အပိုင်း ၁၃၂
Viewers 10k

Chapter 132




“ကျွန်တော့်ကို အဲဒီ့လိုမကြည့်နဲ့လေ … ကျွန်တော် ဘာမှ မလုပ်ဘူး … ”

“…...မင်း ”

ယဲ့ကျား သူ့အင်္ကျီကော်လံကို ဆွဲလိုက်၏။ ကျီရွှမ် ရယ်မောလိုက်သည်။ သူက တစ်ဖက်လူအား သူ၏ ကော်လံကို ဆွဲခွင့်ပေးလိုက်ရင်း ခေါင်းငုံ့ကာ နဖူးချင်းထိလိုက်၏။

“ကျွန်တော် ကောကို အားလုံးပုံလောင်းလိုက်ပြီ ...”

ကျီရွှမ်သည် သွေးစွန်းနေသည့်လက်ကို မြှောက်လိုက်ရင်း သူ့ ကော်လံအား ဆွဲယူထားသည့် တစ်ဖက်လူ၏ လက်များကို ပြေလျော့စေကာ လက်ချောင်းများအချင်းချင်း ယှက်နွယ်လိုက်သည်။သွေးများက သူတို့နှစ်ဦး၏ လက်ဖဝါးကြား ပျံ့နှံ့သွားသော်လည်း ကျီရွှမ့်မျက်နှာတွင် နာကျင်သည့် အမူအရာ မရှိနေပေ။

“ကျွန်တော့်ကိုယ်ကျွန်တော် စတေးဖို့လုပ်ခဲ့ပြီးပြီ … ”

သူက ယဲ့ကျားကိုကြည့်ကာ ညှင်သာစွာဆို၏။ သူ့အပြုံးက လေထဲသို့ ပျံ့လွင့်သွားသည့်နှယ် ရှိသည်။ :

“ဒီတစ်ခါ ကျွန်တော့်ကို တားခဲ့တာ ကောကိုယ်တိုင်ပဲ … ကော နောင်တမရဖို့ မျှော်လင့်ပါတယ် … .”


“မရှုံးစေနဲ့ … ”

ကျီရွှမ်၏ အသံက ချစ်သူတစ်ဦး ကျီစယ်နေသကဲ့သို့ ရှိသည်။

:“မဟုတ်ရင် ကောအရမ်းချစ်တဲ့ ဒီကမ္ဘာကို ကောနဲ့အတူ အဖော်ပြုခိုင်းပစ်မယ် ...”

ယဲ့ကျား ထိတ်လန့်သွားသည်။ သူက တစ်ဖက်လူ၏ မျက်ဝန်းများကို မော့ကြည့်လိုက်မိ၏။ သွေးနီရောင် မျက်ဝန်းအတွင်းရှိ ပိုင်စိုးလိုမှုများနှင့် ယုံကြည်မှု လွန်ကဲခြင်းများက သူ့တစ်ကိုယ်လုံးကို ဝါးမြိုပစ်တော့မလို ထင်ရစေသည်။

နောက်တစ်စက္ကန့်တွင် သူတို့ အနီးတစ်ဝိုက်ရှိ သွေးကန့်လန့်ကာက ပျောက်ကွယ်သွားသည်။ အပြင်ဘက်တွင် အငြိုးကြီးတစ္ဆေများဖြင့် ပြည့်နှက်နေ၏။ အနီးမဝေးမှ ထူထဲသော တိမ်တိုက်များကြားတွင် မိခင်အား တွေ့နေရသည်။

“မြန်မြန် သွားတော့ ...”

ကျီရွှမ်သည် တစ်ဖက်လူ၏ လက်ကလေးကို ပင့်မကာ လက်ခုံအား ခပ်ဖွဖွနမ်းလိုက်သည်။ သူ့မျက်နှာထက်ဝယ် ပျော်ရွှင်သော အပြုံးတစ်ခု ထင်ဟပ်နေ၏။

ယဲ့ကျားက ကျီရွှမ်အား စိုက်ကြည့်လိုက်သည်။ “ကတိပေးပါ ...”

