အပိုင်း ၁၂၉
Viewers 10k

Chapter 129



အဆုံးသတ်တွင် ဆုကြီးကြီး ချပြီးသည့်နောက် တစ်ဖက်လူအား အောင်အောင်မြင်မြင် နှင်ထုတ်နိုင်သွားသည်။ ယဲ့ကျားက သူ့နှုတ်ခမ်းထောင့်ကို ထိကြည့်လိုက်သည့်အခါ သွေးစို့နေကြောင်း တွေ့လိုက်ရသည်။ သူက အနာအား လက်ဖြင့် ပွတ်သပ်လိုက်ပြီး ပျောက်ကွယ်သွားစေသည်။ တစ်ဖက်လူ၏ နည်းပညာသည် တိုးတက်လာခြင်း မရှိသေးချေ။ အဆိုပါ သွားစွယ်များဖြင့် သူ့နှုတ်ခမ်းကို ကိုက်ရင်း သွေးကို အရသာခံနေဆဲဖြစ်သည်။

သူက ခွေးလား …

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူ၏ စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲတွင် ကျန်ရှိဆဲ ဖြစ်သောကြောင့်ထင့်၊ ထူးဆန်းသော ခံစားချက်က ရင်ဘတ်ရှိ ဒဏ်ရာမှ ပျံ့နှံ့လာသည်။ ယဲ့ကျား အတွေးထဲ နစ်သွား၏။ သူက တစ္ဆေများ သိမ်းယူသည့် တိုက်ပွဲဖြစ်သောနေ့ကို အမှတ်ရသွားသည်။ တစ်ဖက်လူက သူ၏ ရှပ်အင်္ကျီကြယ်သီးကို ဖြုတ်ကာ သေစေနိုင်သည့် ဒဏ်ရာအား စစ်ဆေးပေးခဲ့သည်။ ထိုအချိန်က သူ့ဒဏ်ရာ၏ အနာရွတ်မှာ ထင်ရှားလှ၏။ ယခုမူ …

ယဲ့ကျားက တစ်ဖက်လူ၏လက် သူ့ရင်ဘတ်အား ထိုးဖောက်သွားစဉ်က နာကျင်မှုကို မခံစားရပဲ အေးစက်စက်သာ ဖြစ်နေခဲ့သည်ကို ပြန်လည် အမှတ်ရသွား၏။ အေးစက်စက်လေများ ပြင်းထန်စွာ တိုက်ခတ်လာသည့် ခံစားချက်မျိုး ဖြစ်သည်။ သူ၏ အာရုံကြောများအားလုံး တစ်ဖက်လူ၏ လက်ချောင်းများ ရွေ့လျားသွားသည်ကို ထင်ရှားစွာ ခံစားနိုင်ခဲ့၏။ ထို့နောက် တစ္ဆေအဖြစ် ပြောင်းလဲသော ဖြစ်စဉ်၏ နာကျင်မှုကို သူခံစားခဲ့ရသည်။ ယဲ့ကျားက မသိလိုက်ပဲ ရင်ဘတ်ကို စမ်းလိုက်မိသည်။

သူက ရယ်မောလိုက်သော်လည်း ပျော်ရွှင်မှု စိုးစဉ်းမျှ ပါရှိမနေချေ။ သူက မှတ်စုစာအုပ်ကို သိမ်းလိုက်ပြီး စာရွက်အပိုင်းအစများကို ကောက်ယူလိုက်၏။ ထို့နောက် ၎င်းတို့အားလုံး ပြာဖြစ်သွားသည်အထိ လောင်ကျွမ်းနေသည်ကို စောင့်ကြည့်နေခဲ့သည်။ ထိုစဉ် သူ့ဖုန်းမြည်သံ ထွက်ပေါ်လာခဲ့သည်။ ယဲ့ကျား ဖုန်းဖြေလိုက်သည့်အခါ ဘလပ်စ်၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရ၏။

“ဗြူရိုနဲ့ပတ်သတ်တာအားလုံး စီစဉ်ပြီးပြီ ...”
အရမ်းကောင်းတယ် … သူ့အစီအစဉ် အတိုင်းဆက်လုပ်လို့ရပြီ …

ယဲ့ကျား လှည့်ထွက်လိုက်သည်။ သူက မည်သည့်အခါကမှ ဤနေရာတွင် မရှိခဲ့ဖူးသလို အခန်းတွင်းမှ လျှင်မြန်စွာ ပျောက်သွား၏။

....

