[ ဒုတိယမျိုးဆက် လူချမ်းသာ ]
ဥရောပစတိုင် သုံးထပ်ဗီလာကြီးဟာ ဝိုးတဝါးဝါး စိမ်းစိုစိုသစ်ပင်များနှင့် ဝန်းရံထားပြီး ပုန်းဝှက်နေသော်ငြား ၎င်း၏ ထွက်ပေါ်နေသော အစွန်းအနည်းငယ်လေးကပင် ခမ်းနားထည်ဝါနေသေးသည်။
နံနက်ခင်း ကိုးနာရီအတိ နေထိုးနေပြီ။ ယမန်နေ့ညက မိုးရွာခဲ့သောကြောင့် ဗီလာရှေ့ရှိ ဥယျာဉ်ဟာ မိုးရေနှင့် ဆေးကြောခံရပြီး ရော်ရွက်တို့က ပိုမိုစိမ်းလန်းလျက် ပန်းတို့ကလည်း ပိုမိုနီစွေးနေကာ လေထုလည်း ပိုမိုသန့်စင်သွားသည်။
သို့သော် ဗီလာထဲတွင်တော့ လေထုက ငြိမ်သက်နေသည်။
ကြမ်းပြင်မှ မျက်နှာကြက်သို့ ထိစပ်နေသော ပြတင်းပေါက်များကို ထူထဲသော လိုက်ကာများဖြင့် တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားပြီး အသေးငယ်ဆုံးသော အလင်းရောင်ကိုပင် ဝင်ရောက်ခွင့် မပြုထားချေ။ အခန်းထဲတွင် အနည်းငယ်သော နံရံကပ်မီးအိမ်တို့ကိုသာ ဖွင့်ထားသည်။ မှောင်ရိပ်ကျသည့် အလင်းရောင်နှင့် မှောင်မိုက်သော ရှေးကျတန်ဖိုးကြီး ပရိဘောဂအမျိုးမျိုးတို့သည် နေရာကို ပို၍ မှိန်ဖျော့စေကာ ခြောက်ကပ်နေစေလျက်ရှိသည်။
ကြီးမားကျယ်ဝန်းသော ဧည့်ခန်းထဲ၌ မျက်နှာဖျော့ဖျော့နှင့် အနည်းငယ် သုန်မှုန်နေလျက် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးသည် ဆိုဖာပေါ်တွင် ထိုင်နေသည်။
ဤလူ၏နောက်တွင် အသက်နှစ်ဆယ်ကျော် အရပ်ရှည်ရှည် သန်မာသော လူငယ်တစ်ဦး မတ်တပ်ရပ်နေပြီး သူ့ရှေ့တွင်မူ အသက်လေးဆယ်ကျော် သို့မဟုတ် ငါးဆယ်ကျော် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက မတ်တပ်ရပ်နေကာ အနည်းငယ် ကြောက်ရွံ့နေပုံရသည်။
ဤအချိန်တွင် သူတို့သုံးဦးစလုံးသည် တိတ်ဆိတ်နေပြီး ခပ်ညင်းညင်း အသက်ရှူသံကိုသာ ပြတ်ပြတ်သားသား ကြားနေရသည်။
လုကျင်းရှိူ့သည် suede ဆိုဖာပေါ်တွင် ထိုင်ပြီး သူ၏ ညာဘက်လက်မက အပေါ်သို့ လှန်ကာ သူ့လက်ထဲရှိ ငွေရောင်စီးကရက်ဘူးကို ဖွင့်လိုက်သည်။
ဘူးထဲတွင် သေသေသပ်သပ် စီရီထားသော စီးကရက်များစွာ ရှိပြီး သူသည် တစ်လိပ်ကို ထုတ်ကာ သူ့လက်ကို နောက်သို့ ဆန့်ထုတ်လိုက်၏။
ဆိုဖာနောက်တွင် ရပ်နေသော လက်ထောက်က ၎င်းကို မီးညှိရန် မီးခြစ်ရှည်တစ်ခုကို ထုတ်ကာ သူ့အစား ဂရုတစိုက်ဖြင့် စီးကရက်ကို မီးညှိပေးသည်။ အာရဇ်ပင်ရနံ့ ပျံ့လွင့်သောအခါ လုကျင်းရှိူ့သည် သူ့လက်ကို ဆုတ်ကာ တစ်ရှိုက်ရှူသည်။
လုကျင်းရှိူ့သည် သူ့ပါးစပ်ထဲတွင် စီးကရက်ငွေ့ကို ငုံထားပြီး ခဏအကြာမှ သူသည် ၎င်းကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။ အငွေ့များကြားတွင် သူသည် သူ့ရှေ့ရှိ မတ်တပ်ရပ်နေသော သက်လတ်ပိုင်း အမျိုးသားကို လှမ်းကြည့်သည် : “ ခင်ဗျား အဲ့မိန်းမကို ငါ့အကြောင်း ပြောခဲ့လား? ”
“ သခင်... ” အစေခံယူနီဖောင်းကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားက ထုတ်ခေါ်လာသည်။ လုကျင်းရှိူ့က သူ့ကို မကြည့်ဘဲ လက်ထဲရှိ စီးကရက်ကိုသာ ကြည့်နေသည်အား တွေ့ရသော် သူ တုန်ယင်သွားသည် : “ မဒမ်အိုက သခင့်ကို အရမ်းစိတ်ပူနေပါတယ်။ သူ(မ)က အခုတလော ကျန်းမာရေး ချူချာနေတယ်။ ကျွန်တော်က သူ(မ)ကို နှစ်သိမ့်ပေးဖို့ သခင့်အကြောင်း တခုတလေပဲ ပြောပြခဲ့ပါတယ်။ ”
