အပိုင်း ၁၃၀
Viewers 10k

Chapter 130


တစ္ဆေက ခေါင်းမော့လိုက်ရင်း တစ်ဖက်လူကို ကြည့်လိုက်သည်။ အမျိုးသား၏ သွေးနီရောင် မျက်ဝန်းများက အေးစက်ကြမ်းတမ်းသော သွေးပင်လယ်ကဲ့သို့ လှိုင်းထန်လျှက်ရှိသည်။ မိခင်နှင့်တူသည့် အဆိုပါ မျက်ဝန်းများက အငြိုးကြီးတစ္ဆေအား ပိုမို တုန်ယင်လာစေသည်။ သို့သော် တစ်ဖက်လူသည်သာ ၎င်း၏ လုံခြုံရေးကို အာမခံပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ကောင်းစွာသိသည်။

မီးကို ထိန်းချုပ်နိုင်သည့် လူသားက M မြို့အား တိုက်ခိုက်လာချိန်တွင် အငြိုးကြီးတစ္ဆေအားလုံး သုတ်သင်ခံခဲ့ရသည်။ ၎င်းက ကြောက်ရွံ့စွာဖြင့် ထောင့်တစ်ထောင့်တွင် ပုန်းကွယ်နေခဲ့၍သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းပင်။

အရိပ်တစ္ဆေက မေးလိုက်၏။

:“M မြို့ကို လူသားတွေလာတိုက်ခိုက်တုန်းက မင်း တာဝန်ပျက်ကွက်ခဲ့တဲ့အပြင် မြေအောက်လမ်းကို အသုံးပြုခဲ့မှန်း မိခင်သိသွားရင် သူမ ဘာလုပ်မယ်ထင်လဲ … ”

ထို့ကြောင့် ၎င်းတွင် ရွေးချယ်စရာလမ်းမရှိ ဖြစ်သွားခဲ့သည်။ ၎င်းက မိခင်နှင့် နီးကပ်စွာ အလုပ်လုပ်ရသော အဖွဲ့ထဲသို့ ချက်ချင်းဆွဲသွင်းခံလိုက်ရ၏။ ဤသို့ဖြင့် ၎င်းသည် မိခင်၏ ကြောက်စရာအခြမ်းကို မျက်မြင်တွေ့ခဲ့ရသည်။ အဆိုပါ သွေးရေကန်ထဲတွင် လူသားများ၏ သွေးများသာ ရှိနေခြင်းမဟုတ်ပဲ အငြိုးကြီးတစ္ဆေများနှင့် မကောင်းဆိုးဝါးများ၏ သွေးများလည်း ပါဝင်နေ၏။

သူတို့အားလုံးသည် အကြောင်းပြချက်မရှိပဲ အဖွဲ့ထဲမှ ထုတ်ပယ်ခံလိုက်ရကာ အသတ်ခံလိုက်ရပြီး ဤရေကန်တွင်းသို့ စွန့်ပစ်ခံလိုက်ရ၏။

ထို့အပြင် … ၎င်းတွင် လုပ်ဆောင်ရန် မဖြစ်နိုင်သည့် တာဝန်တစ်ခု ရှိနေသေးသည်။ သို့သော် အငြိုးကြီးတစ္ဆေက သူ့အား ကျီရွှမ်သာ ကယ်တင်နိုင်မည်ဖြစ်ကြောင်း ကောင်းစွာသိထား၏။

“ကိုယ့်စိတ်ကိုယ် အသင့်ပြင်ပြီးပြီလား …”

အမျိုးသား၏ အသံမှာ တည်ငြိမ်နေပြီး သူ၏ စိတ်မှာလည်း ဖတ်ရခက်လှ၏။ အငြိုးကြီးတစ္ဆေသည် ခေါင်းငုံ့လိုက်သည်။

“ကျွန်တော် ကင်းရဲ့အမိန့်အတိုင်း နာခံပါ့မယ် … .”

