အပိုင်း ၁၁၅
Viewers 10k

Chapter 115



“မင်း …”

သို့သော် သူ့စကားမဆုံးခင်မှာပင် သူ့ရင်ဘတ်အား တစ်ဖက်လူက ထိုးဖောက်သွားခဲ့သည်။ လူငယ်၏ မျက်ဝန်းများ ဝိုင်းစက်သွား၏။

“ … ”

သူက မယုံနိုင်ဟန်ဖြင့် ငုံ့ကြည့်လိုက်သည်။ အမျိုးသား၏ လက်ကောက်ဝတ်က သူ့ရင်ဘတ်ကို ထုတ်ချင်းဖောက်လျှက်ရှိ၏။ သူက သူမြင်နေရသည့်အရာကို လုံးဝမယုံနိုင်ချေ။

“ကောကော …”

ကျီရွှမ်က သူ့အား ပွေ့ဖက်လိုက်ရင်း သူ့လည်တိုင်၏ ဘေးဘက်ကို လျက်လိုက်သည်။ သူ့အပြုံးက ပို၍ နက်ရှိုင်းလာ၏။

“တခြားလူတွေကို လွယ်လွယ် မယုံခဲ့သင့်ဘူး …”

“အထူးသဖြင့် တစ်ကြိမ် သစ္စာဖောက်ဖူးတဲ့ လူတွေပေါ့ …”

လူငယ်က အမျိုးသား၏ ပုံရိပ်ကို မော့ကြည့်လိုက်မိသည်။ သွေးများ တစ်စက်စက် ယိုစီးကျနေသဖြင့် သူ့အသံက တုန်ယင်နေ၏။

“ကျီရွှမ် ……”

ကျီရွှမ်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။ ထို့နောက် တစ်ဖက်လူ၏ လည်တိုင်အား သတိပေးခြင်းမရှိ ကိုက်ချလိုက်၏။ သူ၏ သွားစွယ်ချွန်ချွန်များက ယဲ့ကျား၏ လည်တိုင်ကို ထိုးဖောက်လျှက်ရှိသည်။ ပူနွေးသော သွေးများက ကိုက်ရာမှ စီးကျလာ၏။ သူက သွေးစီးကြောင်းကို လျက်လိုက်ရင်း ချစ်ရသူအား တီးတိုးဆိုသည့်နှယ် နူးညံ့စွာ ပြောလာခဲ့သည်။

“ကောကော … အိမ်ကကြိုဆိုပါတယ် …”

နောက်တစ်စက္ကန့်တွင် သူက လက်ဖဝါးကို လှန်လိုက်သည်။ အသားလုံးလေးတစ်လုံးက သူ့လက်ထဲတွင် ရှိနေပြီး ယဲ့ကျား၏ ရင်ဘတ်အတွင်းသို့ ထည့်သွင်းခံလိုက်ရ၏။ ၎င်းမှာ ကျီရွှမ် နောက်ဆုံးတစ်ခေါက် တစ္ဆေများသောင်းကျန်းစဉ်က ရရှိခဲ့သော မိခင်၏ အစိတ်အပိုင်းသာ ဖြစ်သည်။

“အား … ”

လူငယ်၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူ၏ ပယင်းရောင် မျက်ဝန်းများက တဖြည်းဖြည်း နက်မှောင်လာသည်။ သူက ပြင်းထန်သော နာကျင်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ကြက်သွေးရောင် မျက်ဝန်းများက သူ့လည်ပင်းနှင့် တုန်ခါနေသော ခန္ဓာကိုယ်တစ်ယောက် လူးလာခေါက်တုံ့ ဖြတ်သန်းလျှက်ရှိ၏။ လူသားဆန်သည့် အသက်စွမ်းအင်များအားလုံး သူ့ခန္ဓာကိုယ်အတွင်းမှ စိမ့်ထွက်သွားကြသည်ကို ယဲ့ကျားခံစားနေရသည်။ လေထုထဲရှိယင်စွမ်းအင်များကို သူ့ခန္ဓာကိုယ်က ဝဲကတော့တစ််ခုနှယ် စုပ်ယူလျှက်ရှိ၏။ သူက လူသားအဖြစ်မှ အငြိုးကြီးတစ္ဆေအဖြစ် အသွင်ပြောင်းခံလိုက်ရလေပြီ။

