Chapter 124
ယဲ့ကျားက ထိတ်လန့်သွားပြီး ကျီရွှမ်ကို ကြည့်လိုက်သည်။
ကျီရွှမ်က သူ့လက်ကောက်၀တ်ကို ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့လာကာ နှာခေါင်းထိပ်က သူ့ကို ထိတော့မည်ဖြစ်သည်။
တစ်ဖက်လူ၏ ၀င်သက်ထွက်သက်က အေးစက်ပြီး သွေးနံ့ဖျော့ဖျော့ရောယှက်နေလေသည်။
ဘယ်တော့မှ မလိမ်ဘူးတဲ့လား…
ယဲ့ကျားက မျက်လုံးကို မှေးစင်းလိုက်ပြီး မေးလိုက်သည်။
"မင်းက တံခါးကို ဖန်တီးခဲ့တဲ့လူရဲ့ သွေးသားလား…"
ယဲ့ကျား၏ မျက်လုံးများက တစ်ဖက်လူကို စူးစမ်းစွာ ကြည့်နေလေသည်။
တကယ် အဲ့လိုလား…
ကျီရွှမ်၏ အကြည့်များက တစ်ဖက်လူ၏နှုတ်ခမ်းထက် ကျရောက်နေလေသည်။
တစ်ဖက်လူက နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။
ကျီရွှမ် ပြုံးလိုက်သည်။
"ဟုတ်တယ်…"
ထို့နောက် ခေါင်းငုံ့ကာ တစ်ဖက်လူ၏ မျက်နှာကို နှာဖျားဖြင့် ချစ်မြတ်နိုးစွာ ပွတ်သပ်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
"ကောကောကို အားလုံးပြောပြမယ်…ဒါဆို အဲ့အတွက် ဆုရှိလား ကောကော…"
…….
PIAMB၏ ယာယီအဆောက်အအုံ မြေအောက်ခန်း၌…
ချန်ချင်းယဲ့က အချိန်အတော်ကြာ တွေးဆပြီးနောက် လျှိုကျောက်ချန်ဘက် လှည့်ကာ မေးလိုက်သည်။
"ကျီမိသားစုရဲ့ အလောင်းတွေကို ခွဲစိတ်စစ်ဆေးခဲ့လား…"
လျှိုကျောက်ချန်က ထိုမေးခွန်း အမေးခံရသောအခါ ထိတ်လန့်သွားပြီး ခေါင်းခါလိုက်လေသည်။
"ဒါက ငါလည်း သေချာမသိဘူး…အဲ့တုန်းက ငါက ဗျူရိုကို မ၀င်ရသေးဘူး…အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုလုပ် သိမှာလဲ…"
ချန်ချင်းယဲ့:"ပင်မ မိသားစုထဲမှာ အသက်ရှင်ကျန်တဲ့လူ ရှိသေးလား…၀မ်းကွဲတွေထဲမှာရော…"
လျှိုကျောက်ချန်:"ငါ တကယ် မသိဘူး…"
ကြည့်ရတာ ထပ်မသိတော့ပုံပဲ…
"ဟုတ်ကဲ့…"
ချန်ချင်းယဲ့က မတ်တပ်ရပ်လိုက်ပြီး တံခါးထံ လျှောက်သွားလိုက်သည်။
"အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်…"
ဘလပ်စ်လည်း နောက်မှ လိုက်ထလိုက်လေသည်။
