Chapter 117
နောက်တစ်စက္ကန့်တွင် သူတို့ရှေ့ရှိ အငြိုးကြီးတစ္ဆေက ၎င်းကိုယ်ပေါ်ရှိ အားသည် ပိုမိုပြင်းထန်လာကြောင်း ခံစားလိုက်ရသည်။ ဤတစ်ကြိမ်၌ ၎င်းသည် တောင့်မခံနိုင်တော့ပဲ မြေပြင်နှင့် ထိကပ်သွားခဲ့၏။ ထိုကဲ့သို့ ဖိနှိပ်မှုမျိုးက တောင့်ခံရန် မဖြစ်နိုင်ချေ။ ၎င်းက ကြောက်ရွံ့စွာ တုန်ယင်နေပြီး အသံလေးတစ်သံပင် ထွက်မလာနိုင်တော့။ ကျီရွှမ်က မျက်လွှာချလိုက်ရင်း လူငယ်လေး၏ နားရွက်ကို သူ့သွားချွန်ချွန်များဖြင့် ဖိကြိတ်လိုက်၏။
“ကောကော … မြန်မြန် သင်ယူနိုင်တာပဲ …”
ယဲ့ကျားက ကြက်သွေးရောင် မျက်ဝန်းများကို မှေးကျဉ်းလိုက်ရင်း တည်ငြိမ်စွာ ပြန်ဖြေလာသည်။
“သေချာတာပေါ့ ….”
သူက ပထမဆုံးအကြိမ် အငြိုးကြီးတစ္ဆေဖြစ်လာခဲ့ခြင်း ဖြစ်စေကာမူ အငြိုးကြီးတစ္ဆေများနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်တွေ့ခြင်း မဟုတ်ချေ။
ဝေ့ရွှယ်ချူးနှင့် ဖြစ်ခဲ့သည့် ဖြစ်ရပ်က မတော်တဆမှုသက်သက်သာ ဖြစ်သည်။ ကျီရွှမ်က တစ်ဖက်လူခါးပေါ်ရှိ သူ့လက်များကို တင်းကျပ်စေရင်း ယဲ့ကျားပုခုံးပေါ်သို့ မေးတင်လိုက်၏။
“ဆိုးလိုက်တာ … ကျွန်တော် ဒီတစ်ခါ ကောကောနဲ့ ခွဲရတော့မယ် … ”
ယဲ့ကျားက တစ်ဖက်လူ၏ ပွေ့ဖက်မှု အတွင်းမှ ရုန်းထွက်လိုက်ရင်း ကိုယ်ကိုကိုင်းလိုက်သည်။
“အမေက ဘာပြောသွားသေးလဲ … ”
အငြိုးကြီးတစ္ဆေက ကိုယ်ကို လူးလွန့်လိုက်ရင်း ကြောက်ရွံ့စွာ ပြန်ဖြေလာ၏။
“သူ … သူက ခင်ဗျားအတွက် လက်ဆောင်ပြင်ထားတယ်တဲ့ ...”
