အပိုင်း ၁၇၉ ( Second Generation 3 )
Viewers 16k

သူ့နှာခေါင်းတွင် ထိခိုက်ဒဏ်ရာ မရှိသောကြောင့် ဆရာဝန်သည် သူ့ကို ပိတ်ကျဲလုံးနှစ်လုံးသာ ပေးပြီး သူ့နှာခေါင်းပေါက်ထဲတွင် ထည့်ကာ သွေးယိုခြင်းကို ပိတ်ဆို့ခိုင်းခဲ့သည်။


ယန်ကျင်းဇီသည် မှန်ရှေ့တွင် ရပ်ပြီး သူ၏ နှာ‌ခေါင်းပေါက်နှစ်ပေါက်ထဲရှိ ပေါ်ထွက်နေသော ပိတ်စလုံးများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။


မူလပိုင်ရှင်သည် အလွန်ချောမောပြီး ဆံပင်ကို ငွေရောင်ဖြင့် စတိုင်ကျကျ ဆေးဆိုးထားသော်ငြား ဤပိတ်စလုံးနှစ်လုံး ထပ်တိုးလာသောအခါ အသွင်အပြင်မှာ အလွန်လျော့ကျသွားသည်။


သို့သော် ပြင်ပအလှ မရှိလျှင်တောင်မှ သူ့တွင် အတွင်းအလှ ရှိသည်။


သူ့မှာ လုကျင်းရှိူ့ကို ချစ်တဲ့ စိတ်ရင်းစစ်မှန်တဲ့ နှလုံးသား ရှိတယ်!


ယန်ကျင်းဇီသည် သူ့အခန်းထဲမှ ထွက်လာပြီး အောက်ထပ်သို့ ဦးစွာဆင်းသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူ နာနီကို တွေ့လိုက်သည် : “ လု... ဦးလေးလုက သူ့အခန်းထဲမှာလား? ”


နာနီဖြစ်သူ အဒေါ်ဝမ်က ခေါင်းညိတ်သည် : “ သခင်ကြီး အခန်းထဲမှာ ရှိတယ်... ယန်သခင်လေး၊ သခင်ကြီးက ဒေါသထွက်ပြီး ပန်းအိုးကို ရိုက်ခွဲထားတယ်။ ယန်သခင်လေး ရှောင်ပြီး အိမ်အမြန်ပြန်သင့်တယ်။ ”


မူလပိုင်ရှင်က မိုက်မဲပြီး လွယ်လွယ်ကူကူ လှည့်စားခံရသော်လည်း သူ့ပါးစပ်က ချိုမြိန်ပြီး ကြည့်လည်း ကြည့်ကောင်းသဖြင့် သူက အသက်ကြီးသော အမျိုးသမီးများအကြား အလွန်ရေပန်းစားသည်။ အနည်းဆုံးတော့ လုမိသားစုရဲ့ နာနီ၊ အဒေါ်ဝမ်က မူလပိုင်ရှင်ကို တော်တော်လေး သဘောကျသည်။


ယခုလေးတင် လုကျင်းရှိူ့ထံမှ နှင်ထုတ်ခံခဲ့ရသည့် အိမ်တော်ထိန်းဟာလည်း မူလပိုင်ရှင်အပေါ် အမှန်တကယ် ကောင်းသဖြင့် မူလဇာတ်ကြောင်းထဲတွင် မူလပိုင်ရှင်က လုကျင်းရှိူ့ လူရိုက်နေသည်ကို တွေ့သောအခါ အလွန်စိတ်ဆိုးသွားခဲ့သည်။


“ ကျွန်တော် သူ့ကို သွားကြည့်ဦးမယ်။ ” ယန်ကျင်းဇီက ပြောသည်။


“ ယန်သခင်လေး မသွားပါနဲ့။ အရိုက်ခံရရင် ဘယ်လိုလုပ်မလဲ? ” အဒေါ်ဝမ်က ဆက်ပြောသည် : “ အိုက်ယား၊ အဒေါ်လည်း အလုပ်ထွက်ချင်ပြီ။ အဒေါ် အခု ကြောက်နေပြီ... ”


“ အဒေါ်ဝမ် မကြောက်ပါနဲ့၊ တကယ်တော့ ဦးလေးလုက အရမ်းကောင်းပါတယ်။ ” ယန်ကျင်းဇီ ပြောလိုက်သည် : “ ခုနက သူ အိမ်တော်ထိန်းကို ရိုက်တာ အကြောင်းရင်း ရှိလို့ပါ... ကျွန်တော် အဒေါ့်ကို တိတ်တိတ်လေး ပြောပြမယ်၊ အိမ်တော်ထိန်းက ဦးလေးလုရဲ့ ကုမ္ပဏီလျှို့ဝှက်ချက်တွေကို ခိုးပြီး ရောင်းစားခဲ့တယ်! ”


စကားဝိုင်းအရ အိမ်တော်ထိန်းသည် လုကျင်းရှိူ့၏မိခင်နှင့် ပတ်သက်နေသောကြောင့် လုကျင်းရှိူ့ ဒေါသထွက်သွားခဲ့သည်။ သူက နာနီကို ဤသို့ပြောပြခြင်းမှာ တကယ်‌က နာနီကို လှည့်စားရန် ဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် နာနီ ထွက်သွားလျှင် လာရောက်လုပ်ကိုင်နိုင်မည့် သင့်တော်ပြီး ယုံကြည်ထိုက်သူမှာ လောလောဆယ်တွင် မရှိနိုင်ချေ။


