“ ဆရာဝန်ရှာစရာမလိုဘူး! ” ယန်ကျင်းဇီသည် သူ၏ အတော်နာနေသော နှာခေါင်းကို ထိလိုက်ပြီးနောက် သွေးလက်တစ်ဆုပ်စာကို တွေ့လိုက်ရသည်။
သူ အခု နည်းနည်းသနားစရာကောင်းနေလောက်တယ်... ဤသို့ သွေးများနှင့် ပြည့်နေသော မျက်နှာဖြင့် သူသည် သူ့ဝန်ဆောင်မှုများကို ပေးရန် လုကျင်းရှိူ့ရှေ့သို့ သေချာပေါက် မသွားနိုင်ပေ။
အမှန်မှာ အစောက သူ ပြုမူခဲ့သကဲ့သို့ လုကျင်းရှိူ့ကို အသားယူရန် သူ စိတ်မဝင်စားနိုင်တော့ချေ — မူလပိုင်ရှင်၏ မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် ပေါက်ကွဲနေပြီး သူသည် သူ့ကိုယ်သူ စုစည်းရန် လိုအပ်နေသည်။
ယန်ကျင်းဇီသည် စကားမပြောဘဲ လုကျင်းရှိူ့ကိုသာ ကြည့်လိုက်သည်။
“ ဟဲ။ ” လုကျင်းရှိူ့က လှောင်ရယ်ကာ မလှမ်းမကမ်းတွင် တုတ်ကောက်တစ်ချောင်းနှင့် မတ်တပ်ရပ်လျက် သူ့ကိုယ်ရေးလက်ထောက်ကို အမူအရာမဲ့စွာ ပြောသည် : “ သူ့ကို အပေါ်ပို့ပြီး ဆရာဝန် လာတာ စောင့်နေ! ”
လုကျင်းရှိူ့သည် စကားပြောပြီးနောက် လှည့်ကာ အပေါ်ထပ်သို့ တက်လိုက်သည်။
သူသည် အနည်းငယ် လျင်မြန်စွာ လျှောက်နေသောကြောင့် သူ့ခြေထောက်များက သိပ်မတည်ငြိမ်တော့ဘဲ သူ လှေကားတက်သောအခါ သူ့ကိုယ်က ယိမ်းယိုင်သွားခဲ့သည်။
အပေါ်ထပ်တက်ခြင်းသည် လုကျင်းရှိူ့အတွက် အလွန်ဒုက္ခများသည်။ သူသည် လှေကားတထစ်ချင်းစီ တက်ရကာ သူ့ညာခြေက အရင်တက်ပြီးမှ သူ့ဘယ်ခြေကို အပေါ်သို့ ဆွဲတင်ရသည်။
လုကျင်းရှိူ့သည် နှစ်ပေါင်းများစွာ ဤကဲ့သို့ နေထိုင်လာခဲ့သော်ငြား မျက်နှာကို အုပ်လျက် သူ့ကို တည့်တည့်ကြည့်နေသော ယန်ကျင်းဇီကို သူ့မျက်လုံးထောင့်မှတဆင့် မြင်ရသောအခါ သူ ရှက်ရွံ့မိသည်။
သို့သော် သူ ဘာမှမပြသခဲ့ပေ။
သူ့နောက်ကျောက ဖြောင့်တန်းပြီး သူ့မျက်မှာလည်း ယခင်အတိုင်း ညိုမှိုင်းနေကာ သူသည် နှောင့်နှေးမနေဘဲ အပေါ်ထပ်သို့ တက်ကာ သူ့အခန်းထဲသို့ ဝင်လိုက်သည်။
အရာရာထံမှ တသီးတသန့် နေထိုင်ရန် တံခါးကို ပိတ်လိုက်ပြီးနောက် လုကျင်းရှိူ့သည် သူ၏ ကွေးနေသော ဘယ်လက်နှင့် စားပွဲပေါ်ရှိ ပန်းအိုးကို တိုက်ချလိုက်ကာ ၎င်းကို ကြမ်းပြင်ပေါ်သို့ ကျလျက် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေသည်။ ထို့နောက် သူက သူ့တုတ်ကောက်ကို သုံး၍ သူ့ဘယ်ခြေကို ရိုက်လိုက်၏။
သူ့ဘယ်ခြေဟာ မသန်မစွမ်းဖြစ်နေပြီးဖြစ်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းဖို့ တုတ်ကောက်လည်း မရှိတော့သဖြင့် ဤရိုက်နှက်မှုကြောင့်... လုကျင်းရှိူ့သည် ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားသည်။