…..ပို၍ အရေးကြီးသည်မှာ မိခင်သာ အခြားလောကမှ လွတ်မြောက်လာပါက အားနည်းသော တစ္ဆေများကို အသက်ရှင်ခွင့် ပေးမည်မဟုတ်ချေ။

“ကောင်းပြီ ...” ကျီရွှမ်က ဆက်ပြောသည်။ “ယဇ်ပူဇော်တဲ့ ရေကန်နဲ့ပတ်သတ်တာ အကုန်ပြောပြပါ … ”

“ဟုတ်ကဲ့ … ” တစ်ဖက်လူက ရိုသေစွာ ဦးညွှတ်လိုက်သည်။

မကြာခင်မှာပင် ကျီရွှမ်နှင့် အရိပ်တစ္ဆေသာ စွန့်ပစ်နယ်မြေမှ ထွက်လာခဲ့ကြသည်။ အရိပ်တစ္ဆေက မနေနိုင်ပဲ မေးလိုက်၏။

“ကင်း … ဝိဉာဉ် နှစ်သိန်းကိုရော … ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ …”

ကျီရွှမ်သည် အမှုမထားဟန်ကြည့်ရင်း ပြန်ဖြေလိုက်သည်။

“လူသားဝိဉာဉ်ပဲ ဖြစ်ဖြစ် တစ္ဆေဝိဉာဉ်ပဲဖြစ်ဖြစ် တံခါးကို ဖွင့်နိုင်ဖို့ လိုအပ်တယ် …”

အရိပ်တစ္ဆေ ချက်ချင်းနားလည်သွားသည်။ “ဒါဆို သူတို့ကို အသုံးပြုဖို့ စဉ်းစားထားတာလား …”

“မဟုတ်ဘူး ..”

အရိပ်တစ္ဆေ: “…..ဟမ်”

အမျိုးသားက သူ၏ လက်ကိုမြှောက်လိုက်၏။ အလင်းတစ်ချက်က သူ့ခါးကို ဖြတ်သွားခဲ့ပြီး သွေးများ ကျဆင်းလာခဲ့သည်။ ကျီရွှမ်က အဆိုပါသွေးစက်များကို ပုလင်းတစ်ခုနှင့် သိမ်းဆည်းလိုက်သည်။ အရိပ်တစ္ဆေ၏ မျက်ဝန်းများက ထိတ်လန့်မှုဖြင့် ပြူးကျယ်သွား၏။ ၎င်းက ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရသည်။ ကျီရွှမ်၏ သွေးနံ့သည် တစ္ဆေများအား ရူးသွပ်သွားစေအောင် စွမ်းအင်ကြွယ်ဝလှ၏။ မကြာခင်မှာပင် ပုလင်းတစ်ခုလုံး ပြည့်သွားခဲ့ပြီး လုံခြုံစွာ ပိတ်သိမ်းခံလိုက်ရသည်။ အနံ့သည်လည်း ပျောက်ကွယ်သွား၏။

အရိပ်တစ္ဆေက ကျီရွှမ်အား မယုံနိုင်စွာဖြင့် ငေးကြည့်လိုက်မိသည်။

“ကင်း … ဒါက …”

“ဒီအထဲမှာရှိတဲ့ စွမ်းအင်က ဝိဉာဉ်နှစ်သိန်းနဲ့ညီမျှတယ် …”

ကျီရွှမ်သည် ခါးတစ်ဝိုက်ရှိ ဒဏ်ရာအား လက်ဖြင့် ပွတ်သပ်ကာ ပပျောက်စေလိုက်သည်။ သူ၏ ဖြူဖျော့သော အသားအရည်မှာ ပို၍ ဖြူဖျော့လာ၏။

သူက ခပ်ဖွဖွပြုံးလိုက်ရင်း “ဒီလောက်ဆို လုံလောက်ပြီ ...”

မိခင်တံခါးဖွင့်ရာတွင် သူနှင့်ယဲ့ကျားသည်လည်း စတေးခံရမည်ဖြစ်သည်။ သူတို့က မရှိမဖြစ် ပါဝင်ပစ္စည်းများဖြစ်သလို ကုန်ကြမ်းပစ္စည်းများ ဖြစ်ကြသည်။ ယခုမူ ယဇ်ပူဇော်သည့် ရေကန်ထဲတွင် ဝိဉာဉ်နှစ်သိန်း မရှိတော့ပြီ ဖြစ်၏။ ဤကဲ့သို့ အခြေအနေမျိုးတွင် တံခါးကို အားသုံး၍ ဖွင့်ပါက အခြေအနေတစ်ခုသာ ဖြစ်လာနိုင်ချေရှိသည်။

မိခင်သည် ကမ္ဘာ၏စည်းမျဉ်းများကို ဆန့်ကျင်သည့်အတွက် အခြားကမ္ဘာသို့ ပြန်လည်ပို့ဆောင်ခြင်း ခံရပေလိမ့်မည်။

“မင်းယဲ့ကျားကို သွားရှာနိုင်ပြီ …”

“ကျွန်တော် … ကျွန်တော် ဘယ်လိုပြောလိုက်ရမလဲ … ”

အရိပ်တစ္ဆေက ခေါင်းကုတ်လိုက်၏။

“ဝိဉာဉ်ကိစ္စ ဖြေရှင်းပြီးပြီလို့ ပြောလိုက် ...”

