Chapter 122
ရုတ်တရက် သူ့၏ လက်ကို အေးစက်သောအရာတစ်ခုက ထိတွေ့လာသည်ကို ခံစားလိုက်ရသည်။
ယဲ့ကျားက ထိတ်လန့်သွားပြီး အတွေးထဲမှ ရုန်းထွက်ကာ ကြည့်လိုက်သည်။
မှိန်ဖျဖျအခန်းထဲတွင် ကြီးမားလှသော သွေးအရိုးငါးက မျက်လုံးချိုင့်ကြီးများဖြင့် သူ့ကိုစိုက်ကြည့်နေလေသည်။
ကြည့်ရတာ တွန့်ဆုတ်နေပုံပဲ…
သူ့ရှေ့ရှိ တစ္ဆေ၏ ၀င်သက်ထွက်သက်က သူသဘောကျသော လူသားနှင့် တူသော်လည်း အတိအကျ တူညီခြင်း မရှိပေ။ ထို့ကြောင့် တွေဝေတွန့်ဆုတ်နေခြင်းဖြစ်သည်။
"မင်းပဲ..."
ယဲ့ကျားက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ထို့နောက် သွေးအရိုးငါး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
ထိုကဲ့သို့ အကျွမ်း၀င်နေသော လှုပ်ရှားမှုကြောင့် သွေးအရိုးငါး၏ မျက်နှာက တောက်ပသွားပြီး သူ့ခေါင်းတစ်ခေါင်းလုံးကို ယဲ့ကျားရင်ခွင်ထဲ ထည့်လိုက်လေသည်။
"အိုကေ...အိုကေ…"
ယဲ့ကျားက သွေးအရိုးငါး၏ ခေါင်းကို လက်ဖဝါးဖြင့် တွန်းလိုက်သည်။
သူ့ရှေ့ရှိ စိတ်လှုပ်ရှားနေသော သွေးအရိုးငါးကို ငုံ့ကြည့်ကာ မေးလိုက်သည်။
"မင်း ဘယ်လို ရောက်လာတာလဲ…"
ထိုအချိန်တွင် ကျီရွှမ်၏ အသံက တံခါးမှ ထွက်ပေါ်လာလေသည်။
"ကျွန်တော် ခေါ်လိုက်တာ..."
ကျီရွှမ်က ပြောလိုက်သည်။
"မကြာသေးခင်က ကျွန်တော် နည်းနည်း လွမ်းဆွေးနေတာ…ကောကောနဲ့ မတွေ့ရတာအရမ်းကြာပြီလို့ ခံစားနေရတယ်…"
ယဲ့ကျား၏ အမူအရာ ပျော့ပျောင်းသွားသည်။
"လျှောက်မပြောနဲ့…"
ကျီရွှမ်:"တကယ်ပြောတာ…"
အမှန်တွင် သူ ပြန်ရောက်နေသည်မှာ အချိန်အနည်းငယ်ကြာပြီဖြစ်သော်လည်း ယဲ့ကျားက အတွေးထဲနစ်မျောနေပြီး သူ့ကို သတိမထားမိသောကြောင့် အရိပ်တစ္ဆေနှင့် အတူ စေလွှတ်ခဲ့သည့် သွေးအရိုးငါးကို ယာယီဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။
ကျီရွှမ်က အထဲ၀င်လာသည် သူ့နှုတ်ခမ်းက ကွေးညွှတ်နေလေ၏။
ကြည့်ရတာ သွေးအရိုးငါးက အသုံး၀င်နေတုန်းပဲ…
သွေးအရိုးငါးကို နှစ်သိမ့်ပေးနေသည့် ယဲ့ကျားက ခေါင်းမော့ကာ သူ့ရှေ့တွင် ရပ်နေသည့် ကျီရွှမ်ကို မေးလိုက်သည်။
"လူကို ကယ်ပြီးပြီလား…"
ကျီရွှမ် ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်…"
ယဲ့ကျား:"ဘလပ်စ်မလား…"
ကျီရွှမ်:"အင်း…"
တကယ်ကြီး သူပဲ…
ယဲ့ကျားက သက်ပြင်းချလိုက်ပြီး လက်ကိုမြှောက်ကာ နှာခေါင်းရိုးကို ညှစ်လိုက်သည်။
ထိုအခါ သူ့ပေါ်မှ စာရွက်အနည်းငယ်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ယဲ့ကျားက ပြုတ်ကျသွားသော စာရွက်များကို စိုက်ကြည့်ကာ တွေးနေလေသည်။
ဘာပဲပြောပြော ဘလပ်စ်ရောက်လာတာက သူတို့အတွက် ကောင်းတယ်…
ယဲ့ကျားက ကျီရွှမ်ကို မော့ကြည့်လိုက်သည်။
"သူ့ကို တွေ့တဲ့ တစ္ဆေတွေရော…"
ကျီရွှမ်:"အားလုံးကို ရှင်းပစ်လိုက်ပြီ…"
ယဲ့ကျားက ပြုံးကာ မတ်တပ်ထရပ်လိုက်၏။
"သူ့ကို သွားတွေ့ရအောင်…"
.........
