အပိုင်း ၁၂၁
Viewers 10k

Chapter 121



စိတ်လှုပ်ရှားနေသောကြောင့်လား၊ ကြောက်ရွံ့မှုကြောင့်လား၊ နှစ်ခုလုံးကြောင့်လား မသိသော်လည်း ယဲ့ကျား၏ လက်ချောင်းများ တုန်ရီနေလေသည်။

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး မပြီးပြတ်သေးသည့် အလုပ်ကို ဆက်လုပ်လိုက်သည်။

……….

ဘလပ်စ်က သူ့အသက်ရှူသံကို ဖုံးကွယ်ပြီး တစ္ဆေနောက် လိုက်သွားလေသည်။

မြေအောက်လမ်းကြောင်းက အကွေ့အကောက်များပြီး အသစ်ချဲ့ထွင်ထားသော လမ်းကြောင်းများ၏ အရိပ်အယောင်များကိုလည်း တွေ့နေရလေသည်။

ဘလပ်စ်က ပိုမိုသွားလေလေ ပိုမို ထိတ်လန့်လာလေလေဖြစ်သည်။ ဤမြေ‌အောက်လမ်းကြောင်းများက Mမြို့တစ်လျှောက် ရှိနေသည်ဟုပင် သံသယရှိလာလေသည်။

မလှမ်းမကမ်းရှိ အပေါ်ဘက်တွင် အလင်းရောင်ဖျော့ဖျော့ ပေါ်လာလေသည်။

ဘလပ်စ် ခန္ဓာကိုယ်ကို နိမ့်လိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။

ထိုအခါ မရေမတွက်နိုင်သော ခြေလက်များက သူ့အမြင်အာရုံတွင် ပေါ်လာလေသည်။ အလောင်းများကလည်း တစ်လောင်းနှင့် တစ်လောင်း ထပ်လျက်ရှိနေသောကြောင့် အပြင်တွင် အလောင်းမည်မျှ ရှိနေမှန်း မပြောနိုင်ချေ။

သံကြိုးများ၏ တချွင်ချွင်မြည်သံများ ထွက်ပေါ်လေသည်။

အလောင်းများမှ မရေမတွက်နိုင်သော ဝိညာဉ်များ ဆွဲထုတ်ခံနေရလေသည်။

သိပ်သည်းသော ယင်စွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် သူတို့က တစ္ဆေများ ဖြစ်လာကြလေသည်။

တစ်ယောက်ပြီး တစ်ယောက် မြေအောက်သို့ ပစ်ချခံနေရလေသည်။ သူတို့က နာကျင်စွာ အော်ဟစ်နေကြပြီး အကူအညီတောင်းခံနေသည်။ သူတို့က တစ္ဆေ၏ သံကြာပွတ်အောက်တွင် ခက်ခက်ခဲခဲ လမ်းလျှောက်နေကြလေသည်။

တစ္ဆေ၏ အတင်းအကြပ်ခိုင်းစေမှုအောက်တွင် မြေတူးရန် တစ္ဆေအုပ်စုတစ်စု ထပ်မံ ဖြစ်ပေါ်လာလေသည်။

တစ္ဆေ၏ ရည်ရွယ်ချက်က သတ်ဖြတ်လိုစိတ်ပြည့်နေ‌သော အနက်ရောင်အရည်ကို တူးဖော်ရန်ဖြစ်သည်။

ဘလပ်စ်က ငိုကြွေးနေကြသော တစ္ဆေများကို ကြည့်ကာ အံကြိတ်ထားပြီး လက်သီးတင်းတင်း ဆုပ်ထားလေသည်။

သူ တကယ် တစ်ခုခုလုပ်ချင်ပေမဲ့လည်း…

သူက အကြံအဖန်ဉာဏ်ကင်းမဲ့သော်လည်း လက်ရုံးရည်ကြွယ်၀သူဖြစ်သည်။ သူက ယခု ရန်သူစခန်းထဲ ရှိနေသောကြောင့် သွားတိုက်လျှင် သေရုံသာရှိကြောင်း သိလေသည်။

ထိုအချိန်တွင် အပေါ်မှ စကားစမြည်ပြောသံကို ကြားလိုက်ရလေသည်။ စကားဝိုင်းက မရှင်းလင်းသော်လည်း သူ စကားလုံးတစ်လုံးကို ဖမ်းမိလိုက်သည်။

"အေ့စ်..."

