အပိုင်း ၁၁၄
Viewers 10k

Chapter 114




“ဟားဟားဟားဟား … အေ့စ်ဆိုတဲ့ အတိုင်းပဲ ....” ထိုအသံက ရက်စက်ပုံပေါ်နေ၏။ :

“ဒါပေမယ့် ငါတို့မစ်ရှင်က အောင်မြင်ပြီးသွားပြီ……”

ကြောက်မက်ဖွယ်ရယ်သံကြီးနှင့်အတူ တိမ်တိုက်က နောက်တစ်စက္ကန့်၌ ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်က သာမန်ပြန်ဖြစ်လာ၏။ မနက်ခင်းက သွေးရောင်ခြယ်ထားသကဲ့သို့ ရှိနေသည်။ ထိုအချိန်မှာပင် ယဲ့ကျား၏ ဖုန်းက တုန်ခါလာခဲ့သည်။

လွန်ခဲ့သော ငါးနာရီအကြာက သူ့အား စာပို့ထားခြင်းဖြစ်သည်။ ၎င်းက မှုခင်းဆရာဝန်ထံမှ ဖြစ်သည်။ သူပို့လိုက်သည့် မျက်လုံးများက ပျောက်ဆုံးသွားလေပြီ။ ယဲ့ကျား ထိတ်လန့်သွား၏။ သူ့လက်ချောင်းများက ဖုန်းနားတွင် တင်းကျပ်သွား၏။

မကောင်းတော့ဘူး …. ဒီတစ္ဆေတွေက သူ့ကို ဒါရိုက်တာဟောင်းနဲ့ တွေ့မှာစိုးနေတာ မဟုတ်ဘူးပဲ ...


သူတို့က ကျီရွှမ်နှင့် သူ့အား M မြို့တော်အပြင်ဘက်သို့ သွားစေခဲ့ခြင်းပင်။ ထိုအကြံအစည်မှာ အထက်မှ စီစဉ်ခဲ့ခြင်း ဖြစ်သည့်အလျောက် များစွာသော ရင်းမြစ်များဖြင့် ထောက်ပံ့ထားခြင်း ဖြစ်သည်။ ရေ၊လေနှင့် မြေကြီး အရာအားလုံးကို အကွက်ချထားသည့် အလျောက် သက်ရောက်မှုမှာ မြင့်မားလှသည်။ တစ်ရက်နှင့်တစ်ည ကုန်ဆုံးသွားသည့်နောက် နေထိုင်သူတော်တော်များများသည် မြို့အပြင်ဘက်သို့ ရောက်ရှိနေကြပြီဖြစ်၏။ လူအနည်းငယ်သာလျှင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ကြုံနေရသည်။ မိခင်ဖြစ်သူ၏ လည်တိုင်ကို တွဲခိုထားသော ကလေးမလေးတစ်ဦးက မြို့ဘက်သို့ သိချင်စိတ်ဖြင် လှမ်းမျှော်ကြည့်လိုက်သည်။

“မေမေ … အဲဒါဘာလဲဟင်…”

အားလုံး နောက်ပြန်လှည့်ကြည့်လိုက်၏။သွေးနီရောင်လှိုင်းများက မြို့ထဲရှိ လမ်းကြားများထဲမှ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်အလင်းတန်းများက တံခါးတစ်ချပ် ပုံပေါ်လာ၏။ တဝေါဝေါအသံများက တံခါးအောက်ခြေမှ မြည်ဟည်းလာခဲ့သည်။ တစ်စုံတစ်ခုက တံခါးကို ကျော်လွန်၍ ထွက်လာတော့မည်ကဲ့သို့ပင်။