“ သူ(မ)က ငါ့ကို ဂရုစိုက်နေတာလား? ” လုကျင်းရှိူ့သည် နောက်တစ်ရှိုက် ရှူပြီး နောက်ဆုံးမှ သူ့ရှေ့ရှိ လူကို ကြည့်လိုက်သည်။
“ သခင်က မဒမ်အိုရဲ့ တစ်ဦးတည်းသော သားပါ။ ဘယ်လိုလုပ်ပြီး သူ(မ)က သခင့်ကို ဂရုမစိုက်ဘဲ နေနိုင်မှာပါလဲ? သူ(မ)က သခင့်အကြောင်း တွေးနေပါတယ်။ သခင်တို့က သားအမိတွေပါ... ” သက်လတ်ပိုင်း အမျိုးသားက စိုးရိမ်တကြီး ပြောသည်။
လုကျင်းရှိူ့က ဒုတိယအကြိမ် စီးကရက်ငွေ့ကို ဖွာထုတ်ကာ ပြုံးသည် : “ ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့က သားအမိတွေပဲလေ။ ”
လုကျင်းရှိူ့ ပြုံးသည်ကို မြင်ရသော် သက်လတ်ပိုင်း အမျိုးသားသည် စိတ်သက်သာရာရစွာ သက်ပြင်းချပြီး အလွန်စိတ်အားထက်သန်စွာ ပြောလိုက်သည် : “ သခင်၊ မဒမ်အိုနဲ့ မတွေ့တာ နှစ်အတော်ကြာနေပါပြီ။ အမုန်းတရားတွေ ဘယ်လောက်ကြီးကြီး... ”
“ အဲ့ဒါကြောင့် မင်းက သူ(မ)ရဲ့ပိုက်ဆံကို ယူပြီး ငါ့အကြောင်း အကုန်ပြောပြခဲ့တာလား? ” လုကျင်းရှိူ့သည် စကားပြောပြီးနောက် သူ့လက်ထဲရှိ စီးကရက်ကို နောက်ထပ်တစ်ရှိုက် ရှူလိုက်၏။
“ သခင်၊ ကျွန်တော် သခင့်ကျန်းမာရေးအကြောင်းပဲ တခုတလေ ပြောခဲ့တာပါ။ မဒမ်အိုက ကျွန်တော့်ကို သခင့်ကို ဂရုစိုက်ပေးဖို့လည်း မှာလိုက်ပါတယ်... ” သက်လတ်ပိုင်း အမျိုးသားသည် သူ စကားပြောမပြီးသေးခင် စီးကရက်တစ်လိပ်က သူ့မျက်နှာသို့ ပျံလာသည်ကို တွေ့လိုက်ရသည်။
သူသည် ၎င်းကို မသိစိတ်ဖြင့် အလိုအလျောက် ရှောင်ရှားလိုက်သော်ငြား နောက်တစက္ကန့်တွင် တုတ်ကောက်တစ်ချောင်းက သူ့ပခုံးကို ရုတ်တရက် ပြင်းပြင်းထန်ထန် ရိုက်နှက်လာသည်။
လုကျင်းရှိူ့သည် ရုတ်တရက် ထရပ်ပြီး သူ့ဘေးရှိ တုတ်ကောက်ကို သူ့ညာဘက်လက်နှင့် ကိုင်ကာ သက်လတ်ပိုင်း အမျိုးသားထံသို့ ဒေါသတကြီး လွှဲရိုက်လိုက်သည်။ ထို့နောက် သူသည် တုတ်ကောက်ကို ဆက်မသုံးတော့ဘဲ ခြေတစ်ချောင်းကို မြှောက်ကာ သက်လတ်ပိုင်း အမျိုးသား၏ ဒူးပေါ်သို့ တိုက်ရိုက်ကန်ချပစ်သည်။
သူက ရုတ်တရက်ဆိုသလို ပြုမူလိုက်ရာ သက်လတ်ပိုင်း အမျိုးသားသည် လုံးဝ အကာအကွယ်မဲ့ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသည်အထိ အကန်ခံလိုက်ရသည်။
သို့သော် သက်လတ်ပိုင်း အမျိုးသားက ကြမ်းပြင်ပေါ်တွင် လဲကျနေလျှင်တောင်မှ လုကျင်းရှိူ့က မရပ်တန့်ခဲ့ပေ။ သူသည် သူ့တုတ်ကောက်ကို နောက်တစ်ကြိမ် ဆွဲယူလိုက်ပြီး သူ့မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းနေသည်။
“ သခင်... ” သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာတွင် ကြောက်ရွံ့မှု ထွက်ပေါ်လာသည်။
လုကျင်းရှိူ့သည် သူ့ကို သေစေနိုင်သော အကြည့်ဖြင့် စိုက်ကြည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ပြီးမှ နောက်ဆုံး ရပ်တန့်လိုက်သည်။