သူက အနည်းငယ် ထိတ်လန့်သွားပြီး အသံကြားရာဆီသို့ မော့ကြည့်လိုက်သည်။

ဒီတစ္ဆေတွေ အေ့စ်အကြောင်း ပြောနေတာလား…

ဘလပ်စ်က ညှဉ်းပန်းနှိပ်စက်ခံနေရသော တစ္ဆေများကို နောက်ဆုံးအနေနှင့် တစ်ချက်ကြည့်လိုက်ပြီး အပေါက်မှ တစ်ဆင့် မြေပြင်ပေါ်သို့ ခုန်တက်လိုက်သည်။

ဒီနေရာက Mမြို့ထဲမှာပဲ…

ကောင်းကင်က မြို့ပြင်ကထက် ပိုမှောင်ပြီး အနီနှင့် အနက်များက ရောယှက်နေကာ လူများကို အသက်ရှူကြပ်စေသည့် ခံစားချက် ပေးစွမ်းလေသည်။

အဆောက်အအုံအပျက်အစီးများက ၀န်းရံနေပြီး မလှမ်းမကမ်းတွင် အလောင်းပုံကြီးတစ်ပုံ ရှိကာ ‌မှုန်မှိုင်းသော နောက်ခံတွင် တစ္ဆေကြီးတစ်ကောင်နှင့် တူနေလေသည်။

ဘလပ်စ်က အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ မြို့လယ်ခေါင်တွင် တစ္ဆေနှစ်ကောင် လမ်းလျှောက်နေကြသည်ကို တွေ့လိုက်ရလေသည်။

ဘလပ်စ်က အကွာအဝေးတစ်ခုခြား၍ တိတ်တဆိတ်လိုက်သွားပြီး ချောင်းနားထောင်လိုက်သည်။

သူတို့က မြေအောက်လမ်းကြောင်းများ အကြောင်းနှင့် လူသားများကို နေရာအနှံ့သို့ စေလွှတ်ခြင်းအကြောင်း ပြောနေကြပုံရသည်။

"အရှေ့ဘက်က လူ တစ်ထောင်နှစ်ရာ ၀င်လာတယ်…သူတို့ကို နေရာချပြီးသွားပြီ…"

"တူးဖို့ လူဘယ်နှယောက် လိုတာလဲ…"

"ငါ မသိဘူး…တစ်သောင်းလောက် ဖြစ်မယ်…ဒါတွေကို စိတ်ပူမနေနဲ့…ကိုယ့်ကိစ္စကိုသာ စိတ်ပူ…"

‌ခေါင်းပေါ်တွင် မျက်နှာလေးငါးမျက်နှာရှိသော တစ္ဆေ အေးခဲသွားလေသည်။

"ဒါပေမဲ့…ဒါပေမဲ့..."

"ဒါပေမဲ့ ဘာလဲ…"

"ဒီရှေ့တန်းက တကယ်ကြောက်ဖို့ကောင်းတယ်…ငါ တကယ် အသတ်ခံရမယ်နဲ့ တူတယ်…"

"အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် ဂရုစိုက်လေ…မင်း ဒီတစ်လပဲ အသက်ရှင်နေဖို့ လိုတယ်…"

"တစ်လလား…တစ်လကြာပြီးရင် သူတို့ကို သတင်းပို့စရာ မလိုတော့ဘူးလား…"

"ဟီးဟီး…ဟုတ်တယ်…တစ်လကြာပြီးရင် အမေ သူတို့ကို မလိုတော့ဘူး…"

မလိုတော့တာလား…

ဒါက ဘာကို ဆိုလိုတာလဲ…

ဘလပ်စ်၏ မျက်လုံးများက ပြူးကျယ်လာကာ အသက်ရှူသံက အနည်းငယ် ပြောင်းလဲသွားလေသည်။

ထိုစဉ် သူ့ရှေ့မှ တစ္ဆေနှစ်ကောင်က တစ်ခုခုကို သတိထားမိသွားပုံ ရလေသည်။ ခေါင်းများက ရုတ်တရက် လှည့်လာပြီး ‌မေးလာသည်။

