အပိုင်း၁၃၁
Viewers 10k

Chapter 131



ကျီရွှမ်၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များသည် စုပ်ယူခံနေရ၏။ ခြေဖဝါးအောက်မှ စွမ်းအားများ ထွက်ခွာသွားသည်ကို သူခံစားမိနေသည်။ အရိုးခိုက်စေသည့် အေးစက်မှုသည် သူ၏ ခန္ဓာကိုယ်အား မြွေတစ်ကောင်ကဲ့သို့ ဖြတ်သန်းလျှက်ရှိ၏။ သူ့နှုတ်ခမ်းထောင့်စွမ်းများ မြင့်တက်သွားကာ မျက်ဝန်းများတွင်လည်း အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

မိခင်၏လူသားခန္ဓာကိုယ်က လေပေါ်တွင် ပေါလောပေါ်နေ၏။ သူမက မျက်လွှာချရင်း ကြည့်လာခဲ့သည်။ သူမက တည်ငြိမ်စွာဖြင့် လက်ကိုမြှောက်လိုက်ချိန်တွင် သွေးရေကန်သည် မြန်ဆန်စွာ အငွေ့ပျံသွား၏။ သူမ၏ သူငယ်အိမ်များက ချက်ချင်းကျုံ့သွားကာ လှုပ်ရှားမှုများမှာလည်း ရပ်တန့်သွားလေသည်။ မိခင်က ကျီရွှမ်အား ကြည့်လိုက်သည်။ သူမ၏ ကြင်နာတတ်ပြီး တည်ငြိမ်သော မျက်နှာက ရက်စက်ဟန် ပေါ်လာ၏။ 

“မင်း -----”

ကျီရွှမ် ထိတ်လန့်သွားသည်။ နောက်တစ်စက္ကန့်တွင် လက်တံရှည်များက မြေအောက်မှ ထွက်ပေါ်လာပြီး သူ့လည်ပင်းကို ရစ်ပတ်လာခဲ့၏။ သူ့နံဘေးရှိ ယဲ့ကျားသည်လည်း စွန်တစ်ခုသဖွယ် ဆွဲယူခံလိုက်ရသည်။ အရပ်ရှည်ရှည်သဏ္ဍာန်က အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ပြီး လက်တစ်ဝါးသာသာရှိသော အရုပ်တစ်ရုပ်နှယ် အသွင်ပြောင်းသွား၏။ ထို့နောက် ၎င်းသည်လည်း စုတ်ဖြဲခံလိုက်ရသည်။

“မင်း လုပ်ရဲတယ် … ”

မိခင်၏ အမူအရာက အကျည်းတန်လာသည်။ သူမ၏ မျက်နှာက တွန့်လိမ်လာပြီး သူမ၏ အရေပြားအောက်မှ သွေးနီရောင်အရည်များ စိမ့်ထွက်လာ၏။ အသားလက်တံများက ကျီရွှမ်အား လေထဲတွင် တွဲလောင်းဆွဲထားလေသည်။ ၎င်းက သူ့အား အားပြင်းပြင်းဖြင့် လိမ်ချိုးရန် ကြံစည်နေ၏။ အရိုးများကျိုးသံနှင့် ပြန်လည်ကောင်းမွန်လာသံများကိုပင် ကြားနေရသည်။

ပြင်းထန်သည့် နာကျင်မှုအောက်တွင် ကျီရွှမ်သည် အံတင်းတင်း ကြိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးစတေးခြင်းကြောင့် အားအင်ဆုံးရှုံးနေရာ လက်ရှိအချိန်၌ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိသေးချေ။ ထို့အပြင် သွေးစတေးခြင်းက မပြီးမြောက်သေးချေ။

ဘာလို့လဲ … မိခင် ဘယ်လိုဖြစ်ပြီး ရှာတွေ့သွားတာလဲ …

“မင်းက တကယ့်ကို ရဲရင့်တာပဲ ...” မိခင်၏ အသံမှာ ကြမ်းတမ်းနေ၏။

“ဒီလိုဆိုမှတော့ ဖြစ်လာမယ့် ကိစ္စအတွက်လည်း ပြင်ဆင်ထားမယ်လို့ ငါထင်တယ် --------”