“ ဟား... ” သူသည် ရယ်မောလိုက်ပြီး ဖြည်းညှင်းစွာ တက်ကာ သူ့ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် သူသည် ဘဲလ်နှိပ်၍ နာနီကို အခန်းထဲဝင်ကာ ရှင်းလင်းစေသည်။
လုမိသားစု၏ အိမ်တော်ထိန်းကို ယခုလေးတင်မှ သူ မောင်းထုတ်လိုက်သည်။ နာနီကလည်း ထိုမြင်ကွင်းကို တွေ့ခဲ့သည်။ အသက်သုံးဆယ့်တခုခုအရွယ် ဤအမျိုးသမီးဟာ တုန်ယင်စွာ ဝင်လာသည်။ သူ(မ)သည် အသက်တချက်ပင် မရှူရဲပေ။ ခုံတွင် ထိုင်နေသော လုကျင်းရှိူ့က အေးစက်ပြီး ကြောက်စရာကောင်းကာ အချိန်မရွေး အခြားသူများကို ပြင်းပြင်းထန်ထန် နာကျင်စေလိမ့်မည်ဟု သူ(မ) ခံစားနေရသည်။
သူ(မ)သည် ပန်းအိုး၏ အပိုင်းအစများကို အမြန်ကောက်ယူပြီး အလျင်အမြန် ထွက်သွားကာ အပိုင်းအစတချို့တွင် သွေးပေနေသည်ကိုပင် မတွေ့ခဲ့ပေ။
သူ(မ) ထွက်သွားသောအခါ လုကျင်းရှိူ့သည် သူ့ဘယ်ဘက်ခြေထောက်ကို ငုံ့ကြည့်ကာ သူ့တုတ်ကောက်နှင့် ထပ်ရိုက်လိုက်ပြန်သည်။
လုကျင်းရှိူ့သည် ယခုနှစ်တွင် အသက်သုံးဆယ့်နှစ်နှစ် ရှိပြီဖြစ်ပြီး သူ့ဘဝ၏ အနှစ်သုံးဆယ်ကျော်တွင် နာကျင်မှုများနှင့် တချိန်လုံး ပြည့်နှက်နေခဲ့သည်။
သူ မွေးချိန်တွင် သူ့ဖခင်က အသက်လေးဆယ်ကျော်နေပြီဖြစ်သည်။ တစ်ဦးတည်းသော သား ဖြစ်သဖြင့် သူက ကောင်းမွန်စွာ အချစ်ခံရသင့်သော်လည်း ထိုသို့မဖြစ်ခဲ့ချေ။
သူ့ဖခင်က သူ့အောက်ပိုင်းကို မထိန်းနိုင်ဘဲ သူ့မိခင်နှင့် အိပ်ခဲ့ပြီး သူ့ကို ရခဲ့ကာ သူ့ကို မကြိုက်ပေ။
သူ့မိခင်လား? သူ့မိခင်က သူ့ဖခင်ကို အရိုးထဲထိ ချစ်ပြီး သူ့ဖခင်နှင့် သူ့အစ်မကို အလွန်အမင်း မြှောက်ပင့်ထားခဲ့သော်ငြား ဘယ်တော့မှ သူ့ကို မကောင်းပေးခဲ့ချေ။
သူသည် ကလေးအရွယ်တွင် ရှိနေစဉ် စောစောကတည်းကပင် အကြောင်းအရာ တော်တော်များများကို မှတ်မိသည်။ ထိုအချိန်တွင် သူ့အစ်မနှင့် သူ့ဖခင်တို့က အမြဲတစေ ရန်ဖြစ်နေခဲ့ကြသည်ကို မှတ်မိ၏။ သူ့အစ်မ စိတ်ဆိုးမည်ကို ကြိုတင်ကာကွယ်ရန်အတွက် သူ့အစ်မ အိမ်တွင် ရှိနေချိန်၌ သူနှင့် သူ့မိခင်တို့သည် ပုန်းနေခဲ့သည်။
သူ့အစ်မ တခုခုဖြစ်လျှင်လည်း သူ့မိခင်က သူ့ကို ချက်ချင်း ထားခဲ့ပြီး သူ့အစ်မ၏ကိစ္စများကို သွားရောက်လုပ်ဆောင်လိမ့်မည်။
သူ့ဖခင်ကို မဆိုနှင့်။ သူက အိမ်ပြန်လာခဲပြီး သူကလည်း ရံဖန်ရံခါတွင် အထူးတလည် ပုန်ကန်တတ်သော သူ၏ မြီးကောင်ပေါက် သမီးနှင့် အလုပ်ရှုပ်နေတတ်သည်။ သူ့တွင် သူ၏ မတည်ရှိလုနီးပါး သားငယ်လေးကို ဂရုစိုက်ရန် အချိန်မရှိချေ။