မြေပြင်က တုန်ခါလာကာ အက်ကြောင်းများ ထင်ဟပ်လာ၏။

အဆောက်အဦးများက ငလျှင်လှုပ်မှုကြောင့် အက်ကွဲလာကာ မြေပေါ်သို့ ပြိုကျလာသည်။ မြို့တော် တစ်ခုလုံးက ကြောက်မက်ဖွယ် အင်အားကြောင့် ပျက်စီးသွားခဲ့ပြီး အုတ်ကျိုးပိုင်းများ၊ စတီးချောင်း အကျိုးအပိုင်းများက နေရာအနှံ ပျံ့လွင့်နေကြပုံမှာ ဧရာမ သားရဲကြီးတစ်ကောင်က ခြေလက်များကို ရစ်ခွေ၍ အရိုးများအား ဆွဲထုတ်လိုက်သကဲ့သို့ပင်။

ပြိုကျနေသည့် အသံများက မြို့ကြီးတစ်ခုလုံး နာနာကျင်ကျင် အော်ဟစ်နေသကဲ့သို့ ရှိ၏။ အရေးကြီး တည်နေရာများတွင် ကတ္တရာကဲ့သို့ နက်မှောင်နေသော အငြိုးတရားများက မြစ်တစ်စင်းနှယ် စီးဆင်းလာကာ သွေးနီရောင် မျဉ်းကြောင်းများတစ်လျှောက် စီးဆင်းလျှက်ရှိသည်။ “ဘန်း…”မြို့လယ်ခေါင်က နိမ့်ဆင်းသွားကာ ထိုနေရာရှိ အဆောက်အုံများအား ပြိုကျစေခဲ့သည်။ လမ်းတစ်လျှောက်ရှိ ကားများက မွစာကြဲသည်အထိ စုတ်ဖြဲခံလိုက်ရ၏။

“ဘန်း -----!”

ပို၍ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးက မြို့ပေါ်ရှိ လမ်းများတစ်လျှောက် ပဲ့တင်ထပ်လာသည်။

“ဝါး …..”

ကလေးမလေးက မိခင်ဖြစ်သူအား တင်းတင်းဖက်ကာ ငိုကြွေးလေတော့သည်။

“မေမေ … သမီးကြောက်တယ် ….”

မြို့ဆင်ခြေဖုံးရှိ လူအားလုံး မျက်နှာများ ဖြူလျော်သွားကြသည်။ သူတို့က ကြောက်မက်ဖွယ် မြင်ကွင်းအား ကြည့်ရင်း ဝိဉာဉ်ထိပင် တုန်လှုပ်လာကာ ခြေလက်များ ပျော့ခွေလာကြပြီး နေရာ၌ တောင့်တောင့်ကြီး ရပ်နေမိကြသည်။ ပြောင်းရွှေ့ပေးရန် တာဝန်ရှိသော ဗြူရိုဝန်ထမ်းက စတင်သတိဝင်လာ၏။ သူက ကျယ်လောင်စွာ သတိပေးလိုက်သည်။

“မြန်မြန်သွားကြ … ဘာကိုမှသယ်မနေနဲ့ … အမိန့်ကိုနားထောင်ပြီး မြန်မြန်သွားကြတော့ … ”

အားလုံးက သတိပြန်ဝင်လာကြပြီး တစ်ခုထဲသော ထွက်ပေါက်ထံသို့ ဦးတည်လိုက်ကြသည်။ သူတို့မျက်နှာများက ကြောက်ရွံ့မှုဖြင့် တွန့်လိမ်နေ၏။ သူတို့အတွေးထဲတွင် တစ်ခုသာ ရှိတော့သည်။

ပြေး … ပြေးရမယ် …

မျက်စိတ်တစ်မှိတ်အတွင်းမှာပင် အုတ်အော်သောင်းနင်း ဖြစ်လာခဲ့သည်။ ဗြူရိုဝန်ထမ်းများနှင့် ရဲသားများသည် လူထောင်ချီအား တတ်နိုင်သမျှ မြန်မြန်ပြောင်းရွှေ့ပေးရန် ကြိုးစားနေကြ၏။ နိုင်ငံသားများနည်းတူ သူတို့သည်လည်း ကြောက်လန့်နေကြသည်။ မည်သည့်အရာက သူတို့အား စောင့်ကြိုနေမှန်း မသိရှိချေ။ ရုတ်တရက်ဆိုသလို မြို့လယ်ခေါင်က တိတ်ဆိတ်သွား၏။ ၎င်းက မုန်တိုင်းမလာခင် လေပြည်တိုက်ခတ်သကဲ့သို့ပင်။

