အပိုင်း ၁၈၀ ( Rich Second Generation 4 )
Viewers 16k

ယန်ကျင်းဇီသည် ယခင်က အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူ့အပြုအမူကြောင့် လုကျင်းရှိူ့ သူ့ကို မုန်းတီးမည်ကို စိုးရိမ်မိနေသောကြောင့်ပင် — သူ့ကို လုကျင်းရှိူ့ မုန်းသွားပြီး သူ လုကျင်းရှိူ့ကို မပိုးပန်းနိုင်တော့ရင် ဘယ်လိုလုပ်မလဲ?!


သို့သော် အစောက လုကျင်းရှိူ့ သူ့နို့ကို သောက်ခဲ့ကြောင်း သိလိုက်ရသောအခါတွင် သူစိတ်သက်သာရာရသွားသည်။


ညနေခင်း၌ သူသည် ဖက်ထုပ်များကို အထူးပြင်ဆင်ပြီး ဤနေရာတွင် စောင့်နေခဲ့သည်။ မှုန်ကုပ်သော မျက်နှာထား ရှိနေလင့်ကစား လုကျင်းရှိူ့က စားပွဲ‌တွင် ထိုင်နေသည်ကို တွေ့ရပြီးနောက် ယန်ကျင်းဇီသည် ပို၍ပင် ဝမ်းသာ‌သွားသည်။


လုကျင်းရှိူ့ကသာ တကယ် မစားချင်ဘူး ဒါမှမဟုတ် သူ့ကို တကယ် မုန်းတယ်ဆိုရင် ဒီအတိုင်း ထွက်သွားနိုင်ပေမယ့် လုကျင်းရှိူ့က ထိုင်လိုက်တယ်!


သူသည် အစကတည်းက လုကျင်းရှိူ့ကို မကြောက်ခဲ့ဘဲ သူ့အပြုအမူက လုကျင်းရှိူ့ကို မရွံရှာစေကြောင်း ယခု သူ သိသောအခါ သူသည် ပိုမိုရဲရင့်လာသည်။


“ ဦးလေးလုကို ကလေးလို့ ကျွန်တော် မပြောမိပါဘူး။ ဦးလေး အပူလောင်သွားမှာကိုပဲ ကျွန်တော် စိုးရိမ်မိလို့ပါ။ ” ယန်ကျင်းဇီ ပြုံးလိုက်သည်။ 


ယန်ကျင်းဇီ၏အပြုံးဟာ အလွန်စစ်မှန်ပြီး စိုးရိမ်မှုအပြည့် ရှိသည်။ လုကျင်းရှိူ့သည် ဖက်ထုပ်ကြောင့် အပူလောင်ခြင်း မဖြစ်ခဲ့သော်လည်း သူ့အပြုံးကြောင့် ပူလောင်သွားသည်။


သူ့မျက်နှာက ပိုမိုမှုန်ကုပ်လာပြီး မင်း ငါ့ကို ဂရုစိုက်မနေသင့်ဘဲ လုရွေ့ချွင်ကိုသာ ဂရုစိုက်သင့်သည်ဟု သူ ပြောချင်မိသည်။


သို့ရာတွင် သူသည် လုရွေ့ချွင်နှင့်ပတ်သက်ပြီး အမှန်တကယ်ပင် ထုတ်မပြောချင်မိပေ။


လုကျင်းရှိူ့သည် သူ ခပ်ထားသည့် ဖက်ထုပ်ကို ဖြည်းညှင်းစွာ စားပြီးနောက် ကျန်ဖက်ထုပ်တို့ကိုလည်း တဖြည်းဖြည်း စားလိုက်သည်။


သူ စားနေစဉ် ယန်ကျင်းဇီက သူ့ဘေးတွင် ဆက်တိုက်စကားပြောနေသည် : “ ဦးလေးလု၊ ဒီနေ့ နောက်ကျနေပြီ။ ကျွန်တော် နောက်ကျရင် အိပ်ဖို့ ဒုတိယထပ်က ဧည့်ခန်းကို သွားလိုက်မယ်... ဦးလေး ကျွန်တော့်ကို ဂရုစိုက်စရာမလိုဘူး။ ” 


