အပိုင်း ၁၁၃
Viewers 10k

Chapter 113


…….လူသားလို့်ပြောလိုက်တာလား … ဒီတော့ သူက လူသားမဟုတ်ဘူးလား …

အားလုံးက ကျောရိုးများထဲအထိ ကြောက်ရွံ့သွားကြသည်။ ချက်ချင်းဆိုသလို လိမ်ဖယ်လိမ်ဖယ်နှင့် ကိုးရို့ကားရားနိုင်သည့် ခြေလက်များက အပြင်ဘက်ရှိ အမှောင်ထုထဲမှ ထွက်လာကြပြန်၏။ သူတို့က အလွန်ဒေါသထွက်နေကြသကဲ့သို့ အဆောက်အဦးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။ သွေးလှိုင်းတစ်လှိုင်းက အမျိုးသား၏ ကျောဘက်မှ ထွက်ပေါ်လာ၏။ ၎င်းက ကိုယ်ပိုင်အသိစိတ် ရှိနေသကဲ့သို့ အဆောက်အဦးတွင်း ဝင်ရန်ကြိုးစားနေသည့် အငြိုးကြီးတစ္ဆေများထံ ဦးတည်သွားခဲ့သည်။

ဒေါသတကြီး အော်ဟစ်သံများနှင့် အရေပြားကို တမြေ့မြေ့တိုက်စားသံများက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်နေကာ ကြက်ဉပုပ်နံ့များသည်လည်း လေထုအတွင်း ပျံ့နှံ့လာခဲ့၏။ ကျီရွှမ်က ဝန်ထမ်းကို တစ်ချက်ကြည့်လိုက်သည်။

“ထွက်မသွားကြသေးဘူးလား …”

သူထိုသို့ပြောလိုက်သည်နှင့် ဝန်ထမ်းများက သတိပြန်ဝင်လာကြကာ အဆောက်အဦးတွင်းမှ ပြေးထွက်သွားကြ၏။ ထိုအမျိုးသားက ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ လွတ်မြောက်ရန်ကသာ အရေးအကြီးဆုံးဖြစ်သည်။ ကျီရွှမ်တစ်ဦးထဲသာ ခန်းမတွင်း ကျန်ရစ်ခဲ့သည်။ မှန်နံရံများကို ဖြတ်သန်း၍ အပြင်ဘက်ရှိ ကြောက်စရာမျက်နှာများကို အတိုင်းသား မြင်နေရလေသည်။

“ကျီရွှမ် …”

အသံတစ်သံက အပြင်ဘက်ရှိ တိမ်တိုက်များထံမှ ထွက်ပေါ်လာသည်။ အသံတစ်သံဟု ဆိုသော်လည်း အသံဩဩကြီးများမှ ကလေးသံများအထိ ရောယှက်ကာ တစ်သံထဲ ထွက်ပေါ်လာခြင်း ဖြစ်၏။ သူတို့အားလုံးက သံပြိုင်ပြောလာသည်။

“မင်းကိုယ်မင်း ဘာဆိုတာ မေ့သွားပြီလား …”

ကျီရွှမ်က ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွား၏။ သူ့ခြေထောက်အောက်ရှိ သွေးပင်လယ်က ချက်ချင်းပျံ့နှံ့သွားကာ အဆောက်အဦး အပြင်ဘက်သို့ စီးဆင်းသွားသည်။ ၎င်း၏ ခြိမ်းခြောက်မှုကြောင့် အနက်ရောင် တိမ်တိုက်များက ဒေါသတကြီးတုံ့ပြန်လာ၏။

“မင်း …”

“ငါက ဘာကောင်လဲ ဟုတ်လား …”

ကျီရွှမ် ရယ်မောလိုက်သည်။ သူ၏ ကြက်သွေးရောင်မျက်ဝန်းများကို ကျဉ်းမြောင်းလျှက် အနက်ရောင် တိမ်တိုက်များအား ကြည့်လိုက်၏။

“အမေက ငါ့ကိုဘာမစ်ရှင်ပေးခဲ့လဲ သိလား …”

အနက်ရောင်တိမ်တိုက် : “ဘာလဲ …”

အမျိုးသား၏ အသံက အက်ရှနေကာ ဖိနှိပ်မှုများဖြင့် ပြည့်နှက်နေ၏။

“အေ့စ်ကို ရှာဖို့လေ …” ကျီရွှမ် နက်ရှိုင်းစွာ ပြုံးလိုက်၏။

“အမေက ကတိပေးခဲ့တယ် … ငါသူ့ကိုရှာတွေ့ရင် ကျန်တာငါ့စိတ်ကြိုက် ကိုင်တွယ်နိုင်တယ်တဲ့ …” သူက ပုခုံးတွန့်ရင်း “ကြည့်လေ .. ငါသူ့အမိန့်ကို ဖီဆန်ခဲ့လို့လား …”

