အပိုင်း ၁၃၃
Viewers 10k

Chapter 133(end)



မကောင်းဆိုးဝါးမိခင်အားလုံး အတူတူပင်ဖြစ်၏။ အမျိုးသမီးက သူမ၏ သွေးနီရောင် လျှာဖြင့် နှုတ်ခမ်းကို လျက်လိုက်သည်။ သူမက မကျေနပ်သေးပုံရ၏။ အဆုံးသတ်တွင် အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမ၏ နှုတ်ခမ်းတစ်စုံက ပွင့်ဟလာခဲ့ပြီး သွားချွန်ချွန်များကို ထုတ်ပြလာ၏။ သွားရည်များက သူမ ပါးစပ်ထဲမှ တစိမ့်စိမ့် စီးကျလျှက်ရှိသည်။

အခု … အဓိကအစားအစာကို စားရမယ့်အချိန်ပဲ ….

မြေပြင်ပေါ်တွင် အပုပ်နံ့များ လှိုင်လှိုင်ထလျှက်ရှိသည်။ မရေမတွက်နိုင်သည့် ခန္ဓာကိုယ်များက တစ်ခုပေါ်တစ်ခု အဆင့်ခံလိုက်ရရင်း လေထဲတွင် အရည်ပျော်သွားခဲ့၏။ သို့သော် အဆိုပါအရည်ပျော်နှုန်းက နောက်ထပ် ခန္ဓာကိုယ်များ ထပ်တိုးလာနှုန်းကို ဖိနှိပ်နိုင်စွမ်း မရှိခဲ့ချေ။ ၎င်းတို့၏ ခန္ဓာကိုယ်များ ယင်စွမ်းအင်အဖြစ် ပြောင်းလဲမသွားခင် နောက်ထပ် ခန္ဓာကိုယ်များ ထပ်မံကျရောက်လာပြီး ငရဲတမျှ မြင်ကွင်းကို ပုံဖော်လျှက်ရှိ၏။

ကျီရွှမ်က အဆိုပါ ငရဲ၏ အရှင်သခင်ကဲ့သို့ ထိပ်ဆုံးတွင် ရပ်နေလေသည်။ သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ခု ဖြတ်ပြေးသွား၏။ သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိသော်လည်း ၎င်းကပင် ပြိုင်ဘက်အား ဖိနှိပ်နေသကဲ့သို့ ရှိသည်။ ယဲ့ကျား၏ တန်ကြေးအား သူ့ထံလွှဲပြောင်းခဲ့ခြင်းက ယခုစတင် အစွမ်းပြလာပြီ ဖြစ်၏။

ကျီရွှမ်၏ လှုပ်ရှားမှုများ နှေးကွေးလာသည်။ သို့သော် ပတ်ဝန်းကျင်ရှိ အခြား အငြိုးကြီးတစ္ဆေများက သတိကြီးကြီး ထားနေရဆဲပင်။ အဆုံးသတ်တွင် အဆိုပါ ခန္ဓာကိုယ်အားလုံးက တစ်ဦးထဲပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။ သူက အားနည်းနေသော်လည်း တစ္ဆေဘုရင်၏ ဖိနှိပ်လိုမှုအား လျှော့မတွက်သင့်ချေ။

ရုတ်တရက် သူတို့အနီးတစ်ဝိုက်ရှိ မြေပြင်က စတင်အက်ကွဲလာ၏။ မရေမတွက်နိုင်သည့် သွေးနီရောင် လက်တံရှည်များသည် တစ္ဆေများအား တိုက်ခိုက်လာကြသည်။ ကျီရွှမ်၏ ခန္ဓာကိုယ်က ရွေ့လျားသွားခဲ့၏။ သူက ၎င်းတို့၏ တိုက်ခိုက်မှုကို ရှောင်ရှားရန်အတွက် ဘေးဘက်သို့ ခုန်ရှောင်လိုက်သည်။ သူ့အရှေ့ရှိမြင်ကွင်းကြောင့် အနည်းငယ် တုန်လှုပ်သွားရ၏။ သူက မျက်လွှာပင့်ကာ အပေါ်သို့ကြည့်လိုက်သည်။

