အပိုင်း ၁၁၈
Viewers 10k

Chapter 118



အားမီ၏ စိတ်အစဉ်သည် ရှုပ်ထွေးနေ၏။ အငြိုးကြီးတစ္ဆေအနေဖြင် တစ္ဆေများ ကမ္ဘာအစစ်သို့ ရောက်ရှိလာခြင်းအပေါ် ပျော်ရွှင်နေသင့်သည်။ သို့သော် အားမီက လမ်းထောင့်တစ်ခုတွင် ရပ်လိုက်သည်။ အုတ်အကျိုးအပဲ့များကြားတွင် ကြောင်အချို့ သေဆုံးနေသည်ကို တွေ့လိုက်ရ၏။ အားမီ ကြေကွဲလေတော့သည်။

မိခင်ရောက်ရှိလာမှုက မြို့ပေါ်ရှိ အသက်များကို အဆုံးသတ်စေခဲ့ပြီး လေထုထဲတွင် ယင်စွမ်းအင် မြင့်တက်လာသည့်အလျောက် လွတ်ရာရှောင်လာကြသည့် သတ္တဝါများသည်လည်း သေဆုံးသွားကြသည်။ ၎င်းက တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း ရှေ့ဆက်လျှောက်ရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်၏။ ကျီရွှမ်၏ နောက်လိုက်တစ်ဦးအနေဖြင့် ကျီရွှမ်နှင့် မိခင် ဆက်ဆံရေးမကောင်းကြောင်း အားမီ ကောင်းစွာ သိရှိထားသည်။ မိခင် ကမ္ဘာအစစ်အမှန်သို့ ရောက်ရှိလာသည်နှင့် ၎င်းသည် ပထမဆုံး ပစ်မှတ် ဖြစ်လာလိမ့်မည်ဟု ယူဆခဲ့သည်။

သို့သော် မျှော်လင့်မထားစွာပင် မိခင် ရောက်ရှိနေပြီဖြစ်ကြောင်း အငြိုးကြီးတစ္ဆေများထံမှ တဆင့်သိရှိရသော်လည်း အားမီဘေးကင်းနေဆဲ ဖြစ်သည်။ ကင်းက မိခင်၏ ပြစ်ဒဏ်မှ လွတ်ကင်းခဲ့ခြင်းမှာ သူ၏ ယခင်ပုန်ကန်မှုသည် မိခင်စေခိုင်းသည့် မစ်ရှင်အား ပြီးမြောက်ရန်အတွက် သရုပ်ဆောင်ခြင်း သက်သက်သာ ဖြစ်သောကြောင့်ပင်။

အေ့စ်အား အငြိုးကြီးတစ္ဆေအဖြစ် ပြောင်းလဲရန်သာဖြစ်သည်။ အားမီ ၎င်းကိုကြားသည်နှင့် နိုးနိုးကြားကြား ဖြစ်သွားခဲ့၏။

ကင်းက အဲဒီ့ကြောက်စရာကောင်းတဲ့ အေ့စ်နဲ့ ပတ်သက်နေပြန်ပြီလား …အားမီပိုတွေးလေလေ၊ ပို၍ကြေကွဲလာလေလေပင်။ သဘောကောင်းသည့် တစ္ဆေအားယဲ့သည် အကျင့်ပုတ်အေ့စ်အား ကျော်လွန်နိုင်မည်မဟုတ်။

တကယ်လို့များ …

အားမီတွေးပင် မတွေးဝံ့တော့။ ထိုအချိန်မှာပင် ၎င်း၏နောက်၌ အရပ်ရှည်ရှည်ပုံရိပ်နှင့် လူငယ်တစ်ဦး ပေါ်လာခဲ့သည်။ ယဲကျားက M မြို့သို့ ပြန်လာလာချင်း ကျီရွှမ်ကို ရှာနေခြင်းပင်။ သို့သော် ကျီရွှမ်အား မည်သည့်နေရာတွင်မှ မတွေ့ရသည့်အလျောက် ယဲ့ကျားက တစ်ဖက်လူ သွားနေကျနေရာများတွင် လိုက်ရှာနေခြင်း ဖြစ်သည်။ ရုတ်တရက် လမ်းပေါ်တွင် ရင်းနှီးနေသည့် တစ္ဆေအား တွေ့မိလိုက်၏။