အပြင်ဘက်ရှိ အနက်ရောင်တိမ်တိုက်ကြီးက ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ ကျီရွှမ် ရှေ့သို့ တစ်လှမ်းတိုးလာတိုင်း သွေးပင်လယ်သည်လည်း သူနှင့်အတူ လိုက်ပါ ရွေ့လျားလာ၏။ တိမ်တိုက်ကမူ နောက်သို့ တစ်လှမ်းချင်းဆုတ်သွားခဲ့သည်။ သူက ဖြည်းညှင်းစွာဆို၏။

“အမေက တော်တော်များများကို ငါမသိအောင် ဖုံးထားတာပဲ …” ကျီရွှမ် နောင်တရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“သူ့ရဲ့တိုက်ရိုက်သွေးဆက်ခံသူအနေနဲ့ ငါတကယ့်ကို စိတ်မကောင်းဖြစ်ရတယ် …”

မိခင်က ကျီရွှမ်အား မယုံကြည်ခဲ့ချေ။ M မြို့တော်နှင့် ချိတ်ဆက်ထားသည့် တံခါးဖွင့်ခြင်းကိုရော သူမအတွက် အခွံရှာခြင်းကိုပါ သူ့အား မပြောပြခဲ့။ သူမက အဆိုပါသွေးဆက်ခံသူသည် သူမအပေါ် နာခံခြင်းမရှိကြောင်း သဘောပေါက်ခဲ့ပုံရသည်။ ထို့ကြောင့် တစ်ဖက်လူအား ယဲ့ကျားကိုသာ ရှာခိုင်းခဲ့ချိန်၌ အရေးကြီးကိစ္စများကိုမူ အခြားသော အငြိုးကြီးတစ္ဆေများအား ခိုင်းစေခဲ့ခြင်းပင်။ ကျီရွှမ်က မိခင် သူ့အားဂိမ်းထဲမှ ထွက်ခွာစေချင်ကြောင်း နားလည်သော်လည်း သူမ၏ အကြံအစည်ကိုမူ မသိရှိခဲ့ချေ။ ထို့အတူ အဓိကတည်နေရာကိုလည်း မသိခဲ့။ သူက အေ့စ်အား ဆုကြေးထုတ်ပြန်လျှက် ရှာဖွေနေချိန်တွင် သူ၏နောက်လိုက်များကို S အဆင့် အငြိုးကြီးတစ္ဆေများနောက်သို့ လိုက်ခိုင်းထား၏။ ထိုတစ္ဆေများအား ဖမ်းဆီးနှိပ်စက်ခြင်းဖြင့် M မြို့တော်အကြောင်းကို သိခဲ့ခြင်းဖြစ်သည်။

ကျီရွှမ် M မြို့သို့ရောက်ရှိချိန်တွင် တံခါးက M မြို့တော်သို့ ပို့ဆောင်ပေးခဲ့ခြင်း မဟုတ်ပဲ M မြို့တော်ကိုယ်တိုင်က တံခါးဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူက ယင်စွမ်းအင်ကျင်းကို ဝယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်စွမ်းအင်ကျင်း၏ အသွင်ပြောင်းမှုမှာ ပြီးပြည့်စုံသွားပြီ ဖြစ်၏။ ၎င်းက တံခါး၏ အုတ်မြစ်များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ တံခါးပွင့်လာမည့် ကိစ္စအား မည်သူမှ တားဆီး၍ မရနိုင်တော့ချေ။ မိခင်သွေးဆက်၏ ဖိနှိပ်ထားမှုကြောင့် ကျီရွှမ်ကိုယ်တိုင်ပင် မည်သို့မှ လုပ်နိုင်စွမ်းမရှိ ဖြစ်ခဲ့သည်။

ဤသို့ဖြင့် သူတို့ စတင်စုံစမ်းပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများအား ရှာတွေ့သည့်အချိန်တွင် ကျီရွှမ်က အမှန်တရားကို သိရှိသွာသည်။ မိခင်သည် တံခါးကိုသာ လိုအပ်ခြင်းမဟုတ်ပဲ အခွံကိုပါ လိုအပ်နေခြင်း ဖြစ်၏။ ယဲ့ကျားမိခင်၏ အတိတ်နှင့် ပတ်သတ်၍မူ ယဲ့ကျား သိသလောက်သာ သူသိလေသည်။ ကျီရွှမ်က သူ့ရှေ့ရှိ အငြိုးကြီးတစ္ဆေကိုကြည့်ရင်း ပြုံးလိုက်သည်။