မိခင်က ဤကဲ့သို့ ပြုလုပ်လိုသည့်အတွက် သူမ၏ ခန္ဓာကိုယ်ကို ကြီးထွားစေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူမက အလွန်ရက်စက်လှ၏။ ဤကဲ့သို့ ဧရာမ အရွယ်အစားနှင့်ဆိုပါက သူမ၏ ပြိုင်ဘက်သည် သူမ လှုပ်ရှားမှုများကို မြင်နိုင်မည်မဟုတ်ကြောင်း ကောင်းစွာ သိရှိထား၏။ ထို့ကြောင့် ယဲ့ကျားနှင့် တိုက်ခိုက်နေစဉ်အတွင်း သူမက လက်တံရှည်များကို တိတ်တဆိတ် ဆန့်ထုတ်လျှက် ခန္ဓာကိုယ်များထဲရှိ ယင်စွမ်းအင်များကို စုပ်ယူခဲ့ခြင်းဖြစ်သည်။

ယဲ့ကျားက သူ့အနောက်မှ သနားစဖွယ်အော်သံများကို ကြားနေရသည်။ အော်သံများက ကျီရွှမ်ရှိနေသည့်နေရာမှ ထွက်ပေါ်လာခြင်းပင်။ ယဲ့ကျား ခဏတာ သတိလက်လွတ်ဖြစ်သွား၏။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မိခင်က တိုက်ခိုက်လိုက်သည်။ ယဲ့ကျားက အမြန်လက်ဖြင့်ကာလိုက်၏။ ကလန် ဟူသည့် တစ်ခုနှင့်တစ်ခု တိုက်မိသွားသံအား သူကြားလိုက်ရသည်။ အလင်းတစ်ချက်နှင့်အတူ ကြီးမားသည့် အသားတုံးကြီး ပြတ်ကျသွား၏။ ချွန်မြပြီး ဖြူဖွေးသော သွားများက သွေးနီရောင်အသွားအား မြဲမြဲကိုက်ထားလေသည်။ တံစဉ်းအား မည်သို့မှ ပြန်ဆွဲ၍ မရတော့သလို သူသည်လည်း မလွတ်မြောက်တော့ချေ။

ယဲ့ကျားက တံစဉ်းလက်ကိုင်အား လက်နှစ်ဖက်ဖြင့် အားစိုက်ရင်းဆွဲလိုက်၏။ သူ့လက်ခုံပေါ်ရှိ သွေးကြောများက ဖုဖောင်းနေလေသည်။ သူက မျက်ဝန်းများကို အေးစက်စွာ ကျဉ်းမြောင်းလိုက်ရင်း သူ့အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည့် မိခင်အား ကြည့်လိုက်၏။ သူ့မျက်ဝန်းထောင့်တွင့် သူမ၏ လက်တံရှည်များ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြောင်း တွေ့မြင်နေရသည်။ သူ ရွေ့လျားနိုင်သည့် အကျယ်အဝန်းက သေးငယ်လာ၏။

“ငါမင်းကိုမိပြီ …” မိခင်က ပြောလိုက်သည်။

သူမ၏ နှုတ်ခမ်းထောင့်မှ အစာခြေရည်များကျဆင်းလာရင်း လူငယ်လေးကို လောဘတကြီး စိုက်ကြည့်လိုက်၏။ ယဲ့ကျား ခပ်ဖွဖွပြုံးလိုက်သည်။

“တကယ်လား …” သူက တံစဉ်းကို လက်လွှတ်လိုက်ပြီးနောက် တစ်ခုထဲကျန်ရှိတော့သည့် ထွက်ပေါက်ထံသို့ ပျံသန်းသွားသည်။

ထွက်ပြေးမလို့လား ….

