အပိုင်း ၁၁၉
Viewers 10k

Chapter 119



ဘလပ်စ် တောင့်တင်းသွား၏။ ချန်ချင်းယဲ့က အညှာအတာကင်းစွာဖြင့် ထပ်ပေါင်းပြောလိုက်သည်။

“နောက်ပြီး သူမကို အေ့စ် သတ်လိုက်တာ ...”

ဘလပ်စ် အမူအရာက ပို၍ ပျက်ယွင်းသွားသည်။ သူက လက်များဖြူလျော်လာသည်အထိ လက်သီးတင်းတင်းဆုပ်လိုက်၏။

“ငါပြောမယ့် အခြေအနေတစ်ခုရှိတယ်ဆိုတာက မင်းကျရှုံးခဲ့ရင် … ”

ချန်ချင်းယဲ့က သူ့ရှေ့ရှိ လူငယ်အားကြည့်ရင်း တစ်လုံးချင်းပြောလာသည်။:

“လက်စားချေမယ်ဆိုပြီး အေ့စ်ကို ကမူးရှူးထိုး သွားမရှာပါနဲ့ … ”

အချိန်အတန်ကြာပြီးနောက် ဘလပ်စ်က ပြန်ဖြေလိုက်၏။

“…….ငါသိပြီ .”

ဘလပ်စ် ထွက်ခွာသွားခဲ့သည်။

……

M မြို့တော်တစ်ခုလုံး ယင်စွမ်းအင်များ ဖုံးလွှမ်းနေပြီး ကောင်းကင်၏ အရောင်အစစ်အမှန်ကိုပင် မမြင်ရပဲ ရှိနေ၏။ မြေကြီးများက အက်ကြောင်းများ ထင်နေကာ အဆောက်အဦးများမှာလည်း ပြိုကျနေသည်။ တစ်နေရာလုံး ပျက်စီးယိုယွင်းနေကြ၏။ ထိုအပျက်အစီးများကြားတွင် တွန့်လိမ်နေသည့် သွေးသံရဲရဲအသားများက ရှိနေကြသည်။

ဖြူစုတ်စုတ် အလောင်းများက လမ်းတိုင်းလိုလို ရှိနေ၏။ ၎င်းတို့က အခြားမြို့တစ်ခုမှ ယူဆောင်လာခံရပုံပေါ်သည်။ အချို့က ပုပ်ပွနေကြပြီး အချို့အလောင်းများကမူ လတ်လတ်ဆတ်ဆတ် သေဆုံးထားသည်ဟု ထင်ရသည်။ ဖြစ်သလို စုပုံနေကြသည့် အလောင်းများထံမှ အပုပ်နံ့များ လှိုင်လှိုင်ထနေ၏။

ယဲ့ကျားက လမ်းထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာသည်။ သူက ခေါင်းကိုမော့လိုက်ရင်း မလှမ်းမကမ်းမှ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် အဆောက်အဦးကို ကြည့်လိုက်မိသည်။ ကျောက်တုံးအပိုင်းကြီးများ၊ ဘိလပ်မြေအစများနှင့် စတီးချောင်းများက တစ်ခုနှင့်တစ်ခု ရောယှက်ကာ အဆောက်အဦးတစ်ခုအဖြစ် တည်ရှိနေ၏။ ယဲ့ကျားက အကြည့်ပြန်ရုတ်ကာ အဆောက်အဦးထံ လမ်းလျှောက်သွားခဲ့သည်။

လူငယ်၏ သွယ်လျကာ ဖြောင့်တန်းသော ပုံရိပ်က အဆောက်အဦး ဝင်ပေါက်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွား၏။ သူပို၍ သွားလေလေ၊ အနံ့မှာ ပို၍ ပြင်းထန်လာလေလေပင်။ အဆောက်အဦးတွင်းရှိ မြေကြီးပေါ်တွင် တွန့်လိမ်နေသည့် အသားပုံကြီးရှိနေသည်။ ထိုအသားပုံထဲတွင် ခြေလက်များမရှိသည့် အလောင်းများကို ခပ်ရေးရေးမြင်နေရ၏။