ယဲ့ကျား မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ လက်ဆောင်တဲ့လား
မြို့တော်ရှိ ဗြူရိုဌာနချုပ်၌ …
မြေပြင်က ရုတ်တရက်တုန်ယင်လာကာ စကျင်ကျောက်များ ခင်းကျင်းထားသည့် ကြမ်းပြင်က စတင်အက်ကွဲလာသည်။ နံရံနှင့် စားပွဲများက ယိမ်းထိုးလာပြီး သူတို့ခေါင်းပေါ်တွင် စူးရှသော အသံများ ထွက်ပေါ်လာသည့် အလျောက် ဗြူရိုရှိ ဝန်ထမ်းများက တစ်ဦးနှင့်တစ်ဦး အထိတ်တလန့် ကြည့်လိုက်ကြ၏။
“မြန်မြန် … အထက်ကို ဆက်သွယ်ကြ …”
သို့သော် ဝန်ထမ်း စကားမဆုံးသေးခင် ပတ်ဝန်းကျင်ရှိ မှန်တံခါးများက ပေါက်ကွဲသွားခဲ့သည်။ သွေးသံရဲရဲနှင့် အသားစများက နေရာအနှံ့မှ စီးဝင်လာပြီး ခန်းမတွင်းရှိ တည်ရှိမှုအားလုံးကို ဝါးမြိုသွား၏။ သနားဖွယ် ငိုကြွေးသံများနှင့် အော်ဟစ်သံများက ပဲ့တင်ထပ်သွားခဲ့သည်။
ထိုအသားစများသည် ကိုယ်ပိုင် အသိစိတ်ရှိနေသကဲ့သို့ အဆောက်အဦး အပေါ်ထပ်သို့ ဆက်လက်ရွေ့လျားသွားသည်။ ၎င်းတို့သွားရာ လမ်းတစ်လျှောက်တွင် အော်ဟစ်သံနှင့် ငိုကြွေးသံများ ပဲ့တင်ထပ်သွား၏။
ဌာနချုပ်မှ တိုက်ခိုက်ရေးအဖွဲ့အစည်း၏ အားကောင်းသော လက်နက်များနှင့် စွမ်းရည်များက အသားစအများဆုံး ရှိရာနေရာသို့ ဦးတည်သွားသည်။ သို့သော် တွန့်လိမ်နေသည့် အသားစများက ဖြတ်တောက်ခံလိုက်ရသည်နှင့် ပြတ်တောက်သွားရာ နေရာသို့ ပို၍များပြားသော အသားစများနှင့် ပြန်လည် ဖြည့်တင်းလိုက်ကြသည်။ ၎င်းက ထိုသို့သာ သံသရာလည်နေ၏။
“ဆုတ်မယ် … ဆုတ်မယ် …”
သွေးများစီးကျနေသည့် အသက်မဲ့သွားသော တိုက်ခိုက်ရေးအသင်းဝင်က သူ၏ အဖွဲ့သားများအား နောက်ဆုံးအနေဖြင့် အော်ပြောလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် အသားစများ၏ ဝါးမြိုခြင်းခံလိုက်ရ၏။ ၎င်းက တစ်ဖက်သတ် သတ်ဖြတ်ခြင်းသာ ဖြစ်ပေသည်။ မယုံနိုင်စရာ အင်အားပင် ဖြစ်ချေသည်။ ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသည့် စွမ်းအားနှင့် ရင်ဆိုင်ရချိန်၌ လူသားများသည် ၎င်းကို တွန်းလှန်နိုင်စွမ်း မရှိတော့။
ဆယ်မိနစ်အတွင်း အဆောက်အဦးရှိ သက်ရှိအားလုံး သေဆုံးသွားခဲ့ကြသည်။ စင်္ကြံတစ်လျှောက်လုံး တိတ်ဆိတ်နေပြီး နံရံများတွင် သွေးများဖြင့် ရွှဲစိုနေ၏။ နံရံအမြောက်အများက ပြိုကျလာခဲ့ပြီး သွေးနံ့ပြင်းပြင်းသည် လေထုထဲတွင် ပျံ့နှံ့နေသည်။ ဓာတ်လှေကားက ဖြည်းညှင်းစွာ ဆင်းသွားခဲ့ပြီး အနက်ရောင်မျက်နှာပြင်ရှိ ကြက်သွေးရောင် နံပါတ်များမှာ ထင်းထင်းကြီး ရှိနေ၏။ -
-၁ -၂ -၃ -၄ …
ဓာတ်လှေကားသည် -၅ သို့ရောက်ချိန်တွင် ရပ်တန့်သွားခဲ့သည်။ တစ်ချိန်ထဲမှာပင် မှောင်မဲနေသည့် ဓာတ်လှေကားက တုန်ယင်လာပြီး သတ္တုချင်းပွတ်တိုက်သံများ ထွက်ပေါ်လာ၏။ ဓာတ်လှေကားတံခါးသည် အတွင်းဘက်မှ အားပြင်းပြင်းနှင့် ဆုတ်ဖြဲခံလိုက်ရသည်။
