အပိုင်း ၁၂၃
Viewers 10k

Chapter 123



ဒီအချက်အရ…

ယဲ့ကျားက သူ့ဘေးတွင် ထိုင်နေသော အမျိုးသားကို လှည့်ကြည့်လိုက်သည်။

တံခါးကို ဖွင့်‌ပေးသူ၏ သွေးသားက သူဖြစ်သောကြောင့် တံခါးကို ဖန်တီးသူ၏ သွေးက…

…….

"ကျီရွှမ်…"

"ကျီရွှမ်…"

သက်လတ်ပိုင်းအရွယ် အမျိုးသား၏အသံက တံခါးမှ ထွက်ပေါ်လာလေသည်။

တံခါးက နည်းနည်းဟလာလေသည်။ ထိုအဟမှ အလင်းရောင်ဖျဖျ၀င်လာပြီး အခန်းထဲမှ ကောင်လေးကို တွေ့မြင်ရစေလေသည်။

ကောင်လေးက အသံကြားရာသို့ တောက်ပသောမျက်လုံးများဖြင့် လှည့်ကြည့်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"အဖေ…"

"ဒီနေ့အတွက် အိမ်စာလုပ်ပြီးပြီလား…"

"လုပ်ပြီးပြီ..."

"စားပြီးပြီလား…"

"စားပြီးပြီ..."

"အရမ်းတော်တယ်…"

သက်လတ်ပိုင်းအမျိုးသားက တံခါးအဟမှ စားစရာဗန်းကို ထည့်ပေးလိုက်လေသည်။

ကောင်လေးက ခေါင်းငုံ့ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်…အဖေ…"

တံခါးက တစ်ဖန်ပြန်ပိတ်သွားပြီး အခန်းက မှောင်မည်းသွားလေသည်။

ကောင်လေးက လမ်းလျှောက်လာပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ စားစရာဗန်းကို ယူလိုက်သည်။

ခြေဖဝါးဗလာတွင် သွေးများ စွန်းထင်းနေလေသည်။

ခြေလက်အကျိုးအပဲ့များနှင့် အသားစများက ကြမ်းပြင်‌တွင် ပြန့်ကြဲနေကာ လေထဲတွင် ပုပ်အဲ့အဲ့အနံ့များနှင့် ပြည့်နှက်နေလေသည်။

ကောင်လေး၏ ပါးပြင်‌ပေါ်ရှိ ဒဏ်ရာပေါ်မှ သွေးများက ကြမ်းပြင်ပေါ်သို့ ကျနေလေသည်။

ကောင်လေးက ခြေလက်အကျိုးအပဲ့များနှင့် အသားစများကြားတွင် ထိုင်ကာ ယူလာသော စားစရာများကို စားလိုက်သည်။

…….

ဘလပ်စ်က ကြမ်းပြင်ပေါ်တွင် ရှုပ်ပွနေသော အချက်အလက်များကြားတွင် ထိုင်နေပြီး မျက်နှာအမူအရာက ရှုပ်ထွေးနေ‌လေသည်။

သူက လက်ထဲမှ ဖုန်းကို ငုံ့ကြည့်နေပြီး လှည့်ပြောလိုက်သည်။

"ငါ စုံစမ်းကြည့်တာ PIAMBမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ကျီမိသားစုက လွန်ခဲ့တဲ့ နှစ်ပေါင်း၄၀/၅၀လောက်က တော်တော်ဩဇာရှိခဲ့တဲ့ မိသားစုပဲ…"

"ဟုတ်လား…"

ချန်ချင်းယဲ့က ဖုန်းမျက်နှာပြင်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

ဘလပ်စ် ခေါင်းကုတ်လိုက်သည်။

"ဟုတ်တယ်…တော်တော် ချမ်းသာကြတာပဲ…"

ချန်ချင်းယဲ့ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ ငါ ကျီမိသားစုအကြောင်း မကြားဖူးဘူး…နောက်ပိုင်း ဘာဖြစ်သွားတာလဲ…နိမ့်ကျသွားတာလား…"

"အာ..."