“ပထမဆုံး ငါတို့တွေ မိခင် M မြို့ကို ပြန်မသွားနိုင်အောင်လို့ သေချာလုပ်ရမယ် …”

“ငါ့ရဲ့ တစ္ဆေပိုင်နက်ကိုသုံးပြီး မိခင် တံခါးဖွင့်မယ့်နေရာကို မင်းသွားနိုင်အောင် ပို့ပေးမယ် …”

ယဲ့ကျားက မြေပုံကိုညွှန်ပြရင်း ပြောလိုက်သည်။

“ဝိဉာဉ် နှစ်သောင်းက ဒီနေရာကို ပို့မှာ … ကျီရွှမ်ရဲ့ နောက်လိုက်တွေက ဒါကို အတည်ပြုပြီးပြီ … ”

“မြို့တော်က သိမ်းထားတဲ့ ပစ္စည်းတွေိကိုသုံးပြီး တတ်နိုင်သလောက် ထိန်းထားပါ … ”

လူငယ်လေး၏ ဖြူဖျော့သော လက်ချောင်းက ဘယ်လောက်မှ မဝေးသည့်နေရာသို့ ရွေ့လျားသွားသည်။ ၎င်းမှာ M မြို့ဖြစ်၏။.

“ငါ ဒီမှာရှိနေမယ် ... ”

M မြို့တွင် တံခါးစတင်ပွင့်လာကတည်းက ဤနှစ်ပိုင်းအတွင်း သဘာဝအရသော်လည်းကောင်း၊ လူသားများကြောင့်သော်လည်းကောင်း ဖြစ်ပွားခဲ့သည့် အငြိုးတရားများသည် ထိုနေရာသို့သာ ဦးတည်သွားခဲ့သည်။ ယင်စွမ်းအင်နှင့် အငြိုးတရားများအားလုံး စုစည်းသွားခဲ့၏။ ထို့ကြောင့် မိခင်သည် M မြို့ကို တူးဆွနေခြင်းဖြစ်သည်။ ဒုတိယတံခါးက ပထမတံခါး ဖွင့်ခဲ့သည့်နေရာတွင် ဖွင့်၍မရသဖြင့် မိခင်အတွက် ရွေးချယ်စရာမရှိပဲ အဆိုပါအငြိုးတရားများကို ဒုတိယတံခါး ဖွင့်မည့်နေရာသို့ ဦးတည်လိုက်ရခြင်း ဖြစ်၏။ ယဲ့ကျားက အချိန်ကွာခြားချက်ကို အသုံးချ၍ အဆိုပါစွမ်းအင်များ M မြို့မှမထွက်ခွာခင် သန့်စင်လိုခြင်းဖြစ်သည်။

“ဒါက အရမ်းကို ရိုးရှင်းပါတယ် … ဟုတ်တယ်မလား …” ယဲ့ကျားက လက်ပြန်ရုတ်လိုက်ချိန်တွင် ဝူစူး၏ မျက်ရည်ဝိုင်းနေသည့် မျက်လုံးကြီးများနှင့် ရင်ဆိုင်လိုက်ရသည်။

“အကိုကြီးယဲ့ …” ယဲ့ကျား “ …” ဝူစူးအလွန်ထိရှသွားသဖြင့် ကလေးမလေးတစ်ဦးကဲ့သို့ ငိုယိုနေ၏။

“ဒီ … ဒီတော့ ခင်ဗျား ကျွန်တော်တို့ကို ထားမသွားဘူးပေါ့နော် … ဝါး … ကျွန်တော့်ကို သေအောင်ခြောက်နေတာပဲ …”

ယဲ့ကျား : “ …”

သူက အခြားလူများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“အားလုံး နားလည်ကြလား …”

ဝူစူး : “… ကျွန်တော့်ကို ဘာလို့ မသိချင်ယောင် ဆောင်လိုက်တာလဲ …”

ချန်ချင်းယဲ့က မျက်မှန်ပင့်တင်လိုက်သည်။ “ငါတော့ကန်းတော့မှာပဲ …”