"တာ့တာ…"
"ဒါပေမဲ့…"
လျှိုကျောက်ချန်က တစ်ခုခုကို တွေးမိသွားပြီး ပြောလိုက်သည်။
"မင်းသိချင်တဲ့ ကိစ္စရဲ့ အဖြေတွေက ရဲစခန်းမှာ ရှိနိုင်တယ်…ကိစ္စက ကြာပြီဆိုပေမဲ့ အကြွင်းအကျန်လောက်တော့ ရှိဦးမယ်…ဒါပေမဲ့Mမြို့မှာက တစ္ဆေတွေ သောင်းကျန်းနေတာ…ရဲစခန်းကို သွားဖို့က အရမ်းအန္တရာယ်များလွန်းတယ်…"
ချန်ချင်းယဲ့က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်…"
ဘလပ်စ်နှင့် ချန်ချင်းယဲ့တို့ လျှိုကျောက်ချန်၏ ရုံးခန်းထဲမှ ထွက်လာကြလေသည်။
ဘလပ်စ်က ချန်ချင်းယဲ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"မင်း ဒါကို ဘယ်လိုထင်လဲ…ထူးဆန်းတယ်လို့ မထင်ဘူးလား…"
ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်ကာ ပြောလိုက်သည်။
"တကယ် ထူးဆန်းတယ်..ဒါပေမဲ့ ငါ သံသယရှိနေတာက အဲ့ကိစ္စမဟုတ်ဘူး…"
ဘလပ်စ် :"ဘာပြောချင်တာလဲ…"
ချန်ချင်းယဲ့:"မီးထဲမှာ သေသွားတဲ့ သူတွေက အားလုံး ဖြစ်ချင်မှ ဖြစ်မှာ…ကျီမိသားစု၀င်တွေက မသေသေးဘဲ သေဆုံးကြောင်းအထောက်အထားကို အတုလုပ်ထားတယ်လို့ ငါ သံသယရှိတယ်…"
ဘလပ်စ်:"မင်းက သူတို့တွေ မသေသေးဘူးလို့ ထင်တာပေါ့…"
ချန်ချင်းယဲ့:"အဲ့လိုလည်း မဟုတ်ဘူး…"
ဘလပ်စ် :"ဒါဆို ဘာလဲ…"
ချန်ချင်းယဲ့:"သူတို့က တကယ်ပဲ ငါတို့ ခန့်မှန်းသလို တစ္ဆေတိုက်ခိုက်တာ ခံရတယ်ဆိုရင် အလောင်းတွေ ကျန်ခဲ့မှာ မဟုတ်ဘူး…"
စားခံရမှာပဲ…
ဒါပေမဲ့ အခု အလောင်းတွေရှိပြီး မိသားစု၀င်အရေအတွက်နဲ့ တူနေတယ်…
ဘလပ်စ် အံ့အားသင့်သွားပြီး စက္ကန့်အနည်းငယ် ကြာပြီးနောက် ပြောလိုက်သည်။
"မိသားစု၀င်ထဲက တစ်ယောက်ယောက်က အခြားလူတွေကို သတ်ပြီး မီးရှို့လိုက်တာလား…"
ချန်ချင်းယဲ့: "ဟုတ်တယ်…ဒီအချက်အလက်တွေက လုံလောက်တယ်လို့ ထင်လား…"
ဘလပ်စ်:"သေချာပေါက် မလုံလောက်ဘူးပေါ့…မင်း ငါတွေးသလို တွေးနေတာလား…"
ချန်ချင်းယဲ့:"ဟုတ်တယ်…"
စပြီးမှတော့ သေချာ စစ်ဆေးရတော့မှာပေါ့…
……..