ကျီရွှမ်က လူငယ်လေးရုန်းကန်နေရသည်ကို အသိအမှတ်ပြုသည့်အနေဖြင့် နောက်ပြန်ဆုတ်လိုက်သည်။ ရက်စက်ပြီး ကျေနပ်မှုများ ပြည့်နှက်နေသည့် အပြုံးတစ်ခုက သူ့နှုတ်ခမ်းထက် ပေါ်ပေါက်လာ၏။ သူ၏ ကြက်သွေးရောင်လျှာဖျားလေးဖြင့် အောက်နှုတ်ခမ်းအား ဖြည်းညှင်းစွာ လျက်လိုက်သည်။

မိခင်က မြင်ကွင်းအား စောင့်ကြည့်လျှက်ရှိ၏၊ သူမက အံ့ဩပုံမရချေ။ အချိန်အတော်ကြာသည့်နောက် လူငယ်လေးက နာကျင်ပုံမပေါ်တော့ချေ။

ယဲ့ကျားက ကြက်သွေးရောင် မျဉ်းကြောင်းများ ပြည့်နှက်နေသည့် ဖြူလျော်လျော်မျက်နှာကို ပင့်မော့လိုက်သည်။ သူ့မျက်တောင်များက တုန်ယင်နေပြီး ခဏအကြာတွင် မျက်လုံးပွင့်လာ၏။ ရက်စက်မှုနှင့် ရူးသွပ်မှုများက အနီရင့်ရောင်မျက်ဝန်းများ၌ စိမ့်ဝင်လျှက်ရှိပြီး သွေးနီရောင်လမင်းကဲ့သို့ လူများကို ကြောက်ရွံ့တုန်လှုပ်သွားစေမှာပင်။ ထိုမျက်ဝန်းများမှာ နတ်ဆိုး၏ မျက်ဝန်းများသာ ဖြစ်ချေသည်။

လေထုတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ မြို့အလွတ်ကြီးတွင် အသားအချင်းချင်း ပွတ်ချေသံသာ ကြားနေရသည်။ ယဲ့ကျား၏ နှုတ်ခမ်းများက ဖြည်းညှင်းစွာမြင့်တက်လာပြီး အပြုံးဖျော့ဖျော့ ထင်ဟပ်လာ၏။ သူ့အသံက ကြမ်းတမ်းအက်ရှနေကာ အရိုးထိအေးစက်သွားစေသည်။

“ … အမေ”

သူ့ဘေးတွင် ရပ်နေသည့် အမျိုးသားက ပြုံးလိုက်ရင်း မိခင်ဘက်ကိုလှည့်ကာ ကျော့ရှင်းရည်မွန်စွာ ဦးညွှတ်လိုက်သည်။

“ကျွန်တော့်ကို ပေးထားတဲ့တာဝန် ပြီးမြောက်ပါပြီ ...”

အေ့စ်ကို သတ်ပြီး ပြောင်းလဲပစ်ရန်။ ထိုတာဝန်က ရှင်းရှင်းလင်းလင်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ မိခင်က ကိုယ်ကိုကိုင်းကာ လူငယ်လေး၏ မျက်နှာကို ပင့်မလိုက်သည်။ သူမ၏ လက်ချောင်းများက သူမနည်းတူ အေးစက်နေသည့် အသားအရေရှိသော ကျိုးနွံနာခံနေသည့် လူငယ်၏ မျက်နှာပေါ် ဖြတ်သန်းသွား၏။ အချိန်အတော်ကြာသည့်နောက် သူမ နှုတ်ခမ်းထောင့်များ မြင့်တက်သွားကာ နူးညံ့ချစ်ခင်ဖွယ် အပြုံးကို လှစ်ဟပြလာသည်။

“လိမ္မာတဲ့ကလေးလေး ...”

…..

နံရံအပေါက်နားတွင် အားလုံးက စိတ်ပူနေပြီး တောင့်တင်းနေကြသည်။ သူတို့က အားချန်အနောက်တွင် ရှိနေကြပြီး သူ၏ လက်ကို ဆုပ်ကိုင်လျှက် မျက်လုံးမှိတ်ထားကြ၏။ သူတို့ ကယ်တင်ခံရမှန်းသိနေကြသော်လည်း ထိတ်လန့်မှု မပြယ်ကြသေးချေ။ လူတစ်ထောင်ကျော်အနက် တစ်ဝက်ကျော်အား ကယ်တင်နိုင်ခဲ့သဖြင့် ကယ်ဆယ်ရေး အောင်မြင်သည်ဟု ဆိုနိုင်၏။

မျက်စိလျှင်သော ဝန်ထမ်းတစ်ဦးက မနီးမဝေးရှိ ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။ သွယ်လျသော ကိုယ်ဟန်ရှိသည့် အမျိုးသားက လူစုထံ ချဉ်းကပ်လာ၏။ သူ့လက်ထဲရှိ တံစဉ်က အေးစက်စက် အလင်းများ ထုတ်လွှတ်နေပြီး သွေးရောင်လက်လျှက်ရှိသည်။ ‘ဟေး … အဲဒါအေ့စ်ပဲ …”