ထို့နောက် သွေးတစိုစို ဖြစ်နေသည့် အသားများက ဓာတ်လှေကားတွင်းမှ စီးကျလာကြသည်။ ကျိုးပျက်သွားသော ဓာတ်လှေကားတံခါးသည် အသားစများ၏ စုပ်ယူခြင်းခံလိုက်ရ၏။ ဖြူလျော်လျော် ခြေထောက်တစ်စုံသည် အသားစများကို တက်နင်း၍ လျှင်မြန်စွာ လျှောက်ဝင်သွားသည်။ အေးစက်စက် မြေပြင်ပေါ်ဝယ် အနီရောင်တောက်တောက် ခြေရာများ ပေါ်ထွက်လာကာ စင်္ကြံအဆုံးသို့ ဦးတည်လျှက် ရှိသည်။
သတ္တုတံခါးနောက်ဘက်တွင် ထူထဲသော သတ္တုချောင်းများနှင့် စင်္ကြံအလွတ်တစ်ခု ရှိနေ၏။ အသားလုံးကပ်ငြိနေသည့် တစ်ဝက်သေဆုံးနေပုံရသော လူအိုကြီးက ဆူညံသံများ ထွက်ပေါ်လာရာသို့ ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ စိတ်အစဉ်က နှစ်ရှည်လများ အကျဉ်းချခံရခြင်းကြောင့် နှေးကွေးနေပြီး တည်တည်ငြိမ်ငြိမ် မရှိချေ။
သွယ်လျသော အမျိုးသမီးတစ်ဦးသည် သူ့ထံသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာ၏။ သူက တစ်ဖက်လူ၏ မျက်နှာကို မမြင်ရသော်လည်း ကြောက်ရွံ့မှုအား စတင်ခံစားလာရသည်။ သူ့ခန္ဓာကိုယ်ရှိ အသားလုံးက ပြင်းထန်စွာ တုန်လှုပ်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်ရှိ သွေးကြောများပင် ထင်းထွက်လာ၏။ ၎င်းက မိခင် ခန္ဓာကိုယ်သို့ ပြန်သွားရန် မစောင့်နိုင်တော့ပုံပေါ်သည်။
အမျိုးသမီး၏ ပုံရိပ်မှာ ပိုမိုထင်ရှားလာခဲ့သည်။ လူအိုကြီး၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူ၏ ပိန်ပါးသော ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့သည်။ သူ့ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာကာ အသံတုန်တုန်ဖြင့် ခေါ်လိုက်၏။ :
“ရှောင်ရို …ရှောင်ရို … ”
သူက လှုပ်ရှားနိုင်သည့် လက်ကို မြှောက်လိုက်သည်။ သူ့လက်ချောင်းများက တုန်ယင်နေ၏။ သူက တစ်ဖက်လူ၏ မျက်နှာကို ထိရန် ကြိုးစားလျှက်ရှိသည်။ သူ့အသံက အက်ရှနေသော်လည်း မျှော်လင့်ခြင်း တစ်စွန်းတစ်စဖြင့် ပြည့်နှက်နေ၏။
“ငါ့ရဲ့ သမီးလေး …”
“စိတ်မကောင်းပါဘူး … ကျွန်မက သူမဟုတ်ဘူး ….”
အမျိုးသမီးက ကိုယ်ကိုကိုင်းလိုက်ကာ သူမ၏ နုပျိုသော မျက်နှာကို ရှေ့တိုးလိုက်သည်။ ကြက်သွေးရောင် မျက်ဝန်းများက အေးစက်မှု၊ အကြင်နာကင်းမဲ့မှုတို့ဖြင့် ရွှန်းစိုလျှက်ရှိ၏။ သူမက တစ်ဖက်လူ၏ မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။ သူ၏ မျှော်လင့်ချက်က တစ်စစီ ပျက်စီးသွားကာ ကြောက်ရွံ့မှု၊ စိတ်ပျက်မှုများဖြင့် အစားထိုးသွားခဲ့၏။ နောက်ဆုံးတွင် ဗလာဖြစ်သွားပြီး အသက်မဲ့သွားခဲ့သည်။ သူမက ခပ်ဖွဖွရယ်ကာ ဆိုလိုက်သည်။
“မတွေ့တာကြာပြီ …”
ယဲ့ကျား အဆောက်အဦးတွင်းသို့ ခြေချလိုက်သည်နှင့် မည်သည့် သက်ရှိလူသားမှ မရှိတော့ကြောင်း ခံစားမိလိုက်သည်။ နေရာတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပျက်စီးနေ၏။ ယင်စွမ်းအင် လက်ကျန်က နေရာတစ်ခုလုံး ရစ်ဝဲလျှက်ရှိသည်။ သွေးတစိုစိုနှင့် အသားများက ရွေ့လျားနေ၏။ ထိုအသားပုံထဲတွင် လူဦးခေါင်းပြတ်များ၊ ခြေပြတ်လက်ပြတ်များ ပါဝင်နေသည်။
