Chapter 111
ခဏတွင်းချင်းပင် မှောင်မိုက်နေသောကော်ရစ်တာတလျှောက် အသက်ရှူသံတစ်မျိုးတည်းသာ ကြားနေရသည်။
အားလုံးသည် ကြမ်းပြင်ပေါ်၌ ဖြန့်ထားသောမြေပုံကိုသာစူးစိုက်ကြည့်နေကြသည်။ အလင်းရောင်မှိန်နေသည့်တိုင် သူတို့သည်မြေပုံပေါ်မှ ခြစ်ထားသောမျဉ်းကြောင်းများကိုတွေ့နေရသည်။ လက်မည်းလေးသည်ဂုဏ်ဆာနေသောလေထုကြောင့် ရုတ်တရက်ထိတ်လန့်သွားသည်။၎င်းသည် အပိုပစ္စည်းတစ်ခုအဖြစ် ယဲ့ကျားအကျႌကော်လံတွင်မြုပ်နေသည်။
"တံခါး...နှစ်ချပ်?"
ယဲ့ကျားက ခပ်တိုးတိုးရေရွတ်နေသည်။ သူသည်မြေပုံကိုလက်ဖြင့်ဖိထားပြီး ပွတ်သပ်နေသည်။ ၎င်းသည် သေသွားနိုင်သည်အထိတိတ်ဆိတ်ငြိမ်သက်မှုဖြင့်ကော်ရစ်တာတွင် ပြတ်တိပြတ်တောင်းထွက်ပေါ်နေ၏။
ယဲ့ကျားသည် တစ်ခုခုကိုအမှတ်ရသွားသည်ထင့်။ ခေါင်းမော့လာပြီးသူ၏မျက်လုံးများကပါတောက်ပလာသည်။
"....လွတ်ရာကိုရွှေ့ပြောင်းတာ"
ဘေးတွင်ရပ်နေသောဝေ့ရွှယ်ချုးသည် နောက်ကိုတလှမ်းဆုတ်ပြီး "ဘာဖြစ်တယ်"
ယဲ့ကျားကရုတ်တရက်ခုန်ထပြီး အမောတကောဖြင့် "အမြန်၊ ဌာနချုပ်ကိုဆက်သွယ်၊ M မြို့ကလူနေအိမ်ခြေတွေအကုန်လုံးကို ဘေးလွတ်ရာရွှေ့ခိုင်းလိုက်!"
ပထမတံခါးသည် လုပ်ငန်းစဉ်၏အစိတ်အပိုင်းမျှသာရှိသေးသည်။ ၎င်းကိုပြင်ဆင်ရန်အတွက်သာအသုံးပြုသည်။ ၎င်းသည် အမေ၏ကလေးများကိုဂိမ်းထဲမှထွက်နိုင်ရန် လွှတ်ပေးပြီး အဆင့်မြင့်ခက်ထန်သောအဆင့်တစ္ဆေများ အမေအစစ်အမှန်ကမ်ဘာသို့ပြန်နိုင်ရန်တာဝန်ထမ်းဆောင်နေချိန်၌ အဆင့်နိမ့်ခက်ထန်သောတစ္ဆေများက လူသားများကိုအာရုံလွှဲပေးထားသည်။ ဒုတိယတံခါးကသာ သူမအမှန်တကယ်ရွေးချယ်မည့်အရာပင်။
အဆိုပါတံခါးသည် M မြို့တော်တစ်မြို့လုံးနီးပါးကိုဖုံးအုပ်ထားသည်။
အမေ၏အစီအစဉ်ကမည်မျှတာသွားမည်မှန်း သူတို့မသိကြသလိုတံခါးမည်သည့်အချိန်ဖွင့်မည်ကိုလည်းမသိနိုင်ကြချေ။ တံခါးပွင့်သွားသည်နှင့် M မြို့မှသက်ရှိများမှာ သေချာပေါက်....စတေးခံရလိမ့်မည်။
ဌာနအတွင်း၌။
"ရွှေ့ပြောင်းပေးရမယ်?!"