လွန်ခဲ့သည့်နှစ်လေးဆယ်က Mမြို့တွင်…
ညက မှောင်မည်းနေလေသည်။
မြေကြီးက သွေးများ ရွှဲစိုနေပြီး နေရာအနှံ့ သွေးများ ရှိနေသည်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကို ညွှန်ပြနေလေသည်။
မြေပြင်ပေါ်တွင် အနက်ရောင်နှင့် အနီရောင်မျဉ်းများ ရှိနေလေသည်။
အပြာရောင်သန်းသောခြေလက်များက အခင်းဖြစ်ပွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်းကို ညွှန်ပြနေသည်။
ပုံရိပ်တစ်ခုက လမ်းလျှောက်လာပြီး သူ့လက်ထဲတွင် တစ်ခုခုကိုင်ထားလေသည်။
ထို့နောက် ထိုပုံရိပ်က ဓာတ်ဆီများကို လောင်းကျလိုက်ပြီး ထိုနေရာကို မီးရှို့လိုက်သည်။
မီးတောက်များက နေရာအနှံ့တောက်လောင်လာကာ အိမ်တော်ကြီးကိုပင် ဖုံးလွှမ်းသွားလေသည်။
ကောင်းကင်ယံထက်တွင် မီးရောင်က ထင်ဟပ်နေလေသည်။
မီးရောင်က ထိုပုံရိပ်၏ မျက်နှာကို အလင်းပြန်နေသည်။
ထိုပုံရိပ်တွင် အညိုရောင်ဆံပင်ဖျော့ဖျော့ရှိပြီး အနက်ရောင် မျက်လုံးများရှိသည်။ ကျီမိသားစု၀င်များကဲ့သို့ မှင်သဖွယ် မည်းနက်သော မျက်လုံးများတော့ မဟုတ်ပေ။ သို့သော် အခြားမိသားစု၀င်များနှင့် တူညီသော ရူးသွပ်မှု ရှိနေသည်။
………
ဘလပ်စ်နှင့် ချန်ချင်းယဲ့တို့ PIAMB၏ ယာယီအဆောက်အအုံထဲမှ ထွက်လာကြလေသည်။
လမ်းပေါ်တွင် လူမရှိချေ။
ဈေးဆိုင်အများစုက တံခါးများနှင့် ပြတင်း
Mမြို့နှင့် မလှမ်းမကမ်းတွင် ရှိနေသောကြောင့် သွေးရောင်သန်းနေသော ကောင်းကင်ကြီးနှင့် ယင်စွမ်းအင်များကြောင့် အုပ်မှိုင်းနေသောလေထုကို ခံစားနေရလေသည်။
သို့သော် ဘလပ်စ်နှင့် ချန်ချင်းယဲ့က ယင်းကို များစွာ ဂရုမစိုက်ကြချေ။
ဂိမ်းထဲရှိ ယင်စွမ်းအင်များက ပိုကြောက်ရွံ့ဖွယ်ကောင်းပြီး ပြင်ပကမ္ဘာက သူတို့နှင့် ရင်းနှီးသော ပတ်၀န်းကျင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာလေသည်။
ရဲစခန်းကို အမှောင်ထုက လွှမ်းခြုံထားလေသည်။
ဤနေရာကို တစ္ဆေများ သိမ်းပိုက်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် သူတို့၏ ပွဲတော်နေရာပင် ဖြစ်လာလေသည်။
ဘလပ်စ်၏ လက်ဖဝါးထက်တွင် မီးတောက်များ ထွက်ပေါ်လာလေသည်။
"ဘယ်သူပိုသတ်နိုင်လဲ ပြိုင်မလား…"
ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်ကာ ပြောလိုက်သည်။
"မပြိုင်ဘူး…ပြီးတော့ မင်း မီးလုံးတွေကို လျှောက်မပစ်နဲ့…"
ဘလပ်စ်:"ဘာလို့လဲ…"
ချန်ချင်းယဲ့:"မင်းက အဆောက်အအုံတွေကို မီးရှို့ချင်လို့လား…"
ဘလပ်စ်: "..."
သူ့လက်ဖဝါးထက်မှ မီးတောက်က ပိုင်ရှင်၏ စိတ်အခြေအနေကြောင့် အားဖျော့သွားလေသည်။
ချန်ချင်းယဲ့က အားချန်ကို လွှတ်ပေးလိုက်သည်။
အားချန်က ချန်ချင်းယဲ့၏ အင်္ကျီလက်ထဲမှ ထွက်လာပြီးနောက် မျက်စိတစ်မှိတ်အတွင်း ကြီးထွားလာလေသည်။
ဘလပ်စ်က အားချန်ကို ပထမဆုံးမြင်ဖူးခြင်း မဟုတ်သော်လည်း ထိတ်လန့်နေဆဲဖြစ်သည်။
သူက နောက်ဆုတ်လိုက်ပြီး တုန်ရီစွာ ပြောလိုက်သည်။
"အရင်တစ်ခေါက်ကထက် ပိုကြီးလာတယ်နော်…"
ချန်ချင်းယဲ့က အားချန်၏ နက်မှောင်သောကျောကို ပုတ်လိုက်သည်။
"ဟုတ်တယ်…ရှောင်ပိုင်ကြောင့်လေ…"
"ကောင်းလိုက်တာ..."