မရေမတွက်နိုင်သည့် လက်တံများ မြေကြီးထဲမှ ထွက်ပေါ်လာခြင်းနှင့်အတူ လေထုအား ထက်မြသော အရာတစ်ခုခုဖြင့် ပိုင်းဖြတ်လိုက်သံက ထွက်ပေါ်လာသည်။

အေးစက်စက်အလင်း ဖြာထွက်လျှက်ရှိသည့် စက်ဝိုင်းတစ်ခုက လေထုကို ဖြတ်သန်းသွား၏။ ၎င်းက သေစေနိုင်သော ဖိနှိပ်မှုကို သယ်ဆောင်လာခဲ့သည်။ နောက်တစ်စက္ကန့်တွင် သွေးများနှင့်အသားစများက နေရာအနှံ့ပျံ့ကျဲသွား၏။ ကျီရွှမ်၏ လည်ပင်းအား ရစ်ပတ်ထားသည့် လက်တံသည်လည်း ပြတ်ကျသွားသည်။ ကျီရွှမ်သည်လည်း တွဲလောင်းဖြစ်နေရာမှ ပြုတ်ကျလာ၏။

လူငယ်လေးတစ်ဦးက အမှောင်ထုထဲမှ ထွက်ပေါ်လာခဲ့ပြီး သူ့အနီးတစ်ဝိုက်တွင် သွေးညှီနံ့များ လွှမ်းခြုံလျှက်ရှိသည်။ သူ့လက်မောင်းက ကျီရွှမ်၏ ခါးကို ရစ်ပတ်လာပြီးနောက် သွေးရေကန်အဝေးသို့ ခေါ်ဆောင်သွားခဲ့၏။ သူတို့နှစ်ဦးက မနီးမဝေးရှိ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်အထိ ကျီရွှမ်မှာ ကြောင်အနေဆဲ ဖြစ်သည်။

သူက ငုံ့ကြည့်လိုက်၏။ “ကော …”

သူ့မျက်လုံးများက တစ်ဖက်လူ၏ သွေးစွန်းနေသော ရှပ်အင်္ကျီပေါ်သို့ ကျရောက်သွားကာ အသံမှာလည်း တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားခဲ့သည်။ သွေးများက တစ်ဖက်လူ၏ အင်္ကျီမှာ စုတ်ပြဲနေပြီး သွေးများဖြင့် ရွှဲစိုနေသည့် ရင်ဘတ်အား ပြသလျှက်ရှိကာ သူ့ကိုယ်ပေါ်မှ အနွေးဓာတ်ကို ကျီရွှမ် ခံစားမိနေ၏။

ထို့အတူ ထိုသူ၏ ရနံ့မှာလည်း လူသားဆန်နေသည်။ သူက ဖြစ်ပျက်နေသည့် အခြေအနေများကို သဘောပေါက်သွား၏။ လူငယ်လေးသည် ကျင်းကြီး၏ အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သူ့အရှေ့ရှိ ကျင်းကြီးထံမှ အငြိုးတရား၏ အငွေ့အသက်များ ရရှိနေဆဲပင်။ သူက သွေးစတေးသည့် နေရာသို့ ချက်ချင်းထွက်ခွာလာခဲ့သော်လည်း သူဘာမှ မလုပ်နိုင်ခဲ့ချေ။

လက်ရှိတွင် သွေးစတေးသည့် ဓလေ့တစ်ခုလုံး ရပ်တန့်သွားခဲ့သည်။ သူက မိခင်အား တားဆီးရန် လိုအပ်၏။ ယဲ့ကျားက လက်ကိုမြှောက်လိုက်ရင်း ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။ အသားလုံးကို ထုတ်ယူလိုက်ချိန်တွင် မိခင် ထိတ်လန့်သွားခဲ့သည်။

သူမက သူမ၏ အခြားသွေးဆက် မည်သည့်နေရာတွင် ရှိနေခြင်းဖြစ်ကြောင်း နားလည်သွား၏။ ယဲ့ကျား၏ လက်ချောင်းများကြားတွင် အေးစက်စက်အလင်းတစ်ခု ဖြတ်သန်းသွားသည်။ ထက်မြသော အလင်းက သူ့အရေပြားကို ဖြတ်သန်းသွား၏။ သွေးများက ဒဏ်ရာမှ ပန်းထွက်လာခဲ့ပြီး သူ့အင်္ကျီများကို ရွှဲရွှဲစိုသွားစေသည်။ လူငယ်လေး၏ မျက်နှာက ဖြူဖျော့ကာ အေးစက်သွားခဲ့သည်။