ဝူးစူးက အကျယ်ကြီးအော်မိလိုက်သည်။ ချန်းချင်းယဲ့နှင့်ကျန်သူများကစိတ်ပိုင်းဖြတ်ထားသလိုခေါင်းညိတ်ပြသည်။ တစ်ယောက်ချင်းစီတိုင်း၏မျက်နှာက အလေးအနက်ဖြင့်တည်ငြိမ်နေလေ၏။ နောက်စရာမဟုတ်ပေ။ ဝူစူးကမျက်မှောင်ကြုတ်ကာ မယုံကြည်ပုံဖြင့်မေးလေသည်။
" မြို့တစ်မြို့လုံးလား"
ချန်းချင်းယဲ့သည် အသက်ကိုတဝကြီးရှူသွားကာ "ဟုတ်တယ်"
သူအနောက်မှဘလပ်ကိုလှမ်းကြည့်လိုက်သည်။ တဖက်လူကစိတ်မရှည်ပုံရသော်ငြား မျက်ဆံလည်ကာ နာနာခံခံဖြင့်တဖက်လှည့်သွားပြီးတံခါးအားဆောင့်ပိတ်လိုက်၏။
ရုံးခန်းတစ်ခန်းလုံးတိတ်ဆိတ်သွားသည်။ ချန်းချင်းယဲ့သည် ကျောပိုးအိတ်ထဲမှမြေပုံကိုထုတ်ပြီး စားပွဲပေါ်တွင်ဖြန့်ချထားသည်။ သူသည် 'ဒုတိယမြောက်တံခါး' အကြောင်းအားအကျဉ်းချုပ် ရှင်းပြလိုက်၏။နားထောင်ရင်းဖြင့် ဝူစူးမျက်နှာက ပို၍ပိုကာရုပ်ဆိုးလာရသည်။ အလုံးစုံသိရှိလိုက်ရပြီးနောက် သူ၏အရှေ့မှလူများထံသို့ခေါင်းမော့ကြည့်ကာဖြည်းဖြည်းချင်းမေးသည်။
"အေ့စ်ရော ဒီအကြောင်းတွေသိထားလား"
"သိထားတာပေါ့"
ချန်းချင်းယဲ့သည်မြေပုံကိုလိပ်ကာ ကျောပိုးအိတ်ထဲသို့ပြန်ထည့်ပြီး
"ဒါကို သူအရင်တွေ့တာ"
"ငါနားလည်ပြီ"
ဝူစူး၏မျက်နှာက အလေးအနက်ဖြစ်သွားသည်။ သူခေါင်းမော့ပြီးအရှေ့မှလူများကိုကြည့်ကာ "ငါအထက်ကလူတွေကိုတင်ပြလိုက်မယ်၊ ငါတို့ဘာလုပ်နိုင်မလဲလို့ကြည့်ကြတာပေါ့"
သုံးယောက်လုံး အပြင်လှည့်ထွက်သွားကြသည်။ သူတို့အပြင်မရောက်သေးခင်မှာပင် ဝူစူးကဖုန်းကိုကောက်ကိုင်သည်။ သူတို့အနောက်မှရုံးခန်းတံခါးကပိတ်သွားပြီး ဝူစူးအသံမှာလည်းပြတ်တောက်သွားသည်။သုံးယောက်လုံးသည် အချင်းချင်းကြည့်ကြသည်။ ချန်းချင်းယဲ့သည်သူ့အကျင့်အတိုင်း မျက်မှန်ကိုပင့်တင်ပြီးမေးသည်။
"အခုရောဘာလုပ်ကြမှာလဲ"
ဝေ့ရွှယ်ချုးသည် သက်ပြင်းရှည်ကြီးချသည်။
"စောင့်နေရတော့မှာပဲ"
"-ျီးပဲ၊ ဘာကိုစောင့်မှာလဲ"
ဘလပ်စ်သည်မှုန်ကုပ်ကုပ်ဖြင့် သူ၏ဆံပင်များကိုဖွပစ်လိုက်သည်။