တစ်ခါက သူ့အစ်မဟာ သူ့ဖခင်နှင့် စကားများပြီး အိမ်က ထွက်ပြေးသွားသည်။ သူ့မိသားစုဝင်များက သူ့အစ်မကို လိုက်ရှာကြသည်။ ဘယ်သူကမှ သူ့ကို သတိမရကြချေ။ သူသည် အိမ်တွင် တစ်နေကုန် ဗိုက်ဆာနေခဲ့ရသည်။
သူ ငါးနှစ်သားအရွယ်တွင် သူ့ကို “ပျောက်ဆုံး”သွားခဲ့ရခြင်းမှာလည်း သူ့မိခင်က သူ့ကို အပြင်ခေါ်ပြီး သူ့အစ်မအတွက် လက်ဆောင်များ ဝယ်ရန် စိတ်အားထက်သန်နေခဲ့ကာ သူ့ကို ဂရုမစိုက်ခဲ့သောကြောင့်ပင်။
သူ့မိခင်ကို ရှာမတွေ့ချိန်တွင် သူ မည်မျှစိတ်ဆင်းရဲခဲ့ရကြောင်းကို သူ မှတ်မိနေသေးသည်။
သေချာတာပေါ့၊ ၎င်းက သူ၏ စိတ်အဆင်းရဲရဆုံး အခိုက်အတန့် မဟုတ်ချေ။
ထိုအချိန်တွင် သူသည် သူ့အိမ်ဖုန်းနံပါတ်ကို အလွတ်ရနေပြီဖြစ်သည်။ လူကုန်ကူးသူများက ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို သတိမထားခဲ့ကြချေ။ တစ်ချိန်တွင် သူသည် ဤလူများထဲမှ တစ်ဦး၏ ဆဲလ်ဖုန်းကို တကယ် ရရှိခဲ့သည်။
ထိုလူများ အိပ်ပျော်နေချိန်တွင် သူသည် အိမ်သို့ တိတ်တဆိတ် ဖုန်းဆက်ခဲ့ကာ သူ့အမေက ဖုန်းပြန်ဖြေခဲ့၏။
“ ဟယ်လို? ” ဖုန်းတစ်ဖက်ခြမ်းမှ ဝင်လာသော သူ့မိခင်၏ ပင်ပန်းနေသည့် အသံကို သူ ကြားလိုက်ရသည် : “ ဘယ်သူလဲ? ဘာလို့ စကားမပြောတာလဲ? ”
သူသည် သူ့မိခင်၏အသံကို ကြားရ၍ အလွန်စိတ်လှုပ်ရှားနေခဲ့သော်ငြား လူကုန်ကူးသမားများကို နှိုးမိမည်ကို ကြောက်သဖြင့် သူသည် ကျယ်ကျယ်လောင်လောင် စကားမပြောရဲဘဲ အလွန်တိတ်ဆိတ်စွာသာ သူ့မိခင်ကို ခေါ်ရဲခဲ့သည်။
သို့သော် ဤအချိန်တွင် သူ့အစ်မကို ရှာရန် သူ့မိခင်ကို ခေါ်နေသော သူ့ဖခင်၏အသံ ထွက်လာခဲ့၏ — သူ့အစ်မက အိမ်ကနေ နောက်တစ်ကြိမ် ထွက်ပြေးသွားခြင်း ဖြစ်လိမ့်မည်။
သူ့မိခင်က သဘောတူကာ ဖုန်းချသွားသည်။
ထိုအခိုက်အတန့်တွင် သူသည် ရေခဲလှိုဏ်ဂူထဲသို့ ကျသွားသလိုပင်။
သူသည် ရဲကို ဖုန်းထပ်ခေါ်ခဲ့သည်။ သူ့မိခင်ထက်စာလျှင် ရဲက ပိုမိုစိတ်ရှည်သော်လည်း... လူကုန်ကူးသမား နိုးလာခဲ့၏။
သူက “မတည်ငြိမ်” ကြောင်း သဘောပေါက်သွားသောအခါ သူတို့က သူ့ကို ရိုက်နှက်ပြီး သူ့ခြေထောက်တစ်ဖက်ကို ချိုးခဲ့ကြသည်။ ထို့နောက် သူ အဖျားကြီးစွာ ဝင်ကာ အားနည်းပြီး ဒယိမ်းဒယိုင်ဖြစ်သွားခဲ့သည်။
ထိုအတွက်ကြောင့် ဖြစ်လောက်သည်၊ လူကုန်ကူးသမားများက သူ့ကို မရောင်းစားနိုင်တော့ဘဲ သူ့ခြေထောက်က ကောက်နေဆဲဖြစ်သည်။ ထိုလူများက သူ့ကို မသန်မစွမ်းကလေးအချို့နှင့် အတူထားပြီး အတင်းအကြပ် သူတို့ကို တောင်းရမ်းခိုင်းခဲ့သည်။ သူက ပိုမိုသနားစဖွယ်ကောင်းလာစေရန်အတွက် သူ့ဘယ်လက်ကိုလည်း ချိုးခဲ့ကြသည်။
