အပိုင်း ၁၃၃.၂
Viewers 10k



Chapter 133.2 (EnD)



လူတစ်ဦးက အကူအညီမဲ့ဟန်ဖြင့်ဆိုလိုက်သည်။ နောက်တစ်စက္ကန့်တွင် ဧရာမ ကင်းခြေများကြိီးတစ်ကောင်နှင့်အတူ အင်းဆက်များစွာ ထွက်ပေါ်လာသည်။ B အဆင့်တစ္ဆေများကို သုတ်သင်ရှင်းလင်းသွားခဲ့၏။ အရိပ်တစ္ဆေက သူ့လမ်းတစ်လျှောက်ရှိ အငြိုးကြီးတစ္ဆေတစ်ကောင်ကို ဝါးမြိုသွားခဲ့သည်။ သူက ခေါင်းလှည့်ကာ ဘော့စ်ကို ရှင်းပြလာ၏။

“အမ် … ကျွန်တော် သူတို့ကို မတားတာမဟုတ်ပါဘူး … သူတို့က တားမရတာပါ …”

“ဘန်း …”

ကျယ်လောင်သော အသံကြီးက အပေါ်ဘက်မှ ထွက်ပေါ်လာသည်။ သွေးအရိုးငါးက အမြှီးကို မိခင်ထံဦးတည်၍ လွှဲယမ်းလိုက်၏။ ၎င်းက တစ်ဖက်လူ၏ လက်တံများကို ကိုက်ခဲလိုက်ရင်း လုံးဝလွှတ်ပေးရန် စိတ်ကူးမရှိချေ။ မိခင်က လက်တံရှည်များကို ယမ်းခါပစ်လိုက်သည်။ သွေးအရိုးငါးက အရိုးများ ကျိုးသွားသော်လည်း နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာပြန်၏။

“ဘန်း …”

“ဘန်း …”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

တစ်ခုခုအား တိုးတိုက်နေသည့်အသံက ထွက်ပေါ်လာခဲ့၏။ သူက ပင်လယ်နက်ထဲတွင် အိပ်ပျော်နေခဲ့သကဲ့သို့ ကမ္ဘာတစ်ခုလုံး ဖြည်းညှင်းစွာ တုန်လှုပ်လာခဲ့သည်။

ဘာလဲ …

ယဲ့ကျား၏ မျက်ခွံများ လှုပ်ရှားသွားခဲ့၏။ ထို့နောက် နောက်ထပ် တိုက်ခိုက်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူက မျက်လုံးများဖွင့်လိုက်၏။ သွေးအလွှာတစ်ခုက ၎င်း၏ သခင်အား ရစ်ပတ်ကာကွယ်ပေးလျှက်ရှိသည်။

ဒါကဘယ်နေရာလဲ …

ယဲ့ကျား၏ ဦးနှောက်က စတင်အလုပ်လုပ်လာ၏။

“ဘန်း …”

ထပ်ပြီးတော့လား …

သူက ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်သည်။ သို့သော် အားပြတ်နေသည့်အလျှောက် ထပ်မံ လဲကျသွားပြန်၏။

“ကလန် …” .

တစ်စုံတစ်ခု ပြုတ်ကျသွားကြောင်း ယဲ့ကျားခံစားမိလိုက်၏။ ၎င်းက တြိဂံပုံ အဆင်တန်ဆာဖြစ်ပြီး အယယ်တွင် မျက်လုံးကဲ့သို့ အပေါက်တစ်ခုရှိနေသည်။ သူအံ့ဩသွားရ၏။ အရာခပ်သိမ်းကို သိရှိသော မျက်လုံး။ ထိုနာမည်သည် သူ့စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ယဲ့ကျား ၎င်းကို ဆုပ်ကိုင်လိုက်သည်နှင့် သူ၏ ကသောင်းကနင်းဖြစ်နေသော စိတ်အစဉ်သည်လည်း ပြန်လည် တည်ငြိမ်စပြုလာသည်။ သူက အားလုံးကို မှတ်မိသွားပြီဖြစ်၏။