ချန်ချင်းယဲ့က အားချန်ကို ပွတ်သပ်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။
"ဘယ်သူက လိမ္မာတဲ့ ကလေးလေးလဲ…"
အားချန်က ခေါင်းငုံ့လိုက်ပြီး ချန်ချင်းယဲ့၏ ပါးကို ထိလိုက်သည်။
"ဟုတ်တယ်…မင်းက လိမ္မာတဲ့ ကလေးလေး…"
ချန်ချင်းယဲ့က အားချန်ကို ပြန်တုံ့ပြန်လိုက်သည်။
တစ်ဖက်မှ ဘလပ်စ်: "………………"
ငါနော်…
...
အားချန်နှင့် ချန်ချင်းယဲ့က ရဲစခန်းအတွင်းရှိ မကောင်းဆိုးဝါးများကို အတူသုတ်သင်လိုက်လေသည်။
အဆောက်အအုံက ပျက်စီးလုနီးပါး ဖြစ်နေလေသည်။ လျှပ်စစ်မီးက ရရှိနေသေးသော်လည်း မီးလုံးများက ပျက်စီးနေပေပြီ။ ကြမ်းပြင်နှင့် နံရံများတွင် သွေးများစွန်းထင်းနေပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်ပွားထားပုံ ရ၏။
ချန်ချင်းယဲ့က ကွန်ပျူတာရှေ့တွင် ထိုင်လိုက်ပြီး အလုပ်စလုပ်လိုက်သည်။
ဘလပ်စ်က အပြင်မှ ၀င်လာသည်။
သူက ကြမ်းပြင်ပေါ်မှ အလောင်းများကို ကျော်ခွကာ ချန်ချင်းယဲ့ထံ လျှောက်သွားလိုက်သည်။
"အဆင်ပြေလား…"
"ဖိုင်တွေကို လော့ခတ်ထားတယ်…"
ချန်ချင်းယဲ့က ဘလပ်စ်ကို မော့ကြည့်လိုက်သည်။
"ဒီပတ်ပတ်လည်က မကောင်းဆိုးဝါးတွေကို ရှင်းပြီးပြီလား…"
ဘလပ်စ်က ရင်ဘတ်ကို ပုတ်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
"ရှင်းပြီးပြီ.."