"အမေဆိုတဲ့ဟာကြီးက အဲဒီတံခါးကထွက်လာတာဆို၊ မြေပုံပေါ်ကဝိုင်းပြထားတဲ့နေရာတွေကိုဖျက်ဆီးလိုက်ရင်ရပြီလေ"
ဝေ့ရွှယ်ချုး၏အသံက ခက်ထန်နေသည်။
"မရဘူး"
ဘလပ်စ်ကဆက်လက်ငြင်းနေဆဲ။
"ဘာလို့မရတာလဲ၊ အေ့စ်ကမရဘူးလို့ပြောလို့လား"
ချန်းချင်းယဲ့က ဘလပ်စ်ပုခုံးပေါ် ကိုလက်တင်သည်။
"စိတ်ရှည်စမ်းပါ၊ ငါတို့မသိရသေးတာတွေအများကြီးရှိသေးတယ်၊ ငါတို့အလောတကြီးလုပ်ရင် မဖြစ်သင့်တာတွေဖြစ်လာလိမ့်မယ်"
ထိုအချိန်မှာပင် ဝေ့ရွှယ်ချုးကမေးပြန်သည်။
"M မြို့တော်ရဲ့လူဦးရေကဘယ်လောက်လဲသိလား"
ဘလပ်စ်ကငြိမ်ကျသွားသည်။ တဖက်လူကသူ့အား ထိုသို့သောမေးခွန်းမျိုးမေးလာလိမ့်မည်ဟုမျှော်လင့်မထားခဲ့ချေ။
"မ...မသိဘူးလေ"
ဝေ့ရွှယ်ချုးသည် ဘလပ်ကိုကြည့်ပြီးတစ်လုံးချင်းပြောသည်။
"သန်းနှစ်ဆယ်"
ဘလပ်စ်သည် တခဏမျှငြိမ်သက်သွားသေးသည်။
"ဆိုတော့...ဘာ...."
သူသည် သူမ၏အုံ့မှိုင်းလာသောမျက်လုံးများကိုမြင်တွေ့လိုက်ရသည်။သူမက အေးအေးလူလူပင်ပြောလာ၏။
"ရှင်ဆုံးဖြတ်တာမှားသွားရင်... ရှင့်ရဲ့နည်းလမ်းက မှန်းချက်နဲ့နှမ်းထွက်မကိုက်ရင်...သန်းပေါင်းနှစ်ဆယ်ရဲ့အသက်တွေကိုတာဝန်ယူနိုင်လား"
"...."
ဘလပ်စ်ကအံကြိတ်လိုက်ပြီး မျက်နှာပေါ်ရှိကြွက်သားများတင်းမာလာသည်။ သူပြန်မဖြေဘဲတခဏမျှငြိမ်နေသေးသည်။
"ပြီးတော့...."
ချန်းချင်းယဲ့က မျက်လုံးများကိုမှေးပြီးအတွေးနက်နေသည်။ ကျန်နှစ်ယောက်လုံးကသူ့အားကြည့်နေကြသည်။ ချန်းချင်းယဲ့ကဘေးဘီကိုကြည့်သည်။ ကော်ရစ်တာတွင်မည်သူမှရှိမနေမှန်းသေချာမှ ခပ္တိုးတိုးပြောပြသည်။
"အေ့စ်က သူတို့ကိုစမ်းသပ်လိုက်တာ"
"ဘာရယ်?"
ဘလပ်စ်တစ်ယောက် ရှော့ခ်ရသွားသည်။
ချန်းချင်းယဲ့ကမျက်မှန်ကိုပင့်တင်သည်။
"ငါသတိထားမိတယ်၊ နေ့ခင်းတုန်းက အေ့စ်က အထက်နဲ့တိုက်ရိုက်မညှိနှိုင်းဘဲ ညဘက်မှဖျက်ဆီးပစ်ဖို့ရွေးလိုက်တယ်၊ ပြီးတော့ မျက်လုံးပါတဲ့သေတ္တာမှာလည်း ဌာနရဲ့တံဆိပ်ဟောင်းကိုထွင်းထားတယ်လေ...အေ့စ်ရဲ့သံသယက အစောကြီးတည်းကရှိခဲ့တာဖြစ်မယ်"
"ဒါပေမဲ့..."
