Chapter 116
“အကြံကကျရှုံးသွားရင် ဘာဆက်လုပ်မယ်တွေးထားလဲ … ”
ယဲ့ကျားက သူ့ခေါင်းကို ကာလိုက်ရင်း တစ်ဖက်လူ မထိနိုင်သည့် အကွာအဝေးသို့ တိတ်တဆိတ် ခြေတစ်လှမ်းဆုတ်လိုက်သည်။
“ပြီးတော့ မိခင်က အဲဒီ့လိုဖြစ်နေမယ်လို့ ရှင်ဘာလို့ သေချာနေရတာလဲ … အငြိုးကြီးတစ္ဆေအားလုံးက ပုံစံတူကြတာ မဟုတ်ဘူးလေ … ”
ယဲ့ကျား အသက်ပြင်းပြင်းရှိုက်လိုက်သည်။ “တကယ်တော့ …..”
သူက ထိုအချက်အား ယခင်နေ့က သူတို့ကို တိုက်ခိုက်ခဲ့သည့် အငြိုးကြီးတစ္ဆေ Vision နှင့် ဒါရိုက်တာထံမှ သိရသည့် အချက်အလက်ကို မူတည်ကာ ကောက်ချက်ချထားခြင်းဖြစ်သည်။ ဝေ့ရွှယ်ချူး ထိတ်လန့်သွားကာ သူမလက်များကို ငုံ့ကြည့်လိုက်၏။
“မဟုတ်မှလွဲရော …..”
ယဲ့ကျား ခေါင်းညှိတ်ကာ သက်ပြင်းချလိုက်သည်။
“ဟုတ်တယ် … ခေါင်းစဉ်ရတဲ့ ကစားသူအားလုံး မိခင်ဆီက လက်ဆောင်ရကြတယ် … ”
အမှတ်စဉ်ဇယား ထိပ်ဆုံးရှိ ကစားသူအားလုံးသည် ကိုယ်ပိုင်စွမ်းရည်များ ရှိကြသည်။ လူမဆန်သည့် အင်အားများရှိသည်ဖြစ်စေ၊ အင်းဆက်များကို ထိန်းချုပ်နိုင်သည်ဖြစ်စေ၊ မီးကိုထိန်းချုပ်နိုင်သည်ဖြစ်စေ၊ အားလုံးက မိခင်ထံမှ လက်ဆောင်များသာ ဖြစ်၏။ သူတို့အားလုံးသည် မိခင်က ရွေးချယ်ထားသည့် ပါရမီရှင်များ ဖြစ်ကြသည်။ ပြောင်းလဲသည့် အရည်အသွေးသာ ကွာဟကြခြင်းဖြစ်၏။ ယဲ့ကျားက ခေါင်းငုံ့ကာ သက်ပြင်းချလိုက်သည်။
“ငါ့အစွမ်းက စားသောက်ခြင်းလေ … တံစဉ်က ငါ့ရဲ့သွားပဲ …”
သူက လူသားနှင့်တစ္ဆေနယ်နိမိတ်တွင် ရပ်နေခဲ့ခြင်းဖြစ်ပြီး တွန်းအားအနည်းငယ်သာ လိုအပ်သူဖြစ်သည်။.