“ ဦးလေး အိပ်ရာစောစောဝင်သင့်တယ်။ စောစောအိပ်ပြီး စောစောထတာ ကျန်းမာရေးအတွက် ကောင်းတယ်။ ”


“ ဦးလေးလု၊ မနက်ဖြန် ကျွန်တော် ညလယ်စာ ပြင်ဆင်ပေးဦးမယ်။ ”





လုကျင်းရှိူ့သည် သူ့ရှေ့ရှိလူက တစ်လက်မခန့် အပြုအမူ လွန်ကျွံနေသည်ဟု ထင်မိပြီး သူ စိတ်ထိခိုက်အောင် စကားအနည်းငယ် ပြောချင်ခဲ့သည်။ သို့သော် ယန်ကျင်းဇီက စကားများစွာ ပြောခဲ့ပြီး လုံးဝ မေးခွန်းမမေးခဲ့ချေ။ 


ထိုမျှတင်မက အလွန်ပျော်နေသော ယန်ကျင်းဇီကို မြင်ရသောအခါ သူ့စိတ်အခြေအနေသည်လည်း ပျော်ရွှင်လာသည်။


ချမ်းသာကြွယ်ဝသော သက်လတ်ပိုင်းအရွယ် အမျိုးသားများနှင့် အမျိုးသမီးများက မိန်းကလေးငယ်များကို ပျိုးထောင်ရခြင်းနှင့် ခွေး‌ပေါက်ကဲ့သို့ ‌ကောင်ကလေးများကို ပျိုးထောင်ရခြင်းအား နှစ်သက်ရသည့် အကြောင်းအရင်းကို သူ သိသွားပြီဖြစ်သည်။ 


ဤကဲ့သို့သော လူငယ်တစ်ဦးဟာ မျက်စိရှေ့တွင် မြင်နေရရုံဖြင့် လူများကို ပျော်ရွှင်စေသည်။


စိတ်မကောင်းစရာပဲ... ဒါ သူ့အပိုင် မဟုတ်ဘူး။


လုကျင်းရှိူ့သည် တည်ငြိမ်သော မျက်နှာဖြင့် ဖက်ထုပ်အသေးတစ်ပန်းကန်ကို စားပြီး ထကာ အပေါ်ထပ်သို့ တက်သွားသည်။


ယန်ကျင်းဇီ စားပြီးသွားသည်မှာ ကြာပြီဖြစ်သည်။ ဤအချိန်တွင် သူက သူ့နောက်လိုက်ကာ ပြောလာသည် : “ ဦးလေးလု၊ မနက်ဘယ်အချိန်ထလဲ? ကျွန်တော်နဲ့ မနက်စာ အတူစားကြမလား? ”


“ ငါ မင်းနဲ့ အတူမစားချင်ဘူး! ” လုကျင်းရှိူ့သည် အရှိန်မြှင့်ပြီး အခန်းတံခါးဝသို့ ရောက်သွားသည်။ တစ်ချိန်တည်းတွင် ယန်ကျင်းဇီကလည်း သူ့ဘေးရှိ အခန်းတံခါးဝသို့ ရောက်လာကာ ခေါင်းလှည့်ပြီး သူ့ကို အပြုံးကြီးကြီး ပြုံးပြလာ၏ : “ ဦးလေးလု၊ ကောင်းသောညပါ။ ” 


လုကျင်းရှိူ့က သူ့ကို စိုက်ကြည့်ကာ အခန်းထဲသို့ ဝင်သွားသည်။


လုမိသားစု၏ဗီလာကို ဖခင်လုက ငယ်ရွယ်စဉ်ကတည်းကပင် ဝယ်ယူခဲ့ပြီး လုကျင်းရှိူ့သည် ဤနေရာတွင် မွေးဖွားခဲ့သည်။