ချန်းချင်းယဲ့သည် ခဏရပ်နေပြီးမှဆက်ပြောလာသည်။
"ငါတို့ရထားတဲ့သက်သေတွေက ဌာနကိုပြန်မဖွဲ့စည်းခင်ကပဲ၊ လက်ရှိဌာနကပတ်သက်နေသေးလားတော့ ငါတို့လည်းသေချာမသိရသေးဘူး"
ဝေ့ရွှယ်ချုးက အံ့ဩမှများအပြည့်: "ဒီတော့ M မြို့ကလူနေအိမ်ခြေတွေအကုန်လုံးကိုပြောင်းတဲ့သဘောက ငါတို့နဲ့တင်မရလို့၊ နောက်တစ်ချက်က အေ့စ်က ဒီကိစ္စမှာဌာနကပတ်သက်နေတာ ဟုတ်မဟုတ်သိချင်လို့ပေါ့"
ချန်းချင်းယဲ့ကခေါင်းညိတ်ပြပြီး: "ငါလည်းအဲဒီလိုဖြစ်မှာစိုးတယ်"
ဘလပ်စ်: "....."
သူသည်ဘယ်ဘက်၌ရပ်နေသော ချန်းချင်းယဲ့ကိုတလှည့် ညာဘက်မှဝေ့ရွှယ်ချုးကိုတလှည့်ကြည့်သည်။
မင်းတို့ဟာကလည်းရှုပ်ယှက်ခတ်နေတာပဲ.....
သူတို့သုံးယောက် ဌာနတွင်ရှိနေသည့်အချိန် ယဲ့ကျားက အခြေစိုက်စခန်းတွင်ကျန်ရစ်ခဲ့သည်။ သူသည်ကိုယ်ကိုကိုင်းပြီး လက်မည်းလေးအားချလိုက်သည်။
"မင်းလိုအငြိုးကြီးတစ္ဆေမျိုး ဒီသချုႋင်းမှာရှိမလားလို့ရှာကြည့်ချေ"
လက်မည်းလေးကတုန်တက်သွားသည်။ ၎က ခက်ထန်သောအဆင့်တစေၦဖြစ်သော်ငြား အငြိုးများလွင့်စင်သွားခြင်းက ကြောက်စိတ်များဝင်လာစေတတ်သည်။
စိတ်မပါသော်ငြား လက်မည်းလေးသည် မြေကြီးထဲသို့ပြန်ဝင်သွားသည်။ ယဲ့ကျားသည် အေးစက်စိုထိုင်းသော အခြေစိုက်စခန်းမှာပင်တိတ်တဆိတ်ရပ်စောင့်နေ၏။ နှစ်မိနစ်အကြာတွင် လက်မည်းလေးသည်တခုခုမှလွတ်လာသလို ယဲ့ကျားပုခုံးပေါ်သို့ပြန်ရောက်လာသည်။
"အဲဒီမှာ"
ယဲ့ကျားက အံ့ဩသွားပုံမပြပေ။ သူ၏မျက်လုံးများမှာ ခြောက်သယောင်းနေသော ဖုတ်ကောင်များကိုကျော်သွားပြီး တခုခုအားသိလိုက်ရသလိုခပ်တိုးတိုးအသံပြုသည်။ ထို့နောက် သူသည်လှည့်ပြီးအဆောက်အအုံတွင်းမှပြန်ထွက်သွားသည်။ ဆောင်းဦးပေါက်နေက သူ၏ခေါင်းပေါ်ဖြာကျနေသည်။ တောက်ပနေသော်ငြား နွေရာသီမျှအပူရှိန်မပြင်းထန်ပေ။နေရောင်ခြည်သည် သူ့အပေါ်တွင်ရှိနေသည့်တိုင် သူ၏ကိုယ်ပေါ်ရှိအအေးဓာတ်ကိုမဖျောက်ပေးနိုင်ပေ။ ယဲ့ကျား၏အကြည့်သည် မဝေးလှသောနေရာမှ ကျီရွှမ်၏ကိုယ်ပေါ် သို့ကျသွားသည်။