သူ ကျေးဇူးတင်သင့်သည်၊ ထိုလူများက ကလေးများတွင် သူတို့ကိုယ်သူတို့ ဂရုစိုက်နိုင်စွမ်းရှိသည်ကို လိုလားကြပြီး သူတို့က သူ၏ ခြေလက်များအားလုံးကို မချိုးခဲ့ကြချေ။
သူသည် ဤဂိုဏ်း ချုပ်ကိုင်ထားသော ဘဝကို လေးနှစ် နေထိုင်ခဲ့ပြီး လေးနှစ်ကြာပြီးနောက် နောက်ဆုံးတွင်မူ သူသည် အကူအညီတောင်းရန် အခွင့်အရေး ရှာတွေ့ခဲ့ပြီး သူ့ကို ထိန်းချုပ်ထားသော ထိုလူကုန်ကူးသမားများမှာ ရှင်းလင်းခံခဲ့ရသည်။
သူသည် သူ့မိသားစုအကြောင်း အနည်းငယ် မှတ်မိနေသေးသော်ငြား သူ လူကုန်ကူးခံရစဉ် အစပိုင်း၌ကဲ့သို့တော့ မရှင်းလင်းတော့ဘဲ သူ့မိသားစု၏ ယေဘုယျအခြေအနေကိုသာ ပြောပြနိုင်ခဲ့သည်။
ရဲများက သူ့မိသားစုကို ရှာမတွေ့နိုင်ခဲ့သဖြင့် သူသည် မိဘမဲ့ဂေဟာသို့ ရောက်ခဲ့သည်။
သူ့လက်နှင့်ခြေတို့သည် အကြိမ်ကြိမ် အချိုးခံရပြီး အလိမ်ခံထားရကာ ခွဲစိတ်မှုနှင့်ပင် မရလောက်ချေ။ သဘာဝကျစွာပင် သူ့တွင် ကုသမှုခံယူရန် အခွင့်အရေးလည်း မရှိပေ။ ကံကောင်းထောက်မစွာဖြင့် သူက စာဖတ်တတ်သည်။
မိဘမဲ့ဂေဟာတွင် ပြိုင်ဆိုင်မှု ရှိပြီး လူအချို့က သူ့ကို မကြိုက်ဘဲ ရယ်မောကြသော်လည်း ဘဝက သူ့အတွက် တကယ်ကို အလွန်အေးချမ်းခဲ့သည်။
သူသည် အရွယ်ရောက်လျှင် လက်မှုပညာတစ်ခုကို သင်ယူရန် စီစဉ်ခဲ့သည်။ ထိုမှသာ သူသည် အနာဂတ်တွင် သူ့ကိုယ်သူ ထောက်ပံ့နိုင်ပြီး လက်တွဲဖော်တစ်ဦးကို ရှာဖွေနိုင်လောက်မည်ပင်။
တစ်ယောက်ယောက်က သူ့ကို ချစ်လိမ့်မည်ကို သူ မျှော်လင့်ခဲ့သည်။
သို့သော် သူ အသက်ဆယ့်ငါးနှစ်တွင် လုမိသားစုက သူ့ကို ပြန်တွေ့သွားကြသည်။
သူ့အစ်မက အလွန်ပြဿနာများသူ ဖြစ်သည်။ သူ(မ)က အရွယ်ရောက်ပုန်ကန်ကာလတွင် အိမ်မှ ထွက်ပြေးခဲ့သည်။ သူ ပျောက်ပြီးနောက် သူ(မ)ဟာ ခိုးရာလိုက်ပြေးခဲ့သော်လည်း ဆိုးရွားသော ဘဝနေထိုင်မှုကြောင့် သူ(မ)က သူ(မ)၏ကလေးကို ခေါ်ပြီး လုအိမ်သို့ ပြန်လာခဲ့၏။
နောက်ပိုင်းတွင် သူ(မ)သည် ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့သည်။
လုကျင်းရှိူ့သည် သူ့အစ်မအတွက် တစုံတရာ မခံစားရပေ။ သူသည် ငယ်ငယ်ကတည်းက သူ(မ)နှင့် တစ်ခါမှ အတူမရှိခဲ့ဖူးချေ။
သူ့ကို ကျောစိမ့်အောင် အေးစက်စေသည်မှာ သူ့မိခင်နှင့် သူ့ဖခင်တို့၏ သူ့အပေါ် ထားရှိသည့် သဘောထား ဖြစ်သည်။
အရင်နှစ်တွေမှာ သူတို့က သူ့ကို တကယ်ပဲ မရှာနိုင်ခဲ့ဘူးလား? သူတို့က သူ့ကို ဂရုတစိုက်ရော ရှာခဲ့ကြရဲ့လား?
ထိုသို့မေးခွန်းမျိုးနှင့် သူသည် လုမိသားစုသို့ ပြန်သွားခဲ့သည်။
သူ့ဖခင်က သူ့အပေါ် အပြစ်ရှိသည်ဟု ခံစားရသော်ငြား သူ ကလေးဘဝကတည်းက အတူမရှိဖူးခဲ့သဖြင့် သူ့ဖခင်တွင် ခံစားချက်မရှိချေ။ သူ့မိခင်ကမူ...