သူ့တွင် အခြားနေရာ၌ ‌အိမ်တစ်လုံး ရှိသော်ငြား ဤနေရာမှ မပြောင်းရွှေ့ခဲ့ပေ။


သူသည် မာစတာအိပ်ခန်း နှစ်ခန်းကိုပင် စိတ်မ၀င်စားပေ။


ဒုတိယထပ်ရှိ မာစတာအိပ်ခန်းမှာ လုသခင်အိုကြီး နေထိုင်ခဲ့သည့် နေရာ ဖြစ်သည်။ သူ ကလေးအရွယ်တွင် သူသည် အခန်းထဲသို့ ဝင်ကာ ကြည့်ချင်ခဲ့သော်လည်း ဝင်ခွင့်မရခဲ့ချေ။ ယခု သူ ဝင်မကြည့်ချင်တော့ပေ။ တတိယထပ်က မာစတာအိပ်ခန်းလား? အစပိုင်းတွင် ၎င်းက သူ့အစ်မ၏အခန်း ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းက လုရွေ့ချွင်၏အခန်း ဖြစ်သွားကာ ၎င်းကို သူ လုယူမည်မဟုတ်ချေ။ 


ယခု သူသည် သူ ငယ်စဉ်ကတည်းက နေထိုင်ခဲ့သည့် မြောက်ဘက်မျက်နှာမူ အခန်းတွင်သာ နေထိုင်သည်။


အခန်းထဲသို့ ဝင်ပြီးနောက် လုကျင်းရှိူ့သည် တည်ငြိမ်မှုကို ရှားရှားပါးပါး ခံစားရပြီး သူ၏ ရန်လိုစိတ်ကို ထုတ်စရာမလိုတော့ပေ။


သူသည် ခွေးခြေတစ်လုံးကို တွေ့ပြီး ထိုင်ချကာ ခဏတွေးပြီးနောက် သူ့ဖုန်းကို ထုတ်သည်။ လက်တစ်ဖက်နှင့် ဖွင့်ပြီး အသံကို နှိပ်ကာ သူ့ကိုယ်ရေးလက်ထောက်ကို စာပို့လိုက်သည် : “ယန်ကျင်းဇီက ငါ့... ဘဝအကြောင်း မင်းကို မေးရင် သူ့ကို ပြောပြဖို့ အဆင်ပြေတယ်။”


ကိုယ်ရေးလက်ထောက်က “ဟုတ်ကဲ့” ဟု အမြန်ပြန်ဖြေသည်။


လုကျင်းရှိူ့ သူ့လက်ကို ဆန့်တန်းပြီး သူ့နဖူးကို ပွတ်သပ်လိုက်သည်။


တကယ်တော့ အိမ်တော်ထိန်းက သူ့ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့ခြင်းမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအားလုံးကို အိမ်တော်ထိန်းက ထုတ်ဖော်ခဲ့ကြောင်း သူ ရှာတွေ့ခဲ့သောကြောင့် ဖြစ်သည်။


လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် သူ့တစ်ကိုယ်လုံး ပိုမိုစိတ်တိုလွယ်လာကာ သူသည်လည်း တစ်ချိန်လုံး အိပ်မပျော်ဖြစ်နေသည်။ သူသည် မိုးလင်းသည်ထိ မျက်လုံးကို အမြဲဖွင့်ထားတတ်သည်။ ဆေးအများကြီးကိုလည်း သူ သောက်ခဲ့ဖူးသော်လည်း ၎င်းတို့က အဆင်မပြေချေ။


သူ့ကိုယ်သူ ပိုပိုပြီး မုန်းတီးလာကာ တခါတရံတွင် သူ့ကိုယ်သူ နာကျင်စေသည်။


သူ့ကိုယ်ရေးလက်ထောက်က ဤကိစ္စများကို မသိခဲ့ဘဲ အိမ်တော်ထိန်းကသာ အလုံးစုံကို သိသည်။


အိမ်တော်ထိန်းက သူ့မိခင်ကို အကုန်ပြောပြခဲ့ပြီး သူ့မိခင်က ဂရုစိုက်သော စကားအနည်းငယ်ကို ပြောခဲ့သော်ငြား သူ့ကို သတိလည်း ပေးခဲ့သည်... သေတမ်းစာ ရေးရန်။