ထိုလူသည် အဆောက်အအုံအပြင်ဘက်၌ ငြိမ်သက်စွာရပ်နေခဲ့သည်၊သူ၏ပိန်ရှည်သောကိုယ်ထည်သည် နေခြည်အလင်းတန်းများကြောင့်ရွှေရောင်တောက်နေ၏။ သူသည် တစ်ခုခုကိုစောင့်ဆိုင်းနေသယောင်မျက်လွှာချထားသည်။ လူတစ်ယောက်၏အကြည့်ကိုခံစားမိသည့်အခါသူသည်မျက်လုံးပင့်ကာ ယဲ့ကျားအားကြည့်လာသည်။ အဆိုပါ သွေးနီရောင်မျက်ဝန်းများက နေရောင်အောက်၌တဖိတ်ဖိတ်တောက်ပနေ၏။ယဲ့ကျားက လျှောက်သွားသည်။
ကျီရွှမ်: "ပြီးသွားပြီလား"
ယဲ့ကျားမျက်နှာပေါ်၌ အထွေအထူးအမူအရာမရှိပေ။ 'အင်း' တစ်လုံးသာပြန်ဖြေသည်။ ကျီရွှမ်က လေထုထဲတွင် သွေးနီရောင်စပ်ကြားလေးတစ်ခုဖန်တီးလိုက်သည်။ နောက်တစ်စက္ကန့်တွင် မစ်တီးတစ်ခွက်ပေါ်လာပြီး သူ၏လက်ဖဝါးပေါ်သို့ရောက်လာသည်။
"ရော့"
ထိုသူက မစ်တီးခွက်ကိုကိုင်ထားသည်။ ယဲ့က်ား မှင်သက်သွားသည်။ သူဘာမှမပြောနိုင်ခင် ပူပူနွေးနွေးလက်ဖက်ရည်ခွက်က သူ့လက်ထဲသို့ထိုးထည့်ခံလိုက်ရ၏။ ခွက်သည် သူ၏လက်ဖက်ဝါးထဲတွင်နွေးထွေးနေဆဲဖြစ်ပြီး အပူချိန်က သူ၏ကိုယ်ပေါ်သို့တဖြည်းဖြည်းစိမ့်ဝင်လာသည်။
"ကိုကို...မကြိုက်လို့လားဟင်"
ကျီရွှမ်သည် မျက်တောင်တဖျတ်ဖျတ်ခတ်ပြပြီးမေးသည်။ ယဲ့ကျားကသူ၏လက်ထဲမှ ပိုက်တံကိုငုံ့ကြည့်လိုက်သည်။
"ကျေးဇူးပဲ"
နှစ်ယောက်သားသည် လမ်းကြားထဲတွင် ဖြည်းဖြည်းချင်းလျှောက်နေကြသည်။ ကျီရွှမ်သည် အိတ်ကပ်ထဲတွင်လက်ထည့်ပြီး ၎၏ေသြးနီရောင်မျက်လုံးများက လမ်းကြားလေးအတွင်းသို့မှေးစင်းပြီးကြည့်နေသည်: "အခုဘာလုပ်ကြမလဲ"
ယဲ့ကျားက မစ်တီးတစ်ငုံစုပ်သောက်သည်။
"စောင့်မယ်"
သူသည်အသံတိတ်လမ်းလျှောက်နေပြီး ကျီရွှမ်အားလှည့်ကြည့်သည်။ပယင်းရောင်မျက်ဝန်းများက သူ့ထက်အရပ်အနည်းငယ်ပိုရှည်သောပုံရိပ်ထံမှ မရွေ့မလျားကြည့်နေသည်။
"ဟေး"
ကျီရွှမ်ကလည်းရပ်လိုက်သည်။
"ဟင်"
ယဲ့ကျားသည် မစ်တီးခွက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသော်ငြား အမူအရာကတည်ငြိမ်နေဆဲ၊ သူ့အားမည်သည့်အရာကမှ စိတ်လှုပ်ရှားအောင်မလုပ်နိုင်သယောင်။
"မင်းစိတ်မပူဘူးလား"
"ဘာကိုစိတ်ပူရမှာလဲ"
ယဲ့ကျားက မျက်ဆံအိမ်ကိုကျဉ်းမြောင်းလိုက်သည်။ အနက်ရောင်အစက်လေးက မျက်လုံးအိမ်အောက်ခြေတွင် တဝဲလည်လည်ဖြစ်နေသယောင်။
"မင်းကအမေနဲ့သွေးသားတော်တယ်မဟုတ်လား...အမေနိုးထလာရင်မင်းလည်းနိုးထလာမယ်...ဒီလိုဆိုရင်...လူသားတွေနိုင်သွားရင်ရော? အမေသေသွားရင်ရော?"