“ဒါပေမယ့် မိခင်က တိုက်ရိုက်ဆက်ခံသူတွေကို ပိုပြီးဦးစားပေးလေ့ရှိတယ် … ”
ကျီရွှမ်၏ စကားကြောင့် ဝေ့ရွှယ်ချူး အံ့အားသင့်သွားသည်။
“ရှင်ဆိုလိုတာက … ”
“သာမန် ကစားသူတွေအတွက်တော့ မိခင်ရဲ့ ခန္ဓာကိုယ်အပိုင်းနဲ့တင် လုံလောက်တယ် ...” ကျီရွှမ်က ဖြည်းညှင်းစွာဆိုလာ၏။
“ဒါပေမယ့် တိုက်ရိုက်ဆက်ခံသူတွေကတော့ မိခင်ရဲ့ ပင်မအစိတ်အပိုင်းကို လိုအပ်တယ် … ”
ယဲ့ကျားမျက်လုံးများက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူက အစကတည်းက တိုက်ရိုက်ဆက်ခံသူအဖြစ် ရွေးချယ်ခံထားရခြင်းပင်။ ၎င်းက သူ၏ အလားအလာကြောင့် ဖြစ်နိုင်သလို သူ၏ သွေးဆက်ကြောင့်လည်း ဖြစ်နိုင်၏။ သို့သော် မည်သို့ဖြစ်စေ၊ ၎င်းက သူတို့အတွက် အကျိုးရှိလေသည်။ သာမန် ကစားသူများသည် အလွန်ဆုံးမှ Vision ကဲ့သို့ အမိန့်နာခံတတ်သည့် စစ်သားတစ်ဦးသာ ဖြစ်လာနိုင်သည်။ အငြိုးကြီးတစ္ဆေဖြစ်သွားပါက သာမန်ကစားသူများ၏ ကိုယ်ပိုင်အသိစိတ်မှာ မိခင်၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ခြင်း ရှိမည်မဟုတ်ချေ။
မိခင်၏ ပင်မအစိတ်အပိုင်းမှ စွမ်းအားသည် အလွန်အားကောင်းပြီး သန့်စင်သည့်အလျောက် လူသားဝိဉာဉ်အား ထိန်းသိမ်းထားနိုင်စွမ်း ရှိပြီး လူသားမဟုတ်သည့် တစ်စုံတစ်ရာအဖြစ် အထိအခိုက်မရှိပြောင်းလဲပစ်နိုင်သည်။ အောင်မြင်စွာ ပြောင်းလဲပြီးသည့်နောက် သူတို့သည် ကိုယ်ပိုင်အသိစိတ်ရှိသော အငြိုးကြီးတစ္ဆေသာ ဖြစ်လာပေလိမ့်မည်။
သို့သော် ဖြစ်စဉ်တစ်ခုလုံးသည် မရိုးရှင်းသည့် အလျောက် ယဲ့ကျားက ယင်စွမ်းအင်အား စုပ်ယူရန် လိုအပ်ခဲ့ခြင်းဖြစ်သည်။ သို့မှသာ အရာအားလုံးက ချောချောမွေ့မွေ့ ပြီးဆုံးသွားပေလိမ့်မည်။ ဝေ့ရွှယ်ချူး မျက်မှောင်ကြုတ်လိုက်၏။
“ဒီတော့ ရှင်က အငြိုးကြီးတစ္ဆေမဟုတ်ဘူးလား …”
“ဟုတ်တယ် …” ယဲ့ကျားခေါင်းညှိတ်လိုက်သည်။ “
ကျားကို ဖမ်းချင်ရင်တော့ ကျားဂူထဲဝင်ရမှာပဲ …”
“ စတေးမှုမရှိပဲနဲ့ မိခင်ကို အရူးလုပ်လို့ဘယ်ရမလဲ …”
ယဲ့ကျားက ရုတ်တရက် တစ်စုံတစ်ရာအား သတိရသွားပုံပေါ်၏။
“ပြောကာမှ မင်းဒီမှာ နည်းနည်းကြာကြာနေရလိမ့်မယ် …”
ဝေ့ရွှယ်ချူး : “ဒါပေမယ့် …”
“မရဘူး …” ယဲ့ကျားက တိုက်ရိုက်ငြင်းလိုက်သည်။
“လူတွေက မင်းကိုသေပြီထင်ပြီး ငါ့ကို ရန်သူတစ်ယောက် အနေနဲ့ ယူဆထားကြမှာ … ဒီနည်းလမ်းတစ်ခုထဲကပဲ ငါဟန်ဆောင်နေတာ မဟုတ်မှန်း မိခင်ကို ယုံကြည်အောင် လုပ်နိုင်လိမ့်မယ် …”
ဝေ့ရွှယ်ချူး စိတ်တည်ငြိမ်သွားကာ ခေါင်းညှိတ်လိုက်သည်။
“ကျွန်မ နားလည်ပါပြီ …”
အဆုံးသတ်တွင် ရန်သူကို လှည့်စားနိုင်ရန်အတွက် မိမိလူများကို အရင်လှည့်စား ရမည်ဖြစ်သည်။ သူမက အကူအညီမဲ့စွာ သက်ပြင်းချလိုက်၏။
“ရှင်ကတကယ့်ကို လူတွေကို ညာရတာ ကြိုက်တာပဲ …”
ယဲ့ကျား “… မဟုတ်ပါဘူး”
ကျီရွှမ် “တကယ်တော့ ….”