ဘလပ်စ်က သဘောတူဟန်ဖြင့် ခေါင်းညှိတ်လိုက်သည်။

ဝူစူး : “…” သူ့ရဲ့ နုနယ်တဲ့နှလုံးသားလေး နာကျင်သွားပါပြီ …

“ပြီးတော့ရော …” ဘလပ်စ်က မေးလိုက်၏။

“မင်း အငြိုးတရားတွေကို သန့်စင်ပြီးရင် ငါတို့ဘာလုပ်ရမလဲ …”

ယဲ့ကျား “ကမ္ဘာပေါ်က အငြိုးတရားတွေနည်းသွားရင် မိခင်လည်း လက်တွေ့လောကက ဖယ်ရှားခံရလိမ့်မယ် … ဂိမ်းနဲ့ ကမ္ဘာအစစ်ကို ဆက်သွယ်ထားတဲ့ တံခါးကတော့ ရှိနေဦးမှာပဲ … ဒါပေမယ့် မိခင်မရှိတော့ရင် လူသားနဲ့ တစ္ဆေတွေရဲ့ မျှချေက အရင်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ် … ဒါ့ကြောင့် အရင်ဆုံးလုပ်ဖို့လိုအပ်တာက အပြစ်ကင်းတဲ့လူတွေရဲ့ ဝိဉာဉ်တွေကို သုတ်သင်ဖို့လုပ်နေတဲ့ ဉပဒေကို ဖယ်ရှားပစ်တာပဲ …”

“ခဏလေး …”

ဘလပ်စ်က မျက်မှောင်ကြုတ်ရင်း ကြားဖြတ်ပြောလိုက်သည်။ “ငါမေးချင်တာက သန့်စင်မှု ပြီးသွားရင် မင်းကို M မြို့ကနေ လာခေါ်ပေးရမလား …” သူက ခေါင်းကုတ်ရင်း ရယ်လိုက်သည်။

“ မင်းငါတို့နဲ့ ရှိနေတာ ပိုအဆင်ပြေမလားလို့ … နောက်ထပ်လုပ်ရမယ့်ကိစ္စကိုလည်း ပြောလို့ရတယ်လေ …”

ယဲ့ကျားက ခဏရပ်ကာစဉ်းစားပြီးနောက် ပြုံးလိုက်သည်။ “မင်းပြောတာ မှန်တယ် …” 

သူက မြေပုံကို လိပ်လိုက်၏။ “မင်းငါ့ကို လာခေါ်ဖို့မလိုဘူး … ငါကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ် … မင်းတို့အားလုံး တစ္ဆေနဲ့မကောင်းဆိုးဝါးတွေ ပြည့်နေတဲ့ နေရာကို ဝင်ရမှာ … ဒီတော့ အားလုံး ဂရုစိုက်ကြပါ …”

.......

သွေးရေကန်ထဲတွင် ခြေပြတ်လက်ပြတ်များ ပေါလောမျောနေသည်။ သွေးပုပ်နံ့က ပြင်းထန်စွာ ထွက်ပေါ်နေ၏။ အပေါ်ဘက်ရှိ တိမ်များက ထူထပ်ပြီး လေးလံလှကာ မည်သည့်အလင်းမှ တိုးမပေါက်နိုင်အောင် တားဆီးထားလျှက်ရှိသည်။ အနီးတစ်ဝိုက်တွင် စောင့်ကြပ်နေသော အငြိုးကြီးတစ္ဆေများက တစ်ဦးနှင့်တစ်ဦး တီးတိုးဆိုနေကြ၏။ “အားလုံး အဆင်သင့်ပဲလား …”

“ဒါပေါ့ …”

“မိခင်က မကြာခင် တံခါးဖွင့်တော့မှာ မဟုတ်လား … ”

“ဟုတ်တယ် … မနက်ဖြန်ပဲ…..”