သူ ငယ်ငယ်တုန်းက သူ့မိခင်သည် သူ့အစ်မအတွက် လမ်းဖယ်ပေးရန် သူ့ကို ပြောခဲ့ပြီး ယခုမူ သူ့မိခင်က သူ့ကို သူ့တူအတွက် လမ်းဖယ်ပေးရန် ပြောဆိုလာသည်။
ထို့အပြင် သူ့မိခင်က ဤတူ၊ လုရွေ့ချွင်အပေါ်သို့ သူ့အပေါ်ထက်ပင် ပိုကောင်းပြီး ပိုမိုလည်း ရင်းနှီးသည်။ သူ့အစ်မက ကလေးမွေးပြီးနောက်လည်း လှည့်လည်သွားလာခြင်းကို မရပ်ခဲ့ရာ ကလေးကို သူ့မိခင်က စောင့်ရှောက်ခဲ့သည်။
ဤမိသားစုတွင် သူက အပြင်လူတစ်ဦးဟုပင် ခံစားရသည်။
သူသည် တစ်ချိန်က သူ့မိဘများ၏ သားအရင်း မဟုတ်ကြောင်း အမှန်တကယ် သံသယရှိခဲ့သော်ငြား သူ အသိအမှတ်ပြုခံရချိန်တွင် သွေးသားရင်းစစ်ဆေးမှုကို ပြုလုပ်ခဲ့ပြီး သူက သူတို့၏သား ဖြစ်သည်မှာ အမှန်တကယ်ပင်။
ဤမိသားစုကို သူ မကြိုက်ပေ။ သူသည် အိမ်တွင် တစ်နှစ်မကျော်ဘဲ နေပြီးနောက် နိုင်ငံခြားထွက်လာခဲ့သည်။ သူသည် နိုင်ငံခြားတွင် ပညာသွားသင်ခဲ့ပြီး အခြားသူများ၏ ခွဲခြားဆက်ဆံမှုအောက်တွင် လုပ်ငန်းတစ်ခုကို စတင်ခဲ့၏။ အသက်နှစ်ဆယ့်ခြောက်နှစ်တွင် သူ့ဖခင်က အပြင်းဖျားခဲ့သည်။
သူ့ဖခင်၏တောင်းဆိုချက်အရ သူသည် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး လုမိသားစုစီးပွားရေးကို လွှဲပြောင်းရယူခဲ့သည်။
သို့သော် သူ့ဖခင်က သူ့ကို ပိုင်ဆိုင်မှုတစ်ဝက် ပေးခဲ့ပြီး သူ့ဖခင်ကပင် မလိုလားမှန်း သိသာသည်။ လုရွေ့ချွင်က ထိုအချိန်တွင် ဆယ့်ခြောက်နှစ် မဟုတ်ဘဲ သူ့ကဲ့သို့ နှစ်ဆယ့်ခြောက်နှစ် အသက်ဖြစ်လျှင် ကုမ္ပဏီကို လုရွေ့ချွင်ကိုသာ အပြည့်အဝ ပေးလိုက်နိုင်သည်။
နောက်ပိုင်းတွင် သူ့ဖခင်က သူ့ကို ပေးခဲ့ကာ လုရွေ့ချွင်ကို စောင့်ရှောက်ရန် တောင်းဆိုခဲ့သည်။
စိတ်ဝင်စားစရာကောင်းသည်မှာ သူ့ဖခင်က ဘက်လိုက်သည်ဆိုလျှင်တောင်မှ သူ့မိခင်ကလည်း သူ့ကို မိမရှိဖမရှိသော လုရွေ့ချွင်အတွက် လမ်းဖယ်ပေးရန် ပြောလာခဲ့၏။
လုရွေ့ချွင် အသက်ငါးနှစ်တွင် လုရွေ့ချွင်၏ မိခင်အရင်းက သေဆုံးသွားသည်။ ထို့နောက် လုရွေ့ချွင်ကို သူ့အဘိုးအဘွားများက ပြုစုစောင့်ရှောက်ပေးခဲ့ကြသည်။
သူကကော? အသက်ငါးနှစ်ကနေ ဆယ့်ငါးနှစ်အထိ သူ ဘယ်လိုဘဝမျိုး လျှောက်လှမ်းခဲ့ရလဲ?
သူ့အမေက သူ့သားအရင်းကို အရမ်းမုန်းနေတာလား? သူ(မ)က သူ့ကို လုမိသားစုစီးပွားရေး တစ်ခုလုံးတောင် လုရွေ့ချွင်ဆီ ပြန်ပေးစေချင်တယ်။
ဘာဆိုင်လို့လဲ?
သူ့ဖခင် သေဆုံးပြီးနောက်တွင် သူသည် သူ့မိခင်နှင့် ရန်ဖြစ်ခဲ့ပြီး သူ့မိခင်ကို အိမ်ပြောင်းရွှေ့ခိုင်းခဲ့ကာ ထိုအခါမှသာ သူတို့နှစ်ဖက်လုံး ငြိမ်းချမ်းသွားခဲ့ကြသည်။
သို့ရာတွင် မကြာသေးမီက သူ သိလိုက်ရသည်၊ သူ ယုံကြည်ရသော အိမ်တော်ထိန်းကို သူ့မိခင်က လာဘ်ထိုးထားသည်။ သူ၏ ခန္ဓာကိုယ်အခြေအနေ၊ သူ၏ လှုပ်ရှားမှုတိုင်းကို သူ့မိခင်က သိနေသည်။ လုရွေ့ချွင်ကို ဂရုစိုက်ရန်နှင့် သူ၏ အနိုင်ကျင့်ခြင်းကို လုရွေ့ချွင် မခံရစေရန်လည်း သူ့မိခင်က ဤအိမ်တော်ထိန်းကို ညွှန်ကြားနေခဲ့သည်မှာ ပြောစရာပင် မလိုချေ။
သူ နိုင်ငံခြားတွင် ရှိနေစဉ် သူ့ကို ဂရုစိုက်ရန် ဤအိမ်တော်ထိန်းကို ငှားရမ်းခဲ့သည်။ သူ့တွင် ရင်းနှီးသော လူတစ်ဦး ရှိရန်မှာ ရှားပါးသော်ငြား သူ့ကို ဤသို့ဆက်ဆံခြင်းဖြင့်သာ သူ ကြုံတွေ့လိုက်ရသည်။
သူ့ကို ဘယ်သူမှ မကြိုက်တဲ့အထိ သူ ဒီလောက်တောင် ကျရှုံးခဲ့တာလား?