လူငယ်လေးက အမူအရာမဲ့စွာဖြင့် လျှောက်ဝင်သွားခဲ့သည်။ သူက ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ် အခြေအနေအား မျက်ကွယ်ပြုကာ သွေးများနှင့် အသားစများပေါ်မှ တစွပ်စွပ် နင်းလျှောက်သွားခဲ့သည်။ သူက ပျက်စီးနေသည့် ဓာတ်လှေကားထံ ရောက်သောအခါ စက္ကန့်အနည်းငယ်ကြာသည်အထိ စိုက်ကြည့်နေပြီး ခုန်ဆင်းလိုက်သည်။
မြေအောက် ငါးထပ်မြောက်ရှိ စင်္ကြံက အေးစက်နေ၏။ အပျက်အစီးများက ဖြည်းဖြည်းချင်း ဝါးမြိုခံနေရကာ မိခင်၏ အစိတ်အပိုင်းများ ဖြစ်လာကြသည်။ အသားပေါ်ရှိ သွေးကြောများက ဖောင်းထွက်နေကာ အသက်ရှိနေသကဲ့သို့ ရွေ့လျားနေ၏။ ယဲ့ကျားက စင်္ကြံအတိုင်း ဆက်လျှောက်လာခဲ့သည်။ ထိုစဉ် အမျိုးသမီးတစ်ဦး၏ နူးညံ့သောအသံက မလှမ်းမကမ်းမှ ထွက်ပေါ်လာ၏။
“ကလေး … ဒီကိုလာ …”
သူက အသားများပေါ်တွင် ရပ်နေသည့် အမျိုးသမီး၏ ပုံရိပ်ကို မြင်လိုက်ရသည်။ သူမ၏ အဖြူရောင်ဂါဝန်နှင့် နုပျိုသောရုပ်သွင်သည် ကြောက်မက်ဖွယ် မြင်ကွင်းနှင့် မလိုက်ဖက်သည့် သာမန်တည်ရှိမှုတစ်ခုနှယ် ဖြစ်နေစေ၏။
သူမက ခေါင်းလှည့်လိုက်ရင်း ယဲ့ကျားကို ကြက်သွေးရောင် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။
“ဒီကိုလာ …”
ယဲ့ကျား သူမထံ လျှောက်သွားလိုက်သည်။ သူက မျက်လွှာချလျှက် ဘေးဘီဝေ့ဝဲကြည့်လိုက်၏။ ထူထဲသော သုံးဆင့် အကာအကွယ်သည် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ပြီး အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေလေသည်။ အကျဉ်းခန်းထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်ပေါ်နေသည်။ ဖြူဖတ်ဖြူလျော် မျက်နှာနှင့် လူကြီးက လဲကျနေပြီး သူ၏ ဖောရောင်နေသော ခန္ဓာကိုယ်မှာလည်း လှုပ်ရှားမှု မရှိတော့ချေ။ အနံ့စူးရှသည့် အကျိအချွဲများက သူ့ခန္ဓာကိုယ်မှ စီးကျလျှက်ရှိသည်။ မျက်နှာကျက်ကို ကြည့်နေသည့် သူ့မျက်လုံးများက အသက်ကင်းမဲ့လျှက်ရှိပြီး သူ့ခန္ဓာကိုယ်ရှိ လူသားနှင့်တူသော အစိတ်အပိုင်းမှာလည်း တွန့်လိမ်ရှုံ့တွနေ၏။ ထို့အပြင် လူအိုကြီး၏ အရေပြားက ပွင့်ဟနေကာ သွေးကြောများနှင့်အရိုးများကို အတိုင်းသားမြင်နေရ၏။
မိခင်က ညှင်သာစွာ ရယ်မောလိုက်သည်။
“ကြိုက်လား …”
သူမက ယဲ့ကျားထံ လျှောက်လာရင်း သူ့ပုခုံးကို သူမ၏ သွယ်လျသော လက်မောင်းများဖြင့် ပွေ့ဖက်လိုက်သည်။ သူမ၏ ကြက်သွေးရောင် မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားကာ ညှင်သာစွာ ဆိုလာခဲ့သည်။
“အခုကစပြီး မင်းရဲ့ မိသားစုဝင်ကငါတို့ပဲ …”
သူမက ခြေဖျားထောက်လိုက်ရင်း လူငယ်လေး၏ ပါးပြင်ပေါ်သို့ အနမ်းခြွေလိုက်သည်။
“ဒါပေမယ့် … လက်ဆောင်က ဒါတင်မကဘူး ...”