လုကျင်းရှိူ့သည် ဖုန်းကို ကြည့်ပြီး “ဟဲ”ခနဲ အသံပြုကာ ထ၍ ဆေးကြောသန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်သွားသည်။


ဆေးကြောသန့်စင်ကာ ခုတင်ပေါ်တွင် လှဲပြီးနောက် လုကျင်းရှိူ့သည် ခဏလောက် စဉ်းစားပြီး သူ့ဖုန်းကို ထုတ်ကာ အိမ်တွင်းစောင့်ကြည့်မှုကို စတင်ကြည့်ရှုခဲ့သည်။


အိမ်တော်ထိန်း သိပ်မူမမှန်သည်ကို တွေ့ရှိပြီးနောက် အိမ်ရှိ အိပ်ခန်းအနည်းငယ်မှလွဲ၍ သူသည် အားလုံးကို စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားခဲ့၏။ သူ ပထမဆုံး ကြည့်ရှုသည်မှာ ဂိတ်တံခါးရှိ စောင့်ကြည့်ကင်မရာ ဖြစ်သည်။


ယန်ကျင်းဇီက ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အိတ်ကြီးအိတ်ငယ်များနှင့် ပြန်ရောက်လာသည်။


သူသည် အခြားမော်နီတာများကို စတင်စစ်ဆေးကြည့်ရာ သူ့အခန်းဘေးရှိ အခန်းတွင် ယန်ကျင်းဇီနှင့် နာနီတို့က အချိန်အကြာကြီး ရှိနေခဲ့သည်ကို တွေ့လိုက်ရကာ သူတို့က အခန်းသန့်ရှင်းရေး လုပ်နေကြခြင်း ဖြစ်လောက်သည်ဟု တွေးမိသည်။


ထို့နောက် နာနီက ထွက်လာသော်ငြား ယန်ကျင်းဇီက အခန်းထဲတွင် တစ်ချိန်လုံး ရှိနေခဲ့သည်...


လုကျင်းရှိူ့သည် ရှေ့သို့အမြန်ရစ်ရန် ရွေးချယ်လိုက်ပြီး နောက်ဆုံးတွင် ယန်ကျင်းဇီက ညစာစားရန် ထွက်လာကာ နာနီနှင့် စကားပြောပြီးနောက် ဖုန်းခေါ်သည်ကို တွေ့လိုက်ရသည်။


မကြာမီ ရပ်ရွာအိမ်ထိန်းက ဖက်ထုပ်ရွက်များနှင့် အသားတို့ကို လာပို့ပေးပြီး ယန်ကျင်းဇီက နာနီနှင့် ဖက်ထုပ်လိပ်ခဲ့သည်။


နာနီက အနည်းငယ် ထုပ်ပြီးနောက် ဆက်မထုပ်တော့ဘဲ ယန်ကျင်းဇီ လိပ်ရန် ထားခဲ့၏။ ၎င်းနောက် သူတို့နှစ်ဦးက နှစ်ပန်းကန်စာ သွားချက်ကာ စားကြသည်။


၎င်းတို့ကို နာနီ ချက်ပြုတ်ကြောင်း လုကျင်းရှိူ့ သတိပြုမိသည်။ ‌ဆိုလိုသည်မှာ သူ အစောက စားခဲ့သော ဖက်ထုပ်များ အားလုံးကို အမှန်ပင် ယန်ကျင်းဇီ ပြုလုပ်ခဲ့သည်။


လုကျင်းရှိူ့သည် သူ့နှလုံးသားထဲမှ ပျော်ရွှင်မှုကို ခံစားလိုက်ရသော်လည်း မကြာမီတွင် ပျော်ရွှင်မှု ပျောက်ဆုံးသွားသည်။