"မရှိတော့ဘူးမလား…"
ဘလပ်စ်က ဘ၀င်ခိုက်စွာ ပြောလိုက်သည်
"သေချာတာပေါ့…ဘယ်သူ လုပ်တာမို့လဲ…"
ချန်ချင်းယဲ့:"ဒါဆို မင်း ငါ့ကို အမှန်တရားကို ပြောပြသင့်ပြီ…"
ဘလပ်စ်က တောင့်တင်းသွားသည်။
"ဘာ…ဘာအမှန်တရားလဲ…"
ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်လိုက်ပြီး ပြောလိုက်သည်။
"Mမြို့မှာ မင်းမြင်ခဲ့တဲ့ဟာ…အခု ပတ်ပတ်လည်ကို ရှင်းပြီးပြီမလား…နံရံတွေမှာ နားတွေ မရှိတော့ဘူး…ပြောပြလို့ရပြီ…"
ဘလပ်စ်က ခေါင်းကို ကုတ်လိုက်သည်။
"အာ…"
အချိန်အတော်ကြာ တွေဝေပြီးနောက် ဘလပ်စ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။
"မင်းလည်း ခန့်မှန်းမိလောက်ရောပေါ့…ဖုံးကွယ်ထားလည်း ဘာမှ မထူးပါဘူး…"
ထို့နောက် သူက ချန်ချင်းယဲ့ကို အားလုံးပြောပြလိုက်သည်။
မြေအောက်လမ်းထဲ ရောက်သွားခြင်းအကြောင်း၊ အနက်ရောင်အရည်များကို တူးနေသည့် လူသားတစ္ဆေများအကြောင်း၊ တစ္ဆေနောက်လိုက်သွားပြီး ကျီရွှမ်၊ ဝေ့ရွှယ်ချူးနှင့် ယဲ့ကျားတို့နှင့် တွေ့သည့်အကြောင်း၊ ယဲ့ကျားက သူ့ကို စုံစမ်းခိုင်းသည့် အကြောင်းများကို ပြောပြလိုက်သည်။
ချန်ချင်းယဲ့က မေးစေ့ကို ထိ၍ စဉ်းစားနေလေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် သူ ပြောလိုက်သည်။
"အေ့စ်က မင်းကို ဘယ်သူမှ မပြောခိုင်းတာ မအံ့ဩတော့ပါဘူး…"
ဘလပ်စ်: "ဟမ်…"
ချန်ချင်းယဲ့: "သူက အမေ့ကို စောင့်ကြည့်နေရုံသာမက PIAMBက လူတွေကိုပါ စောင့်ကြည့်နေတဲ့လူပဲ…"
ထို့နောက် သူက ခေါင်းငုံ့ကာ ကီးဘုတ်ကို ရိုက်လိုက်သည်။
"PIAMBက ၀န်ထမ်းတွေရဲ့ မွေးရပ်မြေနဲ့ ကျီမိသားစုရဲ့ အိမ်ထောင်စုစာရင်းက လူတွေရဲ့ လိပ်စာကို တိုက်ကြည့်လိုက်မယ်…"
မိနစ်အနည်းငယ် ကြာပြီးနောက် ချန်ချင်းယဲ့က ပြောလိုက်သည်။
"ထွက်လာပြီ…"
ဘလပ်စ်က ကွန်ပျူတာမျက်နှာပြင်ကို ကြည့်လိုက်သည်။
ကိုက်ညီသော လူတစ်ယောက် ထွက်လာလေသည်။
သူတို့၏ အမူအရာက လေးနက်သွားလေသည်။
ချန်ချင်းယဲ့က ဓာတ်ပုံကို နှိပ်လိုက်သည်။
အညိုရောင်ဆံပင်ဖျော့ဖျော့၊ အနက်ရောင် မျက်လုံးများနှင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က မျက်နှာပြင်ပေါ်တွင် ပေါ်လာလေသည်။ သူက ပြုံးနေပြီး သာမာန်လူတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။
ဘလပ်စ် အသက်ပြင်းပြင်းရှူလိုက်သည်။
"ဒါ…ဒါက PIAMBရဲ့ ဒါရိုက်တာ မဟုတ်ဘူးလား…"
ချန်ချင်းယဲ့က ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။
တကယ်ပဲ…
"ဘာ…ဘာလို့လဲ…"
ဘလပ်စ်က ဒါရိုက်တာက ကျီမိသားစုမှ ဆိုသည်ကို မယုံနိုင်ဖြစ်နေလေသည်။