နောက်ဆုံးခြေလှမ်းသာ ကျန်တော့သည်။ ယဲ့ကျားအား လှည့်စားကာ တစ်ဖက်လူ၏ သွေးကို ရရှိရန် ဖြစ်၏။

သို့သော် … ကျီရွှမ်သည် အရိပ်တစ္ဆေ ပျောက်ကွယ်သွားသည့် နေရာသို့ အကြည့်ရောက်သွားသည်။ သူက အနည်းငယ် စိုးရိမ်နေမိကြောင်း ဝန်ခံရပေလိမ့်မည်။

….

ကျီရွှမ်က သူ့ဦးခေါင်းကို တစ်ဖက်လူ၏ လက်မောင်းများကြား တိုးဝှေ့လိုက်ရင်း လူငယ်လေး၏ ရနံ့အေးအေးကို လောဘတကြီး ရှူရှိုက်နေမိသည်။ သူက မလုံလောက်သေးသကဲ့သို့ လူငယ်၏ ခန္ဓာကိုယ် တစ်ဝိုက်ရှိ လက်များကို တင်းကျပ်လိုက်သည်။ ဒီအတိုင်းဆိုပါက သူပြန်လှည့်နိုင်မည်မဟုတ်ကြောင်း သေချာသိသော်လည်း လူငယ်လေးအား စွဲလမ်းနေမိဆဲပင်။ ၎င်းသည် အိမ်မက်ဆန်လှပြီး အစစ်အမှန်မဟုတ်ဟု ခံစားရစေသည်။

လူငယ်လေး၏ အကူအညီမဲ့နေသော အသံက သူ့အပေါ်မှ ထွက်ပေါ်လာ၏။ “ဒါဆို ခဏပဲနော် …”

မလွှတ်ချင်ဘူး … မလွှတ်ပေးချင်ဘူး …. ထိုစကားများက ကျီရွှမ်၏ ဦးခေါင်းထဲတွင် ပဲ့တင်ထပ်နေ၏။ သူက တစ်ဖက်လူအား လွှတ်ပေးလိုက်ရင်း ခေါင်းမော့ကာ ပြုံးပြလိုက်သည်။

“ဒီတစ်ခါရော ဆုချမှာမဟုတ်လား …”

ဆပ်ပြာပူဖောင်းကဲ့သို့ ပေါ့ပါးသည့်အနမ်းက သူ့နဖူးပေါ်သို့ ကျရောက်လာသည်။ သို့သော် သူ့နှလုံးခုန်သံ မြန်ဆန်သွားပြီး လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားရစေ၏။ ထိုစဉ် အေးစက်သည့် အတွေးတစ်ခုက သူ၏ ခြေကျင်းဝတ်များမှတဆင့် တွင်းနက်ကြီးထဲသို့ ဆွဲယူသွားခဲ့သည်။ မည်သည့်နည်းနှင့်ဖြစ်စေ၊ ယဲ့ကျား၏ သွေးကို ရရှိရန် လိုအပ်ပေသည်။

တံခါးဝတွင် ကျီရွှမ်က တစ်ဖက်လူ၏ နှုတ်ခမ်းများကို လျက်လိုက်ရင်း သူ၏ သွားချွန်ချွန်များဖြင့် ယဲ့ကျား၏ သွေးကို သူ့နှုတ်ခမ်းတွင်းသို့ စုပ်ယူလိုက်သည်။ သူက အစီအစဉ်အတိုင်း တည်ငြိမ်စွာ ဆောင်ရွက်လျှက်ရှိသည်။

ခဏပါပဲ ….