မိခင်က အခန်းတစ်ခုလုံးနီးပါးရှိနေသည့် အသားများပေါ်တွင် မတ်တပ်ရပ်နေပြီး ကျီရွှမ်ကမူ သူမနံဘေးတွင် ရှိနေ၏။ မိခင်က သူ့ကို ကြည့်လိုက်သည်။ သူမမျက်နှာပေါ်တွင် ယဲ့ကျားနှင့်ရင်းနှီးနေသည့် အပြုံးတစ်ခုပေါ်ပေါက်လာ၏။ သို့သော် နွေးထွေးမှုတစ်စွန်းတစ်စပင် မပါရှိနေပဲ သူမ အပြုံးက တစ်စုံတစ်ဦးအား လှည့်ပြေးစေသည်အထိ ကျောချမ်းစရာကောင်းလှ၏။

ကျီရွှမ်က ယဲ့ကျားကို တွေ့သည့်အခါ သူ၏ ပါးလျထင်ရှားသည့် နှုတ်ခမ်းထောင့်များ မြင့်တက်လာပြီး ကြက်သွေးရောင် မျက်ဝန်းများသည်လည်း လင်းလက်သွားခဲ့သည်။

“ကောကော … ကောက ဒီမှာပဲ …”

သူက အမြန်လျှောက်လာရင်း လက်ကိုဆန့်တန်းကာ လူငယ်လေး၏ ခါးကို ပွေ့ဖက်လိုက်ရင်း သူတို့ခန္ဓာကိုယ်များကို နီးကပ်စေလိုက်၏။ ထို့နောက် တစ်ဖက်လူ၏ ပါးပြင်အား အနမ်းခြွေလိုက်သည်။

“ကျွန်တော် ကောကို အရမ်းလွမ်းနေတာ ...”

ယဲ့ကျားက တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်။ သူက တစ်ဖက်လူကို ပြန်ဖက်လိုက်ရင်း ပြုံးကာဆိုလိုက်သည်။

:“ငါထွက်သွားတာ ခဏပဲရှိသေးတာလေ ...”

ကျီရွှမ်က လူငယ်လေး၏ နားရွက်ကို ကိုက်ကာ မကျေမနပ်ဆိုလာ၏။

“အရမ်းကြာလွန်းတယ် ...” သူ့အသံနိမ့်နိမ့်က ပိုင်စိုးလိုရိပ်များ ပြင်းထန်နေပြီး ကပ်တွယ်နေသကဲ့သို့ရှိသည်။

“ကောကော မရှိပဲ ကျွန်တော်မနေနိုင်ဘူး … ”

နားရွက်အကိုက်ခံနေရသည့် ယဲ့ကျားက တောင့်တင်းသွားခဲ့သည်။ “…….”

ဟေး … မင်းဒါကိုလုပ်ရတာ အရမ်းပျော်နေတာလား …

မနီးမဝေးရှိ သွယ်လျသော အမျိုးသမီးက အသားများနှင့်အတူ တရွေ့ရွေ့လမ်းလျှောက်လာ၏။ ကမ္ဘာပေါ်ရှိ အမှောင်မိုက်ဆုံး ယုတ်မာကောက်ကျစ်မှုများ စိမ့်ဝင်နေပုံရသည့် မျက်ဝန်းများသည် သူတို့နှစ်ဦးပေါ်သို့ ကျရောက်လာသည်။ သို့သော် သူမ မျက်နှာပေါ်တွင် ချစ်မဝသည့် အမူအရာမျိုးရှိနေဆဲ ဖြစ်သည်။

“ကြည့်ရတာ မင်းလိုချင်တာ ရသွားခဲ့ပုံပဲ … ”

ကျီရွှမ်က ပြုံးလိုက်ရင်း ယဲ့ကျား ခါးပေါ်ရှိ ပွေ့ဖက်မှုကို ပိုမိုတင်းကျပ်လိုက်သည်။ သူ့မျက်လုံးများက ပျော်ရွှင်ကျေနပ်မှုများဖြင့် လင်းလက်နေ၏။ သူက အနှစ်သက်ဆုံး ကစားစရာအား လက်ဝယ်ရရှိသွားသော ကလေးတစ်ဦးကဲ့သို့ပင်။

“ဟုတ်တယ် …”

သူက ယဲ့ကျားကို အနမ်းချွေလိုက်ပြန်သည်။ သူ့အသံက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။