"ဘယ်သူလဲ…"

ကျစ်…

ဘလပ်စ် တောင့်တင်းသွားသည်။

သူ့၏ ဖုံးကွယ်နိုင်မှုစွမ်းရည်က မမြင့်ချေ။ အာရုံခံစားမှုနိမ့်သော တစ္ဆေများကို လှည့်စားရန် အဆင်ပြေသော်လည်း အာရုံခံစားမှုမြင့်သော စွမ်းအားကြီးတစ္ဆေများကမူ သူ့ကို ရှာတွေ့နိုင်ချေ များပြားလေသည်။

ဘလပ်စ် အလောတကြီး ပြန်ဆုတ်လိုက်ပြီး အပျက်အစီးများကြားမှ ပြန်ဆုတ်ခွာလိုက်သည်။

နဖူးတွင် ‌ချွေးများပင် စို့လာလေသည်။

သူ မြန်မြန် ပြေးရမယ်…


ပြတင်းပေါက်အပြင်ဘက်မှ ထူးဆန်းသော ဆူညံသံတစ်သံ ထွက်ပေါ်လာလေသည်။

ထူးဆန်းသောအသံကြောင့် ယဲ့ကျားက အလွန်အမင်း အာရုံစိုက်နေသော ‌အခြေအနေမှ သတိပြန်၀င်လာပြီး မျက်မှောင်ကြုတ်ကာ အသံလာရာဘက်သို့ ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ…"

ကျီရွှမ်က ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်ပြီး နီရဲနေသော မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ပြောလိုက်သည်။

"ကြည့်ရတာ အပြင်လူ ၀င်လာပုံပဲ…."

အပြင်လူလား…

ယဲ့ကျားက ထိတ်လန့်သွားလေသည်။

ရင်းနှီးနေ‌သော မျက်နှာအချို့က သူ့စိတ်ထဲပေါ်လာလေသည်။

ဒီလိုနေရာကို ၀င်လာနိုင်တာ ‌စွမ်းရည်ရှိလို့ပဲ…ပြီးတော့ အဆင်ခြင်မဲ့လို့ပဲ...သူ အဲ့ဒီလူဖြစ်မှာကို‌ ကြောက်မိတယ်…

ယဲ့ကျားက မတ်တပ်ထရပ်လိုက်ပြီး သူ့ဒူးပေါ်မှ စာရွက်များက ပြန့်ကြဲသွားလေသည်။

"ငါ သွားကြည့်လိုက်မယ်…"

ကျီရွှမ်က ယဲ့ကျားဘေးသို့ လျှောက်သွားလိုက်သည်။

"မသွားနဲ့…"

ယဲ့ကျား :"ဟမ်…"

ကျီရွှမ် :"ကောကောသာ ထွက်သွားရင် တခြားတစ္ဆေတွေရဲ့ အာရုံကို ဆွဲ‌ဆောင်ဖို့ အရမ်းလွယ်တယ်…အမေ့ရဲ့ သံသယကို နှိုးဆွဖို့လည်း လွယ်တယ်…"

ကျီရွှမ်က ယဲ့ကျားကို ‌ဆိုဖာပေါ် ပြန်ထိုင်ခိုင်းလိုက်သည်။

"ကျွန်တော် သွားမယ်…"

ယဲ့ကျား :"ဒါပေမဲ့…"

ကျီရွှမ် : "မစိုးရိမ်ပါနဲ့…အမေက အခု မြို့ထဲမှာ မရှိဘူး…တစ်ခုခု ဖြစ်ခဲ့ရင်လည်း အမေ့လက်ထဲမှာ ထည့်ထားတဲ့ စစ်တုရင်အပိုင်းအစတွေ ရှိတယ်…"

ယဲ့ကျားက စက္ကန့်အနည်းငယ်ခန့် တွေးဆပြီးနောက် သက်ပြင်းချလိုက်သည်။

"ကောင်းပြီ…"

ကျီရွှမ် :"ဒါပေမဲ့…ဒါက အရမ်း အန္တရာယ်များတယ်…"

ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်တယ်..."