ထိုအငြိုးကြီးတစ္ဆေ၏ စကားမဆုံးသေးခင် အခြားတစ္ဆေများ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သွေးနှင့်အသားစများက နေရာအနှံ့ ပြန့်ကျဲသွားကာ မှုန်မှိုင်းသော နေရာတစ်ခုလုံး သွေးများဖြင့် ပြည့်နှက်သွားစေ၏။ တစ္ဆေများ ထိတ်လန့်သွားကြသည်။

“ဘာ … ဘာဖြစ်နေတာလဲ …” စူးရှသော အော်သံတစ်ခုက မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။

“အား …”

“ဒီမှာ ဘယ်လိုလုပ်ပြီး ကျူးကျော်သူတွေရှိနေတာလဲ …”

ဒီလိုအရေးကြီးတဲ့နေရာကို တင်းတင်းကျပ်ကျပ် ကာကွယ်ထားတာပဲလေ …

“မြန်မြန် … မိခင်ကို သတင်းပို့ …” တစ္ဆေတစ်ကောင်က စူးရှစွာအော်လိုက်သည်။

ဂျယ်လီနှင့်တူသည့် အငြိုးကြီးတစ္ဆေသည် တုန်ရီနေ၏။ ၎င်း၏ အမူအရာက ကြောက်လန့်နေပုံရသည်။

“ဟ … ဟုတ် …” 

အလှမ်းမကမ်းတွင် ဘလက်စ်၏ လက်ထဲ၌ အနီးတစ်ဝိုက်ရှိ တစ္ဆေအားလုံးကို လောင်ကျွမ်းပစ်နိုင်ပုံရသည့် မီးဘောလုံးကြီးရှိနေသည်။ သူ့ဘေးတွင် အားချန်က အငြိုးကြီးတစ္ဆေတစ်ကောင်အား နှစ်ပိုင်းပိုင်းလိုက်သည်.

“ဟား ဟား ဟား …” ဘလပ်စ်က ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ငါဒီလောက်မပျော်ရတာတောင် ကြာပြီ …”

“တိုးတိုးရယ်စမ်းပါ …” ချန်ချင်းယဲ့က သူ့ကို တစ်ချက်ကြည့်လိုက်၏။

“နောက်ကို သတိထား …”

ကျည်ဆန်များ ပျံသန်းသွားကာ ဘလက်စ်နားသို့ ရောက်ကာနီးနေပြီဖြစ်သည့် အငြိုးကြီးတစ္ဆေအား ဖောက်ဝင်သွား၏။ သွေးနှင့် ဦးနှောက်အပိုင်းအစများက လေထဲတွင် ပေါက်ကွဲသွားသည်။

“ဝိုး …” ဝူစူးက လက်ထဲရှိ သေနတ်အသစ်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ဂိမ်းထဲက ပစ္စည်းဆိုတဲ့အတိုင်း … တကယ့်ကို ကွာခြားတာပဲ …”

ဗြူရိုရှိ လက်ရွေးစင်အားလုံး ဤနေရာတွင် ရှိနေကြသည်။ သူတို့အားလုံးက ယုံကြည်ချက်အပြည့်ဖြင့် ရဲဝံ့စွာ တိုက်ပွဲဝင်နေကြ၏။ အတူတကွပေါင်းစည်းခြင်းဖြင့် တိုက်ခိုက်မှုက ပို၍ အားကောင်းလာကြသည်။

.....

M မြို့၏ ဆင်ခြေဖုံးနေရာတွင်...

ယဲ့ကျားက မိခင်မြို့တွင်းမှ ထွက်ခွာသွားကြောင်း ခံစားမိလိုက်သည်။

အရမ်းကောင်းတယ် … ကြည့်ရတာ ဟိုဘက်က တိုက်ခိုက်မှုက အလုပ်ဖြစ်တဲ့ပုံပဲ …

သူက လက်ကိုမြှောက်ကာ သွေးနီရောင် မျက်ဝန်းများသာ ကျန်တော့သည်အထိ ခေါင်းစွပ်စွပ်ချလိုက်သည်။ အလင်းတစ်ချက် လက်သွားခြင်းနှင့်အတူ တံစဉ်က သူ့လက်ထဲတွင် ပေါ်လာ၏။ လူငယ်လေး၏ ပုံရိပ်က အမှောင်ထုထဲတွင် ပျောက်ဆုံးသွားခဲ့သည်။ သူ၏ အပြုအမူများက အလွန်လျှင်မြန်ပြီး တိတ်ဆိတ်လှ၏။ လခြမ်းကွေးသဏ္ဍာန် ပါးလွှာသည့် ဓားသွားက သွေးနီရောင် လင်းလက်လျှက်ရှိသည်။ သူဖြတ်သွားသည့် နေရာတိုင်းတွင် ငွေဖြူရောင်အလင်း ပေါ်ထွက်လာပြီး အငြိုးကြီးတစ္ဆေများကို အသံပင်မထွက်နိုင်အောင် လည်လှီးသွားလျှက်ရှိ၏။