ကုန်လှောင်ရုံထဲသို့ ယဲ့ကျား ၀င်သွားသည်နှင့် အရိပ်တစ်ခုက သူ့ဆီ ပြေးလာလေသည်။
ယဲ့ကျား အနည်းငယ် ထိတ်လန့်သွားပြီး တစ်ဖက်လူက သူ့ကို မထိမီ ကော်လံကို ဖမ်းဆုပ်လိုက်သည်။
ဘလပ်စ်က သူ့ကို မီးတောက်နေသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
"မင်း…မင်း…"
ယဲ့ကျား ချောင်းဟန့်လိုက်သည်။
"ငါပြောတာကို နားထောင်…"
သို့သော် သူ မပြောမီ တစ်ဖက်လူက ငိုယိုလာလေသည်။
"မင်းက ငါတို့အတွက် အများကြီး အနစ်နာခံခဲ့တာပဲ…"
ဘလပ်စ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ဒီနေ့ကစပြီး ငါ မင်းကို ဘယ်တော့မှ သံသယမ၀င်ဘူးလို့ ကတိပြုတယ်…"
ယဲ့ကျား : "..."
? ? ?
ဘယ်လို အခြေအနေကြီးလဲဟ…
ယဲ့ကျားက ဝေ့ရွှယ်ချူးကို သံသယ၀င်စွာ ကြည့်လိုက်လေသည်။
ဝေ့ရွှယ်ချူးက ယဲ့ကျားကို တည့်တည့်မကြည့်ဝံ့သောကြောင့် အဝေးကိုသာ ကြည့်နေလိုက်သည်။
တကယ်တော့ သူ ရထားတဲ့အချက်အလက်တွေကို ဘလပ်စ်ကို ပြောပြခဲ့ရုံပဲ…ဒါပေမဲ့ ဘလပ်စ်ရဲ့ ဦးနှောက်ထဲမှာ သူ့စကားတွေကို ဘယ်လို ကြားလိုက်လဲ မသိဘူး…
အရမ်း ရှက်စရာ ကောင်းတယ်…
တစ်ဖက်တွင် ကျီရွှမ်က ယဲ့ကျား၏ပခုံးကို ကိုင်ထားသည့် ဘလပ်စ်၏လက်ကို အုပ်မှိုင်းစွာ စိုက်ကြည့်နေလေသည်။
ဘလပ်စ် အလိုအလျောက် ခံစားမိလိုက်လေသည်။
ဘာဖြစ်နေတာလဲ…
ဘာလို့ ရုတ်တရက် အေးလာပါလိမ့်…
ယဲ့ကျားက နောက်ဆုံးတွင် တစ်ဖက်လူ၏ဆုပ်ကိုင်ထားမှုအောက်မှ လွတ်သွားလေသည်။
"မင်း ဝေ့ရွှယ်ချူးရဲ့ စကားတွေကို ကြားပြီးပြီပေါ့…"
ဘလပ်စ်က ခေါင်းငြိမ့်လိုက်ပြီး ထပ်ငိုတော့မည်ဟန် ပေါ်လာလေသည်။
ယဲ့ကျားက အလောတကြီး ပြောလိုက်သည်။
"အိုကေ…ငါ သိပြီ…"
ဝေ့ရွှယ်ချူး:"ဘယ်လိုလဲ…နင် အမေ့ကို တံခါးထဲ ဘယ်လိုပြန်ထည့်ရမလဲဆိုတာကို သိပြီလား…"
ထိုမေးခွန်းက ဘလပ်စ်၏ အာရုံကို ဆွဲဆောင်လိုက်လေသည်။
ယဲ့ကျား :"ငါ တစ်ခုတော့ ရှာတွေ့ပြီ…"
မိနစ်နှစ်ဆယ်ကြာပြီးနောက်…
ဝေ့ရွှယ်ချူး:"PIAMBရဲ့ ဒါရိုက်တာဟောင်းက နင့်အဖိုးလား…"
ယဲ့ကျား : "ဟုတ်တယ်..."