“ တကယ်လား? ” အဒေါ်ဝမ်က မေးသည်။


“ တကယ်ပေါ့၊ အမှန်ပါပဲ။ မဟုတ်ရင် ဦးလေးလုက ဘာကြောင့် လူရိုက်မှာလဲ? အဒေါ်ဝမ်၊ မိသားစုကိစ္စတွေ လျှောက်မပြောသရွေ့ ဘာမှမစိုးရိမ်ဘဲ ဒီမှာ အေးဆေးအလုပ်လုပ်နိုင်တယ်။ ” ယန်ကျင်းဇီက ဆိုသည်။


အဒေါ်ဝမ်သည် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ တကယ်တော့ သူ(မ) ဤအလုပ်ကို မစွန့်လွှတ်ချင်‌ခဲ့ပေ။


လုမိသားစုဗီလာတွင် လုကျင်းရှိူ့နှင့် လုရွေ့ချွင်တို့သာ ရှိပြီး တခါတရံတွင် ယန်ကျင်းဇီ ရောက်လာတတ်သည်။ ဤလူသုံးဦးက အိမ်တွင် သိပ်မစားကြချေ။ ထို့အပြင် သူတို့က သန့်ရှင်းရေးအတွက် အထူးသန့်ရှင်းရေးကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ထားသည်။ ထိုလူများက ပုံမှန်လာကြသည်... သူ(မ)တွင် အလုပ်နည်းနည်းသာ ရှိသည်။


“ အဒေါ်ဝမ်၊ မီးဖိုချောင်မှာ နို့ရှိလား? ” ယန်ကျင်းဇီက အဒေါ်ဝမ်ကို နှုတ်ခမ်းကွေးတက်စွာ ပြုံးပြသည်။


“ အင်း၊ မနက်တိုင်း လတ်လတ်ဆတ်ဆတ် နို့ လာပို့တဲ့လူ ရှိတယ်။ ဘယ်သူမှ မသောက်ဘူး။ အဒေါ်လည်း အဲ့ဒါသောက်ရတာ မကြိုက်ဘူး... ” အဒေါ်ဝမ်က လတ်ဆတ်သော နို့ ပုံးအနည်းငယ်ကို ထုတ်လာသည်။


ယန်ကျင်းဇီသည် ပုံးတစ်ပုံးကို နို့အိုးတစ်လုံးဖြင့် အပူပေးကာ စဉ်းစားပြီးနောက် သကြားတစ်ဇွန်း ထည့်လိုက်သည်။ ထို့နောက် သူသည် ၎င်းကို ယူကာ အပေါ်ထပ်သို့ တက်သွားခဲ့သည်။


လုမိသားစု၏ ဗီလာဟာ အလွန်ကျယ်ဝန်းကာ စုစုပေါင်း သုံးထပ် ရှိသည်။ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် အလွန်ကျယ်ဝန်းသည့် မာစတာအိပ်ခန်းတစ်ခု ရှိကြသည်။


တတိယထပ်ရှိ မာစတာအိပ်ခန်းက လုရွေ့ချွင်၏ အခန်း ဖြစ်ပြီး ဒုတိယထပ်ရှိ မာစတာအိပ်ခန်းက လုကျင်းရှိူ့၏ အခန်း ဖြစ်သင့်သော်ငြား လုကျင်းရှိူ့က မာစတာအိပ်ခန်းကို အသုံးမပြုဘဲ မြောက်ဘက်သို့ မျက်နှာမူသော ဒုတိယထပ်ရှိ ဧည့်အိပ်ခန်းတစ်ခန်းတွင် အိပ်သည်။


ယန်ကျင်းဇီသည် နို့ကို သယ်လျက် တံခါးဝသို့ ရောက်ကာ တံခါးခေါက်လိုက်သည်။


“ ဘယ်သူလဲ? ” လုကျင်းရှိူ့၏အသံ ထွက်လာသည်။


“ ဦးလေးလု၊ ကျွန်တော်ပါ။ ဝင်လာလို့ရမလား? ” ယန်ကျင်းဇီက မေးသည်။


“ မရဘူး ”


ယန်ကျင်းဇီ : “ … ”


လုကျင်းရှိူ့ရဲ့စကားကို သူ နားထောင်ရင် သူ လုကျင်းရှိူ့နဲ့ မနီးစပ်နိုင်လောက်ဘူး! မူလပိုင်ရှင်က အလွန်စိတ်ရှည်ပြီး လုကျင်းရှိူ့ကို နှောင့်ယှက်နေသော်လည်း လုကျင်းရှိူ့နှင့် စကားအနည်းငယ်သာ ထပ်မံပြောဆိုနိုင်ခဲ့သည်။


ယန်ကျင်းဇီ မကြားချင်ယောင်ဆောင်လိုက်သည် : “ ကျွန်တော် ဝင်လာပြီ။ ”


ယန်ကျင်းဇီသည် တံခါးဖွင့်လိုက်သည်နှင့် ခုံတွင် ထိုင်နေသော လုကျင်းရှိူ့ကို တွေ့လိုက်ရသည်။ လုကျင်းရှိူ့က သုန်မှုန်နေကာ သူ့မျက်ဝန်းများကလည်း မင်ကဲ့သို့ နက်မှောင်နေသည် : “ ငါ ပြောလိုက်တယ်၊ မရဘူး! ”


“ ကျွန်တော် ခုနက မကြားလိုက်ဘူး။ ” ယန်ကျင်းဇီ ပြုံးနေသည် : “ ဦးလေးလု၊ ကျွန်တော် ဝင်လာပြီးပြီ ဆိုမှတော့ ကျွန်တော့်ကို မောင်းမထုတ်ပါနဲ့တော့။ ”


လုကျင်းရှိူ့က “ဟက်”ခနဲ အသံပြုသည် : “ မင်းမှာ လုပ်စရာမရှိဘူးလား? ”


လုရွေ့ချွင်က အိမ်တွင် နေထိုင်ရန် ပြန်မပြောင်းလာခင်တွင် ယန်ကျင်းဇီက မကြာခဏ ပေါ်လာခဲ့ပြီး သူသည် ၎င်းကို အမှန်တကယ် မမုန်းတီးခဲ့ပေ။ 