သူ့၏ မျက်ဝန်းများကို မျက်တောင်ရှည်များက ဖုံးလွှမ်းသွားကာ မူလ ပယင်းရောင်သို့ ပြန်၍ ပြောင်းလဲသွားခဲ့၏။ သူ၏ အသက်ရှူသံမှာ လေးလံနေခဲ့သော်လည်း ပြန်လည်တည်ငြိမ်လာခဲ့သည်။

အဆင်ပြေပါတယ် … ဆွဲထုတ်လိုက်ရုံပဲ …

ရင်ဘတ်တစ်ခုလုံး တင်းကျပ်သွားသလို ကျီရွှမ် ခံစားလိုက်ရသည်။ ဓားတစ်ချောင်းက သူ့ရင်ဘတ်ကို မွှေနှောက်နေသကဲ့သို့ပင်။ ၎င်းက သူခုနက ကြုံခဲ့ရသည့် နာကျင်မှုထက် အဆထောင်ပေါင်းများစွာ ပိုမိုနာကျင်ရ၏။ သူ့လက်ချောင်းများသည် တုန်ခါလျှက်ရှိသည်။ ကျီရွှမ် အံကြိတ်လိုက်သော်လည်း သူ့လက်ချောင်းများကို အနည်းငယ်မျှပင်

မလှုပ်ရှားဝံ့ချေ။ အလွန်ကြောက်စရာ ကောင်းလှ၏။

“နာနေလား … ”

အမျိုးသား၏ အသံက သူ၏ အသံဖုများကို ဓားဖြင့် ဖြတ်တောက်နေသည့်နှယ် အက်ရှကြမ်းတမ်းလျှက်ရှိသည်။ သူ အသက်ရှူလိုက်တိုင်း နာကျင်နေရပြီး သွေးအရသာ ဖျော့ဖျော့ကိုပင် ခံစားမိနေ၏။ ယဲ့ကျားက သူ့ကိုလှည့်ကြည့်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေ၏။ သူက လူတစ်ဦးထက် တစ္ဆေတစ်ကောင်နှင့် ပိုတူနေပြီး သူ့နှုတ်ခမ်းထက်တွင်လည်း သွေးများစီးကျနေသည်။

နောက်တစ်စက္ကန့်တွင် လူငယ်လေးက ခြေထောက်ကိုမြှောက်လိုက်ပြီး သတိလက်လွတ်ဖြစ်နေသည့် ကျီရွှမ့်အား ကန်လိုက်သည်။ ကျီရွှမ်က မီတာဝက်အကွာရှိ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး ယဲ့ကျားအား ကြောင်အစွာဖြင့် ငေးကြည့်နေမိ၏။

ယဲ့ကျား၏ အသံမှာ အေးစက်လျှက်ရှိသည်။ “မင်းငါ့ကို လှည့်စားရဲတယ် … ” သူက လက်ဆစ်များကို ချိုးလိုက်သည်။

----- ဒီလိုပြောကြကျေးဆို သူတို့အတူတူရှိနေမယ်ဆိုတာကလည်း ညာတာပဲ မဟုတ်လား … ဘယ်လိုတောင် လူလည်ကျတဲ့ လူလိမ်လေးလဲ …

“….”

သူက ရယ်လိုက်သော်လည်း သူ့အသံမှာ အနည်းငယ်တုန်ယင်နေ၏။ :

“ကောကောလည်း အတူတူပဲလေ … ”

ပြောတော့ မခွဲတော့ဘူးဆိုပြီး တိတ်တိတ်လေး စတေးဖို့ ကြံစည်နေခဲ့တာပဲ မဟုတ်လား ….