သူ့မိဘအရင်းများက သူ့ကို မကြိုက်ကြဘဲ အခြားလူတိုင်းကလည်း သူ့ကို ကြောက်ကြသည်။
သူသည် နောက်ဆုံးတွင် လူတစ်ဦးကို သဘောကျခဲ့မိပြီး ထိုလူကလည်း သူ့တူ လုရွေ့ချွင်ကိုသာ သဘောကျသည်။
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ပထမဆုံး မြင်ဖူးသည့်အချိန်ကို မှတ်မိနေသေးသည်။ ၎င်းမှာ သူ့ဖခင်၏ ဆေးရုံခုတင်ဘေးတွင် ဖြစ်ပြီး သူ့ဖခင်က မိတ်ဆက်ပေးသောအခါ ဤသည်မှာ လုရွေ့ချွင်၏ စေ့စပ်ထားသူဟု ပြောခဲ့သည်။
သူ့ဖခင်က လုရွေ့ချွင်ကို သူ ဆိုးဆိုးရွားရွား ဆက်ဆံမည်ကို ကြောက်ပြီး လုရွေ့ချွင်ကို ကျောထောက်နောက်ခံ ပြုပေးရန်အတွက် ယန်မိသားစု၏ ဒုတိယသခင်လေးကို ရှာခဲ့ခြင်း ဖြစ်လောက်သည်။
ထိုအချိန်တွင် ယန်ကျင်းဇီက သိသိသာသာ အလွန်ပျော်ရွှင်နေခဲ့ပြီး ပေါတောတော ပြုံးရယ်ကာ ပါးစပ်ဖွင့်၍ သူ့ကို “ဦးကြီး” ဟု ခေါ်လာရာ သူ့မိဘများထံမှ အရိုက်ခံလိုက်ရမှသာ ဆွေမျိုးမတော်ရသေးကြောင်း သဘောပေါက်သွားပြီး စကားပြောင်းကာ သူ့ကို “ဦးလေး” ဟု ပြောင်းခေါ်လာခဲ့သည်။
သူ့မျက်နှာက အုံ့မှိုင်းနေသော်ငြား လက်တွေ့တွင်မူ သူ့နှလုံးသား ထုနှက်ခံလိုက်ရသကဲ့သို့ သူ ခံစားခဲ့ရသည်။
သူသည် သူ့ထက် ဆယ်နှစ်ငယ်သော ဤလူကို ရှက်ဖွယ်လိလိ သဘောကျမိသည်။
သူ့ကိုယ်သူ အတော်လေး ရွံရှာမိသည်။
သုန်မှုန်ပြီး ဆိုးဝါးသော လူအိုတစ်ဦးက သူ့ထက် အသက်အလွန်ပိုငယ်သော လူငယ်တစ်ဦးကို သဘောကျနေသည်။
ပို၍ပင် ဝမ်းနည်းစရာကောင်းသည်မှာ ဤလူက လုရွေ့ချွင်ကို ကြိုက်သည်။
လွန်ခဲ့သော ခြောက်နှစ်အတွင်းတွင် သူ၊ လုရွေ့ချွင်နှင့် ဤလူတို့ဟာ တွေ့ဆုံခဲပြီး သူ ဘာမှမခံစားခဲ့ရသော်လည်း ယခုတလောတွင်မူ...
လုရွေ့ချွင်က တက္ကသိုလ်မှ ဘွဲ့ရပြီး ကုမ္ပဏီထဲသို့ ဝင်ကာ သူ့နေရာသို့ ပြောင်းရွှေ့နေထိုင်၍ သူ့ရှေ့တွင် သွားလာနေသည်။ ယန်ကျင်းဇီလျှင်ပင် သူ့ရှေ့တွင် စတင်ပေါ်လာကာ လက်ထပ်ချိန်၌ ကောင်းချီးရရန်အတွက် ယဉ်ကျေးမှုပြသလာသည်။
ယန်ကျင်းဇီက လုရွေ့ချွင်ကို လက်ထပ်ချင်သည်။ သူသည် ၎င်းကို တားမြစ်မည်မဟုတ်သော်ငြား ကောင်းချီးလည်း မပေးနိုင်ပေ။
သူ့ဘဝက ဟာသတစ်ခုလို ဖြစ်နေပြီ၊ ပိုရယ်စရာကောင်းအောင် သူ လုပ်ရမှာလား?