ထို့နောက် လုကျင်းရှိူ့သည် သူ့တုတ်ကောက်နှင့် သူ့ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်ပြီး ငုံ့ကာ ကြမ်းပြင်တွင် လဲကျလျက် မထရဲသော သက်လတ်ပိုင်း အမျိုးသားကို ကြည့်၍ သူ့ပါးစပ်ကို ဖွင့်ရင်း စီးကရက်တစ်ရှိုက်ကို ဖွာထုတ်လျက် လှောင်ရယ်သည် : “ ငါ မင်းရဲ့ဂရုစိုက်ပေးမှုကို တကယ် ကျေးဇူးတင်တယ်။ ”
စကားပြောပြီးနောက် သူက ဆက်ပြောသည် : “ ထွက်သွားစမ်း! ”
ကြမ်းပြင်ပေါ်ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် တခုခုပြောချင်သော်လည်း သူ ခေါင်းမော့မော့ချင်း လုကျင်းရှိူ့၏ သေလူကို ကြည့်နေသကဲ့သို့ အကြည့်ကို တွေ့လိုက်ရပြီး ခဏအကြာတွင် သူသည် အလွန်အမင်း ကြောက်ရွံ့သွားကာ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။
လုကျင်းရှိူ့က ယိမ်းယိုင်ကာ ဆိုဖာပေါ်တွင် ပြန်ထိုင်ပြီး သူ့ပါးစပ်ကို ဟကာ “ဟဲ”ခနဲဖြင့် လှောင်ရယ်ရယ်လိုက်သည်။
လှောင်ရယ်ပြုံးနှင့် လုကျင်းရှိူ့သည် ကြမ်းပြင်ပေါ်သို့ တခုခုပြုတ်ကျသော အသံကို ကြားရသောအခါ မျက်မှောင်ကြုံ့သွားသည်။ သူ အပေါ်ထပ်သို့ လှမ်းကြည့်လိုက်သောအခါ ဗီလာ၏ ဒုတိယထပ်ရှိ လှေကားထိပ်တွင် မတ်တပ်ရပ်နေသည့် အသက်နှစ်ဆယ်ကျော်ခါစ လူငယ်ချောတစ်ဦးကို တွေ့လိုက်ရသည်။
ဤလူငယ်တွင် အလွန်ထင်ရှားသော မျက်နှာသွင်ပြင် ရှိပြီး အလွန်ချောမောသည်။ သူက အနည်းငယ် တွန့်ကြေနေသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ငွေရောင်ဆိုးထားသည့် ဆံပင်မှာလည်း အနည်းငယ် ရှုပ်ပွနေသော်ငြား ဆန့်ကျင်ဘက်အားဖြင့် သူဟာ ပေါ့ပေါ့ပါးပါးနှင့် နှစ်လို့ဖွယ်ကောင်းနေသည်။
ဤအခိုက်အတန့်တွင် သူက လုကျင်းရှိူ့ကို မျက်တောင်မခတ်ဘဲ တစိုက်မက်မက် ကြည့်နေ၏။
လုကျင်းရှိူ့သည် မူလက ဒေါသများနှင့် ပြည့်နှက်ပြီး ပုံချရန် နေရာမရှိဖြစ်နေသော်လည်း ဤအချိန်တွင်မူ သူသည် အပ်တစ်ချောင်းဖြင့် ထိုးစိုက်ခံလိုက်ရသကဲ့ပင်။
သူ့ကိုယ်ထဲမှ ဒေါသများမှာ ရုတ်တရက် လျော့ထွက်သွားကြသည့်အပြင် သူ့တွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
ယန်ကျင်းဇီက သူ့ကို... ဤပုံစံနှင့် တွေ့သွားလိမ့်မည်ဟု သူ မထင်ထားမိပေ။ ယန်ကျင်းဇီက သူ့ကို စက်ဆုပ်သွားမည်လား။
တကယ်တော့ သူ့ကို စက်ဆုပ်သွားလျှင်ပင် ကိစ္စမရှိချေ။
လုကျင်းရှိူ့၏ ဦးခေါင်းသည် စတင်နာကျင်လာပြီး သူ့အမူအရာမှာ အပေါ်ထပ်ရှိ ယန်ကျင်းဇီကို စိုက်ကြည့်နေစဉ် ပိုပိုပြီး အေးစက်လာကာ သူ့အကြည့်ဟာလည်း သူ လူသတ်ချင်နေသကဲ့သို့ ဖြစ်နေသည်။
လုကျင်းရှိူ့သည် နောက်ဘာဆက်ဖြစ်မည်ကို ခန့်မှန်းပြီးဖြစ်သည် – ယန်ကျင်းဇီက သူ့မျက်နှာအစစ်အမှန်ကို မြင်သောအခါ သူ့ကို သေချာပေါက် ကြောက်လန့်သွားမည်ပင်။
အမှန်တော့ ဤသည်ကလည်း ကောင်းမွန်သည်။ သူ့ရှေ့တွင် လျှောက်သွားကပ်တွယ်နေသော ဤလူ မရှိတော့လျှင် သူ အနည်းငယ် ပိုပျော်နိုင်လိမ့်မည်။
ဤသို့တွေးနေစဉ် လုကျင်းရှိူ့သည် ငွေရောင်ဆံပင်ပိုင်ရှင် ဆယ်ကျော်သက်က လှေကားမှ ရုတ်တရက် တဟုန်ထိုး ပြေးဆင်းလာပြီး သူ့အနားသို့ ရောက်လာသည့်အပြင် သူ့လက်ကိုလည်း လှမ်းဆွဲလိုက်သည်ကို တွေ့လိုက်ရသည်။