“အမေ့ရဲ့ကျေးဇူးကြောင့်ပါ …”

ယဲ့ကျားက ကိုယ်ကို ပြေလျော့စေလျှက် ကျီရွှမ်အား မှီလိုက်၏။ မိခင်၏ တောင့်တင်းနေသော အမူအရာကို ကြည့်ခြင်းဖြင့် သူ့ခန့်မှန်းချက်မှာ မှန်ကန်နေကြောင်း သိလိုက်သည်။ မိခင်က သူမ၏ တိုက်ရိုက်သွေးဆက်နှစ်ဦး အတူရှိနေသည်ကို မလိုလားချေ။ သူမက ကြောက်နေခြင်းဖြစ်သည်၊၊ ကျီရွှမ်က မိခင်အား ကြည့်လိုက်၏။

“အမေ ကျွန်တော်တို့ကို မခွဲဘူးမဟုတ်လား …” မိခင်က ရယ်မောလိုက်သည်။

“ဒါပေါ့ …”

သူမက လက်တစ်ဖက်ကို ကျီရွှမ့်ထံ ကမ်းပေးလိုက်၏။

“တို့မင်းကို ကတိပေးခဲ့တယ်လေ …”

ကျီရွှမ်က တစ်ဖက်လူ၏ ဖြူဖျော့သောလက်ကို နမ်းလိုက်၏။ အပြုံးက သူ့နှုတ်ခမ်းထက်တွင် ကျန်ရှိနေဆဲ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် …”

သူသည် မိခင်ထံမှ ကတိစကားကို ရရှိခဲ့သည်။ ဂိမ်းထဲတွင်ဖြစ်စေ၊ အပြင်လောက၌ဖြစ်စေ၊ သူမက သူ့အတွက် တူညီသည့် ဆုတစ်ခုအား ပေးခဲ့၏။ ယဲ့ကျားနှင့် တစ်သက်လုံး အတူတူရှိသွားရန် ဖြစ်သည်။

“ဒါပေမယ့် ……” မိခင်သည် သူမလက်ကို ပြန်ရုတ်လိုက်သည်။

“တို့ အပြင်လောကကို အပြည့်အဝမရောက်နိုင်သေးမှန်း မင်းတို့ သတိပြုမိကြတယ်မဟုတ်လား … ”

ယဲ့ကျား ထိတ်လန့်သွားသည်။ မြို့အနှံ့ ပျံ့နှံ့နေသည့် အသားများသည် မိခင်၏ ခန္ဓာကိုယ်အား ပြန်လည်ကုသနိုင်စွမ်းမရှိသည်ကို သူသတိပြုခဲ့မိစဉ်က ထိုသို့ ခန့်မှန်းခဲ့ခြင်းဖြစ်၏။ အတားအဆီးတစ်ခုကြောင့် မိခင်သည် အစစ်အမှန်လောကသို့ ဝင်ရောက်နိုင်သော်ငြား အပြည့်အဝ မရောက်နိုင်သေးခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ အစစ်အမှန်ခန္ဓာကိုယ်သည် M မြို့အနှံ့ လှည့်လည်နေရခြင်းဖြစ်ပြီး လူသားများအား အချိန်တစ်လပေးခဲ့ခြင်းပင်။

သို့သော် တစ်ဖက်လူက ထိုကိစ္စအား ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူမ ဘာကို လိုချင်နေတာလဲ …

ထို့နောက် မိခင်က ဆက်ပြောလာသည်။

“တစ်လပြည့်ပြီးတာနဲ့ တစ်ကမ္ဘာလုံးက ငါတို့အပိုင်ဖြစ်တော့မှာလေ … အဲဒီ့အခါကျရင် လူသားတွေက သေချာပေါက် ငါတို့ရဲ့ အစားအစာ ဖြစ်လာတော့မှာ .. မကြာခင် ငါတို့က ကမ္ဘာကြီးကို အုပ်စိုးနိုင်တော့မှာ မဟုတ်လား … မင်းတို့နှစ်ယောက်ကို အမေက အချစ်ဆုံးပါပဲ … မင်းတို့ကိုလည်း ကမ္ဘာပေါ်က အကောင်းဆုံးလက်ဆောင် ချီးမြှင့်ရမှာပေါ့ … အဲဒီ့အချိန်ကျရင် တို့ကတိကို အပြည့်အဝ ဖြည့်ဆည်းပေးမယ်လေ …”

သူမက ကျီရွှမ်ကို ကြည့်လိုက်သည်။

“-----ထာဝရအတူတူရှိနိုင်ဖို့ပေါ့.”

