးအောက်ခြေတွင် အပြုံးရိပ်လေးတစဖြတ်သန်းသွားသည်။
သူကချိုချိုသာသာပင်တုံ့ပြန်ပါသည်။
"အိုကေ"
အဆောက်အအုံအတွင်းဘက်တွင် သတ္တုတံခါးသည်တင်းတင်းကျပ်ကျပ်ပိတ်ထားပြီး မီးခိုးရောင်နံရံများမှာ ကျီးခြစ်ကြောင်ခြစ်လက်ရေးများရှုပ်ပွနေသည်။ ဖြည်းဖြည်းမှန်မှန်ခြေလှမ်းများသာ ရှင်းလင်းနေသောကော်ရစ်တာတလျှောက်ပဲ့တင်ရိုက်ခတ်နေ၏။ ဆောင်းဦးပေါက်နေရောင်သည် တဖိတ်ဖိတ်လက်နေသည့်မှန်များကိုဖြတ်ပြီး ပတ်ဝန်းကျင်တခွင်ကို တောက်ပစွာအလင်းပေးနေသည်။ လူသတ်မှုပြီးနောက်အဆောင်သည်အကြိမ်ကြိမ်ပြောင်းရွှေ့ခဲ့ရပြီး တစေၦများအထိကရုဏ်းပြီးသည့်နောက် အဆောက်အအုံသည်စွန့်ပစ်နေရာအဖြစ်ကျန်ရစ်ခဲ့သည်။
ယဲ့ကျားကလမ်းလျှောက်လာသည်၊ အရပ်ရှည်ပြီးဖြောင့်တန်းနေသောပုံရိပ်က တောက်ပသောကော်ရစ်တာတွင် ထင်ရှားနေ၏။ ပုခုံးပေါ်မှလက်မည်းလေးသည် သဲလွန်စအားလိုက်ရှာနေပြီး မြဲမြဲကုပ်တွယ်ထားသည်။ သူတို့ဝင်လာသည်မှာ အတွင်းပိုင်းသို့တဖြည်းဖြည်းရောက်လာသည်အထိ။
လက်မည်းလေးကမေးလာသည်။
"ဟေး...ပြောကာမှ...မင်းဘာလို့ရုတ်တရက်ကြီး ဒီနေရာကိုပြန်လာရတာလဲ"
"အရေခွံဆုပ်တဲ့အမှုကိုဖြေရှင်းပြီးပြီပဲ၊ ဘာလို့ဒီနေရာကပါနေရသေးတာလဲ"
၎င်းကလက်ဖဝါးကို မသင်္ကာသလိုဖြန့်ထုတ်ပြီး "ပြီးတော့၊ မင်းတို့ဌာနကလူတွေလည်း ဒီနေရာကိုစုံစမ်းပြီးပြီမဟုတ်ဘူးလား"
ယဲ့ကျားသည် အမှောင်ထုထဲသို့လမ်းဆက်လျှောက်နေရင်းပြန်ဖြေလာသည်။
"ဘာလို့ မိန်းကလေးတစ်ယောက်က ဒီနေရာကိုတစ်ယောက်တည်းဝင်လာမှာလဲ"
သူသည်အရှေ့မှကော်ရစ်တာတလျှောက် လေ့လာနေပြီး သော့ခတ်ထားသည့်တံခါးများကိုပါလိုက်ကြည့်နေသည်။
"ဒီအဆောက်အအုံမှာ သူ့ရဲ့မိတ်ဆွေတွေနဲ့ဆွေမျိုးတွေမရှိဘူးလို့မှတ်တမ်းတင်ထားပြီးသား၊ သူကမြို့ရဲ့တဖက်ခြမ်းမှာနေတာ၊ မြို့စွန်ကိုသွားဖို့တစ္ဆေဘတ်စ်ကားကိုစီးခဲ့တယ်၊ ပြီးတော့ ဒီမှာသေနေတယ်၊ သူအဲဒီလိုလုပ်ခဲ့တာပါလို့ မင်းကဘာလို့တွေးရတာလဲ"
လက်မည်းလေး၏လှုပ်ရှားမှုကတန့်သွားသည်။
"ဆိုတော့...မင်းပြောချင်တာက...."