ယဲ့ကျား လှည့်ကြည့်လိုက်သည်။ “မင်းတိတ်တိတ်နေ …”
ကျီရွှမ်နာခံစွာ ပါးစပ်ပိတ်လိုက်သည်။
“ဟားဟားဟားဟား … ” ဝေ့ရွှယ်ချူး ရယ်မောလိုက်၏။
“ဒီလိုဆိုမှတော့ ကျွန်မတကယ့်ကို ပျင်းနေတော့မှာပဲ …”
ဗြူရိုရှိလူများ ထပ်မံအရူးလုပ်ခံရလေပြီ။ ထိုသို့တွေးလိုက်ချိန်တွင် ဝေ့ရွှယ်ချူး ပီတိတဖွားဖွားဖြစ်လာ၏။ သူမက အမှန်တရားကို သိရှိသည့် တစ်ဦးထဲသောသူ ဖြစ်ရခြင်းသည် ဤမျှခံစား၍ကောင်းမည်ဟု မမျှော်လင့်ခဲ့ချေ။
“ပြောကာမှ …” ဝေ့ရွှယ်ချူးက ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားကာ ဘေးဘီဝေ့ဝဲကြည့်ရင်း မေးလိုက်သည်။
“ကျွန်မ ဘယ်ရောက်နေတာလဲ …”
ဝေ့ရွှယ်ချူးက နေရာအနှံ့ ဂရုတစိုက် စူးစမ်းလိုက်၏။ အခန်းတစ်ခုလုံးတွင် ထူးထူးဆန်းဆန်း အရုပ်များ ပြည့်နှက်နေသည့် စင်များရှိနေသည်။
“ဟိုင်း …”
ပျင်းရိပျင်းတွဲ ကလေးသံတစ်သံက သူမ နောက်မှ ထွက်ပေါ်လာသည်။
“ဝါး …”
ဝေ့ရွှယ်ချူး ထခုန်မိတော့မတတ် ထိတ်လန့်သွား၏။ သူမ လှည့်ကြည့်လိုက်သော်လည်း စာအုပ်များ စီစီရီရီ ထပ်ထားသည်ကိုသာ တွေ့လိုက်ရသည်။ စာအုပ်များသည် ရဲတိုက်တစ်ခုကဲ့သို့ တစ်အုပ်နှင့်တစ်အုပ် ထပ်လျှက်ရှိ၏။
ကလေးတစ်ဦးက လက်တစ်ဝါးသာသာ အရိုးစုရုပ်တစ်ခုကို ကိုင်၍ စာအုပ်ပုံရှေ့တွင် တင်ပျဉ်ခွေချိတ်ကာ ထိုင်နေသည်။ သူက ၇ နှစ် ၈ နှစ်အရွယ်သာ ရှိသေး၏။ ကလေးလား … မဟုတ်မှလွဲရော … ဝေ့ရွှယ်ချူးက ယဲ့ကျားကို အထိတ်တလန့် ကြည့်လိုက်သည်။
“ဒါရှင့်ရဲ့ တိတ်တိတ်ပုန်း …”
“ဟေး … အမျိုးသမီး … မျက်လုံးကို သေချာဖွင့်ပြီး ကြည့်စမ်းပါ …”
ကလေးက စိတ်ဆိုးဆိုးဖြင့် အော်လိုက်သည်။
“ဒီဦးလေးက ဘယ်သူလဲဆိုတာ သေချာကြည့် …”
ယဲ့ကျားက လက်သီးဆုပ်ဖြင့်ကွယ်လျှက် ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။
“အဟမ်း … ဒါက ရုပ်သေးသခင် …”
“ရုပ်သေးသခင်လား …” ဝေ့ရွှယ်ချူး၏ မျက်လုံးများ ဝိုင်းစက်သွား၏။
“ S အဆင့် အငြိုးကြီးတစ္ဆေလား …”
ရုပ်သေးသခင်က ရင်ကော့ကာ ပြန်ဖြေလိုက်သည်။ “ဟုတ်တယ် … ငါပဲ …”
“ဒီကလေးလေး ကလေ …”
“…”
ဝေ့ရွှယ်ချူးက တစ်ဖက်လူကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
“ဟုတ်လို့လား …”
ရုပ်သေးသခင် “…”
သူက ဒေါသတကြီး ခုန်ပေါက်လာသည်။ “ငါမင်းကို သတ်မယ် …”