ယန်ကျင်းဇီက လုရွေ့ချွင်အတွက် ဤအရာအားလုံးကို လုပ်ပေးလိမ့်မည်ပင်။


သူ ယန်ကျင်းဇီကို ပထမဆုံး တွေ့ချိန်တွင် ယန်ကျင်းဇီက ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ ထိုအချိန်တွင် သူ့မျက်လုံးထဲ၌ လုရွေ့ချွင် ဟူသော လူတစ်ဦးတည်းသာ ရှိခဲ့ပြီး ခြောက်နှစ်ကြာပြီးနောက် သူ၏ လုရွေ့ချွင်ကို ကြည့်ပုံဟာ ဘယ်တော့မှ မပြောင်းလဲသွားခဲ့ချေ။


ဤသို့တွေးမိသော် လုရွေ့ချွင် ကွဲထွက်လုမတတ် ခေါင်းကိုက်လာသည်။


စောင့်ကြည့်ကင်မရာထဲရှိ ယန်ကျင်းဇီက နာနီနှင့် စကားပြောကာ ရယ်နေလျက် ဖက်ထုပ်စားနေသည်။ သူသည် နာနီကို ခဏတာ မနှစ်မြို့မိကာ အတွေးနက်တစ်ခု ပေါ်လာ၏။


ယန်ကျင်းဇီနဲ့ လုရွေ့ချွင်တို့ရဲ့ လက်ထပ်ပွဲကို သူ အမြဲသဘောမတူရင် ယန်ကျင်းဇီက ထာဝရ သူနဲ့ အတူရှိနေမှာလား?


သူ လုရွေ့ချွင်အတွက်လည်း ပြဿနာနည်းနည်း ရှာပေးသင့်လား?


လုကျင်းရှိူ့၏ခေါင်းက နာကျင်နေသော်ငြား သူ့အတွေးများက ရှင်းလင်းသည်။ သူသည် စောင့်ကြည့်ကင်မရာကို ဆက်ကြည့်ပြီး မီးဖိုချောင်ကို ရှင်းလင်းနေသည့် နာနီကို တွေ့လိုက်ရသောကြောင့် အခန်းသို့ ပြန်လှည့်လိုက်သောအခါ ဤအချိန်တွင် ယန်ကျင်းဇီက ဆိုဖာပေါ်တွင် ထိုင်နေပြီး သူ့ဖုန်းကို ပျင်းရိစွာ ဆော့ကစားနေခဲ့သည်။


သူသည် ရှေ့ရစ်ခလုတ်ကို မနှိပ်တော့ဘဲ ယန်ကျင်းဇီကိုသာ ကြည့်နေမိသည်။ ကြည့်နေစဉ်... သူ့မျက်လုံးများ ပိတ်ကျသွားသည်။


အချိန်အတော်ကြာပြီးနောက် လုကျင်းရှိူ့သည် သူ့တစ်ကိုယ်လုံး လှုပ်ယမ်းကာ ရုတ်တရက် နိုးလာပြီးမှသာ သူ အိပ်ပျော်သွားခဲ့သည့်အပြင် ကောင်းကောင်းမွန်မွန်လည်း အိပ်စက်ခဲ့ရမှန်း သိလိုက်ရသည်။ 


၎င်းက သူ့ဗိုက်ကို ပူနွေးစေသော ဖက်ထုပ်များကြောင့်လား သို့မဟုတ် သူ ပြန်လာမည်ကို စောင့်နေသူ တစ်စုံတစ်ဦး ရှိ၍ ရှားရှားပါးပါး ဖြစ်သည်ကြောင့်လား သူ မသိပေ။ 


လှောင်ရယ်ပြုံးနှင့် လုကျင်းရှိူ့ အချိန်ကို ကြည့်လိုက်သည်။


မနက်လေးနာရီ ထိုးပြီ... သူ အနည်းဆုံး သုံးနာရီကြာ အိပ်ခဲ့သည်။


သူ ဤမျှအကြာကြီး မအိပ်ခဲ့ရသည်မှာ ကြာပြီဖြစ်ပြီး သူ့ခေါင်းက အရမ်းပင် မနာကျင်တော့ဘဲ သူ့စိတ်အခြေအနေက ပိုမိုကောင်းမွန်သွားသည်။ 


