Chapter 128
ကြမ်းပြင်ပေါ်မှလူသည် ဝူးဝူးဝါးဝါးငိုနေပြီး ဆန့်ကျင်နေပုံရသည်။ ယဲ့ကျားအမူအရာကမပြောင်းပေ။
အားမီကရယ်လေသည်။
"ရတယ်လေ"
၎င်းသည်ကိုင်းကျလာပြီး အနောက်ဘက်မှအရိပ်သည် ထိုလူကိုဝါးမြိုပစ်ရန်ပြန့်ကားလာသည်။
"ဒါဆိုငါအရင်သွားနှင့်ပြီနော်"
အားမီကလှည့်ပြီး ခြေလှမ်းဘယ်နှလှမ်းမှမရောက်သေးခင် တစ်ခုခုကိုရုတ်တရက်သတိရသွားပုံပင်။ သူယဲ့ကျားကိုပြန်လှည့်ကြည့်သည်။
"စကားမစပ် ကင်းဆီသတင်းပေးလိုက်စရာရှိသေးလား"
၎င်းကမတွေးဘဲပြောလိုက်ခြင်းဖြစ်သော်ငြား ကြားလိုက်ရသူမှာအတွေးများရသည်။ ဘလပ်စ်နှင့်ချန်းချင်းယဲ့တို့သည် သူတို့လမ်းတွင်ကြားခဲ့ရသမျှကိုချက်ချင်းအမှတ်ရလိုက်ကြပြီး ရခဲ့သည့်သတင်းကြောင့် တုန်တက်သွားကြသည်။ သူတို့၏ထိန်းချုပ်ထားရသောမျက်နှာများမှာ ထူးဆန်းသောအမူအရာများပေါ်လာသည်။ ယဲ့ကျားက အဆိုပါပြောင်းလဲမှုကိုသတိမထားမိပေ။ သူခေတ္တခန့်စဉ်းစားနေပြီးမှ ပြောလေသည်။
"သူ့ကိုအဲဒီမှာပဲနေဖို့ပြောလိုက်၊ အမေသံသယ မများရအောင် ငါ့ကိုလာမရှာနဲ့လို့"
ကျန်နှစ်ယောက်၏မျက်နှာအမူအရာများက ပို၍ပင် မယုံကြည်နိုင်သလိုဖြစ်လာသည်။
"အိုကေ"
အားမီကပျော်ပျော်ပင်တုံ့ပြန်ပြီး လေထဲတွင်သာပျောက်သွားခဲ့သည်။ယဲ့ကျားက ကျန်နှစ်ယောက်ကိုလှည့်ကြည့်သည်။
"မင်းတို့နှစ်ယောက်.."
သူသည် သူတို့၏ထူးဆန်းသောအမူအရာကြောင့် လန့်ဖျတ်သွားသည်။
"ဘာဖြစ်နေကြတာလဲ"
ဘလပ်စ်နှင့်ချန်းချင်းယဲ့: "ဘာ...ဘာမှမဖြစ်ပါဘူး"
ငါတို့ဒီကိုလာတဲ့လမ်းမှာ မင်းနဲ့တစ္ဆေဘုရင်တို့ကြားက ကြက်သီးထစရာအချစ်နဲ့အမုန်းဇာတ်လမ်းကိုကြားလာရလို့။ သောက်ရမ်း လေးစားဖို့ကောင်းတယ်။
ယဲ့ကျားက သူတို့နှစ်ယောက်ကိုသံသယဖြင့်ကြည့်နေပြီးနောက် ခေါင်းစဉ်ကိုကျော်သွားသည်။ သူ၏မျက်နှာထားလည်းပြောင်းသွားခဲ့သည်။
"အမေ့ကိုတားရမည့်နည်းလမ်းကိုငါသိတယ်"
ချန်းချင်းယဲ့နှင့်ဘလပ်စ်တို့သည် မယုံကြည်နိုင်သလိုမေးလာကြ၏။
"ဘာ?"