ဝေ့ရွှယ်ချူး:"သူက တံခါးကို လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်က ဖွင့်ခဲ့ပြီး ဌာနချုပ်ရဲ့ မြေအောက်ခန်းထဲမှာ အချုပ်ခံထားရတယ်…"
ယဲ့ကျား:"ဟုတ်တယ်…"
ဝေ့ရွှယ်ချူး:"ဒါဆို အခုအခြေအနေက PIAMBက အာဏာပိုင်တွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် ဖြစ်လာတာပေါ့…"
ယဲ့ကျား :"အဲ့လိုပဲ ဆိုရမှာပေါ့…"
ဘလပ်စ်:"ဒါဆို မင်းက တတိယမျိုးဆက်ပေါ့…"
ယဲ့ကျား : "..."
ဝေ့ရွှယ်ချူး: "..."
ဝေ့ရွှယ်ချူးက အသက်ပြင်းပြင်းရှူလိုက်ပြီး စာအုပ်ကို ကောက်လိုက်ကာ ဘလပ်စ်၏ ခေါင်းကို ရိုက်လိုက်သည်။
"နင် ဘာကို ပြောချင်နေတာလဲ…"
ဘလပ်စ်က မောက်မာစွာ ပြောလိုက်သည်။
"ငါသိချင်လို့…အဲ့ဒါ ဘာဖြစ်လဲ…"
ယဲ့ကျားက လက်ကို မြှောက်ကာ နဖူးကို ဖိလိုက်သည်။
သေစမ်း…အရမ်း ပင်ပန်းတာပဲ…
တစ်ဖက်တွင် ရုပ်သေးသခင်က အော်ဟစ်လာလေသည်။
"တိုက်ကြ…တိုက်ကြ…"
ယဲ့ကျားက ရုပ်သေးသခင်ကို စိုက်ကြည့်လိုက်သည်။
ရုပ်သေးသခင်က နှင်းရိုက်ခံနေရသော ခရမ်းသီးကဲ့သို့ တုန်ရီလာလေသည်။
သေစမ်း…ဒီလူက တစ္ဆေဖြစ်သွားတော့ ပိုကြောက်ဖို့ ကောင်းလာတယ်…
နောက်ဆုံးတွင် ယဲ့ကျားက သူ့ရှေ့မှ အခြေအနေကို ထိန်းချုပ်လိုက်နိုင်ပြီး ဘလပ်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်း ငါ့အတွက် တစ်ခုခု လုပ်ပေးရမယ်…"
ဘလပ်စ်: "ဘာလုပ်ပေးရမှာလဲ…"
ယဲ့ကျား :"မင်း ဗျူရိုကို ပြန်ရောက်ရင် ဝိညာဉ်အားလုံးကို ရှင်းပစ်ဖို့ စည်းမျဉ်းကို ဘယ်သူထုတ်ခဲ့တာလဲဆိုတာကို စုံစမ်းပေး…"
သာမာန်လူများ၏ ဝိညာဉ်များကို သတ်ဖြတ်ခြင်းက အငြိုးများကို ဖြစ်ပေါ်စေလေသည်။
Mမြို့အောက်တွင် ရှိနေသော အနက်ရောင်အရည်များက တံခါးကို လွန်ခဲ့သည့်နှစ်ပေါင်းသုံးဆယ်လောက်က ဖွင့်ခဲ့ရသည့် အကြောင်းရင်း ဖြစ်နိုင်သည်။
ဝေ့ရွှယ်ချူး:"ဘာလို့ သူက ပြန်သွားလို့ရတာလဲ…"
ဘလပ်စ်က အောင်ပွဲခံအပြုံး ပြုံးလိုက်လေသည်။
"မနာလို ဖြစ်နေတာလားဟင်…"