"ဟုတ်တယ်"
ယဲ့ကျားကခေါင်းညိတ်သည်၊ သူ၏ပယင်းရောင်မျက်ဝန်းများကအရှေ့မွ မှောင်မိုက်နေသည့်နေရာကိုကြည့်နေသည်။
"သေတဲ့သူထက် သေသွားတဲ့သူတွေရဲ့နေရာကပိုအရေးကြီးတယ်"
အဆောက်အအုံ၏နေရာက အဓိကသော့ချက်ပင်။ သူတို့သည်ဆက်လျှောက်လာပြီး မတည်ငြိမ်သောနေရာတစ်ခုချင်းစီတိုင်းကိုတစ်လက်မမှ မလွတ်စေရဘဲလေ့လာနေသည်။
ထိုအချိန်မှာပင် ယဲ့ကျားဖုန်းကမြည်လာသည်။ သူသည်တဖက်မှအသံကိုတည်တည်ငြိမ်ငြိမ်သာပြန်ဖြေ၏။ ဝေ့ရွှယ်ချုး၏အသံမှာပြတ်တိပြတ်တောင်း။
"အခြေစိုက်စခန်း....အမြန်...."
သူမတစ်ခုခုကိုရှာတွေ့သွားသည်ထင်၏။ ယဲ့ကျားကကြက်သေသေနေသည်။
သူဖုန်းကိုအိတ်ကပ်ထဲထိုးထည့်ပြီး အခြေစိုက်စခန်းရှိရာသို့ တတ်နိုင်သမျှအမြန်ပြေးသွားသည်။
အခြေစိုက်စခန်း၏မီးအလင်းရောင်က မှိန်လွန်းပြီး လင်းလိုက်ပ်ိတ်လိုက်ဖြစ်နေသေးသောကြောင့် သူတို့အားမူးဝေစေသည်။ မသန့်ရှင်းသော ချဉ်စုတ်စုတ်အနံ့လည်းရနေသည်။
ဝေ့ရွှယ်ချုးသည်ကော်ရစ်ဒါအဆုံးတွင်ရပ်နေပြီး သူမလက်ထဲရှိလွှကြောင့် လှပသည့်ပုံရိပ်ကို မှေးမှိန်စေသည်။ သူမအရှေ့ရှိတံခါးက ဝုန်းကနဲပွင့်သွားသည်။ နံရံထဲတွင် ပိန်ခြောက်နေသည့်ဖုတ်ကောင်များက တစ်ကောင်နှင့်တစ်ကောင်ထပ်နေသည်။ သူတို့အားလုံးသည်မံမီပုံစံနီးပါးတူပြီး သူတို့ကိုယ်ထဲတွင်ရေများရှိနေပါကအပြင်ဘက်သို့စိမ့်ထွက်လာနိုင်လောက်သည်။ ပြာဖုံးပြီးအရောင်အဆင်းမရှိသောအရေပြားက သူတို့၏အရိုးကိုပတ်ထားပြီး သူတို့၏မျက်နှာတိုင်းက စိတ်ဆင်းရဲစရာကောင်းသည်။ ဖုတ်ကောင်များ၏အနောက်၌အရုပ်တစ်ရုပ်ရှိပြီး နံရံထဲတွင်တသားတည်းဖြစ်တော့မယောင် နစ်ဝင်နေသည်။ ကျန်နှစ်ယောက်က ရှေ့ဆင့်နောက်ဆင့်ရောက်လာ၏။
ဘလပ်စ်ကပင့်သက်ရှိုက်ကာရေရွတ်လိုက်သည်: "ဘာကြီးလဲ"
ချန်းချင်းယဲ့ကတည်ငြိမ်နေသော်ငြား သူ၏မြင့်လိုက်နိမ့်လိုက်ဖြင့်ရင်ဘတ်က သူ၏စိတ်မတည်ငြိမ်မှုအခြေအနေကိုပြသနေ၏။ ယဲ့ကျားကချန်းချင်းယဲ့ကိုလှည့်ကြည့်လာသည်။
"မြေပုံပါခဲ့လား"
ချန်းချင်းယဲ့ကခေါင်းညိတ်ပြပြီး ကျောပိုးအိတ်ထဲမှ M မြို့၏မြေပုံကိုထုတ်သည်။ ယဲ့ကျားကကြမ်းပြင်ပေါ်တွင်ဖြန့်ကာ လက်ဆန့်၍ "ဘောပင်"