"တကယ်ပြောတာ"
ယဲ့ကျားမှတ်စုစာအုပ်နှင့် ဘေးပတ်လည်မှစာရွက်များကိုလက်ညိုးထိုးပြသည်။
"ငါဝှက်စာတွေအကုန်လုံးကိုဖော်လိုက်ပြီးပြီ"
"ဒီကိစ္စရဲ့အဖြေတွေအကုန်ရှိနေတာလား?!"
ဘလပ်၏မျက်လုံးအရောင်ကတောက်ပလာသည်။ သူသည် အနှီရလဒ်ကို ရရန် ရက်ပေါင်းများစွာလိုက်ရှာခဲ့ရစေကာမူ ၎င်းက မည်သူ မည်သည့်အချိန်တည်းကရေးထားခဲ့မှန်းမသိရသည့် မှတ်စုစာအုပ်တစ်အုပ်ဖြစ်နေခဲ့သည်။ သူမျှော်လင့်ချက် အလွန်အကျွံမထားရဲပေ။
"အင်း"
ယဲ့ကျားက သူ့ကိုလုံးဝသေချာနေသောအဖြေကိုပေးလာသည်။
ချန်းချင်းယဲ့: "နည်းလမ်းကဘာလဲ"
"အစစ်အမှန်ကမ်ဘာက အငြိုးတေးနဲ့တင်လုံလောက်တယ်ဆိုရင် အမေကအခြားတဖက်မှာပေါ်လာပါ့မလား"
ယဲ့ကျားက မှတ်စုစာအုပ်၏အဖုံးကိုညင်ညင်သာသာလေးပွတ်သပ်လိုက်၏။
"ဒါဆိုငါတို့လုပ်ရမှာက ဒီကိစ္စတစ်ခုလုံးကိုအမြစ်ကလှန်ပြီး တဖက်ကအစစ်အမှန်ကမ်ဘာထဲဝင်လာနိုင်မယ့် အခြေအနေမှန်သမျှကိုဖျက်ဆီးပစ်ရမွာ"
ဘလပ်စ် မျက်မှောင်ကြုတ်လိုက်သည်။
"အဲဒီအငြိုးတွေကို ငါ့မျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာ...."
အဆိုပါစေးကပ်ပြီး ညစ်ပတ်သောအရည်များသည် အငြိုးစွမ်းအင်များ၏အငွေ့အသက်များဖြင့်ပြည့်နှက်နေခဲ့သည်။ ၎င်းကလောကတစ်ခွင်ရှိ အရာအားလုံးနီးပါးကိုညစ်ညမ်းစေသည်။ ခက်ထန်သောအဆင့်တစ္ဆေများပင် အနားမကပ်နိုင်ချေ။ ၎င်းတို့ကိုထိလိုက်မိသည်နှင့် သူတို့၏စိတ်အစဉ်က ချက်ချင်း နောက်ကျိသွားရလိမ့်မည်။
"စိတ်မပူပါနဲ့"
ယဲ့ကျားကပေါ့ပေါ့ပါးပါး ပြုံးလာသည်။
"ငါ့မှာအငြိုးတွေကိုသန့်စင်ပေးနိုင်မယ့်နည်းလမ်းရှိတယ်"
ဘလပ်စ်နှင့်ချန်းချင်းယဲ့: "!!!"
"ဒါပေမဲ့"
ယဲ့ကျားအသံက တဒင်္ဂပြတ်တောက်သွားလေရာ သူတို့ပိုကာစိတ်လှုပ်ရှားလာကြ၏။
"ငါမင်းတို့အကူအညီကိုလိုတယ်"
"ရတယ်!"