“ မင်း ခုနက လူရိုက်လိုက်တယ်။ မင်းရဲ့လက် နာသွားသေးလား? ”
လုကျင်းရှိူ့၏ ကြောက်မက်ဖွယ်ကောင်းသော အမူအရာမှာ အေးခဲသွားသည်။
ယန်ကျင်းဇီက စိတ်ဆင်းရဲမှုအပြည့်နှင့် သူ့လက်ကို ထိတွေ့လာသည် : “ မင်း သူ့ကို ဘာလို့ ကန်တာလဲ? အဲ့ဒါက မင်းရဲ့ခြေထောက်ကိုပဲ နာစေတယ်! နောက်တစ်ခါ မင်း တိုက်ခိုက်ချင်ရင် ငါ့ကို ရှာ၊ ငါ မင်းကို ကူညီမယ်။ ”
လုကျင်းရှိူ့ သူ့ရှေ့မှ လူကို ကြည့်လိုက်သည်။ ပထမတော့ သူသည် သူ့ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်ဘဲ ထို့နောက် သူ့မျက်နှာမှာ ပိုပိုပြီး အရုပ်ဆိုးလာသည်။ သူသည် ယန်ကျင်းဇီ၏လက်ကို ဖယ်ပစ်ပြီး “ထွက်သွား” ဟု ပြောချင်မိသော်ငြား စကားလုံးက သူ့နှုတ်ခမ်းပေါ်တွင် ရောက်ရှိနေပြီးဖြစ်လျက်နှင့် သူက ၎င်းကို မပြောနိုင်သေးပေ။ သူ ယန်ကျင်းဇီကို ပြင်းပြင်းထန်ထန်သာ စိုက်ကြည့်လိုက်သည် : “ လုရွေ့ချွင် လက်ထပ်သည်ဖြစ်စေ၊ လက်မထပ်သည်ဖြစ်စေ ငါနဲ့ ဘာမှမဆိုင်ဘူး! မင်း လုရွေ့ချွင်ကို လက်ထပ်ချင်တာ ငါ့ကို လာပြီး ဖားနေစရာ မလိုဘူး! ”
သူသည် စကားပြောပြီးနောက် တုတ်ကောက်နှင့် မတ်တပ်ရပ်ကာ ရှေ့သို့လျှောက်လိုက်သော်ငြား ယိမ်းယိုင်ပြီး လဲကျလုနီးပါးပင်။
ယန်ကျင်းဇီက ၎င်းကို မြင်ပြီး အမြန်ပြေးကာ သူ့ကို ပွေ့ဖက်လိုက်သည် : “ မင်း ဘယ်သွားမှာလဲ? ငါ မင်းကို ကူညီပေးမယ်။ ”
“ လွှတ်စမ်း! ” လုကျင်းရှိူ့က ဒေါသတကြီး ပြောသည်။
“ မလွှတ်ဘူး။ ” ယန်ကျင်းဇီက ဆိုသည်။
ဒါက သူ မြင်မြင်ချင်း ချစ်မိတဲ့ လူပဲ! သူ သူ့ကို သေချာပေါက် ကာကွယ်ပေးရမယ်!
ဒါပေမယ့် ဒီလူက သူ့ကို သဘောကျပုံမပေါ်ဘူး၊ ပြီးတော့... လုရွေ့ချွင်က ဘယ်သူလဲ?
ယန်ကျင်းဇီသည် ယခုမှ ကမ္ဘာကူးပြောင်းလာခဲ့သည်။
သူ ဘယ်သူလဲ သို့မဟုတ် သူ ဘယ်က လာသလဲကို သူ မသိဘဲ သူက ယန်ကျင်းဇီ ဖြစ်ကြောင်းကိုသာ သိသည်။
သူ ရောက်လာသည်နှင့်တပြိုင်နက် သူသည် သူ့ကိုယ်က ဒုတိယထပ်ရှိ လှေကားထိပ်တွင် မတ်တပ်ရပ်နေပြီး အောက်ထပ်ရှိ ဆိုဖာပေါ်တွင်မူ အနည်းငယ် သုန်မှုန်နေသော်လည်း အထူးကြည့်ကောင်းသည့် အမျိုးသားတစ်ဦးက ထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူ မြင်မြင်ချင်း ချစ်မိသွားပြီ!
ဒီလူရဲ့ အသွင်အပြင်တွေက သူ့အိပ်မက်ချစ်သူရဲ့ စံပြပုံစံပဲ၊ ဆံနွယ်တွေကတောင်မှ သူ့ကို လာနမ်းဖို့ ဆွဲဆောင်နေတယ်၊ သူ ဆွံ့အသွားရပြီ!
သူ ဆွံ့အစွာ ကြည့်ရှုနေစဉ် ဤလူက စတင်၍ ဆေးလိပ်သောက်လာသည်။
ဤလူဟာ သူ ချစ်မိသည့် အမျိုးသား တကယ်ပင် ဖြစ်ထိုက်သည်။ သူ၏ ဆေးလိပ်သောက်သော ပုံစံကတောင် အလွန်ချောမောသည်။
ယန်ကျင်းဇီသည် သူ သဘောကျသော လူ၏ စီးကရက်သောက်သည့် ပုံစံကို စွဲလမ်းသွားမိပြီး ရုတ်တရက် မြင်လိုက်ရသည်... ထိုသူက လူတစ်ဦးကို ရိုက်လိုက်သည်။
အာ... သူ့ရဲ့ လူရိုက်တဲ့ပုံစံကလည်း အရမ်းဆွဲဆောင်မှုရှိပြီး ချောမောနေတုန်းပဲ!
သို့သော်... ယန်ကျင်းဇီ သတိပြုမိသည်၊ ထိုသူက သူ့ဘယ်လက်ကို အင်္ကျီလက်ထဲတွင် ဖွက်ထားပြီး သူ့ဘယ်ခြေထောက်ကလည်း သိသိသာသာ အဆင်မပြေဖြစ်နေသည်...