ယဲ့ကျားက သူ့အရှေ့ရှိ အမှောင်ထုကြီးကို ကြည့်လိုက်သည်။ သူက လက်ရှိတွင် မိခင်၏ ကိုယ်ထဲသို့ ရောက်နေခြင်းဖြစ်သည်။ ယဲ့ကျားက သူ့လက်နက်အား ဆင့်ခေါ်နိုင်စွမ်းမရှိချေ။ သူ၏ တံစဉ်းကိုရော ကျီရွှမ် လွှဲပေးလိုက်သည့် သွေးလှိုင်းများကိုပါ ဆင့်ခေါ်နိုင်စွမ်းမရှိဖြစ်နေသည်။ သူ့အနီးတစ်ဝိုက်ရှိ သွေးနံရံသာ ကျန်ရှိခြင်းဖြစ်၏။

ဒီက ဘယ်လိုလုပ် ထွက်ရပါ့မလဲ …

အရာခပ်သိမ်းသိရှိသော မျက်လုံး၏ အေးစက်စက် မျက်နှာပြင်သည် သူ၏ အပူချိန်ကြောင့်နွေးထွေးလာခဲ့သည်။ ထက်မြသော အစွန်းများက သူ့လက်ဖဝါးအား အနည်းငယ် နာကျင်စေ၏။ ယဲ့ကျား ထိတ်လန့်သွားသည်။ သူက ခဏကြာ တုန့်ဆိုင်းနေပြီးနောက် မျက်လုံးကို သူ့မျက်နှာနားကပ်၍ ကြည့်လိုက်၏။ သူ့အရှေ့ရှိ မြင်ကွင်းမှာ ကြောက်မက်ဖွယ်ပင်။ ယဲ့ကျား အသက်ရှူရန်ပင် မေ့လျော့သွားရသည်။

အမှောင်ထုတစ်ခုလုံး မိခင်စားသုံးခဲ့သည့် ဝိဉာဉ်များဖြင့် ပြည့်နှက်နေ၏။ အချို့က ကြောက်ရွံ့နေကြပြီး အချို့က နာကျင်နေကြသည်။ သူတို့အားလုံးက နေရာတစ်ခုလုံး ပြည့်နှက်နေ၏။ ယဲ့ကျားက အသက်ပြင်းပြင်းရှူ၍ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် မျက်လုံးကို အသုံးပြုကာ ဤနေရာမှ လွတ်မြောက်ရန် လမ်းရှာလိုက်သည်။ ယဲ့ကျားက ဤနေရာတွင် အလင်းတစ်ချို့ ထွက်ပြူနေကြောင်း သတိပြုမိသွားခဲ့၏။

တစ္ဆေများနှင့် လူသားများ တိုက်ခိုက်နေကြသည်။ အတွေ့အကြုံရှိ ကစားသူများအပြင် ဗြူရိုရှိ သာမန်အဖွဲ့ဝင်များလည်း တိုက်ခိုက်နေကြသည်။ သူတို့က အုပ်စုငယ်များ အသီးသီးဖွဲ့စည်းလျှက် အငြိုးကြီးတစ္ဆေများကို ကိုင်တွယ်နေကြ၏။ အားလုံး၏ မျက်လုံးများက စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် လင်းလက်နေခဲ့ကြသည်။ သူတို့က သူတို့၏ အသက်ရှင်မှုအတွက်သာမက ကမ္ဘာကြီး၏ အနာဂတ်အတွက် တိုက်ပွဲဝင်နေကြခြင်းပင်။

လေထဲတွင် မိခင်က သွေးအရိုးငါးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူမနောက်ဘက်တွင် လက်တံရှည်များက ပြန်လည်ကုစားနေကြ၏။ သူမက မျက်လုံးကို ကျဉ်းမြောင်းလိုက်ရင်း သူမအရှေ့ရှိ မကောင်းဆိုးဝါးကို မျက်တောင်မခတ် စိုက်ကြည့်လိုက်သည်။ သွေးအရိုးငါးက အမြှီးကို လွှဲယမ်းလိုက်ရင်း ခေါင်းငုံ့လိုက်၏။ ၎င်း၏ ဦးချိုဖြင့် အသားအချို့ကို ထိုးစိုက်ရန် ချိန်ရွယ်လိုက်သည်။

ကျီရွှမ်က သူတို့ဘက်သို့ အကြည့်ရောက်လာပြီး အမြန်တားလိုက်သည်။

“ရပ်လိုက် …”

သို့သော် အလွန် နောက်ကျသွားခဲ့လေပြီ။ လက်တံရှည်များက သွေးအရိုးငါး၏ ဗဟိုချက်သို့ ဦးတည်လျှက်ရှိ၏။

…..

