အပိုင်း ၁၂၆
Viewers 10k

Chapter 126



ဂျယ်လီနှင့်တူသော ကိုယ်ထည်ကပျောက်သွားသည်။

မိခင်သည်သူမအနောက်မှ အနီရင့်ရောင်သွေးကန်ကိုကြည့်ပြီး မျက်လုံးမှေးလိုက်သည်။ သူမသည် လတ်တလောမီးလောင်နေရသည့်ဇစ်မြစ်ကို မသိနိုင်သေးသလို တဖက်လူ၏နေရာကိုလည်းမသိရသေးပေ။ သို့သော်...မည်သို့ပင်ဖြစ်စေ အရာရာတိုင်းကစီစဉ်ထားသည့်အတိုင်း ဆက်လက်ဖြစ်သွားရန်လိုအပ်သည်။ သူမကခပ်ဖွဖွပြုံးလိုက်သည်။

မြေအောက်မှ ဒြပ်ထုကြီးတစ်ခုရွေ့လျားသွားပြီး မြေပြင်က ဟ သွားခဲ့သည်။ နီရဲပြောင်လက်နေသော ရေဘဝဲလက်သည် မြေကြီးတွင်းမှတီကောင်တစ်ကောင်လိုလိမ်တွန့်ပြီးထွက်လာသည်၊ ၎င်းသည် ဤနေရာမှသက်ရှိများအားလုံးကိုဖြည်းဖြည်းချင်းဝါးမြိုထားသည့်အတိုင်းပင်။

မိုးကောင်ကင်သည် တိမ်မည်းများဖြင့်ဖုံးအုပ်နေပြီး ယင်စွမ်းအင်များပြည့်သိပ်နေ၏။ အသိဝိညာဉ်ရှိနေသောမကောင်းဆိုးဝါးများနှယ် တိမ်မည်းများမှာ မူလကရှိနေသောကောင်းကင်ပြာအပေါ်သို့ လွှမ်းခြုံလိုက်ရင်း ပိန်းပိတ်အောင်မှောင်သွားစေခဲ့သည်။ အရိပ်မည်းများအောက် ခက်ထန်သောအဆင့်တစ္ဆေများ၏ရယ်သံက ပဲ့တင်ပြန်နေသည်။ အမေသည် သူမလက်ချောင်းပေါ်တွင်ကျန်နေသေးသောသွေးများကို အမှုမထားသည့်အတိုင်းလျက်လိုက်သည်။ ဖြစ်နိုင်သည်က....သူမကလေးများကသူမ၏တစ်စိတ်တပိုင်းဖြစ်မလာခင် နောက်ထပ်တစ်ခုလုပ်လိုက်နိုင်သည်ဖြစ်မည်။

မည်းမှောင်နေသောအခန်းအတွင်း ကြမ်းပြင်ပေါ်တွင်စာရွက်များပွသလဲနေသည်။ အချို့က နွေဦး၏ရော်ရွက်ဝါများပမာ ရှုံ့တွနေ၏။


.....

ယဲ့ကျားသည် တဖက်သူမျက်နှာပေါ်မှသူ၏လက်ချောင်းများကိုလျှော့လိုက်သည်။ သူနောက်ဆုတ်လိုက်ချင်သည့်တိုင် ဆန့်ကျင်ဘက်အားဖြင့်တဖက်လူကသူ့အားပိုတိုးကပ်လာအောင်အင်္ကျီကော်လံမှပြန်ဆွဲထားသည်။ ကျီရွှမ်၏မျက်လုံးတဝက်က မှေးနေသည်။ ၎င်း၏သွေးနီရောင်မျက်ဆံများမှာ ထူထဲသောမျက်တောင်များအောက်၌ တဖက်လူကိုအငမ်းမရဝါးမြိုပစ်ချင်သည့်ဆန္ဒအားထိန်းချုပ်ထားရသည့်အတိုင်းပုန်းကွယ်နေသည်။ သို့သော် ၎င်း၏အပြုအမူက အင်မတန်ညင်သာလှသည်။