သူသည် သူ၏ ပြဿနာများသော အစ်မကို မကြိုက်သော်လည်း သူ အသက်ဆယ့်ငါးနှစ် ပြန်ရောက်ခါစတွင် သူ့မိဘများက သူနှင့် မရင်းနှီးဘဲ လုရွေ့ချွင်က ပြုံးလျက် ရောက်လာကာ သူ့ကို “ဦးလေး” ဟု ခေါ်ခဲ့သည်။


သို့သော် လုရွေ့ချွင် ပြန်ပြောင်းလာပြီးနောက်တွင် သူသည် လက်ရှိလုရွေ့ချွင်က ပြုံးကာ သူ့ကို ဦးလေးဟု ခေါ်သည့်သူ မဟုတ်တော့ကြောင်း နားလည်သွားရသည်။


လုရွေ့ချွင်က သူ့ကို အလွန်သတိထားကာ အကြည့်များတွင်လည်း နက်နဲသော ရည်မှန်းချက် ရှိကြောင်း သူ မြင်နိုင်သည်။  


ယန်ကျင်းဇီအတွက်မူ...


လွန်ခဲ့သော ရက်အနည်းငယ်မှစ၍ ယန်ကျင်းဇီက သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်ပြီး ပုံစံအမျိုးမျိုးဖြင့် သူ စိတ်ကျေနပ်စေရန် ကြိုးစားနေခဲ့သည်။ ယန်ကျင်းဇီ၏ အကြည့်များတွင် တွက်ချက်မှု မရှိဘဲ သူသည် ၎င်းကြောင့် အလွန်ပျော်ရွှင်ခဲ့၏။


သို့ရာတွင် ယန်ကျင်းဇီကို ဘာကြောင့် ဤသို့ပြုမူနေကြောင်း သူ မေးကြည့်သောအခါ ယန်ကျင်းဇီက ဖြေလာခဲ့သည် : “ ဦးလေးလု၊ ကျွန်တော် လုရွေ့ချွင်နဲ့ လက်ထပ်ချင်တယ်။ ကျွန်တော်တို့ကို ကောင်းချီးပေးနိုင်မလား? ” 


သူက “မပေးဘူး” ဟု မဆိုင်းမတွ ပြောခဲ့ပြီး ယန်ကျင်းဇီက အလွန်စိတ်ပျက်သွားခဲ့၏။ သို့သော် နောက်နေ့တွင် ယန်ကျင်းဇီက သူနှင့် ထပ်ပြီး စကားလာပြောပြန်သည်...


သူသည် လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ကာ သူ့တူက ယန်ကျင်းဇီကို သူတို့နှစ်ဦး လက်မထပ်နိုင်ခြင်းမှာ သူ သဘောမတူ၍ဖြစ်သည်ဟု ပြောထားကြောင်း သိလိုက်ရသည်။


ရယ်စရာပဲ။ လုရွေ့ချွင် ယန်ကျင်းဇီကို လက်မထပ်တာ သူနဲ့ ဘာဆိုင်လို့လဲ?


သူတို့ လိုင်စင်ရချင်ရင် သူ့လို ဒုက္ခိတတစ်ယောက်က သူတို့ကို တားနိုင်မလား?


တကယ်တော့ လုရွေ့ချွင်က ယန်ကျင်းဇီကို မကြိုက်လို့ အကြောင်းပြချက်တွေ ရှာပြီး ‌အချိန်ဆုတ်ထားတာ ဟုတ်တယ်မလား?


သို့သော် ယန်ကျင်းဇီက သူ့တူအပေါ် စိတ်ရင်းမှန်ပြီး သူ၏ ခွင့်ပြုချက်ကို တချိန်လုံး လိုချင်နေသည်။


သေချာတာပေါ့၊ သူ သဘောတူမည်မဟုတ်ပေ။


လုကျင်းရှိူ့၏အကြည့်သည် ယန်ကျင်းဇီ၏ နှာခေါင်းတဝိုက်သို့ ဝေ့ဝဲသွားသည်။ ပိတ်ကျဲနှစ်လုံးကို တွေ့ရပြီးနောက် သူ့စိတ်နှလုံး အနည်းငယ် သက်သာရာရသွားသည်။


ယန်ကျင်းဇီက ပြုံးပြီး နို့ယူလာသည် : “ ဦးလေးလု၊ ကျွန်တော် နို့တစ်ခွက် ယူလာခဲ့တယ်။ ဦးလေး သောက်ချင်လား? ” 


လုကျင်းရှိူ့ မျက်မှောင်ကြုံ့သွားသည် : “ ငါ နို့မသောက်ဘူး။ ” 


“ ဒါဆို ဦးလေးလု ဘာသောက်ရတာ ကြိုက်လဲ? ” ယန်ကျင်းဇီက မေးသည်။


“ မင်းသိစရာမလိုဘူး။ ” တစ်ခုခုမှားနေပြီဟု လုကျင်းရှိူ့ အနည်းငယ် ခံစားလိုက်ရသည်။


ယန်ကျင်းဇီက သူ့ကို ဖားလေ့ရှိခဲ့သော်လည်း သူ ထမင်းစားနေချိန်တွင်သာ သူ့ကို စကားပြောသည်။ ဤကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။


ယနေ့တွင်မူ ယန်ကျင်းဇီက သူ့လက်ကို ဆွဲဖို့ ပြေးလာရုံသာမက သူ့အခန်းထဲကိုပင် ဝင်လာခဲ့သည်။


