အပိုင်း ၁၂၀
Viewers 10k

Chapter 120




ထိုတစ္ဆေက PIAMBမှ ၀န်ထမ်းဖြစ်သည်။ သူတို့ ယခင်က အရပ်သားများကို ကယ်တင်သည့်ဖြစ်စဉ်တွင် အတူပါ၀င်ဖူးကြပြီး ထိုဖြစ်စဉ်ထဲမှာပင် တစ္ဆေများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရသူဖြစ်သည်။

ထိုအချိန်မှသာ ဘလပ်စ် ထိုတစ္ဆေများက အရပ်သား၀တ်စုံများ ၀တ်ဆင်ထားကြသည်ကို သတိပြုမိလိုက်လေသည်။

ဒီတစ္ဆေတွေက ဂိမ်းထဲက ထွက်လာတဲ့‌တစ္ဆေတွေ မဟုတ်ဘူး…လူသားဝိညာဉ်ကနေ တစ္ဆေအဖြစ် ပြောင်းသွားတဲ့ သူတွေပဲ…

ဘလပ်စ် အံ့အားသင့်နေစဉ် ရုတ်တရက် ပရမ်းပတာ ဖြစ်လာလေသည်။

အရှေ့မှ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာပြီး ခြေထောက်အောက်ရှိ မြေကြီးက ရုတ်တရက် လှုပ်လာသောကြောင့် ဘလပ်စ်က နံရံကိုကိုင်ကာ ဟန်ချက်ထိန်းထားရလေသည်။

ထိုအသံက မရေမတွက်နိုင်သာ ဝိညာဉ်များ၏ဆွဲဆွဲငင်ငင်ငိုကြွေးသံနှင့် တူလေသည်။

နောက်တစ်ခဏတွင် ‌ချွဲပျစ်သော အနက်ရောင်အရည်များက တစ္ဆေများတူးထားသော မြေကြီးထဲမှ စီးထွက်လာလေသည်။

ထိုအရည်များက အသက်ရှိပုံပေါ်ပြီး မှုန်ဝါးဝါးလူ့မျက်နှာများက အရည်ထဲတွင် ပေါ်လာလေသည်။ ထိုမျက်နှာများက ကြောက်စရာကောင်းပြီး ငိုကြွေးအော်ဟစ်နေကြလေသည်။

ဘလပ်စ်က ထိတ်လန့်လွန်းသောကြောင့် အသက်ရှူရန်ပင် မေ့သွားလေသည်။

သူ့မျက်လုံးများက အံ့ဩမှုကြောင့် ပြူးကျယ်လာ၏။

ထိုအနက်ရောင်အရည်များက တစ္ဆေများကို ဝါးမျိုသွားလေသည်။

တစ္ဆေများက အော်ဟစ်ငိုကြွေးကာ ရုန်းကန်နေကြသော်လည်း သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသောကြောင့် အနက်ရောင်အရည်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ထိုအရည်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားကြလေသည်။

သံကြာပွတ်ကိုင်ထားသည့် တစ္ဆေက နောက်ဆုတ်သွားပြီး အမြင့်ပိုင်းတွင် ရပ်ကာ သူ့ရှေ့မှ မြင်ကွင်းကို ပျော်ရွှင်စွာကြည့်နေပြီး ရယ်မောနေလေသည်။

"အိုကေ…ဒီမှာ ပြီးပြီ…"

"နောက်တစ်သုတ်အတွက် အချိန်ကျပြီ…"

တစ္ဆေ၏ အသံက သိပ်သည်းပြီး ထိုအသံက လမ်းကြောင်းတစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။

ဘလပ်စ်က ထိုချွဲပျစ်သောအရည်များကို ကြည့်နေသည့် သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။

နှစ်တွေအများကြီး တိုက်ခိုက်လာတဲ့ဗီဇက သူ့ကို အဲ့အရည်တွေနဲ့ မထိသင့်ဘူးလို့ သတိပေးနေတယ်…

သူက ခေါင်းကို မော့လိုက်ပြီး လမ်းကြောင်းတစ်လျှောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်တစ္ဆေကို ကြည့်လိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက်…

ဘလပ်စ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ထိုတစ္ဆေနောက်သို့ လျှို့ဝှက်စွာ လိုက်သွားလိုက်သည်။

......