ဘလပ်က စိတ်ချယုံကြည်ရသည့်အတိုင်း သူ၏ရင်ဘတ်ကိုပုတ်ပြသည်။
"ပြော...မင်းဘာလိုအပ်လဲ"
ယဲ့ကျားသည် အမှောင်ယံထဲတွင် မှေးမှိန်နေသောသူ၏သွေးနီရောင်မျက်လုံးအိမ်ကိုအသာအယာမှေးလိုက်သည်။
"ပိုသေချာအောင် ငါဌာနရဲ့အကူအညီကိုယူဖို့လိုတယ်"
သူသည်ခဏခန့်ရပ်လိုက်ပြီးမှ ဆက်ပြောလာ၏။
"မြန်လေကောင်းလေပဲ"
အမေ၏အစီအစဉ်မစတင်ခင် သူတို့လုပ်မှဖြစ်မည်။ ဘလပ်စ်နှင့်ချန်းချင်းယဲ့ထွက်သွားပြီးနောက် လက်မည်းလေးသည် တစ္ဆေပိုင်နက်ထဲသို့ပြန်ဝင်သွားကာ သရဲဇာတ်ကားထဲမှအဖြေရှာနိုင်ရန်နောက်တကြိမ်ပြန်ရစ်ကြည့်နေသည်။
အခန်းထဲ၌ ယဲ့ကျားတစ်ယောက်တည်းသာကျန်ရစ်ခဲ့သည်။
အပြင်ဘက်ကောင်းကင်ပြင်သည် ကောင်းကင်ကိုပိတ်ဆို့ထားသော တိမ်ထူထူများကြောင့် အုံ့မှိုင်းနေသည်။ လင်းလိုက်ပိတ်လိုက်ဖြင့် လမ်းမီးတိုင်များအောက်တွင် ရှင်းလင်းနေသောလမ်းကြားကို ဝိုးတဝါးမြင်နိုင်သည်။ ကောင်းကင်အရောင်ကိုကြည့်ကာ အချိန်ကိုပြောရန်မှာမဖြစ်နိုင်ချေ။ ယဲ့ကျားသည် ကောင်းကင်ကိုကြည့်နေရာမှ မျက်လုံးပြန်လွှဲလိုက်သည်။
စာရွက်အပုံသည် ပြတင်းပေါက်မှတိုးဝင်လာသောလေကြောင့် တနေရာစီရောက်သွားပြီး အချို့ကယဲ့ကျားခြေထောက်အနားတွင်ကျလာ၏။သူကရပ်လိုက်ပြီးနောက် ကိုယ်ကိုငုံ့ကိုင်းပြီး စာရွက်တစ်ရွက်ကိုကောက်လိုက်သည်။
စာရွက်ပေါ်မှ လက်ရေးကားဖတ်၍ပင်မရ။ သူမှလွဲကာမည်သူမှဖတ်နိုင်မည်မထင်ပေ။ ယဲ့ကျား စာရွက်ပေါ်မှရေးထားသည့်စာကိုအတိအကျသိသည်။ ၎င်းသည်အစစ်အမှန်ကမ္ဘာမှ အငြိုးအတေးအကြောင်း။
အစစ်အမှန်ကမ်ဘာတွင် အငြိုးအတေးပမာဏ အတိအကျရှိသည်။ မရှုမလှသေရလေ၊ အငြိုးစွမ်းအင်ကများလေပင်။ အနှီအငြိုးစွမ်းအင်သည်အချိန်ကြာလာသည်နှင့်အမျှပိုများပြားလာတတ်ခြင်းမရှိစေကာမူ ညီမျှတည်ငြိမ်မှုလည်းရှိသည်။ ခက်ထန်သောအဆင့်တစ္ဆေတစ်ကောင်သာအချိန်ကာလကို တွန်းလှန်ချင်ပါက အခြားဝိညာဉ်များကိုဝါးမြိုရန်လိုအပ်ပြီး ထိုအခါမှသာအငြိုးစွမ်းအင်များက သူ၏ကိုယ်တွင်းသို့ဝင်ရောက်လာမည်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်း၏အကြောင်းပြချက်ကလျော့ရဲလာကာ အသိစိတ်ပျောက်ဆုံးသွားသောမကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာမည်ဖြစ်ပြီး လူသားများကို အပြတ်ရှင်းထုတ်ရန် ပစ်မှတ်ထားလာလိမ့်မည်။