“ဒီကြားထဲမှာတော့ မင်းတို့အမေ့ကို ကူညီရမယ့် ကိစ္စလေးတွေရှိသေးတယ် ….”

သူမက ကြင်နာစွာမေးလိုက်သည်။ “ကူညီမယ်မဟုတ်လား …”

ယဲ့ကျားက အန္တာရာယ်အပြည့်ဖြစ်နေသော အမျိုးသမီး၏ မျက်လုံးများကို ကြည့်ရင်း ပြုံးလိုက်သည်။

“သေချာတာပေါ့ …”

နာရီဝက်အကြာတွင် ကျီရွှမ်နှင့် ယဲ့ကျားက မိခင်၏ နေရာမှ ထွက်လာကြ၏။ စောင့်ကြည့်မှုမှ လွတ်မြောက်သွားသည်နှင့် ယဲ့ကျားက သူခါးတစ်ဝိုက်ရှိ ကျီရွှမ်၏ လက်များကို မပျော်မရွှင်နှင့် ရိုက်လိုက်သည်။

“ဟေး … ဒီလောက်ဆို လုံလောက်ပြီလို့မထင်ဘူးလား …”

မမျှော်လင့်ထားစွာပင် တစ်ဖက်လူက သူ့အား လွှတ်မပေးပဲ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏။

“ဟင့်အင်း …”

ယဲ့ကျား “……..”

သူက မျက်လုံးလိမ့်လိုက်ရင်း ကျီရွှမ်၏ လက်များမှ ရုန်းထွက်လိုက်သည်။

ကျီရွှမ်က အားပိုသုံးလိုက်ရင်း ယဲ့ကျား၏ နားနားသို့ကပ်ကာ မပြတ်မသားပြုံးလျှက် တစ်လုံးချင်း ဖိပြောလာ၏။

“ဖျက်စီးမလား … အဖျက်စီးခံမလား … စားမလား … အစားခံမလား …”

ယဲ့ကျား မျက်လုံးများဝိုင်းစက်သွားကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း တောင့်တင်းသွားသည်။

နေ…နေပါဦး … အဲဒါတွေက မိခင်ကို ဌာနချုပ်မှာ သူပြောခဲ့တာလေ … ဘယ်လိုလုပ်ပြီး ကျီရွှမ်က သိနေရတာလဲ …

ယဲ့ကျားက သူနောက်ထပ်ပြောခဲ့သည့် စကားကို အမှတ်ရသွားသည်။ နောက်တစ်စက္ကန့်မှာပင် တစ်ဖက်လူက သူ၏ ပုခုံးအား မေးတင်လိုက်ခြင်းနှင့်အတူ အေးစက်ပျော့ပျောင်းသည့် လျှာဖြင့် သူ၏ နားသံသီးလေးအား လျက်လာခဲ့သည်အား ခံစားမိလိုက်၏။ လွှမ်းမိုးချုပ်ကိုင်လိုသည့် အမူအရာနှင့်အတူ တစ်ဖက်လူ၏ အလိုမကျသော အသံက ထွက်ပေါ်လာသည်။

“ကောကော … ဘာလို့ ကျွန်တော့ရှေ့မှာ ဝန်မခံတာလဲ … ”

ယဲ့ကျားက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ဖြစ်နေသည့် တောင့်တင်းသော ခန္ဓာကိုယ်ဖြင့် ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကာ သူ့ဘေးမှ လူကို ကြည့်လိုက်ပြီး ခြောက်ကပ်စွာ မေးလိုက်၏။

"မင်း…"

သူက အသက်ပြင်းပြင်းရှူလိုက်သည်။

"မင်း…ဘာလို့ မင်းလဲ..."

ကျီရွှမ်က မျက်လုံးကို စွေကြည့်လိုက်ကာ ပြုံးပြလိုက်သည်။

"ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ…"

"နောက်ဆုံးမှာတော့ ကောကောနဲ့ အမေ နှစ်ယောက်တည်းနေခဲ့တာ ပထမဆုံးအကြိမ်ပဲလေ...''