သူမက လက်တံရှည်များကို ပိတ်ဆို့လိုက်ရင်း သူ့အနောက်သို့ လိုက်၏။ သို့သော် တံစဉ်းအား ကိုက်ထားခြင်းကို လွှတ်လိုက်သည်နှင့် သွေးနီရောင်တံစဉ်း ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ကျားက ခေါင်းမော့ကာ မော့ကြည့်လိုက်၏။ အပြုံးသေးသေးတစ်ခုက သူ့နှုတ်ခမ်းတွင် ထင်ဟပ်လာသည်။ သူ့အကြည့်များက ဧရာမ မကောင်းဆိုးဝါးပေါ်သို့ ကျရောက်လျှက်ရှိသည်။ တံစဉ်းက သူ့လက်ထဲတွင် ပြန်လည် ပေါ်လာခဲ၏။

ချီးပဲ … သူက ထွက်ပြေးတာမှမဟုတ်တာ …

မိခင်က အမြန်နောက်ဆုတ်ရန် ကြိုးပမ်းလိုက်၏။ သို့သော် နောက်ကျသွားလေပြီ။ သူမက တစ်ဖက်လူ၏ တရစပ်ကျရောက်လာသော တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ချေ။ အေးစက်စက် ဓားသွားကာ သွေးနီရောင်စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်သည်။

“အား …” မိခင်၏ ခြေထောက်များ ပြန့်ကားသွား၏။ ၎င်းတို့အား ဖြတ်တောက်ခံလိုက်ရသည်နှင့် စတင်မှိန်ဖျော့လာကြသည်။ ၎င်းက ခြေကျင်းဝတ်မှ ဖြတ်တောက်ခံရသည့် ဒုတိယခြေထောက်ဖြစ်သည်။ သို့သော် သူမအော်သံက ရပ်တန့်သွားခဲ့ပြီး အမူအရာမှာလည်း ကြောက်မက်ဖွယ် ကောင်းလာခဲ့၏။ သူမက ချက်ချင်း ရှေ့တိုးလိုက်ရင်း နှုတ်ခမ်းများကို ဖွင့်ကာ ရယ်မောလိုက်သည်။

“အဆင်ပြေပါတယ် … ငါမင်းရဲ့ အားနည်းချက်ကိုသိတယ် …”

ယဲ့ကျား နှလုံးသားက တစ်ချက်ဆောင့်ခုန်သွား၏။ မိခင်၏ လက်တံရှည်တစ်ခုက သူ့ကိုကျော်သွားပြီး သူ့အနောက်ဘက်ရှိ နေရာတစ်ခုအား တိုက်ခိုက်လိုက်၏။ အမျိုးသားတစ်ဦး၏ အသံထွက်လာခဲ့သည်။ ယဲ့ကျား၏ သူငယ်အိမ်များ လှုပ်ရှားသွား၏။ သူက ချက်ချင်းနောက်လှည့်ကြည့်လိုက်သည်။ ကျီရွှမ်က လေထဲတွင် ရှိနေသည်။ လက်တံရှည်များပေါ်တွင် နှုတ်ခမ်းတစ်စုံ ပေါ်ပေါက်လာပြီး ယဲ့ကျားကို လှောင်ပြောင်လိုက်သည်။

“ကြည့်လေ … မင်းရဲ့အားနည်းချက်ကို …” “မိခင်က အနောက်ဘက်မှ ချဉ်းကပ်လာ၏။

တိုက်ခိုက်မှုထံမှ ယဲ့ကျား ရှောင်ထွက်ရန် လမ်းမရှိတော့ချေ။ သူ့အနောက်ဘက်ရှိ မကောင်းဆိုးဝါးက သူမ၏ ပါးစပ်ကို ဖြဲလိုက်ရင်း လူငယ်လေးအား တစ်လုပ်ထဲနှင့် မြိုချသွား၏။ အမျိုးသမီး၏ ပုံရိပ်မှာ သေးသွယ်လှသည့် အလျောက် သူမထက် အရပ်ရှည်သူတစ်ဦးကို မြိုချလိုက်သည်မှာ ယုံရခက်ခက်ပင်။ သူမ၏ နှုတ်ခမ်းထောင့်များ ကော့ညွှတ်သွားပြီး မျက်ဝန်းများသည်လည်း ကျေနပ်မှုအပြည့်ဖြင့် တောက်ပသွားခဲ့သည်။ စစ်ပွဲသုံး စက်တစ်ခုကဲ့သို့ သူ၏ အာရုံကြောများ၊ အရိုးများနှင့် ကြွက်သားအားလုံးသည် စွမ်းအင်ကြွယ်ဝလှ၏။