“ပြောရရင် ငါက သူ့ကိုအမေအဖြစ် သတ်မှတ်ခဲ့ပေမယ့် သူကတော့ ငါ့ကို သားတစ်ယောက်လို့ မသတ်မှတ်ခဲ့ပုံပဲ … ”

“ဒီလိုဆိုမှတော့ မင်းကဘာ့ကြောင့်ငါ့ကို မေးခွန်းလာထုတ်နေရတာလဲ … ”

သူ့ရှေ့ရှိ အငြိုးကြီးတစ္ဆေသည် ဒေါသတကြီး ဖြစ်သွားခဲ့သော်လည်း ပြန်ပြောစရာ စကားမရှိ ဖြစ်သွား၏။ အနက်ရောင်တိမ်တိုက်ထဲမှ အသံထွက်လာခဲ့သည်။

“ကျီရွှမ် … မင်းတကယ်ပဲ လမ်းမဖယ်ပေးဘူးပေါ့ … ”

ကျီရွှမ်၏ အေးစက်သောအသံထဲတွင် အန္တာရာယ်ရှိသော အငွေ့အသက်များ ပါဝင်နေ၏။ “သေချာတာပေါ့ … ” သူ့နောက်ရှိ သွေးနံရံက ဖြည်းညှင်းစွာ မြင့်တက်လာ၏။

“အထဲဝင်ချင်ရင် ကြိုးစားကြည့်လေ ...”

…..

တစ်ချိန်ထဲမှာပင် ဗြူရိုမြေအောက်ဌာနချုပ်ရှိ ငါးထပ်မြောက်၌ ယဲ့ကျားက သူ့ဘေးတွင်ရပ်နေသည့် ဒါရိုက်တာအား ကြည့်ကာ ဖြည်းညှင်းစွာ မေးလိုက်သည်။


“…...ဘာပြောတယ် ” ထိုအခိုက်အတန့်တွင် သံတိုင်နောက်ဘက်မှ လူအိုကြီးက မျက်လုံးများ ဖွင့်ကာဆိုလာ၏။

“တံခါးလား … မဟုတ်ဘူး … မြန်မြန် ……”

ဒါရိုက်တာက သက်ပြင်းချလိုက်သည်။

“သူမရဲ့ခန္ဓာကိုယ် ပျောက်ဆုံးနေတယ်ဆိုတာ ခေါင်းတလားပေါ်က သင်္ကေတကို ကြည့်ရုံနဲ့ မင်းသိပြီးပြီမဟုတ်လား … ”

ယဲ့ကျားက အင်း ဟု အသံပြုလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်သုံးဆယ်အကြာက ငါတို့လူသားတွေရဲ့ မိုက်မဲမှုနဲ့ ဂရုမထားမှုကြောင့် တံခါးက ပွင့်လာခဲ့တယ် … ”

ဒါရိုက်တာက အရင်ကအကြောင်းများကို သတိရသွားပုံဖြင့် အဝေးသို့ မျှော်ကြည့်လိုက်၏။ ထိုစဉ်က ဗြူရိုမှာ ဖွဲ့စည်းခါစဖြစ်ရာ အဖွဲ့ဝင်များအားလုံး ဂုဏ်ယူမှုများ၊ စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေကြသည်။ ထိုစဉ်က ဒါရိုက်တာ ရှီရှန်းကျဲမှာ စွမ်းအားကြီးပြီး ဗဟုသုတကြွယ်ဝသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုစဉ်က သူတို့အားလုံးသည် သာမန်လူသားများ ဖြစ်ပြီး ခြောက်လုံးပြူးများနှင့် အထူးကိရိယာများကို သုံး၍သာ တစ္ဆေများအား နှိမ်နင်းရ၏။ သို့သော် လူသားတို့၏ ဆန္ဒမှာ အဆုံးမသတ်ချေ။ ထိုဆန္ဒများနောက်မှ ကပ်ပါလာသည့် အန္တာရာယ်သည်လည်း အချိန်နှင့်အမျှ ကြီးမားလာခဲ့သည်။