ကျီရွှမ်၏နှုတ်ခမ်းများကတွန့်ကွေးသွားသည်။ ၎င်းအသံကယောကျ်ားဆန်သော်ငြား ရင်းနှီးကျွမ်းဝင်မှုနှင့် မရေရာမှုတို့ရောထွေးလျက်: "ကိုကိုက ကျွန်တော့်ကိုစိတ်ပူနေတာလား"
သူယခင်ကလည်း ထိုမေးခွန်းကိုမကြာခဏမေးခဲ့ဖူးသည်။ သို့သော်ယဲ့ကျားက ဘယ်သောအခါမှ တည့်တိုးမဖြေခဲ့ပေ။ ဤတစ်ကြိမ်တွင်ယဲ့ကျားက သူ၏သဘောထားကိုစိတ်အနှောင့်အယှက်ဖြစ်ပုံမရ။ သူသည်ကျီရွှမ်ကို အလေးအနက်ကြည့်ကာ "အင်း" ဟုဖြေလာသည်။
ဤတစ်ခေါက်သည် ကျီရွှမ်အို့တို့အမ်းတမ်းဖြစ်သွားရသည့်အလှည့်။သူသည် ကိုယ့်နားကိုယ်ပင်မယုံနိုင်သလို လူငယ်လေးအားကြည့်နေသည်။
"ငါတို့ကြားမှာ အတိတ်ကဘယ်လိုကိစ္စတွေပဲရှိခဲ့ပါစေ၊ အခုတော့ ငါတို့ကတလှေတည်းစီးနေတဲ့လူတွေ"
ယဲ့ကျားက သူ့အကြည့်ကိုရှောင်လိုက်ပြီးဆက်ပြောသည်။
"ဒီကိစ္စမှာတော့ ငါ မင်းကိုစိတ်ပူတယ်"
သူသည်အရှေ့မှလူကိုကြည့်ကာ စကားတစ်လုံးချင်းစီကို ပြတ်ပြတ်သားသားဆို၏။
"မင်းခြိမ်းခြောက်ခံရရင်တောင် ငါတို့ဘက်မှာဆက်နေမှာလား"
"ဟင့်အင်း"
ကျီရွှမ်ကရုတ်တရက်ရယ်သည်။ ၎င်း၏နှုတ်ခမ်းများမှာ နှင်းဆီပွင့်ဖတ်များနှယ်ပါးလွှာပြီး အေးစက်စက်နိုင်ကာ ကျောချမ်းဖွယ်အပြုံးကိုပြသလာသည်။ ၎င်း၏သွေးနီရောင်မျက်လုံးများက လူငယ်လေးအားကြည့်နေကာ နတ်ဘုရားတစ်ပါးကိုစူးစူးနစ်နစ်ကြည့်ကာ တောင်းဆုချွေနေသလို။ မူလရှိနှင့်ခဲ့သော ချစ်ကြည်မှုနှင့်အပေါ်ယံ သာယာမှုတို့သည်အညှာအတာမဲ့ဆုတ်ဖြဲခံလိုက်ရပြီး သွေးဆာနေသောခက်ထန်ကြမ်းကြုပ်သည့်တစေၦတစ်ကောင်ကို ထွက်ပေါ်လာသည်။ ၎၏အသံကတိုးလျအက်ကွဲနေလျက်: "ငါက ငါဆန္ဒရှိတဲ့ဘက်မှာပဲရပ်တည်မှာ"
ထိုလူသည် လူငယ်၏လက်ကိုကိုင်ကာ ၎င်း၏လက်ဖမိုးကိုသူ၏အေးစက်သောနှုတ်ခမ်းများဖြင့်ထိတွေ့သည်။ သွေးနီရောင်မျက်ဝန်းတို့သည်ပိုင်ဆိုင်လိုစိတ်များဖြင့် ယဲ့ကျားအပေါ်တွင်ဖြတ်သန်းနေ၏။
"ပြီးတော့ မင်းကတော့ငါ့ရဲ့ဆန္ဒပါ"
လူငယ်လေး၏မျက်လုံးများကအောက်ဘက်နိမ့်သွားသည်၊ သူ၏ပယင်းရောင် မျက်ဆံအိမ်သည် မျက်တောင်ရှည်များအောက်ဝယ်ပုန်းကွယ်နေသည်။ ခံစားချက်မဲ့သောအမူအရာဖြင့်ပင် သူသည်အရှေ့မှခက်ထန်သောအဆင့်တစေၦကို စေ့စပ်စွာအကဲခတ်နေ၏။