ကျီရွှမ်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။

“ကောင်းပြီလေ …”

သူက သွေးပင်လယ်အား မြင့်တက်စေလျှက် ယဲ့ကျားအရှေ့မှ တစ္ဆေများကို ရှင်းလင်းလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာ၏။ သူက တစ်ဖက်လူ၏ ပုံရိပ် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည့်တိုင် စောင့်ကြည့်နေခဲ့သည်။

ကျီရွှမ်သည် မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းလိုက်ရင်း ယဲ့ကျား၏ သွေးများစွန်းထင်းနေသည့် လက်ကို ဒဏ်ရာရနေသည့် လက်ပေါ်သို့ ဖိလိုက်သည်။ သွေးထွက်နေခြင်းက ရပ်တန့်သွားခဲ့သည်။ သို့သော် ဒဏ်ရာက သူ့လက်ဖဝါးပေါ်တွင် ရှိနေဆဲပင်။

ကျီရွှမ်က သွေးများရောသွားသည်ကို သေသေချာချာ စစ်ဆေးလိုက်သည်။ သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးက ပိုမိုနက်ရှိုင်းလာ၏။ သူက လက်ကို နှုတ်ခမ်းနားသို့ကပ်ရင်း လျက်လိုက်သည်။ သူ၏ ပါးစပ်ထဲတွင် သွေးအရသာက ပျံ့နှံ့သွားခဲ့၏။

ကျွန်တော်တို့ အခုတစ်ယောက်နဲ့တစ်ယောက် ဆက်နွယ်သွားကြပြီ … သွေးတွေရော အရိုးတွေရောပေါ့ … သေခြင်းကတောင် ကျွန်တော်တို့ကို ခွဲနိုင်မှာမဟုတ်တော့ဘူး …

မိခင်က သူမ၏ အရေပြား အပေါ်ယံလွှာအား ဖြည်းဖြည်းချင်း ပြန်လည် ကုသနေသည်။ လျော့ရဲနေသည့် အရေပြားက မူလနေရာသို့ ပြန်လည်ရောက်ရှိလာပြီး သူမ၏ အသားလွှာများသည်လည်း ဖုံးကာခံလိုက်ရ၏။ သွေးစတေးမှုကျရှုံးခြင်း၏ သက်ရောက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူမက မူလအသွင်အပြင်ကိုပင် ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ချေ။

ချီးပဲ …

မိခင်၏ ပြန်လည်ကုစားနေသော မျက်နှာက ဒေါသဖြင့် ရှုံ့တွသွား၏။ သူမသည် တစ်ဘဝလုံး ထိုမျှကြီးမားသော အရှုံးမျိုး မကြုံခဲ့ရဖူးချေ။ သူမက ပြန်လည် တပ်ဆုတ်လာရပြီး အားပြန်ဖြည့်ရန်ပင် နေရာရှာနေရသည်။ သူမ ပြန်ကောင်းသွားသည်နှင့် …

ရုတ်တရက် မိခင်၏ မျက်လုံးများက ပြူးကျယ်သွား၏။ ဖြူဖျော့သော မျက်နှာနှင့် လူငယ်လေးတစ်ဦးသည် တစ်နေရာမှ ပေါ်ထွက်လာသည်။ သူ၏ အမူအရာမှာ အလွန်အေးစက်တည်ငြိမ်နေ၏။ စကားတစ်ခွန်းမှ မဆိုပဲနှင့် သူ့ထံမှ ပြင်းထန်သော ဒေါသကို ခံစား၍ရနေသည်။ ထက်မြသော ဓားတစ်စင်းက သူမထံဦးတည်လာသကဲ့သို့ သတ်ဖြတ်လိုရိပ်အား မိခင် ခံစားလိုက်ရသည်။ သူမက အလျှင်အမြန် နောက်ဆုတ်လိုက်၏။

“ရွှပ်------”

ထက်မြသော အသွားက အသားတုံးကြီးအား ဖြတ်သွားခဲ့သည်။ ပိုင်းဖြတ်ခံလိုက်ရသည့် အသား၏ အရောင်က မှိန်ဖျော့သွားပြီး မီးခိုးနက်ရောင် အဖြစ်ပြောင်းလဲသွားရင်း လေထုထဲတွင် ပြိုကွဲသွား၏။

ဘာလဲ … မိခင်၏ သူငယ်အိမ်များ ကျုံ့သွားခဲ့သည်။ သူမက များပြားလှသည့် လက်တံများအား ယဲ့ကျားတိုက်ခိုက်မှုမှ လွတ်ကင်းအောင် သိမ်းဆည်းရင်း လူငယ်လေးအား စိုးရိမ်တကြီး ကြည့်လိုက်၏။

ငါ သူ့ကြောင့်တကယ်ပဲ ဒဏ်ရာရသွားခဲ့တာလား …
မဖြစ်နိုင်တာ … သူမ လက်ဆောင်အားလုံးက အဆိပ်သီးတွေချည်းပဲ … အရမ်းအစွမ်းထက်ပေမယ့် သူမ ကလေးတွေ အားလုံး သူမကို ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိဘူးလေ… မဟုတ်မှလွဲရော …

မိခင်၏ အမူအရာက အကျည်းတန်သွားခဲ့သည်။

…..