အငြိုးကြီးတစ္ဆေများက ပိုမိုသန်မာလာပြီး ယင်စွမ်းအင်က မြို့ထဲရှိ လမ်းကြိုလမ်းကြားများမကျန် ဖြတ်သန်း စီးဆင်းနေခဲ့သည်။ သာမန်လူသားများ၏ အသက်အား တစ်ဦးပြီးတစ်ဦး ရိတ်သိမ်းသွားခဲ့၏။ တစ္ဆေများနှင့်တိုက်ပွဲက ပို၍ခက်ခဲလာကာ လူများစွာ စတေးခံခဲ့ရသည်။ ထို့နောက် ရှီရှန်းကျဲက နည်းလမ်းရှာတွေ့ခဲ့သည်။ အဆိုပါနည်းလမ်းမှာ အခြားကမ္ဘာရှိ တံခါးကို ဖွင့်ကာ B အဆင့်နှင့်အထက် တစ္ဆေအားလုံးကို စုပ်ယူစေ၍ အကျဉ်းချရန် ဖြစ်၏။ ၎င်းမှာ ခက်ခဲသော်လည်း ဆယ်နှစ်ကြာ ပြင်ဆင်ပြီးနောက် တံခါးကို ဖွင့်ရန် အရာရာအသင့်ဖြစ်ခဲ့သည်။

မျက်လုံးပေါင်းများစွာ၏ အကြည့်အောက်၌ပင် တံခါးက ပွင့်လာခဲ့ပြီး B အဆင့်နှင့်အထက် တစ္ဆေများအားလုံး တံခါးထံသို့ စုပ်ယူခံလိုက်ရ၏။ သို့သော် အမှန်စင်စစ် အဆိုပါ တစ္ဆေများမှာ စုပ်ယူခံလိုက်ရခြင်း မဟုတ်ပဲ စားသောက်ခံလိုက်ရခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ပိုမို၍ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခု ရှိနေ၏။ သူမက မကောင်းသည့် အတွေးနှင့် ဆန္ဒများ၏ မူလစတည်ရာဖြစ်ပြီး တစ္ဆေနှင့် မကောင်းဆိုးဝါးအားလုံး၏ မိခင်ဖြစ်သည်။ သူမက အသား လတ်လတ်ဆတ်ဆတ် ကလေးများနှင့် အသက်သွင်းခံလိုက်ရ၏။ ကံကောင်းစွာဖြင့် တံခါးသည် ကိုယ်ပိုင်ချုပ်တည်းနိုင်စွမ်း ရှိနေခဲ့သည်။ တံခါးက ပွင့်လာသော်လည်း သူမထွက်လာနိုင်သည်ဟု မဆိုလိုချေ။

အဆုံးသတ်တွင် တစ္ဆေအားလုံး ပျောက်ဆုံးသွားခဲ့သော်လည်း လူသေမှုများက ဖြစ်နေဆဲပင်။ ထို့နောက် ဗြူရိုက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိရှိလာ၏။ တံခါးဖွင့်ခဲ့သူအနေဖြင့် ရှီရှန်းကျဲက သူ၏ တုံးအမှု၊ ဂရုမထားမိမှုတို့အတွက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်။ တံခါးပွင့်သွားသည်နှင့် သူက ကပ်ပါးကောင် ဖြစ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်လှိုင်းများသည် အစစ်အမှန်ကမ္ဘာထံသို့ ပျံ့နှံ့သွားခဲ့၏။ သူ၏ တစ်ဦးထဲသော သမီးဖြစ်သူသည်လည်း အခွံအဖြစ် ရွေးချယ်ခံခဲ့ရကာ စတေးခံခဲ့ရသည်။ အဆုံးသတ်တွင် သူတို့က တံခါးအတွင်းရှိ ကြောက်မက်ဖွယ် တည်ရှိမှုသည် အပြင်သို့ထွက်လာရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရှိသွားခဲ့ကြ၏။ ဤသို့ဖြင့် ဗြူရိုက သူတို့ ပြုလုပ်ခဲ့သည့် အမှားကို ပြင်ဆင်ရန် ကြိုးစားခဲ့သည်။

ဒါရိုက်တာက မျက်မှန်ကိုချွတ်ကာ သူ၏ ရှပ်အင်္ကျီနှင့် ပွတ်သုတ်လိုက်၏။

“လွန်ခဲ့တဲ့ နှစ်သုံးဆယ်အကြာက ဗြူရိုကို ဖွဲ့စည်းခဲ့တာ … ” သူက သက်ပြင်းချလိုက်၏။

“ဒါပေမယ့် ဘယ်သူမှ အသက်မရှင်ခဲ့ကြဘူး ...” ယဲ့ကျား ထိတ်လန့်သွားရသည်။ အတွေးတစ်ခုက သူ့စိတ်ထဲ ထင်ဟပ်လာခဲ့၏။

မဟုတ်မှလွဲရော …

သူက ဒါရိုက်တာ ဆက်ပြောသည်ကို ကြားလိုက်ရ၏။ :“မင်းက ဗြူရိုရဲ့ တံဆိပ်ဟောင်းကို မြင်ခဲ့ပြီးပြီဆိုတော့ တံဆိပ်အောက်မှာ အရိုးစုတွေမြှုပ်ထားတာကိုလည်း တွေ့ခဲ့မှာပဲ ...”