ကျီရွှမ်က ပါးကို လက်ညှိုးဖြင့် ထိုးပြလိုက်ပြီး ပြောလိုက်သည်။

"ကံကောင်းစေမဲ့ အနမ်းလေး ပေးပါလား…"

ယဲ့ကျား : "..."

ကျီရွှမ် : "ကောကော ကျွန်တော့်ကို တစ်ညလုံးဖက်ထားဖို့ အကြွေးရှိသေးတယ်နော်…မှတ်မိသေးလား…"

ယဲ့ကျား : "..."

ကြည့်ရတာ ဒီလိုမျိုး တကယ် ရှိခဲ့ပုံပဲ…

ကျီရွှမ် : "အနမ်းပေး..."

ယဲ့ကျား : "မပေးဘူး…"

ကျီရွှမ်က ပါးကို ထပ်ထိကာ နာခံစွာ ပြောလိုက်သည်။

"ဒီတစ်ခါနမ်းရင် ထပ်နမ်းဖို့ မပြောတော့ဘူး…"

ယဲ့ကျား: ".................."

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး တစ်ဖက်လူ၏ ပါးကို မြန်မြန် နမ်းလိုက်သည်။

သို့သော် သူ့နှုတ်ခမ်းက ကျီရွှမ်၏ ပါးကို ထိခါနီးတွင် ကျီရွှမ်က ရုတ်တရက် မျက်နှာလှည့်လာလေသည်။

ယဲ့ကျားက မတုံ့ပြန်မီ သူ့နှုတ်ခမ်းထက်၌ နူးညံ့‌အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရလေသည်။

ယဲ့ကျားက ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်လိုက်သည်။ ရုတ်တရက် လှုပ်ရှားမှုကြောင့် ဟန်ချက်ပျက်ပြီး လှန်ကျမလို ဖြစ်သွားလေသည်။

ထိုစဉ် တစ်ဖက်လူ၏ လက်တစ်စုံက သူ့ခါးကို ပွေ့ဖက်လာလေသည်။

ကျီရွှမ်က အက်ရှရှပြောလာလေသည်။

"ကောကော ဂရုစိုက်မှပေါ့…"

ကျီရွှမ်က အပူချိန်မရှိသည့် တစ္ဆေဖြစ်သော်လည်း ယဲ့ကျားက နှုတ်ခမ်းထက်မှ ထူးဆန်းသော နွေးထွေးသည့် အထိအတွေ့ကို ခံစားနေရလေသည်။

ကျီရွှမ်က တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် နောက်ပြန်ဆုတ်လိုက်လေသည်။ သူ မထွက်သွားမီ ယဲ့ကျားဘက်လှည့်ကာ ပြုံးပြလိုက်သည်။

"ကျွန်တော် ပြန်လာခဲ့မယ်..."

ယဲ့ကျား သတိပြန်၀င်လာသောအခါ တစ်ဖက်လူက ပျောက်ကွယ်သွားပြီဖြစ်သည်။

ယဲ့ကျား : "............"

ထပ်လုပ်ပြန်ပြီ…

ယဲ့ကျားက မှုန်ကုပ်ကုပ် မျက်နှာဖြင့် ပြန်ထိုင်လိုက်ပြီး ကြမ်းပြင်ပေါ်မှ စာရွက်များကို ပြန်ကောက်လိုက်ကာ ဝှက်စာဆက်ဖော်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ယဲ့ကျားက လက်မြှောက်လိုက်ပြီး နှုတ်ခမ်းကို လက်ခုံဖြင့် ပွတ်လိုက်သည်။ နီရဲနေသော မျက်လုံးများက ရက်စက်စွာ တောက်ပနေလေသည်။

ကျီရွှမ် ပြန်လာရင် အရင်ဆုံး ရိုက်ပစ်ရမယ်…

……

ဘလပ်စ်က ပြင်းထန်စွာ ပြေးလွှားနေလေသည်။

ထိပ်တွင် အဆောက်အအုံကြီးဖြင့် ပိတ်နေ‌သောကြောင့် ဆက်သွားရန် လမ်းမရှိ‌‌တော့ချေ။

ဘလပ်စ် အံကြိတ်လိုက်ပြီး ဘေးသို့ ခုန်တက်ရန် လုပ်လိုက်သော်လည်း သူ့ခေါင်းထက်၌ တစ္ဆေများ ပေါ်လာလေသည်။