မြေအောက်တွင် …

အငြိုးကြီးစ္ဆေများက သွေးပင်လယ်သည် ချက်ချင်း အားနည်းသွားသည်ကို တွေ့လိုက်ရသည့်အခါ အလွန်အံ့ဩသွားကြ၏။ ၎င်းက လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်နေသလိုပင်။ အငြိုးကြီးတစ္ဆေအချို့က ယဲ့ကျားနောက်သို့ လိုက်ရန် ကြိုးစားကြသော်လည်း ပြန်လည် ဆွဲယူခြင်း ခံလိုက်ရသည်။ ကျီရွှမ်က မျက်လုံးများ ကျဉ်းမြောင်းလိုက်၏။

“ငါဒီမှာပဲ အဆုံးသတ်လိုက်တော့မယ် …”

သူ၏ လက်များက ရှည်ထွက်လာပြီး အငြိုးကြီးတစ္ဆေအချို့သည် ဆွဲဖြဲခံလိုက်ရသည်။ သွေးများက အမျိုးသား၏ မျက်နှာသို့ စင်သွားကာ ပြန်လည်စီးကျလာ၏။ သူ့အသံက အေးစက်နေပြီး ရက်စက်မှု တစ်စွန်းတစ်စ ပါဝင်နေသည်။

“ဘယ်သွားကြမလို့လဲ …”

အငြိုးကြီးတစ္ဆေများသည် အချင်းချင်း အကြည့်ဖလှယ်လိုက်ပြီးနောက် ကျီရွှမ့်ထံသို့ ဦးတည်လိုက်ကြသည်။ အမျိုးသား၏ ခန္ဓာကိုယ်သည် ခန့်မှန်းမရသော လေထုသဖွယ် ရွေ့လျားသွား၏။ သူက တစ္ဆေများအား ဖြတ်သွားရင်း သွေးများကို နေရာအနှံ့ ပက်ဖြန်းလိုက်သည်။ သို့သော် သူထိန်းချုပ်နေကျ သွေးပင်လယ်သည် ဆင့်ခေါ်ခြင်း မခံခဲ့ရချေ။

အခြား A အဆင့် အငြိုးကြီးတစ္ဆေနှစ်ကောင်က ဆွဲဖြဲခံလိုက်ရ၏။ သူတို့နောက်ဖက်တွင် ပုန်းခိုနေသည့် S အဆင့် အငြိုးကြီးတစ္ဆေက ပေါ်ထွက်လာခဲ့သည်။ ကျီရွှမ်၏ ပုခုံးများအား သွေးစွန်းနေသည့် ဓားနှစ်ဖက်က ထိုးသွင်းသွားခဲ့၏။ ကျီရွှမ့်ထံမှ အသံတစ်စုံတစ်ရာ ထွက်မလာခဲ့သော်လည်း သူကြောင်အသွားခဲ့သည်။

“ ဟားဟားဟား …” S အဆင့် အငြိုးကြီးတစ္ဆေသည် ရူးသွပ်စွာ ရယ်မောလိုက်၏။

“ကျီရွှမ် … အမေအချစ်ဆုံး သွေးဆက် … ဒဏ္ဍာရီလာ တစ္ဆေဘုရင် … မင်းမှာလည်း ဒီလိုနေ့မျိုး ရှိလာသေးတာပဲနော် …” 

၎င်းက ကျီရွှမ် ခုခံကာကွယ်ခြင်း မပြုလုပ်နိုင်ချိန်ကို စောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ထိုးဖောက်စမ်း ------”

မြေပြင်ပေါ်သို့ သွေးများနှင့် ကိုယ်တွင်းအင်္ဂါများ ကျဆင်းသွား၏။ အရပ်ရှည်ရှည်ပုံရိပ်တစ်ခုသည် ထိုမြင်ကွင်းကို ငရဲမှ တက်လာသည့် သေခြင်းနတ်ဘုရားကဲ့သို့ ကြည့်နေသည်။ သူက သွေးနီရောင်မျက်ဝန်းများကို မှေးကျဉ်းလိုက်၏။