လေထုထဲတွင် မနှစ်မြို့ဖွယ် အနံ့တစ်ခု ပျံ့နှံ့နေကြောင်း ယဲ့ကျား ခံစားလိုက်မိသည်။ သူက ထိုအနံ့၏လားရာအတိုင်း ဦးတည်လိုက်၏။ အငြိုးတရား၏ ရနံ့သည် သူနီးကပ်လာသည်နှင့်အမျှ ပိုမို ပြင်းထန်လာလျှက်ရှိသည်။ ယဲ့ကျားက ရင်ဘတ်ကိုဖိလိုက်၏။ ထိုအသားလုံးကို အဆုံးသတ်မှသာ ဖယ်ရှားရလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် စောစောဖယ်ရှားလိုက်ပါက မိခင်သည် သူမ လှည့်စားခံရမှန်း သိရှိသွားလိမ့်မှာပင်။ ထို့ကြောင့် သူမြန်မြန်လုပ်ရန်လိုအပ်၏။ သူ့ရင်ဘတ်တွင် အနည်းငယ် ယားယံသည့် ခံစားချက်တစ်ချို့ရှိနေသည်။

ယဲ့ကျားက ထိုဒဏ်ရာသည် ကျီရွှမ်နှင့် တူညီကြောင်း တွေးလိုက်မိသည်။ တစ်ဖက်လူ၏ အလိမ်အညာများကြောင့် ထိုဒဏ်ရာက ဖြစ်ပေါ်လာခြင်းပင်။ သူက အဘယ့်ကြောင့် တစ်ဖက်လူအကြောင်း ရုတ်တရက်တွေးမိသွားမှန်း ယဲ့ကျားမသိ။ သူ့ကိုယ်သူ သတိပြန်ဝင်အောင်လုပ်ရင်း အမှောင်ထုထဲသို့ ဆက်လက်တိုးဝင်သွားလိုက်သည်။ အဆုံးသတ်သည် နီးကပ်လာမည်ကို ယဲ့ကျား ခံစားမိနေ၏။  တစ်ဖက်လူ ယုတ္တိမရှိသည့် ကိစ္စများမလုပ်မိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယဲ့ကျားက မှတ်စုစာအုပ်ကို အခန်းထဲတွင် ထားခဲ့သည်။ ၎င်းက သူ့အဖိုးထံမှ မိခင်အား ပေးခဲ့သည့် လက်ဆောင်ပင်။ မိသားစုအမွေဟူ၍ပင် ပြောနိုင်၏။ သူလုပ်ခဲ့သည့်ကိစ္စမှန်မမှန်ကိုမူ ယဲ့ကျားမသိချေ။   သို့သော် ၎င်းမှာ သူတွေးနိုင်သည့် တစ်ခုတည်းသော ကိစ္စသာဖြစ်သည်။

တံခါးပုံစံ ခပ်ရေးရေးက ဝိုးတဝါးပေါ်နေ၏။ အငြိုးတရားများ၏ ပြင်းထန်သော ရနံ့က ထိုနေရာမှ ထွက်ပေါ်နေသည်။ မိခင်၏ ပုံရိပ်သည် သွေးနီရောင်ရေကန်ပေါ်တွင် ထွက်ပေါ်လာသည်။ သူမက ခေါင်းငုံ့ကာ ဖြူဖျော့သော ခြေချောင်းလေးများဖြင့် သွေးရေကန်ကို မွှေလိုက်သည်။

“ခုထိ မပြီးသေးဘူးလား …”