ကျီရွှမ်....ပညာရပ်များကိုသင်ယူရာ၌မြန်လွန်း၏။

ထိုအတွေးက ယဲ့ကျား၏ကသောင်းကနင်းဖြစ်နေသည့် စိတ်ထဲတွင် သွက်လက်လျှင်မြန်စွာဖြတ်ပြေးသွားသည်။ တဖက်လူ၏ပြုမူပုံတိုင်းကဆရာကျလွန်းပြီး အဆင့်များစွာကိုပင်ကျော်ဖြတ်သွားနိုင်လောက်သည်။ ကျီရွှမ်က သူ၏အောက်နှုတ်ခမ်းကိုဖွဖွလေးကိုက်လိုက်လေရာ ယဲ့ကျားမှာသားရဲကောင်တစ်ကောင်နှင့်နမ်းနေရသည်ဟုပင် ခံစားလိုက်ရသည်....မကောင်းတော့ဘူး။

လက်များက ကျီရွှမ်၏ပုခုံးအားဖြည်းဖြည်းဖိလိုက်၍ အနှီသူ၏အဝတ်အစားများတွန့်သွားသည်။ မကြာမီ ယဲ့ကျားမှာအားအင်ဆုံးရှုံးနေသလိုခံစားလာရ၏။ သူ၏အရိုးများမှာဆွဲထုတ်ခံနေရသည့်နှယ်၊ ဝါဂွမ်းပုံပေါ်နင်းထားရသလို။

ဤတစ်ကြိမ်တွင်မူ သူတို့သည် အတော်ဝေးဝေးသွားခဲ့မိကြပြီထင်သည်။ ထိုအတိုင်းသာသူတွေးမိသည်။ သူသည် ခက်ထန်သည့်အဆင့်တစ္ဆေဖြစ်နေခြင်းကြောင့် ၎င်း၏ကြမ်းတမ်းရုန့်ရင်းသောအခြမ်းက လူသားပုံစံဖြစ်နေစဉ်ကထက် အားနည်းလာပြီး အလိုအရမ္မက်နှင့်ဆန္ဒများက အလွယ်တကူလွှမ်းမိုးနိုင်သည်ကို သူ့ကိုယ်သူသိရှိသွားခဲ့သည်။ယခုလေးတင် သူလက်ဦးမှုရယူမိလိုက်သလိုမျိုး။

ယဲ့ကျားသည်သူ၏အပြုအမူကို စပြီးနောင်တရလာသည်။ သူသည်တဖက်လူ၏ပုခုံးကိုတွန်းပြီး ခက်ခက်ခဲခဲပြောရသည်:

"ရပ်..ရပ်တော့"

သို့ထိတိုင် အဆိုပါစကားလုံးများကို ထိုလူကမြိုချသွားခဲ့သည်။ တစ်ယောက်က အနောက်ပြန်ဆုတ်လျှင် နောက်တစ်ယောက်ကရှေ့တိုးလာသည်။ သူသည်တစ်ဖက်လူ၏နှုတ်ခမ်းကို နီရွှန်းလာသည်အထိ တိတ်တိတ်လေးနမ်းနေပြီး စကားကိုအပြီးအထိမပြောနိုင်အောင်ပိတ်ပင်ထားသည်။ ယဲ့ကျားခါးပေါ်မှ သူ၏လက်များက ရေခဲရိုက်ထားသည့်မြွေတစ်ကောင်လို တင်းတင်းကြပ်ကြပ်ရစ်နွယ်နေပြီး နှစ်ယောက်အကြားတွင်ကြားလေပင်မသွေးနိုင်အောင် ကပ်နေခဲ့ကြသည်။ ယဲ့ကျားမှာစိတ်ရှုပ်ထွေးလာရသော်ငြား မသိစိတ်မှ ရေထဲရှိပုန်းလျိုးနေသောအန္တရာယ်ကိုပါအာရုံရနေသည်။

သူအမြန်နောက်ပြန်ဆုတ်လိုက်စေကာမူ ယိုင်တိယိုင်တိုင်ဖြင့် ဆိုဖာပေါ်သို့ပက်လက်လန်ကျသည့်အဖြစ်နှင့်သာ နိဂုံးချုပ်သွားသည်။ ယဲ့ကျားသည် တဖက်လူ၏လက်များအကြားမှလွတ်မြောက်နိုင်ပြီ။

လူငယ်၏ နီမြန်းသောမျက်လုံးများမှာ အုံ့ဆိုင်းနေ၏။ ခပ်တင်းတင်းစေ့ထားသည့်နှုတ်ခမ်းပေါ်တွင် သွေးစအနည်းငယ်ရှိနေကာ ဖြူရော်သောအသားအရေက ပန်းရောင်သန်းနေသည်။ သူ၏အသံမှာအနည်းငယ်အက်ကွဲလျက်။ မလုံလောက်သေးသည့်နှယ် တမင်တကာလုပ်ယူထားသောအေးတိအေးစက်အသံဖြစ်နေသည်။