သူ့တွင် အိပ်ချင်စိတ် မရှိတော့သဖြင့် သူသည် သူ့ကွန်ပြူတာကို ဖွင့်ပြီး လုမိသားစုစီးပွားရေး မဟုတ်သော သူ၏အခြားလုပ်ငန်းကို စတင်လုပ်ကိုင်သည်။


အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ်၌ တရုတ်ပြည်သို့ ပြန်မလာမီတွင် သူသည် နိုင်ငံခြားတွင် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်နေပြီးဖြစ်သည်။


သူ့မိသားစုကို အားကိုး၍မရဟု သူ ခံစားခဲ့ရပြီး သူသည် သူ့ကိုယ်ပိုင်လုပ်ငန်းတစ်ခု ရှိချင်ခဲ့ကာ သူ့ကို အဖော်ပြုပေးမည့် တစ်စုံတစ်ဦးကို ရှာဖွေချင်ခဲ့သည် – သူဟာ ဒုက္ခိတတစ်ဦး ဖြစ်သည်။ သူ့တွင် ငွေရှိလျှင် သူ့ကို အဖော်ပြုပေးမည့် လူတစ်ဦးကို သူ ရှာနိုင်ဦးမည်ဖြစ်သော်ငြား သူ့တွင် လုံးဝ ငွေမရှိလျှင်တော့ သူ့ကို ဂရုစိုက်မည့် လူကို ရှာဖွေခြင်း၌ လုံးဝ အခွင့်အရေး မရှိတော့ချေ။


သို့သော် သူ အံ့ဩမိသည်မှာ သူသည် သူ ချမ်းသာလျှင်တောင်မှ သူ့ကို ဂရုမစိုက်မည့် လူတစ်ယောက်ကို ချစ်မိသွားခဲ့သည်။


ထိုသို့ဖြစ်လျှင်တောင်မှ သူသည် သူ့ကိုယ်ပိုင်လုပ်ငန်းကို မစွန့်လွှတ်ဘဲ ၎င်းကို တရုတ်နိုင်ငံသို့ ဖြည်းဖြည်းချင်း လွှဲပြောင်းနေခဲ့သည်။


လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း လုမိသားစုလုပ်ငန်းမှ သူ ရရှိသည့် အမြတ်ဝေစုများမှာ အများအားဖြင့် သူ့ကိုယ်ပိုင်လုပ်ငန်းထဲတွင် ရင်းနှီးမြှုပ်နှံခံရပြီး သူ့အတွက် ၎င်းကို ပိုမိုလွယ်ကူစေရန်အတွက် သူသည် လုမိသားစု၏ ကုမ္ပဏီကိုလည်း အသုံးပြုခဲ့၏။


လုကျင်းရှိူ့သည် အလုပ်ပြီးနောက် ခုနစ်နာရီတွင် အခန်းတံခါးကို ဖွင့်လိုက်သည်။ ထို့နောက် သူ တွေ့လိုက်ရသည်၊ ယန်ကျင်းဇီက အခန်းတံခါးရှေ့တွင် ရပ်‌နေပြီး သူ့ကို အပြုံးကြီးကြီး ပြုံးပြနေသည် : “ ဦးလေးလု၊ မင်္ဂလာနံနက်ခင်းပါ။ ”


လုကျင်းရှိူ့သည် ယန်ကျင်းဇီကို လျစ်လျူရှုပြီး အောက်ထပ်ကို တိုက်ရိုက်ဆင်းသွားသည်။


ယန်ကျင်းဇီက သူ့ကို စကားပြောလာသည် : “ ဦးလေးလု၊ ဒီနေ့ မနက်စာအတွက် ဖက်ထုပ်နဲ့ ပေါက်စီတွေ ရှိတယ်။ ဦးလေးလု စားချင်တာ ရှိလား? ”


“ ငါ အစားမရွေးဘူး။ ” လုကျင်းရှိူ့က ပြောသည်။


“ ဒါဆို ကျွန်တော် ဦးလေးအတွက် နို့တစ်ခွက် အပူပေးပေးမယ်။ ” ယန်ကျင်းဇီက ဆိုသည်။


“ မလိုဘူး။ ”