ချန်ချင်းယဲ့က တွေးကာ ပြောလိုက်သည်။
"ဒါကြောင့် အထက်က နှေးကွေးနေတာပဲ…"
ဒါရိုက်တာဟောင်းက အချုပ်ခံထားရပြီး အနာဂတ်တွင် ဖြစ်လာမည့် အခြေအနေများကို ကြိုသိထားခဲ့သည်။
ထို့ကြောင့် သူက သူ့အခြေအနေကို လျှို့ဝှက်ထားခဲ့သည်။
သွေးစွန်းသောည ဖြစ်ပျက်ပြီးနောက် အထက်က ဗျူရို၏ တည်ရှိမှုနှင့် သဘာ၀လွန်တည်ရှိမှုများ အကြောင်းကို ဖော်ထုတ်ခဲ့သော်လည်း ဂိမ်းအကြောင်းကို လျှို့ဝှက်ထားခဲ့သည်။
သူက ယင်းကို အနည်းငယ် ထူးဆန်းသည်ဟု ထင်ခဲ့သော်လည်း ဗျူရိုက ပြည်သူများကို အထိတ်အလန့်မဖြစ်စေချင်သောကြောင့်ဟု အဖြေပြန်ပေးခဲ့လေသည်။
လွန်ခဲ့သည့်နှစ်များက ဒါရိုက်တာ၏ စကားက စည်းမျဉ်းတစ်ခု ဖြစ်လာလေသည်။
ကောင်းကောင်းဆိုးဆိုး ရှင်းပစ်…
ဒါက အရမ်းရက်စက်တာတော့ မဟုတ်ဘူး…
ချန်ချင်းယဲ့က ဘလပ်စ်ဘက် လှည့်ကာ ပြောလိုက်သည်။
"အစ်ကိုယဲ့ပြောတာကို မှတ်မိသေးလား…"
ဘလပ်စ်:"ဟမ်…"
ချန်ချင်းယဲ့ : "ဒါရိုက်တာဟောင်းက မှတ်စုစာအုပ်ကို ခြေလက်တွေထဲ ဖွက်ထားပြီး ဝှက်စာသုံးထားရတဲ့ အကြောင်းရင်းက တစ္ဆေတွေကို ကြောက်လို့ မဟုတ်ဘူး…လူသားတွေကြောင့်ပဲ…"
ဘလပ်စ်က ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်…အဲ့လို ပြောဖူးတာကို မှတ်မိတယ်..."
ချန်ချင်းယဲ့: "ဒါရိုက်တာဟောင်းက PIAMBမှာ နှစ်ပေါင်းများစွာ အကျဉ်းချခံထားရပြီး လူနည်းနည်းနဲ့ပဲ အဆက်အဆံရှိတာ…ဒါရိုက်တာက အစ်ကိုယဲ့အကြောင်း သိလောက်တယ်…အဲ့ဒါကြောင့် အစ်ကိုယဲ့ကို ဒါရိုက်တာဟောင်းနဲ့တွေ့အောင် ဖန်တီးပြီး မှတ်စုစာအုပ်ကို ရှာတွေ့အောင် လုပ်တာပဲ…"
ဘလပ်စ် သဘောပေါက်သွားလေသည်။
သူက အံကြိတ်ကာ ပြောလိုက်သည်ာ
"မြေခွေးအိုကြီး …တွေ့လို့ကတော့ အရေခွံခွာပစ်မယ်…"
ချန်ချင်းယဲ့ မတ်တပ်ရပ်လိုက်သည်။
"သွားရအောင်…"
ဘလပ်စ်:"ဘယ်ကိုလဲ…"
ချန်ချင်းယဲ့:"မြို့တော်ကို…"
ဘလပ်စ်:"ခဏနေပါဦး…မင်း ဘာသွားလုပ်မလို့လဲ…"
ချန်ချင်းယဲ့:"မင်းပဲ အရေခွံခွာချင်တယ်ဆို…"
ဘလပ်စ်:"ဒီလိုလုပ်ရင် အေ့စ်အစီအစဉ်ကို ဖျက်ဆီးမိသွားမှာပေါ့…"
ချန်ချင်းယဲ့: "အဲ့လိုမဖြစ်ဘူး…"
ဘလပ်စ် : "ဘာလို့ အဲ့လိုပြောနိုင်တာလဲ…"
ချန်ချင်းယဲ့: "ဘာလို့ ဒါရိုက်တာက ချီရှန်ကျစ်နဲ့ တွေ့ခိုင်းတယ်ထင်လဲ…ဘာလို့ဆို သူမသိတဲ့ အချက်အလက်တွေက မှတ်စုစာအုပ်ထဲမှာ ရှိနေလို့ပဲ…ငါတို့ ဒါရိုက်တာကြီးရဲ့ပါးစပ်ကနေတစ်ခုခု ညှစ်ထုတ်နိုင်လောက်တယ်…"
ဘလပ်စ်၏ မျက်လုံးများ တောက်ပလာလေသည်။
"မင်း ပြောတာမှန်တယ်…"
ချန်ချင်းယဲ့က အင်္ကျီလက်အောက်မှ ထွက်လာသော အားချန်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
"သွားကြစို့…"
..........