"မင်းမတော်နိုင်သေးဘူးလား"

ကျီရွှမ်၏အကြည့်က သူ၏မျက်နှာပေါ်တွင်ကျနေသည်။ သူသည်အနှီသူ၏ မျက်နှာထက်မှပြောင်းလဲသွားသည့်အမူအရာတိုင်းအား တစ်လက်မလေးပင်မလွတ်စေရဘဲ ကြည့်နေသည်။ သူ၏အသံကတိုးလျပြီးခပ်အောအော:

"ကိုကို...ကျွန်တော်လုပ်တာအဆင်ပြေလား"

ယဲ့ကျားခမျာ ဘာမှမတုံ့ပြန်နိုင်။ သူ၏နားရွက်များမှာ နီရဲနေပြီ။ တခဏမျှ သူဘယ်လိုပြန်ဖြေရမည်မသိ။ အချိန်အတန်ကြာမှ သူစကားတစ်လုံးသာပြောနိုင်သည်:

"သေလိုက်"

ကျီရွှမ်က မခွာသွားသေးသည့်အပြင် ပိုပြီးပင်နီးကပ်လာသည်။ သူသည်ထိုသူ၏ခါးကိုဖက်လိုက်၏။ ယဲ့ကျား၏အင်္ကျီကိုဖြတ်ပြီး ၎င်းအောက်မှ ချောမွတ်ပြီး ချပ်ရပ်သည့်ခါးအကြောများကိုခံစားနိုင်သည်။ ကျီရွှမ်သည် မှီလိုက်ပြီး ပြီတီတီအပြုံးဖြင့်ဆိုသည်။

"ကိုကို၊ ကျွန်တော့်ကိုပိုပြီးသင်ပေးလေနော်"

သူ၏လက်များက တဖက်လူ၏အင်္ကျီတွင်းသို့ဝင်လာသည်: "ကျွန်တော်ကောင်းကောင်းသင်ပါ့မယ်"


ရုတ်တရက်။

"အမေပြန်လာပြီ"

ကျီရွှမ်ကအပြင်ဘက်သို့လှမ်းကြည့်ပြီး မျက်လုံးများကိုမှေးကျဉ်းလိုက်၏။ အနက်နှင့်အနီရောစပ်ထားသည့် မီးခိုးရောင်တိမ်စိုင်များမှာ တရွေ့ရွေ့လွင့်မြောနေကြ၏။ လေထုသည် စွမ်းအားကြီးမားသည့်တည်ရှိမှုကြောင့် တုန်ခါနေသည်။ ယဲ့ကျားသည်ကျီရွှမ်ကိုလှမ်းကြည့်မိ၏။ တစုံတယောက်မှသူတို့အားခေါ်ဆိုနေသံသည် သူတို့၏အသွေးအသားအောက်ခြေမှထွက်ပေါ်နေသည်ကို အတူတကွခံစားမိသည်။ ၎င်းကားအမေ၏အသံ။ ယဲ့ကျားက ခေါင်းငုံ့ကာ အဝတ်အစားများကိုသေသပ်အောင်ပြုပြင်လိုက်သည်။ သူ့အသံကအနည်းငယ် အက်ရှနေသေး၏။

"သွားရအောင်"

ကျီရွှမ်ကအရှေ့သို့ဆက်လျှောက်သွားပြီးကာမှ ထိုသူ၏လက်ကောက်ဝတ်ကိုလှမ်းကိုင်လာသည်။

"?"