ယဲ့ကျားက အမူအရာမဲ့စွာဖြင့် စင်ပေါ်မှ အရုပ်တစ်ရုပ်ကိုယူကာ လွှင့်ပစ်လိုက်သည်။ ရုပ်သေးသခင် ထိတ်လန့်သွားသည်။ သူက ချက်ချင်းခုန်လိုက်ပြီး အရုပ်မြေပေါ်မကျခင် ဖမ်းလိုက်၏။ ထို့နောက် ယဲ့ကျားကို မကျေမနပ်ကြည့်လိုက်သည်။
“မင်းပြောတော့ ဒီလိုမျိုးမလုပ်ဘူးဆို …”
ယဲ့ကျား ပြုံးလိုက်သည်။ “ကလေးတွေက လိမ်လိမ်မာမာ နေသင့်တယ် …”
ရုပ်သေးသခင် “မင်း …”
ယဲ့ကျားက နောက်ထပ်တစ်ရုပ် ဆွဲယူနေသဖြင့် ရုပ်သေးသခင်သည် ပါးစပ်ပိတ်သွားပြီး နှုတ်ခမ်းစူလျှက် နေရာတွင် ပြန်ထိုင်လိုက်သည်။ ယဲ့ကျားက ကျေနပ်စွာ ကြည့်လိုက်ရင်း လက်ပြန်ရုတ်လိုက်၏။ သူက နှုတ်ခမ်းစူကာ ထိုင်နေသည့် ရုပ်သေးသခင်ကို ကြည့်ရင်း ဝေ့ရွှယ်ချူးနှင့် မိတ်ဆက်ပေးလိုက်သည်။
“ဒါက ငါတို့ရဲ့ မျက်မြင်သက်သေပဲ … သူဒီကနေထွက်သွားရင် မိခင်သတ်တာခံရလိမ့်မယ် … အဲဒါကြောင့် သူ့ကို ဒီမှာထားထားတာ …”
ဝေ့ရွှယ်ချူးက တွေးတွေးဆဆဖြင့် ခေါင်းညှိတ်လိုက်သည်။
“အိုး … ကျွန်မနားလည်ပြီ …”
သူမက ခေါင်းလှည့်ကာ ရုပ်သေးသခင်အား တောက်ပစွာ ပြုံးပြလိုက်သည်။
“ဟိုင်း … အခန်းဖော်လေး …”
ရုပ်သေးသခင်က သူမအား မှုန်ကုပ်ကုပ် စိုက်ကြည့်လိုက်၏။
“ … ကျစ်”
ဝေ့ရွှယ်ချူး အခြေကျသွားသည့်အခါ ယဲ့ကျားနှင့် ကျီရွှမ်က တစ္ဆေပိုင်နက်မှ ထွက်ခွာလာခဲ့ကြသည်။ သူတို့က လူသားများကို ခြိမ်းခြောက်ပြီးသည်နှင့် M မြို့တော်သို့ ပြန်သွားကာ မိခင်ထံမှ အမိန့်ကို စောင့်ဆိုင်းရမည် ဖြစ်သည်။ လက်ရှိတွင် M မြို့တော်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။
တံခါးဟု ထင်ရသည့်နေရာနားတွင် သွေးတစိုစို ဖြစ်နေသည့် အသားတုံးများ ကပ်ငြိနေပြီး နေရောင်အောက်တွင် တွန့်လိမ်လျှက်ရှိသည်။ အဆောက်အဦးများ ပြိုကျနေကာ လမ်းထဲတွင်လည်း မည်သူမှ ရှိမနေချေ။ ဤနေရာတစ်ခုလုံးက တစ္ဆေများ၏ သိမ်းပိုက်ခြင်း ခံလိုက်ရပြီဖြစ်ပြီး တစ္ဆေမြို့တော် ဖြစ်နေ၏။ ကျီရွှမ် ဝယ်ယူခဲ့သည့် နေရာသည် မိခင်၏ ခန္ဓာကိုယ်သက်ရောက်နိုင်ခြင်း မရှိချေ။ သူက တံခါးပေါ်လာမည့် နေရာနှင့် နီးစပ်သော နေရာတိုင်းကို ရှောင်ရှားခဲ့၏။
ယဲ့ကျားက သွေးနီရောင် ကောင်းကင်ကို မော့ကြည့်ရင်း အကြည့်များ နက်မှောင်သွားခဲ့သည်။ မိခင်တွင် အခွံရသွားပြီ ဖြစ်သော်လည်း မြေပေါ်ရှိအသားစများက တွန့်လိမ်နေလျှက် ရှိသေးသည်။ ကံကောင်းစွာဖြင့် မိခင်၏ အသိစိတ်သည် သူမ၏ ပွားများလာသည့် အသားစများ၌ ကပ်ငြိမနေခဲ့ချေ။ ထိုသို့မဟုတ်ပါက မြို့တစ်မြို့လုံး လုံခြုံသည့်နေရာပင် ရှိတော့မည်မဟုတ်။ တစ်လကြာ အချိန်ကမူ … သူမ အဘယ့်ကြောင့် လူသားများအား တစ်လ အချိန်ပေးခဲ့မှန်း မည်သို့မှ စဉ်းစားမရပဲ ဖြစ်နေ၏။