အချိန်အတန်ကြာ၌ ယဲ့ကျားနှုတ်ခမ်းများပေါ်၌ အပြုံးမမည်သောအပြုံးတစ်ခုပေါ်လာသည်။ သူသည်တဖက်လူ၏လက်ချောင်းများကိုမြဲမြဲဆုပ်ကိုင်ပြီး: "အေးပါ၊ ငါမျှော်လင့်နေပါတယ်"
သူဘယ်တုန်းကမှ ဆုမတောင်းခဲ့ပေ၊ သို့သော် အင်အားကြီးသူကသာအစာကွင်းဆက်၏ထိပ်ဆုံးတွင် အမြဲရှိနေတတ်သည်။ သေစေနိုင်မှု၊ခက်ထန်မှုနှင့်ရန်သူ၏လည်ပင်းကို အမြဲလှီးဖြတ်ပြီး သူတို့၏ရင်ဘတ်ကို ထိုးဆွပစ်နိုင်သည်။
"တစ်ယောက်ချင်းစီလား"
ကျီရွှမ်ကရယ်သံနှောမေးသည်။ ယဲ့ကျားက တည်တည်ငြိမ်ငြိမ်သာသူ့အားပြန်ကြည့်ပြီး "တစ်ယောက်ချင်းစီ"
ထို့နောက် သူသည်အနှီသူ၏လက်ကိုလွှတ်လိုက်ပြီး လမ်းကိုတစ်ယောက်တည်းသာဆက်လျှောက်သွားသည်။ ကျီရွှမ်က သူ့လက်သူ ရီဝေဝေဖြင့်ငုံ့ကြည့်နေမိသည်။ ထိုလူ၏အနွေးဓာတ်က သူ၏လက်တွင်ကျန်ရစ်နေဆဲပင်။ သူ၏ရင်ထဲသို့တစိမ့်စိမ့်ဝင်ရောက်သွားသည်မှာ စိတ်ကြွဆေးနှင့်တူသည့်အဆိပ်တစ်ခွက်လိုပင်၊ သူမရပ်တန့်နိုင်ပေ။ ၎င်း၏အပြုံးကပိုမိုနက်ရှိုင်းလာသည်...အရမ်းကောင်းတယ်။ နောက်ဆုံးတော့တိုးတက်လာပြီ။
ယဲ့ကျားက မစ်တီးကိုအကုန်သောက်လိုက်ပြီး လမ်းထောင့်ရှိအမှိုက်ပုံးထဲသို့ ခွက်အလွတ်ကိုပစ်လိုက်သည်။
ခွက်သည်အမှိုက်ပုံးအောက်ခြေမှ သတ္တုသားကိုထိမိပြီး 'ဂလွမ်' ကနဲအသံက ဟည်းသွားသည်။ ထိုအချိန် ယဲ့ကျားဖုန်းကမြည်လာရ္ သူကိုင်လိုက်သည်။
"သူတို့လက်ခံလိုက်ပြီ"
ဝေ့ရွှယ်ချုး၏အသက်ရှူသံသည် ဖုန်းတစ်ဖက်မှထွက်လာသည်။
"အထက်က M မြို့ကအိမ်ယာတွေကိုပြောင်းဖို့သဘောတူလိုက်ပြီ"
ယဲ့ကျားက အတွေးဖြင့်မျက်လုံးမှေးလိုက်သည်။
"သိပြီ"
ဝေ့ရွှယ်ချုးကတောင့်တင်းသွားရကာ: "ဟမ်? ဘာလဲ"
သူမသည်တွေဝေနေပြီးမှဆက်ပြောလာသည်။
"ရှင်ကဌာနကို အမှန်အတိုင်းပြောလာအောင်စမ်းသပ်ချင်ခဲ့လို့ တဖက်လှည့်နဲ့ပြောလိုက်ပေမဲ့ အထက်ကကျွန်မတို့တောင်းဆိုတာကိုချက်ချင်းလိုက်လျောပေးတယ်လေ၊ အဲဒါကသူတို့အပြစ်မရှိကြောင်းပြပြီးသားဖြစ်သွားတာမဟုတ်လား"
ယဲ့ကျားကဖြည်းဖြည်းချင်းအသက်ရှူထုတ်သည်။
"မဟုတ်ဘူး"