ယခင်က ဖြစ်ပျက်ခဲ့သည်များကို တွေးမိသောအခါ လုကျင်းရှိူ့၏ခေါင်းက ပို၍ပင် နာကျင်လာသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် အမြဲတစေ ခေါင်းကိုက်နေခဲ့ပြီး သူ၏ ဒဏ်ရာရထားသော လက်များခြေများက အမြဲတမ်း နာကျင်နေခဲ့သည်။ တခါတရံတွင် သူ အဘယ့်ကြောင့် အသက်ရှင်ချင်နေသည်ကိုပင် သူ မသိပေ။
လုကျင်းရှိူ့ အခန်းထဲတွင် ရှိနေစဉ် ယန်ကျင်းဇီဟာ ဆရာဝန်နှင့် ပြသပြီးဖြစ်သည်။
သူ့နှာခေါင်းတွင် ဒဏ်ရာရသွားသော်ငြား ၎င်းက ကြီးကြီးမားမား ပြဿနာ မဟုတ်ဘဲ သူ ရက်အနည်းငယ် အနားယူလိုက်လျှင် အဆင်ပြေလိမ့်မည်။ ခဏအကြာတွင် ဆရာဝန် ထွက်သွားခဲ့သည်။
ယန်ကျင်းဇီသည်လည်း သူ့အတွေးများကို ရှင်းထုတ်ရန် ဤအချိန်ကို အခွင့်ကောင်းယူခဲ့၏။
မူလပိုင်ရှင်က လုရွေ့ချွင်ကို ချစ်မြတ်နိုးပြီး လုရွေ့ချွင်အတွက် လုကျင်းရှိူ့ကို မျက်နှာချိုသွေးခဲ့သည်။ သို့သော် အမှန်တကယ်မှာ လုရွေ့ချွင်က မူလပိုင်ရှင်ကို မကြိုက်ဘဲ သူ့တွင် အခြားသော အချစ်ဆုံးလူ ရှိသော်လည်း ထိုအချိန်တွင် ယန်မိသားစုကို မစော်ကားရဲသဖြင့် သူ သဘောကျသည့် လူကို သူက အလွန်ကောင်းမွန်စွာ ဖွက်ထားသည်။
သူက မူလပိုင်ရှင်ကို လုကျင်းရှိူ့ စိတ်ကျေနပ်အောင် လုပ်ဆောင်ရန် အတင်းတိုက်တွန်းခဲ့သည်။ သို့သော်ငြား တကယ်တော့ သူဟာ မူလပိုင်ရှင်က လုကျင်းရှိူ့၏ ရွံရှာမှုအား ဖြစ်ပေါ်စေသည်ကို လိုချင်ခဲ့ပြီး သူတို့၏ လက်ထပ်ပွဲကို ပယ်ဖျက်လိုက်လျှင် ပိုမိုကောင်းမွန်မည်ပင်။
နောက်ပိုင်းတွင် မူလပိုင်ရှင်က လုကျင်းရှိူ့၏ “မျက်နှာအစစ်”ကို မြင်ပြီး သူ့ကို တိုင်တန်းသောအခါ သူသည် လုကျင်းရှိူ့က သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံနေသည့် အကြောင်းများကို တမင်သက်သက် ဖန်တီးပြောဆိုကာ မူလပိုင်ရှင် လုကျင်းရှိူ့ကို ပစ်မှတ်ထားအောင် ပြုလုပ်ခဲ့သည်။
မူလပိုင်ရှင် လုကျင်းရှိူ့ကို သတ်ပြီးနောက် လုရွေ့ချွင်က လုမိသားစုစီးပွားရေးကို သိမ်းပိုက်ပြီး ခိုင်မာသော ခြေကုပ်ကို ရရှိခဲ့၏။ ထိုအချိန်တွင် ယန်မိသားစုက ရင်းနှီးမြှုပ်နှံမှု အမှားတစ်ခု ပြုလုပ်ခဲ့ပြီး သူက မူလပိုင်ရှင်နှင့် လက်ထပ်စာချုပ်ကို ဖျက်သိမ်းရန် အဆိုပြုခဲ့သည်။
သေချာတာပေါ့၊ မူလပိုင်ရှင်က မလိုလားချေ။ သူက လုရွေ့ချွင်နောက်ကို လိုက်ပြီး လုရွေ့ချွင်ကို ဒုက္ခများစွာ ဖြစ်စေခဲ့၏။ သူက မဖျက်သိမ်းချင်ခဲ့ချေ။
တစ်နေ့တွင် မူလပိုင်ရှင်က အရက်မူးပြီး လုရွေ့ချွင်က အခြားသူများနှင့် စောင်ထဲတွင် လူးလှိမ့်နေသည်ကို ရှာတွေ့ကာ လုရွေ့ချွင်ကို ဒေါသတကြီး တိုက်ခိုက်ခဲ့သည်။ နှစ်ဦးသား လုံးထွေးသတ်ပုတ်ကြကာ နောက်ဆုံးတွင် သူဟာ လုရွေ့ချွင်၏ လုအိမ်နောက်ရှိ ရေကူးကန်ကြီးထဲသို့ တွန်းချခြင်းကို ခံလိုက်ရသည်။
မူလပိုင်ရှင်က လုကျင်းရှိူ့ကဲ့သို့ ထိုရေကူးကန်တွင် ရေနစ်သေဆုံးခဲ့သည်။
အမှန်ပင်၊ ဤအချိန်မှာ ၎င်းကို တွေးတောရမည့် အချိန် မဟုတ်ချေ။ ယခု ပြဿနာဟာ... သူ့မှာ လုရွေ့ချွင်နဲ့ လက်ထပ်စာချုပ် ရှိပေမယ့် သူက လုကျင်းရှိူ့ကို ကြိုက်တယ်!