ဝေ့ရွှယ်ချူးက မျက်လုံးကို မှေးစင်းလိုက်ပြီး ဘလပ်စ်ကို သတ်ချင်နေသကဲ့သို့ ကြည့်နေလေသည်။
ရန်ပွဲ ထပ်မံမဖြစ်ရန်အလို့ငှာ ယဲ့ကျားက အမြန် ၀င်ပြောလိုက်သည်။
"ကျီရွှမ်က ဘလပ်စ်ကို တွေ့ခဲ့တဲ့ တစ္ဆေတွေ အားလုံးကို ရှင်းပစ်လိုက်ပြီ…အမေကလည်း မြို့ထဲမှာ မရှိဘူး…ပြန်သွားဖို့ အဆင်ပြေတယ်…မင်းကျတော့ မင်းသေသွားတာ အကုန်လုံးမြင်လိုက်တယ်လေ…ဘယ်လိုလုပ် ပြန်သွားလို့ ရမှာလဲ…"
ဝေ့ရွှယ်ချူးက သုန်မှိုင်းစွာ သက်ပြင်းချလိုက်သည်။
"အိုကေ…"
ဘလပ်စ်:"ဟုတ်တယ်…"
ထို့နောက် သူက တစ်ခုခုကို သတိရသွားပြီး ယဲ့ကျားကို ကြည့်လိုက်ကာ Mမြို့ထဲ၌ သူ တွေ့ခဲ့သမျှကို ပြန်ပြောပြလိုက်သည်။
ယဲ့ကျား : "သူတို့က မြေကြီးကို တူးနေကြတယ်ပေါ့…"
ဘလပ်စ် : "ဟုတ်တယ်…မြေကြီးထဲက ထွက်လာတဲ့ အရည်က ချွဲပျစ်စေးကပ်တဲ့ အနက်ရောင်အရည်ကြီး…အဲ့ထဲမှာ လူမျက်နှာတွေလည်းပါတယ်…ရွံ့စရာ ကောင်းလိုက်တာ…အဲ့အရည်က မြေတူးနေတဲ့ ဝိညာဉ်တွေကို ဝါးမျိုသွားတာလေ…"
ဒါက အငြိုးကို အစာကျွေးနေတာပဲ…
ယဲ့ကျားက ကျီရွှမ်ကို လှည့်ကြည့်လိုက်သည်။
အမေက လူသားတွေကို တစ်လဘေးမဲ့ပေးထားရတဲ့ အကြောင်းရင်းက ကြင်နာလို့ မဟုတ်ဘူး…အငြိုးတွေကို တိုးပွားအောင် လုပ်ဖို့ပဲ…
ယဲ့ကျား :"မင်း ပြန်သွားရင် ဒီအကြောင်းတွေကို ဘယ်သူကိုမှ မပြောပြနဲ့…"
ဘလပ်စ်က ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ…"
ဘလပ်စ်က ဉာဏ်မကောင်းသော်လည်း ယဲ့ကျားနှင့် စကားပြောရင်း လက်ရှိ အခြေအနေကို မှန်းဆမိလေသည်။
တစ်လပဲ ကျန်တော့တယ်…
သူတို့ ဒီ ပဟေဠိကို တစ်လအတွင်း ဖြေရှင်းရမယ်…
ဝေ့ရွှယ်ချူးက ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။
"ဂိမ်းထဲက အချိန်တွေကိုတောင် သတိရလာပြီ…"
ဂိမ်းထဲမှာ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပဟေဠိကို ဖြေရှင်းရင် ဖြေရှင်း၊ မဖြေရှင်းနိုင်ရင် သေပဲ…
ယဲ့ကျားက လက်မြှောက်လိုက်ပြီး ဘလပ်စ်၏ပခုံးကို ပုတ်လိုက်သည်။
"ဂိမ်းထဲက စွမ်းရည်တွေကို အကုန်ထုတ်သုံး…"