သူ အထိမခံရသည်မှာ အချိန်ကြာပြီဖြစ်၍လား သူ မသိသော်ငြား ယန်ကျင်းဇီ သူ့ကို ထိပြီးနောက် သူ့တစ်ကိုယ်လုံးရှိ အမွေးအမှင်များ အားလုံး ထောင်ထလာသည်ဟု သူ ခံစားလိုက်ရပြီး သူ့နှလုံးသားထဲတွင် ယန်ကျင်းဇီအတွက် အားကောင်းသော အချစ်များနှင့် ပြည့်နှက်နေသည်။


သူသည် သူ၏ ယန်ကျင်းဇီကို နှစ်သက်မှုအား ယခင်က သိသိသာသာ မျိုသိပ်ထားခဲ့သော်လည်း ယခုမူ ထိုခံစားချက်များက ထပ်မံထွက်လာကြပြန်သည်။


လုကျင်းရှိူ့၏လက် တုန်ယင်သွားသည်။


ယန်ကျင်းဇီသည် ဝင်လာကတည်းက လုကျင်းရှိူ့ကို လောဘတကြီး ကြည့်နေခဲ့သည်။ ဤအချိန်တွင် သူသည် လုကျင်းရှိူ့ အတတ်နိုင်ဆုံး ဝှက်ထားခဲ့သည့် ဘယ်လက်ပေါ်၌ ရှိနေသော သွေးကို ရုတ်တရက် သတိပြုမိသွားသည်။


“ ဘာလို့ လက်မှာ သွေးရှိနေတာလဲ? ” ယန်ကျင်းဇီသည် ရှေ့တစ်လှမ်း တိုးပြီး သူ့ဘေးရှိ စားပွဲပေါ်တွင် နို့ကို ချကာ လုကျင်းရှိူ့၏ဘယ်လက်ကို ဆုပ်ကိုင်လိုက်သည်။


လုမိသားစုသို့ လုကျင်းရှိူ့ ပြန်ရောက်ပြီးနောက် သူ၏ လက်နှင့်ခြေကို ခွဲစိတ်ကုသမှု ခံယူခဲ့သည်။


သို့သော် သူ့ဒဏ်ရာများမှာ အလွန်ပြင်းထန်ရာ သူ့လက်နှင့်ခြေတို့က ယခင်ကကဲ့သို့ ပြန်ကောင်းရန်မှာ မဖြစ်နိုင်ဘဲ သူ့ဘယ်လက်ပုံစံကလည်း အနည်းငယ် ထူးဆန်းသည်။


ဤအခိုက်အတန့်တွင် ဤလက်ပေါ်၌ သွေး‌ထွက်နေသော ဒဏ်ရာတစ်ခု ရှိသည်။


“ မင်း ဒဏ်ရာရထားတယ်! ” ယန်ကျင်းဇီက စိုးရိမ်တကြီး ပြောသော်ငြား သူ့အသံ ထွက်ပြီးသည်နှင့် လုကျင်းရှိူ့က သူ့လက်ကို ပြန်ရုတ်သွားသည် : “ ထွက်သွား! ”


လုကျင်းရှိူ့၏မျက်နှာတွင် ဒေါသများ ပြည့်နှက်နေသော်လည်း ယန်ကျင်းဇီသည် သူ့ကိုယ်သူ ဘာဖြစ်နေမှန်း မသိပေ။ သူသည် လုကျင်းရှိူ့ကို လုံးဝ မကြောက်... ယန်ကျင်းဇီ ပြောလိုက်သည် : “ ခဏစောင့်၊ ကျွန်တော် ဆေးသွားယူပြီး လိမ်းပေးမယ်။ ”


ယန်ကျင်းဇီက ပြောပြီး ထွက်သွားသည်။


လုကျင်းရှိူ့သည် သူ ထွက်သွားသည်ကို မြင်သောအခါ ခဏတာ အံ့အားသင့်သွားပြီး ထို့နောက် သူသည် မတ်တပ်ရပ်ကာ တံခါးဝသို့ သွား၍ တံခါးပိတ်ပြီး လော့ခ်ချလိုက်သည်။


သူသည် အလွန်စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်မိလိုက်ပြီး သူ့ဘယ်ခြေမှာ အမှန်တကယ်ပင် မည်သည့်အားကိုမျှ မခံနိုင်ချေ။ တံခါးပိတ်ပြီးနောက် သူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


တကယ်... သနားစရာကောင်းလွန်းနေတာပဲ။


လုကျင်းရှိူ့သည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူ့ကိုယ်ရေးလက်ထောက်ကို ခေါ်ရန် သူ့ဆဲလ်ဖုန်းကို ထုတ်ကာ ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။


အနည်းငယ် အသက်ပြင်းပြင်းရှူကာ သူ့ဘေးနားရှိ နို့ကို ကောက်ယူပြီး တစ်ငုံသောက်ကြည့်သည်။


ယန်ကျင်းဇီက သူ့ကို ဘယ်လိုလူမျိုးလို့ ထင်တာလဲ? သူက သူ့အတွက် နို့ထဲမှာတောင် သကြားထည့်လာတယ်!