ဝန်ထမ်းတစ်ဦးက အံ့အားသင့်မှုဖြင့် ထအော်လိုကသည်။ လူငယ်၏ အကြည့်က ဝန်ထမ်းပေါ်သို့ ကျရောက်လာ၏။ သူ၏ ကြက်သွေးရောင် မျက်ဝန်းများက အေးစက်စွာ လက်ဖြာလျှက်ရှိသည်။ သူက နောက်တစ်စက္ကန့်တွင် အချိန်မရွေး သတ်ပစ်နိုင်သည့် ပုရွက်ဆိတ် တစ်ကောင်အား ကြည့်နေသကဲ့သို့ပင်။ ကြောက်မက်ဖွယ် ဖိနှိပ်မှုကြောင့် ဝန်ထမ်းသည် တုန်လှုပ်လာခဲ့ရသည်။ သူက နောက်သို့ အမြန်ဆုတ်လိုက်၏။ ယဲ့ကျားက အကြည့်ပြန်ရုတ်လိုက်သည်။

အသံကြားသူအားလုံးက ယဲ့ကျားကို တွေ့ချိန်၌ အံ့အားသင့်သွားကြ၏။ ဝေ့ရွှယ်ချူးက ချက်ချင်း ခုန်ပေါက်ပြေးလာကာ ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။

“အစ်ကိုယဲ့----”

နောက်တစ်စက္ကန့်တွင် အေးစက်စက် အလင်း ဖြတ်သန်းသွားကာ တံစဉ်က ကန့်လန့်ဖြတ် လွှဲယမ်းသွားခဲ့သည်။ မိန်းမပျိုက သူမရင်ဘတ်ရှိ သွေးများစီးကျနေသော ဒဏ်ရာအား မယုံနိုင်စွာ ငုံ့ကြည့်လိုက်၏။

“ကျစ် …”

လူငယ်က လျှာတောက်လိုက်ရင်း အမှုမထားဟန် ဆိုလိုက်သည်။

“နာသွားလား …”

ဘုတ်ခနဲ့ မြည်သံနှင့်အတူ မိန်းမပျိုလေး၏ သေးသွယ်သော ခန္ဓာကိုယ်သည် လဲကျသွားခဲ့ပြီး အကြိမ်ရေအနည်းငယ် လိမ့်သွားကာ မြေပြင်ရှိ အက်ကြောင်းများထဲသို့ ကျဆင်းသွားခဲ့သည်။ လူငယ်က ဆက်လက်လျှောက်လာ၏။ လေထုတစ်ခုလုံး ခဏမျှ တိတ်ကျသွားခဲ့သည်။

“အား …”

ဘလပ်စ် ၏ မျက်လုံးများက အနီရောင် ပြောင်းသွားခဲ့ပြီး မီးလုံးများကို ဖန်တီးလိုက်၏။ သူက ယဲ့ကျားထံသို့ ပစ်လွှတ်တော့မည့်အချိန်တွင် ချန်ချင်းယဲ့၏ တားဆီးခြင်း ခံလိုက်ရသည်။

“နေဦး … ” အားလုံးက အသက်ရှူရန်ပင် မေ့လျော့နေကြပြီး မြင်ကွင်းကို ကြည့်နေကြ၏။

ကြက်သွေးရောင် မျက်ဝန်းများနှင့် လူငယ်လေးသည် လူသားတို့၏ သွေးများစီးကျနေသော တံစဉ်ကို ကိုင်လျှက် ရက်စက်စွာ ပြုံးလိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ် … လူသားတို့ … ”

သူက အင်းဆက်များကို ကြည့်နေသကဲ့သို့ ကြောင်အနေသော လူများကို ကြည့်ကာ ဖြည်းညှင်းစွာ ဆိုလာ၏။

“ရွေးချယ်စရာ နှစ်ခုရှိတယ် … အငြိုးကြီးတစ္ဆေဖြစ်လာပြီး အစားခံမလား … အခုချက်ချင်း အစားခံမလား ...”

လူငယ်၏ နှုတ်ခမ်းထောင့်တွင် ကျီစားသည့်အပြုံးရှိနေ၏။ သူ့အသံက တိုးညှင်းကာ သွေးဆာနေသည်။

:“အညံ့ခံမလား … သေမလား … မင်းတို့သဘောပဲ ….”