သူ သဘောကျရသူတွင် မသန်စွမ်းမှု ရှိနေ၏။
ထို့အပြင် ထိုသူက ထင်ထင်ရှားရှားပင် ရက်စက်ကြမ်းတမ်းပုံပေါ်နေသော်ငြား သူက အလွန်ဝမ်းနည်းပြီး မသက်မသာဖြစ်နေသည်ဟု ယန်ကျင်းဇီ ထင်မိသည်။
သူက သူ့ခြေထောက်နှင့် ခြေဖဝါးတို့တွင် အဆင်မပြေဖြစ်နေပြီး သူက ကိုယ်တိုင်ကိုယ်ကျ လူရိုက်သည်။ သူ သေချာပေါက် အလွန်အမင်း စိတ်ဆိုးနေသည်... အိုက်ယား၊ သူ အရမ်းတုံးတယ်။ ဒီလိုနဲ့ သူကိုယ်သူ ထိခိုက်မိရင် သူ ဘယ်လိုလုပ်မလဲ? ပြီးတော့ အဲ့အားနဲ့ အဲ့တုတ်ကောက်ပါးပါးလေးက လူလတ်ပိုင်း အမျိုးသားကြီးကို ရိုက်တာ လုံးဝ မနာလောက်ဘူး။
ဆန့်ကျင်ဘက်အားဖြင့် နာကျင်မည်မှာ သူ့လက် ဖြစ်သည်။
သူ နောက်ဆုံး ရပ်တန့်သွားသောအခါ ယန်ကျင်းဇီသည် အောက်ဆင်းပြီး သွားကြည့်ချင်သော်ငြား သူ့ဘေးရှိ နံရံပေါ်မှ ဓာတ်ပုံဘောင်ကို မတော်တဆ ဝင်တိုက်မိပြီး ဓာတ်ပုံဘောင်က ပြုတ်ကျသွားသည်။
ယန်ကျင်းဇီသည် သူ မြင်မြင်ချင်း ချစ်မိသွားသော လူနှင့် အကြည့်ချင်း တွေ့ဆုံလိုက်ရသည်။
သူသည် ဤလူ မသက်မသာဖြစ်နေသည်ဟု ခံစားရပြီး လုံးဝ မစဉ်းစားတော့ဘဲ အောက်ထပ်သို့ ပြေးဆင်းလိုက်သည်။ ရလဒ်ကမူ ဤလူက သူ့ကို သဘောကျပုံမရချေ။
ဒါပေမယ့် တန်တယ်!
သူသည် ဤလူ၏ လက်ကို ကိုင်ခဲ့ပြီး ယခု သူ့ကို ပွေ့ဖက်ထားသည်။
ယန်ကျင်းဇီသည် လွှတ်ပေးရန် တွန့်ဆုတ်နေပြီး လုကျင်းရှိူ့၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။
လုကျင်းရှိူ့သည် သူ့ခြေသလုံးနှင့် ခြေဖဝါးတို့တွင် ချို့ယွင်းချက် ရှိပြီး သူ၏ တည်ငြိမ်မှုဗဟိုချက်မှာ မခိုင်မာချေ။ သူက အခြားလူကို တွန်းလျှင် လုံးဝ မရွေ့စေနိုင်သော်ငြား ယန်ကျင်းဇီက ရုတ်တရက် ခေါင်းမူးဝေသွားရာ... လုကျင်းရှိူ့ကြောင့် လဲကျသွားသည်။
သူက လုကျင်းရှိူ့ကို ပွေ့ဖက်နေခဲ့ပြီး ယခု သူ လဲကျသောအခါ လုကျင်းရှိူ့ကလည်း ထပ်တူပင် သူ့ရင်ခွင်ထဲသို့ လဲကျကာ သူ့မျက်နှာကို ခေါင်းနှင့် တိုက်မိသည်။
ယန်ကျင်းဇီ၏ နှာခေါင်းကို လုကျင်းရှိူ့၏ နဖူးက ဆောင့်မိပြီး သူ့နှာခေါင်း နာသွားကာ သူ့မျက်လုံးများပင် နာသွားသော်လည်း သူ့တွင် ၎င်းနှင့်ပတ်သက်ပြီး တွေးချိန်မရှိပေ — သူ ဒီလူရဲ့ မျက်လုံးတွေကို နမ်းလိုက်တယ်!
သူ ပျော်နေချိန်တွင် ယန်ကျင်းဇီသည် သူ့ခေါင်းက ပို၍ပင် မူးဝေလာသကဲ့သို့ ခံစားလိုက်ရပြီး တစ်ချိန်တည်းတွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များက သူ့စိတ်ထဲ၌ ပေါ်လာသည်။
ယန်ကျင်းဇီ၏မျက်နှာဟာ ရုတ်တရက် ပြောင်းလဲသွားသည် – သူ ကူးပြောင်းလာတဲ့ ကိုယ်က အရူးတစ်ယောက်ပဲ!