လုကျင်းရှိူ့သည် အနည်းငယ် စက်ဆုပ်သွားသော်ငြား တစ်ကျိုက်တည်း သောက်ချလိုက်သည်။ သောက်ပြီးနောက် သူသည် ခွက်အလွတ်ကို ခဏတဖြုတ် စိုက်ကြည့်မိနေစဉ် ယန်ကျင်းဇီ၏အသံနှင့်အတူ တံခါးခေါက်သံကို ကြားလိုက်ရသည် : “ ဦးလေးလု၊ ဦးလေးလု၊ တံခါးဖွင့်ပါဦး... ”


လုကျင်းရှိူ့ တံခါးမဖွင့်ပေးပေ။


ယနေ့ သူ မနက်စာ မစားထားချေ။ သူသည် ယခင်က အနည်းငယ် အဆင်မပြေဖြစ်နေသော်ငြား နို့တစ်ခွက် သောက်ပြီးနောက် ယခု သူ ပိုအဆင်ပြေသွားသည်... လုကျင်းရှိူ့သည် သူ့လက်ထဲရှိ ခွက်ကို အမှိုက်ပုံးထဲသို့ လွှတ်ပစ်ပြီး အိမ်သာထဲသို့ ဝင်ကာ သူ့လက်များမှ သွေးစက်များကို ဆေးကြောလိုက်သည်။


လက်ဆေးပြီးနောက် တံခါးအပြင်ဘက်မှ သူ့လက်ထောက်၏အသံ ထွက်လာသည်။


ထိုအခါမှသာ လုကျင်းရှိူ့သည် တံခါးဖွင့်ပြီး အပြင်ထွက်သည်။


“ သွားမယ်! ” လုကျင်းရှိူ့က သူ့ကိုယ်ရေးလက်ထောက်ကို ပြောကာ စကားပြောပြီးနောက် ရှေ့သို့လျှောက်သွားသည်။


“ ဦးလေးလု၊ လက်က ဒဏ်ရာကို ဂရုစိုက်ဖို့လိုတယ်! ” ယန်ကျင်းဇီက ပြောသော်လည်း လုကျင်းရှိူ့သည် သူ့ကို လုံးဝ ဂရုမစိုက်ဘဲ သူ့ဘာသာသူ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။


ယန်ကျင်းဇီသည် အမီလိုက်ကာ လုကျင်းရှိူ့ကို ထပ်မံကူညီချင်သော်ငြား လုကျင်းရှိူ့အနားရှိ လက်ထောက်၏ ဟန့်တားခြင်းကို ခံရသည်။ လုကျင်းရှိူ့ကလည်း အေးစက်စွာ လှမ်းကြည့်သည် : “ မင်းမျက်လုံးထဲမှာ ငါက အမှိုက်လိုပဲလား? ”


ယန်ကျင်းဇီ ကြောင်အသွားသည်။


“ ငါ ကုမ္ပဏီသွားပြီ။ လာမ‌ရှုပ်နဲ့! ” လုကျင်းရှိူ့က ထပ်ပြောလာကာ စကားပြောပြီးနောက် ထွက်သွားသည်။


လုကျင်းရှိူ့သာ ကုမ္ပဏီကို သွားချင်လျှင် သူ တကယ် မလိုက်နိုင်ပေ...


ယန်ကျင်းဇီသည် သူ ထွက်သွားသည်ကိုသာ ကြည့်နေနိုင်သည်။


လုကျင်းရှိူ့က သူ့ကို သဘောမကျ မဖြစ်လောက်သော်ငြား သူ့ကို ကြိုက်လည်း မကြိုက်ချေ။ ဤလူကို သူ အမိဖမ်းချင်လျှင် သူ သွားရမည့်လမ်းဟာ အရှည်ကြီး ရှိသေးသည်။ 


စဉ်းစားပြီးနောက် ယန်ကျင်းဇီသည် အိမ်အရင်ပြန်ရန် ဆုံးဖြတ်လိုက်သည်။


သူသည် အိမ်ပြန်ပြီး သူ့မိဘများကို ရုတ်သိမ်းမည့်အကြောင်း ပြောပြကာ ရင်းနှီးမြှုပ်နှံမှုကိစ္စ မေးမြန်း၍ အဝတ်အစားတချို့ကို ယူချင်သည်။


သူသည် လုမိသားစုသို့ မကြာခဏ ရောက်တတ်သော်ငြား လုမိသားစုတွင် မနေထိုင်ပေ။ မနေ့ညက သူသည် လုရွေ့ချွင်ကို အလွန်နောက်ကျသည့်အထိ ဂရုစိုက်ခဲ့ပြီး လုမိသားစု၏ ဧည့်အိပ်ခန်းထဲတွင် အိပ်ခဲ့သည်။ သူ့တွင် လဲရမည့် အဝတ်အစားများ မရှိချေ။


သို့သော် သူသည် နောင်တွင် လုမိသားစု၌ နေထိုင်ရန် ဆုံးဖြတ်ထားသည်။


လုကျင်းရှိူ့ရဲ့ ကျန်းမာရေးက မကောင်းဘူး၊ လုကျင်းရှိူ့ တစ်ယောက်တည်း နေနေတာ သူ စိတ်မချဘူး!


အရေးကြီးဆုံးမှာ ခက်ထန်သော အမျိုးသမီးများက တကောက်ကောက် လျှောက်လိုက်သော အမျိုးသားများကို ကြောက်ရွံ့ကြရာ သူသာ သူ့ကို ဆက်လိုက်နိုင်ရင် ဖမ်းမိနိုင်လောက်လား?


လုကျင်းရှိူ့က ၎င်းကြောင့် သူ့ကို မုန်းမည်မဟုတ်ဟုသာ သူ မျှော်လင့်မိသည်...