ဘလပ်စ်က ဖုန်းစခရင်ကို ဆက်ဆွဲချလိုက်သည်။

"ဒီမှာရေးထားတယ်…Mမြို့စွန်းရှိကျီအိမ်တော်က တောမီးကြောင့် ပျက်စီးသွားပြီး လူနည်းနည်းပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်တဲ့…"

ဘလပ်စ်က ခေါင်းခါလိုက်သည်။

"သနားစရာပဲ…မင်းပြော…အဲ့မိသားစုက ငွေ‌တွေ ဘယ်ရောက်သွားပြီလဲ…"

ချန်ချင်းယဲ့:"ရန်ပုံငွေ ဖြစ်သွားတာ နေမှာပေါ့…ဆက်ရှိသေးလား…"

ဘလပ်စ်က ဖုန်းစခရင်ကို အပေါ်အောက် ပွတ်ဆွဲလိုက်သည်။

"မရှိတော့ဘူး…"

ချန်ချင်းယဲ့:"ဓာတ်ပုံတို့ဘာတို့ မရှိဘူးလား…"

ဘလပ်စ်: "မရှိဘူး..."

ချန်ချင်းယဲ့: "ကြည့်ရတာ ‌ဗျူရိုရဲ့ အချက်အလက်တွေထဲမှာပဲ ရှာရတော့မှာပဲ…"

နှစ်ယောက်သား ဂရုတစိုက် ရှာဖွေခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူနာမည်ရေးထားသည့် စာရင်းမှလွဲ၍ ကျန်အချက်အလက်များတွင် ထိုမိသားစုအကြောင်း မပါ၀င်ချေ။

ဘလပ်စ် စိုးရိမ်လာသည်။

"ဘယ်လိုလုပ်ကြမလဲ…"

ချန်ချင်းယဲ့ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

"ကြည့်ရတာ အတွင်းလူရှာရမယ်တဲ့ တူတယ်…"

"ဟေ့…ဟေ့…"

ဘလပ်စ်က ချန်ချင်းယဲ့၏ အင်္ကျီလက်ကို လှမ်းဆွဲလိုက်သော်လည်း ထိုအောက်တွင် ရှိနေသော အင်းဆက်များကို တွေးမိသောအခါ ချက်ချင်းပြန်လွှတ်လိုက်လေသည်။

"ဒါ…ဒါပေမဲ့…ငါတို့ တိတ်တိတ်လေး လုပ်ရမှာလေ…"

ချန်ချင်းယဲ့:"အေ့စ်က သူ့ကို ယုံကြည်ခဲ့တယ်လေ…ငါတို့လည်း ယုံကြည်ရမှာပေါ့…မင်းမှာ ပိုကောင်းတဲ့အကြံ ရှိလို့လား…"

ဘလပ်စ်: "မင်းပြောသလိုပဲ လုပ်ကြတာပေါ့..."

သူက နွမ်းလျကျကာ သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

ကြည့်ရတာ သူက ဖုံးကွယ်ထားရမဲ့ကိစ္စတွေနဲ့ မသင့်တော်ဘူးပဲ…

............

"ကျီမိသားစုလား…"

လျှိုကျောက်ချန် ထိတ်လန့်သွားသည်။

"ဘာလို့ မေးတာလဲ…"

"ကျွန်တော်တို့ အချက်အလက်တွေကို တူရာစု‌နေရင်း ဒီနာမည်ကို ရှာတွေ့လို့…"

လျှိုကျောက်ချန်:"အချက်အလက်တွေကို ဘာလို့ တူရာစုနေတာလဲ…'

ချန်ချင်းယဲ့: "ဒါက ပုံမှန်လုပ်ရိုးလုပ်စဉ်ပါပဲ..."