အမေနှင့် တွေ့ဆုံပြီးနောက် ယဲ့ကျားနှင့် ကျီရွှမ်က ကျီရွှမ်နာမည်အောက်မှ နေရာတစ်ခုကို ရောက်လာကြလေသည်။

အမေ စောင့်ကြည့်‌နိုင်သည့်နယ်ပယ်က အလွန်ကျယ်ပြန့်သော်လည်း ထိုနေရာက အမေ သတိမမူမိနိုင်သည့် နေရာများထဲမှ တစ်ခုဖြစ်သည်။

ယဲ့ကျားက ကျီရွှမ်ကို လှည့်ကြည့်လိုက်ကာပြောလိုက်သည်။

"မင်း ဒီနေရာတွေကို ၀ယ်တုန်းက ဒီလိုအခြေအနေမျိုးအတွက် တွေးပြီး ၀ယ်ခဲ့တာလား…"

ကျီရွှမ်က ပခုံးတွန့်ကာ ပြောလိုက်သည်။

"အင်း…"

သူက လက်ဆန့်ကာ တံခါးကို တွန်းဖွင့်လိုက်သည်။

"နောက်ဆုံးမှာတော့ ဒီလက်တွေနဲ့ ပြင်ဆင်ထားရမှာပေါ့…"

"ဘာလက်လဲ…တံခါးဖွင့်ဖို့ လက်လား…"

ယဲ့ကျားက ကျီရွှမ်နောက်သို့ ‌လျှောက်သွားပြီး ပေါ့ပါးစွာ မေးလိုက်သည်။

ကျီရွှမ် :"မဟုတ်ပါဘူး…"

သူက ယဲ့ကျားဘက်သို့ လှည့်ကာ လေးနက်စွာ မေးလိုက်သည်။

"ကောကော လူသားဖြစ်ချင်တာလား…တစ္ဆေဖြစ်ချင်တာလား…"

ယဲ့ကျားက အံ့အားသင့်သွားသည်။

ယဲ့ကျားက ကျီရွှမ်ကို စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"ပါးစပ်က စကားကောင်းမထွက်ဘူးပဲ…"

ကျီရွှမ်က ၀မ်းမနည်းပေ။

သူက ပြုံးကာ မေးလိုက်သည်။

"ကောကော သဘောကျလား…"

ဒီမေးခွန်းက အဓိပ္ပာယ်နှစ်ခွကြီး…

ယဲ့ကျားက အကြည့်ကို ပြန်ရုတ်လိုက်သည်။

"သဘောမကျဘူး…"

ကျီရွှမ်က နောင်တရစွာ သက်ပြင်းချလိုက်သည်။

‌ကောကောရဲ့ မျက်နှာပေါ်က တခြားခံစားချက်တွေကို မြင်ချင်ပေမဲ့ ကောကောက တည်ငြိမ်နေတုန်းပဲ…

ရုတ်တရက် ကျီရွှမ်က မလှမ်းမကမ်းမှ ထောင့်ကို လှမ်းကြည့်လိုက်ကာ နီရဲနေသော မျက်လုံးများကို မှေးစင်းလိုက်ပြီး ပြောလိုက်သည်။

"ထွက်လာခဲ့..."