သူ့ခန္ဓာကိုယ်၏ မူလပိုင်ရှင်ကလည်း ယန်ကျင်းဇီဟု အမည်ရှိသည်။
ဤလူဟာ S မြို့ကြီးရှိ မိသားစုကြီးတစ်စု ဖြစ်သော ယန်မိသားစု၏ ဒုတိယသခင်လေး ဖြစ်သည်။ သူ့မိဘများက သူ့ကို ချစ်ခင်ပြီး သူ့အထက်တွင် အစ်ကိုတစ်ဦး ရှိသည်။ သူက အလိုလိုက်ခံကာ ကြီးပြင်းခဲ့ပြီး သူဟာ နေ့တိုင်း ကစားထွက်သည် သို့မဟုတ် လုရွေ့ချွင်ကို လိုက်ရန် လျှောက်ပြေးနေတတ်သည်။ အတိုချုပ်ရသော် သူက မည်ကဲ့သို့ သေသေချာချာ နေထိုင်ပြုမူရမည်ကို မသိချေ။
လုရွေ့ချွင် ဆိုသည်မှာ... သူက မူလပိုင်ရှင်၏ စေ့စပ်ထားသူ ဖြစ်ပြီး သူ မြင်မြင်ချင်း ချစ်မိသွားသည့် လူ၏ တူလည်း ဖြစ်သည်။
လုသခင်အိုကြီးနှင့် သူ့ဇနီးတို့တွင် အလွန်နက်ရှိုင်းသော ဆက်ဆံရေး ရှိခဲ့ကြပြီး သူတို့နှစ်ဦးက အလွန်ကောင်းမွန်သော မိသားစုစီးပွားရေးကို ထူထောင်ခဲ့ကြသည်။ ကံမကောင်းစွာဖြင့် ချမ်းသာလာပြီး အဆုံး၌ လုသခင်အိုကြီး၏ ဇနီးက မမျှော်လင့်ဘဲ နေမကောင်းဖြစ်ပြီး သေဆုံးသွားခဲ့သည်။
လုသခင်အိုကြီးက ပြင်းထန်စွာ စိတ်ထိခိုက်ခဲ့ပြီး သူ ပြန်လည်ကောင်းမွန်လာကာ နောက်တစ်ကြိမ် ဘဝကို ထပ်မံနေထိုင်ဖို့ရန် အချိန်အတော်ကြာခဲ့၏။
လုသခင်အိုကြီးဟာ အလွန်အလုပ်များပြီး သူ့သမီးကို ဂရုမစိုက်နိုင်မည်ကို စိုးရိမ်သဖြင့် သူ့သမီးအတွက် ကောင်းမွန်သော ကလေးထိန်းတစ်ဦးကို ရွေးချယ်ခဲ့သည်။
ထိုကလေးထိန်းမှာ လုကျင်းရှိူ့၏မိခင် ဖြစ်ပြီး အစောက သက်လတ်ပိုင်းအရွယ် အမျိုးသား ပြောခဲ့သည့် “မဒမ်အို” ဖြစ်သည်။
လုကျင်းရှိူ့၏မိခင်တွင် လုမိသားစုထံသို့ ကလေးထိန်းအဖြစ် မရောက်မီ အိမ်ထောင်ရှိခဲ့သည်။ ခင်ပွန်းဟောင်း၏ အိမ်တွင်းအကြမ်းဖက်မှုကြောင့် သူ(မ)ဟာ ကလေးနှစ်ဦးကို ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးတွင် သူ(မ) သည်းမခံနိုင်တော့ဘဲ ထွက်ပြေးခဲ့သောကြောင့် လုအိမ်သို့ ကလေးထိန်းအဖြစ် ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် လုမိသားစု၏ အကြီးဆုံးသခင်မလေးက အသက်ဆယ်နှစ်သာ ရှိသေးသည်။
လုကျင်းရှိူ့၏မိခင်က လုသခင်အိုကြီးကို အလွန်ကျေးဇူးတင်ပြီး လုသခင်မလေး၏ နေ့စဉ်ဘဝကို ပြုစုစောင့်ရှောက်ရင်း လုံ့လဝီရိယရှိရှိ အလုပ်လုပ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် တခုခုဖြစ်ခဲ့၏။ လုသခင်မလေး အသက်ဆယ့်သုံးနှစ်အရွယ်တွင် လုကျင်းရှိူ့၏မိခင်က ကိုယ်ဝန်ရှိခဲ့ပြီး ကလေးက လုသခင်အိုကြီးနှင့် သက်ဆိုင်သည်။
မူလပိုင်ရှင်သည် လုမိသားစု၏ အရေးကိစ္စများကို အလွန်ရှင်းရှင်းလင်းလင်း မသိချေ။ လုသခင်အိုကြီးက လုကျင်းရှိူ့၏မိခင်ကို လက်ထပ်ခဲ့ပြီး လုသခင်မလေးကလည်း လုသခင်အိုကြီးကို မုန်းတီးခဲ့သည်ကိုသာ သူ သိသည်။ ထို့နောက်တွင်မူ...
လုကျင်းရှိူ့ဟာ အသက်ငါးနှစ်အရွယ်တွင် ပျောက်ဆုံးသွားခဲ့ပြီး ဆယ်နှစ်တိတိအကြာ ပျောက်ဆုံးသွားခဲ့ကာ သူ့အသက်ဆယ့်ငါးနှစ်တွင်သာ ပြန်လည်တွေ့ရှိခဲ့သည်။
လုကျင်းရှိူ့တွင် ယခင်က မသန်စွမ်းမှု မရှိခဲ့သော်ငြား သူ ပျောက်ဆုံးကာ ပြန်လည်တွေ့ရှိပြီးနောက် သူ၏ လက်တစ်ဖက်နှင့် ခြေတစ်ဖက် မသန်စွမ်းဖြစ်လာခဲ့၏ — သူ၏ လက်မောင်းနှင့် ခြေထောက်တို့ကို တစ်စုံတစ်ဦးက ရိုက်ချိုးခဲ့ပြီး သူ့ကို တောင်းရမ်းစားသောက်ရန် အတင်းဖိအားပေးခဲ့သည်။