ယဲ့ကျားကအနှီသူကို မေးခွန်းများအပြည့်ပါသောမျက်လုံးဖြင့်ကြည့်လိုက်သည်။ ကျီရွှမ်သည် သူ၏အဝတ်အစားများကိုအနည်းငယ်မသပ်ရပ်အောင်လုပ်လိုက်ရာ ယဲ့ကျားကမျက်မှောင်ကြုတ်ကာမေးခွန်းထုတ်လေ၏။

"ဘာလုပ်တာလဲ"

"သပ်ရပ်လွန်းနေရင်လည်းမကောင်းဘူး"

ကျီရွှမ်က ခပ်တိုးတိုးရယ်ကာ သူ၏သွေးနီရောင်မျက်လုံးများကိုအနည်းငယ်နှိမ့်၍ လက်မဖြင့်သူ့နှုတ်ခမ်းများကိုပွတ်သပ်သည်။

"ကျွန်တော်တို့ပီပြင်အောင် သရုပ်ဆောင်သင့်တယ်လို့ ကိုကိုပဲပြောခဲ့တာမဟုတ်ဘူးလား"

ယဲ့ကျား၏မျက်လုံးများက လက်ကနဲဖြစ်သွားသည်။ သူထိုလူ၏လက်ကိုလွှတ်ပေးလိုက်ပြီး စိတ်တိုင်းကျလုပ်ခွင့်ပေးထားလိုက်၏။

....

M မြို့လယ်ခေါင်တွင်ဖြစ်သည်။

အထပ်မြင့်အဆောက်အအုံများသည် နက်မှောင်အုံ့မှိုင်းနေသောကောင်းကင်ယံကို တိုးထွက်လျက်ရှိသည်။ ကနဦးတွင်ရှိခဲ့ပြီးသောအလောင်းပုံအပေါ် နောက်ထပ်အလောင်းများထပ်လာသောကြောင့် မြင့်သထက်မြင့်လာသည်။ အမေက၎င်းတို့ကိုစောင့်ဆိုင်းနေ၏။ သူမ၏ညင်သာပုံရသောမျက်နှာနှင့် နီမြန်းသောမျက်လုံးအိမ်သည်အမှောင်ယံတွင်တောက်ပနေကာ သူမထံလာနေသောဆက်ခံသူနှစ်ယောက်ထံတွင်ကူးခြည်ဆန်ခြည်ဖြစ်နေလေသည်။

သူတို့ကား ရှေ့ဆင့်နောက်ဆင့်လာနေသည်။ နှစ်ယောက်၏အကွာအဝေးမှာ မေဝးလှပေ၊ နှစ်ယောက်ကြားတွင်အပြန်အလှန်ခင်မင်ချစ်ကြည်မှုရှိပြီး ဖြတ်တောက်မရနိုင်သောဆက်သွယ်မှုတစ်ခုလည်းရှိနေသည်၊ တစ်ယောက်တည်းအဖြစ် ပေါင်းစည်းထားသည့်ပမာ။

ပွယောင်းနေသောဆံပင်များနှင့် တွန့်လိပ်နေသောအဝတ်အစားများ။အမေ၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားရ၏။

"ကလေးတို့ရေ ငါမင်းတို့ကိုနောက်ဆုံးတကြိမ်ကပြောခဲ့ဖူးတာမှတ်မိသေးလား၊ ဘယ်လိုမျိုး...မင်းတို့ငါ့ကိုနည်းနည်းကူညီပေးဖို့ပြောခဲ့ဖူးတာလေ"

ကျီရွှမ်: "ဒါပေါ့ဗျာ"

အမေကသာဆက်လက်ပြောလေ၏။

"နောက်ပိုင်းလူသားမျိုးဆက်က ယဉ်ကျေးမှုသိပ်မရှိတော့ဘူးလေကွယ်"

ယဲ့ကျား၏မျက်နှာအမူအရာကတည်ငြိမ်နေဆဲ: "ဘာလဲ...သူတို့ကခုခံနေကြလို့လား"

"ဆိုပါတော့"

အမေကမပြောင်းမလဲအမူအရာဖြင့်ဆို၏။

"သူတို့ကနောက်ဆုံးအကြိမ်ရုန်းကန်နေရတဲ့ပိုးကောင်လေးတွေပဲ...ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး...ဒါပေမဲ့..."