“အိုး … ” ယဲ့ကျား မျက်ခုံးပင့်လိုက်သည်။ “ရှိသေးတာလား … ”
မိခင်က လက်ကို ဝေ့ယမ်းလိုက်သည်။ “မင်း ဒီနေရာကို သဘောကျတယ် မဟုတ်လား … ”
“သဘာဝလွန်ကိစ္စများ စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲမှု ဗြူရိုလေ …..”
သူမက တခစ်ခစ်ရယ်ကာ ဆက်ပြောလာသည်။
“တို့ဆီက ထွက်သွားပြီး မင်းကဒီမှာ အခြေချခဲ့တယ်လေ … ဒီတော့ ဒီနေရာနဲ့ ရင်းနှီးပြီးသား မဟုတ်လား ... ” မိခင်၏ အမူအရာက အလွန်နူးညံ့နေ၏။
“အခုကစပြီး ဒီနေရာကို မင်းပိုင်တယ် …”
ယဲ့ကျား ပြန်မေးလိုက်သည်။
“ကျွန်တော့် အတွက်လား … အမေ …”
“ဒါပေါ့ … ” သူမက တစ်ဖက်လူ၏ မျက်နှာအား လက်ဖဝါးနှစ်ဖက်ဖြင့် ပင့်မလိုက်၏။
“မင်းကတို့ သဘောအကျဆုံး သားလေ … ဒီတော့ မင်းကို တို့က အကောင်းဆုံးတွေပဲ ပေးရမှာပေါ့ … ”
မိခင်က ပြုံးလိုက်သည်
“အခုကစပြီး ဗြူရိုကလူအားလုံးကို မင်းပိုင်တယ် … သူတို့ကို သတ်တာဖြစ်ဖြစ်၊ ပျိုးထောင်တာဖြစ်ဖြစ်၊ နှိပ်စက်တာဖြစ်ဖြစ် အားလုံး မင်းသဘောပဲ … ”
“ဌာနချုပ်ရှိတဲ့ နေရာတစ်ခုလုံးပဲ ….” သူမက ညှင်သာစွာ ဆိုလာ၏။ “…...မြို့တော်က အရမ်းစည်ကားတဲ့ နေရာပဲ … တို့မင်းကို လက်ဆောင်အနေနဲ့ ပေးလိုက်မယ် … ”
ယဲ့ကျားသာ အငြိုးကြီးတစ္ဆေအဖြစ် အပြည့်အဝ ပြောင်းလဲခဲ့ခြင်း ဆိုပါက ထိုလက်ဆောင်သည် အကောင်းဆုံး လက်ဆောင် ဖြစ်ပေလိမ့်မည်။ စိတ်နှင့်ကိုယ်သည် အငြိုးတရားများဖြင့် ပြည့်နှက်သွားသည့်အခါ ယခင် လုပ်ဖော်ကိုင်ဖက်ဟောင်းများနှင့် မိသားစုဝင်များသည် အငြိုးတရားများကို ဖွင့်ထုတ်ရန်အတွက် ပြီးပြည့်စုံသည့် ပစ်မှတ်များ ဖြစ်လာကြ၏။ မိသားစုဝင်နှင့် ရင်းနှီးသောသူများ ခံစားနေရခြင်းကို ကြည့်ရှုရခြင်းက အငြိုးကြီးတစ္ဆေတစ်ကောင်အတွက် အလွန်ကျေနပ်အားရဖွယ်ပင်။