မိခင်က ယဲ့ကျားအား အနည်းငယ် ကြောက်ရွံ့ခဲ့သည်။ သို့သော် ကျီရွှမ့်ဘက်မှ အော်သံကြောင့် ယဲ့ကျား အာရုံလွင့်သွားချိန်တွင် သူမ နောက်ထပ်ဘာလုပ်ရမည်မှန်း ကောင်းစွာ သဘောပေါက်ခဲ့သည်။ မိခင် ပြုံးလိုက်၏။

သူက သန်မာနေတော့ရော ဘာအရေးလဲ … အားနည်း တုံးအပြီး ခန့်မှန်းရလွယ်နေတုန်းပဲလေ … .

သူ့အားနည်းချက်ကို ဆုပ်ကိုင်ထားနိုင်သရွေ့ သူမအတွက် သူသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မလာနိုင်ချေ။ သူက သူမ၏ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးရအောင် လုပ်နိုင်ခဲ့သည်။ သူ့အား စားလိုက်သည်ကပင် အလျှော့ပေးရာကျနေ၏။ သူမက မဆင်ခြင်တတ်သည့် လူကလေးကို အရင်ဆုံး ညဉ်းပန်းခဲ့သင့်သည်။ သူမက မရေမတွက်နိုင်သည့် ခြေလက်များကို ပြန်သိမ်းရင်း အကွာအဝေးတစ်ခုသို့ လှမ်းကြည့်လိုက်၏။

အခု တခြားစကားနားမထောင်တဲ့ ကလေးတစ်ယောက်ဆီ သွားရမှာပဲ …

“ ကောင်းပြီ … ရပ်လိုက်တော့ …”

မိခင်၏ ပျင်းရိပျင်းတွဲနိုင်သော အသံက အပေါ်ဘက်မှ ထွက်ပေါ်လာသည်။ အငြိုးကြီးတစ္ဆေများက ၎င်းတို့၏ တိုက်ခိုက်မှုများကို ရုပ်သိမ်းလျှက် တပ်ဆုတ်သွားကြ၏။ အမျိုးသမီးက အသားတောင်ပို့တစ်ခုပေါ်တွင် ထိုင်လိုက်ရင်း ဖြူဖျော့ဖျော့မျက်နှာဖြင့် ငုံ့ကြည့်လိုက်သည်။ သူမ၏ ခြေလက်များက ဒဏ်ရာရနေပြီး လက်တံရှည်များကမူ သူမ ထိုင်နေသည့် အသားတောင်ပို့အား ရစ်ပတ်လျှက်ရှိသည်။ သူမက မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ရင်း တစ္ဆေအလောင်းများ အလယ်တွင် မတ်တပ်ရပ်နေသည့် အမျိုးသားကို ကြည့်လိုက်သည်။

တစ်ဖက်လူက သူမအား ပြန်ကြည့်လာ၏။ သူ၏အမူအရာက အေးစက်နေသော်လည်း မိခင်အား မြင်လိုက်ရချိန်တွင် သူ့မျက်ဝန်းထဲ၌ မုန်တိုင်းငယ်တစ်ခု မွှေနှောက်သွားခဲ့သည်။ ကျီရွှမ်က ဖြည်းညှင်းစွာ မေးလိုက်၏။

“သူ ဘယ်မှာလဲ …”

အမျိုးသားက ဖြောင့်တန်းစွာ ရပ်နေသော်လည်း သူ၏ လက်များကမူ လက်သီးဆုပ်အသွင် ပြောင်းသွား၏။ မိခင် ပြုံးလိုက်သည်။

“ဘာလို့ ဒီလိုအချိန်မျိုးမှာ သူ့အကြောင်းမေးနေရတာလဲ …”

ထိုကဲ့သို့ တုံးအလှသည့် မေးခွန်းမေးပုံသည် ယခင်ကျီရွှမ်နှင့် မတူချေ။ မိခင်က ခေါင်းယမ်းရင်း စိတ်ပျက်စွာ ပြောလိုက်၏။