သူမသည်သွေးရောင်မရှိသော သူမလက်ချောင်းများကို မျက်နှာတလျှောက်ပွတ်သပ်နေသည်။

"သူတို့ကိုပညာပေးဖို့လိုနေပြီ"

အမေ၏မျက်နှာအမူအရာမှာ အလွန်တရာသိမ်မွေ့နေဆဲဖြစ်လင့်ကစား ပြောထွက်လာသည့်စကားလုံးများမှာ ပရမ်းပတာနှင့်ရက်စက်လွန်းသည်။

"လူနည်းနည်းလောက်ကိုလူသတ်ပွဲကျင်းပပေးရမယ်"

သူမငုံ့ကိုင်းလိုက်သောကြောင့် မျက်နှာကယဲ့ကျားနှင့်အလွန်တရာနီးကပ်သွားသည်: "မင်းတို့နှစ်ယောက် ဘယ်မြို့ကိုကြိုက်ကြလဲ"

ယဲ့ကျား၏နှလုံးကအေးစက်သွားသည်။

အမေ: "ငါနောက်ထပ်လူနှစ်သိန်းလိုသေးတယ်...သူတို့ကိုငါ့ဆီခေါ်လာခဲ့...ငါမင်းကိုနေရာပြောပြလိုက်မယ်"

သူမကိုယ်ကိုပြန်မတ်လိုက်သည်။

"ကျန်တာကေတာ့ မင်းတို့ကြိုက်သလိုလုပ်ကြ..စားပဲစားစား...သတ်ပဲသတ်သတ်..သဘောပဲ"

အမျိုးသမီးသည်လက်ဝှေ့ယမ်းပြကာဆို၏။

"အမေမင်းတို့ဆီကသတင်းကောင်းစောင့်နေမယ်နော်...ကလေးတို့"

အမေ၏ထိန်းချုပ်မှုအောက်မှလွတ်လာပြီးသည်နှင့် ယဲ့ကျားသည်ရှင်းလင်းနေသောလမ်းကြားလေးတွင်ရပ်လျက် အတွေးနက်နေခဲ့၏။ဤတစ်ကြိမ်တွင် သူနှင့်ကျီရွှမ်တို့သည် တစ်မြို့စီသွားရလိမ့်မည်။ သူတို့နှစ်ယောက်ကို ခွဲထုတ်ပစ်လိုက်သည့်အချက်ကထင်ရှားနေသည်-၎င်းကယဲ့ကျားအတွက်ကောင်း၏။

ခွဲထုတ်လိုက်သည့်သဘောက အမေသည်သူတို့နှစ်ယောက်ကိုထောက်လှမ်းမည့်နေရာတွင် အားနှစ်ဆစိုက်ထုတ်ရန်လိုအပ်ပြီး သူတို့အတွက် ကိစ္စများကိုဖြေရှင်းရာတွင် သူမမသိစေရန်ပိုမိုလွယ်ကူလိမ့်မည်...သို့သော် အမေကသူမအစီအစဉ်အတိုင်းလုပ်ခင်အချိန်အနည်းငယ်လိုသည်။

အများအပြားမဟုတ်သည့်တိုင် ဤတစ်ကြိမ်တွင် အလဟသတ်ဖြစ်ရန်မသင့်ပေ။ သည့်အပြင် သူသိရန်လိုအပ်နေသေးသောကိစ္စအမြောက်အများရှိနေသေးပြီး သူ့ကိုယ်သူဖော်ထုတ်ရန်လည်းအချိန်မကျသေးပေ။ သို့သော် သူတို့နောက်ဆုံးအကြိမ်လုပ်ခဲ့သည်က....သူတို့အားလုံးကိုကြိုးစားပမ်းစားဝှက်ထားလျှင်ပင် အမေ့ကိုပြန်လည်တင်ပြရန်လူနှစ်သိန်းကိုသူတို့နှင့်အတူမခေါ်သွားနိုင်ပေ။ မည်သို့ပင်စဉ်းစားကြည့်ပါစေ၎င်းက လုံးဝဥဿုံ အဆုံးသတ်ပင်။

ထိုအခိုက် ယဲ့ကျားသည်သူ၏ပုခုံးကလေးလံသွားသည်ကို ခံစားရသည်။ သူလှည့်ကြည့်လိုက်သည့်အခါ သူ၏ပါးကပုတ်ခံလိုက်ရသည်။

"....."