ကျီရွှမ်က သူစိတ်ပူရသည့် အကြောင်းရင်းကို ကောင်းစွာ သိရှိသည်။ တစ်ဖက်လူအား သူတွေ့ချိန်တိုင်း သူ၏ လောင်မြိုက်နေသော ဆန္ဒများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ သူနှင့်အတူ ထိုသူအား ငရဲသို့ ဆွဲချသွားချင်မိသည်။

“အားလုံး ပြီးသွားတဲ့ အခါကျရင် …”

တစ်ဖက်လူ၏ အသံအား ကျီရွှမ် ကြားလိုက်သည်။

ဟုတ်တယ် … အားလုံးပြီးသွားရင် …

“ကတိနော် ...”

ကျီရွှမ်သည် တစ်ဖက်လူ၏ ပုံရိပ်အား သူ့စိတ်ထဲတွင် စွဲမြဲစွာ ရိုက်နှိပ်နေသကဲ့သို့ သူ့မျက်စိရှေ့ရှိ လူငယ်လေးကို စိုက်ကြည့်လိုက်သည်။ သူက ‘အမြဲ အတူတူရှိနေမယ်’ ဟူသည့် ကတိစကားကို စတင်ချိုးဖျက်သူမှာ သူဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကျီရွှမ် ခပ်ဖွဖွရယ်လိုက်၏။ “အားလုံးပြီးသွားရင် …”

…..

ရုပ်သေးသခင်၏ အမူအရာက ရှုပ်ထွေးနေသည်။ “မင်းသေချာရဲ့လား …”

ကျီရွှမ် “ဒါပေါ့ …”

ရုပ်သေးသခင်က သူ့အရှေ့ရှိ အမျိုးသားကို ကြည့်ရင်း ခေါင်းယမ်းလိုက်၏။

“ဒါက မင်းနဲ့မတူလိုက်တာ ….”

အငြိုးကြီးတစ္ဆေများသည် ၎င်းတို့၏ ဆန္ဒပြည့်ရန် မည်သည့်အရာကိုမဆို ပြုလုပ်မည့်  တစ်ကိုယ်ကောင်းဆန်သော တည်ရှိမှုများ ဖြစ်ကြ၏။ တစ်ဖက်လူ၏ ဆန္ဒကို ဖြည့်ဆည်းရန် ထိုသို့ ပြုလုပ်ခြင်းကို ရုပ်သေးသခင် နားမလည်နိုင်ချေ။

ကျီရွှမ်က လက်ကိုမြှောက်လိုက်ရင်း သွေးစက်တစ်စက် ချလိုက်သည်။:

“မိခင်သာ ဒီကမ္ဘာက ထွက်မသွားရင် မင်းဒီမှာ တစ်သက်လုံး နေရမှာနော် … တကယ်ပဲ အဲဒီ့လိုဖြစ်ချင်တာလား …”

ရုပ်သေးသခင်က သူ့ကို တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။ :“ကောင်းပြီ …”

သူက ကျီရွှမ့်ထံမှ သွေးစက်ကို ယူလိုက်၏။ “ငါ့ကို အချိန်နည်းနည်းပေး …”

ထိုသို့ပြောပြီးနောက် ရုပ်သေးသခင်က တစ္ဆေပိုင်နက်အတွင်း ဝင်ရောက် ပျောက်ကွယ်သွားသည်။

ကျီရွှမ်သည် အကွာအဝေးတစ်ခုကို သွေးနီရောင် မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း တစ်ဦးထဲကျန်ရစ်ခဲ့၏။ နက်ရှိုင်းသော ဆန္ဒများနှင့် တိုက်ခိုက်ရခြင်း၏ အကြောင်းပြချက်များသည် သူ၏ စိတ်ထဲတွင် လွန်ဆွဲနေကြသည်။ သူက လက်သီးတင်းတင်း ဆုပ်ထားသည့် အလျောက် လက်ဖဝါးတွင် လက်သည်းရာများ ထင်ဟပ်လာ၏။ အသံတစ်ခုက သူ့စိတ်ထဲတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်လျှက်ရှိသည်။

ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွားတော့ရော ဘာဖြစ်လဲ … သူတို့အတူတူရှိနေရင် ရပြီမဟုတ်လား … ဒါကို တကယ်ပဲ လုပ်ချင်တာလား …