“လူသားတွေရဲ့ တုံးအမှုက မင်းဆီကို ကူးစက်လာလိမ့်မယ်လို့ ငါမမျှော်လင့် ထားခဲ့ဘူး …”

“ငါက မနာခံတတ်တဲ့ ကလေးတွေမလိုအပ်ဘူးလေ …”

မိခင်က လက်ကိုမြှောက်လိုက်ရင်း သူမ၏ ဗိုက်ပေါ်တင်လိုက်သည်။ သူမ နှုတ်ခမ်းများတွင် အပြုံးဖျော့ဖျော့ ထင်ဟပ်လာ၏။

“ငါသူ့ကို သူရှိနေသင့်တဲ့နေရာ ပြန်ပို့လိုက်ပြီ …”

လေထုတစ်ခုလုံး တိတ်ကျသွားခဲ့၏။ ကျီရွှမ်၏ မျက်ဝန်းများ အမှောင်ကျသွားခဲ့သည်။ သူက အကွာအဝေးတစ်ခုရှိ အမျိုးသမီးအား စိုက်ကြည့်ရင်း မကောင်းသော ခံစားချက်များက လှိုင်းလုံးကြီးသဖွယ် ကြီးမားလာခဲ့၏။ မိခင်က ကျီရွှမ့်ထံသို့ လက်ဆန့်တန်းလိုက်သည်။

“ကလေး … အမှားကို ဝန်ခံမယ်ဆိုရင် ငါမင်းကို ခွင့်လွှတ်ပေးမှာပါ … အပြစ်ဒဏ်သေးသေးလေးတော့ ရှိတာပေါ့လေ …”

မိခင်က ပြုံးလိုက်သည်။ သူမသာ သူ့အား အသက်ရှင်ခွင့်ပေးလိုက်ပါက အနာဂတ်တွင် ပြုလုပ်မည့် သွေးစတေးခြင်းတွင် အသုံးဝင်လာနိုင်သည်ပင်။

မိခင်က သူမ၏ လက်ချောင်းများကို ငုံ့ကြည့်ရင်း ခပ်ပေါ့ပေါ့ဖြေလိုက်သည်။

“ငါ့ကို ဆန့်ကျင်ရဲတဲ့ တစ္ဆေနဲ့လူသားတွေကို စပြီးသတ်လိုက်လေ …”

ကျီရွှမ် ရယ်သွမ်းသွေးလိုက်သည်။ သူ့အသံက လှောင်ပြောင်ရိပ်စွက်နေ၏။

“ခင်ဗျားက အရမ်းကို သဘောထားကြီးတာပဲ …”

မိခင်၏ အမူအရာ မှောင်မဲသွား၏။ တစ်ဖက်လူ၏ အသံထဲမှ မလေးစားမှုကို ခံစားမိလိုက်သည်။ သူမ၏ လက်ချောင်းများက အသားလုံးတစ်ခုအား ဖျစ်ညှစ်လိုက်၏။

“မင်းက ငါ့ကို ဆန့်ကျင်နိုင်လိမ့်မယ်လို့ ထင်နေတာလား …”

မိခင် နှာခေါင်းရှုံ့လိုက်၏။

“မင်း သူ့တံစဉ်းကို သုံးပြီး ငါ့ကိုထိခိုက်အောင်လုပ်ဖို့ ပြောင်းလဲပေးခဲ့တာကို ငါမသိဘူးများ ထင်နေတာလား … မင်းကတော့ တန်ကြေးကိုပေးပြီး သူ့ကို အကျိုးအမြတ်ပဲ ရစေပြီးတော့လေ …ဘယ်လိုတောင် ကိုယ်ကျိုးမငဲ့ရတာပါလိမ့် …”

သူမက အထင်သေးသည့် အမူအရာဖြင့် ဆိုလာသည်။

“ကံဆိုးချင်တော့ မင်းရွေးချယ်မှု မှားသွားတာပဲ …” မိခင်က နီးကပ်စွာ တိုးလာသည်။ “အခုဆို မင်း ငါ့ကိုထိခိုက်အောင် မလုပ်နိုင်တော့ဘူး … ဒါတင်ဘယ်ကမလဲ …”

သူမအကြည့်က တစ်ဖက်လူ၏ အားနည်းနေသော အခြေအနေပေါ်သို့ ကျရောက်သွား၏။

“မင်းအခုဆို ခံစားနေရပြီ မဟုတ်လား …. မင်းမှာ အဲဒါကို ထိန်းချုပ်နေရတာနဲ့ပဲ ပြန်ပြီး တိုက်ခိုက်နိုင်စွမ်းတောင် မရှိဘူးလေ ….”