ဘလပ်စ်က ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
"ငါ့ကို ယုံလိုက်…ဪ…ဟုတ်သားပဲ…တစ္ဆေနှစ်ကောင်ပြောနေတာကို ကြားခဲ့တယ်…ရှေ့တန်းက တစ်လကြာပြီးရင် မရှိတော့ဘူးတဲ့…မင်းလည်း ရှေ့တန်းပဲမလား…"
ယဲ့ကျားက ခေါင်းငြိမ့်လိုက်သည်။
ဘလပ်စ်:"အမေက မင်းကို ဆန့်ကျင်ဖို့ လုပ်နေတယ်တဲ့ တူတယ်…မင်း သတိထားနေ…"
ယဲ့ကျားက နှုတ်ခမ်းကို တွန့်ကာ ပြောလိုက်သည်။
"မင်း ပြောတာ မှန်တယ်…"
ဘလပ်စ် အံ့ဩသွားသည်။
"မင်း သိပြီးသားလား…"
ယဲ့ကျားက ခေါင်းခါလိုက်သည်။
"ဒါက ငါ့အထင်ပါပဲ…"
ယဲ့ကျား : "ငါ့အပေါ် အမေ့ရဲ့သဘောထားက အရမ်း သည်းခံနိုင်လွန်းတယ်…သူက တစ္ဆေသရဲတွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ အမေလေ…ဒါက အရမ်း ကွဲလွဲနေတယ်…"
ကျီရွှမ်က အမေ့ရဲ့ အမိန့်ကို ဆန့်ကျင်ပြီး သူ့ဘက် ရပ်တည်ခဲ့ပေမဲ့ အမေက ကျီရွှမ်ကို အပြစ်ဒဏ်သေးသေးမွှားမွှားပဲ ပေးခဲ့တယ်…ကျီရွှမ်က သူ့ကို တစ္ဆေအဖြစ် ပြောင်းပေးပြီးတော့ အမေက ကျီရွှမ်ရဲ့ အပြစ်တွေ အားလုံးကို လျော်ပစ်လိုက်တယ်…
အမေက ဒီလိုမျိုး ကြင်နာတတ်တဲ့ တည်ရှိမှုမှ မဟုတ်တာ…
သူ့အတွက် အမေက မြို့တော်ဧရိယာကို ခွဲဝေပေးခဲ့ရုံသာမက Mမြို့နှင့် ပတ်သတ်၍လည်း များစွာ ၀င်မစွက်ဖက်ခဲ့ပေ။
တစ္ဆေအတွက် အမေနဲ့ ကလေးဆက်ဆံရေးက တကယ်ရှိနေတာလား…
အဖြေက မရှိနိုင်ဘူး…
အဲ့အတွက် ဖြစ်နိုင်ချေတစ်ခုပဲ ကျန်တော့တယ်…
အမေက တခြားအစီအစဉ် ရှိနေတာပဲ…
ကျီရွှမ်က ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။
"ကျွန်တော် ဒီကိစ္စကို စုံစမ်းလိုက်မယ်…"
သူက ဘလပ်စ်ကို ကြည့်လိုက်သည်။
"မျက်နှာ လေးငါးမျက်နှာပါတဲ့ ဂျယ်လီတစ္ဆေ ဟုတ်တယ်နော်…"
ဘလပ်စ် ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်…"
ကျီရွှမ် :"အဲ့တစ္ဆေကို ဘယ်မှာရှာရမလဲ သိတယ်…"
ယဲ့ကျား : "ကောင်းပြီလေ…"
ထို့နောက် သူ ဒိုင်ယာရီစာအုပ်ကို ထုတ်လိုက်ပြီး ဝှက်စာဆက်ဖော်လိုက်သည်။
.............