လုကျင်းရှိူ့ ပြန်ရောက်သောအခါ လုမိသားစု၏ သခင်မလေးက ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပြီး ဖခင်မသိရသည့် လုရွေ့ချွင်ကိုသာ ချန်ရစ်ခဲ့၏။ သူက လုကျင်းရှိူ့အောက် ဆယ်နှစ်ပိုငယ်သည်။
လုသခင်အိုကြီးက သူ့မြေးကို အရမ်းချစ်ပြီး လုကျင်းရှိူ့ကိုမူ... အချိန်အတော်ကြာသည့်အထိ လုကျင်းရှိူ့က လူအများရှေ့တွင် ပေါ်မလာခဲ့ချေ။ လွန်ခဲ့သော ခြောက်နှစ်က လုသခင်အိုကြီး အပြင်းအထန် နာမကျန်းဖြစ်မှသာ သူ့ကို လုသခင်အိုကြီးက နိုင်ငံခြားမှ ပြန်လာခိုင်းခဲ့ပြီး နောက်ပိုင်းတွင် သူက မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သည့် နည်းလမ်းများကို အသုံးပြု၍ လုသခင်အိုကြီး၏ ပြင်းထန်သော ဖျားနာမှုကြောင့် အလွန်ရှုပ်ထွေးနေသည့် လုအိမ်၏ စီးပွားရေးကို တည်ငြိမ်စေခဲ့သည်။
ထိုအချိန်တွင် မူလပိုင်ရှင်နှင့် လုရွေ့ချွင်တို့ နှစ်ဦးစလုံးက အသက်ဆယ့်ခြောက်နှစ် ဖြစ်ပြီး လုကျင်းရှိူ့က အသက်နှစ်ဆယ့်ခြောက်နှစ် ဖြစ်သည်။
လုသခင်အိုကြီး ကွယ်လွန်သောအခါတွင် သူက သူ့ပိုင်ဆိုင်မှုများကို နှစ်ပိုင်းခွဲ၍ လုရွေ့ချွင်နှင့် လုကျင်းရှိူ့တို့ကို ပေးခဲ့သည်။ လုရွေ့ချွင်ကို ပံ့ပိုးကူညီမှု ပေးရန်အတွက် သူက လုရွေ့ချွင်ကို မူလပိုင်ရှင်နှင့် စေ့စပ်ထားစေရန်လည်း လုပ်ဆောင်ခဲ့၏။
မူလပိုင်ရှင်က ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်တွင် လုရွေ့ချွင်ကို ချစ်မိခဲ့သည်။ ထိုအချိန်တွင် သူဟာ ဆယ့်ခြောက်နှစ်သာ ရှိသေးသော်ငြား သူက လုရွေ့ချွင်နှင့် ပျော်ပျော်ရွှင်ရွှင် စေ့စပ်ခဲ့၏။ ယခုမူ မျက်စိတမှိတ်တည်းနှင့် ခြောက်နှစ်တာကာလ ကုန်ဆုံးသွားပေသည်။
ခြောက်နှစ်ကြာပြီးနောက် လုကျင်းရှိူ့သည် လုမိသားစုကို လုံးလုံးလျားလျား ချုပ်ကိုင်ထားပြီးဖြစ်သည်။ သူဟာ ရက်စက်ကြမ်းကြုတ်ပြီး အေးစက်ကာ သန်မာသည်။ သူ့တွင် မသန်စွမ်းမှု ရှိသော်ငြား သူက ဉာဏ်ကောင်းသည်။ စီးပွားရေးနယ်ပယ်တွင် သူ့ဂုဏ်သတင်းကို ချန်ရစ်ထားပြီးဖြစ်သည်။ ဘယ်သူကမှ သူ့ကို မစော်ကားရဲချေ။ လုရွေ့ချွင်နှင့် မူလပိုင်ရှင်တို့လည်း ကြီးပြင်းလာခဲ့ကြပြီ။
ဤကမ္ဘာတွင် အမျိုးသားချင်း လက်ထပ်နိုင်သည်။ မူလပိုင်ရှင်က လက်ထပ်နိုင်သည့် အရွယ်သို့ ရောက်ရှိပြီးနောက် လုရွေ့ချွင်ကို အမြဲတစေ လက်ထပ်ချင်နေခဲ့သော်လည်း ဦးလေးဖြစ်သူ သဘောမတူ၍ မူလပိုင်ရှင်ကို စောင့်ဆိုင်းနေရန် လုရွေ့ချွင်က အမြဲပြောခဲ့သည်။
မူလပိုင်ရှင်သည် လုကျင်းရှိူ့ စိတ်ကျေနပ်မည့် နည်းလမ်းများကို စတင်စဉ်းစားတော့သည်။
မနေ့ညက လုရွေ့ချွင် အရက်မူးသည်။ မူလပိုင်ရှင်က လုရွေ့ချွင်ကို လုမိသားစုထံသို့ ပြန်ပို့ပေးကာ လုရွေ့ချွင်ကို အချိန်အတော်ကြာ ပြုစုစောင့်ရှောက်ခဲ့သည်။ သူက မနက်ခင်းတွင် အိပ်ပျော်သွားပြီး မတော်တဆ အအိပ်လွန်သွားသည်။ သူ နိုးလာသောအခါ လုရွေ့ချွင်က အလုပ်သွားပြီဖြစ်သည်။
သူ သမ်းဝေပြီး လှေကားထစ်ထိပ်သို့ လျှောက်သွားရင်း... လူစားလဲသွားသည်။
မူလပိုင်ရှင်၏ အတိတ်မှတ်ဉာဏ်ကို ကြည့်ပါ။ သူက နည်းနည်းတုံးသော်ငြား သူ မကောင်းတာ မလုပ်ခဲ့ချေ။ သို့ရာတွင် သူသာ မကူးပြောင်းလာခဲ့သော်...