ယန်ကျင်းဇီသည် သူ့နှာခေါင်းကို ထိပြီး ယန်အိမ်သို့ ကားမောင်း၍ ပြန်သည်။ မနေ့က မူလပိုင်ရှင်ဟာ လုရွေ့ချွင်ကို အရက်သောက်နေမှန်း သိပြီးနောက် သွားခေါ်ကာ အိမ်ပြန်ပို့ပေးခဲ့သည်။


ယန်ကျင်းဇီ မောင်းထွက်သွားသောအခါ လုကျင်းရှိူ့သည် ကုမ္ပဏီသို့ သွားနေသော ကားထဲတွင် ရှိနေပြီး သူ့ဖုန်းကို ကိုင်ထားကာ သူ့အိမ်၏ စောင့်ကြည့်ဗီဒီယိုကို ကြည့်နေခဲ့သည်။


သူ ထွက်သွားသည်နှင့်တပြိုင်နက် ယန်ကျင်းဇီက လုမိသားစုမှ ထွက်သွားသည်ကို မြင်သောအခါ လုကျင်းရှိူ့က လှောင်ရယ်ပြီး သူ့ခေါင်း နာကျင်လာသည်ကို ထပ်မံခံစားလိုက်ရပြန်သည်။


သို့သော် သူ ချုပ်တည်းထားခဲ့သည်။


ကုမ္ပဏီတွင် လုပ်စရာများ အများအပြား ရှိနေသေးသည်။


လုကျင်းရှိူ့သည် ကုမ္ပဏီသို့ ဝင်ရောက်သောအခါတွင် ကိစ္စအားလုံးကို ကိုင်တွယ်ခြင်းတွင် အာရုံစိုက်ခဲ့သည်။


တကယ်တော့ သူက သိပ်ပြီး ဒေါသမထွက်တတ်ပေ။ အချိန်အများစုတွင် သူက တည်ငြိမ်နေသည်။ သို့ရာတွင် တစ်စုံတစ်ရာက သူ့ကို အမှန်တကယ် မပျော်မရွှင်ဖြစ်စေလျှင်တော့ သူက ရုတ်တရက်ကြီး ထပ်မံပေါက်ကွဲသွားလိမ့်မည်ဖြစ်သည်။


ကုမ္ပဏီရှိ လူတိုင်းက သူ စိတ်ပြောင်းလွယ်ကြောင်း သိကြသောကြောင့် သူတို့က တုန်ယင်ပြီး သူ့ကို ရန်မစရဲ‌ကြချေ။


လုကျင်းရှိူ့သည် ဤအခြေအနေကို အလွန်ကျေနပ်သည်။ အနည်းဆုံးတော့ လူတိုင်း၏ အလုပ်စွမ်းဆောင်ရည်က အလွန်မြင့်မားနေ၏။ သူသည် အရှုပ်အထွေးကိစ္စများကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရဘဲ သူ့အလုပ်ကို အာရုံစိုက်နိုင်သည်။


သို့သော်လည်း ယနေ့တွင်မူ အလုပ်တစ်ဝက်၌ လုကျင်းရှိူ့ ရုတ်တရက် စိတ်လွတ်သွားခဲ့သည်။


သူ ပြန်ကောင်းလာရန် အချိန်ခဏကြာခဲ့ပြီး သူသည် စိတ်ဆိုးလွန်းသဖြင့် သူ၏ ဘယ်ဘက်လက်မောင်းကို ဓားတစ်ချောင်းနှင့် အကြိမ်အနည်းငယ် လှီးဖြတ်ရန် စိတ်ဆန္ဒပင် ရှိလာခဲ့၏။


ဤအချိန်တွင် ယန်ကျင်းဇီသည် သူ့အိမ်သို့ ပြန်ရောက်နေပြီဖြစ်သည်။


သူသည် မူလက သူ့မိဘများကို စကားပြောချင်ခဲ့သော်ငြား အဆုံးတွင်မူ သူ့မိသားစုမှ တစ်ယောက်ပင် အိမ်တွင် မရှိကြချေ...


နေ့လယ်ပိုင်းလည်း ဖြစ်သဖြင့် လူတိုင်းတွင် လုပ်စရာ ရှိနေခဲ့သည်။


ယန်ကျင်းဇီသည် အဝတ်အစားများကို ထုပ်ပိုးပြီး လုကျင်းရှိူ့ဘေးရှိ ဧည့်ခန်းကို သူ့ကိုယ်ပိုင်အခန်းအဖြစ် သိမ်းပိုက်ရန် ကြံစည်ကာ လုမိသားစု ဗီလာသို့ ပြန်သည်။


မိဘများကိုမူ...


ယန်ကျင်းဇီသည် ခဏလောက် စဉ်းစားပြီး သူ့ဖခင်ဆီသို့ စာတစ်စောင် ပို့လိုက်သည် : “အဖေ၊ ငွေကြေးစီမံက အန္တရာယ်များတယ်။ ရင်းနှီးမြှုပ်နှံမှုကို သတိထားဖို့လိုတယ်!”


ထို့နောက် သူ့မိခင်ဆီသို့ စာဆက်ပို့သည် : “အမေ၊ ကျွန်တော် လက်ထပ်ပွဲကို ရုတ်သိမ်းချင်တယ်။”


တွေးကြည့်ပြီးနောက် သူ့အစ်ကိုဆီသို့လည်း သူ စာတစ်စောင် ပို့လိုက်သည် : “အစ်ကိုကြီး၊ ကျွန်တော့်ကို ကူပြီး လုရွေ့ချွင်ကို စစ်ဆေးပေးပါဦး! ကျွန်တော် ရှိနေတာတောင် သူ ဖောက်ပြန်နေတယ်လို့ သံသယရှိနေလို့!”


ယန်ကျင်းဇီ၏စာ ရောက်ပြီးသည်နှင့် သူ့မိခင်က သူ့ကို ဖုန်းဆက်သည် : “ ဇီဇီ၊ နင် ဘာဖြစ်ပြန်ပြီလဲ? ”


“ အမေ၊ ကျွန်တော် ဇာတ်လမ်းမဆင်ဘူး။ ကျွန်တော် တကယ်ပဲ လက်ထပ်ပွဲကို ရုတ်သိမ်းချင်တယ်! ”


“ ဖုန်းတစ်ကောလ် ဝင်လာတာနဲ့ လုရွေ့ချွင်ကို ရှာဖို့ မနေ့ည ညလယ်ခေါင်ကြီးမှာတောင် ပြေးထွက်သွားတာ ဘယ်သူလဲ? ” အမေယန်က မေးသည်။


ယန်ကျင်းဇီ : “ အဲ့ဒါ ကျွန်တော် ငယ်ငယ်က မသိနားမလည်ခဲ့လို့။ ”


အမေယန် : “ ... ” နင်က မနေ့ညကပဲ ငယ်ရွယ်ပြီး ဒီနေ့ကျ မဟုတ်တော့ဘူးလား?