တောက်လောင်နေသော မီးတောက်များက ညဉ့်ကောင်းကင်ယံအောက်တွင် ‌တောက်ပနေလေသည်။

မီး‌‌တောက်နှင့် ထိမိသော တစ္ဆေများအားလုံး အော်ဟစ်မြည်တမ်းကာ ပြာဖြစ်သွားကြလေသည်။

သို့သော်ငြားလည်း တစ္ဆေများက ထပ်မံရောက်လာလေသည်။ သူ့နောက်တွင်လည်း တစ္ဆေများက ရောက်လာလေသည်။

ဘလပ်စ်၏ အရှေ့နှင့် နောက်တွင် တ‌စ္ဆေများက ၀န်းရံနေကြလေသည်။

ဘလပ်စ်၏ မျက်လုံးများက ‌တောက်လောင်နေပြီး နှုတ်ခမ်းက ကွေးညွှတ်နေလေသည်။ သူ့လက်ဖဝါးထဲတွင် မီးတောက်များ ‌‌တောက်လောင်နေလေသည်။

တစ္ဆေတွေက ပိုများလာတယ်…

ထိုအခိုက်အတန့်တွင် အမျိုးသားတစ်ယောက်၏ ပျင်းရိသောအသံ ထွက်ပေါ်လာလေသည်။

"မင်းကို စကားမများပါနဲ့လို့ ပြောသားပဲ…"

တစ္ဆေများနှင့် ဘလပ်စ်က အသံကြားရာသို့‌ ခေါင်းမော့ကြည့်လိုက်လေသည်။

အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ယောက်က အပျက်အစီးများ ထိပ်တွင် ရပ်နေပြီး သူ့မျက်နှာက အေးစက်နေလေသည်။ နီရဲနေသော မျက်လုံးများကလည်း အနည်းငယ် ကျဉ်းမြောင်းနေလေသည်။

ကျီရွှမ်…

ဘလပ်စ်က အံကြိတ်လိုက်ပြီး တစ်ဖက်လူကို အရေခွံ ခွာချင်သကဲ့သို့ ကြည့်လိုက်‌လေသည်။

"ရှက်စရာကောင်းလိုက်တာ…."

ထိုအမျိုးသားက သူတို့ကို အထင်သေးစွာ ကြည့်လာလေသည်။

"အားးးးး"

ဘလပ်စ်က အော်လိုက်ပြီး ကျီရွှမ်ကို မုန်းတီးဒေါသထွက်စွာ ကြည့်နေလေသည်။

နောက်တစ်ခဏတွင် သွေးပင်လယ်ကြီးတစ်ခု ရုတ်တရက် ထွက်ပါ်လာပြီး သူ့ကို ဝါးမျိုလိုက်လေသည်။

တစ္ဆေများက ကျီရွှမ်ကို စိုက်ကြည့်နေကြလေသည်။

နောက်တစ်ခဏတွင် သွေးပင်လယ်က နေရာအနှံ့စီးဆင်းသွားပြီး တစ္ဆေများကို ဝါးမျိုလိုက်လေသည်။

ကျီရွှမ်က ထိုနေရာကို တစ်ချက်ကြည့်လိုက်ပြီး သူ့၏ ပုံရိပ်က လေထဲသို့ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။

·…..