ကြမ်းပြင်ပေါ်တွင် စာရွက်များက ပြန့်ကြဲနေပြီး စာရွက်များပေါ်တွင်စာလုံးများ ရှိနေလေ၏။
အခန်းက အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။
ယဲ့ကျားက မျက်လွှာချထားပြီး မျက်တောင်ရှည်များက သူ့စိတ်အခြေအနေကို ဖုံးကွယ်ပေးထားလေသည်။
ထိုအကြောင်းများကို ကြားပြီးနောက် ယဲ့ကျားက မရှင်းပြနိုင်သည့် ခံစားချက်ကို ခံစားနေရလေသည်။
ကျီရွှမ်၏လက်ချောင်းများက ယဲ့ကျား၏ လက်ကောက်၀တ်ကိုတို့ထိနေသည်။ ထို့နောက် ယဲ့ကျား၏ ပခုံးပေါ်ကို မေးတင်လိုက်ပြီး နူးညံ့စွာ မေးလိုက်သည်။
"ကျွန်တော့်အတွက် ဆုက ဘာလဲ…"
ယဲ့ကျားက ကျီရွှမ်ကို မေးလိုက်သည်။
"ဆွေမျိုးတွေကို ဝါးမျိုတုန်းက ဘယ်လိုခံစားရလဲ…"
ကျီရွှမ်က ခဏလောက် တွေးလိုက်ပြီး ပြောလိုက်သည်။
"အရမ်းပျော်တယ်…"
အရမ်း စိတ်ကျေနပ်တယ်…
အရမ်း စိတ်လှုပ်ရှားတယ်…
သူက ပြုံးကာ ဆက်ပြောလိုက်သည်။
"ကျွန်တော့်ကို ကောကော သတ်တုန်းကလည်း အဲ့လိုခံစားရတယ်…"
ကျီရွှမ်က ယဲ့ကျား၏လက်ကို ရင်ဘတ်ပေါ် တင်လိုက်သည်။
"ကျွန်တော်တို့ တစ်သားတည်း ဖြစ်သွားပြီလို့ခံစားရတယ်…ကျွန်တော်တို့ရဲ့ သွေးတွေအရိုးတွေက ရောယှက်နေတယ်…"
ကျီရွှမ်က တသိမ့်သိမ့်တုန်ကာ ရယ်မောနေလေသည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ကာ တစ်ဖက်လူ၏ပခုံးကို နမ်းလိုက်သည်။
"ကံမကောင်းစွာနဲ့ ကောကော ကျွန်တော့်ကို အသေမသတ်ခဲ့ဘူး…"
ယဲ့ကျားက တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲ့လိုလား…"
ကျီရွှမ်က ချိုမြိန်စွာ ပြုံးလိုက်သည်။
"ဟုတ်ကဲ့…"
ယဲ့ကျားက လေးနက်စွာ မေးလိုက်သည်။
"ဒါနဲ့ မင်း အခုရော ငါ့ကို စားချင်သေးလား…"
ကျီရွှမ်က နှုတ်ခမ်းကို သပ်လိုက်ပြီး သူ့၏နီရဲနေသော မျက်လုံးများထဲ၌ ရူးသွပ်မှုများနှင့် ချစ်မြတ်နိုးမှုများ ရှိနေလေသည်။
"သေချာတာပေါ့…ကျွန်တော် ဒါကို မလိုချင်တဲ့နေ့ဆိုတာ ရှိမှာ မဟုတ်ဘူး…"