မိခင်၏ လက်ရှိ ခွန်အားအရ လူသားမျိုးနွယ်အား အလွယ်တကူ ဖျက်ဆီးပစ်နိုင်၏။ အဘယ့်ကြောင့် တစ်လအချိန်ပေးရန် လိုအပ်မည်နည်း။ သို့မဟုတ် သူမ၏ မြို့အနှံ့ ပြန့်ပွားနေသော အသားစများကြောင့်လော။ မိခင်သည် ကမ္ဘာအစစ်အား အပြည့်အဝ မရောက်သေးခြင်းပေလော။ သူမ တစ်ခုခု ပျောက်ဆုံးနေတာများလား …
ရုတ်တရက် ကျီရွှမ်၏ အသံထွက်ပေါ်လာသည်။
“မိခင် M မြို့က ထွက်သွားပြီ …”
ယဲ့ကျား အံ့အားသင့်သွား၏။
“ဘာ …. သူ ဘယ်ကိုသွားတာလဲ …”
ကျီရွှမ် ခေါင်းယမ်းလိုက်သည်။ “မသိဘူး …”
“ ဒါပေမယ့် သတင်းကောင်းပြောရရင် M မြို့က သူမ စောင့်ကြည့်မှုအောက်မှာ မရှိတော့ဘူး …”
သူက ကြက်သွေးရောင် မျက်ဝန်းများကို မျက်လွှာချလိုက်ရင်း လူငယ်လေးထံသို့ ခြေတစ်လှမ်းတိုးလိုက်သည်။
“ကျွန်တော် ကောရဲ့ ဒဏ်ရာကို စစ်ဆေးပါရစေ …”
ထိုအသားလုံးအား အမှားအယွင်းမရှိ ထည့်သွင်းနိုင်ရန် အခွင့်အရေးတစ်ခုသာ ရှိသည်။ သူတို့က သေးငယ်သော ဖြစ်နိုင်ချေကို ကြိုးစားခဲ့ကြခြင်း ဖြစ်၏။ ကံကောင်းစွာဖြင့် သူတို့ အနိုင်ရခဲ့သည်။ သို့သော် အနာဂတ်တွင် မည်သည့်အရာမှ ဖြစ်မလာဟု ပြော၍မရချေ။ ယဲ့ကျားက အသွင်ပြောင်းမသွားချင်လျှင် သူ့အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်ရန်လိုအပ်သည်။ သူက ခေါင်းညှိတ်လိုက်၏။
“ကောင်းပြီလေ …”
ကျီရွှမ်၏ လက်များ သူ့ခါးပေါ်သို့ ကျရောက်လာချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ သူခံစားလိုက်ရ၏။
“ … ခဏ …”
အမျိုးသား၏ အေးစက်သွယ်လျသော လက်ချောင်းများက လူငယ်လေး၏ ချောမွေ့သော ခါးပေါ်သို့ ကျရောက်လာကာ ရှပ်အင်္ကျီကို ပင့်မလိုက်သည်။ ကျီရွှမ်က ခဏရပ်လိုက်ရင်း သူ့ကိုကြည့်လာ၏။
“ကိုယ့်ဟာကိုယ် လုပ်ချင်လို့လား …”
ယဲ့ကျား “…” ထိုစကားများက သူ့အား အနည်းငယ် စိတ်မသက်မသာ ဖြစ်စေ၏။
“ … မေ့လိုက်တော့ … မြန်မြန်လုပ်”