ချန်းချင်းယဲ့က ယဲ့ကျားအား ပါလာသောဘောပင်ပေးလိုက်သည်။ ယဲ့ကျားသည်အရင်ဆုံး အဆောက်အအုံ၏တည်နေရာကိုရှာပြီး အမှတ်အသားမှတ်သည်။ ထို့နောက် သူသည်ချန်းချင်းယဲ့ကိုကြည့်ကာ "အရေခွံဆုပ်တဲ့အမှုမှာ ပါခဲ့တဲ့အခြားနစ်နာသူတွေရော တွေ့ခဲ့လား"
ချန်းချင်းယဲ့က ကုပ်ကုပ်လေးထိုင်ကာ မြေပုံပေါ်မှနေရာများကိုလက်ညိုးထိုးပြသည်။
"ဒီနေရာ...ဒီနေရာ"
နေရာများကိုမှတ်ပြီးသွားသည့်အခါ ယဲ့ကျားကဝေ့ရွှယ်ချုးကိုလှည့်ကြည့်သည်။
"နှလုံးဆွဲထုတ်ခံရတဲ့အမျိုးသမီးကဘယ်မှာလဲ"
ဝေ့ရွှယ်ချုးက လက်ညိုးထိုးပြသည်။ ယဲ့ကျားကအမှတ်အသားလုပ်ပြီးသည်တွင် နောက်ထပ်နေရာလေးခုအားဝိုင်းပြန်သည်။
ယင်မျိုးစေ့သုံးခုကိုဌာနက သတိပြုမိထားနှင့်ပြီးပြီ။ တစ်ခုက ကျီရွှမ်၏လက်ထဲတွင်ရှိနေ၏။ ခဏတာရပ်လိုက်ပြီးနောက် သူသည်မြေပုံ၏ ခေါက်နေသည့်ထောင့်များကို ပြန့်သွားအောင်ဖြန့်ကာ မြို့အစွန်ရှိသချႋုင်းများကိုဝိုင်းပြသည်။ ယဲ့ကျားကအမှတ်အသားများကို အစီအစဉ်တကျဆက်လိုက်၏။ ကျန်သုံးယောက်က သူလုပ်သမျှကို အူကြောင်ကြောင်ဖြင့်ကြည့်နေကြသည်။ ဝေ့ရွှယ်ချုးက မျက်မှောင်ကြုတ်ပြီးခေါင်းယမ်းကာ မြေပုံပေါ်မှပုံစံကွက်ကိုလက်ညိုးထိုးပြပြီး "ဒါကဘာလဲ"
ထိုအခိုက် ယဲ့ကျား၏ပုခုံးပေါ်မှလက်မည်းလေးထွက်လာသည်။ ပုံစံကိုအသေအချာကြည့်ပြီး ရုတ်တရက်ထပြောသည်မှာ "တံခါး"
အားလုံးကမှင်သက်သွားပြီး လက်မည်းလေးအားလှမ်းကြည့်ကြသည်။၎င်းကချက်ချင်းနောက်ဆုတ်သွားလင့်ကစား ယဲ့ကျားကပြန်ဖမ်းဆွဲထားသည်။ ယဲ့ကျားက မျက်မှောင်ကြုတ်ပြီး "တံခါး?"
လက်မည်းလေးကလက်ချောင်းများကို ယမ်းခါကာ "ဟုတ်တယ်၊ ငါမင်းကိုအရင်ကလည်းပြောဖူးပါတယ်၊ ငါတို့ ခက်ထန်တဲ့အဆင့်တစ္ဆေတွေက ဂိမ်းထဲကတံခါးကနေလာတာ"
တစ်နေ့တွင် တံခါးကရုတ်တရက်ပွင့်သွားခဲ့သည်။ တံခါးကထိုနေရာတွင်သာရှိနေခဲ့သည်။ ဖြတ်သွားသည့်မည်သူမဆို မြင်ရနိုင်သည်။
လက်မည်းလေးကထပ်လောင်းပြောလိုက်ပြနွသည်။
"ဒါပေမဲ့ ငါတို့ဖြတ်လာတဲ့တံခါးက နှစ်မီတာသုံးမီတာပဲမြင့်တာ"
လက်မည်းလေးကမြေပုံကိုကြည့်ကာ ဆက်ပြောလာ၏။
"ငါဒီလောက်ကြီးတဲ့တံခါးမျိုး တစ်ခါမှမမြင်ဖူးဘူး"
လက်မည်းလေးကသူ့အားအပေါ်မှမိုးကြည့်နေပြီး ထပ်မေးလိုက်သည်။
"M မြို့၊ ဘယ်လိုလုပ်တံခါးဖြစ်သွားရတာလဲ"
သူ့ နဖူးပေါ်မှ ချွေးစက်များအလုံးလိုက်ကျလာသည်။ ၎င်းတို့ကလိမ့်ဆင်းလာပြီးပါးပေါ်မှတဆင့် ကော်လံထဲဝင်သွားလေသည်။