ယဲ့ကျားလည်း ထိုနေရာကို လှမ်းကြည့်လိုက်လေသည်။

"အားမီ…"

အရိပ်တစ္ဆေ၏ ခန္ဓာကိုယ် လေထဲ၌ ထွက်ပေါ်လာလေသည်။

သူက ကင်းကို သတင်းပို့ဖို့ လာခဲ့တာ…ဒါပေမဲ့ သူမမြင်ချင်ဆုံးလူကို တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး…သူ့ရဲ့ သုံးဖက်မြင်မြင်ကွင်းကို ပြိုကွဲသွားစေတဲ့ တရားခံ…

သူက လူနှစ်ယောက်ကို မြင်သောအခါ ပုန်းခဲ့‌သော်လည်း ကင်းက အော်ခေါ်သောကြောင့် ထွက်လာရုံမှလွဲ၍ မတတ်နိုင်တော့ချေ။

"ပြီးပြီလား…"

ကျီရွှမ်က ပေါ့ပါးစွာ မေးလိုက်သည်။

အားမီ အလောတကြီး ပြန်ပြောလိုက်သည်။

"ဟုတ်…ဟုတ်ကဲ့…

ယဲ့ကျားက နောက်မှ ဆိုဖာပေါ်တွင် သက်တောင့်သက်သာထိုင်နေပြီး မေးလိုက်သည်။

"မင်း အားမီကို ဘာလုပ်ခိုင်းထားတာလဲ…"

ကျီရွှမ်က ယဲ့ကျားဘေးတွင် ၀င်ထိုင်လိုက်သည်။

"ဘာရယ် မဟုတ်ပါဘူး…သူ့လက်အောက်ငယ်သားတွေကို အမေစခန်းထဲ ထည့်ထားခိုင်းတာ…"

ယဲ့ကျားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"အန္တရာယ်မများလွန်းဘူးလား…"

ကျီရွှမ်က အရှက်ကင်းမဲ့စွာ ပြောလိုက်သည်။

"အဲ့မှာလား…ကျွန်တော်တော့ မထင်ပါဘူး…"

အားမီ :"..."

သူ ဒီမှာ မနေသင့်ဘူး…

သူ ကားအောက်မှာပဲ နေသင့်တယ်…

ကျီရွှမ်က သူ့ရှေ့တွင် ရပ်နေသေးသော အရိပ်တစ္ဆေကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ဘာလို့ ဒီမှာရှိနေသေးတာလဲ…"

အားမီ :"..."

သူ နေချင်လို့ နေနေတယ်လို့များ ထင်နေတာလား…

ခွေးစာများကြောင့် မွန်းကြပ်နေသည့် အားမီက ၀မ်းနည်းသွားလေသည်။

"တာ့တာ…"

ယဲ့ကျားက လက်ဝှေ့ယမ်းကာ ‌နှုတ်ဆက်လိုက်သည်။

ထိုအခါ အားမီလည်း အကျင့်ပါနေသောကြောင့် လက်ဝှေ့ယမ်းကာ ပြန်နှုတ်ဆက်လိုက်လေသည်။

"တာ့တာ အားယဲ့…"

ဘာ…အားယဲ့…

အားယဲ့က အေ့စ်လေ…

ကြောက်စရာကောင်းပြီး မုန်းစရာကောင်းတဲ့လူသားအေ့စ်…

အားမီက ဘယ်ခြေနှင့် ညာခြေခလုတ်တိုက်လဲမတတ် လျင်မြန်စွာ ပြေးထွက်သွားလေသည်။

တရားခံဖြစ်သည့် ယဲ့ကျားက မျက်တောင်ခတ်လိုက်ပြီး အားမီ၏ကျောကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

"အားမီက နည်းနည်းထူးဆန်းနေသလိုပဲ…"

ကျီရွှမ် :"မထူးဆန်းပါဘူး…"

ကျီရွှမ်က ယဲ့ကျားအာရုံလွတ်သွားသည်ကို အခွင့်ကောင်းယူလိုက်ကာ သူ့ခန္ဓာကိုယ်ကို ယဲ့ကျားဘက် မှီလိုက်သည်။

ယဲ့ကျားက တစ်ဖက်လူ၏ သေးငယ်သောလှုပ်ရှားမှုကို သတိမထားမိသေးပေ။

"သေချာလား…"

ကျီရွှမ်က လက်ဆန့်ကာ ယဲ့ကျား၏ ခါးကို ဖက်လိုက်ပြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"သေချာပါတယ်…"

ယဲ့ကျား သတိပြန်၀င်လာချိန်၌ တစ်ဖက်လူ၏ခန္ဓာကိုယ်က သူ့ပေါ်သို့ ပလာစတာကဲ့သို့ ထပ်မံကပ်တွယ်နေပြီဖြစ်သည်။

ယဲ့ကျား: "..."

ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်ပြီး လက်မြှောက်ကာ နှာခေါင်းရိုးကို ညှစ်လိုက်ပြီး ပြောလိုက်သည်။

"လွှတ်…"

ကျီရွှမ်:"မလွှတ်ဘူး…"

ယဲ့ကျား :" ကလေးဆန်လိုက်တာ…"

နောက်တစ်ခဏတွင် သူ့ဘေးနားမှ ခန္ဓာကိုယ်ကြီးက ကွာသွားလေသည်။

ကျီရွှမ်က ယဲ့ကျား၏ လက်မောင်းကို ဖက်ထားပြီး ညုတုတုအသံဖြင့် ပြောလိုက်သည်။

"ကလေးမဆန်ပါဘူးနော်…"

ယဲ့ကျား: "..."

သူ့ကိုသာ သတ်လိုက်ပါတော့…

ဒီတစ္ဆေက ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ…

အဆုံးတွင် ယဲ့ကျား လက်ကို တစ်ဖက်လူ၏ ရင်ခွင်ထဲမှ ဆွဲထုတ်နိုင်ခဲ့သည်။

တစ်ဖက်လူ၏ ၀မ်းနည်းနေသည့် မျက်နှာကို ကြည့်ပြီး ကျီရွှမ်က ထိုသို့စိတ်ပျော့ညံ့သည့်သူမဟုတ်ကြောင်း သိသော်လည်း သူ့၏နှလုံးသားထဲမှ အစီအစဉ်များကို အ‌ကောင်အထည် မဖော်နိုင်ခဲ့ချေ။

သူက ကျီရွှမ်နှင့် ဝေးဝေးတွင် ထိုင်လိုက်သည်။

ကျီရွှမ်က သူနှင့် ဝေးဝေးတွင် ထိုင်နေသည့် ယဲ့ကျားကို ကြည့်လိုက်သည်။

ထိုသို့ဖြစ်ပျက်နေစဉ် ယဲ့ကျားက ကျီရွှမ်ကိုရှာရသည့် ရည်ရွယ်ချက်ကို သတိပြန်ရသွားလေသည်။

"ဟုတ်သားပဲ…"

သူက လက်မြှောက်လိုက်ပြီး လက်ချောင်းကို လှုပ်လိုက်သောအခါ လေထဲတွင် အနီရောင်အက်ကွဲကြောင်းတစ်ခု ပေါ်လာလေသည်။

"ဒါက…"

ထိုအချိန်တွင် အက်ကွဲကြောင်းထဲမှ လက်မဲလေး တွားသွားထွက်လာလေသည်။

ယဲ့ကျား :"..."

ကျီရွှမ်:"..."

ကျီရွှမ်၏ အေးစက်သော မျက်လုံးများကြောင့် လက်မဲလေးက တုန်ရီသွားပြီး မသိစိတ်အရ ယဲ့ကျားဘက် လှည့်လိုက်သည်။

ယဲ့ကျား :"မင်း ဘာလုပ်နေတာလဲ…"

လက်မဲလေး ဂယောင်ခြောက်ခြားဖြစ်နေလေသည်။

"ဘာလဲ…"

လက်မဲလေး ကြောင်အနေပြီး ယဲ့ကျားကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။

နောက်တစ်ခဏတွင် သူ ယဲ့ကျား၏ နီရဲနေသော သူငယ်အိမ်များကို မြင်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဘော့စ်…ဘေ့ာစ်…ဘော့စ်က…"

သူ တစ္ဆေပိုင်နက်ထဲမှာ ဘယ်လောက်ကြာကြာနေမိခဲ့တာလဲ…

လောကကြီးက ဘာလို့ သူ လိုက်မမီအောင် ပြောင်းလဲသွားရတာလဲ…

လက်မဲလေး၏ ထိတ်လန့်နေသော အမူအရာကို ကြည့်ပြီး ယဲ့ကျားက တည်ငြိမ်စွာ ပြောလိုက်သည်။

"အင်း…ဟုတ်တယ်…ငါ အခု တစ္ဆေဖြစ်နေပြီ…"

လက်မဲလေး: "..."