ကျီရွှမ်၏ နှုတ်ခမ်းထောင့်များက မသိမသာ မြင့်တက်သွားခဲ့ပြီး လူငယ်လေး၏ နံရိုးပေါ်သို့ ရှပ်အင်္ကျီကို ပင့်တင်လိုက်သည်။ လူငယ်လေး၏ အသားအရည်က အေးစက်ကာ ဖြူဖျော့နေ၏။ ပြတင်းပေါက်ရှိ သွေးနီရောင် အလင်းအောက်ဝယ် တောက်ပနေသည့် ကြွေထည်ပစ္စည်းနှယ်ရှိနေသည်။ သူက ပိန်ပါးသော်လည်း ရှပ်အင်္ကျီအား ဖယ်ရှားလိုက်ချိန်တွင် ခိုင်မာသည့် ခန္ဓာကိုယ်ကောက်ကြောင်းများ ထွက်ပေါ်လာ၏။ သန်မာမှုနှင့် အလှတရားကို ပြသနေသည့် ရှိုးကေ့စ်ထဲမှ ပန်းပုရုပ်တစ်ရုပ်ကဲ့သို့ပင်။
လူငယ်လေး ရင်ဘတ်မှ ဒဏ်ရာသည် ပျောက်ကင်းလုနီးပါး ဖြစ်နေသော်လည်း သိသာသည့်အမာရွတ်များ ကျန်ရှိနေဆဲ ဖြစ်၏။ ဒဏ်ရာတစ်ဝိုက်ရှိ ခြောက်သွေ့နေသော သွေးစများက လူငယ်လေး၏ ပုံရိပ်ကို ကျိုးကျေလွယ်သည့်နှယ် ဖြစ်စေသည်။ ကျီရွှမ်၏ လည်စလုတ်က အနည်းငယ် ရွေ့လျားသွား၏။ သူက လက်ကိုမြှောက်ကာ ယဲ့ကျား ရင်ဘတ်ကို ထိကြည့်လိုက်သည်။
သူ့လက်ဖဝါးအောက်ရှိ နှလုံးသည် ရွေ့လျားနေခြင်း မရှိတော့ချေ။ အေးစက်သော တိတ်ဆိတ်မှုသာ ဖြစ်ပေါ်နေ၏။ ကျီရွှမ်က မျက်လုံးများမှိတ်ကာ အထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လိုက်သည်။ တစ်ဖက်လူ၏ ရင်ဘတ်ထဲတွင် မြှုပ်နှံထားသော ကြက်သွေးရောင် အသားလုံးက တစ္ဆေစွမ်းအင်များ ဝန်းရံလျှက် ဖြည်းညှင်းစွာ ခုန်လှုပ်နေသည်။ အဆိုပါ စွမ်းအင်များက သွေးကြောအချို့ စီးဆင်းရန်အတွက် နေရာလွတ်အနည်းငယ် ချန်ထားသည်မှ အပ အသားလုံးကို လုံခြုံစွာ ရစ်ပတ်ထားသည်။ တစ်ချိန်ထဲမှာပင် တွန်းကန်ခြင်း၊ ဆွဲငင်ခြင်းများ ဖြစ်ပေါ်လျှက် မျှချေတစ်ခု ဖြစ်ပေါ်နေစေ၏။ ကျီရွှမ် မျက်လုံးပြန်ဖွင့်လိုက်၏။
“လတ်တလောတော့ အဆင်ပြေနေသေးတယ် …”
ယဲ့ကျား “ဘယ်လောက်ကြာကြာလဲ …”
ကျီရွှမ် : “ပြောရခက်တယ် …ဒါပေမယ့် အကန့်အသတ်ကိုအချိန်တိုင်း စစ်ဆေးနေမယ်ဆိုရင် နည်းနည်းပိုကြာမှာပါ …”
ယဲ့ကျား ခေါင်းညှိတ်လိုက်သည်။ နောက်တစ်လအထိ အချိန်ဆွဲနိုင်လျှင် လုံလောက်နေပြီ ဖြစ်သည်။ ရုတ်တရက် သူက တစ်စုံတစ်ခုကို သတိရသွားပြီး တည်တည်ငြိမ်ငြိမ်ရှိနေသည့် အမျိုးသားကို ကြည့်လိုက်သည်။
“ပြီးတော့ …” ယဲ့ကျား အံကြိတ်လိုက်သည်။ “လက်ဖယ်လို့ ရပြီလေ …”
ပြီးတော့ … မင်းဘာလို့ လျှောက်စမ်းနေတာလဲ …
ရုတ်တရက် သူတို့နောက်မှ တံခါးက အားပြင်းပြင်းနှင့် ပွင့်သွားကာ ခေါင်းငါးလုံးရှိသော အငြိုးကြီးတစ္ဆေ ထွက်ပေါ်လာသည်။ အဆိုပါ ခေါင်းပေါ်ရှိ မျက်လုံးများက အခန်းတွင်းသို့ စူးစမ်းလာ၏။ ၎င်းက ကြောင်အသွားခဲ့သည်။ မနီးမဝေးတွင် အရပ်ရှည်ရှည် အမျိုးသားက ဖရိုဖရဲဖြစ်နေသည့် လူငယ်လေးအား နံရံနှင့် ဖိကပ်လိုက်၏။ အငြိုးကြီးတစ္ဆေသည် လူငယ်လေး၏ ဖြူဖျော့သော အသားအရည်၊ ခါးသွယ်သွယ်နှင့် သူတို့၏ နီးနီးကပ်ကပ် တွယ်ဆက်ထားသော ခန္ဓာကိုယ်များကို တွေ့နေရသည်။