သူက ‌သူ့မေးစေ့ဖြင့် ယဲ့ကျား၏ပခုံးကို ချစ်မြတ်နိုးစွာ ပွတ်လိုက်ကာ ညုတုတပြော လိုက်သည်။

"ကျွန်တော် ကောကောအတွက် စိတ်ပူတယ်…"

အမေက ဤတစ်ကြိမ်တွင် ကျီရွှမ်ကို တမင်တကာပထုတ်ပြီး ယဲ့ကျားကိုသာ ခေါ်‌တွေ့ခဲ့သည်မှာ ရည်ရွယ်ချက်အချို့ရှိမည်ဖြစ်သည်။

အထူးသဖြင့် အမေက ယဲ့ကျား၏ ဘက်တော်သားဖြစ်လာ မဖြစ်လာ သူတို့ မသေချာသေးပေ။

ထို့ကြောင့် အမေက ရုတ်တရက် ပြဿနာထရှာခြင်းကို ကာကွယ်ရန် ကျီရွှမ်က ယဲ့ကျားကို မြို့တော်တွင် အမေနှင့်ရင်ဆိုင်ရန် တစ်‌ယောက်တည်း မလွှတ်ခဲ့ချေ။ ယဲ့ကျား၏လည်ပင်းဒဏ်ရာကို ကုသပေးနေခိုက် သွေးအရိုးငါး၏ စွမ်းရည်ဖြင့် သွေးစက်အနည်းငယ်ကို ချန်ထားခဲ့လေသည်။ သို့မှသာ တွေ့ဆုံမှုကို စောင့်ကြည့်နိုင်ပြီး ပြောင်းလဲခြင်းများကို ကာကွယ်နိုင်မည်ဖြစ်သည်။

ဒါပေမဲ့ မမျှော်လင့်ထားဘူး…

သူက ယဲ့ကျားပြောခဲ့သည့်စကားကို ကြားလိုက်ရသည်။

ဝိုးတိုးဝါးတားသွေးမှန်ကိုဖြတ်၍ သူ့၏ခန္ဓာကိုယ်နှင့် စိတ်က တုန်လှုပ်သွားခဲ့သည်။ သူ့စိတ်ဗလာဖြစ်သွားခဲ့၏။ အလွန်ဝေးကွာသောနေရာမှ တစ်ဖက်လူ၏ စကားသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး စကားလုံးတိုင်းက ပြင်းထန်စွာ ရိုက်ခတ်နေကာ သူ့ကို မူးဝေသွားစေလေသည်။

ကောကောက ပြောတယ်…ကြိုက်တယ်တဲ့…

ထူးဆန်းသည့် ခံစားချက်ကြီးက စပျစ်နွယ်ကဲ့သို့ပင် သူ့၏ရင်ဘတ်မှတစ်ဆင့် နံရိုးကို ဖြတ်၍ လည်ချောင်းထဲထိပင် ရစ်ပတ်လှိမ့်တက်လာသည်ကို ခံစားလိုက်ရသည်။ ယင်းက ထူးဆန်းပြီး မရင်းနှီးသော နာကျင်မှုကို ဖြစ်စေလေသည်။

ဒါက ထိန်းချုပ်လို့ မရတဲ့ အရာပဲ…

‌တစ္ဆေတစ်ကောင်ဖြစ်သည့် သူက အသက်ရှူရန် မလိုအပ်သော်လည်း သူ့ကို ဖိထားသည့် တစ်စုံတစ်ခုကြောင့် မူးဝေပြီး အသက်ရှူကြပ်လာလေသည်။

ပျော်ရွှင်မှုများက သူ့စိတ်ထဲတွင် ရုတ်တရက် ပေါက်ထွက်လာသောကြောင့် သူ့ကိုကြောက်ရွံ့လုနီးပါးဖြစ်စေခဲ့သည်။

ယဲ့ကျားက အမေ့ကို ယင်းစကားအား ဖုံးကွယ်ထားရန် ပြောခဲ့သော်လည်း သူ့၏ ခံစားချက်များကို မထိန်းချုပ်နိုင်ပေ။