မြို့တော်သည် အဓိက အချက်အချာတွင် တည်ရှိခြင်းဖြစ်ရာ လူဦးရေထူထပ်လှ၏။ အငြိုးကြီးတစ္ဆေ အမြောက်အများသည် ၎င်းအတွက် ယှဉ်ပြိုင်ကြလိမ့်မဘ်။ ယဲ့ကျားအား မြို့တော်ကို အပ်နှင်းလိုက်ခြင်းက ဉာဏ်ရှိသော ကစားကွက်ဖြစ်၏။ မိခင်ထံမှ လက်ဆောင်ဟု ဆိုသော်လည်း စင်စစ် စာမေးပွဲတစ်ခုသာ ဖြစ်သည်။ မိခင်က သူ့အား ကောင်းကောင်းမယုံသေးကြောင်း ယဲ့ကျား သိရှိထား၏။ ဗြူရိုသည် သူ၏ သစ္စာရှိမှုအား စစ်ဆေးခြင်းဖြစ်ပြီး မြို့တော်အား ပေးအပ်လိုက်ခြင်းဖြင့် သူသည် M မြို့မှ ဖယ်ထုတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
သူက မျက်လွှာချကာ နာရီအနည်းငယ်က သေဆုံးသွားခဲ့သော လူအိုကြီးကို ကြည့်လိုက်၏။ ထို့နောက် နှုတ်ခမ်းထောင့်များ ကော့ညွှတ်လျှက် ရက်စက်သောအပြုံးကို လှစ်ဟပြလာသည်။
“ကျွန်တော် သူ့ကိုစားလို့ရလား…”
မိခင်က ယဲ့ကျားကြည့်နေသည့် နေရာအား လိုက်ကြည့်လိုက်သည်။
“အိုး … သူက အရသာရှိမှာမဟုတ်ဘူးနော် …”
ယဲ့ကျားက လက်များကို ဆန့်တန်းကာ မိခင်၏ ခါးသွယ်သွယ်ကို ပွေ့ဖက်လိုက်၏။
“ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်ရဲ့ ဆွေမျိုးဟောင်းပဲလေ … ဟုတ်တယ်မလား …” “
ဒါပေါ့ …” မိခင်က ယဲ့ကျားကို ပြန်မှီရင်း ပြုံးလိုက်၏။
“ကိုယ့်သွေးရင်းကို ပြန်စားတာက ပြီးပြည့်စုံတဲ့ ကိစ္စပဲလေ …”
ယဲ့ကျား အပြုံးက ပိုမိုနက်ရှိုင်းလာပြီး ကြက်သွေးရောင် မျက်လုံးများသည်လည်း လောဘရောင်လက်နေ၏။
“မင်းပျော်နေရင် ပြီးတာပဲ … ကလေးလေး …” မိခင်က ပြန်ဖြေလိုက်သည်။
ယဲ့ကျားက သူ့ဘေးရှိ မိခင်အား စောင်းကြည့်လိုက်၏။
“ကျွန်တော် အမေ့ရဲ့လက်ဆောင်ကို ကြိုက်ပါတယ် … ဒါပေမယ့် …”
“ဟင် …”
ယဲ့ကျား အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ကျီရွှမ်က M မြို့မှာပဲ ရှိသေးတယ် … ကျွန်တော် သူနဲ့မရှင်းရသေးတဲ့ ကိစ္စတွေ အများကြီးပဲ …”
မိခင်က မျက်မှောင်ကြုတ်သွားကာ အခက်တွေ့နေပုံရသည်။
“သူ အမေ့ကိုလှည့်စားပြီး သစ္စာဖောက်ခဲ့မှန်း ကျွန်တော်သိပါတယ် … အခုလိုမျိုး ဖြစ်စေခဲ့တယ်..."