လူငယ်လေး၏ မျက်ဝန်းများက အငြိုးကြီးတစ္ဆေအား အမျိုးသား၏ ပုခုံးပေါ်မှတဆင့် သတ်ဖြတ်လိုရိပ်အပြည့်ဖြင့် စိုက်ကြည့်နေ၏။ နောက်တစ်စက္ကန့်တွင် ကျီရွှမ်က လူငယ်လေး၏ ခါးတစ်ဝိုက်ကို သူ့လက်ဖြင့်ရစ်ပတ်ကာ ပို၍ နီးကပ်စေလိုက်သည်။ ထို့နောက် ခေါင်းကို အနည်းငယ် လှည့်လိုက်၏။ သူ့အသံက ရေခဲတမျှ အေးစက်နေပြီး အဆင့်မြင့်အငြိုးကြီးတစ္ဆေ၏ ဖိနှိပ်မှုအား ထုတ်လွှတ်လျှက်ရှိသည်။ သူ့အသံနိမ့်နိမ့်က စိတ်မရှည်မှုများဖြင့် ပြည့်နှက်နေ၏။
“ထွက်သွားစမ်း …”
“ကင်း … ကျွန်တော့်အမှားပါ … ”
အငြိုးကြီးတစ္ဆေက အသိပြန်ဝင်သွားသည်နှင့် အခန်းဝမှ လှစ်ခနဲ့ ပြေးထွက်သွားသည်။ တံခါးကို ယင်စွမ်းအင်သုံး၍ စေ့ပိတ်ပေးခဲ့သေး၏။ အခန်းထဲတွင် သူတို့နှစ်ဦးသာ ကျန်ရှိတော့သည်။ ယဲ့ကျားက မျက်လွှာပင့်ကြည့်လိုက်၏။ ကြက်သွေးရောင် မျက်ဝန်းများက သူ့ရှေ့ရှိ အမျိုးသားအား စုန်ချည်ဆန်ချည် ကြည့်နေလေသည်။
“ဘာတွေစောင့်နေတာလဲ …”
ကျီရွှမ်က ခြေတစ်လှမ်းဆုတ်ရင်း အပြစ်ကင်းဟန်ဖြင့် လက်မြှောက်ပြလိုက်သည်။
“သရုပ်ဆောင်မယ်ဆို အပြည့်အဝ သရုပ်ဆောင်ရမယ်လေ … ကောကော …”
ယဲ့ကျားက အမူအရာမဲ့စွာဖြင့် ရှပ်အင်္ကျီကို ပြုပြင်လိုက်ပြီး တွန့်ကျေနေသည်များကို ပြေလျော့စေ၏။ ထိုအချိန်တွင် အငြိုးကြီးတစ္ဆေ၏ အသံက တံခါးကိုဖြတ်သန်း၍ ထွက်ပေါ်လာသည်။
“အဟမ်း … မိခင်က ခင်ဗျားကို မှာခဲ့ပါတယ် …”
သူတို့နှစ်ဦးက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ယဲ့ကျားက အကြည့်ပြန်ရုတ်လိုက်ရင်း တံခါးထံ ဦးတည်လိုက်၏။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ကျီရွှမ်၏ တားမြစ်ခြင်း ခံလိုက်ရသည်။
“ခဏနေဦး …”
အမျိုးသား၏ အသံနိမ့်နိမ့်က ထွက်ပေါ်လာ၏။ ချက်ချင်းဆိုသလို သူ့လက်ချောင်းများက လူငယ်လေး၏ အေးစက်စက် လည်တိုင်ဘေးဘက်သို့ ကျရောက်သွားသည်။ ယင်စွမ်းအင် အမျှင်များက အသားကိုဖြတ်သန်း၍ အရေပြားအတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။ ထိုနေရာရှိ ဒဏ်ရာသည် မျက်စိဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် သက်သာလာပြီး မကြာခင်မှာပင် ပျောက်ကင်းသွားလေပြီး ခြောက်သွေ့နေသော သွေးစအနည်းငယ်သာ ကျန်ရှိတော့၏။