ကျီရွှမ်က သူ့လက်မောင်းထဲမှ လူငယ်ကို ငုံ့ကြည့်လိုက်သည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ်က အေးစက်နေသော်လည်း နွေးထွေးနေ‌သကဲ့သို့ ခံစားနေရသည်။

သူက နှုတ်ခမ်းဖြင့် ယဲ့ကျား၏နားရွက်ကို ပွတ်သပ်လိုက်ကာ တိုးတိုးပြောလိုက်သည်။

"ကျွန်တော် အရမ်းပျော်တယ်…"

သူက ရပ်ရမဲ့အတိုင်းအတာကို သိနေပေမဲ့ အရမ်းပျော်နေတုန်းပဲ…

နားရွက်မှ အေးစက်နူးညံ့သည့် အထိအတွေ့နှင့်

တစ်ဖက်လူ၏ အသံက ယဲ့ကျားကို သတိပြန်၀င်လာစေလေသည်။

ကြောင်တစ်ကောင်၏ အမြီး တက်နင်းခံလိုက်ရသကဲ့သို့ ယဲ့ကျား ခုန်လိုက်လေသည်။

တစ်ဖက်လူ၏ တုံ့ပြန်မှုကြောင့် ကျီရွှမ်က တစ်ဖက်လူကို လွှတ်ပေးလိုက်လေသည်။

ယဲ့ကျား၏ တံတောင်ဖြင့် ကျီရွှမ်၏ဗိုက်ကို ထိုးလိုက်ပြီး တစ်ဖက်လူကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။

"မင်း…"

သူက တစ်ဖက်လူကို တစ်ခုခု ပြောချင်သော်လည်း အချိန်အတော်ကြာသည့်အထိ မပြောနိုင်ခဲ့ပေ။

နောက်ဆုံးတွင် ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်ပြီး စကားလုံးများကို ပြန်မျိုချကာ လျင်မြန်စွာ လှည့်ထွက်သွားလိုက်သည်။

ကျီရွှမ်က သူ့ဗိုက်ကို ထိကာ တွေးလိုက်၏။

ယခင်တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်လျှင် ယဲ့ကျား၏ ထိုးချက်က ပေါ့ပါးပြီး အားများစွာမပါချေ။

သူ ခေါင်းကို မော့လိုက်ပြီး လျင်မြန်စွာ ထွက်သွားသည့် တစ်ဖက်လူ၏ နောက်ကျောကို ကြည့်လိုက်သည်။

ဘယ်လိုပဲကြည့်ကြည့်ထွက်ပြေးသွားသလိုပဲ…

ကြည့်ရတာ ယဲ့ကျားအရင်က ပြောခဲ့တဲ့စကားက ၁၀၀%မှားနေတာ မဖြစ်နိုင်ဘူး…အပျော်သက်သက် ပြောခဲ့တာလည်း မဖြစ်နိုင်ဘူး…

သူ့နှုတ်ခမ်းထက်မှ အပြုံးက ပိုမိုနက်ရှိုင်းလာလေသည်။

"ကောကော…ကျွန်တော့်ကို စောင့်ဦးလေ..."

..........

Mမြို့စွန်း၌…

ဘလပ်စ်က အပျက်အစီးများကြားတွင် တစ်ယောက်တည်း လမ်းလျှောက်နေလေသည်။

သူ့ခန္ဓာကိုယ်က ပေါ့ပါးပြီး ပတ်၀န်းကျင်ရှိ အမှောင်ထုနှင့် တစ်သားတည်းဖြစ်နေလေသည်။ သူက အပေါက်ကြီးဆီသို့ ကွေ့ကောက်စွာ သွားနေခြင်းဖြစ်သည်။

လမ်းတစ်လျှောက် သူ့၏ စွမ်းရည်များကို အလွန်သတိထားပြီး အသုံးပြုခဲ့သည်။

ဘလပ်စ်က အရိပ်သဖွယ် မြို့ထဲသို့ တိတ်တဆိတ် ခိုး၀င်လာလေသည်။

ထိုနေရာတွင် အပျက်အစီးများစွာ၊ အက်ကွဲကြောင်း များစွာရှိကာ သွေးနံ့များ ဖုံးလွှမ်းနေဆဲဖြစ်ပြီး အလွန်သိပ်သည်းသောကြောင့် အသက်ရှူရန်ပင် မဖြစ်နိုင်ချေ။