သူက ဖြူဖျော့သော လက်ညှိုးကို ထောင်ကာ နှုတ်ခမ်းနားကပ်လိုက်သည်။

:“ငါမင်းတို့ကို စဉ်းစားဖို့ အချိန်တစ်လပေးမယ် … .” ယဲ့ကျားက ကြောက်လန့်နေသော လူအုပ်ကိုကြည့်ရင်း ရယ်သွမ်းသွေးလိုက်သည်။

“နှမြောစရာပဲ ဆိုပေမယ့် မင်းတို့ကို ဒီနေ့တော့ လွှတ်ပေးလိုက်ပါမယ် … ”

လူငယ်က ထိုသို့ပြောပြီးနောက် မီးခိုးအသွင်ပြောင်းကာ ပျောက်ဆုံသွား၏။ မြို့အပျက်အစီးများသာ ကျန်ရှိတော့သည်။

“မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး…..”

ဝူစူးက မယုံနိုင်ဟန်ဖြင့် ရေရွတ်နေမိသည်။

ချန်ချင်းယဲ့၏ ဆုပ်ကိုင်ထားမှုက လျော့ရဲသွားသဖြင့် ဘလပ်စ် က ဝေ့ရွှယ်ချူး လဲကျသွားသည့်နေရာသို့ သွားကြည့်လိုက်၏။ ထိုနေရာတွင် သူမ၏ အရိပ်ပင် ရှိမနေချေ။ အားလုံး တိတ်ဆိတ်သွားကြသည်။

“မဟုတ်ဘူး … ”

ဘလပ်စ်ကနေရာအနှံ့ရှာနေရင်း ဒေါသတကြီး အော်ဟစ်လိုက်၏။ ချန်ချင်းယဲ့၏ မျက်နှာက ဖြူလျော်သွားကာ လက်သီးတင်းတင်း ဆုပ်လိုက်မိသည်။ ယနေ့တွင် အင်အားအကောင်းဆုံး လူသားသည် ရန်သူအဖြစ် ပြောင်းလဲသွားခဲ့သည်။ တစ်လကြာပြီးနောက် မည်သည့်အရာများ ဖြစ်လာမည်နည်း။

ဆူလိုက်တာ … ဝေ့ရွှယ်ချူး မျက်မှောင်ကြုတ်လိုက်မိ၏။

ဘာလို့အဲ့လောက် ဆူနေတာလဲ …

သူမအနီးတစ်ဝိုက်တွင် မည်သည့်အရာကို ပြောနေမှန်းမသိသော အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ သူမနားထဲတွင် ဆူညံသော အသံများ အဆက်မပြတ် ဝင်ရောက်လာပြီး ခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ်ဖြစ်လာ၏။ သူမ မျက်လုံးများကို ခက်ခက်ခဲခဲ ဖွင့်လိုက်ရသည်။ အားလုံးက ကြက်သွေးရောင်တွေချည်း ဖြစ်၏။

ဘယ်နေရာလဲ …

ဝေ့ရွှယ်ချူးက သူမ၏ ရင်ဘတ်ကို ထိကြည့်လိုက်သည်။

ဝေ့ရွှယ်ချူး၏ အကြည့်က မယုံနိုင်ဖြစ်သွားခဲ့ပြီး သူမ ရင်ဘတ်ကို ထပ်ထိကြည့်လိုက်၏။

နေပါဦး … သူမသေသွားတာမဟုတ်ဘူးလား … ခုကျ နာတောင်မနာတော့ဘူး … ဘာဖြစ်သွားတာလဲ … .

ထိုစဉ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“…..မိခင်က ငါတို့ကိုယုံမယ်ထင်လား … ”

“ဖြစ်နိုင်ပါတယ် … ”

အမျိုးသားတစ်ဦး၏ အသံနိမ့်နိမ့်က ကျီစယ်ဟန်စွက်လျှက် ထွက်ပေါ်လာ၏။

“ကော သရုပ်ဆောင်တာ အရမ်းပီပြင်တာပဲ … ”

အခြားတစ်ဦးက နှာခေါင်းရှုံ့လိုက်သည်။

“မင်းလောက် မဟုတ်ပါဘူး ….”

ဘာကိုယုံတာလဲ … ဘာကို သရုပ်ဆောင်တာလဲ …ဝေ့ရွှယ်ချူးအကြည့်က ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။

“ဟမ့်…..” အရောင်ဖျော့ဖျော့ ဆံနွယ်များနှင့် အမျိုးသားက မျက်မှောင်ကြုတ်လိုက်ရင်း ခေါင်းကို အနည်းငယ်စောင်းကာ သူ့လည်ပင်းမှ ကိုက်ရာကိုထိလိုက်သည်။ ထို့နောက် နံဘေးရှိအမျိုးသားအား ပိတ်ကန်လိုက်၏။

“မင်းကခွေးလား … ”

ဝေ့ရွှယ်ချူး : “……..”