နာလိုက်တာ…

ခန္ဓာကိုယ်တစ်ကိုယ်လုံးက ကွဲထွက်သွားပြီး ပြန်ပေါင်းနေ‌သလိုပင် ဖြစ်သည်။ သူ့ရင်ဘတ်ကို တစ်ခုခုကို ဖိနေသကဲ့သို့ ခံစားရပြီး အသက်ရှူကြပ်နေလေသည်။

ဘလပ်စ်၏ ရှေ့တွင် အမှောင်ထုသာ ရှိလေသည်။

ငါ သေပြီလား…

ရင်ဘတ်မှ အလေးချိန်က ရုတ်တရက် ပျောက်ကွယ်သွားကာ ခြောက်သွေ့အေးစက်သော လေများက လည်ချောင်းအတွင်းသို့ စိမ့်၀င်လာပြီး လေပြွန်နှင့် အဆုတ်ကို ဓားနှင့် ထိုးနေသကဲ့သို့ ခံစားနေရလေသည်။

ဘလပ်စ် ချောင်းဆိုးလိုက်သည်။

"ဟေ့…ဟေ့…"

ရင်းနှီးသောအသံတစ်သံကို ကြားလိုက်ရလေသည်။

နွေးထွေးနူးညံ့သော လက်တစ်ဖက်က သူ့ကျောကို ဖြည်းညှင်းစွာ ပွတ်သပ်ပေးနေလေသည်။

သူက ခက်ခက်ခဲခဲ မျက်လုံးဖွင့်ကာ ကြည့်လိုက်သည်။

မှုန်ဝါးဝါး မည်းမှောင်မှောင် အမြင်အာရုံထဲတွင် မိန်းကလေးတစ်ယောက်က မျက်မှောင်ကြုတ်ကာ သူ့ကို စိုးရိမ်စွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။

"အဆင်ပြေလား…"

ဒါက ဝေ့ရွှယ်ချူးပဲ…

ဝေ့ရွှယ်ချူးက အေ့စ်ရဲ့ တံစဉ်းနဲ့ အထိုးခံရပြီး အပေါက်ထဲ ပြုတ်ကျသေသွားတာမလား…

ဝေ့ရွှယ်ချူးက ဘလပ်စ်၏ ပါးကို ပုတ်လိုက်သည်။

"နိုးပြီလား…"

ဘလပ်စ်က ကြောင်အစွာ မေးလိုက်သည်။

"ငါအခု နတ်ပြည်ရောက်နေတာလား…"

မဟုတ်ရင် ဘာလို့ ‌သေပြီးသားလူကို တွေ့ရမှာလဲ…

ဝေ့ရွှယ်ချူး: "..."

ဝေ့ရွှယ်ချူးက နှုတ်ခမ်းကို တွန့်လိုက်ပြီး ဘေးမှ စာအုပ်ထူကြီးကို ယူလိုက်ကာ ဘလပ်စ်ကို ရိုက်လိုက်သည်။

နင့်မေ…နတ်ပြည်တဲ့လား…

"နာတယ်ဟ…"

ဘလပ်စ်က ဖူးရောင်နေသော နဖူးကို ကိုင်ကာ မျက်ရည်များပင် ကျလာလေသည်။

ဝေ့ရွှယ်ချူးက စာအုပ်ကို ဘေးသို့ ပစ်ချလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"အခု နိုးပြီလား…"

ဘလပ်စ် စက္ကန့်ပိုင်းမျှ အေးခဲသွားလေသည်။

သူက မတ်တပ်ရပ်နေသည့် ဝေ့ရွှယ်ချူးနှင့်ဘေးတွင် ထိုင်နေသည့် ရုပ်သေးသခင်ကို စိုက်ကြည့်လိုက်သည်။

ဝေ့ရွှယ်ချူးက စိတ်ရှည်လက်ရှည် စောင့်နေလေသည်။

စက္ကန့်အနည်းငယကြာပြီးနောက်…

ဘလပ်စ်၏ မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ်လာလေသည်။

"မင်း…မင်း…"

"ငါ…"

ဝေ့ရွှယ်ချူးက တစ်ဖက်လူကို စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"ငါက ဘာဖြစ်လဲ…"

ဘလပ်စ်က လက်မြှောက်ကာ ဝေ့ရွှယ်ချူး၏ လက်ကို တို့လိုက်ပြီး ဗလုံးဗထွေး ပြောလိုက်သည်။

"နွေးတယ်…"

သူက ခေါင်းကို မော့လိုက်သည်။

"တစ္ဆေမဟုတ်ဘူး…."

ဝေ့ရွှယ်ချူး: "..."