နံရံအတွင်း မြှုပ်နှံထားသည့် ဆေးရည်စိမ်ရုပ်အလောင်းများ၊ သုသာန်ရှိ အုတ်ဂူအရေအတွက်နှင့် ကိုက်ညီခြင်းမရှိသော ရုပ်အလောင်းများက ယဲ့ကျား၏ စိတ်ထဲတွင် ပြန်လည်မြင်ယောင်လာ၏။

“သွေးစတေးခြင်း …”

ဒါရိုက်တာ၏ အသံက လေးလံနေခဲ့သည်။

“ငါတို့က အဲဒီ့တံခါးကို အပြီးအပိုင် ပိတ်သိမ်းဖို့အတွက် လူ့အသက်ကို စတေးခဲ့ရတယ် … ”

ထိုအချိန်မှစ၍ လူသားအနည်းငယ်တွင် အားကောင်းသော စွမ်းရည်များ ပိုင်ဆိုင်လာကြသည်။ ၎င်းက ယင်စွမ်းအင်အား ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။ တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသော်လည်း လူသားများသည် သူတို့၏ ပန်းတိုင်အား အရယူနိုင်ခဲ့ကြသည်။ B အဆင့်ထက်မြင့်သော တစ္ဆေအားလုံး ရှင်းလင်းခံလိုက်ရ၏။ တစ္ဆေများနှင့် ရင်ဆိုင်ရန်အတွက် လက်နက်များကို ရရှိခဲ့သည့်အပြင် လူသားများက တစ္ဆေများနှင့် တိုက်ပွဲတွင်လည်း အမြဲအရေးသာခဲ့ကြသည်။ သို့သော် အေးချမ်းသည့် အချိန်များက နှစ်သုံးဆယ်ခန့်သာ ကြာမြင့်ခဲ့၏။

“တံခါးတစ်ခါပွင့်ပြီးတာနဲ့ သူ့အလိုလို ပြန်ပိတ်ဖို့ မဖြစ်နိုင်တော့ဘူး …”

ဒါရိုက်တာက တခဏအတွင်း ဆယ်နှစ်လောက် အိုစာသွားပုံပင်။

“ငါတို့မသိတဲ့နေရာမှာ လက်ရှိကမ္ဘာနဲ့ အခြားကမ္ဘာကို သွားတဲ့လမ်းက ပွင့်နေမှာပဲ … မိခင်က လူသားတွေကို ဆွဲခေါ်နေလိမ့်မယ် … တဖြည်းဖြည်းနဲ့ ငါတို့ဆီကို ချဉ်းကပ်လာနေပြီ …”

ကျန်ကိစ္စရပ်များကို ဒါရိုက်တာက ဆက်လက်ရှင်းမပြသော်လည်း ယဲ့ကျားက အားလုံးကို အတွင်းကျကျ ခန့်မှန်းနိုင်ပြီ ဖြစ်သည်။ ဂိမ်းမှာ ရိုးရှင်းသည့် လူသတ်စက်တစ်ခုသာ ဖြစ်၏။ ၎င်းက အားနည်းသော လူသားများကို အငြိုးကြီးတစ္ဆေများအတွက် ကျွေးမွေးကာ အလားအလာရှိသော လူသားများကိုမူ မိခင်အတွက် ဆက်သသည့် အရာသက်သက်ဖြစ်၏။ မိခင်က ၎င်းတို့အား အငြိုးကြီးတစ္ဆေအဖြစ် ပြောင်းလဲပေးလိုက်မည် ဖြစ်ပြီး သူမ၏ သစ္စာရှိနောက်လိုက်တစ်ဦး ဖြစ်လာပေလိမ့်မည်။

ဂိမ်းက ပျက်စီးသွားခြင်း မဟုတ်ချေ။ အားနည်းသော တစ္ဆေများအား ကမ္ဘာသို့ စေလွှတ်၍ အုတ်အော်သောင်းနင်း ဖြစ်စေပြီး အငြိုးကြီးတစ္ဆေများကမူ မိခင်စေခိုင်းလိုက်သည့် တာဝန်များကို လုပ်ဆောင်ရ၏။ အရာအားလုံးက အကြောင်းရင်း တစ်ခုထဲအတွက်သာ ဖြစ်သည်။ လွန်ခဲ့သည့်နှစ်သုံးဆယ်က မိခင် အပြင်ဘက်သို့ မထွက်လာနိုင်ခဲ့သဖြင့် ယခုအကြိမ်၌ အတားအဆီးမရှိ ထွက်လာနိုင်ရန်သာ။