ဘလပ်စ်က စိတ်မရှည်စွာ ပြောလိုက်သည်။

"အဖိုးကြီး…ခင်ဗျား သိလားမသိလားသာပြော…"

ချန်ချင်းယဲ့က လျှိုကျောက်ချန်ကို ပြောလိုက်သည်။

"ကျွန်တော် PIAMBကို တည်ထောင်ခဲ့သူစာရင်းမှာ ဒီနာမည်ကို တွေ့တော့ နည်းနည်းစိတ်ရှုပ်သွားလို့ပါ…"

လျှိုကျောက်ချန်:"ဟမ်…တကယ်တော့ ငါPIAMBမှာရှိတာ အနှစ်သုံးဆယ်လောက်ပဲရှိသေးတယ်…ဒီတည်ထောင်တဲ့ကိစ္စတွေကို ငါ သိပ်မသိဘူး…"

ဘလပ်စ်: "ကြည့်စမ်း…ငါ ပြောသားပဲ… ဒီအဖိုးကြီးက အသုံးမ၀င်ပါဘူးလို့…"

"ဒါပေမဲ့…"

လျှိုကျောက်ချန်က ဆက်ပြောလိုက်သည်။

"ငါက Mမြို့ဇာတိလေ…ဒီမိသားစုနဲ့ ပတ်သတ်တဲ့ ကောလဟလတချို့ကိုတော့ သိတယ်…"

ချန်ချင်းယဲ့၏ မျက်လုံးများက တောက်ပလာလေသည်။

"ဘယ်လို ကောလဟလမျိုးလဲဗျ…"

လျှိုကျောက်ချန်:"ပထမဆုံး ဒီမိသားစုကတကယ်ချမ်းသာတာ…"

ဘလပ်စ်က မျက်လုံးကို လှိမ့်ကာ ပြောလိုက်သည်။

"ဒီကိစ္စကို သိပြီးသွားပြီ…ပိုက်ဆံမရှိရင်ဘယ်လိုလုပ် PIAMBမှာ ရင်းနှီးမြှုပ်နှံနိုင်မှာလဲ…"

လျှိုကျောက်ချန်က ဘလပ်စ်ကို စိုက်ကြည့်လိုက်သည်။

"မင်း နားထောင်မှာလား…နားမထောင်ဘူးလား…"

ချန်ချင်းယဲ့က အင်္ကျီလက်အောက်မှ အားချန်ကို ဘလပ်စ်အား ပြလိုက်သည်။

ဘလပ်စ်:"..."

ချန်ချင်းယဲ့:"နားထောင်နေပါတယ်ဗျ…"

လျှိုကျောက်ချန်က အသက်ပြင်းပြင်းရှူကာ ဆက်ပြောလိုက်သည်။

"ပြီးတော့ သူတို့မိသားစုက အရူးတွေကြီးပဲ…"

ဘလပ်စ်နှင့် ချန်ချင်းယဲ့ အံ့ဩသွားကြလေသည်။

"အရူးတွေ…"

ချန်ချင်းယဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အဲ့ဒါ ဘာကို ဆိုလိုတာလဲဗျ…"

လျှိုကျောက်ချန်:"ကြားတဲ့ အတိုင်းပဲ…သူတို့မိသားစု၀င် ဆယ်ယောက်ရှိရင် ရှစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံမှာလေ…အဲ့တုန်းက သူတို့မိသားစုက သရဲ‌တစ္ဆေတွေအကြောင်း အရမ်းပြောတာလေ…ဒါကြောင့် အရူးတွေဖြစ်ကုန်တာ…တချို့က သူတို့မိသားစုက နတ်မြေခွေးတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ပြောတယ်…တချို့က တစ္ဆေတွေလို့ ပြောတယ်…"

ချန်ချင်းယဲ့:"သူတို့က ဘာအတွက် PIAMBမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ထင်လဲဗျ…"

လျှိုကျောက်ချန်က ရယ်မောလိုက်သည်။

"ဘာအတွက်ရမှာလဲ…ပိုက်ဆံအတွက်ပဲပေါ့…"

……….