အိုး … မဟုတ်ဘူး …

အုပ်စုနောက်ဆုံးမှ ဝန်ထမ်းက ဆူညံနေသည့် လူအုပ်အား အမြန်လှည့်ကြည့်ကာ ဆိုလိုက်သည်။

“မြန်မြန် …”

သူ့စကားမဆုံးခင်မှာပင် သူ့ခြေထောက်အောက်ရှိ မြေပြင်က အက်ကွဲလာ၏။ ကတ္တရာစေးကဲ့သို့ နက်မှောင်နေသည့် အရည်များ စိမ့်ထွက်နေသော ကြက်သွေးရောင် လက်တံများက ထိုဝန်ထမ်းကို ရစ်ပတ်လိုက်သည်။

“အား ---------”

ထိုအော်သံကို ကြားသည့်နောက် လူအုပ်က ထွက်ပေါက်ထံသို့ အသည်းအသန် တိုးဝှေ့လိုက်ကြသည်။ နာနာကျင်ကျင် အော်ဟစ်သံများနှင့် ငိုကြွေးသံများက ရောနှောထွက်ပေါ်လာ၏။ မြင်ကွင်းမှာ ငရဲကျနေသည့်အလားပင်။ ထိုအချိန်မှာပင် မြို့အနှံ့အပြားရှိ အငြိုးကြီးတစ္ဆေများက တူညီသော အသံတစ်ခုဖြင့် ဆင့်ခေါ်ခံလိုက်ရသည်။

M မြို့တော်သည် မုန်တိုင်းအလယ်ရှိ ရေဝဲကတော့တွင်း ကျရောက်နေသကဲ့သို့ပင်။ မြို့တော် အပေါ်ဘက်မှ ငုံ့ကြည့်လိုက်လျှင် ဧရာမတံခါးကြီးပေါ်၌ အက်ကြောင်းများ ထင်ဟပ်နေသည်ကို တွေ့ရမည်ဖြစ်ပြီး မြို့တော် တစ်ခုလုံးအား ပင့်ကူမျှင်များသဖွယ် ဖုံးလွှမ်းလျှက်ရှိလေသည်။ အက်ကြောင်းများက အောက်ခြေမှ စတင်၍ ပျံ့နှံ့လာခဲ့ပြီး မြို့အား ပျက်စီးကိန်းကို သယ်ဆောင်လာခဲ့၏။

ပြင်းထန်သော အငြိုးတရားများက အက်ကြောင်းများထံမှ စိမ့်ကျလာကာ တံခါးကို မမြင်နိုင်သော အားတစ်ခုဖြင့် သက်ရောက်စေလျှက်ရှိသည်။ နေ့အချိန် ဖြစ်သော်လည်း ကောင်းကင်က ရုတ်တရက် မှောင်မဲလာသည်မှာ အလင်းများအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ပင်။ အနက်ရောင် တိမ်တိုက်များက မြေပြင်နှင့်နီးကပ်လာသည်။ တစ်စုံတစ်ဦးက သေချာစိုက်ကြည့်ပါက တိမ်တိုက်အတွင်းရှိ ကြောက်မက်ဖွယ် မျက်နှာများအား မြင်ရပေလိမ့်မည်။

“ဘုန်း -----”

မြေပြင်နှင့် ကျောက်တုံးများက တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မီတာဒါဇင်ချီမြင့်မားသည့် နံရံကြီးများ ပေါ်ပေါက်လာကာ အတွင်းအပြင် နှစ်ဘက်လုံးကို ပိတ်ဆို့ပစ်လိုက်သည်။

အားလုံး အဆုံးသတ် သွားပြီလား …

မြို့ပြင်သို့ ထွက်ရမည့်လမ်း ပျောက်ဆုံးသွားသည်ကို ကြည့်ရင်း မြို့ခံအချို့က မြေပေါ်သို့ လဲကျသွားကြ၏။ သူတို့ စိတ်များက ဗလာဖြစ်သွားကြသည်။