အဲဒါ အားမီ မဟုတ်လား … ကျီရွှမ်ဘယ်မှာရှိလဲ သူသိလောက်မယ်ထင်တယ် …

ယဲ့ကျားအော်ခေါ်လိုက်သည်။

“ဟေး …”

တစ္ဆေက ထိတ်လန့်သွားသည်။ ၎င်းက နောက်လှည့်ကြည့်လာ၏။

ကိုယ်ဟန်သွယ်လျသည့် အမျိုးသားတစ်ဦးက အနီတောက်တောက် ကောင်းကင်ကို နောက်ခံထားကာ မတ်တပ်ရပ်နေသည်။

“ကျီရွှမ် ဘယ်မှာလဲ …” သူက မေးလိုက်သည်။

“ကင်းလား …” အရိပ်တစ္ဆေက လန့်သွားသည်။ ၎င်းက ကြောင်အသွားကာ အရိပ်သဏ္ဍာန်လက်ကို မြှောက်ရင်း ခေါင်းကုတ်လိုက်သည်။

“တကယ်တော့လေ … ကျွန်မက …” ၎င်း၏ စကားမဆုံးသေးခင် လူငယ်က လမ်းလျှောက်လာ၏။ သူ့မျက်နှာမှာ အရင်အတိုင်း ဖြစ်သော်လည်း သူ၏ မျက်လုံးများကမူ တစ္ဆေဘုရင်ကဲ့သို့ ကြက်သွေးရောင် မျက်လုံးများဖြစ်နေသည်။

အရိပ်တစ္ဆေ : “…”

၎င်း၏ မျက်လုံးများ ပြူးကျယ်လာကာ တုန်လှုပ်လာသည်။

“အား … အားယဲ့ … ရှင် …”

ထိုအချိန်မှာပင် သူတို့နှင့် မဝေးသည့် လေထု၌ နေရာလွတ်တစ်ခု ပေါ်ပေါက်လာသည်။ တစ္ဆေတစ်ကောင် ပေါ်ပေါက်လာပြီး ယဲ့ကျားအား ဦးညွှတ်လိုက်၏။ ၎င်းက တလေးတစား ဆိုလာခဲ့သည်။

“ကြို .. ကြိုဆိုပါတယ် …”

ယဲ့ကျားက အသိအမှတ်ပြုသည့်အသံ ပြုလိုက်သည်။ “ဘာလဲ …

“မိခင်က မြို့လယ်ခေါင်မှာ စောင့်နေပါတယ် …”

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။ ခန့်မှန်းချက်တစ်ခုက သူ့နှလုံးသားထဲတွင် ပေါ်ပေါက်လာ၏။ ဗြူရို ဌာနချုပ်၌ မိခင်သည် နောက်မှ ပြောမည်ဟု ပြောခဲ့သည်။

ကျီရွှမ်က အခု မိခင်နဲ့ အတူရှိနေတာလား …

သူက ကြောက်လန့်နေသည့် အငြိုးကြီးတစ္ဆေအား မျက်လွှာပင့်ကြည့်လိုက်သည်။

“ငါ နားလည်ပြီ …”

အငြိုးကြီးတစ္ဆေက ယဲ့ကျားကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး ပျောက်ကွယ်သွားလေသည်။ အရိပ်တစ္ဆေက တောင့်ခဲကျန်ခဲ့၏။ ၎င်း၏ မှုန်ဝါးဝါးမျက်နှာလေးသည် မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ထိုအငြိုးကြီးတစ္ဆေသည် A အဆင့်ဖြစ်ပြီး S အဆင့်အငြိုးကြီးတစ္ဆေများ ကိုပင် အနိုင်ပိုင်းနိုင်၏။

ဒါပေမယ့် ယဲ့ကျားကို တကယ်ကြီး ဦးညွှတ်တယ်တဲ့လား …

အရိပ်တစ္ဆေသည် ၎င်း၏ နံဘေးတွင်ရပ်နေသည့် အားယဲ့ကို ကြည့်လိုက်သည်။ တစ်ဖက်လူက အငြိုးကြီးတစ္ဆေ ပျောက်ကွယ်သွားရာ နေရာသို့ ကြက်သွေးရောင် မျက်ဝန်းများဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သည်။ ထိုမျက်လုံးအရောင်သည် တိုက်ရိုက်သွေးဆက်များသာ ပိုင်ဆိုင်သည့် မျက်လုံးအရောင်ဖြစ်သည်။ တစ်ဦးက ကင်းဖြစ်ပြီး နောက်တစ်ဦးက …