"ပိုက်ဆံဆိုတာ ဘာလဲ…ဒီကိစ္စအောင်မြင်ရင် ငါတို့ ဘာရမှာလဲ မင်းသိလား…"

ချောမောသည့် အမျိုးသားတစ်ယောက်က မေးလိုက်သည်။

အမျိုးသမီးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။

"ဒါပေမဲ့…"

"ပါးစပ်ပိတ်ထား…"

အခန်းထဲ၌ အမျိုးသမီးတစ်ယောက်၏ ငိုရှိုက်သံများနှင့် ရိုက်နှက်သံများ ထွက်ပေါ်လာလေသည်။

ပြတင်းပေါက်အပြင်ဘက်၌…

ကောင်လေးက မဟူရာမျက်လုံးများဖြင့် သူ့ခေါင်းထက်မှ ကြယ်ရောင်လရောင် ကင်းမဲ့သော ကောင်းကင်ကို မော့ကြည့်နေလေသည်။

နွေရာသီဖြစ်သော်လည်း ကောင်လေးက အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ကို ၀တ်ဆင်ထားသည်။

ပေါ်နေသော လည်ပင်းပေါ်တွင် ရိုက်နှက်ခံထားရသော အရှိူးရာများ ရှိ‌နေလေသည်။ ထိုအရှိူးရာများက ဖြူဖျော့ဖျော့အရေပြားပေါ်တွင် သိသာလွန်းသည်။

အချိန်ကြာပြီးနောက်…

အမျိုးသားက အခန်းထဲမှ ထွက်လာပြီး မျက်နှာဖူးရောင်နေသော အမျိုးသမီးက မျက်ရည်များ ကျလျက် လိုက်ထွက်လာလေသည်။

"အားရွှမ်..."

အမျိုးသမီးက ကောင်လေးကို လက်ဆန့်ခေါ်လိုက်သည်။

"အမေ့ဆီ လာခဲ့…"

ကောင်လေးက မလှုပ်ရှားပေ။

"အမေသိပါတယ်…သားကို သားအဖေဆီ အပ်ထားခဲ့တာ အမေ့အမှားပဲ…သား အရပ်ပိုရှည်လာပြီပဲ…"

အမျိုးသမီးက ငိုရှိုက်ကာ ပြောလိုက်သည်။

ကောင်လေးက တုံ့ဆိုင်းကာ ရှေ့တိုးလာလေသည်။

အမျိုးသမီးက ကောင်လေးဆီ လျှောက်သွားကာ ပွေ့ဖက်လိုက်သည်။

"သား ပိန်သွားတယ်…"

ပူနွေးသော မျက်ရည်များက ကောင်လေး၏ပခုံးပေါ် ကျဆင်းလာလေသည်။

"သားအဖေကလည်း သားကို အရမ်းချစ်ပါတယ်…ထုတ်မပြရုံပါပဲ…"

အမျိုးသမီးက ကောင်လေး၏ ပါးကို နမ်းလိုက်သည်။

"အမေ့ကို ယုံ…အမေ အခု ထွက်မပြေးတော့ဘူး…"

ကောင်လေးက ပြန်မဖြေပေ။

"အားရွှမ်..."