ကျီရွှမ်၏ မျက်ဝန်းများက သွေးအေး သတ္တဝါတစ်ကောင်ကဲ့သို့ ဒေါင်လိုက် ကျဉ်းမြောင်းသွားကာ ရက်စက်မှုများဖြင့် လင်းလက်သွားသည်။ ထိုစဉ် လူငယ်လေး၏ မျက်နှာက သူ့စိတ်တွင်း၌ ထင်ဟပ်လာ၏။ ညအမှောင်ထုထဲတွင် လူငယ်လေးက သူ့ကို ကြယ်များကဲ့သို့ တောက်ပသော မျက်ဝန်းများဖြင့် လှည့်ကြည့်လာခဲ့သည်။

ကျီရွှမ် မျက်ဝန်းများ မှိတ်လိုက်၏။

ဟုတ်တယ် … သူအဲဒီ့လိုလုပ်ဖို့ ဆန္ဒရှိတယ် … .

ထိုအချိန်မှာပင် အရိပ်တစ္ဆေက လက်ဆောင်တစ်ခုဖြင့် ပြန်ရောက်လာသည်။ ၎င်းမှာ ရုန်းကန်နေသည့် လူတစ်ဦးဖြစ်၏။ ကျီရွှမ်သည် သူ့အား ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်သည်။ သူ၏ လူသားဘဝနှင့် ပတ်သက်သည့် မည်သည့်အရာကိုမှ ကျီရွှမ် စိတ်ထဲမထားတော့ချေ။ သို့သော် ယဲ့ကျားပို့လိုက်ခြင်းဖြစ်ရာ လက်ဆောင်ကြီးတစ်ခုဟု သတ်မှတ်နိုင်ပေသည်။ 

ကျီရွှမ်က လက်ကိုမြှောက်လိုက်ပြီး အခြား အငြိုးကြီးတစ္ဆေများအား ထိုသူအား နှိပ်စက်ရန် အမိန့်ပေးတော့မည့်ဆဲဆဲတွင် သွေးနီရောင် ပိုးဖလံတစ်ကောင်က သူ့ထံ ပျံဝဲလာသည်။ ကျီရွှမ် အံ့ဩသွားခဲ့၏။ သူက လက်ကိုဆန့်တန်းရင်း ပိုးဖလံအား နားစေသည်။ ၎င်းက သတင်းတစ်ခုကို ပြောပြလာ၏။ ဗြူရိုတွင် အပြောင်းအလဲတစ်ခု ဖြစ်ပျက်ခဲ့သည်။ သူတို့က လူစုနေခြင်းဖြစ်ပြီး အေ့စ်သည်လည်း ထိုနေရာ၌ ရှိနေ၏။ ကျီရွှမ် ကြောင်အသွားသည်။

ကောကောက စပြီးလှုပ်ရှားနေပြီလား … ဒါပေမယ့် သူ သူ့ကိုဘာမှ မပြောထားဘူးလေ … ဘာတွေဖြစ်သွားတာလဲ …

ကျီရွှမ်က သူ့ခြေထောက်နားရှိ ဖြူဖျော့ပြီး ရှုံ့တွနေသော အမျိုးသား၏ မျက်နှာကို ကြည့်လိုက်၏။ သူ၏ သွေးနီရောင် မျက်ဝန်းများက ရက်စက်မှုဖြင့် လင်းလက်သွားသည်။ သူက အရိပ်တစ္ဆေအား တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။

“သူ့ကို မခေါ်သွားနဲ့တော့ …”

ကျီရွှမ်က ထိုသူ့ထံချဉ်းကပ်သွားကာ ကိုယ်ကို ကိုင်းညွှတ်လိုက်၏။ တစ်ဖက်လူ၏ ထိတ်လန့်နေသော မျက်လုံးများကို ကြည့်ရင်း နွေးထွေးစွာ ပြုံးလိုက်သည်။

:“စကားကောင်းကောင်း ပြောကြတာပေါ့ … ”

သွေးလွှမ်းနေသည့် စွန့်ပစ်နယ်မြေတွင် ကြောက်လန့်တကြား အော်သံတစ်ခု ပဲ့တင်ထပ်လာသည်။ ထိုအသံထဲတွင် ထိတ်လန့်မှုနှင့် နာကျင်မှုများ ရောစွက်နေ၏။ အချိန်မည်မျှ ကြာသွားသည်မသိ၊ အော်သံက ရပ်တန့်သွားခဲ့သည်။ ကျီရွှမ်က ဖတ်ရခက်သော မျက်ဝန်းများနှင့် ရှိနေပြီး သွေးစွန်းနေသည့် လက်များကို သန့်ရှင်းလိုက်သည်။