ယဲ့ကျား : "အမေ ထွက်လာပြီ…"

လက်မဲလေး: "..."

ယဲ့ကျား : "သူက အခု လူသားကမ္ဘာကို သိမ်းပိုက်ပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ အဆင်သင့်ဖြစ်နေပြီ…"

လက်မဲလေး: "..."

ယဲ့ကျား : "အဲ့ဒါက မကြာခင် ဖြစ်လာတော့မယ်…အခုတော့ မင်း ပြန်၀င်လို့ ရပြီ..."

ပြောပြီးနောက် ယဲ့ကျားက လက်မဲလေးကို ရက်စက်စွာ ဆုပ်ကိုင်လိုက်ပြီး တစ္ဆေပိုင်နက်ထဲ ပြန်ထည့်လိုက်သည်။

လက်မဲလေး: "ခဏ…ခဏနေဦး…"

ယဲ့ကျား၏ လှုပ်ရှားမှုများ ရပ်တန့်သွားလေသည်။

"ဘာလဲ…"

လက်မဲလေးက တွန့်ဆုတ်စွာ ပြောလိုက်သည်။

"လူသားမျိုးနွယ် မပျက်စီးနိုင်ဘူးမလား…"

ယဲ့ကျားက အနည်းငယ် အံ့ဩသွားသည်။

"ဘာလို့လဲ…"

လက်မဲလေး:"လူသားတွေက တကယ်တော်တယ်လေ…ဘော့စ်က အခု တစ္ဆေဖြစ်နေပြီဆိုပေမဲ့ ချန်စဲကျစ်၊ ဝေ့ရွှယ်ချူးနဲ့ ချန်ချင်းယဲ့သူတို့တွေ ရှိသေးတာပဲ…ဘော့စ် အမေ့ကိုကောင်းကောင်းနေသွားကြဖို့ ပြော‌ကြည့်ပါလား…"

ယဲ့ကျား၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွားသည်။

သူက ပြုံးကာ ပြောလိုက်သည်။

"ငါ ကြိုးစားကြည့်လိုက်ပါမယ်…"

လက်မဲလေး:"!!!"

သူ မပျော်ရွှင်မီ ယဲ့ကျားက သူ့ကို တစ္ဆေပိုင်နက်ထဲ ထိုးထည့်လိုက်လေသည်။

"ဘိုင့်ဘိုင်..."

လက်မဲလေး: "..."

သူက တစ္ဆေဖြစ်လာပေမဲ့ အရင်လို ရက်စက်နေတုန်းပဲ…

ကျီရွှမ် : "ကောကော ကျွန်တော့်ကို ဒါကို ပြချင်တာလား…"

ယဲ့ကျား : "မဟုတ်ဘူး..."

ယဲ့ကျားက တစ္ဆေပိုင်နက်ထဲမှ သွေးခဲများ၊ အသားအပိုင်းအစများ ကပ်ငြိနေသည့် မှတ်စုစာအုပ်ကို ထုတ်လိုက်သည်။

ကျီရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ဘာလဲ…"

ယဲ့ကျား :"ဒါက PIAMBရဲ့ ဒါရိုက်တာဟောင်းရဲ့ မှတ်စုစာအုပ်ပဲ…"

ယဲ့ကျား : "သူက တံခါးကို လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်က ဖွင့်ခဲ့တဲ့လူပဲ…"

ကျီရွှမ်က ခေါင်းငြိမ့်လိုက်သည်။

"အဲ့လိုကို…"