PIAMB၏ မြေအောက်ထပ်၌…
ဘလပ်စ် ပြန်လာသောအခါ ဝူစူးနှင့် ချန်ချင်းယဲ့က သူ့ကို နှုတ်ဆက်လိုက်ကြလေသည်။
"ဘယ်လိုလဲ…ဒဏ်ရာရလာသေးလား…"
ဘလပ်စ်:"ကံကောင်းလို့ အပေါ်ယံဒဏ်ရာလောက်ပဲ ရလာတယ်…"
ချန်ချင်းယဲ့က မျက်မှန်ကို့ ပင့်တင်ကာ ပြောလိုက်သည်။
"အလောင်းကို ရှာတွေ့ပြီလား…"
ဘလပ်စ်က အံကြိတ်ကာ ပြောလိုက်သည်။
"တွေ့ပြီ…"
ဝူစူး ထိတ်လန့်သွားပြီး အမူအရာက အုပ်မှိုင်းလာလေသည်။
သူက မဖြစ်နိုင်မှန်း သိနေသော်လည်း ဘလပ်စ်ထွက်သွားချိန်တွင် သူ့စိတ်ထဲ၌ မျှော်လင့်ချက်သေးသေးလေး ရှိနေလေသည်။
ဖြစ်နိုင်လောက်လား…
ဘလပ်စ်ထင်တာ မှန်လောက်လား…
သို့သော် ဝေ့ရွှယ်ချူး၏ အလောင်းကို ရှာတွေ့သည့်အတွက် မျှော်လင့်ချက်က ပျက်သုန်းသွားပြီဖြစ်သည်။
ဝူစူးက ဘလပ်စ်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး…"
ဘလပ်စ်က အသက်ပြင်းပြင်းရှူလိုက်ပြီးပြောလိုက်သည်။
"ငါ့ကို အချိန်နည်းနည်းပေး…"
ဝူစူး: "ရတယ်…မင်းလိုချင်သလောက်ယူ..."
ဘလပ်စ်: "ဒေတာခန်းက ဘယ်မှာလဲ…"
ဝူစူး: "???"
ဘလပ်စ်၏ မျက်နှာပေါ်တွင် နာကျင်နေသော အမူအရာပေါ်လာလေသည်။
"ငါ ခဏလောက် တိတ်တိတ်လေး နေချင်လို့ပါ…"
ဝူစူးက မျက်တောင်ခတ်လိုက်ပြီး တစ်နေရာကို ညွှန်ပြလိုက်သည်။
ဘလပ်စ် :"ကျေးဇူးပဲ…"
ထို့နောက် ဝူစူးညွှန်ပြသည့်နေရာသို့ လျင်မြန်စွာ သွားလိုက်လေသည်။
သူ့နောက်တွင် ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်လိုက်ပြီး ဝူစူးကို ကြည့်နေလေသည်။
ဒေတာခန်း၌(အချက်အလက်ထားခန်း၌)
ဘလပ်စ်က ကြမ်းပြင်ပေါ်တွင် ထိုင်ကာ စာရွက်ပုံထဲ ခေါင်းစိုက်နေလေသည်။
ရုတ်တရက် သူ့လက်မက ယားယံလာသလို ခံစားလိုက်ရသည်။
သူ ကြည့်လိုက်သောအခါ ဝိညာဉ်လွင့်မတတ် ဖြစ်သွားလေသည်။
ကြီးမားသည့် အနက်ရောင်ပိုးကောင်ကြီးက သူ့လက်မပေါ်တွင် လှဲလျောင်းနေပြီး သူ့ကို စိုက်ကြည့်နေလေသည်။
"အားးးးးးး"
ဘလပ်စ်က အသားကုန်အော်ဟစ်လိုက်လေသည်။
ထိုအချိန် ချန်ချင်းယဲ့က အခန်းထဲ၀င်လာပြီး သူ့ကို ငုံ့ကြည့်လာလေသည်။
ဘလပ်စ်က ဆံပင်ကို သပ်လိုက်ပြီး ချန်ချင်းယဲ့ကို မော့ကြည့်လိုက်သည်။
"မင်း ဘာလာလုပ်တာလဲ…"
ချန်ချင်းယဲ့:"မင်း ဝေ့ရွှယ်ချူးရဲ့ အလောင်းကို မတွေ့ခဲ့ဘူးမလား…"
ဘလပ်စ်: "!!!"