အငြိုးစွမ်းအင်သည် ၎င်းတို့သေဆုံးသွားသည်နှင့်အတူတကွ ပျောက်ကွယ်ပြီးဆုံးသွားမည်။ ၎င်းတို့အသတ်ခံလိုက်ရချိန်တွင် ထွက်လာသောအငြိုးစွမ်းအင်ပမာဏသည် သာမန်ဝိညာဉ်ဖျက်ဆီးခံလိုက်ရချိန်တွင် ထွက်လာသောပမာဏနှင့်အတူတူပင်။ သို့ဖြစ်၍ တစ္ဆေများတစ်ကောင်နှင့်တစ်ကောင်ကိုက်ခဲနေခြင်းက ကမ်ဘာထဲမှအငြိုးစွမ်းအင်များကိုထိန်းချုပ်ရန်သာဖြစ်သည်။ ပြီးနောက် ဌာနခွဲ၏ပါဝင်ပတ်သတ်မှုမှာလည်း ဤသံသရာတွင်အပြီးတိုင်ပြိုကွဲသွားမည်။
အငြိုးအတေးစွမ်းအင်သည် အတုအယောင်ထုတ်လွှတ်ခြင်းမျိုးမဟုတ်။ ပိုအရေးကြီးသည်မှာ အငြိုးအတေးမရှိသောဝိညာဉ်တစ်ခုကို ခက်ထန်သောအဆင့်တစ္ဆေက စား၍မရေပ၊ ထို့ကြောင့် ၎င်းကမြေကြီးထဲတွင်နစ်မြုပ်နေပြီး ဆက်လက်ကြီးထွားနေရင်း ပေါက်ဖွားရာနေရာဖြစ်လာမည်။ ဆိုရလျှင် ယဲ့ကျားကအခုလေးတင်လိမ်ပြောခဲ့ခြင်းဖြစ်၏။ သူ၏နည်းလမ်းက အငြိုးအတေးများကိုသန့်စင်ပေးခြင်းမျိုးမဟုတ်။ ထိုအစား သွေးကြောအသစ်ကိုရှာတွေ့ပြီး သဘာဝစက်ဝန်းထဲသို့ပြန်လည်ဝင်ရောက်စေခြင်းသာ။
ယဲ့ကျားကလက်မြှောက်လိုက်သည့်အခါ သူ၏လက်ချောင်းထိပ်ဖျားက ဓားသွားတစ်ချောင်းထွက်လာသလို အေးစက်စက်အလင်းရောင်တောက်ပလာသည်။ သူသည် ၎င်း၏မျက်နှာပြင်ပေါ်တွင် သူ၏သွေးနီရောင်မျက်ဝန်းတစ်စုံ၏ပုံရိပ်ကို မြင်နိုင်သည်။ အဆိုပါမျက်လုံးများက သူ၏စိတ်ကိုပြင်ဆင်ထားပြီးသလို တည်ငြိမ်နေ၏။
သူကသွေးကြောဖြစ်လာရမည်။
ယဲ့ကျားက၎င်းကို ရေခဲတမျှအေးစက်လွန်းသည့် သူ၏ရင်ဘတ်တွင်ထားလိုက်သည်။ အသံကင်းမဲ့သောရင်ဘတ်အောက်တွင် အေမ၏အသားလုံးမှ အဆက်မပြတ်ထုတ်လွှတ်နေသောစွမ်းအင်များကိုခံစားနေရသည်။ သူသည် ခက်ထန်သောအဆင့်တစ္ဆေအဖြစ်သို့ပြောင်းလဲခံထားရသည်မှာ ယာယီမျှသာဖြစ်သည်။ ၎င်းအသားလုံးသည် ကျီရွှမ်၏ယင်စွမ်းအင်များနှင့်အပြည့်အဝဖုံးထားပြီး ပြောင်းလဲသည့်ဖြစ်စဉ်ကတဖန်ပြန်လည်မည်ကိုလည်းအာမခံနိုင်သည်။ သို့ဖြစ်ရာ အဆိုပါအသားလုံးကိုဆွဲထုတ်လိုက်သည်နှင့် သူသည်ဦးနှောက်ကိုဖြစ်စေ၊ နှလုံးကိုဖြစ်စေ ကျည်တစ်တောင့်ဝင်သွားသည်နှင့် အလွယ်တကူသေသွားမည့် အားအင်ချိနဲ့သောလူသားအသွင်အဖြစ်သို့ပြန်ပြောင်းသွားလိမ့်မည်။ ထို့နောက် သူ၏စွမ်းရည်က ကြီးထွားလာရန်ပင်။
ထို့ကြောင့် သူသွေးကြောဖြစ်လာလျှင်ပင် ချက်ချင်းမသေနိုင်ပေ။ သူကလွဲ၍ မည်သူမှ ဤနေရာနှင့်မသင့်တော်ချေ။ ထို့အပြင် ကျီရွှမ်ကလည်း သူ၏အစီအစဉ်ကို ဘယ်သောအခါမှသိရမည်မဟုတ်။ ထိုသူကသူနှင့်ဝေးရာတွင်ရှိနေရမည်ဖြစ်ကာ ပါဝင်ပတ်သက်ခွင့်လည်းမရှိပေ။ ယဲ့ကျားသည် တဖက်လူကသူ၏အစီအစဉ်ကိုဝင်နှောင့်ယှက်မည့်အရေးအား မစိုးရိမ်ချေ။ သည့်အပြင် နောက်တချက်လည်းရှိသေးသည်....
၎င်းက သူဝန်မခံချင်၍ အတွင်းကျကျဖုံးကွယ်ထားသောအကြောင်းပြချက်တစ်ခု။
ယဲ့ကျားက ပြတင်း အပြင်ဘက်သို့ လှမ်းကြည့်မိပြန်သည်။ ကောင်းကင်ပြင်သည် အလင်းရောင်စိုးစဉ်းမှရှိမနေ။ မိုးတိမ်မည်းများက သူ၏မျက်လုံးအတွင်းတွင်ရောင်ပြန်ဟပ်နေသည်။ သူ၏မျက်နှာထက်တွင် အမူအရာ မည်မည်ရရမရှိစေကာမူ သူ့ပုံစံကအနည်းငယ်ဝမ်းနည်းနေပုံရသည်....သည့်အပြင် သူအနည်းငယ်မှိုင်တွေနေသည့်ခံစားချက်မျိုးလည်းရှိနေသည်။ ကံကောင်းထောက်မ၍ သူအရိပ်မည်းတစ္ဆေကို သတင်းပို့ခိုင်းလိုက်ပြီ။ ယဲ့ကျားက မျက်လွှာချပြီး စိတ်အေးသွားသယောင်သက်ပြင်းချလိုက်သည်...အနည်းဆုံး ကျီရွှမ်ကသူ့စကားကို ကောင်းကောင်းနားထောင်သည်ပင်။ သူမလာနိုင်ဘဲ အချိန်မရွေး သူ့အစီအစဉ်ကိုဖျက်ဆီးခြင်းမျိုးလည်းမလုပ်နိုင်တော့ပေ။
"ဘာလို့သက်ပြင်းတွေချနေတာလဲ"
တိုးလျပြီး သံလိုက်ပမာညို့ငင်နိုင်သောယောက်ျားတစ်ယောက်အသံက သူ၏အနောက်နားမှထွက်လာသည်။ ထိုအသံကို အင်မတန်မှရင်းနှီးလွန်းလှသည်။ ရင်းနှီးလွန်း၍ သူ့ကိုယ်သူထင်ယောင်ထင်မှားဖြစ်နေသည်ဟူ၍ပင် ထင်မိသေးသည်။ ယဲ့ကျားက ကြက်သေသေသွားပြီးနောက် အံ့ဩတကြီး အနောက်လှည့်ကြည့်လိုက်သည်။
သူသည် ဤနေရာတွင်ရှိမနေသင့်သူကို တံခါးနားတွင်တွေ့လိုက်ရပြီးသူ၏စိတ်ထဲမှခုန်ထွက်လာသယောင်ပင်။
ယဲ့ကျာ: "......"