“ဆက်လုပ်လေ …”

အခြား အငြိုးကြီးတစ္ဆေများက ရှေ့သို့ ခြေတစ်လှမ်းပင် မတိုးရဲအောင် ကြောက်လန့်သွားကြ၏၊ ၎င်းတို့အနက် တစ်ဦးက ရယ်မောလိုက်သည်။

“…..ဟီးဟီး … သူ့ဒဏ်ရာတွေကို ကြည့်စမ်း … မကြောက်ပါနဲ့ ဒီတစ်ခါ ငါတို့နိုင်တော့မှာ ...”

အခြားတစ္ဆေများက ကျီရွှမ်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများရွှဲနေကြောင်း တွေ့လိုက်ရသည်။ သူ့အင်္ကျီအောက်မှ ဒဏ်ရာများကိုပင် ရှင်းလင်းစွာ တွေ့မြင်နေရ၏။ တစ္ဆေဘုရင်၏ လက်ရှိအခြေအနေမှာ ဒဏ်ရာပရပွနှင့် ဖြစ်နေပြီး သူတို့အသားစီးရနေကြကြောင်း သူတို့အားလုံး မျက်လုံးဖြင့် အတည်ပြုလိုက်ကြသည်။

“ကောင်းတယ် …” ကျီရွှမ် ခပ်ဖွဖွရယ်လိုက်ရင်း သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်ပစ်လိုက်သည်။

“ဒါက ငါလိုချင်တဲ့ ကိစ္စပဲ …”

သူက မျက်လုံးများကို မှေးကျဉ်းကာ ဆို၏။ “ ဒီလိုဆိုမှတော့ ဘာလို့ ကြိုးစားမကြည့်ကြတာလဲ …”

တစ္ဆေဘုရင်ကို ဘယ်သူသတ်နိုင်မလဲဆိုတာ ကြည့်ရအောင် …

ကျီရွှမ်က မျက်လွှာပင့်လိုက်ရင်း အကွာအဝေးတစ်ခုထံ ကြည့်လိုက်သည်။ လက်တံများနှင့် အနက်ရောင်တိမ်တိုက်များ ရှိနေသည့်နေရာတွင် ပုံရိပ်တစ်ခုကို မြင်နေရ၏၊ သူက မသိမသာ ပြုံးလိုက်မိသည်။ ဤတစ်ကြိမ်၌ အစစ်အမှန်တိုက်ပွဲမှာ အခြားနေရာတွင် ဖြစ်ပျက်နေခြင်း ဖြစ်၏။

.......


ရွံစရာလက်တံများသည် ဖြတ်တောက်ခံလိုက်ရသည်နှင့် လေထုထဲတွင် ပျောက်ကွယ်သွားကြသည်။ ယဲ့ကျား၏ မျက်လုံးမှာ အေးစက်စက် လင်းလက်နေပြီး မီးတောက်များ ရှိနေသကဲ့သို့ပင်။ သူ၏ သွေးနီရောင်ဓားက သွေးများ ရွှဲစိုလျှက်ရှိသည်။ လေထုအား ထက်မြသော ဓားဖြင့် ပိုင်းဖြတ်လိုက်တိုင်း သွေးစက်များက နေရာအနှံ့ ပျံ့နှံ့သွားလျှက်ရှိသည်။ မြင်ကွင်းက လှပနေပြီး တစ်ချိန်ထဲမှာပင် ကြောက်မက်ဖွယ်ကောင်းနေ၏။ သူ၏ လက်နက်သည် လက်တံများ၏ စွမ်းအားကို စားသုံးလိုက်သကဲ့သို့ တုန်ယင်လျှက်ရှိသည်။ ယဲ့ကျား၏ လှုပ်ရှားမှုများက ပိုမိုမြန်ဆန်လာ၏။