အမှောင်ထုထဲတွင် ယဲ့ကျားက အလင်း ထွက်ပေါ်လာသည့် နေရာအား သွားနေ၏။ ၎င်းက အလွန်မှိန်ဖျော့ပြီး ဖယောင်းတိုင်တစ်ခုကဲ့သို့ ၊ သို့မဟုတ် အမှောင်ထုအား ထိုးဖောက်နေသည့် လရောင်ဖျော့ဖျော့ကဲ့သို့ ရှိနေသည်။ သို့သော် ၎င်းက ဆက်လက်တောက်ပနေဆဲပင်။ မကျေနပ်သေးသည့် စွဲလမ်းမှုတစ်ခုကဲ့သို့ ၎င်းက ရှိနေဆဲဖြစ်သည်။

ယဲ့ကျားက အလင်းရောင်၏ အနားသတ်ကို မြင်နိုင်ပြီဖြစ်သည်။ ထိုအရာမှာ ဝိဉာဉ်တစ်ခုဖြစ်၏။ ယဲ့ကျား အံ့ဩသွားခဲ့သည်။ သူပို၍ နီးလာလေလေ၊ ဝိဉာဉ်၏ အသွင်အပြင်က ပို၍ ထင်ရှားလာလေပင်။ အလွန်မှိန်ဖျော့ကာ ဝေဝါးနေသည်။ သို့သော် ၎င်းက တစ်စုံတစ်ရာအား တောင့်တနေခြင်းဖြစ်ကြောင်း ယဲ့ကျား ခံစားမိနေ၏။ သူ့အား မမြင်ရသော အားတစ်ခုက ၎င်းအလင်းရောင် အနီးသို့သွားရောက်ရန် တိုက်တွန်းလျှက်ရှိသည်။

ဝိဉာဉ်အကြွင်းအကျန်သည်လည်း သူ၏ တည်ရှိမှုအား ခံစားမိပုံ၍၏။ ၎င်းက ယဲ့ကျားနေရာသို့ လှည့်ကြည့်လာသည်။ ထိုအခိုက်အတန့်တွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ယဲ့ကျား တောင့်တင်းသွားခဲ့၏။ သူ့ပါးစပ်မှာ ပွင့်ဟနေသော်လည်း မည်သည့်အသံမှ ထွက်မလာခဲ့ချေ။

အဲဒါ ခင်ဗျားလား …

လူငယ်လေးက တုန်ယင်လာခဲ့သည်။ သူ့စိတ်အစဉ်က ရပ်တန့်သွား၏။

ထိုမျက်နှာ …

အသွင်အပြင်များက ဝေဝါးနေသော်လည်း အကြောင်းရင်းတစ်ချို့ကြောင့် ယဲ့ကျား တစ်ဖက်လူကို မှတ်မိလေသည်။ ဤမျှ အချိန်ကြာသွားသည့်တိုင် အဆိုပါ ရင်းနှီးနေသည့်ခံစားချက်က သူ့ဝိဉာဉ်၌ တွယ်ငြိနေဆဲပင်။ သူက မေ့သွားပြီဟု ထင်ခဲ့သော်လည်း ၎င်းကိုမြင်လိုက်ရချိန်၌ နာကျင်လာခဲ့ရ၏။ သူက အဆိုပါ မုန်တိုင်းထန်သောညသို့ ပြန်ရောက်သွားသလိုပင်။ မိုးရေများ ရွှဲစိုလျှက် သူက တံခါးနားတွင် ရပ်ရင်း မှောင်မဲနေသည့် အခန်းကို ငေးကြည့်နေခဲ့သည်။