နေပါဦး … ဘာတွေဖြစ်နေတာလဲ …

လူနှစ်ယောက်လုံးက သူမအား သတိပြုမိသွားကာ ပြိုင်တူလှည့်ကြည့်လာကြသည်။ ကြက်သွေးရောင် မျက်ဝန်းနှစ်စုံကို တွေ့ချိန်၌ ဝေ့ရွှယ်ချူး တောင့်တင်းသွားခဲ့၏။ သူမက စတင်၍တုန်ယင်လာပြီး ရင်ဘတ်မှာလည်း နာကျင်စပြုလာသည်။ သူမက ခက်ခက်ခဲခဲဖြင့် စကားတစ်လုံး ပြောလိုက်၏။

“ရှင် …”

ယဲ့ကျား မတ်တပ်ထကာ လမ်းလျှောက်လာသည်။ သူ့နံဘေးရှိ အေးစက်စက်လေထုက အငြိုးကြီးတစ္ဆေများကဲ့သို့ ရှိနေပြီး ဖိနှိပ်ချုပ်ချယ်လိုမှုများဖြင့် ပြည့်နှက်လျှက်ရှိ၏။ သူမအရိုးထဲမှနေ၍ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာကာ ထွက်ပြေးချင်စိတ် ပေါက်လာစေသည်။ သို့သော် သူမက လက်ရှိတွင် အလွန်အားနည်းနေရာ ခန္ဓာကိုယ်တစ်ခုလုံး လေးလံနေပြီး မြေပေါ်သို့ ပြန်လဲကျသွားခဲ့၏။

သူမ မျက်ဝန်းအိမ်များက အနည်းငယ် ကျုံ့သွားခဲ့ပြီး တစ်ဖက်လူ ကိုယ်ကိုကိုင်းလာသည်ကို ကြည့်နေလိုက်သည်။ သူမနောက်ကျောတွင် ချွေးအေးများဖြင့် ရွှဲစိုနေ၏။ ယဲ့ကျားကမေးလိုက်သည်။

“နာနေတုန်းလား …”

ဝေ့ရွှယ်ချူးက သွားတင်းတင်းကြိတ်ရင်း တုန်ယင်နေမှုကို ထိန်းချုပ်လိုက်သည်။ သူမရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီးတစ်တုံး ဖိစီးထားသကဲ့သို့ လေးလံနေ၏။ ကျီရွှမ်က ယဲ့ကျားပုခုံးပေါ်သို့ လက်တင်လိုက်ရင်း တီးတိုးဆိုလာခဲ့သည်။

“ကောကော … ထပ်ပြီးမေ့ပြန်ပြီ …”
“အိုး … ဟုတ်သားပဲ ….”

ယဲ့ကျား မျက်လုံးများ ဝိုင်းစက်သွားခဲ့ပြီး တစ်စုံတစ်ခုအား သတိရသွားသကဲ့သို့ နောက်ပြန်ဆုတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ဝေ့ရွှယ်ချူးအပေါ် ဖိနှိပ်ထားသည့် ခံစားချက်ကြီး ပျောက်ကွယ်သွားကာ အသက်ရှူရပိုမိုလွယ်ကူလာ၏။ သူမက လေတစ်ဝရှူသွင်းလိုက်ကာ ပြန်လည်ရှင်သန်လာသည်ကို ခံစားလိုက်ရသည်။ ယဲ့ကျားက ကျီရွှမ်အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

“မင်းငါ့ကို စောစော သတိပေးတာမဟုတ်ဘူး …”

ကျီရွှမ် : “ … ကျွန်တော် သတိပေးချိန်တောင် မရလိုက်ဘူးလေ …”

ဘာမဟုတ်တာလေးကို ငြင်းခုံနေသည့် သူတို့နှစ်ဦးကိုကြည့်ရင်း ဝေ့ရွှယ်ချူး မျက်လုံးများ စိုစွတ်လာ၏။ သူမက နှာခေါင်းရှုံ့ကာ ရုတ်တရက်ငိုချလိုက်သည်။ ၎င်းမှာ သရုပ်ဆောင်မှု တစ်ခုသာဖြစ်ကြောင်း သေချာသွားပြီ ဖြစ်၏။