“အား ----------”

မိခင်က ကျယ်လောင်သော အော်သံတစ်ခု ထုတ်လွှတ်လိုက်သည်။ အငွေ့ပျံနေသည့် သွေးရေကန်သည် ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ပြီး အငြိုးတရားများသည်လည်း မြေပေါ်သို့ စီးဆင်းသွားကြ၏။ တစ်ဖက်ကမ္ဘာသို့ ဝင်ပေါက်မှာ ပိတ်သွားခဲ့လေပြီ။ သွေးစတေးခြင်းကို အားသုံး၍ ရပ်တန့်လိုက်ရသည်။ ထိုသို့မဟုတ်ပါက သူမသည် အစစ်အမှန်လောကထံမှ နှင်ထုတ်ခံရမည် ဖြစ်၏။

လက်ရှိတွင် သူမက အစစ်အမှန်ကမ္ဘာ၌ ရှိနေဆဲဖြစ်သော်လည်း မူလခွန်အား၏ တစ်ဝက်သာ ကျန်ရှိတော့သည်။ မိခင်၏ ရှည်လျားသော အနက်ရောင်ဆံနွယ်များက သွေးညှီနံ့သင်းသည့် လေထုကို ထုတ်လွှတ်လျှက်ရှိသည်။ သူမ၏ ခန္ဓာကိုယ်က တွန့်လိမ်သွားပြီး ရှုံ့မဲ့လာခဲ့၏။ သူမ၏ လူသားအခွံမှာ လူသားနှင့်မတူသည့် ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားခဲ့သည်။

“မင်းတို့က အမေ့ကို ဆန့်ကျင်ရဲကြတယ်ပေါ့ … ”

ယဲ့ကျား မျက်လုံးများမှေးကျဉ်းလိုက်၏။ အတွေးတစ်ချက်နှင့်အတူ ကြီးမားသည့် တံစဉ်းကြီးက သူ့လက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ 

“ငါမင်းနဲ့ နောက်မှစာရင်းရှင်းမယ် ….” .

ယဲ့ကျားက ကျီရွှမ့်ကို လက်ကမ်းလိုက်သည်။ “လာ … ” ကျီရွှမ် ကြောင်အသွားသည်။ သူက လူငယ်လေး၏ လက်ကို ဖမ်းဆုပ်လိုက်၏။

လူသား၏ အပူချိန်သည် သူ့အား လောင်ကျွမ်းရန်ပင် လုံလောက်ပေသည်။ ၎င်းက သူ၏ ဦးခေါင်းမှ ဝိဉာဉ်အနက်ရှိုင်းဆုံးသို့တိုင် စိမ့်ဝင်သွားခဲ့သည်။ အချိန်အကြာကြီးနေမှ ပထမဆုံးအနေဖြင့် သူ အငြိုးကြီးတစ္ဆေဖြစ်စက အချိန်သို့ ပြန်လည် အမှတ်ရသွားခဲ့သည်။ မှောင်မဲသောညတွင် သူသည် ဘိုးဘွားပိုင်ခန်းမကြီးထဲ၌ ရပ်နေခဲ့ရင်း ပြန်မရနိုင်သည့် အနွေးဓာတ်ကို စောင့်မျှော်နေခဲ့ရ၏။ သူဖမ်းဆုပ်ရန် ကြံရွယ်ခဲ့သည့် အရာအားလုံးက သူ့ထံမှ ယူဆောင်သွားခြင်း ခံခဲ့ရသည်။

တစ်ဖက်လူ၏ လက်ချောင်းများက သူ့လက်အား တင်းတင်းဆုပ်ကိုင်လျှက် ထူမလာခဲ့၏။ သူတို့လက်ဖဝါးပေါ်ရှိ သွေးများမှာလည်း အတူတကွ ရောယှက်သွားခဲ့သည်။ ၎င်းတို့က ရှေးပဝေဏသီက လူသားမျိုးနွယ်တို့သာ နားလည်သည့် စကားများကို ဆိုနေကြသည့်အတိုင်းပင်။

အမြဲတမ်း အတူတူ …

ဤတစ်ကြိမ်၌ သူသည် စွန့်ပစ်ခြင်းမခံရတော့။

.......