ကျီရွှမ်က ရှေ့တိုးလာသည်။ သူ၏အရပ်မြင့်မြင့်နှင့်တည်ရှိမှုသည် မော်ကြည့်ရန်မဖြစ်နိုင်လောက်အောင် အရှိန်အဝါရှိသည်။ သူစိတ်ကူးယဉ်နေခြင်းမဟုတ်။ ကျီရွှမ်သည် လူငယ်လေးကို ပဟေဠိမျက်လုံးများဖြင့်အဝေးမှကြည့်နေသည်၊ သူ၏နီရဲရဲမျက်ဝန်းများက အရှင်းသားမြင်နေရသော လူငယ်လေး၏အံ့အားသင့်နေသည့်အရိပ်များ ထင်ဟပ်နေသည်:
"ဘာဖြစ်လို့လဲ၊ ကိုယ့်ကိုတွေ့တာနဲ့ ဒီလိုမျိုးအံ့ဩသွားတာလား"
ယဲ့ကျား: "......"
မင်းဘယ်လိုထင်လဲ??
သူသည်တဖက်လူကို အမူအရာမဲ့ စွာကြည့်သည်၊ သူ့ဘဝသူမယုံသင်္ကာဖြစ်နေသယောင်။
ဒီလူမှာ ထူးထူးခြားခြားစွမ်းရည်တွေမရှိပါဘူးနော်... ဟုတ်တယ်မလား..?
.....သောက်ရမ်းကြောက်စရာကောင်းတယ်!
......
ယဲ့ကျားက အမူအရာမဲ့စွာ ရှိနေသည်။
“မင်းဒီမှာ ဘာလုပ်နေတာလဲ …”
အလိုမကျသော အကြည့်ဖြင့် ကျီရွှမ်က ရှေ့သို့တိုးလာ၏။
“ဘာလို့လဲ … ကောကော … ကျွန်တော့်ကို မမြင်ချင်ဘူးလား … ”
သူက အလွန်ကပ်လာသဖြင့် ယဲ့ကျားသည် တစ်ဖက်လူ၏ ပုခုံးကို ဖိချလိုက်သည်။
“ဟေး … အရမ်းကပ်မလာနဲ့ ...”
ကျီရွှမ်က သူ၏ အပြုအမူများနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ သူက ထိုအခွင့်အရေးကို အမိအရဖမ်းဆုပ်ရင်း လူငယ်လေး၏ အေးစက်စက် လက်ကောက်ဝတ်ကို ဆွဲယူ၍ သူနှင့်နီးကပ်စေလိုက်သည်။
“နေစမ်းပါဦး …” ယဲ့ကျား ရုန်းလိုက်မိသည်။
“မင်း အားမီနဲ့ မတွေ့ရသေးဘူးလား …”
“မတွေ့ရသေးဘူး …”
ကျီရွှမ်က တစ်ဖက်လူ၏ခါးကို သူ့လက်မောင်းများဖြင့် ရစ်ပတ်လိုက်ရင်း ပုခုံးပေါ်သို့ မေးတင်လိုက်သည်။
“အဲဒီ့အရိပ်တစ္ဆေ ထွက်သွားကတည်းက ကျွန်တော် ကောဆီ လိုက်လာခဲ့တာ …”
ယဲ့ကျား : “…”
သူက အသက်ပြင်းပြင်းရှူကာ မေးလိုက်သည်။ “ဒါဖြင့် မင်းဘာလို့ အားမီကတစ်ဆင့် ပြောခိုင်းနေသေးလဲ …”
ဘယ်လိုတောင် အနှောင့်အယှက်ပေးတဲ့ အပြုအမူတွေလဲ …
ကျီရွှမ်က တစ်ဖက်လူအား ပီကေကဲ့သို့ ကပ်တွယ်နေဆဲပင်။ သူက ဗလုံးဗထွေး ပြန်ဖြေလာသည်။
“ကျွန်တော် အဲဒီ့လို အမိန့်ပေးပြီးပြီးချင်း နောင်တရခဲ့တယ် …”
သူက ယဲ့ကျား၏ လည်တိုင်ကို တိုးဝှေ့ရင်း တစ်ဖျက်လူ၏ ရနံ့ဖျော့ဖျော့ကို ရှူရှိုက်လိုက်သည်။
“ကျွန်တော် ကောကောနဲ့ မခွဲချင်ဘူး ...”