အရိပ်တစ္ဆေသည် ပါးစပ်ကိုဖွင့်ရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ “ရှင် … ရှင်………”

ယဲ့ကျားသည် ၎င်း၏ စိတ်ခံစားချက် အပြောင်းအလဲများကို သတိမပြုမိချေ။

“ဒါဆို ငါသွားပြီ ...” လူငယ်လေးက ကြက်သွေးရောင် အပေါက်ကြီးထံသို့ ဦးတည်လိုက်၏။ တိုက်ရိုက်သွေးဆက်များ၏ ဖိနှိပ်ချုပ်ချယ်မှုက သူ၏ တစ္ဆေပိုင်နက်အတွင်းမှ ထွက်ပေါ်လျှက်ရှိသည်။ သူက တစ္ဆေပိုင်နက်အတွင်း ခြေလှမ်းချလိုက်သည်နှင့် အရိပ်တစ္ဆေ၏ မြင်ကွင်းအောက်မှ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ လမ်းများက တစ်ဖန်တိတ်ဆိတ်သွား၏။

အရိပ်တစ္ဆေ : “…”

၎င်းက ကုပ်ကုပ်ကလေး ထိုင်လိုက်ပြီး ကိုယ့်ခေါင်းကိုယ် ဆုပ်ကိုင်လိုက်သည်။ အပျက်အစီးများကြားထဲတွင် အော်သံတစ်ခု ပဲ့တင်ထပ်လာသည်။

“အား … ”

၎င်း၏ ကမ္ဘာကြီးအပေါ် အမြင်က ပြိုကွဲသွားခဲ့ချေပြီ။

........

“မင်း သေချာရဲ့လား … ” ဝူစူးက လေးနက်စွာ မေးလိုက်သည်။

“…...ဟုတ်ကဲ့ ”

သူ့ရှေ့ရှိ အလုပ်သမားသည်လည်း လေးနက်စွာ ပြန်ဖြေလိုက်သည်။ သူ့မျက်ခုံးများက တွန့်ကွေးနေကာ ပြောရခက်နေပုံပေါ်၏။ သူက အသက်ကို ဖြည်းညှင်းစွာ ရှူသွင်းလိုက်ရင်း ခက်ခက်ခဲခဲ ပြောလာခဲ့သည်။ စကားလုံးတိုင်းက သွားကြားမှ ထွက်လာသကဲ့သို့ပင်။

“ကျွန်တော်တို့ မြို့တော်ကနေ ရခဲ့တဲ့ သတင်းပါ … ”

“အသတ်ခံရသူတွေက … တကယ်ပဲလား …. ” ဝူစူးအသံက တင်းကျပ်လျှက်ရှိသည်။

“တကယ်ပါ ...” ဝန်ထမ်းက အားတင်းပြုံးလိုက်သည်။ “

ဒါပေမယ့် သတင်းကောင်းလည်း ရှိပါသေးတယ် … ကျန်တဲ့လူတွေက တစ်ခုခုမှားမှန်း သတိပြုမိတာနဲ့ ချက်ချင်းရွှေ့ပြောင်းခဲ့ကြပါတယ် … သူတို့ အသက်ရှင်နေတုန်းပါပဲ …”

“သူတို့အခုဘယ်မှာလဲ …”

“မြို့တော်နားက မြေအောက်ခန်းတစ်ခုထဲမှာပါ ...” တစ်ဖက်လူက ပြန်ဖြေလိုက်သည်။

“သူတို့က အခု ဒဏ်ရာကုသနေကြပါတယ် …”

ဝူစူးက မေးလိုက်သည်။ “ဌာနချုပ်ကရော … ”

“အငြိုးကြီးတစ္ဆေတွေ သိမ်းလိုက်ပါပြီ … အနီးတစ်ဝိုက်က ယင်စွမ်းအင်အရမ်းထူထပ်နေတာကြောင့် ကျွန်တော်တို့ ဘယ်လိုမှ ဝင်မရခဲ့ပါဘူး … ဒါပေမယ့် …”

ဝန်ထမ်းက ပြောသင့်မပြောသင့် စဉ်းစားနေပုံဖြင့် စကားရပ်လိုက်သည်။

“ဒါပေမယ့် ဘာဖြစ်လဲ … ” ဝူစူး မျက်မှောင်ကြုတ်လိုက်သည်။ .