ဒီလူလိမ်ကောင်တွေ … ဝါး … သူမ အရမ်းကြောက်သွားခဲ့တာ …

ဂိမ်းအား ရှင်းလင်းခဲ့သည့် တစ်ဦးထဲသော လူသားသည် အငြိုးကြီးတစ္ဆေဖြစ်သွားခဲ့သည်။ ကြားရုံနှင့်ပင် ကြောက်စရာ ကောင်းလှ၏။ ယဲ့ကျားက ခေါင်းနောက်ကို ကုတ်ရင်း ဝေ့ရွှယ်ချူးအား အူတူတူ ပြုံးကြည့်လာသည်။

“ဆောရီးပါ … ငါက ခုမှ အငြိုးကြီးတစ္ဆေဖြစ်ခါစဆိုတော့ အသားမကျသေးပဲ ဖြစ်နေတာ …”

ဝေ့ရွှယ်ချူး “…”

သူမ ကြောင်အသွားကာ ထပ်မေးလိုက်၏။

“ခဏနေပါဦး … အငြိုးကြီးတစ္ဆေဖြစ်ခါစ တဲ့လား … ရှင်ဘာကို ဆိုလိုချင်တာလဲ …”

သူမတွေးနေသလိုတော့ မဟုတ်လောက်ပါဘူးနော် …

ယဲ့ကျားက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွှတ်ကာ ပြုံးလိုက်သည်။

“ဟုတ်တယ်လေ …”

သူက လက်ဆန့်လိုက်ရင်း ယင်စွမ်းအင်အချို့ကို စုစည်းလာစေ၏။ ကြောက်စရာကောင်းသည့် ခံစားချက်က ထပ်မံဝင်ရောက်လာသည်။ သူ့အနီးတစ်ဝိုက်ရှိ အပူချိန်က ကျဆင်းသွားကာ ရေခဲဂူတစ်လုံးနှယ် ဖြစ်ပေါ်လာ၏။ ဝေ့ရွှယ်ချူး မျက်လုံးများ တုန်လှုပ်သွားရသည်။

ဒါ … ဒါက အစစ်ကြီး … အဆင့်မြင့် အငြိုးကြီးတစ္ဆေ …

သို့သော် နောက်တစ်စက္ကန့်၌ တစ်ဖက်လူက လက်ကိုပြန်ရုတ်လိုက်ရင်း အေးစက်စက်ခံစားချက်အား ပျောက်ကွယ်စေလိုက်သည်။ ဝေ့ရွှယ်ချူး၏ စိတ်က ဗလာဖြစ်သွား၏။ သူမက ကျီရွှမ်နှင့်ယဲ့ကျားကို ကြည့်ရင်း မေးလိုက်သည်။

“ဒါပေမယ့် ရှင် … ခဏလေး … ဘာတွေဖြစ်နေတာလဲ …”

ယဲ့ကျားက သူမရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်ရင်း သက်ပြင်းချလိုက်သည်။

“ငါတို့ မိခင်ကို အရူးလုပ်ဖို့က ပုံရိပ်ယောင် သက်သက်နဲ့ မလုံလောက်ဘူးလေ …”

သူနှင့် ကျီရွှမ်က မြို့တော်မှ အတူတကွ ပြန်လာခဲ့ကြသည်။ M မြို့တော်သို့ မရောက်ခင်ကတည်းက ဖြာထွက်လာသည့် စွမ်းအင်များကို ခံစားမိကြ၏။ ထိုအခိုက်အတန့်မှာပင် တံခါးပွင့်သွားပြီ ဖြစ်ကြောင်း ယဲ့ကျား သတိပြုမိသွားသည်။ သင်္ဘောက ထွက်ခွာသွားပြီ ဖြစ်ရာ ရပ်တန့်ရန် မဖြစ်နိုင်တောချေ။

ယဲ့ကျားက စွန့်ပစ်နယ်မြေတစ်ခုတွင် ရပ်ရင်း သွေးနံ့များလှိုင်လှိုင်ထနေသည့် ယင်စွမ်းအင်များနှင့် ပြည့်နှက်နေသည့် မလှမ်းမကမ်းမှ မြို့ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများတွင် ကြက်သွေးရောင် ကောင်းကင်၏ ပုံရိပ်ထင်နေ၏။

“ … သူမ ရောက်နေပြီ”

ကျီရွှမ်က ရှေ့သို့တိုးလာကာ ယဲ့ကျားဘေးတွင် မတ်တပ်ရပ်လိုက်သည်။ သူသည်လည်း မြို့ကိုကြည့်နေ၏။ သူအသံက တည်ငြိမ်နေပြီး စိတ်ခံစားချက်တစ်ခုပင် မပါရှိချေ။ သူက ယဲ့ကျားကို လှည့်ကြည့်လိုက်သည်။ ကျီရွှမ်၏ အကြည့်ကို ယဲ့ကျားနားလည်လိုက်၏။ တစ်ဖက်လူက ဘာဆက်လုပ်မလဲ ဟု မေးနေခြင်းဖြစ်သည်။