ယဲ့ကျားက မျက်လွှာပင့်ကာ ကျီရွှမ်ကို ကြည့်လိုက်သည်။ တစ်ဖက်လူက ပြန်ပြုံးပြလာ၏။
“ရပြီ …”
ယဲ့ကျား၏ မှောင်မိုက်သောအကြည့်က ကျီရွှမ့်အပေါ်တွင် တစ်ခဏကြာသည်အထိ ရစ်ဝဲနေခဲ့သည်။ ထို့နောက် သူက တံခါးထံလျှောက်သွားကာ ဆွဲဖွင့်လိုက်ပြီး တုန်ယင်နေသော အငြိုးကြီးတစ္ဆေအား အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။ သူ့အသံထဲတွင် ရက်စက်မှုများ စိမ့်ဝင်လျှက် ရှိ၏။
“ဘာလဲ …”
အငြိုးကြီးတစ္ဆေက အပေါ်သို့ မော့ကြည့်လိုက်သည်။ လူငယ်၏ အေးစက်စက်အကြည့်နှင့် ရင်ဆိုင်ရချိန်တွင် သူက ပိုမိုတုန်ယင်လာကာ အကြည့်လွှဲလိုက်၏။
“မိ ... မိခင်က ခင်ဗျားကို မြို့တော်ဆီသွားဖို့ မှာခဲ့တယ် …”
ကြက်သွေးရောင် မျက်ဝန်းများနှင့် လူငယ်က နှာခေါင်းရှှုံ့လိုက်သည်။
“သိပြီ … မင်းသွားလို့ရပြီ …”
“ကောကော …”
ရုတ်တရက် အမျိုးသား၏ အသံနိမ့်နိမ့်က လူငယ်၏ နောက်မှ ထွက်ပေါ်လာသည်။ ဆွဲငင်အားကောင်းသည့် အသံထဲတွင် မကျေနပ်ရိပ် တစ်စွန်းတစ်စ ပါဝင်နေ၏။
“ဘာလဲ … မသွားသေးဘူးလား …”
အငြိုးကြီးတစ္ဆေ ထိတ်လန့်သွားသည်။ သူက အမှတ်တမဲ့ အပေါ်မော့ကြည့်လိုက်မိ၏။ သန်မာသော လက်တစ်စုံက လူငယ်၏ သေးသွယ်သောခါးကို ပွေ့ဖက်လာခဲ့သည်။ အရပ်ရှည်သည့် တစ္ဆေဘုရင်က ယဲ့ကျားအား ကျောဘက်မှသိုင်းဖက်လိုက်ရင်း တစ်ဖက်လူ၏ လည်တိုင်ကို ခပ်ဖွဖွနမ်းလိုက်သည်။ သူ၏ အေးစက်နေသော ကြက်သွေးရောင် မျက်ဝန်းများက သူတို့ရှေ့ရှိ အငြိုးကြီးတစ္ဆေအား ကြည့်လာ၏။ သူ့အသံက တည်ငြိမ်နေပြီး မထူးခြားဟန်ပေါ်သော်လည်း မကျေနပ်မှု တစ်စွန်းတစ်စပါဝင်နေ၏။
“အမေက ငါ့ကိုရော လာဖို့မပြောခဲ့ဘူးလား … ”
အငြိုးကြီးတစ္ဆေ တောင့်ခဲသွားသည်။ ကြောက်မက်ဖွယ် နာကျင်မှုက တစ်ကိုယ်လုံးကို လွှမ်းခြုံလာခဲ့ပြီး ၎င်း၏ ဂျယ်လီနှင့်တူသော ခန္ဓာကိုယ်က မြေပေါ်သို့ ပုံရက်သားကျသွားကာ တုန်ယင်နေလေသည်။ ၎င်းက ထွက်ပြေးခြင်းပင် မပြုနိုင်ပဲ အသံတစ်ချို့သာ ထွက်လာခဲ့၏။
ကျီရွှမ်၏ ရင်ဘတ်က သူ့ကျောနှင့် ထိကပ်နေရာ တစ်ဖက်လူ ခန္ဓာကိုယ်တွင်းရှိ ယင်စွမ်းအင် စီးဆင်းမှုအား ယဲ့ကျား ခံစားမိနေသည်။ သူက အတွေးထဲ နစ်မြုပ်သွား၏။
“ဒီလိုဆိုမှတော့ …”