မြို့လယ်ခေါင်တွင် …

သွေးတစို့စို့ဖြစ်နေသော အသားများ ကပ်ငြိလျှက်ရှိသည့် အရိုးစုတစ်ခုက အနက်ရောင်တိမ်တိုက်များမှ မြို့လယ်ခေါင်သို့ ခုန်ဆင်းလာသည်။ ထို့နောက် နှလုံး၊ မျက်လုံးတစ်စုံ၊ အရေပြားများ ဆက်တိုက်ကျဆင်းလာ၏။ အသားများမှ တစိမ့်စိမ့်စီးကျနေသည့် ချွဲပျစ်ပျစ်အရည်များသည် အသက်ရှိနေသကဲ့သို့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီကို လိုက်လံ တွဲဆက်ပေးလိုက်သည်။ ၎င်းက အရိုးစု၏ တစ်လွှာပြီးတစ်လွှာ အုပ်မိုးလိုက်ကာ လူသားတစ်ဦး၏ အသွင်ပေါ်လာခဲ့သည်။ အသားများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်သံ တစွပ်စွပ်က ကျောရိုးတစ်လျှောက် စိမ့်သွားစေပြီး စိတ်မသက်မသာ ဖြစ်စရာ ကောင်းလှ၏။

အချိန်အတော်ကြာပြီးနောက် မိန်းမပျိုတစ်ဦးက မြို့လယ်ခေါင်တွင် ပေါ်ပေါက်လာသည်။ သူမတွင် ကျော့ရှင်းလှပသော အသွင်အပြင်ရှိကာ နက်မှောင်သည့် ဆံကေသာများကမူ သူမ၏ ဖြူဖျော့ဖျော့ ပုခုံးပေါ်မှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးနီးပါး ဖုံးအုပ်ကာ ကျဆင်းနေ၏။ အမျိုးသမီး၏ မျက်ခွံများက လှုပ်ရှားသွားကာ မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အမုန်းတရားများနှင့် ပြည့်နှက်နေသည့် ကြက်သွေးရောင် မျက်ဝန်းတစ်စုံ ထွက်ပေါ်လာခဲ့၏။

ရုတ်တရက် ပေါ်ပေါက်လာသည့် တံခါးတစ်ဖက်တွင် ဝူစူးက အိုးပူပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သောကများလျှက်ရှိသည်။

“မြန်မြန် … နံရံကို ဖြိုချလိုက် … ”

သူက နံဘေးရှိ ဝန်ထမ်းကို လှည့်ကြည့်လိုက်သည်။ “လူ ဘယ်လောက်ပိတ်မိနေတာလဲ … ”

“ကျွန်တော် …ကျွန်တော်လည်း မသိဘူး ….”

ဝန်ထမ်း၏ မျက်နှာက ဖြူလျော်လျှက်ရှိသည်။

“တစ်ထောင်ကျော်လောက်ရှိမယ်ထင်တယ် ……..”

“တစ်ထောင်ကျော်တောင်လား … ”

အပြင်ဘက်ရှိ စစ်တပ်များက အမြောက်များကို သုံး၍ နံရံအား ဖြိုချရန် ကြိုးစားနေကြသည်။ သို့သော် အမြောက်အချက်ရေအချို့ ပစ်ပြီးသော်လည်း နံရံက ပြိုကျသွားမည့်ပုံ မပေါ်သေးချေ။ ဝူစူးက သူ့ရှေ့ရှိနံရံအား မော့ကြည့်လိုက်ရင်း ချွေးအေးများ စီးကျလာခဲ့သည်။ ထိုစဉ် လက်တစ်ဖက်က သူ့ပုခုံးအား ထိကိုင်လာ၏။ ဝူစူး ထိတ်လန့်တကြားနှင့် နောက်သို့လှည့်ကြည့်လိုက်သည်။ အရောင်ဖျော့ဖျော့ ဆံနွယ်များနှင့် ပယင်းရောင် မျက်ဝန်းများ ပိုင်ဆိုင်ထားသော လူငယ်တစ်ဦးက သူ့နောက်တွင် မတ်တပ်ရပ်နေ၏။