ကောနဲ့ ခွဲရကတည်းက သူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေအားလုံး အော်နေခဲ့တာ … ကောကို တွေ့ချင်တယ်လို့ … ယဲ့ကျား မျက်လုံးများ ဝိုင်းစက်သွားသည်။ ထို့နောက် သူက အကြည့်လွှဲလိုက်ရင်း တည်ငြိမ်စွာ ဖြေလိုက်၏။
“မိခင် သံသယဝင်သွားလိမ့်မယ် …” သူမ၏ မူလရည်ရွယ်ချက်သည် သူတို့အား ခွဲထားရန် ဖြစ်ရာ သူမက လုပ်နိုင်သမျှ အားလုံး လုပ်ပေလိမ့်မည်။
“ကျွန်တော် ဒီမြို့ကို သူ မမြင်ရအောင် ဖွက်ထားတယ် … ဒါပေမယ့် အကယ်၍ ကောက …”
“မိခင် သတိမပြုမိခင် ပြန်သွားပါ …”
ကျီရွှမ်က အံတင်းတင်းကြိတ်လိုက်သည်။ “ကျွန်တော် ကောကို ကြာကြာလေး ဖက်ထားပါရစေဦး …”
ယဲ့ကျား : “ မရဘူး …”
ရုတ်တရက် သူ့ခါးပေါ်ရှိ ပွေ့ဖက်မှုသည် ကျုံ့ဝင်သွားကြောင်း ခံစားမိလိုက်သည်။ ယဲ့ကျား အောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင် တစ်ဖက်လူသည် ၁၁ နှစ် ၁၂ နှစ်အရွယ်ရှိသည့် ကလေးတစ်ဦးအဖြစ် အသွင်ပြောင်းသွားကြောင်း တွေ့လိုက်ရ၏။ သူက ယဲ့ကျားအား ခြေရောလက်ရောဖြင့် ခွထားလေသည်။
“ခဏလေးပါဆို …”
ယဲ့ကျား ပြောစရာ စကားမရှိ ဖြစ်သွားသည်။ သူ့အကြည့်က အခန်းတွင်းရှိ ဆိုဖာပေါ်သို့ ကျရောက်သွား၏။ သူခုနက ကိုင်ကြည့်ခဲ့သည့် စာရွက်သည် ထိုနေရာ၌ အရာမယွင်းပဲ ရှိနေဆဲဖြစ်သည်။ စာရွက်ပေါ်ရှိ လက်ရေးရှုပ်ရှုပ်က မှိန်ဖျော့နေသော အခန်းထဲတွင် မပြတ်မသား ဖြစ်နေသည်။ ယဲ့ကျား မျက်လုံးများက အနည်းငယ် မှောင်မဲသွား၏။ သူက လက်ကိုမြှောက်ကာ ကျီရွှမ်အား ပွေ့ဖက်လိုက်ရင်း လက်ရေးများဖြင့် ပြည့်နှက်နေသည့် စာရွက်အား ကျွမ်းကျင်စွာ ကာဆီးလိုက်၏။
“…..ခဏပဲနော် ...”