သူ ဝေ့ရွှယ်ချူးပြုတ်ကျသွားသည့်နေရာသို့ ရောက်လာခဲ့သည်။

ထိုနေ့က မြေကြီးအောက်တွင် တွန့်လိမ်နေခဲ့သော အသားတုံးများ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ အပေါက်၏ အဆုံးကို မမြင်ရချေ။ သွေးနံ့များနှင့် ပုပ်သိုးသိုး‌နံ့များကိုသာ ရနေပေသည်။

ဘလပ်စ်က အောက်သို့ သေချာ စိုက်ကြည့်လိုက်သည်။

သူ ချန်ချင်းယဲ့ပြောခဲ့သည့်စကားကို မှတ်မိနေဆဲဖြစ်သည်။

"မင်း ဝေ့ရွှယ်ချူးရဲ့အလောင်းကို ရှာမတွေ့ရင်တောင်မှ မင်းအထင်မှန်တယ်လို့ ပြောလို့ မရဘူး…အဲ့ဒါကို မင်းသိလား…"

ဘလပ်စ်က ကျောပေါ်မှ ကျောပိုးအိတ်ကို ပစ်ချလိုက်သည်။

သူ့၏ ခရီးတွင် တိကျသော အဖြေတစ်ခုရနိုင်ချေ အလွန်နည်းကြောင်းသိသော်လည်း သူ သွားရမည်ဖြစ်သည်။

သူ ဝေ့ရွှယ်ချူးရဲ့ အလောင်းကို သူ့မျက်လုံးနဲ့ မြင်ရမှကို ဖြစ်မယ်…

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ကျောက်နံရံကိုကပ်တွယ်ရင်း အောက်သို့ ဂရုတစိုက်ဆင်းလိုက်လေသည်။

အောက်ရောက်လာလေလေ ပိုကျဉ်းလာလေလေပဲ…

လေထုက နောက်ကျိပြီး ဘေးနှစ်ဖက်မှ နံရံများက သူ့ကို ဖိ‌ခြေချင်နေဟန် ပေါ်လေသည်။

ဘလပ်စ်က ခြေကုပ်တစ်နေရာမှ တစ်နေရာသို့ ခုန်ဆင်းလိုက်လေသသည်။

သူ အောက်မှ ကွန်ကရစ်အပြားများ၊ တွန့်လိမ်နေသော စတီးချောင်းများ၊ အုတ်ကျိုးအုတ်ပဲ့များ၊ မပြည့်စုံတော့သော လူ့အလောင်းများကို မြင်‌လိုက်ရသည်။

သူ စိတ်ရှည်ရှည်နှင့် ကြည့်လိုက်သည်။

သူက အလောင်းတိုင်းကို လှန်၍ သူနှင့်ရင်းနှီးသော မျက်နှာကို ရှာနေလေသည်။

ဒါလည်း မဟုတ်ဘူး…

ဒါလည်း မဟုတ်ဘူး…

ဒီမှာလည်း မရှိဘူး…ဟိုမှာလည်း မရှိဘူး…

သူ မသိလိုက်မီမှာပင် ပို၍ နက်နက်ရှိုင်းရှိုင်းရောက်လာလေသည်။

မမျှော်လင့်စွာနှင့် နံရံများက ကျယ်လာလေ၏။

ခြေထောက်အောက်မှ ကျောက်စရစ်ခဲများက လှိမ့်သွားပြီး ဟိန်းသံတစ်သံထွက်ပေါ်လာလေသည်။

ဘလပ်စ်က တစ်ခဏခန့် ထိတ်လန့်သွားလေသည်။

သူက လက်ကို မြှောက်ကာ သူ့လက်ချောင်းထိပ်မှ မီးတောက်ဖြင့် အောက်ခြေတစ်ဝိုက်ကို ဂရုတစိုက်ကြည့်လိုက်သည်။