“ အမေ၊ ကျွန်တော် ရုတ်သိမ်းလို့ရမလား? ” ယန်ကျင်းဇီ မေးလိုက်သည်။


အမေယန် : “ နင် ဒီည ပြန်လာခဲ့၊ ဒီကိစ္စ စကားပြောကြရအောင်။ ”


“ ကျွန်တော် ဒီည ပြန်မလာဘူး ” ယန်ကျင်းဇီက ဆက်ပြောသည် : “ ကျွန်တော် လုမိသားစုမှာ နေဖို့ စီစဉ်ထားတယ်။ ”


အမေယန်က ဖုန်းကို ချက်ချင်း ချသွားသည်။


ထို့နောက် ယန်ကျင်းဇီ၏အစ်ကိုက ခေါ်သည် : “ မင်း ငါ့ကို ပို့လိုက်တဲ့ မက်ဆေ့ခ်ျက ဘာကို ဆိုလိုတာလဲ? ”


“ အစ်ကို၊ လုရွေ့ချွင် အပြင်မှာ တစ်ယောက်ယောက် ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော့်အတွက် စစ်ဆေးပေးပါ! ” ယန်ကျင်းဇီက ပြောသည်။


“ သဲလွန်စ ဘာရှိလဲ? ” အစ်ကိုယန်က မေး၏။


ယန်ကျင်းဇီ ဖြေလိုက်သည် : “ ဖောက်ပြန်တဲ့လူက ကျွန်တော့်ရဲ့ ကောလိပ်အခန်းဖော် ဖြစ်လိမ့်မယ်။ သူနဲ့ လုလုပ်ငန်းထဲ အတူဝင်သွားတဲ့သူ။ ” မူလဇာတ်ကြောင်းတွင် လုရွေ့ချွင်နှင့် အတူလူးလှိမ့်နေသူမှာ မူလပိုင်ရှင်၏ အခင်ဆုံးသူငယ်ချင်းနှင့် ကောလိပ်အခန်းဖော် ဖြစ်ပြီး ယင်းကား တကယ်ကို ဝမ်းနည်းစရာပင်။


“ အိုကေ၊ ငါ စုံစမ်းဖို့ လူလွှတ်လိုက်မယ်။ ရှာတွေ့ရင် ငါ ဘာလုပ်ရမလဲ? ”


“ အစ်ကို ရှာတွေ့ရင် ကျွန်တော့်ကို ပြောပါ။ ” ယန်ကျင်းဇီက ပြောသည်။


သူ့မိဘများနှင့် အစ်ကိုတို့က အချင်းချင်း သတင်းဖလှယ်ကြလိမ့်မည်ဟု သူ ယုံကြည်ပြီး သူ ဤသို့ပြုမူခဲ့သည်မှာလည်း သူတို့ကို ကြိုတင်အသိပေးရန် ဖြစ်သည်။


ဤလက်ထပ်ပွဲဟာ သူ ယခု နောက်မဆုတ်လျှင်ပင် အနာဂတ်တွင် သူ သေချာပေါက် နောက်ဆုတ်မည်ဖြစ်သည်။


ဖုန်းချပြီးနောက် ယန်ကျင်းဇီသည် အခန်းသန့်ရှင်းရေးကို ဆက်လက်လုပ်ဆောင်သည်။


အဒေါ်ဝမ်က လာကူပြီး တစ်ချိန်တည်းတွင် ယန်ကျင်းဇီနှင့် စကားစမြည်ပြောသည်။


ထိုသို့ပြောနေစဉ် သူ(မ)က ရုတ်တရက် ပြောလာသည် : “ သခင်ကြီးက ပစ္စည်းတွေကို တကယ် မကြိုက်ဘူး။ အမြဲတမ်း ပန်းအိုးခွဲတယ်။ ကောင်းတဲ့ ခွက်တစ်လုံးတောင် အမှိုက်ပုံးထဲကို တန်းပြီး အပစ်ခံထားရတယ်။ ”


“ ခွက်လား? ” ယန်ကျင်းဇီ အေးခဲသွားသည်။


“ ဟုတ်တယ်၊ အဲ့ခွက်က သခင်ကြီးကို နို့ပို့ဖို့ သခင်လေး သုံးခဲ့တဲ့ ခွက်ပဲ။ ” အဒေါ်ဝမ်က ဆိုသည်။


ယန်ကျင်းဇီ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည် — လုကျင်းရှိူ့က သူ့ရဲ့ အာရုံစိုက်မှုကို မကြိုက်ဘူးလား? ဒါဆို သူ ဒီလူကို လိုက်နိုင်ပါဦးမလား?


ခဏလေး... ယန်ကျင်းဇီ ရုတ်တရက် တစ်ခုခုကို တွေးမိသည် : “ နို့ရော? ”


“ နို့လား? သူ သောက်လိုက်တယ်ထင်တယ်။ ” အဒေါ်ဝမ်က ဆက်ပြောသည် : “ အမှိုက်ပုံးထဲမှာ ခွက်တစ်လုံးပဲ ရှိတယ်။ ”


ယန်ကျင်းဇီ : “ ... ” လုကျင်းရှိူ့က နို့ကို အထူးတလည် သက်သက်သွန်ပြီးမှ အမှိုက်ပုံးထဲကို ခွက်ပစ်ထည့်လိုက်တာတော့ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား?