လူငယ်၏ မျက်နှာမှာ ပုံမှန်ထက်ပင် ဖြူဖျော့လျှက်ရှိသည်။ သူ၏ နှုတ်ခမ်းပါးများက ဓားတစ်စင်းနှယ် တင်းတင်းစေ့ပိတ်လျှက်ရှိသည်။ သူက တစ်နေရာရာမှ ပြေးလာသကဲ့သို့ အလွန်မောပန်းနေပုံ ပေါ်သော်လည်း အနားယူခြင်း မရှိချေ။

“ငါလုပ်လိုက်မယ် … ”

ယဲ့ကျား၏ အသံက အနည်းငယ် ကြမ်းရှလျှက်ရှိသည်။ သာမန်နည်းလမ်းများက သူ့အား ဤမျှမြန်မြန် ရောက်ရှိလာစေမည် မဟုတ်ရာ သူက အပင်ပန်းဆုံးနှင့် အမြန်ဆုံး နည်းလမ်းကို အသုံးပြုခဲ့ရသည်။ တစ္ဆေပိုင်နက်အား အသက်သွင်း၍ ရောက်နိုင်သမျှ ဝေးဝေးသွားလိုက်ပြီး နောက်တစ်ကြိမ် ထပ်မံအသက်သွင်းခဲ့ခြင်းပင်။ ဝူစူးက သူ့ဘေးရှိလူငယ်ကို ကြည့်လိုက်သည်။

တစ်မိနစ်မျှအကြာတွင် သူက ပါးစပ်ဖွင့်လိုက်၏။ အေးစက်စက် အလင်းတစ်ခုနှင့်အတူ လူငယ်၏ လက်ထဲတွင် တံစဉ်ရှည်ကြီး ပေါ်ပေါက်လာခဲ့သည်။

နေစမ်းပါဦး …

ဝူစူး မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ သူက ရင်းနှီးနေသော လက်နက်အား မယုံနိုင်စွာ ကြည့်လိုက်သည်။

နေ … နေ… နေစမ်းပါဦး …

ချန်ချင်းယဲ့နှင့် သတင်းကြားသည်နှင့် အပြေးရောက်လာသည့် ကြီးကျပ်ရေးမှူးတို့သည်လည်း ထိုမြင်ကွင်းကို တွေ့သွားကြသည်။ ဝေ့ရွှယ်ချူးက ရှေ့သို့တိုးလာကာ တစ်ဖက်လူပုခုံးအား နှစ်သိမ့်ဟန်ဖြင့် ပုတ်ပေးလိုက်၏၊

“စိတ်မကောင်းမဖြစ်ပါနဲ့ … ”

လှည့်ဖျားခံရတာ ရှင်တစ်ယောက်ထဲမဟုတ်ဘူး … ကျွန်မရောပဲ … မုန်းစရာကောင်းလိုက်တာ …

နောက်တစ်စက္ကန့်တွင် လေထုအား ဓားထက်ထက်ဖြင့် ဖြတ်သန်းသွားသည့်အသံနှင့်အတူ နံရံပြိုကျသံများက ထွက်ပေါ်လာသည်။ ထူထဲသော နံရံတွင် အပေါက်ကြီးကြီးတစ်ခု ဖြစ်ပေါ်လာ၏။ နိုင်ငံသားများ၏ အကူအညီတောင်းသံနှင့် ငိုကြွေးသံများမှာ အတိုင်းသား ကြားနေရသည်။ ဝူစူးက အခြားအရာများကို တွေးတောရန် အချိန်မရှိချေ။ သူက နောက်သို့ လှည့်ကာ ဝန်ထမ်းများကို ပြောလိုက်သည်။

“မြန်မြန် … လူကယ်ဖို့လုပ်ကြ … ”

ချန်ချင်းယဲ့က ရှေ့ထွက်လာခဲ့သည်။ သူ့အင်္ကျီလက်တွင်းမှ အနက်ရောင်ကင်းခြေများတစ်ကောင် ထွက်ကျလာခဲ့ပြီး မြေပေါ်သို့ ကျဆင်းချိန်တွင် မီတာများစွာ ရှည်လျားလာသည်။ သူက မျက်မှန်ကို ပင့်မလျှက် ဆိုလိုက်၏။

“ငါတို့ဒီကို အကူအညီပေးဖို့ ရောက်နေကြတာ ...”