နက်ရှိုင်းသော အက်ကွဲကြောင်း အတွင်းမှ လက်တံရှည်များ ထွက်ပေါ်လာသည်။ လက်တံရှည်များက အနက်ရောင် ကောင်းကင်အောက်တွင် ချွဲကျိကျိနှင့် မသတီစရာ ကောင်းနေသည်။ ၎င်းတို့အား မည်မျှ ဖြတ်တောက်ပစ်ပါစေ၊ မည်မျှ တိုက်ခိုက်သည် ဖြစ်စေ၊ လျှင်မြန်စွာ ပြန်ကောင်းလာလေ့ရှိ၏။ ၎င်းတို့က မပျက်စီးနိုင်တော့သယောင် ထင်ရလေသည်။

အမျိုးသမီးသည် လေပေါ်တွင် မျောလွင့်လျှက်ရှိပြီး သူမ၏ ဖြူဖျော့သော အသားအရည်က အနက်ရောင်နှင့် သွေးနီရောင်များ ပြည့်နှက်နေသော ပတ်ဝန်းကျင်တွင် ပိုမိုဖြူဖျော့လာသလို ထင်ရသည်။ သူမ၏ အပြင်ဘက်အရေပြားသည် အတွင်းဘက်ရှိ ပုံသဏ္ဍာန်ပြောင်းလဲမှုကြောင့် ဆွဲဆန့်ခြင်း ခံရလျှက်ရှိ၏။ အရိုးချမ်းဖွယ်အသံတစ်ခုက သူမ၏ မျက်နှာဟောက်ပက်ပက်ထံမှ ထွက်ပေါ်လာခဲ့သည်။

“ခုထိ သဘောမပေါက်သေးဘူးလား …”

သူမအနောက်ဘက်တွင် ကြီးမားသော လက်တံရှည်များက သူတို့ထံသို့ လျှင်မြန်စွာ ဦးတည်လျှက်ရှိသည်။ လက်တံတစ်ခုကို ဖြတ်တောက်လိုက်တိုင်း နောက်ထပ်လက်တံများစွာက ကြီးထွားလာ၏။ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခြင်းနှင့်အတူ မြောက်များစွာသော လက်တံများ ပျက်စီးသွားခဲ့၏။ သို့သော် ဖြတ်တောက်လိုက်သည့် နေရာတွင် လက်တံများ ထပ်၍ ပေါ်ထွက်လာပြန်သည်။

“မင်းငါ့ကို ထိခိုက်အောင် လုပ်လို့မရဘူးလေ …”
မိခင်က ဆိုသည်။

ယဲ့ကျားက တံစဉ်း၏ အရိုးလက်ကိုင်အား ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူ၏ အရေပြားအတွင်းမှ သွေးစီးကြောင်းအချို့ စီးဆင်းလာကာ တံစဉ်း၏ လက်ကိုင်အား အနီရောင်ခြယ်လိုက်၏။ သူ၏ အခြေအနေမှာလည်း မကောင်းလှချေ။ သူ့မျက်နှာမှာ ဖြူလျော်နေပြီး နောက်တစ်စက္ကန့်အတွင်း ပြိုလဲသွားတော့မလို ရှိနေသည်။ သူ၏ ပယင်းရောင် မျက်ဝန်းတစ်စုံက လေထဲတွင် မျောလွင့်နေသည့် မိခင်အား ကြည့်နေသည်။

သူက လူသားအဖြစ် အသွင်ပြောင်းပြီးနောက် ပြန်လည်ကောင်းမွန်သည့် စွမ်းရည်အား ဆုံးရှုံးလိုက်ရ၏။ ယဲ့ကျား၏ ခန္ဓာကိုယ်သည် သာမန်လူသားများထက် သန်မာသော်ငြား သူ့ရင်ဘတ်ရှိ ဒဏ်ရာသည် အချိန်တိုအတွင်း ပြန်မကောင်းလာနိုင်ချေ။ သူ့အနီးတစ်ဝိုက်ရှိ အပူချိန်မှာလည်း အဆက်မပြတ် ကျဆင်းလျှက်ရှိ၏။

ယဲ့ကျားက သူ အသက်ရှူလိုက်တိုင်း သူ့နှာခေါင်းနှင့်ပါးစပ်မှ အခိုးအငွေ့များ ထွက်လာသည်ကိုပင် တွေ့နေရသည်။ သူ၏ နှလုံးခုန်သံကိုလည်း ကျယ်လောင်စွာ ကြားနေရ၏။ သူက အလွန်စိတ်ဖိစီးနေပြီး အနားမရနိုင်ဖြစ်နေသည်။ သို့သော် တစ်ဖက်လူက သူ့အား တွေးနေခွင့်မပြုချေ။ မိခင်၏ သွေးနီရောင် မျက်ဝန်းများက အတွေးတစ်ချက်နှင့်အတူ ရွေ့လျားသွား၏။ သွေးစတေးခြင်း လုပ်ငန်းစဉ်တွင် သူမသည်လည်း အားနည်းသွားခဲ့သည်။