ကျီရွှမ်က တစ်ဖက်လူ၏ လက်ကို ယူကာ နမ်းလိုက်သည်။
"ဒါပေမဲ့…"
ယဲ့ကျားက လက်ကို ပြန်မဆွဲယူပေ။ တစ်ဖက်လူကို ကြည့်ကာ ထပ်ပြောလိုက်သည်။
"ဒါပေမဲ့…"
ကျီရွှမ်က မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး သူ့အသံက ကြမ်းတမ်းနေလေသည်။
"မလုံလောက်သေးဘူး…"
ယဲ့ကျား၏ သူငယ်အိမ်များ ကျုံ့သွားလေသည်။
ကျီရွှမ်က တစ်ဖက်လူ၏ ခါးကို ပွေ့ဖက်လိုက်ပြီး မျက်နှာကို တစ်ဖက်လူ၏ ပခုံးထက် နစ်မြှုပ်ထားလိုက်သည်။
ကျောင်းဆောင်ကြီးကို အမှောင်ထုက ၀န်းရံထားလေသည်။
အမှောင်ထဲတွင် တောက်ပနေသည့် ပယင်း ရောင်မျက်လုံးများက အမှောင်ထဲတွင် ကျင့်သားရနေသည့်လူက နေရောင်ကို ကြောက်ရွံ့နေသကဲ့သို့ သူ့ကို စိတ်မသက်မသာခံစားရစေလေသည်။
အရမ်း ဗိုက်ဆာတယ်…
သူ တစ်နေ့တခြား ပိုပိုဆာလာတယ်…
သူ စားနိုင်လောက်ပြီလို့ ထင်ပေမဲ့မလုံလောက်သေးဘူး…
ကျီရွှမ်၏ လက်ချောင်းများက လှုပ်လှုပ်ရွရွဖြစ်နေလေသည်။
မလုံလောက်ဘူး…
စားရုံနဲ့ မတင်းတိမ်နိုင်ဘူး…
လူငယ်က သူ့ကို ပေါ့ပေါ့ပါးပါး ပြုံးပြနေလေသည်။ သူ နို့လက်ဖက်ရည်ခွက်ကို ပေးသော အခါ လူငယ်၏ မျက်လုံးများက တောက်ပနေလေသည်။ သူက လမ်းပေါ်တွင် နမ်းလိုက် သောအခါ လူငယ်၏ မျက်လုံးများက ထိတ်လန့်နေလေသည်။
သူက အလွန်လောဘကြီးသောကြောင့် အားလုံးကို လိုချင်လေသည်။
ကျီရွှမ်၏ နီရဲနေသော မျက်လုံးများက သွေးအေးသတ္တဝါသဖွယ် မှေးစင်းနေလေသည်။ သူက အနည်းငယ် တွန့်ရှုပ်ကာ ပြုံးလိုက် သည်။
"ကျွန်တော် တကယ် မလုံလောက်ဘူး…"
ယဲ့ကျား၏ မျက်လုံးများက မှေးစင်းသွား၏။
အချိန်အတော်ကြာပြီးနောက် သူက လက် မြှောက်လိုက်ပြီး လက်ချောင်းများဖြင့်တစ်ဖက်လူ၏မေးစေ့ကို ညှစ်လိုက်သည်။
ကျီရွှမ် အံ့ဩသွားလေသည်။
ထို့နောက် ယဲ့ကျားက တစ်ဖက်လူ၏ မေးစေ့ကို ပင့်တင်လိုက်ပြီး ခေါင်းငုံ့ကာ တစ်ဖက်လူ၏ နှုတ်ခမ်းကို အေးစက်စွာ နမ်းလိုက်သည်။
"ဆုချတာ…"