သူမအသံမှာ ပျော့ပျောင်းသော်လည်း အနီးရှိ အငြိုးကြီးတစ္ဆေများကို တုန်ယင်သွားစေ၏။

“မင်းတို့အားလုံးက ငါ့ရဲ့ဆက်ခံသူတွေပဲလေ … ဘာလို့ ဒီလောက်ကွာခြားနေရတာလဲ …” မိခင်၏ အနောက်တွင် အဆင့်မြင့် အငြိုးကြီးတစ္ဆေတစ်ဦး ပေါ်လာပြီး တိုက်ပွဲဝင်ရန် အသင့်ရှိနေသည်။

“ငါ့အတွက် အောင်ပွဲကိုယူလာခဲ့ပေးပါ ..” မိခင်က ချိုသာစွာ အမိန့်ပေးလိုက်သည်။

“အမှတ်အသားမလုပ်ရသေးတဲ့ လူအားလုံးကို သတ်ပြီး သူတို့ရဲ့ခြေလက်တွေကို သွေးရေကန်ထဲထည့်လိုက် … အမှတ်အသားလုပ်ပြီးသားတွေကိုတော့ ငါအရှင်လိုချင်တယ် ...”

နီရဲရဲလျှာဖျားက သူမနှုတ်ခမ်းထောင့်တွင် ထွက်ပေါ်လာသည်။

“သူတို့က မင်းရဲ့ မောင်နှမတွေ ဖြစ်လာနိုင်တယ် ...”

အဆိုပါ အဆင့်မြင့်တစ္ဆေ ဝင်ရောက်လိုက်သည်နှင့် လူသားများ၏ အော်သံများ ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းအား ကြည့်နေသည့် လူအားလုံး ချွေးများနစ်နေကြ၏။ ထိုမျှ အားကောင်းသည့် တိုက်ခိုက်မှုမျိုးကို သူတို့ ရင်ဆိုင်နိုင်စွမ်းမရှိချေ။

“ချီးပဲ ….”

ဘလပ်စ်၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူက အံကြိတ်လိုက်မိသည်။

သူတို့ ဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်မှာလဲ …

ရုတ်တရက်ဆိုသလို အငြိုးကြီးတစ္ဆေတစ်ဦးကို တွေ့လိုက်ရသည်။ မသဲကွဲသည့် မျက်နှာတစ်ခုက သူ့အနီးသို့ ချဉ်းကပ်လာ၏။ ၎င်းမှာ အားမီပင်။

ဘလပ်စ်၏ မျက်လုံးများက အံ့ဩမှုဖြင့် တောက်ပသွားသည်။ သို့သော် သူအံ့ဩမှုမပြယ်သေးခင် တစ်ဖက်လူက စတင် တိုက်ခိုက်လာ၏။

ဘာ … ဘာဖြစ်နေတာလဲ …

“အမေ …” ရင်းနှီးနေသည့်အသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။

“ဘာလို့သူတို့တွေ ရုတ်တရက်ကြီး ဒီနေရာကိုလာတိုက်လဲ သိလား …”

ချန်ချင်းယဲ့ ထိတ်လန့်သွား၏။ သူက ထိုနေရာသို့ ကြည့်လိုက်သည့်အခါ ကျီရွှမ့်ကို တွေ့လိုက်ရသည်။ သူ၏ သွေးနီရောင်မျက်ဝန်းများက လူသားများအား ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေ၏။

“သူလျှိုရှိတယ် …” အားလုံး ထိတ်လန့်သွားကြသည်။

“ကျီရွှမ် … မင်း …”

ဘလပ်စ် မျက်လုံးများ နီရဲလာသည်။ သူက ချက်ချင်းပင် ကျီရွှမ်အား တစ်စစီ ဆွဲဖြဲပစ်ချင်သွား၏။ ကျီရွှမ်က အကြည့်ပြန်ရုတ်ကာ တည်ငြိမ်စွာ ဆိုလာသည်။

“အမေ … မနက်ဖြန် တံခါးဖွင့်မှာ မဟုတ်လား … ”

မိခင်က တစ်ဖက်လူအား အေးအေးဆေးဆေး ကြည့်လိုက်သည်။

“ဒါပေါ့ ကလေးရဲ့ ...”