သူတို့နှစ်ယောက်က ထိုနေ့တွင် သီးခြားလုပ်ဆောင်ခဲ့သောကြောင့် ယဲ့ကျားက မြေအောက်ငါးထပ်မြောက်တွင် ဖြစ်ခဲ့သည့် စကားဝိုင်းအကြောင်း ကျီရွှမ်ကို ပြောပြရန် အခွင့်အရေးမရှိခဲ့‌ချေ။

သို့သော် အခုအချိန်ကလည်း ‌အသေးစိတ်ပြောပြရန် အချိန်မဟုတ်သေးချေ။

ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်ပြီး မှတ်စုစာအုပ်ပေါ်မှ အသားခြောက်များကို ခါလိုက်သည်။

"ဒီလောက်နှစ်တွေ အများကြီး အကျဉ်းကျနေတာတောင် သူက အမေနဲ့ တံခါးရဲ့ ဆက်နွယ်မှုကိုလေ့လာနေတုန်းပဲ…သေချာတယ်…ဒီထဲမှာ ငါတို့ အသုံးပြုနိုင်တဲ့ အချက်အလက်တွေ အများကြီး ရှိနိုင်တယ်…"

သူက မျက်လုံးကို ပင့်ကာ ကျီရွှမ်ကို ကြည့်လိုက်သည်။

"ဒါက အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်တယ်

ယဲ့ကျားက မှတ်စုစာအုပ်အဖုံးကို ဖွင့်လိုက်သည်။

ယင်းက ဟောင်းနွမ်းနေပြီး အထူးပြုလုပ်ထားသော စက္ကူသည်လည်း ထူးဆန်းစွာ အပြာရောင်တောက်နေလေသည်။

စာလုံးများက နှစ်ပေါင်းများစွာ ကြာပြီးဖြစ်သောကြောင့် ဝေဝါးနေသော်လည်း အကြောင်းအရာများကို မှန်းဆနိုင်ပေသည်။

ပျော်ရွှင်စရာ အဖေများနေ့ပါ…

စာလုံးပုံစံက ရင့်ကျက်မှုမရှိသော်လည်း အလေးအနက်ထားကာ ရေးထားကြောင်း သိသာလေသည်။

ယဲ့ကျား၏ အကြည့်က ထိုစာလုံးများပေါ်သို့ ကျရောက်ပြီးနောက် စာအုပ်ကို လျင်မြန်စွာ လှန်လိုက်သည်။

ယဲ့ကျားက မှတ်စုစာအုပ်ထဲမှ အကြောင်းအရာများကို သေချာကြည့်နေလေသည်။

ဤစာအုပ်က ဒိုင်ယာရီစာအုပ် ဖြစ်ဟန်ပေါ်သည်။ စာရွက်များတွင် ရေး‌ထားသော အကြောင်းအရာများက အလွန်ဆင်တူလေသည်။

ဒါက ဒါရိုက်တာဟောင်းရေးထားတဲ့ ဒိုင်ယာရီစာအုပ်လား…

ယဲ့ကျား စာအုပ်ကို လှန်လှောနေသော်လည်း အသုံး၀င်သောအချက်အလက် ရှာမတွေ့ချေ။

ကျီရွှမ်:"ဘယ်လိုလဲ…"

ယဲ့ကျား :"ဘာမှ မရှိဘူး…"

ဤစာအုပ်ကို ဂရုတစိုက် ထိန်းသိမ်းထား‌ကြောင်း သိသာသော်လည်း တံခါးနှင့် ပတ်သတ်သော အချက်အလက် မရှိချေ။