သူက လက်ကို မြှောက်လိုက်ပြီး ထပ်ရိုက်ရန် လုပ်လိုက်သည်။

ဘလပ်စ်က ခေါင်းကို ကိုင်လိုက်ပြီး အသက်ရှင်ရန် ခုန်ထွက်လိုက်လေသည်။ သူ့မျက်နှာအမူအရာက အံ့အားသင့်နေလေသည်။

"မင်း တကယ် မသေဘူးပဲ…"

ဝေ့ရွှယ်ချူး:"နင့်ဦးနှောက်က အခုမှ လည်ပတ်လာတာကို…"

"ဟားဟားဟားဟားဟား"

ဘလပ်စ်က သူ့၏ မသေသေးသော မိတ်ဆွေကို တွေ့လိုက်သောအခါ တစ်ခုခုကို သတိရသွားပြီး ရယ်မောလိုက်သည်။

ဝေ့ရွှယ်ချူး:"..."

ဘလပ်စ်:"ဒီတစ်ခါတော့ ငါ ထင်တာ မှန်တယ်ကွ…ချန်ချင်းယဲ့၊ ဝူစူး ဟားဟားဟား…ငါ သူတို့ကို ဒါပြသင့်တယ်…နောက်ဆုံးတော့ ဘယ်သူက ဦးနှောက်မရှိလဲ သိရပြီလေ…"

ဝေ့ရွှယ်ချူး: "..."

ဘလပ်စ်က ပျော်ရွှင်စွာ ပြောလာသည်။

"ငါထင်သားပဲ…လူလိမ် အေ့စ်က ဘယ်လိုလုပ် လွယ်လွယ်ပြောင်းသွားမှာလဲ…သူ့ရဲ့ရောင်ဝါက တစ္ဆေရောင်ဝါနဲ့ အရမ်းတူတယ်…သူ့မျက်နှာမှန်ကို မသိရင် ငါ လှည့်စားခံရမှာပဲ…"

သူ့စကားမဆုံးမီ ဝေ့ရွှယ်ချူးက ဖြတ်ပြောလိုက်လေသည်။

"အို…ဒါက တကယ်ပဲ…သူက တကယ် တစ္ဆေဖြစ်သွားပြီ…"

ဘလပ်စ် တောင့်တင်းသွားလေသည်။

သူက ဝေ့ရွှယ်ချူးဘက် လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာအမူအရာက အလွန်ရယ်စရာ ကောင်းနေလေသည်။ ထူးဆန်းသည့် အသံတစ်သံက လည်ချောင်းထဲမှ ထွက်လာလေသည်။

"ကယ်…"

……..

ပြတင်းပေါက် အပြင်ဘက်ရှိ အမည်းရောင်ကောင်းကင်ကြီးက သွေးရောင်သန်းနေလေသည်။

Mမြို့၏ အလယ်ဗဟိုကို ကောင်းကင်က လုံး၀ဖုံးလွှမ်းထားပြီး နေ့ညခွဲရန်ပင် မဖြစ်နိုင်ချေ။

ကံကောင်းစွာနှင့် ယဲ့ကျားက ယခု ‌တစ္ဆေဖြစ်လာသောကြောင့် အမှောင်ထဲမှ အရာများကို မြင်နိုင်ပေသည်။

သူက ခေါင်းငုံ့လိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် ပြန့်ကြဲနေသော စာရွက်များကို ကြည့်လိုက်သည်။

ယဲ့ကျား ဝှက်စာ၏ ပထမပုဒ်ကို ဖော်နိုင်ပြီဖြစ်သည်။

ဒိုင်ယာရီစာအုပ်တွင် အမေက တစ်ကမ္ဘာလုံးတွင် အမှောင်မိုက်ဆုံးဖြစ်ပြီး သူ့၏ အလယ်အူတိုင်ကို အငြိုးများဖြင့် ပြုလုပ်ထားသည်။

ယင်စွမ်းအင်နှင့် အငြိုးက တည်ရှိမှုနှစ်မျိုးဖြစ်သည်။ ယင်စွမ်းအင်က သက်ရှိလူသား၏ ခန္ဓာကိုယ်ကို ပျက်စီးစေသော်လည်း လူသားများက ယင်စွမ်းအင်ကို အသုံးပြု၍ရသည်။ နည်းလမ်းတစ်မျိုးမျိုးကျွမ်းကျင်နေသရွေ့ သာမာန်လူများပင် ထူးဆန်းသည့်စွမ်းအားများကို ထိန်းချုပ်နိုင်ပေသည်။