သူ၏ လှုပ်ရှားမှုများနှင့် စွမ်းအားများသည် အထွတ်အထိပ်သို့ ရောက်ရှိနေကြသည်။ သူဂိမ်းထဲတွင် သင်ယူခဲ့သည့် ကျင့်စဉ်များ၊ နည်းဗျူဟာများအားလုံးကို တစ်ခုပြီးတစ်ခု အသုံးချလျှက်ရှိ၏။ မိခင်၏ လှုပ်ရှားမှုများသည် ပို၍ အချိုးမကျ ဖြစ်လာခဲ့သည်။ သူမ၏ ပြန်လည်ကုစားနိုင်စွမ်းသည် အလုပ်မဖြစ်တော့ချေ။ ဖြတ်တောက်သံများနှင့််အတူ ယဲ့ကျားက သူမ၏ ပင်မခန္ဓာကိုယ်နှင့် တဖြည်းဖြည်း နီးကပ်လာ၏။ မိခင်က အံကြိတ်လိုက်သည်။ သူမက လက်ကိုမြှောက်၍ တစ်ဖက်လူ၏ တိုက်ခိုက်မှုအား ကာကွယ်လိုက်ရင်း ယဲ့ကျား၏ အနောက်ဘက်ကို တိုက်ခိုက်လိုက်၏။

“ဘန်း …”

မိခင်၏ လက်မောင်းက သွေးနံရံတစ်ခုဖြင့် တိုက်မိပြီး ကျေမွသွားသည်။ ရင်းနှီးနေသော သွေးနံရံသည် ယဲ့ကျား၏ နောက်ကျောအား ကာကွယ်ပေးထားသည်။ ယဲ့ကျား၏ အမူအရာက ကြောင်အသွားခဲ့၏။ သူ ထိုနံရံအား ကောင်းစွာသိလေသည်။ မိခင်၏ သွေးနီရောင် မျက်ဝန်းများက ယဲ့ကျား၏ မျက်နှာပေါ်တွင် ရပ်တန့်သွား၏။ သူမက တစ်ဖက်လူ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာကို လှောင်ပြောင်လိုက်သည်။

“အိုး … ဒါကဒီလိုပေါ့လေ ... ကြည့်ရတာ မင်းလည်း သတိမပြုမိခဲ့တဲ့ပုံပဲ ….” သူမက လက်တစ်ချောင်းကို မြှောက်ကာ နှုတ်ခမ်းနားကပ်လိုက်၏။

“လက်ဆောင်အား လုံးမှာ သူ့တန်ကြေးနဲ့သူရှိပေမယ့် ကြည့်ရတာတော့ …”

“မင်းတို့အထဲက တစ်ယောက်က လက်ဆောင်ပဲရခဲ့တဲ့ပုံပဲ …” သူမက နောက်ထပ်လက်တစ်ချောင်း မြှောက်လိုက်၏။

“နောက်တစ်ယောက်ကတော့ တန်ကြေးကိုပေးရတာပေါ့ …”

သူမ ပုံရိပ်သည် တစ်ဖက်လူ၏ တုန်လှုပ်နေသော မျက်ဝန်းထဲတွင် အလင်းပြန်နေသည်။

‘ဒီတော့ … မင်းဘယ်လိုထင်လဲ …”

ယဲ့ကျား တံစဉ်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ သူ၏ လက်ဆစ်များတုန်ယင်နေသည်။

‘မင်းသူ့ကို ကယ်ချင်တယ် မဟုတ်လား …” 

မိခင်က ပြုံးလျှက် သူ့ထံသို့ လက်ဆန့်တန်းလိုက်သည်။

“ငါ့ဆီပြန်လာခဲ့ပါ … ငါကတိပေးတယ် … မင်း ”

သူမက စကားကိုပင် ဆုံးအောင် ပြောခွင့်မရလိုက်ချေ။ သွေးနီရောင်အလင်းက သူမအား တိတ်တဆိတ် ပိုင်းဖြတ်သွားခဲ့သည်။ သူမ၏ နှင်းဖြူရောင် ခါးတစ်ဝိုက်တွင် သွေးစီးကြောင်းတစ်ခု ပေါ်လာ၏။ နောက်တစ်စက္ကန့်တွင် သူမ၏ အခြားလက်တစ်ဖက်က ပြတ်ကျသွားခဲ့သည်။ သွေးနှင့်အသားစများက မြေပေါ်တွင် ပျံ့ကျဲသွားခဲ့၏။

“အား … ” သူမက နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူမအရှေ့မှ လူငယ်လေးအား မုန်းတီးစွာ စိုက်ကြည့်လိုက်၏။

“မင်းငါ့ကို ထိခိုက်အောင် လုပ်ရဲတယ် … ”

အဖြတ်ခံလိုက်ရသည့် လက်က လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ကျားက တံစဉ်းလက်ကိုင်အား တင်းတင်း ဆုပ်ကိုင်လျှက် သူမကို အကြောက်အလန့်ကင်းမဲ့စွာ စိုက်ကြည့်လိုက်၏။ သူက တည်ငြိမ်နေပြီး တုန်လှုပ်နေခြင်းမရှိချေ။

“ငါ အလောင်းအစားတစ်ခု လုပ်ခဲ့တယ် …”

သူက လက်ကိုမြှောက်ရင်း တစ်ဖက်လူအား တံစဉ်းနှင့်ရွယ်လိုက်သည်။

“နောက်ပြီးတော့ ငါသူ့ကိုယုံတယ် … .”