“တံခါးက … ပိတ်ရမယ် … ” သံတိုင်အတွင်းရှိ လူအိုကြီး၏ နှုတ်ခမ်းများ ရွေ့လျားသွားကာ တီးတိုးသံ ထွက်ပေါ်လာ၏။ သူ၏ ကိုယ်တစ်ခြမ်းက သွေးသံရဲရဲဖြစ်နေကာ တစ်ချက်လှုပ်ရှားလိုက်တိုင်း ရွံရှာဖွယ်ကောင်းသော အသံများ ထွက်လာစေသည်။ လူအိုကြီး၏ နှုတ်ခမ်းလှုပ်ရှားမှုမှတဆင့် သူပြောနေသည့် စကားများကို ယဲ့ကျား ဖမ်းဆုပ်နိုင်လိုက်၏။

“…..ရှောင်ရို့… ရှောင်ရို့ …..”

လူငယ်၏ မျက်ဝန်းထဲတွင် စိတ်ခံစားချက်များ ရောပြွန်းသွားသည်။ သူက အကြည့်လွှဲရန် ကြိုးစားလိုက်၏။ ဒါရိုက်တာက သူ၏ အမူအရာကို သတိပြုမိသွားပြီး ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။

“ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက် တစ်ဦးထဲသော အသက်ရှင်ကျန်ရစ်သူအနေနဲ့ ဒါရိုက်တာရှီက ဒီမှာအပြစ်သားတစ်ဦးလို အကျဉ်းချခံခဲ့ရတယ် … သူက သူ့ကိုယ်သူ သတ်သေဖို့ အကြိမ်အများကြီး ကြိုးစားခဲ့တယ် … ဆွဲကြိုးချသေတာ … လက်ကောက်ဝတ်ကို လှီးတာ … လည်ပင်းကိုလှီးတာ အစရှိသည်ဖြင့် … ဒါပေမယ့် အဲဒီ့အသားလုံးက သူ့ကိုဆက်ပြီး ရှင်သန်စေခဲ့တယ် … တံခါးထပ်ပွင့်လာမယ့် အချိန်ကို စောင့်နေခဲ့သလိုမျိုး …”

ယဲ့ကျား နှုတ်ခမ်းတင်းတင်းစေ့ကာ ဒါရိုက်တာအား ကြည့်လိုက်သည်။

“တံခါးက ဖျက်ဆီးပစ်လို့ရလား … ”

ဒါရိုက်တာက ခေါင်းယမ်းလိုက်၏။

“တံခါးက ဒြပ်ရှိတဲ့ တည်ရှိမှု မဟုတ်ဘူး … စဖွင့်လိုက်တဲ့ အချိန်ကတည်းက အဲဒါက ဖျက်ဆီးပစ်လို့ မရနိုင်ဘူးလေ ... ဗြူရိုရဲ့ သင်္ကေတဟောင်းက ဖျက်ဆီးခံလိုက်ရပြီး အလောင်းတွေအကုန် လောင်ကျွမ်းသွားရင်တောင် မြို့တစ်ခုလုံး မြေအောက်ကို ရောက်သွားရင်တောင် တံခါးက ရှိနေဦးမှာပဲ … ပွင့်နေမလား … ပိတ်နေမလား ဆိုတာပဲ ပြောင်းလဲသွားမှာ …” သူက အလွန်ပင်ပန်းနေပုံပေါ်၏။

“ဒါတွေက ငါသိတဲ့ ဗြူရိုရဲ့အကြောင်းတွေပဲ … ”