ဘလပ်စ် က အားချန်ကို ကြည့်လိုက်ရင်း သူတို့နှစ်ဦး၏ အကွာအဝေးကို ပိုတိုးစေလိုက်သည်။ ထို့နောက် မီးဘောလုံးတစ်လုံးကို ဖန်တီးကာ ရယ်သွမ်းသွေးလျှက် ဆိုလာ၏။

“ငါက လူကယ်တာတော့ သိပ်မတော်ပေမယ့် တစ္ဆေတွေကို နှိမ်နင်းပေးမယ် … ”

ဝူစူးထိရှသွားသည်။ “ကျေးဇူးပါ … ”

ဝေ့ရွှယ်ချူးက သူ့ပုခုံးအား အားပါပါပုတ်လိုက်သည်။

“ကျွန်မတို့က ဗြူရိုက ဝန်ထမ်းတွေပဲလေ … မဟုတ်ဘူးလား …”

“………” ဝူစူးမျက်နှာက တစ်ဖက်လူ၏ ပုခုံးပုတ်အားကြောင့် တွန့်လိမ်သွားရ၏။

“ဘိုးဘေးလေးရယ် … အားနည်းနည်းလျှော့ပေးလို့ရမလား ….”

ကယ်ဆယ်ရေးအသင်းက စုစည်းလျှက် နံရံအပေါက်မှ စနစ်တကျဝင်ရောက်သွားကြသည်။ ထိုစဉ် ဘလပ်စ် က တစ်စုံတစ်ခုအား သတိရသွားဟန်ဖြင့် ဘေးဘီဝေ့ဝဲကြည့်လိုက်၏။

“ဟမ် … ပြောကာမှ …အေ့စ်ရော …”

မည်သူမှ သတိမထားမိခင် တစ်ဖက်လူက ထွက်သွားပြီဖြစ်သည်။

“နံရံကို အပေါက်ဖောက်လိုက်တဲ့ လူငယ်လေးကို ပြောတာလား …”

ဝန်ထမ်းများအနက် တစ်ဦးက အနက်ရောင်တိမ်တိုက်များကို ညွှန်ပြရင်း ဆိုလာ၏။

“သူ အထဲဝင်သွားတာ ကျွန်တော် တွေ့လိုက်တယ် ...”

အားလုံး ထိတ်လန့်သွားကြသည်။ သူတို့က မြို့လယ်ခေါင်ထံသို့ အကြည့်ရောက်သွားကြ၏။ ထိုနေရာတွင် တိမ်တိုက်များက ထူထပ်ကာ နက်မှောင်နေသည်။ သိပ်သည်းသော ယင်စွမ်းအင်နှင့်အတူ သွေးနံ့က လေထုထဲတွင် ပျံ့လွင့်လျှက်ရှိ၏။ ကြည့်မိသူတိုင်း ကျောရိုးတစ်လျှောက် စိမ့်သွားစေမှာပင်။

သူ တကယ်ကြီး ဝင်သွားတာလား …

......


M မြို့တော်အလယ်တွင် ကျက်သရေရှိစွာ လှပသော အမျိုးသမီးက မြေပေါ်ရှိ တွန့်လိမ်နေသော အသားစများကို နင်း၍ ခြေဗလာဖြင့် လမ်းလျှောက်လျှက်ရှိသည်။ စေးပျစ်သော သွေးများက သူမခြေထောက်များမှ တွယ်တက်လာကာ ဂါဝန်ရှည်သဖွယ် ဖြစ်နေစေ၏။ သူမက ခေါင်းမော့ကာ အနက်ရောင် ကောင်းကင်ကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏ ဖြူဖျော့ဖျော့ လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရင်း နူးညံ့စွာ ပြုံးလိုက်၏။ “ငါ့ကလေးလေး … ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ ...”