သူ့နဖူးကြောများတွန့်သွားပြီး ပြောလိုက်၏။

"မရင့်ကျက်လိုက်တာ"

ကျီရွှမ်ကပြုံးပြီး ထိုသူ၏မျက်ခုံးနှစ်ခုကြားမှနေရာလွတ်လေးကို ခပ်ဖွဖွပုတ်သည်။

"ကိုကို..မျက်မှောင်ကြီးကြုတ်မထားပါနဲ့..အဲဒီဝိညာဉ်နှစ်သိန်းကိုစိတ်ပူနေတာဆိုရင် ကျွန်ေတာ့်မှာအကြံရှိတယ်"

ယဲ့ကျားကအံ့အားသင့်သွားသည်။

"ဘာလဲ"

ကျီရွှမ်က နှုတ်ခမ်းထောင့်စွန်းလေးများကိုကွေးကာဆိုသည်။

"မပြောပြဘူး"

ယဲ့ကျားသည် အန္တရာယ်ရှိဟန်ဖြင့်မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ကျီရွှမ်ကသူ၏နှုတ်ခမ်းများကိုလက်ညိုးထိုးပြသည်။

"ကိုကိုကျွန်တော့်ကိုဆုထပ်ပေးမယ်ဆိုရင်ပေါ့..."

ယဲ့ကျားနှုတ်ခမ်းထောင့်များတွန့်သွားသည်။

"ထားလိုက်တော့"

သူလှည့်ထွက်လာခဲ့လိုက်သည်။ ကျီရွှမ်က အမြန်ပင် သူ့အနောက်မှလိုက်လာပြီး ပီကေလိုတွယ်ကပ်နေသည်။

"ပြောရရင်...ကျွန်တော့်ကိုသာယုံကြည်ထားလိုက်စမ်းပါ"

သူသည်ဖွဖွလေးပြုံးပြီး တဖက်လူ၏နားအနီးသို့မှီလိုက်သည်: "ကိုယ့်ကိုတစ်ခါလောက်တော့ကြွားခွင့်ပေးပါလားကွာ"

ထိုလူ၏အသံခပ်နိမ့်နိမ့်သည် ညုတုတုဖြစ်နေသည့်တိုင် ယောက်ျားဆန်မှုရှိနေသေးသည်။ ယဲ့ကျားသွားနေရာမှရပ်သွားသည်။ သူသည်ပြန်လှည့်ပြီး သူ့ဘေးမှလူကိုမျက်လုံးမှေးကြည့်နေသည်။ စက္ကန့်အနည်းငယ်အကြာမှ သူတဖက်လူဆံပင်ကိုသပ်ပေးလိုက်၏။

"သွားမယ်"

ထိုလူက အနည်းငယ်အံ့ဩသွားသည်။ အဆိုပါ ရင်းနှီးသည့်အပြုအမူလေးက သူ၏အတွေးများကိုစက္ကန့်ပိုင်းမျှရပ်သွားစေသည်။

ယဲ့ကျားကပြောပြီးသည်နှင့် လမ်းကြားလေးထဲတွင်ပျောက်သွားပြီး ကျီရွှမ်ကိုတစ်ယောက်တည်းထားခဲ့သည်။

မကြာသေးခင်က တစ္ဆေပိုင်နက်ကိုဖွင့်ခဲ့သောကြောင့် လေထုထဲတွင်မတည်ငြိမ်သည့်အငွေ့အသက်အချို့ရှိနေသေးသည်။ သူက လေထဲ၌ ကျန်ရစ်နေခဲ့သောလူငယ်လေး၏အငွေ့အသက်ကို ဖမ်းဆုပ်နိုင်ရန်လက်ဆန့်ထုတ်သည်။ ကျီရွှမ်ကခေတ္တရပ်သွားသည်။ သူ့လက်ကိုဖြည်းဖြည်းချင်းပြန်ဆွဲယူပြီး ဖွဖွလေးနမ်းရှိုက်လိုက်သည်။

ရယူပိုင်ဆိုင်လိုစိတ်များက သူ၏မျက်လုံးအိမ်တွင်ဖျတ်ကနဲလက်သွားခဲ့သည်။ ကိုကိုကဒီလိုဆိုရင်...အနှီသူကိုလက်လွှတ်ပေးရန် သူ့အတွက်ခဲယဉ်းလွန်းသွားပေပြီ။

...

ယဲ့ကျား၏ပုံသဏ်ဏ္ဍာန်ကား မြို့ဆင်ခြေဖုံးတွင်ပေါ်လာသည်။ သစ်ပင်အရိပ်များကိုဖြတ်သန်းပြီး မျက်လုံးများကိုမှေးကာ အဝေးမှမြို့ကိုလှမ်းကြည့်လိုက်သည်။

မြို့ကိုအမြစ်ဖြတ်ပစ်ရမယ်.....