အဲဒါက အချိန်ဖြုန်းလွန်းတာပဲ။


တကယ်တော့ လုကျင်းရှိူ့က ထိုနို့ခွက်ကို တကယ် မုန်းတီးလျှင် ထိတောင် မထိချင်‌လောက်ချေ။


ယခုအခါကမူ နို့ မရှိတော့ဘဲ ခွက်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ထားခြင်း ဖြစ်သည်။ သူ ဘာကြောင့် ခံစားနေရတာလဲ... ဒီလူက ဖုံးချင်နေတယ်လို့လေ...?


လုကျင်းရှိူ့က သူ့ကို မမုန်းကြောင်း ယခင်ကတည်းက ယန်ကျင်းဇီ ခံစားခဲ့ရပြီး ယခုမူ သူသည် ပို၍ပင် သေချာနေပြီဖြစ်သည်။


သူ အားကုန်စိုက်ထုတ်ပြီ!


သူ့နှောင့်ယှက်မှုကြောင့် လုကျင်းရှိူ့က သူ့ကို မုန်းသွားနိုင်တယ် ဆိုရင်တောင်မှ သူ ဆက်လှုပ်ရှားရမယ်!


ဘာပဲဖြစ်ဖြစ် လုကျင်းရှိူ့၏ အကျင့်စရိုက်အရ သူ့ကို မနှောင့်ယှက်လျှင် နီးစပ်နိုင်မည်မဟုတ်ချေ။


ပြီးတော့... လုကျင်းရှိူ့က သူ့အပိုင်ပဲ ဖြစ်ရမယ်! သူက သူ့အပိုင် ဖြစ်ကိုဖြစ်ရမယ်!


ယန်ကျင်းဇီသည် ဆုံးဖြတ်လိုက်ပြီး သူ့စိတ်ထဲတွင် ရုတ်တရက် ဉာဏ်အလင်းရသွားသည်ဟု ခံစားလိုက်ရသည်။ ဤအချိန်တွင် အဖေယန်၊ အမေယန်နှင့် ယန်မိသားစု၏ အကြီးဆုံးသားတို့က အမှန်တကယ်ပင် သူ့အကြောင်း သတင်းဖလှယ်နေကြသည်။


သုံးယောက်သားဟာ ဆက်သွယ်ရန်အတွက် အဖွဲ့လိုက်အထူးစကားဝိုင်းကို ထောင်လိုက်ကြပြီး အပြန်အလှန် ဖလှယ်ပြီးနောက် လုရွေ့ချွင်က အခြားသူများနှင့် အလွန်နီးကပ်လွန်းသဖြင့် ယန်ကျင်းဇီ မပျော်မရွှင်ဖြစ်နေသည်ဟု သူတို့ ထင်မိကြ၏။


အစ်ကိုယန်က ဆိုသည် : “ကျွန်တော် လူလွှတ်ပြီး စစ်လိုက်မယ်။ အဆင်ပြေရင် အကောင်းဆုံးပေါ့။ တစ်ခုခုမှားနေရင်တော့...”


“တစ်ခုခုမှားနေရင် ငါတို့ ဖျက်သိမ်းမယ်!” အမေယန်က ပြောလာသည်။


အဖေယန်က စာရိုက်ကာ မေးသည် : “ကုမ္ပဏီနှစ်ခုကြားက ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုလုပ်မလဲ? ”


“ရှင်က ပူးပေါင်းဆောင်ရွက်မှုကိုပဲ ဂရုစိုက်ပြီး ရှင့်သားကို ဂရုမစိုက်ဘူးလား?” အမေယန် စိတ်ဆိုးသွားသည်။ သူ(မ)သည် သူ(မ)၏သားကလေးကို ကိုယ်ဝန်ရှိစဉ်က အလွန်အကျွံ စားခဲ့မိသောကြောင့် ကလေးကို ဝစေခဲ့မိသည်။ ကလေးက သူ(မ)၏ဗိုက်ထဲတွင် အသက်ရှူကြပ်ပြီး မမွေးနိုင်သလောက်ပင် ဖြစ်ခဲ့ရသည်။ ထိုကတည်းက ကလေးဟာ အနည်းငယ် တုံးအသွားသည်... သူ(မ)သည် ထိုကဲ့သို့သော တုံးတုံးအအ သားလေး ဒုက္ခရောက်မည်ကို ခွင့်မပြုနိုင်ပေ။


“အဲ့လိုမဟုတ်ဘူး။ ဒါပေမယ့် ကျင်းဇီက လိုလားပါ့မလား? သူက လုရွေ့ချွင်ကို ငယ်ငယ်ကလေးကတည်းက ကြိုက်လာခဲ့တာလေ။” အဖေယန်က ဂရုထဲတွင် ဆိုသည်။


“အရင်ဆုံး စစ်သာစစ်လိုက်!” အမေယန်က နောက်ဆုံးစကား ပြောခဲ့သည်။


အလုပ်ဆင်းချိန် ရောက်သောအခါ လုကုမ္ပဏီမှ ဝန်ထမ်းများက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသော်

ငြား လုကျင်းရှိူ့က အလုပ်ဆင်းရန် ရည်ရွယ်ချက်မရှိပေ။  


သူ့ပတ်ဝန်းကျင်မှ လူများသည် ခါးသီးစွာဖြင့်သာ သူ့ကို အဖော်ပြု၍ အချိန်ပို အလုပ်ဆင်းကြရတော့သည်။ 


သူတို့ နားမလည်နိုင်ပေ။ လုကျင်းရှိူ့က မကျန်းမာပုံပေါ်တယ်၊ ဘယ်လိုလုပ် သူက အရမ်းအားအင်ပြည့်နေပြီး နေ့တိုင်း အချိန်ပို အလုပ်လုပ်နေတာကို မပင်ပန်းနိုင်နေရတာလဲ?