ကျီရွှမ် … အဆိုပါ ပိုင်စိုးပိုင်နင်းနိုင်လွန်းသည့် တစ္ဆေသည် သူ၏ ကိုယ်ပိုင်ဆန္ဒများကိုသာ ဂရုစိုက်လေ့ရှိသည်။ သူ၏ လောဘများက အဆုံးမရှိသလို ကာလတို ဝေးကွာခဲ့မှုသည် သူ့အား ပို၍ပင် အလိုကြီးစေလိမ့်မည်။ ယဲ့ကျားက ဤနှစ်ပိုင်းအတိုင်း နည်းလမ်းများစွာကို အသုံးပြုခဲ့၏။ ပုန်းနေခြင်း၊ သူ့အား ဆဲဆိုခြင်း၊ ဆန့်ကျင်တိုက်ခိုက်ခြင်းနှင့် တစ်ဖက်လူအား သတ်ရန်ကြံစည်သည်အထိ ပြုလုပ်ခဲ့သည်။ သို့သော် သူ့အပေါ် တင်းကျပ်စွာ ဖက်တွယ်ထားသည့် ထိုလက်အား ကော်ထုတ်နိုင်စွမ်း မရှိခဲ့ချေ။ တစ်ဖက်လူ၏ ရူးသွပ်နေပြီး ပိုင်စိုးပိုင်နင်းနိုင်လွန်းသည့် ထိုလက်များသည် သူ့အပေါ်၌ တင်းကျပ်စွာ ရှိနေခဲ့သည်ပင်။

စိတ်ဆန္ဒများ ပြည့်ဝသွားသည့် အငြိုးကြီးတစ္ဆေက ဆေးစွဲခြင်းကို ဖြတ်မရသော ဆေးစွဲသူနှင့်တူ၏။

စတေးမယ်တဲ့လား … မဖြစ်နိုင်တာ…

ယဲ့ကျားက မိခင်၏ ရှုံ့တွနေသော အမူအရာကိုကြည့်ရင်း နှုတ်ခမ်းထောင့်များ ကော့ညွှတ်ကာ ပြုံးလိုက်သည်။

“ကြည့်ရတာ … ခင်ဗျားရဲ့အခွံကို ဖျက်ဆီးပစ်ရမယ့်ပုံပဲ …”

တံစဉ်း၏ အသွားသည် သူ့မျက်ဝန်းထဲတွင် အလင်းပြန်သွားသည်။ အေးစက်ပြီး ယုံကြည်ချက်အပြည့်ရှိသော အမူအရာဖြင့် သူက ဆိုလိုက်၏။

“ငါ ရှုံးမှာမဟုတ်ဘူး …”

အနက်ရောင်ကောင်းကင် အောက်တွင် …
သွေးနီရောင် အလင်းဖြင့် တောက်ပနေသည့် တံစဉ်းက လက်တံရှည်များကို အလွယ်တကူ ပိုင်းဖြတ်လျှက်ရှိသည်။ သွေးများက နေရာအနှံ့ပြန့်ကျဲနေ၏။ ဖြတ်တောက်ခံလိုက်ရသည့် လက်တံများသည် မြေပေါ်သို့ ကျပြီးသည်နှင့် ပျောက်ကွယ်သွားခဲ့သည်။ လူငယ်လေး၏ အမူအရာက တည်ငြိမ်နေသော်လည်း သူ၏ တိုက်ခိုက်မှုအားလုံးမှာ ပြင်းထန်နေ၏။