“ နို့အပူပေးရတာ အရမ်းမြန်တယ်... ဦးလေးလု၊ နေ့လယ် ရုံးမှာ ဘာစားလဲ? ”


“ မင်း ဂရုစိုက်စရာမလိုဘူး! ”


လုကျင်းရှိူ့တွင် မျက်နှာကောင်း မရှိသော်ငြား ယန်ကျင်းဇီက ဂရုမစိုက်ဘဲ မီးဖိုချောင်သို့ သွား၍ နို့ကို အပူပေးသည်။


လုကျင်းရှိူ့က အတော်စိတ်ဝင်စားဖွယ်ကောင်းသည်။ သူက ရက်စက်ပုံပေါ်သော်လည်း အမှန်တကယ်ပင် မေးခွန်းအားလုံးမှာ အဖြေပြန်ရမည်ဖြစ်သည်။


လုကျင်းရှိူ့က သူ့ကို အလွန်သည်းခံကြောင်း သူ ခံစားမိသည်။


ယန်ကျင်းဇီ ပျော်ရွှင်စွာ လေချွန်လိုက်သည်။ လုကျင်းရှိူ့နဲ့ ရက်နည်းနည်းလောက် ဆက်ဆံရေးပျိုးထောင်ပြီးရင် သူ လုပ်ဆောင်မှုနောက်အဆင့်ကို ဆက်တက်နိုင်မယ်လို့ သူ ခံစားရတယ်!


သူ လုကျင်းရှိူ့ကို ဖြားယောင်းချင်တယ်!


ယန်ကျင်းဇီ လုကျင်းရှိူ့ထံသို့ နို့တစ်ခွက် ယူလာသည်။


လုကျင်းရှိူ့သည် နို့ခွက်ကို ခဏတာ စိုက်ကြည့်နေခဲ့သော်ငြား အဆုံးတွင် သူ နို့သောက်ကာ ဖက်ထုပ်များအားလုံးကို ထပ်စားပြန်သည်။ သို့ရာတွင်မူ သူသည် ပေါက်စီကို နှစ်လုံးသာ စားခဲ့သည်။


စားသောက်ပြီးနောက် မနက်ရှစ်နာရီ မထိုးသေးသော်လည်း သူ ချက်ချင်း အပြင်ထွက်သွားသည်။


“ ဦးလေးလုက နေ့တိုင်း အစောကြီးနိုးတာလား? ” ယန်ကျင်းဇီသည် သူ ထွက်သွားသည်ကို စောင့်ဆိုင်းပြီးနောက် နာနီ အဒေါ်ဝမ်နှင့် သွားစကားပြောသည်။ 


သူသည် မနေ့ညက လုကျင်းရှိူ့ကို အိပ်ရာထချိန် မေးမြန်းခဲ့သော်ငြား ၎င်းမှာ သူ လုကျင်းရှိူ့နှင့် စကားပြောချင်ရုံအတွက်သာ ဖြစ်သည်။ တကယ်တော့ လုကျင်းရှိူ့၏ အိပ်ရာထချိန်ကို အဒေါ်ဝမ်ထံမှ သူ သိရှိပြီးဖြစ်သည်။


“ ဟုတ်တယ်။ ” နာနီက စားပွဲရှင်းရင်း ဖြေသည် : “ သခင်ကြီး ဒီနေ့ အစားစားချင်စိတ် ကောင်းနေတယ်။ သူ စားစရာတွေ အများကြီး စားသွားတယ်။ ”


“ သူ စားတာ ဒီလောက်နည်းနည်းလေးနဲ့ အစားစားချင်စိတ် ကောင်းတယ်လို့ ခေါ်လို့ရတာလား? ” ယန်ကျင်းဇီ မျက်မှောင်ကြုံ့လိုက်သည်။ သူလည်း နို့သောက်ပြီး ဖက်ထုပ်များ စားခဲ့သည်။ ထို့အပြင်... အဒေါ်ဝမ်က တစ်ကိုက်စာ ပေါက်စီအသေးများကို ပြင်ဆင်ထားခဲ့ပြီး သူတစ်ဦးတည်းက ၎င်းတို့ကို ဆယ့်နှစ်လုံး စားခဲ့၏။