သူလက်ချောင်းတစ်ချောင်းကိုဖြည်းညှင်းစွာမြှောက်လိုက်၏။ သိပ်သည်းသောယင်စွမ်းအင်များသည် ခေါင်းထက်မှ မိုးပြာရောင်ကောင်းကင်ကိုတိုက်စားသွားပြီး အနက်ရောင်တိမ်စိုင်များက မြို့ကိုဦးတည်ထားလျက်ပြိုကျလာသည်။ မြို့နေပြည်သူများမှာ မူမမှန်သော ကောင်းကင်ကိုထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။ အလောတကြီးဖြစ်နေသောအသံတစ်သံကဆို၏။

"ဘာတွေဖြစ်နေတာလဲ"

"ဘာဖြစ်တာလဲ"

ဌာန၏ အချက်ပေးသံသည် တစ်မြို့လုံးကိုလွှမ်းခြုံထားပြီး အသေအချာလေ့ကျင့်ထားသော ဌာနဝန်ထမ်းများက အမြန်လှုပ်ရှားလိုက်ကြသည်။သူတို့သည်အပြင်လောကကိုထွက်နေသည့်အချိန်အတွင်း အမိန့်ကိုလည်းခဲရာခဲဆစ်နားထောင်နေရသည်။ သူတို့သည်မတိုင်ခင်က အတွေ့အကြုံကြောင့် ဆက်လက်ဖြစ်လာတော့မည့်အရာကိုကောင်းကောင်းသိနေကြသည်။

M မြို့သည် လုံးဝနီးပါးဖျက်ဆီးခံလိုက်ရပြီး ယခုမူ၎င်းက မကောင်းဆိုးဝါးများ၏ သားရဲတွင်းပမာဖြစ်သွားပြီး မည်သူမှဝင်ရောက်ရန်မဖြစ်နိုင်တော့ပေ။ သူတို့ ပြည်သူများကိုဘေးလွတ်ရာပြောင်းရွှေ့ပေးရန် အချိန်မမီလျှင် အဆိုပါကပ်ဆိုးကြီးအတွင်းသေဆုံးရလိမ့်မည်။

သို့ထိတိုင် ဤအချိန်တွင်.....သူတို့သတိပေးချက်မရခဲ့သလို တုံ့ပြန်ရန်အချိန်လည်းမရခဲ့ပေ!

ဌာနကအဖွဲ့တိုင်းသည် အခြေအနေကောင်းတွင်မရှိနေသည်ကိုသိကြသည်။ ဆက်သွယ်ရေးကိရိယာသည် တဂျစ်ဂျစ်အသံဖြင့် တဖက်မှအလျင်စလိုဖြစ်နေသံထွက်ပေါ်လာသည်: "မြို့စွန်ကို တိမ်မည်းတွေဖုံးသွားပြီ! ထွက်ဖို့မဖြစ်နိုင်တော့ဘူး! ဝင်သွားရင် ခြေရာခံစက်ကအသုံးဝင်မှာမဟုတ်တော့ဘူး...ဖျက်ဝင်ဖို့လည်းမဖြစ်နိုင်ဘူး"

"အပြင်ဘက်နဲ့ဆက်သွယ်လို့မရတော့ဘူး! ဆက်သွယ်ရေးတွေအကုန်ဖြတ်တောက်ခံလိုက်ရပြီ!"

သွားပြီ....

ဝူစူးသည် ဖြူဖျော့နေသည့်မျက်နှာဖြင့် ထိုင်ခုံကိုဘန်းကနဲမြည်အောင်ရိုက်လိုက်မိသည်။

ဒီတစ်ခါတော့...အကုန်သွားပြီ...

အချိန်ကား တရွေ့ရွေ့ကုန်သွားခဲ့ပြီ။ သို့သော် သူတို့ထင်မြင်ထားခဲ့သလို လူအစုလိုက်သေဆုံးမှုမဖြစ်ခဲ့ချေ။ ဝူစူးက သံသယများဖြင့်ခေါင်းထောင်ကြည့်လိုက်သည်။ ထိုအချိန်မှာပင် သူ့အနောက်မှ 'ကလစ်' ဟူသောအသံတိုးတိုးထွက်လာသည်။ ခေါင်းပေါ်မှမီးလုံးကပွင့်လာသည်။

ဟင်...နေပါအုံး....