အမျိုးသမီးက ကောင်လေး၏နား နားကပ်ကာ နူးညံ့စွာ ခေါ်လိုက်လေသည်


"ကျီရွှမ်လား…"

လျှိုကျောက်ချန်:"သူတို့ မိသားစုထဲက ဒီနာမည်နဲ့လူကို ငါမသိဘူး…သူတို့က မိသားစု၀င်တွေ အများကြီး ရှိတဲ့ဟာကို…"

ချန်ချင်းယဲ့:"ဟုတ်ကဲ့…"

နှစ်ပေါင်းလေးဆယ်ကြာပြီးနောက်ကျီမိသားစုထဲမှ ကျီရွှမ်ဆိုသည့်နာမည်ကို လူများ မှတ်မိရန် မဖြစ်နိုင်တော့ပေ။

သူက ခေါင်းစဉ်ပြောင်း၍ မေးလိုက်သည်။

"‌တောမီးလောင်ပြီးတော့ ဘာဆက်ဖြစ်လဲ သိလားဗျ…"

လျှိုကျောက်ချန်:"အဲ့တုန်းက ငါ ဗျူရိုကို မ၀င်ရသေးဘူး…ငါ မှတ်မိသေးတယ်…အဲ့ဒီအချိန်တုန်းက တစ်အိမ်လုံးမီးလောင်နေပြီး ‌မီးရောင်က ကောင်းကင်ကိုတောင် ထင်ဟပ်နေတာလေ…"

ဘလပ်စ်: "ခင်ဗျား မီးက ဘယ်လိုစလောင်လဲ သိလား…"

လျှိုကျောက်ချန်:"မပြောတတ်ဘူး…အဲ့တုန်းက တော်တော် ၀မ်းနည်းစရာကောင်းတယ်…မီးကျွမ်းနေတဲ့ အလောင်းတွေကို အိမ်ထဲက ဆွဲထုတ်လာကြတာလေ…သူတို့က မီးသွေးတုံးလို ဖြစ်နေတာ…ဘယ်သူက ဘာဆိုတာ မပြောနိုင်ဘူး…"

ဘလပ်စ်:"ရှို့မီး မဖြစ်နိုင်ဘူးလား…"

လျှိုကျောက်ချန်က ရယ်မောလိုက်သည်။

"ရုပ်ရှင်ထဲကလိုလား…"

လူသတ်ပြီးတော့ အိမ်ကို မီးရှို့လိုက်တယ်…

……..

ကောင်လေး၏ မျက်လုံးထဲတွင် မီးတောက်များက ထင်ဟပ်နေလေသည်။

"ကောင်းပြီ…အတူတူ သွားကြရအောင်…"

အမျိုးသမီးက ကောင်လေးလက်ကို ကိုင်ကာ ပြောလိုက်သည်။

"သားအဖေမရှာနိုင်တဲ့ မြို့မှာ အတူတူနေကြရအောင်…"

ကောင်လေး၏ ခန္ဓာကိုယ်ပေါ်မှ အရှိူးရာများက အမာရွတ်များသာ ရှိတော့ပြီး အမျိုးသမီး၏ရင်ဘတ်သို့ ရောက်လုနီးပါး အရပ်ရှည်နေပြီဖြစ်သည်။

ကောင်လေးက တိုးညှင်းစွာ ပြောလိုက်သည်။

"အမေ့ရဲ့ ကိုယ်ပိုင်ငွေတွေကို ဒီနားမှာ ဖွက်ထားတယ်…အတူသွားယူကြရအောင်…"

အမျိုးသမီးက ပြောလိုက်သည်။

ကောင်လေးက ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့…"

…..

"ဒါက ဘယ်နေရာလဲ…"

ကောင်လေးက နောက်ဆုတ်သွားသည်။

လူကြီးများ၏ လက်များက ကောင်လေး၏ပခုံးကို ဆုပ်ကိုင်လာလေသည်။

"ကျွန်တော့်ကိုလွှတ်…*

ကောင်လေးက သူ့အမေ၏ လက်ကို ဆုပ်ကိုင်ထားပြီး အံကြိတ်ကာ ရုန်းကန်နေလေသည်။

အမျိုးသမီးက လက်မြှောက်လာပြီး ကောင်လေး၏ ဆုပ်ကိုင်ထားသော လက်ကို ဆွဲဖြုတ်လိုက်သည်။

ကောင်လေးက အံ့အားသင့်နေစဉ်တွင် လူများက သူ့ကို လှမ်းဆွဲလိုက်လေသည်။

ကောင်လေးက ချွန်ထက်သော သွားများဖြင့် သူ့ကို ဆုပ်ကိုင်ထားသော လူတစ်ယောက်၏လက်ကို ကိုင်လိုက်သည်။ ထို့နောက် ပါးစပ်ထဲမှ အသားပိုင်းကို ထွေးထုတ်လိုက်သည်။ အသားပိုင်းက ထိုလူ၏ ခြေထောက်နားတွင် ကျသွားလေသည်။