ဒါရိုက်တာက မှတ်စုစာအုပ်အား မရရှိခဲ့စေကာမူ နှစ်များစွာ သုတေသန ပြုလုပ်ခဲ့၏။ သူက လုံလုံလောက်လောက် မသိခဲ့ရသော်လည်း အတော်လေး နီးစပ်ခဲ့သည်ပင်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်များကို ကျီရွှမ် သိရှိသွားပြီ ဖြစ်သည်။ နာကျင်မှုက ကျီရွှမ့် ခန္ဓာကိုယ်တွင်းရှိ ကြွက်သားတိုင်း၊ အရိုးအသားတိုင်းကို ဖြတ်သန်းသွားခဲ့၏။ သူ့နှလုံးသားက တစ်ဖက်လူ၏ တံစဉ်းဖြင့် အပိုင်းပိုင်းအစစ ပိုင်းဖြတ်ခံလိုက်ရသည့်နှယ် ခံစားလိုက်ရသည်။

အရိပ်တစ္ဆေက ရှေ့တိုးလာ၏။

“ကင်း … အခုဘယ်လိုလုပ်ကြမလဲ … “

ကျီရွှမ် “ သူတို့ကို တားစရာမလိုဘူး …” သူက အရိပ်တစ္ဆေကို ကြည့်လိုက်သည်။

“ယဇ်ပူဇော်တဲ့ ရေကန်နားက တစ္ဆေတွေအားလုံး မောင်းထုတ်လိုက် … ချုံခိုတိုက်ခိုက်ခံရရင် ပြန်တိုက်စရာမလိုဘူး … မိခင်ကို ချက်ချင်း သတင်းပို့လိုက်ပါ ..”

“ဟုတ်ကဲ့ …” အရိပ်တစ္ဆေက နောက်ထပ် ထပ်မမေးတော့ပဲ ဦးညွှတ်ကာ ပျောက်ကွယ်သွားသည်။ ကျီရွှမ်က ခေါင်းငုံ့ကာ လက်ဖဝါးဖြန့်လိုက်၏။ အရောင်ဖျော့ဖျော့ ဆံနွယ်များရှိသည့် အရုပ်တစ်ရုပ်သည် တံစဉ်းကို ကိုင်ထားလျှက် သူ့လက်ဖဝါးထဲတွင် ရှိနေသည်။

“ကောကော … ကြည့်ရတာ ကျွန်တော့်ကိုလည်း ညာခဲ့တဲ့ပုံပဲ …”

သူက ခေါင်းငုံ့လိုက်ရင်း အရုပ်၏ ဦးခေါင်းကို နမ်းလိုက်သည်။

“ကော ကျွန်တော့်ကို ချစ်ပါတယ် …”

ကျီရွှမ်၏ အရှေ့ရှိ ယဇ်ပူဇော်သည့် ရေကန်သည် အန္တာရယ်ရှိစွာဖြင့် ပွက်ပွက်ဆူလာသည်။ ကြီးမားသော အပေါက်ကြီးက လေထုထဲတွင် ပေါ်ပေါက်လာ၏။ ထူထဲသော အငြိုးတရားများ စီးဆင်းလာခဲ့သည်။ ကျီရွှမ်သည် ယဲ့ကျား၏ ရနံ့ပါရှိသော အရုပ်လေးကို ကိုင်လျှက် မသိမသာပြုံးလိုက်သည်။

ကောကော … ကျွန်တော်နိုင်တယ်

ယဲ့ကျား ရုတ်တရက် ခြေလှမ်းရပ်လိုက်သည်။ တစ်ခုခုမှားနေပြီ … 

အမှောင်ထုထဲသို့ ပို၍ နီးကပ်လာလေလေ၊ သူခံစားနေရသည့် အငြိုးတရားများက ပို၍ လျော့နည်းလာလေလေပင်။ လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ တဖြည်းဖြည်း လွင့်ပါးနေ၏။