ကျီရွှမ် “အချိန်ဆွဲနေတာထက်စာရင် အခုလုပ်လိုက်တာ မကောင်းဘူးလား … ”

“ဟင် …..” မိခင်က မျက်လွှာချရင်း ဖြစ်သင့်မဖြစ်သင့် စဉ်းစားနေပုံရသည်။

“မဖြစ်နိုင်တာတော့မဟုတ်ပါဘူး ….”

အဆိုပါ ဝိဉာဉ်နှစ်သိန်းအား စုစည်းပြီးလျှင် ကိစ္စအားလုံး အဆင်ပြေသွားပြီ ဖြစ်သည်။ M မြို့မှ အငြိုးတရားများအား ရွှေ့ပြောင်းရန်သာ လိုအပ်တော့၏။ ပြီးတော့ … သူမက မျက်လွှာပင့်လိုက်ရင်း ကျီရွှမ်အနောက်ရှိ လူငယ်လေးထံ အကြည့်ရောက်သွားသည်။

“ကလေး … မင်းရော ဘယ်လိုထင်လဲ …”

လူငယ်လေးက ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။ သူ၏ ယောက်ျားပီသသော မျက်နှာက အလင်းရောင်ထဲတွင် ပေါ်ထွက်လာ၏။

လူသားအားလုံးက မယုံနိုင်သလို ငေးကြည့်လိုက်မိသည်။ သူတို့အကြည့်အောက်၌ပင် လူငယ်လေး သွေးနီရောင်မျက်ဝန်းများဖြင့် မိခင်အား မော့ကြည့်လိုက်၏။

“ဖြစ်သင့်တယ်လို့ ကျွန်တော်လည်းထင်တယ် …”

......

မနေ့ကဖြစ်သည်။.

“ဝိဉာဉ် နှစ်သိန်းတောင်လား …..”

အရိပ်တစ္ဆေက ကျီရွှမ့်အနောက်မှ လိုက်ပါလျှက်ရရှိသည်။ ၎င်း၏ ခြေထောက်များက မြေပြင်နှင့်ထိခြင်းမရှိချေ။ မြေကြီးပေါ်တွင် သွေးအထပ်ထပ်နှင့် အသားလွှာများက အထပ်ထပ်ရှိနေပြီး မူလအရောင်ပင် ပျောက်ကွယ်နေ၏။

၎င်းက အတွေးနက်သွားရသည်။ ဝိဉာဉ် နှစ်သိန်းဟူသည်မှာ စွမ်းအားကြီး အငြိုးကြီးတစ္ဆေအတွက်ပင် ကြီးမားလှသည့် ပမာဏဖြစ်သည်။

ဘယ်သူ့ကိုမှ မသတ်ပဲနဲ့ ဒီလောက်များတဲ့ ဝိဉာဉ်တွေ ရနိုင်မယ်တဲ့လား...

အားမီက နည်းလမ်းကို မတွေးနိုင်ချေ။ ၎င်းက ကိုယ်တိုင်သတိမထားမိပဲ ရေရွတ်လိုက်မိသည်။

ကျီရွှမ်က ပြန်မဖြေခဲ့ချေ။ သူက အနောက်ဘက်လှည့်ရင်း အရိပ်တစ္ဆေကို ကြည့်လိုက်သည်။ 

“ငါပြောတဲ့ကိစ္စ လုပ်ပြီးပြီလား...”

အားမီက အတွေးနက်နေရာမှ ကြောင်အသွားသည်။ “က...ကင်း....အားလုံး အဆင်သင့်ဖြစ်ပါပြီ...”

----အငြိုးကြီး တစ္ဆေများနှင့် မကောင်းဆိုးဝါးများသည် အစကတည်းက ပန်းတိုင်မတူကြချေ။ ဂိမ်းအား ချောမွေ့စေရန်အတွက် မိခင် ပေါ်ထွက်လာသည့် အရေအတွက်မှာ အလွန်ရှားပါးလှသည်။ သူမက အလွန်စွမ်းအားကြီးသည်ဖြစ်ရာ သူမ ပြုလုပ်လိုက်သည့် အပြုအမူတိုင်းက အစီအစဉ်အား နှောင့်ယှက်ရာ ကျသောကြောင့်ပင်။ အစစ်အမှန်လောကသို့ တံခါး ပွင့်မသွားခင်အထိ အငြိုးကြီးတစ္ဆေအနည်းငယ်သာ မိခင်၏ တည်ရှိမှုအကြောင်း သိရှိကြသည်။