"ကလေးပဲရှိသေးတာ…လုပ်ရဲနေပြီပေါ့…"

ရင်းနှီးသော အသံတစ်သံက ထွက်ပေါ်လာလေသည်။

ကောင်လေး မော့ကြည့်လိုက်သည်။

ထိုအခါ အမျိုးသားတစ်ယောက်က သူ့အမေပခုံးကို ဆုပ်ကိုင်ကာ ရပ်နေပြီး သူ့အမေက သူ့ကို ပြုံးပြနေလေသည်။

ကောင်လေး အာရုံလွင့်သွားချိန်၌ လူများက ကောင်လေးကို အစီအရင်တွင်းသို့ ဆွဲခေါ်လိုက်ကြလေသည်။

မြေပြင်ပေါ်တွင် အနက်ရောင်နှင့် အနီရောင်မျဉ်းများ ဆွဲထားပြီး ‌သွေးများ ဖြန်းပက်ထားလေသည်။

"ဘာလို့လဲ…"

ကောင်လေးက မေးလိုက်သည်။

အမျိုးသားက သက်ပြင်းချလိုက်ပြီး သူ့ဘေးမှ အမျိုးသမီးကို ပြောလိုက်သည်။

"ဒီကောင်လေးကြီးလာရင် ကိုင်တွယ်ရ တော်တော်ခက်မှာ…အထူးသဖြင့် သူ့ရဲ့ စွမ်းရည်က မြန်မြန် ကြီးထွားနေတာ…ငါတို့ ထိန်းနိုင်တော့မှာ မဟုတ်ဘူး…"

အမျိုးသားက ပြုံးကာ အမျိုးသမီး၏ နဖူးကိုနမ်းလိုက်သည်။

"မင်း ပြန်လာတာ ကျေးဇူးတင်ပါတယ်…မဟုတ်ရင် ငါ ဘာလုပ်ရမလဲ သိမှာ မဟုတ်ဘူး…"

ကောင်လေးက အမျိုးသမီးကို စိုက်ကြည့်နေပြီး မေးလိုက်ပြန်သည်။

"ဘာလို့လဲ…"

အမျိုးသမီးက ကောင်လေးကို ပြုံးပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

"သားက အရမ်းတော်တဲ့ ကလေးမဟုတ်လား…သားကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်သင့်တာပေါ့…"

နီရဲနေသော သွေးများက မြေကြီးထဲမှ တစိမ့်စိမ့်ထွက်လာပြီး ကောင်လေး၏ ခါးကို လက်တံများသဖွယ် ရစ်ပတ်ပြီး ဆွဲခေါ်နေလေသည်။

ကောင်လေးက မရုန်းပေ။ သူ့မျက်နှာက တည်ငြိမ်နေလေသည်။

သူ စွန့်ပစ်ခံလိုက်ရပြီ…

ကောင်လေးက ပတ်၀န်းကျင်မှ လူများကို သေချာစိုက်ကြည့်လိုက်သည်။

ကောင်လေးက ရူးသွပ်လာလေသည်။

သူက ပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီ…"

ဘေးနားရှိ သေတ္တာက တုန်ရီလာပြီး နှစ်ပေါင်းများစွာ သိမ်းဆည်းခဲ့သော အသားပိုက လှိမ့်ထွက်လာပြီး သွေးအိုင်ထဲသို့ သွားနေလေသည်။