သူမအရှေ့ရှိ တိုက်ရိုက်သွေးဆက်နှစ်ဦးမှာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့သော်လည်း ထိုအဖြစ်က သူမအား ခြိမ်းခြောက်နိုင်စွမ်း မရှိကြချေ။ သူမက ပြန်လည်ကောင်းမွန်ရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။ ထို့နောက် အင်အားပြန်လည်စုစည်းကာ နောက်ပိုင်းမှ စာရင်းရှင်းနိုင်၏။ အင်အားစုစည်းခြင်းသည် အချိန်ဘယ်လောက်မှ ကြာမည်မဟုတ်ချေ။ မိခင်က ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ အသံခပ်တိုးတိုးက သူမ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာ၏။ ထိုအသံမှာ မကျယ်လှသော်လည်း အတားအဆီးအားလုံးကို ကျော်ဖြတ်လျှက် နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။

“ကလေးတို့ ….”

အကွာအဝေးတစ်ခုရှိ ကောင်းကင်က တုန်လှုပ်သွားသည်။ အနက်ရောင် တိမ်တိုက်များက နေရာအနှံ့ ပျံ့နှံ့သွားခဲ့၏။ ယဲ့ကျား သတိအပြည့်ဖြင့် စောင့်ကြည့်လိုက်သည်။

S အဆင့် သုံးဦး၊ A အဆင့် ၃၄ ဦးနှင့် B အဆင့်များ။

မရေမတွက်နိုင်သည့် အငြိုးကြီးတစ္ဆေများသည် သူတို့ထံချဉ်းကပ်လာကြ၏။ မကြာခင်မှာပင် စွန့်ပစ်နယ်မြေတစ်ခုလုံး ဖြူဖျော့သော မျက်နှာများဖြင့် ပြည့်နှက်သွားခဲ့သည်။ မရေမတွက်နိုင်သော လောဘတကြီး အကြည့်များက သူတို့နှစ်ဦးအပေါ် ကျရောက်လာကာ ရူးသွပ်စွာ ချီတက်လာကြ၏။ မိခင်၏ မျက်နှာတစ်ဖက်သည် ပုံပျက်နေပြီး အခြားတစ်ဖက်ကမူ လူသားအသွင် ရှိနေဆဲ ဖြစ်သည်။ မိခင်က မျက်လွှာချလိုက်ရင်း အပြုံးနှင့်ဆို၏။ :

“မင်းတို့ ပျော်မှာပါ ...”

ထိုသို့ ပြောပြီးနောက် အသားများသည် အရွယ်အစား ကျုံ့သွားခဲ့ပြီး သူမက ထွက်ခွာရန် ကြိုးစားလိုက်၏။ ယဲ့ကျား မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ထိုသို့အဖြစ်မခံနိုင်ချေ။ မိခင်အား ပြန်လည်ကုစားခွင့်ပေးလိုက်ပါက နောက်ထပ် အခွင့်အရေး ရှိတော့မည်မဟုတ်။

ကံကောင်းစွာဖြင့် မိခင် ခန္ဓာကိုယ်သည် အလွန်ကြီးထွားနေပြီး ပြင်ပဒဏ်ရာများလည်း ရရှိထားရာ တစ္ဆေပိုင်နက်ကို အသက်သွင်းနိုင်စွမ်း မရှိချေ။ ယဲ့ကျား၏ လက်ချောင်းများက ပို၍တင်းကျပ်သွားပြီး မြေပေါ်သို့ သွေးတစ်စက်စက် ကျဆင်းလာသည်။ နောက်တစ်စက္ကန့်တွင် သူက တံစဉ်းကို ဝေ့ယမ်းလိုက်ရင်း လေပေါ်ခုန်တက်လိုက်၏။

သို့သော် A အဆင့် အငြိုးကြီးတစ္ဆေများက သူ့ထံသို့ တိုးဝင်လာကြသည်။ တောက်ပသော အလင်းများက အဆက်မပြတ်ထွက်ပေါ်နေသော်လည်း အငြိုးကြီးတစ္ဆေများက လစ်လပ်သွားသည့် နေရာအား ဆက်လက် ဖြည့်တင်းလိုက်ကြသည်။ မိခင်၏ ခန္ဓာကိုယ်သည် ကောင်းကင်ပေါ်သို့ မြင့်တက်သွားပြီး တဖြည်းဖြည်း ဝေးကွာသွားသည်ကို ယဲ့ကျား တွေ့နေရ၏။သူက စိတ်ပူသွားခဲ့သည်။

“….ဟေး .”