“မေမေ …”

ယဲ့ကျားအသံက အလွန်ကြမ်းရှနေပြီး သူ့အသံနှင့်ပင် လုံးဝမတူချေ။ နောက်ဆုံးတွင် အဆိုပါ အမျိုးသမီးဝိဉာဉ် အကြွင်းအကျန်က ယဲ့ကျားထံသို့ လက်ဆန့်တန်းလိုက်သည်။ ဝေဝါးဝါးမျက်နှာထက်တွင် သူနှင့် မစိမ်းသက်သော အမူအရာတစ်ခုကို တွေ့မြင်လိုက်ရ၏။ သူမ၏ မျက်ဝန်းများ ကွေးညွှတ်သွားကာ ပြုံးယောင်သမ်းလာသည်။

“သားက အရွယ်ရောက်လာပြီပဲ …”

ယဲ့ကျားက တုန်ယင်နေသော လက်များဖြင့် တစ်ဖက်လူအား လက်လှမ်းလိုက်သည်။ ဝိဉာဉ်သည် ခပ်ဖျော့ဖျော့သာ တောက်ပနေပြီး နောက်တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားတော့မလိုပင်။ အဆုံးသတ်၌ သူတို့၏ လက်ချောင်းများ ထိသွားကြသည်။

....

သွေးအရိုးငါး၏ ကြီးမားသော ခန္ဓာကိုယ်က မိခင်၏ လက်တံရှည်များနှင့် ရစ်ပတ်ခံလိုက်ရ၏။ ၎င်းမည်မျှ ရုန်းကန်စေကာမူ အချည်းနှီးသာဖြစ်သည်။ မိခင်က ၎င်းကို ပျော်ရွှင်စွာစောင့်ကြည့်နေ၏။

ထူထဲသော လက်တံရှည်များက ၎င်း၏ နံရိုးကို ဖြတ်သန်း၍ သွေးအရိုးငါး၏ ပင်မဗဟိုချက်ထံ သွားရောက်နေကြသည်။ ၎င်းက ခေါင်းကိုလှည့်ကာ လက်တံရှည်တစ်ခုအား ကိုက်လိုက်၏။ မိခင်က နှာခေါင်းရှုံ့လိုက်သည်။

“အရူးကောင်. ..”

သူမ လက်တံရှည်များက ပိုမိုတင်းကျပ်သွားခဲ့သည်။ သွေးအရိုးငါးက နာကျင်စွာ ညည်းညူလိုက်၏။ မိခင်က ၎င်း၏ အူတိုင်အား ချေမွရန် ပြင်နေစဉ် သူမ၏ လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။

“ဘာ ..”

သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ ကျေမွသံအချို့က သူမ၏ အရေပြားအောက်မှ ထွက်ပေါ်လာသည်။ အက်ကြောင်းများက အပြင်ဘက် အရေပြားပေါ်အထိ ရောက်ရှိလာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့၏။

“မဖြစ်နိုင်ဘူး …မဖြစ်နိုင်ဘူး …”

သူမမျက်နှာက ရှုံ့တွနေခဲ့သည်။

အခွံက ဘာဖြစ်တာလဲ … ဘာလို့ ရုတ်တရက်ကြီး ကွဲအက်လာတာလဲ … မဖြစ်ရဘူး … မဖြစ်ရဘူး … သူမ ဒီလိုဖြစ်ခွင့်မပေးနိုင်ဘူး …

မိခင်က သူမ မျက်နှာပေါ်ရှိ အသားများကို ပြန်လည် ကပ်နေခဲ့သည်။ သို့သော် အသားများက ပို၍သာ ကွာကျလာ၏။

“အား ------”

သူမက ကျယ်လောင်စွာ အော်လိုက်သည်။

“မြန်မြန် … မြန်မြန် … ငါ့အတွက် အခွံသစ်တစ်ခု ရှာပေးကြစမ်း… ”