ထို့နောက် တဖြည်းဖြည်း ကြီးထွားလာပြီး စွမ်းရည်အပြည့်အ၀ပြန်ရသွားပြီဖြစ်သည်။

ကောင်လေးက ထိုအသားပိုကို ကောက်ကိုင်လိုက်သည်။

ပတ်၀န်းကျင်ရှိ လူများက အော်ဟစ်နေကြသော်လည်း ကောင်လေးကို မတားဆီးနိုင်ချေ။

ကောင်လေးက အသားပိုကို စားလိုက်ပြီး မျိုချလိုက်သည်။

နောက်တစ်ခဏတွင် မြေပြင်ပေါ်ရှိ သွေးများက ချက်ချင်းမြှင့်တက်လာလေသည်။

အော်ဟစ်သံများ၊ ရယ်မောသံများက ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေလေသည်။

ထို့နောက် အရာအားလုံး တိတ်ဆိတ်သွားသည်။

အားလုံး ဝါးမျိုပစ်…

ကောင်းတယ်…

အဲ့ဒါမှ ထာ၀ရအတူ နေနိုင်မှာ…

...........

မှောင်မည်းနေသော ကျောင်းဆောင်ထဲတွင်…

တ‌စ္ဆေသရဲများ၏ အသံနှင့် ‌လူသားများ၏အော်သံက နေရာအနှံ့မှ ထွက်ပေါ်နေလေသည်။

ဒါတွေကို အရမ်းပျင်းလာပြီ…

ကောင်လေးက ကော်ရစ်တာတစ်လျှောက် ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။

အမှောင်ထုထဲမှ အနက်ရောင်ဆံနွယ်များက မြွေသဖွယ် တွန့်လိမ်နေပြီး လူများကို လိုက်ဖမ်းနေလေသည်။

ကောင်လေးက အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိပ်ဆုံးတွင် ပိန်ပါးသော လူငယ်လေးတစ်ယောက်က ပြေးလာပြီး နဖူးတွင် ချွေးများ စို့နေလေသည်။ သူ့၏ပယင်းရောင်မျက်လုံးများက ချောက်နက်ထဲမှ မီးတောက်သဖွယ် တောက်ပနေလေသည်။

အရမ်း စက်ဆုပ်စရာကောင်းတဲ့ မျက်လုံးပဲ…

ကောင်လေးက လူငယ်လေးကို ကြည့်နေပြီး ဘေးဖယ်ပေးလိုက်သည်။

သို့သော် နောက်တစ်ခဏတွင် လူငယ်လေးက သူ့လက်ကောက်၀တ်ကို ဆုပ်ကိုင်လာလေသည်။ တစ်ဖက်လူ၏ ‌နွေး‌ထွေးသော လက်ဖဝါးက သူ့၏ အေးစက်သော အရေပြားကို ဖိထားလေသည်။ သူက ရုတ်တရက် နွေးထွေးမှုကို ခံစားလိုက်ရသောကြောင့် ထိတ်လန့်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။

ထိုအခါ လူငယ်လေးက အေးစက်စွာ ပြောလာလေသည်။

"ကြောင်အ မနေနဲ့…ပြေးလေ…"

လူငယ်လေးက သူ့ကို ဆွဲခေါ်ပြီး တဟုန်ထိုးပြေးနေလေသည်။ သူ့၏နီရဲနေသော မျက်လုံးများက လူငယ်လေး၏နောက်ကျောကို ကြည့်ပြီး တောက်ပလာလေသည်။

ကောင်လေးက နှုတ်ခမ်းကို သပ်လိုက်သည်။

ဗိုက်ဆာလာပြီ…

……..