ကျီရွှမ်၏ အသံသည် သူ့နံဘေးမှ ထွက်ပေါ်လာသည်။ ယဲ့ကျား အံ့အားသင့်သွားကာ လှည့်ကြည့်လိုက်၏။ သူ့နံဘေးရှိ သွေးပင်လယ်က ရုတ်တရက် မြင့်တက်လာပြီး အငြိုးကြီးတစ္ဆေများသည် နာကျင်စွာ အော်ဟစ်ရင်း နစ်မြုပ်သွားခဲ့ရသည်။

သွေးနီရောင် ကန့်လန့်ကာသည် သူတို့နှစ်ဦးပတ်ပတ်လည်တွင် ဖြန့်ကျက်သွားခဲ့သည်။ ဝိုးတဝါး ပုံရိပ်များအား တွေ့နေရဆဲ ဖြစ်သော်လည်း အပြင်ဘက်ရှိ ဆူညံသံများကိုမူ အပြီးအပိုင် ဖြတ်တောက်ထားလျှက်ရှိ၏။ သူတို့အနီးရှိ အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်၊၊

ယဲ့ကျား၏ မျက်ဝန်းများက အံ့ဩမှုဖြင့် ဝိုင်းစက်သွားသည်။

သူ့မျက်ဝန်းထဲတွင် တရွေ့ရွေ့ ချဉ်းကပ်လာသည့် ကျီရွှမ်၏ ပုံရိပ်သာ ထင်ဟပ်နေ၏။ အေးစက်စက် လက်ချောင်းများသည် သူ၏ စုတ်ပြဲနေသော အင်္ကျီကြားသို့ ဝင်ရောက်သွားကာ ဒဏ်ရာ၏ အနားသတ်များတစ်လျှောက် ညှင်သာစွာ ရွေ့လျားနေသည်။ လက်ချောင်းများ ထိတွေ့လိုက်သော နေရာတိုင်း နာကျင်မှုများ လွင့်ပါးသွားခဲ့ပြီး လူငယ်လေး၏ အနွေးဓာတ်ပါရှိသော သွေးစများက လက်ချောင်းများပေါ်တွင် စွန်းထင်းသွားခဲ့၏။

ထိတွေ့ခြင်းခံရသည့် အရေပြားတစ်ဝိုက်သည် သာမန်မျက်စိဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ကောင်းမွန်လာသည်။ ယဲ့ကျား၏ လည်ချောင်းအတွင်းမှ ညည်းညူသံအချို့ ထွက်ပေါ်လာခဲ့သည်။ အထိအတွေ့မှာ နူးညံ့ပြီး နွေးထွေးလှ၏။

.“အရမ်း နွေးတာပဲ …”

နောက်တစ်စက္ကန့်တွင် ယဲ့ကျားက တစ်စုံတစ်ခုအား သတိပြုမိသွားဟန်ဖြင့် ဘေးဘက်သို့ကြည့်လိုက်သည်။ သူထင်သည့်အတိုင်းပင် ကျီရွှမ်၏ နောက်ထပ်လက်တစ်ဖက်က တံစဉ်းပေါ် ကျရောက်နေ၏။ တံစဉ်း၏ ပါးလွှာသော ထိပ်ဖျားက သူ၏ လက်ဖဝါးတွင်း စိုက်ဝင်လျှက်ရှိသည်။

တံစဉ်းသည် ကျီရွှမ်၏ လက်မှ သွေးများကို လောဘတကြီး သောက်သုံးနေပြီး သားရဲတစ်ကောင်က လျက်နေသကဲ့သို့ ကြားရသူအဖို့ ကြက်သီးထဖွယ်ကောင်းသော အသံများ ထွက်ပေါ်လျှက်ရှိသည်။ ယဲ့ကျား ထိတ်လန့်သွား၏။ သူက တံစဉ်းအား ချက်ချင်းဆွဲယူလိုက်သော်လည်း အလုပ်မဖြစ်ချေ။

“မင်း ဘာလုပ်နေတာလဲ … ”

ယဲ့ကျား စိတ်ပူသွားကာ ကျီရွှမ်၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်သည်။

“လွှတ်လိုက် ….”