မိခင် ခေါင်းယမ်းလိုက်သည်။

“မင်းသိရဲ့လား …. မင်းကို ဒီလိုမြင်လိုက်ရတော့ ငါ အငြိုးထားမနေတော့ပါဘူး …”

သူမက အောက်ဘက်ရှိ မြင်ကွင်းကို အကဲခတ်လိုက်သည်။ သို့သော် ကျီရွှမ်၏ အမူအရာက အကဲခတ်၍မရ ဖြစ်နေဆဲပင်။ သူက ငြင်းဆိုခြင်းမရှိသလို သဘောတူခြင်းလည်း မရှိပဲ ရပ်မြဲရပ်နေသည်။ မိခင်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ရက်စက်သည့် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။

“မင်းငါ့ကို မယုံဘူးလား … ဒါဖြင့် ကြိုးစားကြည့်လေ ….”

အမျိုးသမီးက လက်ကို အနည်းငယ်မြှောက်လိုက်သည်။ သူမ၏ လက်တံရှည်တစ်ခုက အနီးတစ်ဝိုက်ရှိ အငြိုးကြီးတစ္ဆေများကို ထိုးဖောက်သွားခဲ့၏။ သူတို့အားလုံး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်လုံးနီနီများက ကျီရွှမ်အား ဒေါသတကြီး စိုက်ကြည့်လျှက်ရှိ၏။

“သွား …” မိခင်က အပြုံးတစ်ခုနှင့် အမိန့်ပေးလိုက်သည်။

ကျယ်လောင်သော ဟိန်းဟောက်သံများနှင့်အတူ ချိန်းကြိုးများမှ လွတ်ကင်းသွားသည့် ခွေးရူးများကဲ့သို့ အငြိုးကြီးတစ္ဆေများသည် ကျီရွှမ့်ထံ ဦးတည်လိုက်ကြ၏။ သူတို့၏ တိုက်ခိုက်မှုစွမ်းရည်သည် ခုနကနှင့်ယှဉ်ပါက များစွာထိုးတက်သွားပြီ ဖြစ်သည်။ ကျီရွှမ်က အစကတည်းက အရေးနိမ့်နေခဲ့ခြင်းဖြစ်ရာ အခြေအနေ ပိုဆိုးသွားခဲ့၏။ သူက ခက်ခက်ခဲခဲ ရှောင်တိမ်းနေရပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာအသစ်များ ဖြစ်ပေါ်လာခဲ့သည်။ တဖြည်းဖြည်း သူ့လှုပ်ရှားမှုများက ပိုမိုနှေးကွေးလာ၏။

မိခင်က မျက်လွှာချရင်း ကျီရွှမ်၏ သနားဖွယ်အခြေအနေကို စုတ်သပ်လိုက်သည်။ “မင်း စဉ်းစားပြီးပြီလား … ”

ကျီရွှမ်၏ ဖြူဖျော့သော လက်ချောင်းများက အငြိုးကြီးတစ္ဆေများ၏ လည်ပင်းကို ထိုးဖောက်သွား၏။ သူ့နှုတ်ခမ်းများက သရော်မှုဖြင့် တွန့်ကွေးသွားခဲ့သည်။ “ဒါပေါ့ …”

နောက်ထပ် အငြိုးကြီးတစ္ဆေက လည်ပင်းပြတ်မသွားခင် သူ့လက်မောင်းပေါ်တွင် အရိုးပေါ်နေသည့် ဖြတ်တောက်ရာသုံးခု ချန်ထားခဲ့သည်။ ကျီရွှမ်က တတိယမြောက် တိုက်ခိုက်မှုအား ရှောင်လိုက်သည်။ တစ္ဆေများကို ဖြတ်သန်း၍ သူ၏ သွေးနီရောင် မျက်လုံးများက မိခင်ထံကျရောက်သွား၏။ သူ့မျက်လုံးထဲတွင် မကောင်းဆိုးဝါးတစ်ကောင် လှောင်ချိုင့်မှ လွတ်လာသည့်နှယ် ကြောက်မက်ဖွယ် ခံစားချက်များ လှိုင်းထလျှက်ရှိသည်။

“ငါမင်းကိုစားမယ် ….”