ချန်ချင်းယဲ့က တစ်ဖက်လူ၏ တုံ့ပြန်မှုမှ သူလိုချင်သော အဖြေကို ရလိုက်သောကြောင့် ဘလပ်စ်ဘေး ထိုင်ချလိုက်လေသည်။
ချန်ချင်းယဲ့ :"မင်း ဘာရှာနေတာလဲ…"
ဘလပ်စ်: "..."
ဘလပ်စ် : "မင်း ဘာတွေပြောနေတာလဲ…ငါ နားမလည်ဘူး…"
ချန်ချင်းယဲ့က ဖိုင်တစ်ခုကို ကောက်ယူလိုက်ပြီး ပြောလိုက်သည်။
"မင်းက အချက်အလက်တွေရှာတာကို တော်တယ် ထင်နေတာလား…"
ဘလပ်စ်: "..."
သေစမ်း…ထိသွားပြီ…
ချန်ချင်းယဲ့က ဘလပ်စ်ဘက်လှည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"နှစ်ယောက်တူတူရှာတော့ ပိုမမြန်ဘူးလား…"
….
အခန်းထဲ၌…
ယဲ့ကျားက စာရွက်ပုံထဲ ထိုင်နေပြီး ခေါင်းငုံ့ကာ ကြိုးစားနေလေသည်။
ထိုအချိန်တွင် ကျီရွှမ်က ယဲ့ကျားဘေးနားထိုင်ကာ ပြောလိုက်သည်။
"ကောကော ဒီကိစ္စကို သူ့ကို လုပ်ခိုင်းလို့ အဆင်ပြေလို့လား…သူက အဆင်အခြင်မဲ့တဲ့သူ….လက်တွေခြေတွေကလည်း ဂနာမငြိမ်ဘူး…"
ယဲ့ကျား : "..."
မင်း အဓိက ပြောချင်တာက သူ့လက်အကြောင်းမလား…
ယဲ့ကျား :"ဘလပ်စ်က တာ၀န်ယူတတ်တဲ့သူ…ဒီကိစ္စကို ဗျူရိုက တခြားလူတွေဆီကနေ ဖုံးကွယ်ထားနိုင်ပေမဲ့ ချန်ချင်းယဲ့ကတော့ ဘလပ်စ်အကြောင်း ကောင်းကောင်းသိတဲ့လူ…သူက တန်းရိပ်မိမှာပဲ…ချန်ချင်းယဲ့က အချက်အလက်တွေကို ကိုင်တွယ်တဲ့နေရာမှာ အရမ်းတော်တယ်…သူက ငါတို့လိုချင်တဲ့ အချက်အလက်တွေကို ရှာပေးနိုင်တယ်…"
ကျီရွှမ်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ဒါဆို ဘာလို့ ဘလပ်စ်ကို ဖုံးကွယ်ထားခိုင်းတာလဲ…"
ယဲ့ကျားက ပြုံးကာ ပြောလိုက်သည်။
"အစီအစဉ်အတိုင်း သွားရမှာပေါ့…"
ကျီရွှမ်: "..."