အငြိုးကြီးတစ္ဆေများက ဟိန်းဟောက်နေကြ၏။ ကောင်းကင်တစ်ခွင်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်နေကြသည်။

“ဒီကမ္ဘာက မင်းအတွက် ထိုက်တန်တဲ့ ဆုလာဘ်ပဲ ...”

မိခင်က သူမ၏ ကြက်သွေးရောင် မျက်ဝန်းများဖြင့် အငြိုးကြီးတစ္ဆေများကို ကြည့်ရင်း ညှင်သာစွာဆိုလိုက်သည်။ အငြိုးကြီးတစ္ဆေများက အောင်ပွဲခံနေသည့်အလား ကျယ်လောင်စွာ ဟိန်းဟောက်နေကြသည်။

ရုတ်တရက် မိခင်က သူမ၏ သေးသွယ်ဖြူလျော့သော လက်ကို လက်သီးဆုပ်လိုက်ပြီး S အဆင့် အငြိုးကြီးတစ္ဆေအား ဆွဲယူလိုက်သည်။

“မနာခံတဲ့ကလေးတစ်ချို့ကိုတော့ အပြစ်ပေးရဦးမှာပဲ ...” သူမလက်တွင်းရှိ အငြိုးကြီးတစ္ဆေသည် သနားညှာတာမှုကို တောင်းခံရင်း သေသည်အထိ ချေမွခံလိုက်ရသည်။

မိခင်က ချစ်ခင်မှုများ ပြည့်နှက်နေသည့် အမူအရာဖြင့် ရှိနေဆဲပင်။ သူမက ပေါ့ပေါ့ပါးပါးဖြင့် လက်ကိုခါလိုက်သည်။ သူမခြေထောက်အောက်ရှိ အသားများက တစ်စုံတစ်ခုအား စားသောက်နေသကဲ့သို့ တွန့်လိမ်နေကြ၏။ မိခင်က ညှင်သာစွာ ဆိုလာသည်။

“ကောင်းပြီ … အခု တို့သမက်လေး ဘယ်မှာရှိနေလဲဆိုတာ တစ်ယောက်ယောက် ပြောနိုင်မလား …”

အေးစက်စက်အသံက ထွက်ပေါ်လာ၏။

“…...ဒီမှာလေ.”

မိခင်က ဖြည်းညှင်းစွာ နောက်လှည့်လိုက်သည်။ သို့သော် သူမနောက်သို့ မကြည့်ရသေးခင်မှာပင် ကြီးမားသော တံစဉ်က သူမ ရင်ဘတ်ထံသို့ ထိုးဖောက်လာ၏။ ကြက်သွေးရောင်သွေးများက သူမ ဝတ်ရုံရှည်အား အရောင်ခြယ်ပြီးသား ဖြစ်သွားသည်။ သူမက မလှမ်းမကမ်းတွင်ရပ်နေသည့် ယဲ့ကျားကို မျက်လွှာပင့်၍ ကြည့်လိုက်၏။ လူငယ်လေး၏ ပယင်းရောင်မျက်ဝန်းများက လျှိုချိုင့်ထဲမှ အစွယ်ထုတ်ပြလာသည့် သားရဲကြီးသဖွယ် အေးစက်စွာ တောက်လောင်လျှက် ရှိသည်။ သူ၏ နှုတ်ခမ်းပါးများက သတ်ဖြတ်လိုရိပ်ဖြင့် ကွေးညွှတ်သွား၏။

“တွေ့ရတာဝမ်းသာပါတယ် … အမေ …”

“အာ …” မိခင်က ညှင်သာစွာ သက်ပြင်းချလိုက်သည်။

“ဒီလိုမျက်နှာကလေးနဲ့မင်းက ဒီလောက်ထိ ရိုင်းစိုင်းလိမ့်မယ်လို့ တို့မထင်ထားခဲ့ဘူး …”