နှစ်သုံးဆယ်အကြာက ဒါရိုက်တာသည် ဗြူရိုရှိ ဝန်ထမ်းတစ်ဦးသာ ဖြစ်သည်။ သူက ဗြူရိုအကြောင်းကို အကုန်အစင် မသိရှိခဲ့ချေ။ တံခါးပွင့်သွားပြီးနောက် သူက အရာအားလုံးကို တူးဆွခဲ့ကာ ပါဝင်ပတ်သတ်ခဲ့သူကိုပင် မေးမြန်းခဲ့သည်။ သို့သော် ထိုကိစ္စ၌ ပါဝင်ပတ်သတ်သူအားလုံး သေဆုံးသွားကြပြီ ဖြစ်ပြီး လူအိုကြီးတစ်ဦးသာ ကျန်ရှိတော့ကြောင်း သူတွေ့လိုက်ရ၏။ ၎င်းလူအိုကြီးသည် စိတ်မနှံ့သူတစ်ဦး ဖြစ်လေရာ သူ့အတွက် အလွန်ခက်ခဲခဲ့သည်။ ဒါရိုက်တာက အပိုင်းအစများစွာကို စုစည်းခဲ့ရ၏။ ထိုအချိန်က သူသည် အစိုးရအရာရှိများနှင့် ညှိနှိုင်းနေရခြင်းဖြစ်သည်။ M မြို့တော်ထံမှ နိုင်ငံသားများကို ဘေးကင်းရာ သို့ပြောင်းရွှေ့ပေးလိုကြောင်း အစီရင်ခံစာအား ရရှိသည့်အခါ အထက်အရာရှိများက လျှင်မြန်စွာ တွန်းအားပေးလာကြလေသည်။

ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် တစ်စုံတစ်ခုအား တွေးမိသွားသကဲ့သို့ သူက ခေါင်းမော့ကာ မေးလာခဲ့သည်။

“အန္တာရာယ်မြစ်က မြေအောက်မှာ မြှုပ်ထားမှန်း ခင်ဗျားသိလား …”

“…...ဘာ အန္တာရာယ်လဲ ” ဒါရိုက်တာက ထိတ်လန့်သွားသည်။ ၎င်းမှာ မိခင်မြှုပ်နှံခဲ့ခြင်း ဖြစ်ပုံရ၏။ လက်ရှိကိစ္စ၏ အဓိကသော့ချက်ပင် ဖြစ်နေနိုင်သည်။ ယဲ့ကျား အတွေးထဲနစ်မြုပ်သွားခဲ့၏။

သို့သော် အဆိုပါအန္တာရာယ်သည် အငြိုးကြီးတစ္ဆေများကိုပင် သက်ရောက်စေခဲ့သည်။ လက်မဲလေးပင်လျှင် အသိစိတ်ပျောက်ဆုံးသွားခဲ့ရ၏။ ထိုအရာများက ဒီအတိုင်း သွားကိုင်၍ မရချေ။ ယဲ့ကျား၏ မျက်ခုံးများတွန့်ကွေးသွားရသည်။ ခဏအကြာ၌ သူက ဒါရိုက်တာကို ကြည့်ကာ ပြောလိုက်၏။

“ကောင်းပြီ … ကျွန်တော် လက်ရှိအခြေအနေကို ကောင်းကောင်းနားလည်သွားပြီ … သွားရအောင် …”

ဒါရိုက်တာက သူ့နောက်ရှိ လူအိုကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ကောင်းပြီလေ …”

ဓာတ်လှေကားက ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။ တံခါးမဖွင့်ခင်မှာပင် သူတို့က အပြင်ဘက်ရှိ ကြောက်မက်ဖွယ်အသံများကိ ကြားလိုက်ရ၏။ ဒါရိုက်တာ၏ မျက်နှာက ဖြူလျော်သွားလေသည်။ သူက နောက်ကို မြန်မြန်ဆုတ်လိုက်ကာ ကြောက်ရွံ့စွာဖြင့် တံတွေးမြိုချလိုက်သည်။ .

“ …...အခုလေးတင် … မင်းနဲ့အတူရှိနေခဲ့တဲ့လူက အားလုံးကိုင်တွယ်သွားခဲ့တယ် …”

ယဲ့ကျားက သူ့အား ပြန်လှည့်ကြည့်လိုက်သည်။ “ခင်ဗျားသူ့အတွက် စိတ်ပူစရာ မလိုပါဘူး … ”

ဒါရိုက်တာ “…… ဒါက စိတ်ပူရမယ့်ကိစ္စမဟုတ်ဘူးလား …”