သူချက်ချင်းနောက်လှည့်ကြည့်လိုက်သည်တွင် မီးဖွင့်ပြီးနောက်လက်ပြန်ရုတ်နေရင်းတန်းလန်းဖြစ်နေသော ဝန်ထမ်းကိုမြင်ရသည်။ ထိုဝန်ထမ်းသည်အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလာသည်။

"နေကွယ်သွားလို့...အခန်းကနည်းနည်းမှောင်နေတာနဲ့...."

ထူးဆန်းလိုက်တာ....မီးမပျက်သေးဘူးလား

ဝူစူးက ထိုင်ခုံကိုပစ်လှဲပြီး ပြတင်းပေါက်နားသွားကြည့်သည်။ အပြင်ဘက်မှအခြေအနေတိုင်းက ဝရုန်းသုန်းကားဖြစ်နေစေကာမူ ခက်ထန်သောအဆင့်တစ္ဆေများ၏မည်သည့်လက္ခဏာမှမရှိချေ။ လမ်းမီးများကပွင့်နေဆဲ။

"မြို့ထဲကအဖွဲ့ကိုဆက်သွယ်ပြီး အခြေအနေကိုမေးကြည့်"

မကြာခင် သူတို့သတင်းပြန်ကြားချက်ရလာကြသည်။

အပြင်ထွက်ရန်မဖြစ်နိုင်တော့စေကာမူ ရန်သူများနှင့်အသတ်ခံရသူများမရှိပေ။ မြို့ထဲမှဆက်သွယ်ရေးကိရိယာများကို ပုံမှန်အတိုင်းအသုံးပြုနိုင်သေးသည်။ ယခု ခေါင်းဆောင်ခမျာ စိတ်ရှုပ်ရချေပြီ။

ဘာတွေဖြစ်နေတာလဲ?

ဒီတစ်ခါလည်း တိမ်တွေကငါတို့ကိုချုပ်ထားဖို့ပဲလား...

အပြင်၌မူ နမိတ်မကောင်းလှသောနီရဲရဲအလင်းရောင်နှင့်ထိတ်လန့်ဖွယ်တိမ်မည်းများသည် တစ်မြို့လုံးကိုချောင်းကြည့်နေသည်။

လူအများ၏ အသည်းခိုက်ဖွယ်အော်ဟစ်သံသည် မြို့မှပင်ကြားရနိုင်ပြီးလူ့အတွင်းစိတ်ကို ကျောချမ်းဖွယ်ပုံစံဖြင့် တစ်မျိုးတမည်ညှင်းဆဲနေသည်။

မြို့ထဲမှ အိမ်လေးတစ်အိမ်တွင် လူငယ်လေးကလက်ဆန့်တန်းကာအသံချဲ့လိုက်သည်။ တီဗွီသည် အမျိုးသမီးလူစွမ်းကောင်းတစ်ယောက်၏အသည်းအသန်အော်ဟစ်နေပုံကို ထပ်တလဲလဲပြသနေသော်ငြား အသံကိုချိန်ညှိထားလေရာ အပြင်မှလာသည့်အသံဖြင့်ထပ်တူကျနေသည်။ လက်မည်းလေးသည်ထိုအခွင့်အရေးကိုအသုံးချကာ အပြင်ဘက်ကိုထွက်လာကာလေရှူနေသည်။

"....."

ဟေး...ဒါကဝတ်ကျေတမ်းကျေပဲချဉ်းကပ်တာမဟုတ်လား!

ယဲ့ကျားက လက်မည်းလေးကိုတစ်ချက်ကြည့်ပြီး ရီမုကိုလွှင့်ပစ်လိုက်၏။

"ကပ်သီးလေးပဲ"

လက်မည်းလေး: "ဟမ်?"

"သရဲကားနည်းနည်းထပ်ရှာကြည့်..ပြီးရင်တခါတည်းတန်းဖွင့်လိုက်...တီးလုံးနဲ့ဇာတ်ကွက်ပြောင်းသွားတဲ့နေရာရှိကိုရှိရမယ်...ဇာတ်လမ်းပိုပီပြင်အောင်လို့"

လက်မည်းလေးသည် ၎င်းလက်ထဲမှရီမုကိုငုံ့ကြည့်၏။

"......"

သေဟ...ငါထပ်ပြီးဈေးပေါတဲ့အသုံးအဆောင်ဖြစ်ပြန်ပြီလား

ဒါပေမဲ့...လူတွေကိုကယ်နိုင်ဖို့ပါပဲလေ....