ယဲ့ကျား၏ လက်ချောင်းများက လက်သီးဆုပ်တစ်ခု ဖြစ်လာသည်။ သူ့အိမ်မက်များထဲမှ အော်သံများ၊ ငိုကြွေးသံများနှင့် အကူအညီတောင်းသံများကို ပြန်လည်ကြားယောင်လာ၏။ ယဲ့ကျားက အံကြိတ်ကာ ဆိုလာသည်။

“သူထွက်လာပြီဆိုတော့ ငါသူ့ကို ပြန်သွားအောင် လုပ်ရမှာပေါ့ …”

ကျီရွှမ်: “ကျရှုံးနိုင်ချေ များရင်တောင်လား …”

ယဲ့ကျား အသက်ရှူသံမြန်လာသော်လည်း သူ့အသံက စိတ်ပိုင်းဖြတ်ထားပုံရသည်။

“… ဟုတ်တယ် “

အားလုံး၏ နာကျင်မှုများ၊ သေဆုံးခြင်းများ၊ ရုန်းကန်ရခြင်းများနှင့်၊ မျက်ရည်များသည် ဤမကောင်းဆိုးဝါးကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းပင်။

“ကောင်းပြီလေ …”

ယဲ့ကျား အနည်းငယ်အံ့ဩသွားသည်။ သူက နံဘေးတွင် ရပ်နေသူအား လှည့်ကြည့်လိုက်၏။

“မင်းငါ့ကို မတားဘူးလား …”

ကျီရွှမ် ပြုံးလိုက်ရင်း “မတားပါဘူး …”

“ကျွန်တော် အရင်က ပြောခဲ့တယ်လေ … အငြိုးကြီးတစ္ဆေဆိုတာက ဆန္ဒနဲ့စွဲလမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သတ္တဝါတွေလို့ …”

ကြက်သွေးရောင် မျက်ဝန်းများနှင့် အမျိုးသားက မျက်ဝန်းများကို ကျဉ်းမြောင်းကာ ပြုံးလိုက်သည်။

“ကိုယ်ပိုင်ဆန္ဒတွေနဲ့အတူ မြှုပ်နှံခံရတာက အငြိုးကြီးတစ္ဆေအားလုံးရဲ့ အိပ်မက်ပဲ …”

ယဲ့ကျား ကြောင်အသွားသည်။ တစ်ဖက်လူ၏ ကြက်သွေးရောင် မျက်ဝန်းများ၌ သူ့ကိုယ်သူ ပြန်မြင်နေရ၏။ သူက ရုတ်တရက် မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်သွားခဲ့သည်။ ထို့နောက် သူ့ပတ်ဝန်းကျင်တစ်ဝိုက်က မှောင်လာကြောင်း သတိပြုမိလိုက်၏။ ယဲ့ကျား ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ အငြိုးကြီးတစ္ဆေများသည် အနက်ရောင် တိမ်တိုက်များအဖြစ် နေရာအနှံ့အပြားမှ စုစည်းလာကြပြီး ကောင်းကင်ကို ဖုံးအုပ်လိုက်ကြသည်။ မရေမတွက်နိုင်သည့် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသည့် မျက်နှာများက အနက်ရောင်တိမ်တိုက်များအတွင်း ရွေ့လျားနေကြသည်။ သူတို့၏ မျက်လုံးများက ရက်စက်မှုများနှင့် ပြည့်နှက်နေ၏။ သူတို့က မိခင်၏ ခေါ်ဆိုမှုကြောင့် M မြို့တော်သို့ တပျော်တပါး လာရောက်ခဲ့ကြခြင်းပင်။

ယဲ့ကျားက တစ်စုံတစ်ခုအား တွေးနေပုံရ၏။ ခဏကြောင်အနေပြီးနောက် ကျီရွှမ်ကိုကြည့်ကာ ပြုံးလိုက်သည်။

“ဆန္ဒနဲ့ စွဲလမ်းမှု … ဟုတ်လား …”

သူ၏ ပယင်းရောင်မျက်ဝန်းများမှာ ဒေါသစိတ်ကို ဖိနှိပ်ထားသည်မှလွဲ၍ ပကတိ ကြည်လင်လျှက်ရှိသည်။ ဂိမ်းများကဲ့သို့ပင် မည်မျှ ခက်ခဲသည့် အခြေအနေ၌ ကျရောက်နေပါစေ၊ မည်မျှ အင်အားကြီးသည့် အငြိုးကြီးတစ္ဆေနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ သူက စိတ်ကိုတည်ငြိမ်အောင်ထိန်းကာ အသက်ရှင်ရန် လမ်းရှာတွေ့စမြဲ ဖြစ်သည်။