ဒါက သူ့သမီးပေးခဲ့တဲ့ လက်ဆောင်လား…

ယဲ့ကျားက စာရွက်များကို ထပ်မံလှန်လိုက်ပြီး ဤတစ်ကြိမ်တွင် မြန်မြန်လှန်လိုက်လေသည်။

ယဲ့ကျား၏ မျက်လုံးများ ပြူးကျယ်သွားသည်။

အချက်အလက်တော့ မရှိပေမဲ့ ဝှက်စာတော့ ရှိတာပဲ…

ဂိမ်းတွင် နှစ်ပေါင်းများစွာ ပါ၀င်ခဲ့သော ယဲ့ကျားက ထိုကဲ့သို့သော ၀ှက်စာများနှင့် ရင်းနှီးလေသည်။

ယဲ့ကျားက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး စာအုပ်အဖုံးကို ပြန်သွားလိုက်သည်။

ပျော်ရွှင်စရာ အဖေများနေ့တဲ့လား…

ဒါရိုက်တာဟောင်း နောင်တရခဲ့တဲ့ဟာက ဘာလဲ…

သူက ရည်မှန်းချက်ကြီးကြီးနဲ့ တံခါးကို ဖွင့်မိပြီး သူ့သမီးကို သတ်လိုက်မိတာပဲ…

ဒါဆို အဖြေက ဘာလဲ…

ယဲ့ကျားက ကျီရွှမ်ဘက် လှည့်ပြီး မေးလိုက်သည်။

"မင်းမှာ စာရွက်နဲ့ ဘောပင် ရှိလား…"

ကျီရွှမ်က ခေါင်းငြိမ့်လိုက်ပြီး လက်ချောင်းကို လှုပ်လိုက်သည်။ ထိုအခါ အခန်းတစ်ခန်းထဲမှ စာရွက်နှင့် ဘောပင်က ပျံထွက်လာပြီး ယဲ့ကျားရှေ့တွင် လွင့်မျောနေလေသည်။

ယဲ့ကျားက ‌ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး စားပွဲပေါ်တွင် အလုပ်ကြိုးစားလိုက်သည်။

အမေ့ရဲ့ နာမည်လား…

မဟုတ်ဘူး…

မဟုတ်ဘူး…

အမေသေတဲ့နေ့…

ဒါတွေ မဟုတ်ဘူး…

အဖြေက ‌ဒါတွေ မဟုတ်ရင် ဘာလဲ…

ကျီရွှမ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

"ဘာလုပ်နေတာလဲ…"

ယဲ့ကျား :"ဝှက်စာဖော်နေတာပဲ…"

ကျီရွှမ် :"ကျွန်တော် ထင်တာကတော့ ဒါရိုက်တာဟောင်း ဝှက်စာထားခဲ့တာ ရည်ရွယ်ချက်တစ်ခုခုတော့ ရှိမယ်…"

ယဲ့ကျား အံ့အားသင့်သွားသည်။

ဘာရည်ရွယ်ချက်လဲ…အမေ မမြင်အောင် ကာကွယ်ထားတာလား…

ဒါပေမဲ့ အမေက ဒီစာအုပ်ကို မြင်ရင် ဖျက်ဆီးလိုက်မှာပဲ…ဝှက်စာကို ဖော်မှာ မဟုတ်ဘူး…

PIAMBရဲ့ ရေက သူတွေးထားတာထက် ပိုနက်တာပဲ…

ဘာပဲဖြစ်ဖြစ် အဖြေနဲ့တော့ နီးစပ်နေပြီ…

ယဲ့ကျား မှတ်ဉာဏ်ထဲရှိ အမေနှင့်အဖိုး၏ ဆက်ဆံရေးက ဆိုးရွားလေသည်။ သူ အဖိုးကို တစ်ခါမှ မမြင်ဖူးခဲ့သလို အမေ၏ ပါးစပ်မှ အ‌ဖိုးအကြောင်း ပြောခြင်းကိုလည်း ကြားရန် ခက်ခဲလေသည်။