ကောကော အကျင့်ယုတ်ချင်လို့ မဟုတ်ဘူးလား…
ကျီရွှမ်က ယဲ့ကျားလက်ထဲမှ စာအုပ်ကို ငုံ့ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဝှက်စာဖော်တာ ဘယ်လိုလဲ…"
ယဲ့ကျား: "ဒီအပိုင်းက အမေ့ကို တံခါးကနေ လုံး၀လွှတ်ပေးနိုင်မဲ့ အခြေအနေကို ရေးထားတာပဲ…စုစုပေါင်း လေးဆင့်ရှိတယ်…ငါအခု အရေးကြီးတဲ့နေရာကို ဖော်နေတာ…"
ယဲ့ကျားက ခေါင်းငုံ့ကာ ဆက်ဖော်လိုက်သည်။
ပထမတစ်ဆင့်က အငြိုးများဖြစ်သည်။
Mမြို့တွင် အရည်များကို တူးဖော်နေရသည့် ရည်ရွယ်ချက်က ယင်းကြောင့် ဖြစ်နိုင်သည်။
ဒုတိယအဆင့်က အစိတ်အပိုင်းတိုင်းကို အငြိုးဖြင့် ညစ်ညမ်းစေရမည်ဖြစ်သည်။
ယဲ့ကျား၏ စိတ်ထဲ၌ သူ့အမေ သွေးအိုင်ထဲသို့ လဲကျသွားသည့်မြင်ကွင်း ပေါ်လာလေသည်။
အမေ့၏ အစိတ်အပိုင်းများဖြစ်လာမည့် သူတိုင်းက ယင်းအဆင့်ကို ဖြတ်သန်းရန် လိုလေသည်။
ကျန်နှစ်ဆင့်က…
……
ဗျူရို၏ ဒေတာခန်းထဲ၌…
စာရွက်လှန်သံများ ထွက်ပေါ်နေလေသည်။
ချန်ချင်းယဲ့က ရုတ်တရက် ပြောလိုက်သည်။
"ဒါကို ကြည့်…"
ဘလပ်စ်:"ဘာကိုလဲ…"
ချန်ချင်းယဲ့က အဝါရောင်စာရွက်ကို ထောင်ပြလိုက်သည်။
"ဒါက PIAMBကို တည်ထောင်ခဲ့သူ စာရင်းပဲ…"
ဘလပ်စ်:"ဟုတ်လား…အဲ့တော့…"
ချန်ချင်းယဲ့ သက်ပြင်းချလိုက်ပြီး တစ်နေရာကို ထောက်ပြလိုက်သည်။
"ဒီနေရာကို ကြည့်…"
ယင်းက PIAMBကို ရင်းနှီးမြှုပ်နှံခဲ့သူဖြစ်ပြီး သူတို့နှင့် ရင်းနှီးသော မျိုးရိုးနာမည်ကို တွေ့လိုက်ရသည်။
"ကျီ…"
ဘလပ်စ်:"ကျီလား…ဒီမျိုးရိုးက များလား…"
ချန်ချင်းယဲ့က မျက်လုံးကို မှေးစင်းလိုက်သည်။
"မများဘူး…"
…..
ယဲ့ကျားက နောက်ဆုံးအဆင့်နှစ်ဆင့်ကို ဖော်ထုတ်ပြီးဖြစ်သည်။
တတိယအဆင့်က တံခါးကို ဖွင့်မည့်လူရဲ့သွေး…
တံခါးကို ဖွင့်ခဲ့သူက ချီရှန်ကျစ်ဖြစ်သောကြောင့် သူ့ကိုယ်သူ ရည်ညွှန်းထားခြင်း ဖြစ်နိုင်လေသည်။
ယဲ့ကျား စတုတ္တအဆင့်ကို မြင်သောအခါ ထိတ်လန့်သွားလေသည်။
စတုတ္ထအဆင့်က တံခါးကို ဖန်တီးသူရဲ့ သွေး…