ဝေ့ရွှယ်ချုး၏ခေါင်းက မေးခွန်းများနှင့်ပတ်ချာလည်သွားသည်။
"ဘာလို့လဲ"
ယဲ့က်ား: "တစ်မြို့လုံးကိုပြောင်သလင်းခါသွားအောင်လုပ်ဖို့ကလွယ်တာမဟုတ်ဘူး၊ စီးပွားရေးကလည်းလုံးဝပိတ်ဆို့သွားမယ်၊ လူတွေလည်းပျာယာခတ်ကုန်မယ်၊ အနီးအနားကမြို့တွေလည်း ဆုံးရှုံးပြီးအကျိုးဆက်တွေပြင်းထန်လိမ့်မယ်၊ ဒီလောက်ကြီးမားတဲ့ဆုံးဖြတ်ချက်ကို အောက်ကလူတွေကတောင်းဆိုတာနဲ့ပဲ အလွယ်လေးလက်ခံမယ်လို့မင်းထင်နေတာလား"
ဝေ့ရွှယ်ချုးသည်စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးမှပြန်
ဖြေသည်။
"မထင်ဘူး"
အနည်းဆုံး စစ်ဆေးရန်လူများကိုလွှတ်ပေးလိုက်မည်ဖြစ်ကာ သတင်းအမှန်ဖြစ်မှ မဆုံးဖြတ်ခင်အစည်းအဝေးခေါ်လိမ့်မည်။ ဤမျှ အမြန်ဆုံးဆုံးဖြတ်မည်မဟုတ်။ ယဲ့ကျားကသူစကားကိုပြန်ဆက်သည်။
"လက်ရှိဌာနက လတ်လောကိစ္စမှာမပတ်သက်ထားဘူး၊ ဒါပေမဲ့ သူတို့တခုခုသိထားတာသေချာတယ်"
ဝေ့ရွှယ်ချုးမှာ သိချင်စိတ်ကိုမထိန်းထားနိုင်တော့ချေ။
"ဒါဆို ကျွန်မတို့တောင်းဆိုတာကိုလက်မခံတဲ့အထက်ကလူတွေကရော?"
ယဲ့ကျား: "ဖြစ်နိုင်ချေနှစ်ခုရှိတယ်၊ ဒီကိစ္စကဌာနကိုပြန်လည်ဖွဲ့စည်းပြီးတည်းကလုံးဝမြုပ်သွားတာ၊ ပြီးတော့ သိထားတဲ့သူတွေကလည်းနှုတ်ထွက်သွားတာ၊ ဒါမှမဟုတ် သေသွားတာ"
ယဲ့ကျားကစကားကိုခဏရပ်ပြီးနောက်ဆက်ပြောသည်: "နောက်တစ်ချက်က သူတို့ကဒီကိစ္စမှာလုံးဝကိုပတ်သက်နေတာ ပြီးတော့ အမေပြန်လာနိုင်ဖို့အတွက်စီစဉ်နေတာ"
တစ်ဖက်မှ ဝေ့ရွှယ်ချုး၏အသံရှူသံခပ်တိုးတိုးသာကြားနေရသည်။ အချိန်အတန်ကြာမှ သူသည်အသက်ကိုဖြည်းညှင်းစွာရှူထုတ်လိုက်ပြီးမှတ်ချက်ပေးသည်။
"ဒါဆို ကျွန်မတို့တောင်းဆိုချက်ကိုလက်ခံပေးလို့ဝမ်းသာရမှာပေါ့"
ယဲ့ကျားကခေါင်းညိတ်ပြသည်: "ဟုတ်တယ်၊ လှည့်ကွက်တော့ရှိနေသေးတယ်"
သူဖုန်းချပြီး အိတ်ထဲပြန်ထည့်ကာ အဝေးသို့ကြည့်လိုက်၏။ လမ်းသွယ်လေးသည် ပျားပန်းခတ်မျှလှုပ်ရှားနေသောလူများနှင့်လိမ်ယှက်နေပြီး ကားစက်သံနှင့်လူများစကားပြောနေသံကိုကြားရသည်။ အလွန်တရာမှသက်ဝင်စည်ကားလှသည်။ ဤမြို့တွင် အလှည့်အပြောင်းတစ်ခုရှိနေသည်။