အမျိုးသမီးက လက်ကိုမြှောက်ကာ သူမ၏ မျက်နှာကို ခပ်ဖွဖွပုတ်လိုက်သည်။ အရိုးစုများကို မိန်းမပျိုလေး၏ နူးညံ့သော အသားအရည်က ဖုံးအုပ်ထားနှင့်ပြီ ဖြစ်၏။ မိခင်၏ မျက်နှာက ယဲ့ကျား၏ မှတ်ဉာဏ်များကဲ့သို့ နူးညံ့ကာ သန့်စင်နေသည်။ တစ်ခုထဲသော ခြားနားမှုမှာ အေးစက်စက် ကြက်သွေးရောင် မျက်ဝန်းများသာ ဖြစ်၏။ လူငယ်လေးက အံကြိတ်လိုက်သည်။ အမျိုးသမီးအပေါ် မုန်းတီးမှုက ပိုမိုပြင်းထန်လာ၏။

“အရမ်းကောင်းတယ် …” မိခင်ရယ်မောလိုက်သည်။

“တို့သိပ်ပျော်တာပဲ …” သူမက ပြုံးလိုက်ရင်း သူမအစာအိမ်ကို ထိုးဖောက်လျှက်ရှိသည့် တံစဉ်ကို ငုံ့ကြည့်လိုက်သည်။ သူမ၏ ညှင်သာသော အသံတွင် လှိုင်းထမှု အနည်းငယ်မျှပင် ရှိမနေခဲ့။

“ဒါပေမယ့် ကလေးရယ် … မင်းကသိပ်အတာပဲ …”

အမျိုးသမီး၏ သွယ်လျသော လက်ချောင်းများက အနာပေါ်မှ ဖြတ်ပြေးသွားကာ သူမဝတ်ရုံပေါ်ရှိ သွေးအားလုံးကို ဖယ်ရှားလိုက်သည်။ လူငယ်၏ မျက်ဝန်းအိမ်များက တင်းကျပ်သွား၏။

“ဘာ …”

မိခင်က ကြက်သွေးရောင် မျက်ဝန်းများဖြင့် သူမရှေ့ရှိ လူငယ်လေးကို ချစ်ခင်စွာ ကြည့်လိုက်သည်။ သူမက နာခံမှုမရှိသည့် ကလေးငယ်အား ဆုံးမနေသည့်နှယ် ချိုသာစွာဆိုလာ၏။

“တို့ပေးထားတဲ့ လက်ဆောင်နဲ့ တို့ကို သတ်လို့ရမယ်တဲ့လား …”

လူငယ်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွား၏။ သူက ချက်ချင်းပြန်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ သူ့အပေါ်ရှိ အနက်ရောင် တိမ်တိုက်များက သူ့သွေးကို အစိမ်းလိုက် သောက်ချင်နေသည့်နှယ် ဟိန်းဟောက်လာကြ၏။

“သူ့ကိုသတ်ခွင့်ပေးပါ …”

“မဟုတ်ဘူး … အမေ … ကျွန်တော်သတ်ပါရစေ…”

မိခင်က အေးဆေးစွာ ပြုံးလိုက်ရင်း ယဲ့ကျားနောက်သို့ လိုက်ရန်အတွက် အမိန့်ပေးရန် အသင့်ပြင်လိုက်သည်။ ရုတ်တရက် ယဲ့ကျားရှေ့တွင် အရပ်ရှည်ရှည် သဏ္ဍာန်တစ်ခု ပေါ်ပေါက်လာ၏။ မိခင်နှင့် တစ်ထပ်တည်း တူညီသည့် ကြက်သွေးရောင်မျက်ဝန်းများက ယဲ့ကျားအား ရက်စက်စွာ ငုံ့ကြည့်လျှက်ရှိသည်။

“ကျီရွှမ် ……..”

ယဲ့ကျားက ကြောင်ကြည့်နေရင်း ပျော်ရွှင်သည့် အမူအရာကလေး တစ်စွန်းတစ်စ ပေါ်ထွက်လာ၏။