အမျိုးသမီး၏ အစာအိမ်က လျှင်မြန်သည့်နှုန်းဖြင့် ကြီးမားလာ၏။ တစ်စုံတစ်ခုက ဖောက်ထွက်ရန် ကြိုးစားနေသည့်အလားပင်။ အားလုံးက အဆိုပါမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။ သူတို့အားလုံး ဘာဖြစ်နေမှန်း မသိကြချေ။ သူမက လျှင်မြန်စွာ ပျက်ယွင်းနေပြီး မိခင်၏ အသံများမှာလည်း လူသားတစ်ဦး၏ အော်သံနှင့်ပင် မတူတော့ချေ။ သူမက လူသားနှင့်တူသည့် အသွင်သဏ္ဍာန်ကိုလည်း ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့။

“ဘန်း …”

ကျယ်လောင်သော အသံကြီးနှင့်အတူ သူမ၏ အခွံတစ်ခုလုံး ပေါက်ကွဲသွားကာ အသားစများက လေထဲတွင် ပျံ့နှံ့သွားခဲ့၏။

“မဟုတ်ဘူး … မဟုတ်ဘူး …”

အသားပုံကြီးက ဆက်လက်အော်ဟစ် ရုန်းကန်နေခဲ့သည်။ မြေပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာပြီး အနီရောင်အလင်းများ စိမ့်ထွက်လာ၏။ တံခါးက သူမအား ကြိုဆိုနေပုံရသည်။ ထိုစဉ် တစ်စုံတစ်ခုအားဖြတ်တောက်လိုက်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့၏။

သွေးမိုးများကြားတွင် အစာအိမ်က ပေါက်ကွဲသွားပြီး လူငယ်လေးတစ်ဦး ထွက်ပေါ်လာသည်။ ယဲ့ကျားက သူပြုတ်ကျနေကြောင်း ခံစားမိနေ၏။ သူက ခေါင်းကိုမော့ရင်း အနက်ရောင်ကောင်းကင်ကို ကြည့်လိုက်သည်။ အပြာရောင်ကောင်းကင်သည် အနက်ရောင်တိမ်တိုက်များကြားမှ အရောင်တင်လိုက်သော ကျောက်မျက်တစ်ခုနှယ် ထွက်ပေါ်လာခဲ့၏။

ထိုစဉ် ပေါ့ပါးသွားသည့် ခံစားချက်က သူ့အား ရစ်ပတ်လာခဲ့သည်။ သူမြင်သမျှက သွေးမိုးများနှင့် ကောင်းကင်သာ ဖြစ်၏။ သူ့အနီးတွင် ပွက်လောရိုက်နေသော်လည်း လေတိုးသံများကိုသာ ကြားနေရသည်။ ယဲ့ကျား၏ ခြေထောက်များက ပျော့ခွေလာကာ အိပ်ပျော်တော့မလို ခံစားနေရ၏။ သူ့မျက်လုံးများက ဖြည်းဖြည်းချင်း ပိတ်ကျသွားခဲ့သည်။

ရုတ်တရက် ရင်းနှီးနေသောအသံတစ်ခုကို ကြားလိုက်ရ၏။ ၎င်းက ထက်မြသော ဓားတစ်ခုကဲ့သို့ ယဲ့ကျား၏ အိပ်ပျော်လုလုအတွေးများကို ဖြတ်တောက်သွားခဲ့သည်။

“ကောကော ----”

တစ်ဖက်လူ၏ အသံမှာ တိုးညှင်းသော်လည်း တုန်ယင်နေ၏။ ၎င်းတွင် ခံစားချက်အမြောက်အများ ပါဝင်လျှက်ရှိသည်။ ယဲ့ကျား ကြောင်အသွားခဲ့၏။ နောက်တစ်စက္ကန့်တွင် သူ့တစ်ကိုယ်လုံး အေးစက်စက် ထွေးပွေ့မှုတစ်ခုတွင်း ကျရောက်သွားသည်ကို ခံစားလိုက်ရသည်။ ပြုတ်ကျနေခြင်းက ရပ်တန့်သွားခဲ့၏။ သူမော့ကြည့်လိုက်မိသည်။ အမျိုးသားတစ်ဦးက သူ့ကို ငုံ့ကြည့်နေ၏။ သူ၏ မျက်တောင်ရှည်များအောက်တွင် သွေးနီရောင် မျက်ဝန်းများက တုန်ယင်လျှက်ရှိသည်။