“ဒါပေမယ့် …..” တစ်ဖက်လူက အသက်တစ်ချက်ရှိုက်ရင်း ပြောလိုက်သည်။

“တိုက်ခိုက်ခံရတဲ့နေ့တုန်းက အေ့စ်ကို တွေ့လိုက်တဲ့လူ ရှိပါတယ် ...”

ဝူစူး ထိတ်လန့်သွားသည်။ “……..အေ့စ်လား ” သူက အံကြိတ်လိုက်သည်။

“သတင်းက စိတ်ချရလား … ”

“ဟုတ်ကဲ့ ...” ဝန်ထမ်းက ရုံးမှ ထွက်ခွာသွားခဲ့သည်။

ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် အခြားမြို့များရှိ ဗြူရိုအဖွဲ့ဝင်များသည် လျှို့ဝှက်နေရာများသို့ ပြောင်းရွှေ့ကြ၏။ M မြို့တော်သည် အသိမ်းခံရပြီး ဖြစ်သည့်အလျောက် M မြို့ရှိ ဗြူရိုအသင်းဝင်များသည်လည်း အနီးရှိ မြို့များသို့ ပြောင်းရွှေ့ကြရင်း မြို့တော်အပြင်ဘက်တွင် အတူတကွ ပုန်းခိုနေကြသည်။ ဗြူရိုနှစ်ခုရှိ ဝန်ထမ်းအရေအတွက်သည် နည်းနည်းနောနော မဟုတ်သဖြင့် စခန်းတစ်ခုလုံး ပြည့်ကျပ်နေ၏။

ဝူစူး၏ ရုံးခန်းက ယခင်အတိုင်း တတိယထပ်တွင်သာ ရှိသည်။ ညစ်ပတ်ပြီးစိုစွတ်နေသည့် ကြမ်းပြင်ပေါ်တွင် ရှုပ်ပွနေသည့် စာရွက်စာတမ်းများ ရှိနေပြီး အခန်းအလယ်တွင် သစ်သားစားပွဲတစ်ခု ရှိနေသည်။ ရေဒီယိုများ၊ လျှပ်စစ်ကိရိယာများနှင့် ဆက်သွယ်ရေးဂြိုဟ်တုများမှအပ မည်သည့်အရာမှ ဤနေရာတွင်မရှိချေ။

ဝူစူးက အသက်ပြင်းပြင်းရှိုက်လိုက်သည်။ သူ့မျက်ခုံးများမှာ စိုးရိမ်မှုဖြင့် တွန့်ကွေးလျှက်ရှိသည်။ သူက လုပ်နေကျအတိုင်း မုတ်ဆိတ်မွှေးများကို ဆွဲနှုတ်နေခဲ့သည်။ ထိုအချိန်အတောအတွင်း သူ၏ မုတ်ဆိတ်မွှေးများ အကုန်ပြောင်သွားခဲ့သည်မှာ သနားစရာပင်။

အေ့စ် …

သူက အေ့စ်အား ကမ္ဘာအစစ်တွင် ဆုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့။ ထောက်ပံ့ရေးအသင်းမှ အပျင်းကြီးသော အလုပ်သမားသည် မည်သူမှ မကျော်ဖြတ်နိုင်သည့် ဂိမ်းထဲရှိ ဒဏ္ဏာရီလာ ကစားသမား ဖြစ်နေခဲ့သည်။ ဝူစူးသည် အေ့စ်အား ပထမဆုံးအကြိမ် တွေ့ခဲ့သည့်နေ့ကို မှတ်မိနေသေး၏။ သူကားမောင်းထွက်ခဲ့ချိန်တွင် ဘတ်စ်ကားစောင့်နေသည့် ယဲ့ကျားကို တွေ့လိုက်ရသည်။ ယခု သူ ဆက်စပ်တွေးနိုင်ပြီ ဖြစ်၏။ ၎င်းမှာ ပုံမှန်မဟုတ်သော တိုက်ဆိုင်မှုသာ ဖြစ်သည်။