ဤလက်ထပ်စာချုပ်က ဘာမှမဟုတ်ဟု ယန်ကျင်းဇီ အမှန်တကယ် ထင်မိသည်။
မူလပိုင်ရှင်နှင့် လုရွေ့ချွင် စေ့စပ်ပြီးနောက် နှစ်ဦးက ဘာမှမလုပ်ခဲ့ဘဲ လုရွေ့ချွင်က သူ့ကို အမြဲရှောင်နေခဲ့သည်... သူရဲ့ စေ့စပ်ထားသူ ဆိုတဲ့ ဂုဏ်ပုဒ်ကလွဲရင် သူက ရည်းစားကောင်လေးတောင် မဟုတ်ဘူး!
သို့သော် ဤနေရာရှိ လူများက ဤကဲ့သို့ လက်ထပ်စာချုပ်မျိုးကို တန်ဖိုးထားကြသည်။ လုမိသားစုနှင့် ယန်မိသားစုတို့တွင် ပူးပေါင်းဆောင်ရွက်မှုများစွာ ရှိသေးသည်။ သူက လက်ထပ်ပွဲမှ ရုတ်တရက် နှုတ်ထွက်ချင်သည်၊ သို့သော် နှုတ်ထွက်ရန် သိပ်မဖြစ်နိုင်ချေ။
နှုတ်ထွက်ပြီးရင် သူ့မှာ လုကျင်းရှိူ့ကို ချဉ်းကပ်ဖို့ အခွင့်အရေး မရှိသေးဘူး!
ဘယ်လိုတောင်... ခေါင်းကိုက်စရာလဲ!
လုရွေ့ချွင် ယခု လမ်းလွဲနေပြီလား သူ မသိပေ။ လုရွေ့ချွင် မဖောက်ပြန်ရသေးရင် သူ သူတို့ ငြိသွားအောင် ကူညီပေးသင့်လား?
လုရွေ့ချွင် ဖောက်ပြန်ထားရင်... လုရွေ့ချွင်ရဲ့ ဖောက်ပြန်နေတဲ့ ပုံတွေကို ရိုက်ဖို့ သူ လူရှာနိုင်လောက်လား?
အမှန်တကယ်ပင် မူလပိုင်ရှင်၏ခေါင်းက ဗလာဖြစ်နေရာ သူလည်း ဘာမှနားမလည်ပေ။
ယန်ကျင်းဇီသည် စဉ်းစားပြီးနောက် သူ့တွင် ယခု လုပ်စရာသုံးခု ရှိသည်ဟု ခံစားရသည်။
တစ်ခုမှာ ကွာရှင်းရန် ဖြစ်ပြီး နောက်တစ်ခုမှာ လုကျင်းရှိူ့ကို ချဉ်းကပ်ရန် ဖြစ်ကာ သုံးခုမြောက်မှာ ယန်မိသားစုကို အကျပ်အတည်း ကူညီဖြေရှင်းပေးရန် ဖြစ်သည်။
သို့သော်ငြား မူလပိုင်ရှင်က တစ်ခါမှ စာကို ကောင်းကောင်းမလေ့လာခဲ့ဖူးဘဲ တက္ကသိုလ်အောင်လက်မှတ်များ အားလုံးမှာ ငွေနှင့်ဝယ်ယူထားသည်ဖြစ်ရာ ယန်မိသားစု တွေ့ကြုံသည့် အကျပ်အတည်းကို သူ မသိ...
ယန်ကျင်းဇီသည် အိပ်ရာမှထကာ လုကျင်းရှိူ့ကို ဦးစွာချဉ်းကပ်ရန် ဆုံးဖြတ်လိုက်သည်။
သူ လုကျင်းရှိူ့ကို စိတ်ပျော်အောင် လုပ်နိုင်ရင် လုကျင်းရှိူ့က သူ့ကို ကူ
ပြီး ယန်မိသားစုရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဆန္ဒရှိလောက်မယ်မလား?
လုမိသားစုနှင့် ယန်မိသားစုတို့တွင် ပူးပေါင်းဆောင်ရွက်မှုများစွာ ရှိကြသည်။ သူ လုရွေ့ချွင်ကို လက်မထပ်ချင်ပေမယ့် လုကျင်းရှိူ့ကို သူ လက်ထပ်နိုင်တယ်!
____