ဒီလိုမှ ကောကောနဲ့သူ တစ်ယောက်ထဲ ဖြစ်သွားမှာ …

“ပြီးရင် ငါအားလုံးကိုစားမယ် … ”

ကျီရွှမ် ပြုံးလိုက်သည်။ ပျော်ရွှင်ဖွယ် အဆုံးသတ်မရှိပါက အားလုံးကို ငရဲသို့ အတူတူဆွဲချသွားရပေမည်။

သူက အရေးနိမ့်နေသော်လည်း သူ့အကြည့်ကို မြင်လိုက်ရချိန်၌ မိခင် ထိတ်လန့်သွားရ၏။ သူမက အလိုလိုသိစိတ်သည် ကျီရွှမ်၏ စကားများက သူ့ရင်တွင်းမှ လာရောက်ခြင်းဖြစ်ကြောင်း ပြောပြနေသည်။ ၎င်းက သူ၏ အတွေးအစစ်အမှန်များ ဖြစ်ကြ၏။ ထိုသို့ဆိုလျှင် သူ့အား အသက်ရှင်ခွင့် ပြု၍မဖြစ်ချေ။ မိခင်၏ အမူအရာ မှောင်မဲသွားခဲ့သည်။ သူမက လက်ကိုမြှောက်လိုက်၏။

သို့သော် သူမ ဘာမှမလုပ်နိုင်သေးခင် အန္တာရာယ်အငွေ့အသက်တစ်ခုအား ခံစားမိလိုက်သည်။ သူမ၏ အရိုးများအား အပ်ဖြင့်ထိုးနေသကဲ့သို့ သူမ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာ၏။ လေပြင်းတစ်ချက် ဖြတ်တိုက်သွားခဲ့သည်။ မိခင်က ရှောင်ရှားရန် ကြိုးစားခဲ့သော်လည်း မရှောင်နိုင်ခဲ့ချေ။ ထိုလေပြင်းကြောင့် သူမ၏ အသားပိုင်းတစ်ခုသည် အပိုင်းအစသေးသေးလေးများအဖြစ် တုံးတစ်ခံလိုက်ရသည်။

၎င်းက အငြိုးတရား၏ ကြီးမားသော စွမ်းအားပင်ဖြစ်သည်။ အရိုးခေါင်းသဏ္ဍာန် မကောင်းဆိုးဝါးတစ်ကောင်က ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ၎င်း၏ ဆိတ်နှင့်တူသော ဦးခေါင်းပေါ်တွင် သွေးနှင့်အသားစများ ရှိနေ၏။ ၎င်းက သွေးအရိုးငါးပင်ဖြစ်သည်။ မိခင်၏ အမူအရာက မှောင်မဲသွားခဲ့၏။

ရုတ်တရက် …

“ဟေး … မင်းတို့ဒီမှာ စုမယ်မှန်းဘာလို့မပြောတာလဲ …”

မနီးမဝေးမှ မောက်မာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ယင်မီးတောက်များက တစ္ဆေများအကြား ဟိန်းဟောက်ရင်း ဝင်ရောက်သွား၏။

“ဘလပ်စ် … ငါ့ဖို့ချန်ဦးလေ …”

သံဖြတ်လွှအသံနှင့်အတူ မိန်းမပျိုလေး၏ အသံတစ်ခု ထွက်ပေါ်လာသည်။

“ကျွန်မဒါကို ဘယ်လောက်စောင့်ခဲ့ရလဲ သိရဲ့လား … ဒီမှာ သံချေးတွေတောင်တက်နေပြီ …. ”

“ဟေး … မင်းတို့နှစ်ယောက် သတိမလွတ်စေနဲ့လေ …. ”