ကျီရွှမ်က ယဲ့ကျား လက်မောင်းကြားထဲမှ မော့ကြည့်လိုက်သည်။ သူ၏ ကြက်သွေးရောင် မျက်ဝန်းများက အမှောင်ထဲတွင် တောက်ပနေသည့် သွေးတစ်စက်နှယ် တောက်ပနေသည်။ :
“ဒီတစ်ခါရော ဆုချမှာလား … ”
ယဲ့ကျား ရပ်တန့်သွားသည်။ သူက ခေါင်းကို အနည်းငယ်ငုံ့ရင်း တစ်ဖက်လူ၏ နဖူးကို နမ်းလိုက်၏။
“လုံလောက်ပြီလား .. ”
ကျီရွှမ် “နောက်ဆုံး တစ်ခါကနဲ့ မတူဘူးလေ ....”
ယဲ့ကျား “………”
မင်း နည်းနည်းလွန်လာပြီနော် …
သူ့နှုတ်ခမ်းထောင့်များ တောင့်တင်းသွားသည်။ သူက လက်ချောင်းကို ကွေးညွှတ်ရင်း တစ်ဖက်လူ၏ နဖူးအား အားအနည်းငယ်သုံး၍ တောက်လိုက်သည်။:
“အချိန်ပြည့်ပြီ … ငါပြောင်းရတော့မယ် … လွှတ်တော့ ...”
မျှော်လင့်ထားသည့် အတိုင်းပင် ကျီရွှမ်သည် သူ့အတွက် အကျိုးရှိသည် အမိန့်များကိုသာ နာခံလေ့ရှိသည်။ ထိုသို့ဖြင့် ယဲ့ကျားသည် သူ့အပေါ်တွင်နေရင်း ရုတ်တရက်ကြီးလာသည့် ကျီရွှမ်အား အတင်းကော်ထုတ်ရတော့သည်။ သူ့ဆံပင်များရှုပ်ပွသွားသည်အထိ စိတ်မရှည်စွာဖြင့် ကျီရွှမ်အား တွန်းထုတ်လိုက်ရ၏။
“ပြန်သွားတော့ … ”
“ခဏလေးပါ …..”
ကျီရွှမ်က တံခါးဘောင်ကိုမှီရင်း တစ်ဖက်လူအား ပါပီမျက်လုံးကလေးများဖြင့် ကြည့်လာသည်။
“ကောကော …...”
ယဲ့ကျား သက်ပြင်းချလိုက်သည်။
“အားလုံးပြီးသွားရင် အချိန်တွေအများကြီးရှိလာမှာပဲလေ … ”
ကျီရွှမ် မျက်လွှာချလိုက်သည်။ မူလရှိနေခဲ့သော ကျီစားသည့် အကြည့်နေရာတွင် လေးနက်မှုများ အစားဝင်ရောက်လာ၏။
“ကတိပေးလား … ”
ယဲ့ကျား “…..ဟင် ဘာလဲ … ”
အမျိုးသား၏ မြင့်မားသော ပုံရိပ်သည် အခန်းတွင်းရှိ အလင်းရောင် မှိန်မှိန်ကိုပင် ကွယ်သွားစေသည်။ ယဲ့ကျားက ကျီရွှမ့်မျက်ဝန်းအတွင်းမှ အပူချိန်ကို ခံစားမိနေသည်။ သူက ခံစားချက်အားလုံးကို သွန်ချလိုက်သကဲ့သို့ ယဲ့ကျားကိုပါ လောင်ကျွမ်းစေလျှက်ရှိ၏။ သူ့အသံက တိုးလျပြီးညှင်သာလှသည်။ ချစ်သူတစ်ဦးက တီးတိုးပြောနေသကဲ့သိုပင်။
“အားလုံး ပြီးသွားရင် … ”
ယဲ့ကျားက အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။ လူငယ်လေးက ရုပ်တုတစ်ခုကဲ့သို့ ရပ်နေပြီး လှုပ်ရှားခြင်းမရှိသလို အသက်ရှူခြင်းလည်း မရှိချေ။
အချိန်အတန်ကြာပြီးနောက် “…...ကောင်းပြီ .”
သူက သဘောတူလိုက်သည်။