သုန်မှုန်နေသော အမူအရာဖြင့် လူရိုက်နေသည့် လုကျင်းရှိူ့ကို တွေ့ရသော် မူလပိုင်ရှင်သည် လုကျင်းရှိူ့က အေးစက်ကြမ်းကြုတ်သည်ဟု ချက်ချင်း အပြစ်တင်ပြီး ဒေါသတကြီးဖြင့် ထွက်သွားခဲ့သည်။
မူလပိုင်ရှင်သည် သူ၏ စေ့စပ်ထားသူ လုရွေ့ချွင်ထံသို့ သွားပြီး လုရွေ့ချွင်ကို ပြောပြသည်။ ရလဒ်ကမူ လုရွေ့ချွင်က မူလပိုင်ရှင်ကို စတင်တိုင်တန်းတော့သည်၊ လုကျင်းရှိူ့က အမူအကျင့်ပျက်ပြားသူ ဖြစ်ပြီး အခြားသူများကို ရိုက်နှက်ရုံတင်မကဘဲ သူ့ကိုလည်း ရိုက်နှက်ကာ ယခုလက်ရှိတွင် လု၏စီးပွားရေးကို လက်ဝါးကြီးအုပ်လျက် မလွှတ်ပေးကြောင်း ပြောလေသည်။
မူလပိုင်ရှင်က စိတ်ဆင်းရဲပြီး အသေးစိတ်ကို နားလည်ရန် အာရုံမရှိဘဲ လုကျင်းရှိူ့ကို မုန်းတီးပြီး လုရွေ့ချွင်အတွက် လုကျင်းရှိူ့ကို ကူညီဖယ်ရှားပေးရန် ဆုံးဖြတ်လိုက်သည်။
သူက တွေးတောင် မတွေးခဲ့ဘူး။ လုကျင်းရှိူ့က သူ့ရဲ့ ပျက်စီးနေတဲ့ ခန္ဓာကိုယ်နဲ့ လုရွေ့ချွင်ကို ဘယ်လိုလုပ် ရိုက်နိုင်ပါ့မလဲ? သူ ရိုက်နိုင်တယ် ဆိုရင်တောင်မှ လုရွေ့ချွင်က သူ့ဆီကနေ တကယ် အရိုက်ခံရပြီး နှိပ်စက်ခံရရင် ဘာလို့များ အိမ်မပြောင်းဘဲ ဒီအိမ်မှာပဲ ဆက်နေနေသေးတာလဲ?
မည်သို့ပင်ဖြစ်စေ မူလပိုင်ရှင်က ယုံစားပြီး ပြန်လှည့်ကာ လုကျင်းရှိူ့ကို ဟန်ဆောင်ပန်ဆောင် တောင်းပန်လိုက်ပြီးနောက် လုကျင်းရှိူ့ကို ဆက်လက်ချဉ်းကပ်ခဲ့သည်...
လုကျင်းရှိူ့က ဒေါသကြီးပြီး မကြာခဏ စိတ်ဆိုးတတ်သော်ငြား သူက တကယ်တော့ လက်တွေ့ကျသည်။ ၎င်းကြောင့်သာ မဟုတ်လျှင် သူက လွှဲပြောင်းရယူထားသော လုမိသားစု၏ စီးပွားရေးကို ချဲ့ထွင်နိုင်မည်မဟုတ်ချေ။
မူလပိုင်ရှင်က ဆူပူကြိမ်းမောင်းခဲ့သော်လည်း သူက မူလပိုင်ရှင်ကို ဘာမှမလုပ်ခဲ့ပေ။ သို့သော် မူလပိုင်ရှင်ကမူ...
မူလပိုင်ရှင်က ဆေးအချို့ ဝယ်ပြီး လုကျင်းရှိူ့၏ စားစရာထဲတွင် ထည့်ကာ လုကျင်းရှိူ့ တဖြည်းဖြည်း အားနည်းလာစေရန် ကြိုးစားလုပ်ဆောင်ခဲ့သည်။
လုကျင်းရှိူ့ သိသွားသည်။
လုကျင်းရှိူ့က သိပြီးနောက် မူလပိုင်ရှင်ကို ဘာကြောင့် ဤသို့လုပ်ရကြောင်း မေးမြန်းခဲ့ပြီး ရလဒ်မှာမူ မူလပိုင်ရှင်က သူ၏ လက်စားချေမှုကို ကြောက်ရွံ့ပြီး သူက သေမတတ် စိုးရိမ်ကာ လုမိသားစု၏ အိမ်နောက်ရှိ ရေကူးကန်ထဲသို့ လုကျင်းရှိူ့ကိုပင် တွန်းချခဲ့သည်။
လုကျင်းရှိူ့ ရေနစ်သေဆုံးသွားခဲ့၏။
မူလပိုင်ရှင်က သူဟာ လူအများ ကောင်းစားရန် လုပ်ပေးခဲ့သည်ဟု တွေးလိုက်သေးသည်... သူက လုကျင်းရှိူ့ကို တမင်သက်သက် ချဉ်းကပ်ပြီး လုကျင်းရှိူ့ကို ဒုက္ခပေးခဲ့သည်။ ဆန်ကုန်မြေလေးကောင်!
ယန်ကျင်းဇီ၏ မျက်လုံးများ အထူးတလည် နာကျင်နေပြီး သူ့နှာခေါင်းကိုလည်း ဆောင့်မိထားသည်... သူ့မျက်ဝန်းများထဲမှ မျက်ရည်များ စီးကျလာသည်။
လုကျင်းရှိူ့သည် သူ့ညာလက်နှင့် ကြမ်းပြင်ပေါ်တွင် လက်ထောက်ကာ ယန်ကျင်းဇီကိုယ်ပေါ်မှ ထပြီးနောက် ငိုနေသည့် ယန်ကျင်းဇီကို တွေ့လိုက်
ရသည်။
“ ... ”
လုကျင်းရှိူ့ကို စောင့်ရှောက်ရန် တာဝန်ယူထားသည့် လက်ထောက်က ရောက်ရှိလာပြီးဖြစ်ကာ လုကျင်းရှိူ့၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေသည်။
လုကျင်းရှိူ့က အေးစက်သော မျက်နှာနှင့် ဆိုသည် : “ ဆရာဝန်ကို ခေါ်လိုက် ”
_____