သို့သော် ပို၍ ထိတ်လန့်စရာ ကိစ္စက စောင့်ကြိုနေခဲ့ပြန်သည်။ ဂိမ်းကို အဆုံးသတ်ခဲ့သည့် ကစားသမားသည် သူတို့၏ ရန်သူဖြစ်သွားခဲ့လေပြီ။ မိန်းမပျိုလေး၏ ပိန်ပါးသော ရင်ဘတ်အား ထိုးဖောက်သွားပုံက သူ့မြင်လွှာတွင် ထင်ဟပ်လာ၏။

ဝူစူး မျက်လုံးမှိတ်လိုက်တိုင်း သွေးများစီးကျနေသော ဝေ့ရွှယ်ချူး၏ အံ့အားသင့်နေဟန် ပုံရိပ်ကိုသာ မြင်ယောင်နေမိသည်။ ထိုပုံရိပ်သည် သူ့အား ထပ်ခါထပ်ခါ နှိပ်စက်နေ၏။ ဤမျှအချိန်ကြာမြင့်ပြီးသည့်နောက် လုပ်ဖော်ကိုင်ဘက်များအား ဆုံးရှုံးရခြင်းအပေါ် ကျင့်သားရနေပြီဟု ဝူစူး သူ့ကိုယ်သူ ထင်ခဲ့သည်။ သို့သော် အချို့အကြောင်းရင်းများကြောင့် သူ့ရင်ထဲတွင် နာကျင်နေရဆဲဖြစ်၏။

အေ့စ်အပေါ် လေးစားမှု၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ဆုံးရှုံးရသည့် နာကျင်မှု၊ လူသတ်သမားအား မုန်းတီးမှု ထိုခံစားချက်အားလုံးသည် သူ့ပုခုံးပေါ်တွင် လေးလံစွာ ဖိစီးလျှက်ရှိသည်။ သူ့အား အသက်ရှူရန်ပင် ခက်ခဲလာစေသည်။

ရုတ်တရက်ဆိုသလို ရုံးခန်းတံခါး ပွင့်သွားပြီး ဘလပ်စ်နှင့် ချန်ချင်းယဲ့က အခန်းတွင်းဝင်လာ၏။ ဝူစူး လန့်သွားခဲ့သည်။ ချန်ချင်းယဲ့က ဝူစူးကို ပြုံးပြလာသော်လည်း သူ့မျက်နှာထက်တွင် တောင်းပန်သည့် အမူအရာမျိုးရှိမနေချေ။

“ကျွန်တော်တို့ ကောလဟာလအချို့ ကြားခဲ့လို့ပါ … မြို့တော်မှာ ဘာဖြစ်သွားခဲ့တာလဲ …”

ဘလပ်စ်က မှောင်မဲနေသော အမူအရာဖြင့် ကုလားထိုင်ကို ဆွဲထိုင်ချလိုက်သည်။ ဝူစူး သက်ပြင်းချလိုက်မိ၏။ သူက ထိုလူနှစ်ဦးအား ဌာနချုပ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စကို ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ အေ့စ်အား မြင်လိုက်သည်ဟူသော ကိစ္စ အပါအဝင်ဖြစ်၏။ ချန်ချင်းယဲ့၏ အမူအရာက ပို၍ တည်ငြိမ်လာသည်။

“ဒီတော့ အေ့စ်က ဌာနချုပ်ကအဖွဲ့ဝင်တွေ အသတ်ခံရမှုမှာ ပတ်သတ်နေတယ်လို့ သံသယဝင်နေတာလား … ”

ဝူစူး ပုခုံးတွန့်လိုက်သည်။ သူက ပင်ပန်းနေပုံပေါ်၏။ “ကျုပ်လည်း မသိဘူး … ဒါပေမယ့် ……….”

သက်သေက ထိုသို့ ထောက်ပြနေခြင်းသာဖြစ်၏။ သူက မနေနိုင်ပဲမေးလိုက်သည်။

“တစ်ခုခု ထူးဆန်းနေတယ် မထင်ဘူးလား … ”

“အေ့စ်ကလား … ”

ချန်ချင်းယဲ့ ခေါင်းခါလိုက်သည်။

“အခုထိ အေ့စ်က တစ္ဆေတွေဘက်က သူလျှိုဖြစ်နိုင်တယ်လို့ ကျွန်တော်မယုံနိုင်ဘူး ...”