ယဲ့ကျား အံကြိတ်လိုက်မိသည်။ သူက မျက်လွှာပင့်ကာ အပေါ်မော့ကြည့်လိုက်၏။ ၎င်းက M မြို့တွင်းရှိ တစ္ဆေများကို အလန့်တကြားဖြစ်စေလိမ့်မည်။ သို့သော် … သူဆက်လက် နှောင့်နှေးစေ၍ မရတော့ချေ။ ကြီးမားသော တံစဉ်းက သူ့လက်ထဲတွင် ပေါ်ပေါက်လာပြီး ထက်မြသော အသွားက အမှောင်ထုထဲတွင် လက်ခနဲ့ ဖြစ်သွား၏။

တံစဉ်းကို လွှဲလိုက်သည်နှင့် သူ့အရှေ့ရှိ နံရံက ပြိုကျသွားပြီး ဖုန်မှုန့်များ တထောင်းထောင်း ထလာခဲ့သည်။ မနီးမဝေးတွင် ကျင်းတစ်ခုရှိနေ၏။ ယဲ့ကျားက ကျင်းနားတွင်ရပ်ရင်း ငုံ့ကြည့်လိုက်သည်။ ၎င်းက အဆုံးမရှိသကဲ့သို့ မှောင်မဲနေလေသည်။ ထူထဲသော အငြိုးတရားများက ကျင်းထဲမှ ထွက်ပေါ်နေသော်လည်း ထိုကျင်းထဲတွင် မည်သူမှ မရှိကြောင်း ယဲ့ကျား ကောင်းစွာသိထား၏။ အမှောင်ထုအား ငုံ့ကြည့်လိုက်ချိန်တွင် ထိုအမှောင်ထုသည်လည်း အထီးကျန်ဆန်စွာဖြင့် သူ့အား ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဘာဖြစ်နေတာလဲ …

သွေးစတေးခြင်း ဖြစ်စဉ်ကို မစရသေးပဲ မိခင်က အငြိုးတရားများကို ဒီအတိုင်း လွှတ်ပေးမည် မဟုတ်ချေ။

သူ့အကြံအစည်တွေကို သိသွားတာများလား … မဖြစ်နိုင်တာ …

ယဲ့ကျား ထိုအချက်ကို ပယ်ချလိုက်၏။ သူတို့သာ ရှာတွေ့သွားပါက ဤနေရာတွင် မည်သူမှ မရှိစရာ အကြောင်းမရှိချေ။ သို့သော် မိခင်က သူမရှိပဲ ထိုသွေးစတေးခြင်းအား ပြုလုပ်နိုင်မည်မဟုတ်။ သူက ပါဝင်ပစ္စည်းများအနက် တစ်ခုဖြစ်သည်။ ယဲ့ကျား မျက်ဆံများ ကျုံ့သွား၏။ သူ့ကျောရိုးတွင်းသို့ ရေခဲချွန်ဖြင့် ထိုးလိုက်သကဲ့သို့ အေးစက်စက် ခံစားလာရပြီး သူ့ကို တုန်ယင်လာစေသည်။ သူက လက်ကိုမြှောက်ကာ နှုတ်ခမ်းကို ထိလိုက်၏။

မနေ့က သူအကိုက်ခံခဲ့ရသည့် ဒဏ်ရာသည် ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။ သူ မျက်စိလျှမ်းသွားသည့် သဲလွန်စများက ယဲ့ကျားစိတ်တွင်းသို့ ဝင်ရောက်လာသည်။ ယဲ့ကျားက အမှောင်ထုတွင်းသို့ လျင်မြန်စွာ ကြည့်လိုက်၏။ သူ့အကြည့်က အရာအားလုံးကို ထက်မြသော ဓားတစ်စင်းကဲ့သို့ ဖြတ်သန်းသွားခဲ့သည်။ သူ့စိတ်ထဲတွင် ဖြေရှင်းချက်တစ်ခု ထွက်ပေါ်လာ၏။

အရမ်းနောက်ကျသွားပြီ …

.......

သွေးရေကန်သည် လှိုင်းထန်ပြီး ဆူပွက်နေ၏။ မြေကြီးသည် တုန်လှုပ်နေသည်။ တိမ်တိုက်များက ထူထပ်ပြီး နက်မှောင်နေ၏။ လေထုထဲရှိ ယင်စွမ်းအင်နှင့် အငြိုးတရားများက ပို၍ သိပ်သည်းလာပြီး အသက်ရှူရန်ပင် ခက်ခဲလာစေ၏။ ထိုနေရာတွင် ရပ်နေသည့် လူသားအားလုံး မျက်နှာများဖြူဖျော့သွားကြသည်။ သူတို့က ကြောက်မက်ဖွယ် မြင်ကွင်းကိုကြည့်ရင်း ဝိဉာဉ်၏ အနက်ရှိုင်းဆုံးမှ ကြောက်ရွံ့နေရ၏။