" … ဒါပေမယ့် ရလဒ်က ကောင်းတာပဲ မဟုတ်လား … ဒါကို စိတ်ထဲမထားပဲ နေရအောင်လေ … နော် …”
“အဲဒါတစ်ခုထဲကြောင့် မဟုတ်ဘူး …”
ယဲ့ကျားက ကြက်သွေးရောင် မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း ဖြည်းညှင်းစွာ ဆိုလိုက်သည်။
“ကျွန်တော် လက်ရှိမှာ သူ့ကို အရမ်းစိတ်ဝင်စားနေတယ် …”
မိခင် ကြောင်အသွားသည်။ လူငယ်လေး၏ နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြစ်ပေါ်လာ၏။
“သူကျွန်တော့်ကို ဘယ်လိုတွေးလဲ အမေသိမှာပါ … အဲဒါကြောင့် မစ်ရှင်လုပ်ဖို့ သူ့ကိုပဲ လွှတ်ခဲ့တာ မဟုတ်လား …”
မိခင် : “ဒီတော့ … မင်းက …”
လူငယ်လေးက မိခင်ကို ကြည့်လိုက်သည်။ သူက မိခင်အလိုလိုက်ထားသည့် သာမန်ကလေးတစ်ဦးနှယ် ပြုမူလိုက်၏။
“ဒီဆက်ဆံရေးက စိတ်ဝင်စားစရာ မကောင်းဘူးလား … ဖျက်ဆီးပစ်မလား … အဖျက်ဆီးခံမလား … စားမလား … အစားခံမလား …ကျွန်တော် အရမ်းသဘောကျတယ် …”
မိခင်၏ တောင့်တင်းနေသော အမူအရာကို ကြည့်ရင်း သူက ဆက်လက်သရုပ်ဆောင်ရန် ပြင်လိုက်သည်။
“ကျွန်တော် …. သူ့ကို ချစ်မိနေပြီ …”
“…”
မိခင်၏ အမူအရာက ဗလာဖြစ်သွားခဲ့သည်။
(T/N - ခွေးစာစားသူများအသင်းမှ ကြိုဆိုပါတယ်)
လူငယ်လေးက မျက်မှောင်ကြုတ်ရင်း စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လာ၏။
“အမေ ကျွန်တော်တို့ကို ခွဲမထားဘူးမဟုတ်လား …”
မိခင်က ယဲ့ကျားကို စက္ကန့်အနည်းငယ်ကြာသည်အထိ ကြည့်နေခဲ့သည်။
“အာ … ဒါက … တို့နောက်မှ ဒီကိစ္စအကြောင်း ပြောရအောင်လေ …” သူမက ပြန်လှည့်ထွက်သွား၏။
“ဒီနေရာကို ရှင်းလိုက်ဦး … ပြီးသွားရင် တို့ကို M မြို့မှာ လာရှာပါ …”
အဆောက်အဦးတွင်းမှ အသားပုံများသည် သူမနောက်မှ တရွေ့ရွေ့လိုက်ပါသွားကြသည်။ မကြာခင်မှာပင် မိခင်၏ အရှိန်အဝါအား ထပ်မံမခံစားရတော့ချေ။ ယဲ့ကျား အေးစက်စက်နံရံကို မှီကာ သက်ပြင်းချလိုက်၏။ အနည်းဆုံးတော့ သူက M မြို့မှ ဖယ်ထုတ်ခြင်း မခံရအောင် လုပ်ဆောင်နိုင်ခဲ့လေပြီ။
နည်းနည်း …. ရှက်စရာကောင်းပေမယ့်ပေါ့ …
ယဲ့ကျားက လက်ကိုမြှောက်ကာ မျက်နှာကို အုပ်မိုးလိုက်သည်။ သူ့မျက်နှာက အနည်းငယ်နွေးနေ၏။
ကြည့်ရတာ တစ္ဆေအဖြစ် အပြည့်အဝ မပြောင်းလဲသေးလို့များလား …
အတန်ကြာသည့်နောက် ယဲ့ကျား ပုံမှန်ပြန်ဖြစ်လာကာ လက်ပြန်ချလိုက်သည်။ သူ၏ စိတ်အခြေအနေက ပြန်လည် တည်ငြိမ်လာပြီ ဖြစ်၏။ ရှုပ်ထွေးသော အကြည့်က ယဲ့ကျားမျက်ဝန်းတွင် ထင်ဟပ်လာသည်။ ယခင်နေ့က ဒါရိုက်တာသည် အမှန်တရားကို တိုက်ရိုက်ထုတ်ပြောမည့်အစား သူ့ကို ဤနေရာသို့ ခေါ်လာရသည့် အကြောင်းရင်းအား ကောင်းစွာ နားလည်ထားသည်။ ဒါရိုက်တာက ယဲ့ကျားအား ထိုမြင်ကွင်းကို ပြလိုခဲ့ခြင်းဖြစ်ပြီး ကာလကြာရှည် နှိပ်စက်ခံနေရသည့် လူအိုကြီးကိုလည်း တစ်ဦးထဲကျန်ရှိသည့် ဆွေမျိုးအား မြင်တွေ့ကာ အပြစ်ရှိစိတ်ဝင်စေရန် ဖြစ်သည်။