ယဲ့ကျားက မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို မှတ်မိလာလေသည်။

အမေက နူးညံ့သိမ်မွေ့သော အသံဖြင့် သူ့ကို‌ ပြောလာလေသည်။

"မင်းအဖိုးက အရမ်း အလုပ်များတယ်…သူက အိမ်ပြန်မလာတာ များတယ်…အဖေများနေ့တိုင်းမှာ အမေ သူ့အတွက် လက်ဆောင်တွေပြင်ဆင်ထားခဲ့တယ်…ဒါပေမဲ့ သူက အိမ်ကို ဘယ်တော့မှ ပြန်မလာခဲ့ဘူး…အဲ့လိုမျိုး နှစ်နှစ် သုံးနှစ်လောက်ကြာတော့ အမေ အဲ့ဒါကို စွန့်လွှတ်လိုက်တယ်…အမေ ကြီးလာတော့မှ သိခဲ့တယ်…အမေ အဲ့တုန်းက လေးနှစ်ပဲ ရှိသေးတော့ ရက်စွဲမှန်အောင် မတပ်တတ်ခဲ့ဘူး…အဲ့‌တော့ လက်ဆောင်ထုပ်တွေက အဖိုး အလုပ်လုပ်တဲ့နေရာရောက်တော့ နောက်ပြောင်မှုပဲလို့ သတ်မှတ်ခဲ့ပြီး အဖိုးကို ဘယ်‌တော့မှမပေးခဲ့ကြဘူးလေ…အဖိုးက အမေ့လက်ဆောင်ကို ဘယ်တော့မှ မရခဲ့ဘူး…"

ထိုအချိန်တွင် သူက ငယ်သေးပြီး သူ့အမေ၏၀မ်းနည်းနေသော မျက်နှာက သူ့စိတ်ထဲတွင် စွဲထင်ခဲ့လေသည်။

အချိန်များစွာ ကုန်လွန်ခဲ့ပြီဖြစ်သော်လည်း ယဲ့ကျား ယခုချိန်ထိ မှတ်မိနေသေးလေသည်။

အမေ လေးနှစ်အရွယ်က အဖေများနေ့…

ယဲ့ကျား ထိတ်လန့်သွားပြီး ဖုန်းထုတ်ကာ ပြက္ခဒိန်ကို ကြည့်လိုက်လေသည်။

ဆယ်မိနစ်ကြာပြီးနောက်…

ယဲ့ကျားက သူ့ရှေ့တွင် ပြန့်ကြဲနေသော စာရွက်များကို စိုက်ကြည့်‌လိုက်သည်။

အောင်မြင်ပြီ…

သူ မှတ်စုစာအုပ်ရဲ့ ပထမစာကြောင်း အနည်းငယ်ကို ဖြေရှင်းပြီးပြီ…ဆိုလိုတာက အဖြေက မှန်တယ်…

တကယ်တော့ ဝှက်စာ ဖန်တီးရတဲ့ အကြောင်းရင်းက နှစ်ခုပဲ…တစ်ခုက အကြောင်းအရာကို ကာကွယ်ဖို့၊ နောက်တစ်ခုက သက်ဆိုင်တဲ့လူပဲ ဖော်နိုင်ဖို့…

အမေပဲ ဒီရက်စွဲကို သိတယ်…

ဒီဒိုင်ယာရီကို ရေးတဲ့ အချိန်တုန်းက အမေနဲ့အဖေက သေသွားပြီ…

ကျန်တဲ့ မိသားစု၀င်ဆိုတာ…

သူပဲ ရှိတယ်…

သူမရှိရင် ဒီဒိုင်ယာရီကို ဖြေရှင်းဖို့ မဖြစ်နိုင်ဘူး…

သူ့အဖိုးက သူ့အကြောင်း ကောင်းကောင်းသိခဲ့ပုံရတယ်…

သူက သေချာပေါက် အသက်ရှင်ပြီး ဒီဒိုင်ယာရီကို ဖတ်လိုက်မယ်လို့လည်း မျှော်လင့်ထားပုံပဲ…

ဒီဒိုင်ယာရီကို သူ့အတွက်ရေးထားတာပဲ…

အမှန်တရားက သူ့ရှေ့တွင် တဖြည်းဖြည်း ပေါ်ပေါက်လာလေသည်။