ယဲ့ကျားက ဖြည်းညှင်းစွာပြောလာ၏။

“တည်ရှိမှုကပိုပြီး သန်မာလေလေ၊ သူတို့ကိုယ်ပိုင်ဆန္ဒတွေနဲ့ ပိုပြီးအကျဉ်းကျလေပဲ …”

သူက အနက်ရောင်တိမ်တိုက်များနှင့် ပြည့်နှက်နေသည့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“ဒီလိုဆို မိခင်ရဲ့ဆန္ဒက ဘာများလဲ …”

ကျီရွှမ် “ကော တစ်ခုခုတွေးမိလို့လား …”

ယဲ့ကျားက ခဏတွေဝေနေခဲ့ပြီး ကျီရွှမ်အား လှည့်ကြည့်လိုက်သည်။ သူ၏ ပယင်းရောင် မျက်ဝန်းများက မြူထူသည့် ကောင်းကင်တစ်ခုနှယ် ရှိနေပြီး တည်ငြိမ်နေ၏။

“ကျီရွှမ် … အခု မင်းရဲ့ မစ်ရှင်ကို အဆုံးသတ်လို့ရပြီ …”

…..

“ … အတိုချုံးပြောရရင် ဒါက အဲဒီ့လိုဖြစ်ခဲ့တာပဲ”

ယဲ့ကျားက ယခုထိ ကြောင်အနေသည့် ဝေ့ရွှယ်ချူးကို ပုခုံးတွန့်ပြလိုက်သည်။

“အခု မိခင်က အသာစီးရနေတာလေ … သူမက သန်မာရုံတင်မကဘူး … သောင်းနဲ့ချီတဲ့ အငြိုးကြီးတစ္ဆေတွေလည်း ရှိနေသေးတယ် … လူသားတွေက သူမနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး … ဒါ့ကြောင့် ငါက ဒီပြဿနာကို တခြားရှုထောင့်ကနေ ချဉ်းကပ်ဖို့ ဆုံးဖြတ်ခဲ့တာ …”

“တစ္ဆေအနေနဲ့ သူတို့အထဲကို ဖောက်ဝင်မလို့လား …”

ဝေ့ရွှယ်ချူးက တံတွေးမြိုချကာ ခက်ခက်ခဲခဲ မေးလိုက်ရသည်။

ယဲ့ကျား “Bingo …”

ဝေ့ရွှယ်ချူး “ …”

ရုတ်တရက် သူမ သူ့ကိုရိုက်ချင်လာသည်။ ယဲ့ကျားက သက်ပြင်းချလိုက်၏။

“ဒါပေမယ့် အားလုံးက ရုတ်တရက်ဖြစ်သွားတော့ ငါတို့ ဘာမှ စမ်းသပ်ချိန်မရလိုက်ဘူး …ဒါ့ကြောင့် အလောင်းအစားလုပ်လိုက်ရတာ …”

ဝေ့ရွှယ်ချူး “ဘာကို စမ်းသပ်မှာလဲ …”

ယဲ့ကျား : “ လူတစ်ယောက်က အငြိုးကြီးတစ္ဆေဖြစ်သွားရင် အသိစိတ်ကို ထိန်းထားနိုင်စွမ်းရှိမရှိပေါ့ …”

ဝေ့ရွှယ်ချူး : “ဒီတော့ ကျရှုံးသွားရင်ရော …..”

ယဲ့ကျားပုခုံးတွန့်လိုက်သည်။ “အဲဒီ့လိုသာဆို စောစောက ကိစ္စတွေက ဟန်ဆောင်မှုသက်သက် မဟုတ်လောက်တော့ဘူး … ”

ဝေ့ရွှယ်ချူး : “…….”
သူမက အကြိမ်ရေအနည်းငယ် အသက်ပြင်းပြင်းရှူလိုက်သော်လည်း ရင်တွင်းမှ ဒေါသအား မထိန်းနိုင်ဖြစ်နေဆဲပင််။ သူမက လက်မြှောက်လိုက်ရင်း သူမရှေ့ရှိလူ၏ ခေါင်းကို ထုလိုက်သည်။

“လူတွေကို စိုးရိမ်အောင်လုပ်တာ ရပ်တန်းက ရပ်စမ်းပါ … ” ဝေ့ရွှယ်ချူး ထအော်လိုက်သည်။

“အကြံကကျရှုံးသွားရင် ဘာဆက်လုပ်မယ်တွေးထားလဲ … ”