တစ်ဖက်လူသည် လူသားမျိုးနွယ်အတွက် များစွာ အကျိုးပြုခဲ့သည်။ မိခင် အငြိုးကြီးတစ္ဆေများအား စေခိုင်းသည့် မစ်ရှင်များနှင့် M မြို့တော်သည် တံခါးဖြစ်သည်ဟူသည့် အချက်ကို ယဲ့ကျားအကူအညီမရှိပဲ သူတို့ မသိနိုင်ချေ။ သို့သော် ဝူစူးက အဆိုပါ စစ်ဆေးမှုတွင် မပါဝင်သည့်အလျောက် ၎င်းတို့အား သူ မသိခြင်းဖြစ်သည်။ ချန်ချင်းယဲ့က ဝူစူးဘက် လှည့်လိုက်၏။

“မိခင်ဘက်က လူသာဆိုရင် ခင်ဗျား M မြို့က လူတွေကိုကယ်နိုင်ဖို့အတွက် နံရံဖြိုချပေးပါ့မလား … သူ့ဟာသူ မြို့ထဲ ဝင်သွားမှာပေါ့ …”

ဝူစူး အံကြိတ်ရင်း ခေါင်းညှိတ်လိုက်သည်။

“ခင်ဗျားပြောတာ မှန်တယ် …”

လွန်ခဲ့သည့် ရက်များအတွင်း ကောလဟာလများစွာ ပျံ့နှံ့နေကြ၏။ သို့သော် ချန်ချင်းယဲ့ပြောသည်မှာလည်း အမှန်ပင်ဖြစ်သည်။

“ပြီးတော့ …” ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်လျှက် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

“အဲဒီ့တုန်းက အေ့စ်ရဲ့ရှပ်အင်္ကျီပေါ်မှာ သွေးတွေရှိနေတာ ခင်ဗျား သတိပြုမိလား …”

ဝူစူးအံ့အားသင့်သွားသည်။ ထိုအချိန်က နေ့အချိန်ဖြစ်သော်လည်း ကောင်းကင်တစ်ခုလုံး တိမ်မည်းများ ဖုံးအုပ်နေခဲ့သည်။ သူက အဝေးတွင် ရပ်နေခဲ့ခြင်းဖြစ်ရာ အေ့စ်၏ ရှပ်အင်္ကျီမှ သွေးများကို သတိမပြုမိချေ။ ချန်ချင်းယဲ့က ယုံကြည်ချက်အပြည့်ဖြင့် အကျဉ်းချုပ်လိုက်သည်။

“အေ့စ်နဲ့ မိခင်က အပေးအယူလုပ်ခဲ့ကြတာပဲ ဖြစ်ရမယ် …”

ဝူစူး ကြောင်အသွား၏။ သူက ချန်ချင်းယဲ့ ဆက်ပြောသည်ကို ကြားလိုက်ရသည်။

“မိခင်က အေ့စ်ကို ထိန်းချုပ်နိုင်အောင်လို့ တစ်ခုခုလုပ်ခဲ့တဲ့ပုံပဲ … အဲဒါကြောင့် သူအခု ……”

သူစကားမဆက်နိုင်သေးခင် သူ့ဘေးရှိ ဘလက်စ်က မဲမှောင်နေသော အမူအရာဖြင့် မတ်တပ်ရပ်လိုက်သည်။ သတ္တုကုလားထိုင်က ကွန်ကရစ် ကြမ်းပြင်နှင့် ပွတ်တိုက်သွားပြီး သွားကျိန်းစရာ အသံစူးစူးကြီး ထွက်ပေါ်လာ၏။ သူက အံကြိတ်လျှက်ဆိုသည်။

“ငါမယုံဘူး …”

ကျန်နှစ်ဦး ကြောင်အသွားကြသည်။ ချန်ချင်းယဲ့ မျက်မှောင်ကြုတ်လိုက်၏။ “ဘာလဲ … ”

အခန်းထဲတွင် ဘလပ်စ်၏ ဆံပင်နီနီသာ တောက်ပနေသည့် တစ်ခုထဲသောအရာအဖြစ် တည်ရှိနေသည်။ သူ့မျက်နှာပေါ်ရှိ ကြွက်သားများက တောင့်တင်းနေပြီး သူ၏ မျက်လုံးနက်နက်များသည် ဒေါသတကြီး တောက်လောင်နေသည်။ သူက ကျန်နှစ်ဦးအား စိန်ခေါ်သလို ကြည့်လိုက်၏။