ယဲ့ကျားက သူ့မိခင်ရင်းအား သွယ်ဝိုက်သော နည်းလမ်းဖြင့် သေစေခဲ့ပြီး လူပေါင်းများစွာအား အသက်ဆုံးစေခဲ့သည့် ဆွေမျိုးတစ်ဦးကို မတွေ့လိုခဲ့ချေ။ ထို့ကြောင့် ထိုနေ့က ဒါရိုက်တာ၏ စကားကို ကြားဖြတ်ပြောခဲ့သည်။ သို့သော် ၎င်းမှာ သူ၏ နောက်ဆုံးအခွင့်အရေး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
တွေ့ဆုံခြင်းနှင့် ခွဲခွာခြင်း။
ယဲ့ကျားက အလောင်းထံ ဦးတည်လိုက်သည်။ သူက မိခင်အား တစ်ဖက်လူကို စားချင်ကြောင်း ပြောခဲ့သည့်အလျောက် အလောင်းကို ဒီအတိုင်း ထားခဲ့၍ မရချေ။ ယဲ့ကျားက လက်ကိုမြှောက်ကာ လေထုထဲတွင် ကန့်လန့်ဖြတ် မျဉ်းတစ်ကြောင်း ရေးဆွဲလိုက်သည်။
ကြက်သွေးရောင် အလင်းတန်းက လူအိုကြီး၏ တွန့်လိမ်နေသော ခန္ဓာကိုယ် အောက်တွင် ပေါ်ပေါက်လာခဲ့ပြီး ခန္ဓာကိုယ်အား ဆွဲယူသွားခဲ့၏။ ထိုစဉ် လူအိုကြီး၏ အသားများထဲမှ တစ်စုံတစ်ခု ငေါထွက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းက စာအုပ်တစ်အုပ်၏ ထောင့်စွန်းပုံသဏ္ဍာန် ရှိနေ၏။ သူက လုပ်ဆောင်နေသည်များကို ချက်ချင်းရပ်လိုက်သည်။ လူအိုကြီး၏ အလောင်းတစ်ဝက်သည် တစ္ဆေပိုင်နက်အတွင်း ကျရောက်နေပြီး အခြားတစ်ဖက်ကမူ အပြင်ဘက်တွင် ရှိနေ၏။ အလောင်း မျက်လုံးများက တစ်စုံတစ်ခုအား တွေးနေဟန်ဖြင့် မျက်နှာကျက်ကို ကြည့်နေသည်။
ယဲ့ကျားက ဖန်ကွဲစတစ်ခုကို ယူကာ ဖောရောင်နေသည့် ခန္ဓာကိုယ်ကို လှီးဖြတ်လိုက်သည်။ သွေးနှင့် အသားစများ ဖုံးအုပ်နေသော အနက်ရောင် မှတ်စုစာအုပ်ကလေး ထွက်ပေါ်လာသည်။ စာအုပ်အဖုံးနှင့် စာမျက်နှာများမှာ ကောင်းစွာ ထိန်းသိမ်းခံထားရပုံပေါ်ပြီး ယနေ့ထိတိုင် ဖတ်ရှု၍ ရနေသေး၏။ စာအုပ်က တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲတွင် အချိန်အတော်ကြာ ရှိနေပုံရပြီး ထောင့်စွန်းတစ်ခုဆိုပါက အသားများနှင့် တစ်ဆက်ထဲပင် ဖြစ်နေသည်။ ယဲ့ကျား နှလုံးသားက အနည်းငယ်တုန်လှုပ်သွား၏။
တစ်ဖက်လူသည် တံခါးအား ဖွင့်ရန် နည်းလမ်းရှာတွေ့ခဲ့သူ ဖြစ်သည်။ နှစ်များစွာ ကြာပြီးနောက် တံခါးပြန်ပိတ်ရန် သူ နည်းလမ်းရှာတွေ့ခဲ့သည်လော …
ဤစာအုပ်တွင်းရှိ အချက်အလက်များသည် သူတို့ရှာဖွေနေသည့် သော့ချက် ဖြစ်နေသည်လော …
…..