“ သူတစ်ဦးထဲနဲ့တင် လုံလောက်တယ်…” ယဲ့ကျားက ပြုံးကာဆိုလိုက်သည်။

ဓာတ်လှေကားတံခါးက ဖြည်းညှင်းစွာ ပွင့်သွား၏။ ပုပ်အဲ့အဲ့ အနံ့နှင့်အရည်များက အခန်းတစ်ခုလုံး ပြည့်နှက်လျှက် ရှိသည်။ .အကွာအဝေးတစ်ခုရှိ ဝင်ပေါက်တွင် အမျိုးသားတစ်ဦး မတ်တပ်ရပ်နေ၏၊ သူသည် သူ့အရှေ့ရှိ အငြိုးကြီးတစ္ဆေနှင့် ယှဉ်ပါက အလွန်သေးငယ်လှသော်လည်း ခြေတစ်လှမ်းမျှပင် ရွေ့လျားခြင်း မရှိချေ။ ပတ်ဝန်းကျင်ရှိ အငြိုးကြီးတစ္ဆေများက သွေးလှိုင်းများအား ရှောင်ရှားနိုင်ခြင်း မရှိရာ မြင်ကွင်းက ငရဲကျနေသည့်နှယ် ဖြစ်ပေါ်နေ၏။ ဒါရိုက်တာ၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းဖြင့် ပြူးကျယ်လာသည်။

“…..သူ … သူက ဘယ်သူလဲ….?”

ယဲ့ကျားက တစ်စုံတစ်ရာအား သတိရသွားသည့်နှယ် ပြန်ဖြေလာသည်။

“အိုး … ခင်ဗျား သူ့နာမည်ကို သေချာပေါက် ကြားဖူးမှာပါ ...”

ဒါရိုက်တာက ယဲ့ကျားအား ကြောင်တောင်တောင်ဖြင့် ငေးကြည့်နေသည်။

ထိုအချိန်တွင် လူငယ်လေးက ဆက်ပြောလာ၏။

“ကျီရွှမ်လေ ...”

…..ကျီရွှမ်လား …. နာမည်က နည်းနည်းရင်းနှီးနေသလို … နေစမ်းပါဦး …

ဒါရိုက်တာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူက အသက်ရှူရန်ပင် မေ့လျော့သွား၏။ ပါးစပ်အဟောင်းသားဖြင့်သာ သူ့ရှေ့ရှိ အမျိုးသားကို ငေးကြည့်နေမိသည်။

တစ္ဆေဘုရင် ကျီရွှမ်လား …

ယဲ့ကျားက ဒါရိုက်တာ၏ အံ့ဩမှုကို လျစ်လျူရှုကာ ကျီရွှမ့်ထံသို့ လျှောက်သွားလိုက်၏။ ကျီရွှမ်က နှုတ်ခမ်းထောင့်များ ကော့ညွှတ်လာသည်အထိ ပြုံးလျှက် သူ့ကိုကြည့်လာသည်။

“ကောကော … စကားပြောလို့ ပြီးပြီလား …”

ယဲ့ကျားက အင်း ဟု အသံပြုလိုက်၏။ သူက မျက်လွှာပင့်ကာ ဟာရီကိန်းနှင့်တူသည့် တစ္ဆေများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“မင်းကရော … ဘာလို့ဒါတွေကို ဒီလောက်ကြာကြာ အချိန်ဆွဲနေတာလဲ … ”

ကျီရွှမ် “……..”

သူက အနည်းငယ် စိတ်ပျက်သွားကာ တီးတိုးဆိုလိုက်၏။

“အရင်လှိုင်းတွေကို ဖြေရှင်းပြီးသွားပြီ …”

ယဲ့ကျားက အဆောက်အဦးအပြင်ဘက်ကို ကြည့်လိုက်သည်။ နေရာတစ်ခုလုံး ကြားကွက်လပ်ပင် မရှိရလေအောင် အငြိုးကြီးတစ္ဆေများ၏ ခန္ဓာကိုယ်များနှင့် ပြည့်နှက်နေ၏။ အငြိုးကြီးတစ္ဆေများမှာ B အဆင့်၊ S အဆင့် စသည်ဖြင့် အသီးသီးရှိနေကြသည်။ သူက အနည်းငယ် ထိတ်လန့်သွားသည်။

“အခုကရော ဘယ်နှခုမြောက်လှိုင်းလဲ … ”

ကျီရွှမ်က ခဏတွေးလိုက်သည်။

“လေးခုမြောက်လေ ... ” ငရဲကဲ့သို့ မြင်ကွင်းကိုကြည့်ရင်း ယဲ့ကျား မျက်မှောင်ကြုတ်လိုက်၏။ တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်သည်။

“….ဒါတွေအကုန်လုံးက သေမင်းနှုတ်ခမ်းဝရောက်နေတဲ့ လူအိုကြီးတစ်ယောက် အတွက်လား … ”

ထိုအချိန်မှာပင် အငြိုးကြီးတစ္ဆေများ၏ တိုက်ခိုက်မှုက ရုတ်တရက် ရပ်တန့်သွားသည်။ အနက်ရောင်တိမ်တိုက်အတွင်းမှ ရယ်မောသံများ ထွက်ပေါ်လာသည်၊