“ငါ … မယုံဘူး …” သူက တစ်လုံးချင်း ဖိပြောလိုက်သည်။

“ဝေ့ရွှယ်ချူး သေမှာမဟုတ်ဘူး …”

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြ၏။

“ခုထိ သင်ခန်းစာ မရသေးဘူးလား … အေ့စ်က လူလိမ်ပဲ … ”

ဘလပ်စ်က အသံကျယ်ကျယ်နှင့် ဆက်ပြောလာသည်။

“အပျိုစင်လိုမျိုး နတ်ဆိုးမ သေသွားတယ်ဆိုတာကို ငါပိုပြီးမယုံသေးတယ် …”

ဝူစူးက မတ်တပ်ရပ်လိုက်ရင်း တစ်ဖက်လူကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

“ဒါပေမယ့် ဟိုနေ့က မင်းလည်း တွေ့ခဲ့တာပဲလေ …….”

အေ့စ်၏ လက်နက်အောက်တွင် မည်သူမှ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ခြင်းမရှိချေ။ သူမ၏ ကိုယ်တွင်းသို့ တံစဉ်ထိပ်ဖျား နစ်ဝင်သွားခဲ့ကြောင်း သူတို့ သေချာတွေ့လိုက်ရ၏။ အပျိုစင်ကဲ့သို့ တည်ရှိမှုမျိုးပင် အသက်ရှင်ရန် မဖြစ်နိုင်ချေ။ သို့သော် …

သူတို့က သေးငယ်သည့် ဖြစ်နိုင်ချေအား မျှော်လင့်နေခဲ့ကြသော်လည်း ဌာနချုပ်ဖြစ်ရပ်တွင် မျက်မြင်သက်သေ၏ ထွက်ဆိုချက်အရ ထို ဖြစ်နိုင်ချေမှာ ပို၍ပို၍ သေးငယ်လာခဲ့ရ၏။ သူတို့က မှားယွင်းသော မျှော်လင့်ချက်များကို မေ့ပစ်ပြီး အခြေအနေများ ပြောင်းပြန်ဖြစ်သွားအောင် ဆုတောင်းရန်သာ တတ်နိုင်တော့သည်။ ဘလက်စ်ကမူ ခေါင်းမာမာနှင့် ငြင်းဆန်နေဆဲပင်။

“ငါမယုံဘူး ...” သူက အခိုင်အမာဆိုလာသည်။

“အေ့စ်က လူလိမ်ပဲ … ငါမင်းတို့ကို ပြောပြီးပြီ … ငါသူ့ကို ဘယ်တော့မှ ထပ်မယုံတော့ဘူး … အဲဒါကြောင့် သူအခုလို စိတ်ပြောင်းပြီး ဘက်ပြောင်းသွားတာကို ငါလုံးဝမယုံနိုင်ဘူး … ”

ချင်ချန်းယဲ့က တင်းမာနေသည့် လေထုအား ဖြိုခွင်းလိုက်သည်။

“တကယ်တော့ အဲဒါက ဖြစ်နိုင်ချေ အရမ်းနည်းတယ်လို့ ငါလည်း အစကတွေးခဲ့ပေမယ့် ငါတို့အတည်မပြုနိုင်တာ တစ်ခုရှိသေးတယ် ... ”

ဝူစူးက ကြောင်အသွားသည်။ “ဘာများလဲ … ”

“ငါတို့ခုထိ ဝေ့ရွှယ်ချူးအလောင်းကို မတွေ့သေးဘူးလေ … ”

ချန်ချင်းယဲ့က ပြောလိုက်သည်။

ဝူစူး အတွေးနက်သွား၏။ သူမအလောင်းအား သူတို့ မရှာချင်ခဲ့ခြင်း မဟုတ်ချေ။ ရှာရန် အချိန်မရ၍သာဖြစ်သည်။ သူတို့က ယဲ့ကျားထွက်သွားကတည်းက နိုင်ငံသားများနှင် ဒဏ်ရာရဝန်ထမ်းများအား ရွှေ့ပြောင်းခြင်းနှင့် အလုပ်များသွားခဲ့ကြသည်။ ဝေ့ရွှယ်ချူး၏ ခန္ဓာကိုယ်အား ရှာဖွေရန် အချိန်မရခဲ့ချေ။ ဝူစူး သူ့အတွေးများကို ထုတ်ပြောသည့်အခါ ချန်ချင်းယဲ့က ခေါင်းညှိတ်လိုက်သည်။