ကြောက်စရာ ကောင်းလိုက်တာ …

ဘလပ်စ်နှင့် ချန်ချင်းယဲ့ ကဲ့သို့ ဂိမ်းထဲတွင် အတွေ့အကြုံရှိသူများပင် အမူအရာ ပျက်ယွင်းနေကြသည်။ သူတို့၏ စစ်ပွဲကိုသိမြင်နိုင်မှုက အော်ဟစ်သတိပေးနေသော်လည်း ခြေတစ်လှမ်းပင် မရွေ့နိုင်ဖြစ်နေကြသည်။

ထိုစဉ် ချန်ချင်းယဲ့က သူ့လက်မောင်းကို လာဆွဲသည့် တစ်စုံတစ်ခုအား ခံစားမိလိုက်သည်။ ဝေ့ရွှယ်ချူးက မျက်စိမှိတ်ပြလာ၏။

“…”

ချန်ချင်းယဲ့၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းဖြင့် ပြည့်နှက်သွားခဲ့သည်။

ဒါ … ဘာတွေဖြစ်နေတာလဲ … သူ ဘယ်က ထွက်လာတာလဲ …

ဝေ့ရွှယ်ချူးက တစ်ဖက်လူအား အမြန်ဆွဲချလိုက်ပြီး တိတ်တိတ်နေရန် အမူအရာပြလိုက်သည်။

“မြန်မြန် … သွေးစတေးခြင်း ဓလေ့က မကြာခင် စတော့မှာ … ဒီအနီးတစ်ဝိုက်က လူတွေအားလုံး ခုချက်ချင်း ထွက်ခွာရမယ် … မဟုတ်ရင် ရောပါသွားလိမ့်မယ် ...”

၎င်းမှာ သူမ၏ မစ်ရှင်ဖြစ်၏။ ကျီရွှမ်၏ လက်အောက်ငယ်သား တစ္ဆေများအနက် တစ်စုံတစ်ဦးက ထိုတာဝန်ကို လုပ်ဆောင်လျှင် ဗြူရိုရှိလူများက ထိုတစ္ဆေအား ယုံကြည်ကြမည် မဟုတ်ချေ။ ကျီရွှမ် စေလွှတ်လိုက်သည့် သူတို့အား တိုက်ခိုက်ခဲ့သော အရိပ်တစ္ဆေသည် လျှို့ဝှက်စွာ အချက်ပြနေ၏။ ဘလပ်စ်နှင့် ချန်ချင်းယဲ့က ဆူပွက်နေသော သွေးရေကန်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီးနောက် ဝေ့ရွှယ်ချူးနောက်သို့ ဗြူရိုမှ အခြားလူများနှင့်အတူ လိုက်ပါလာကြသည်။

မိန်းကလေး၏ ခြေလှမ်းများက မြန်ဆန်ပေါ့ပါးနေပြီး ဧရိယာတစ်ဝိုက်နှင့် အလွန်ရင်းနှီးပုံပေါ်သည်။ အဆုံးသတ်တွင် အကြံအစည်က အောင်မြင်သွားခဲ့၏။ သူမက သူတို့ကို သွေးရေကန်အဝေးသို့ မသိမသာ ခေါ်ဆောင်သွားလိုက်သည်။

တုန်ခါခြင်းများက ပို၍ပြင်းထန်လာ၏။ မြေပြင်က အက်ကွဲလာပြီး သွေးနီရောင်အရည်များ စီးဆင်းလာကြသည်။ အငြိုးတရား၏ အနက်ရောင်မြူများက လေထုထဲတွင် မျောလွင့်လျှက်ရှိ၏။ ၎င်းတို့၏ အောက်တွင် အစစ်အမှန်လောကနှင့် အခြားကမ္ဘာကို ဆက်သွယ်ထားသည့် နယ်နိမိတ် ရှိနေသည်။ မိခင်၏ သွေးနီရောင် မျက်ဝန်းများနှင့် အသားများသည် တွန့်လိမ်လျှက်ရှိနေပြီး နယ်နိမိတ်အား ဖြတ်သန်းရန် စောင့်မျှော်နေကြသည်။