မရပ်တန့်နိုင်သည့် ဓားတစ်စင်းကဲ့သို့ သူက သူ့အရှေ့ရှိ ဧရာမ ဖြစ်တည်မှုအား ဖြည်းဖြည်းချင်း ခြေလှမ်းဆုတ်ရအောင် တိုက်ခိုက်နေ၏။ ရွှေရောင်ဖျော့ဖျော့အလင်းက သူ့မျက်လုံးထဲတွင် ထင်ဟပ်နေပြီး မြင်ကွင်းအား အလင်းပြန်လျှက်ရှိသည်။ မိခင်က ခက်ခက်ခဲခဲ ကာကွယ်နေရပြီး တပ်ဆုတ်နေရသည့် အလျောက် သူမ၏ အမူအရာမှာ ပို၍ ပျက်ယွင်းလာ၏။ သူမက အခက်တွေ့နေပုံရသည်။ သူမ၏ ဒဏ်ရာများမှာ သေစေနိုင်လောက်သည်အထိ မကြီးမားသော်လည်း သူမက တဖြည်းဖြည်း အရေးပိုနိမ့်လာ၏။ အပေါက်ရှိနေသည့် အိတ်တစ်လုံးကဲ့သို့ သူမ၏ ခန္ဓာကိုယ်မှ အားအင်အချို့ ယုတ်လျော့သွားကြောင်း ခံစားမိလိုက်သည်။

သူမ၏ လက်ရှိအခြေအနေက စွမ်းအားများကို ပိုမိုကုန်ခမ်းစေ၏။ တံခါးက သူမ၏ အသိစိတ်ကိုသာ လွတ်မြောက်စေခဲ့ခြင်း ဖြစ်ပြီး သူမ ခန္ဓာကိုယ်ကမူ အခြားတစ်ဖက်တွင်သာ ပိတ်မိနေသေးသည်။ ဤကမ္ဘာပေါ်ရှိ အငြိုးတရားများသည် သူမ၏ အခွံအား ကြာရှည်စွာ ထိန်းသိမ်းနိုင်ရန်အတွက် လုံလောက်ခြင်း မရှိချေ။ ယခုမူ သွေးစတေးခြင်း ကျရှုံးခဲ့ရုံသာမက ခန္ဓာကိုယ်ကိုလည်း ထိခိုက်ထားသေး၏။ ဤဒဏ်ရာများက သူမအား ပြိုလဲစေခြင်း မရှိသော်လည်း အန္တာရာယ်အတွင်း ကျရောက်နေသကဲ့သို့ ခံစားနေရခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။ အကယ်၍ ဒီအတိုင်းဆက်ဖြစ်နေပါက သူမ၏ စွမ်းအင်များအားလုံး ကုန်ခမ်းသွားပြီး အခွံသည်လည်း ဖျက်ဆီးခံရလိမ့်မည်။ ထိုသို့ဆိုပါက သူမသည်လည်း အခြားတစ်ဖက်သို့ နှင်ထုတ်ခံရမှာပင်။

မဟုတ်ဘူး … ဒီလိုဖြစ်ခွင့်မပေးနိုင်ဘူး …

မိခင်၏ အမူအရာက ပို၍ကြောက်မက်ဖွယ် ကောင်းလာ၏။ သူမ၏ သွေးနီရောင်မျက်ဝန်းများက ပုံပျက်နေသော မျက်အိတ်တစ်လျှောက် လိမ့်သွားခဲ့ပြီး ရက်စက်သော အလင်းတစ်ခု ထင်ဟပ်လာသည်။ သူမက အဆိုပါတိုက်ရိုက်သွေးဆက်နှစ်ဦးအား ထောင်ချောက်ဆင်၍ ထိန်းချုပ်လိုခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ သူတို့နှစ်ဦးအား အသုံးမပြုနိုင်တော့ချေ။ လေထဲတွင် တွဲလောင်းကျနေသည့် အသားလုံးက ရုတ်တရက် အဆများစွာ ကြီးမားလာခဲ့ပြီး ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့၏။

လေထုတစ်ခုလုံးက ယင်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ယဲ့ကျားက အံကြိတ်လိုက်ရင်း အေးစက်စက် မော့ကြည့်လိုက်၏။ သူ့အတွက်လည်း လွယ်ကူနေခြင်း မရှိချေ။ သူ၏ တိုက်ခိုက်မှုအားလုံးက သေစေလိုသော ရည်ရွယ်ချက်အပြည့် ပါဝင်နေသော်လည်း တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအနည်းအကျဉ်းကိုသာ ချန်ထားနိုင်ခဲ့သည်။ သို့သော် တစ်ဖက်လူ စတင်တိုက်ခိုက်လာသည်နှင့် သူသေသွားမှာပင်။