“ဒါလည်း ဟုတ်တာပဲ …” သူက ခဏတွေးလိုက်ပြီးနောက် ထပ်ပေါင်းပြောလာ၏။

“ဒီလိုဆို ငါတို့ အခြေအနေ နှစ်ခုအတွက် ပြင်ဆင်ထားရမယ် …”

“ပထမတစ်ခုက အေ့စ်က ငါတို့ရန်သူ ဖြစ်သွားပြီ …သူက အရမ်းသန်မာတဲ့လူပဲ … ဒါ့ကြောင့် သူ့ကို ပေါ့ပေါ့လေးသွားဆက်ဆံရင် ငါတို့ ပြဿနာတက်လိမ့်မယ် … ”

ချန်ချင်းယဲ့က ခဏရပ်ပြီးဆက်ပြော၏။

“ဒုတိယအနေနဲ့ ငါတို့သူနဲ့တွေ့တဲ့အခါ မိခင်သူ့ကို ထိန်းချုပ်ထားတာ ဟုတ်မဟုတ် အတည်ပြုရမယ် … ပထမအချက်ကိုလည်း သေချာပေါက်မေ့လို့မဖြစ်ဘူး … အကယ်၍ အေ့စ်သာ ငါတို့ဆီ ပြန်လာခဲ့ရင် သူက တကယ့်ကို အားကိုးရတဲ့ အင်အား ဖြစ်လာမှာပဲ …”

“နောက်ဆုံးအနေနဲ့ … ”

ချန်ချင်းယဲ့က မျက်နှာအမူအရာ မဲမှောင်နေသည့် ဘလက်စ်ကို ကြည့်လိုက်သည်။

:“သူ ငါတို့ကို ထပ်ပြီးလှည့်ဖျားနေတာ ဟုတ်မဟုတ် ငါကိုယ်တိုင်သေချာမသိပေမယ့် ဒါက စိတ်ကူးယဉ်အခြေအနေသက်သက်ပဲ … အရမ်းကြီး မျှော်လင့်မထားဖို့ အကြံပေးချင်တယ်……”

ဘလပ်စ်က မကျေနပ်ချေ။ “ဒါပေမယ့် ……”

ချန်ချင်းယဲ့က သူ့ကို ကြားဖြတ်ပြောလိုက်သည်။ “မင်းကို မပြောဘူး … ”

ဘလက်စ် ကြောင်အသွား၏။

“မင်းရဲ့ခန့်မှန်းချက်ကို အတည်ပြုချင်တယ်ဆိုရင် M မြို့ကိုသွားပြီး ဝေ့ရွှယ်ချူးအလောင်း ကို ပြန်ရှာနိုင်တယ် … ဒါပေမယ့် အသင်းဝင်တွေအတွက် အရမ်းအန္တာရာယ်များလွန်းတယ် … လက်ရှိမှာ လူအင်အားက တန်ဖိုးရှိတာကြောင့် သူတို့ကို မင်းနဲ့အတူထည့်ပေးနိုင်မှာ မဟုတ်ဘူး ...”

ဘလပ်စ် တက်ကြွသွားသည်။ သူ့ခေါင်းပေါ်ရှိ ဆံပင်နီနီများပင် အားအင်များ ပြည့်နှက်နေ၏။

“ပြဿနာ မရှိပါဘူး …”

“အခြေအနေ တစ်ခုတော့ရှိတယ် ...” ချန်ချင်းယဲ့ ဆက်ပြောလာ၏။.

“ဘာလဲ … ” ဘလက်စ်က ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်၏။

“မင်းသာ ကျရှုံးသွားရင် ဘာအဓိပ္ပာယ်သက်ရောက်မလဲ မင်းသိတယ်နော် … ”

“ဘာကိုလဲ …” ဘလပ်စ်က နားမလည်ချေ။

ဝူစူးကြားဖြတ်ပြောလိုက်၏။ “ဝေ့ရွှယ်ချူး သေသွားပြီ ဆိုတာပဲ … ”