အဆင့်နိမ့်တစ္ဆေများကမူ လူသားများ သူမအကြောင်း ရှာတွေ့ချိန်မှသာ သိရှိကြခြင်းဖြစ်သည်။ သူတို့က M မြို့သို့ တံခါးပွင့်သွားချိန်မှ သူမ၏ ကြောက်မက်ဖွယ် တည်ရှိမှုအကြောင်း သိခဲ့ရ၏။ ၎င်းတို့ထဲမှ အချို့သည် လူသားများနှင့် ယှဉ်တွဲနေထိုင်ခြင်းအား အသားကျနေပြီဖြစ်ရာ ကြောက်မက်ဖွယ် မကောင်းဆိုးဝါးတစ်ဉီး အုပ်ချုပ်မည်ကို လက်မခံလိုကြချေ။ သို့သော် မိခင်၏ စွမ်းအားကို ကြောက်ရွံ့ကြသဖြင့် မလွန်ဆန်နိုင်ကြခြင်းဖြစ်သည်။

မကျေနပ်မှုများမှာ ဖိနှိပ်ထား၍ ရနိုင်သော်လည်း လုံးဝမကျန်ရှိခြင်း မဟုတ်ချေ။ ၎င်းတို့က အချိန်နှင့်အမျှ ပိုမိုကြီးထွားလာကြ၏။ ကျီရွှမ်၏ လက်အောက်ငယ်သားများက ရိုးရှင်းသည့် ကိစ္စလေးကိုသာ လုပ်ရန်လိုအပ်သည်။ မီးစာထဲသို့ ဆီလောင်းထည့်ရန်သာ ဖြစ်၏။ မိခင်နှင့် သူမ၏ အဆင့်မြင့်အငြိုးကြီး တစ္ဆေများသည် အားနည်းသည့် တစ္ဆေများအား ဂရုစိုက်ခြင်း မရှိကြချေ။ အဆုံးသတ်တွင် သူတို့၏ ခွန်အား ကွာခြားချက်မှာ အလွန်ကြီးမားလှ၏။ လက်ချောင်းတစ်ချောင်း မြှောက်လိုက်ရုံဖြင့် ဖျက်ဆီးနိုင်မည့် တည်ရှိမှုများအား အဘယ့်ကြောင့် ဂရုစိုက်ရမည်နည်း။

ကမ္ဘာတစ်ခုလုံးရှိ အက်ကြောင်းများကြားတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည့် အငြိုးကြီးတစ္ဆေများ ရှိကြ၏။ အဆိုပါ တစ္ဆေများသည် အားနည်းသော်လည်း ဆက်သွယ်မှု ကွန်ယက်ကမူ ကောင်းမွန်လေသည်။ အရိပ်တစ္ဆေများက အမှောင်ထုနှင့် အရိပ်များမှ မွေးဖွားလာခြင်း ဖြစ်၏။ ၎င်းတို့၏ ပင်ကိုယ်သဘာဝအရ မိခင်၏ မြင်ကွင်းမှ ပုန်းကွယ်နိုင်စွမ်းပင် ရှိကြသည်။ ထို့ကြောင့် အလုပ်အတွက် သင့်လျော်သည့် တည်ရှိမှုများ ဖြစ်လာကြ၏။

“ဒီမှာ ရောက်ပါပြီ …”

အရိပ်တစ္ဆေက ဘေးသို့ ကြည့်လိုက်၏။ အငြိုးကြီးတစ္ဆေက ကြောက်ရွံ့စွာ ရှေ့တိုးလာသည်။ ၎င်း၏ ဂျယ်လီနှင့်တူသည့် ခန္ဓာကိုယ်သည် တုန်ယင်နေပြီး ၎င်း၏ ဦးခေါင်းပေါ်ရှိ မျက်နှာလေးငါးခုက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

“….ကင်း ” ၎င်းက တုန်တုန်ယင်ယင်ဖြင့် ခေါင်းငုံ့လိုက်၏။

တစ်ဖက်လူက အသံနိမ့်နိမ့်ဖြင့် ပြောလာသည်။ “ခေါင်းမော့ပါ ….”