တစ်နေရာတွင် အဆုံးသတ်ကို မမြင်ရသော လမ်းကြောင်းတစ်ခု ရှိနေလေသည်။

ဘလပ်စ်က အောက်သို့ ခုန်ချလိုက်သည်။

လမ်းကြောင်းက မကျဉ်းပေ။ ကျောက်နံရံများကလည်း စိုစွတ်နေလေသည်။ ထို့ကြောင့် စိုထိုင်းသော အနံ့အသက်များ ထွက်ပေါ်နေပြီး ပုပ်စပြုနေသော ခြေလက်အပိုင်းအစများကလည်း နေရာတိုင်းတွင် ပြန့်ကြဲနေလေသည်။

ဘလပ်စ် မျက်မှောင်ကြုတ်လိုက်ပြီး လမ်းကြောင်းအတိုင်း ဆက်လျှောက်လိုက်သည်။

ဤနေရာရှိ မြေပြင်အနေအထားက အလွန် ရှုပ်ထွေးလေသည်။ လမ်းခွဲများစွာရှိပြီး နေရာတစ်ခုနှင့်တစ်ခု ချိတ်ဆက်နေလေသည်။

ဆူညံသောအသံများက တစ်နေရာမှ ထွက်ပေါ်လာလေသည်။

"မြန်မြန်တူးစမ်း…"

ထိုအသံက ရက်စက်ပြီး ထို့နောက်မှ နာကျင်စွာ အော်ဟစ်သံက ထွက်ပေါ်လာလေသည်။

"ပျင်းနေတဲ့ လူတွေက အစားခံရလိမ့်မယ်…ဟားဟားဟားဟား…"

ဘလပ်စ် အနည်းငယ် အံ့အားသင့်သွားသည်။

သူက ဝူစူးနှင့် ချန်ချင်းယဲ့ပြောခဲ့သော စကားများကို မှတ်မိသွားလေသည်။

သူတို့က အမေက လူသားများအတွက် တစ်လဘေးမဲ့ပေးထားသည့် အကြောင်းရင်းကို မယုံကြပေ။ အမေက ကြင်နာတတ်သူ မဟုတ်သောကြောင့် သူ့ကို တားဆီးထားမည့်တစ်ခုခုရှိမည်ဟု ယုံကြည်ကြလေသည်။

ဒါဖြစ်နိုင်လား...

သူ့ရှေ့က မြင်ကွင်းနဲ့ ဆက်စပ်နေလား…

ဘလပ်စ်က အော်ရာများကို အေ့စ်ကဲ့သို့ မဖုံးကွယ်နိုင်ချေ။ သို့သော် မိုက်မဲသော တစ္ဆေများကိုကိုင်တွယ်ရန် လုံလောက်နေပြီဖြစ်သည်။

သူက အသံကြားရာထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်သည်။

ထိုနေရာတွင် သံကြာပွတ်ကြီးကိုင်ထားသော ဖြူဖတ်သည့် တစ္ဆေတစ်ကောင် ရှိနေလေသည်။ သံကြာပွတ်ပေါ်တွင် ဆူးများ ဖုံးလွှမ်းနေပြီး အလွန်ကြောက်စရာကောင်းလေသည်။

သူ့ရှေ့တွင် သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသော တစ္ဆေများရှိပြီး သူတို့၏မျက်နှာများက အလွန်သနားစရာကောင်းကာ သူတို့၏ ခွန်အားများဖြင့် အစွမ်းကုန် တူးဆွနေကြလေသည်။

ထို‌တစ္ဆေများတွင် ယင်စွမ်းအင်ရှိသော်လည်း အလွန်အားနည်းကြောင်း ဘလပ်စ် သတိပြုမိသည်။

သူတို့က အားနည်းတဲ့ တစ္ဆေတွေ ဖြစ်နေရင်တောင် ယင်စွမ်းအင်က ဒီလောက် မနည်းသင့်ဘူးလေ…

အရေးအကြီးဆုံးက သူတို့ ဘာတွေ တူးနေကြတာလဲ…

ဘလပ်စ်က မျက်လုံးကို မှေးစင်းလိုက်ပြီး အဝိုင်းပတ်သဏ္ဍာန် ချဉ်းကပ်သွားလိုက်သည်။

ထိုအချိန်တွင် သူနှင့် ရင်းနှီး‌သော မျက်နှာတစ်ခုကို တွေ့လိုက်ရသောကြောင့် အလွန်အံ့အားသင့်သွားလေသည်။