"ဘာလို့လဲ…စိတ်‌ပျော့လာပြန်ပြီလား…"

"သူက ငယ်သေးလို့ အဆင်ပြေတယ်…အသင်းမှာ ကြက်သားမရှိတာနဲ့ အတော်ပဲလေ…"

"ငါ့နောက်မှာနေ…ထွက်မသွားနဲ့…ထွက်သွားလို့ အန္တရာယ်ရှိလာရင် ငါ မင်းကို ကယ်မှာမဟုတ်ဘူး…"

လူငယ်လေးက ခေါင်းငုံ့ပြီး အေးစက်စွာ သတိပေးလာသည်။

‌တောက်ပနေသော ပယင်းရောင်မျက်လုံးများက သူ့ကို စိုက်ကြည့်နေလေသည်။

ကောင်လေးက အလွန်ဗိုက်ဆာနေပြီဖြစ်သောကြောင့် နာခံစွာ ခေါင်းငြိမ့်လိုက်သည်။

ကစားသမားတွေ သူတို့ကို ရှေ့မှာစောင့်နေတဲ့ အရာကို မြင်ရင် ဘယ်လိုဖြစ်ကြမလဲ သိချင်လိုက်တာ…

ဝမ်းနည်းစရာပဲ…သူက သူတို့ကို စားလို့ မရဘူး…

ကောင်လေးက လက်ကိုမြှောက်ကာ ဗိုက်ကို ဖိထားလိုက်သည်။

‌လူသားတွေရဲ့ နွေးထွေးတဲ့လက်က ဒီလိုပေါ့…သူ့အမေကလည်း သူ့ကို အဲ့လက်တွေနဲ့ ဆုပ်ကိုင်ပြီး လွှတ်ချလိုက်တာပဲ…

ဒါပေမဲ့ ဒီလူက သူ့လက်ကို ပြန်ဆုပ်ကိုင်လာတယ်…

ပိုဗိုက်ဆာလာပြီ…

ကောင်လေးက ခေါင်းမော့လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ဘယ်တော့မှ မခွဲဘူးဆိုတာ တကယ်လား…"

လူငယ်လေးက ပြန်ဖြေလိုက်သည်။

"အင်း…"

"အမြဲတမ်းလား…"

လူငယ်လေးက သူ့ဆံပင်ကို ပွတ်သပ်ကာ ပြောလာသည်။

"အမြဲတမ်းပေါ့…"

ဒီလိုဆို ထာ၀ရ အတူတူနေကြမယ်နော် ကော‌ကော…

…….

"ကောကော…"

ကျီရွှမ်က ခေါ်လိုက်သည်။

ယဲ့ကျား ထိတ်လန့်သွား၏။

"ဘာလဲ…"

"ကောကော ကျွန်တော့်ကို အကြာကြီး စိုက်ကြည့်နေတာ ဘာပြောချင်လို့လဲ…"

ကျီရွှမ်က တစ်ဖက်လူနား ကပ်သွားလေသည်။

ယဲ့ကျားက နောက်ဆုတ်လိုက်သည်။

"ဘာမှ မပြောချင်ပါဘူး…"

"ကောကော မေးချင်တာ ရှိရင် မေးလို့ရပါတယ်…"

ကျီရွှမ်က လက်မြှောက်လိုက်ပြီး တစ်ဖက်လူ၏ လက်ကောက်၀တ်ကို ကိုင်လိုက်သည်။

''ကျွန်တော် ကောကောကို ဘယ်တော့မှ မလိမ်ဘူး…"

သူ ထိကိုင်ထားသော လက်ကောက်၀တ်က အေးစက်နေလေသည်။

ကျီရွှမ်၏နီရဲနေသော မျက်လုံးများက တစ်ဖက်လူ၏ မျက်နှာပေါ် ရောက်သွားပြီး နဖူးမှ တစ်ဆင့် နှာရိုးကို ဖြတ်၍ နှုတ်ခမ်းပေါ် ရောက်သွားလေသည်။

သူ နှုတ်ခမ်းကို သပ်လိုက်သည်။ မျက်လုံးထဲ၌ လောဘအရိပ်အယောင်များ ရှိနေလေသည်။