လေတိုးသံဖျော့ဖျော့က သူ့နားနားကပ်၍ ကျော်ဖြတ်သွားခဲ့ပြီး ခန္ဓာကိုယ်ထဲရှိ အေဒရီနယ်ဂလင်းများကို မြင့်တက်လာစေသည်။ သူ၏ သွေးခုန်သံကိုပင် ပြန်လည်ကြားနေရ၏။ သူက ပင်လယ်နက်အတွင်း ကျရောက်နေသည့်အတိုင်းပင်။ အရာအားလုံးက နှေးကွေးသွားခဲ့သည်။ သူ့မြင်ကွင်းတွင် တစ်ဖက်လူ၏ လက်တံများ ပျံသန်းလာသည်ကိုသာ ရှင်းလင်းစွာ တွေ့မြင်နေရ၏။ သူ၏ အာရုံခံစားမှုအားလုံး ကောင်းမွန်လာခဲ့ပြီး အသက်ရှူသံမှာလည်း ကျယ်လောင်သွားခဲ့သည်။

မြန်မြန် … နည်းနည်းလောက်ပဲ ပိုမြန်လိုက်။

သူ့အရှေ့ရှိ လက်တံရှည်ကြီးနှင့် ယှဉ်ပါက လူငယ်လေးသည် တောင်တစ်လုံးနှင့် ဖုန်မှုန့်ငယ်ကဲ့သို့ ကွာခြားလှ၏။ သူက မျက်တောင်တစ်ခတ်အတွင်း ဝါးမြိုခံလိုက်ရတော့မလိုပင်။ သူက လျှင်မြန်စွာ တုန့်ပြန်ခဲ့သည်။ သူ၏ ခြေထောက်များက တစ်ဖက်လူ၏ လက်တံပေါ်သို့ ရောက်ရှိသွား၏။ ထို့နောက် အရိပ်တစ်ခုကဲ့သို့ တရစပ်တိုက်ခိုက်လေသည်။ သူက မည်သည့်အခါမှ မဖမ်းဆုပ်နိုင်မည့် လေပွေငယ်တစ်ခုကဲ့သို့ပင်။

မိခင် စိတ်ဓာတ်ကျလာသည်။ သူမက တစ်ဖက်လူ ဖြည်းဖြည်းချင်း တိုးတက်လာကြောင်း ခံစားမိနေ၏။ သူ၏ သင်ယူနိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင် လျှင်မြန်လှ၏။ ဆယ်မိနစ်ပင် မရှိသေးသော်လည်း အားနည်းပုံပေါ်သည့် ထိုလူသားက သူမ၏ တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်ရှားနေရင်း ပြန်လည်တိုက်ခိုက်ခြင်းကိုပင် ပြုလုပ်နိုင်နေသည်။

မိခင်၏ မျက်လုံးများ ရွေ့လျားသွားသည်။ ယဲ့ကျားက အမြန်ရှောင်တိမ်းလိုက်၏။ သို့သော် သူအံ့ဩရသည့်ကိစ္စမှာ မိခင်က သူ့အား ယခုထိတိုင် တိုက်ခိုက်လာခြင်း မရှိခြင်းကိုဖြစ်သည်။ သူမ၏ လက်တံရှည်များက လေထဲတွင်သာ တွဲလောင်းဖြစ်နေ၏။ အငြိုးကြီးတစ္ဆေများ၏ အမူအရာက ထိတ်လန့်မှုဖြင့် တွန့်လိမ်သွားခဲ့သည်။ “

ဘာဖြစ်တာလဲ …” သွေးနီရောင်အရည်များ စီးကျလာ၏။

“အား ..”

သူတို့၏ ခန္ဓာကိုယ်များက တဆစ်ဆစ်မြည်ရင်း အရည်ပျော်ကျသွားခဲ့သည်။ ယဲ့ကျား ထိတ်လန့်သွား၏။ မိခင်၏ လက်တံရှည်များသည် ပင့်ကူအိမ်များသဖွယ် ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ အငြိုးကြီးတစ္ဆေအားလုံး ဖမ်းဆီးခံလိုက်ရ၏။ သူ့ အမူအရာက မှောင်မဲသွားသည်။

သူမက တကယ်ပဲ … အားအင်ပြန်ဖြည့်ဖို့ ကိုယ့်ကလေးကိုယ် စားနေတာလား …