အငြိုးက သန့်စင်တဲ့အမှောင်ထုပဲ…

အသက်စွမ်းအင်ကို အတင်းအဓမ္မ လုယူလိုက်ခြင်းဖြင့် ယင်းကို ဖန်တီးနိုင်သည်။

သို့သော် ပမာဏက အလွန်နည်းလေသည်။ ခွင့်လွှတ်၍ မရနိုင်သော အပြစ်သားတစ်ဦးထံမှ ယူလျှင်ပင် ပမာဏက အကန့်အသတ်ရှိပေသည်။ သို့သော် လူသားများက ဆိုးရွားလာကြသည်နှင့်အမျှ ယင်းကို ရယူနိုင်ပြီး စွမ်းအားကြီးမားပြီး တိုက်ခိုက်နိုင်မှုစွမ်းရည် အလွန်ကောင်းသည့် တစ္ဆေကို ဖန်တီးနိုင်သည်။

ကြောက်စရာကောင်းသော်ငြားလည်း အငြိုးက သဘာ၀စက်၀န်းအတွက် မရှိမဖြစ်လိုအပ်သော ချိတ်ဆက်မှုဖြစ်သည်။

အပြင်ကမ္ဘာတွင် အငြိုးများက အတိုင်းအတာတစ်ခုထိရောက်လာလျှင် အမေ လွတ်မြောက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် လွန်ခဲ့သည့်နှစ်ပေါင်း၃၀က များပြားလှသော အငြိုးများဖြင့် တံခါးကို ဖွင့်ခဲ့သည်။ ထိုအရာကြောင့် PIAMBက တစ္ဆေများနှင့် ပိုမိုဆက်ဆံလာရပေသည်။

ဒါရိုက်တာဟောင်းက ကြိုးကိုင်ခံထားရသောဓားသာဖြစ်သည်။

သူက ဓားကို ကိုင်တွယ်ခဲ့သူ မဟုတ်သော်လည်း တံခါးကို ဖွင့်ခဲ့သူ ဖြစ်သည်။

ယဲ့ကျား၏ စိတ်ထဲတွင် မြေကြီးထဲ၌ နစ်မြှုပ်နေ‌‌သော အနက်ရောင်အရည်များ ပေါ်လာလေသည်။

ဒိုင်ယာရီစာအုပ်ပြောတယ်…

တံခါးကို ထပ်ဖွင့်ရမယ်…ဘာလို့ဆို လုံးလုံးပိတ်ခဲ့တာ မဟုတ်လို့ပဲ…

ဘာလို့ဆို အငြိုးတွေက အဆက်မပြတ် ပေါက်ပွားလာလို့…

အငြိုးများကို အတုလုပ် ဖန်တီးရန် လူသားဝိညာဉ်များကို သတ်ဖြတ်ရန် လိုလေသည်။

လူသားများသေသွားသောအခါ သူတို့၏ ဝိညာဉ်များက ခန္ဓာကိုယ်နှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားကြလေသည်။ အချို့ စွဲလမ်းမှုရှိသည့် ဝိညာဉ်များသာ လောကကြီး၌ အချိန်ကြာကြာ ပိုရှိကြသည်။

မကောင်းမှု မလုပ်ဖူးသော ဝိညာဉ်များကို မပျောက်ကွယ်မီ ရက်စက်စွာ သတ်ဖြတ်ကြပြီး အငြိုးတုများကို ဖန်တီးကြလေသည်။

အငြိုးများ စုပုံလာလျှင် ယင်းတို့က ကမ္ဘာကြီးကို သက်ရောက်မှု ရှိစေမည် ဖြစ်သည်။

ယဲ့ကျားက ရုတ်တရက် PIAMB၏ စည်းမျဉ်းကို သတိရသွားသည်။

ဝိညာဉ်က ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ရှင်းပစ်ရမယ်…

အဲ့ကတည်းက စနေခဲ့တာလား…