သူ၏ အေးစက်စက် လက်မောင်းများက လူငယ်လေးအား တင်းကျပ်စွာ ပွေ့ဖက်ထားလျှက်ရှိသည်။ သူက အားသုံး၍ ပွေ့ဖက်လိုက်လျှင် အဆိုပါ ပုံရိပ်ယောင်ကလေး ပျောက်ကွယ်သွားမှာ စိုးသည့်အလျှောက် အနည်းငယ် ဖြေလျော့လိုက်မိ၏။ ယဲ့ကျားက တစ်ဖက်လူ၏ လက်မောင်းကြားတွင် အနားယူလိုက်သည်။

“အားရွှမ် …”

သူက ရေရွတ်လိုက်၏။ ယဲ့ကျားက အကြိမ်အနည်းငယ်ခန့် မျက်တောင်ခတ်လိုက်သည်။ ကြီးမားသော မျက်ရည်စက်များက သူ့မျက်နှာပေါ်သို့ ကျဆင်းလာ၏။ ကျီရွှမ် ကြောင်အသွားခဲ့သည်။ သူက စိုးရိမ်တကြီးမေးလိုက်၏။

“ဘာ … ဘာဖြစ်လို့လဲ … ”

ယဲ့ကျား လက်မြှောက်ကာ သူ့မျက်နှာသူ ထိကြည့်လိုက်၏။ မျက်နှာတစ်ခုလုံး အေးစက်ပြီး စိုရွှဲနေခဲ့သည်။ မျက်ရည်များက ကျီရွှမ်၏ လက်မောင်းပေါ်သို့ ကျဆင်းသွားခဲ့၏။ ကျီရွှမ် တုန်ယင်သွားခဲ့သည်။

အာ … ဒီတော့ အဲဒီ့လိုပေါ့ …

ယဲ့ကျား ခေါင်းယမ်းကာ ပြုံးလိုက်၏။ သူ၏ ပယင်းရောင် မျက်ဝန်းများက မျက်ရည်များဖြင် တောက်ပနေ၏။

“ဒီတိုင်း … တစ်ယောက်ယောက်ကို တွေ့လိုက်လို့်ပါ …”

ငါ့အတွက် အရေးကြီးတဲ့တစ်ယောက်ယောက်ပေါ့ …

ကျီရွှမ်က ခဏအကြာတွင် ခေါင်းငုံ့လျှက် ယဲ့ကျား၏ မျက်ရည်စက်များကို နမ်းရှိုက်လိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးနံ့များပြည့်နှက်နေပြီး သူ့မျက်ဝန်းတွင်းရှိ သတ်ဖြတ်လိုရိပ်နှင့် ရူးသွပ်မှုသည် လွင့်ပါးမသွားသေးချေ။ သို့သော် သူ့နှုတ်ခမ်းများက အေးစက်နူးညံ့စွာဖြင့် လူငယ်လေး၏ ပါးပြင်အား ပွတ်တိုက်သွားခဲ့၏။ ဤတစ်ကြိမ်၌ ယဲ့ကျားက မရှောင်ခဲ့ချေ။ ကျီရွှမ်၏ ဗလုံးဗထွေးအသံက ထွက်ပေါ်လာသည်။ သူက အလိုလိုက်ခံရသကဲ့သို့ ပြုမူနေ၏။

“ကောကော … ကျွန်တော့်ကို ကတိပေးခဲ့တယ်နော် … အားလုံးပြီးသွားရင် …. ကတိတည်မယ်မဟုတ်လား …”

ယဲ့ကျား ရယ်မောလိုက်၏။

“ဒါပေါ့ … ငါကတိတည်မှာပါ …”

သူက ခေါင်းကိုမော့ရင်း အနမ်းဖြင့် တုံ့ပြန်လိုက်၏။




ပြီးပါပြီ 🥹