သို့သော် ကျီရွှမ်က ထိုအခွင့်အရေးကို အသုံးချကာ တစ်ဖက်လူအား သူ၏ ပွေ့ဖက်မှုအတွင်းသို့ ကျရောက်စေလိုက်၏။ သွေးများက မမြင်ရသော အားတစ်ခု၏ ဆွဲဆောင်ခြင်း ခံရသည့်နှယ် ပင့်ကူမျှင်များအသွင် ဖြန့်ကျက်သွားရင်း တံစဉ်းတစ်ခုလုံးအား အနီရောင်ခြယ်ပစ်လိုက်သည်။ ကျီရွှမ်၏ ဖြူဖျော့နေသော အသွင်အပြင်မှာ ပို၍ ဖြူဖျော့လာပြီး လေထုထဲတွင် ပျောက်ကွယ်သွားတော့မလို ဖြစ်နေ၏။ ယဲ့ကျားက သူ့အရှေ့ရှိ အမျိုးသားအား နီရဲသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့အသံက ဒေါသအား ဖိနှိပ်ထားရပုံပေါ်၏။

“မင်းတကယ်သေချင်နေတာလား …”

သူက ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်၏။ “လွှတ်လိုက်စမ်း …”

“ပြီးတော့မှာပါ …” 

ကျီရွှမ်က ယဲ့ကျား၏ နားနားကပ်ကာ တီးတိုးဆိုလိုက်သည်။ ထို့နောက် တံစဉ်းအား ပို၍တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သဖြင့် တံစဉ်း၏ ထိပ်ဖျားက သူ၏ အရိုးကိုပင် ထိခတ်သွားခဲ့၏။ သူ့လက်မောင်းကြားရှိ လူငယ်လေးက ရုန်းကန်ကာ တိုက်ခိုက်နေသော်လည်း အချည်းနှီးသာဖြစ်သည်။ တံစဉ်းက ၎င်း၏ အသွားတစ်ခုလုံး သွေးနီရောင် ပြောင်းသွားသည်အထိ ကျီရွှမ်၏ သွေးများကို သောက်သုံးနေသည်။

ယဲ့ကျား၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူ၏ ဒဏ်ရာနေရာတွင် ချောမွေ့သော အရေပြားသာ ရှိတော့၏။ ရှည်လျားပြီး ဖြူဖျော့သော လက်ချောင်းများက တံစဉ်း၏ အရိုးလက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ဖယ်ရှားလိုက်သည်။ ကျီရွှမ်က တံစဉ်း၏ အသွားအား ဆုပ်ကိုင်ထားခြင်းကို ဖြေလျော့ပေးလိုက်၏။ သူ၏ သွေးတစ်စက်သည် တစ်ဖက်လူ၏ လက်ခုံပေါ်သို့ ကျဆင်းသွားခဲ့သည်။

“အခု ကော သူမကို ထိခိုက်အောင် လုပ်နိုင်ပြီ …” ယဲ့ကျား၏ လက်ချောင်းများ တောင့်တင်းသွားပြီး ကျီရွှမ့်ကို ကြည့်လိုက်မိသည်။

“မင်းဘာလုပ်လိုက်တာလဲ … ”

ထိုအချက်သာ အသုံးပြု၍ရပါက ကျီရွှမ် ၎င်းကို ယနေ့အထိ ထိမ်ချန်ထားမည် မဟုတ်ကြောင်း သူ ကောင်းစွာသိသည်။ ကျီရွှမ်က အရှုံးပေးဟန်ဖြင့် လက်မြှောက်လိုက်သည်။ လက်တစ်ဖက်က ယဲ့ကျား၏ သွေးများစွန်းထင်းနေပြီး အခြားတစ်ဖက်ကမူ အရိုးပေါ်နေသည့် ဒဏ်ရာဖြင့် သွေးများစီးကျနေ၏။