ထိုအချိန်တွင် လုကျင်းရှိူ့က သူ့ကို အကြိမ်ပေါင်းများစွာ လှမ်းလှမ်းကြည့်နေခဲ့သည်။ သူ ကောင်းကောင်းစားနေသည်ကို တွေ့သောကြောင့် လုကျင်းရှိူ့က ပေါက်စီနှစ်လုံးကို ယူစားသွားသည်ဟုပင် သူ သံသယဖြစ်မိသည်။


လုကျင်းရှိူ့က ပိန်လွန်းပြီး အစားအရမ်းနည်းလွန်းသည်...


ယန်ကျင်းဇီသည် မျက်မှောင်ကြုံ့ကာ မူလပိုင်ရှင်၏ မှတ်ဉာဏ်ကို စတင်ရှာဖွေသည်။


မူလပိုင်ရှင်၏ လုကျင်းရှိူ့ကို စိတ်ကျေနပ်စေချင်သော ရည်ရွယ်ချက်က စစ်မှန်သော်လည်း လုကျင်းရှိူ့ကို သူ တကယ် ဂရုစိုက်သလားဟု မေးချင်လျှင်တော့ သေချာပေါက် သူ ဂရုမစိုက်ခဲ့ချေ။


လုကျင်းရှိူ့ အလွန်နည်းနည်းသာ စားသည်ကို သူ သိခဲ့သည်မှာ ကြာပြီးဖြစ်သော်လည်း သူက တစ်ခါမှ အလေးအနက် မထားခဲ့ပေ။


မူလပိုင်ရှင်က လုကျင်းရှိူ့ မည်မျှစားသည်ကို ဂရုမစိုက်သော်ငြား ယန်ကျင်းဇီက ဂရုစိုက်သည်။


မနေ့က လုကျင်းရှိူ့ သူ့အပေါ်သို့ လဲကျခဲ့သည်။ အလေးချိန်က အလွန်ပေါ့သည်။ လုကျင်းရှိူ့၏ အသားအရေက မကောင်းချေ... လုကျင်းရှိူ့က အိမ်တွင် သိပ်မစားဘဲ ကုမ္ပဏီတွင်လည်း ကောင်းကောင်းမွန်မွန် စား၊မစား သူ မသိပေ။


မဟုတ်လည်း... အစားအစာ သွားပို့ရမလား?


မူလပိုင်ရှင်က ကောလိပ်သွားပြီး ၎င်းကို ငွေနှင့် ဝယ်လာခဲ့သည်။ တက္ကသိုလ်လေးနှစ်ပြီးနောက် သူ မှတ်မိသည်မှာ လုရွေ့ချွင်နောက်သို့ လိုက်ဖို့သာ ဖြစ်သည်။ ထိုနေရာတွင် သူ ဘာကိုမှ မသင်ယူခဲ့ချေ။ ထို့အပြင် မူလပိုင်ရှင်က ဉာဏ်သိပ်မကောင်းသည်ကိုပါ ထပ်ပေါင်းလိုက်သောအခါ... အတိုချုပ်ရသော် မူလပိုင်ရှင်တွင် ခေါင်းအလွတ်သာ ရှိပြီး ဘာမှနားမလည်ချေ။ ထို့ကြောင့် လုရွေ့ချွင်က လုမိသားစုလုပ်ငန်းတွင် အလုပ်သင်ဆင်းချိန်၌ မူလပိုင်ရှင်က သူ့အစ်ကိုကို တောင်းဆိုပြီး အလုပ်သင်လက်မှတ် ထုတ်ပေးခိုင်းကာ အိမ်တွင် နေ့တိုင်း လှဲနေခဲ့သည်။


ဆိုလိုသည်မှာ သူ့တွင် ဘာမှလုပ်စရာမရှိပေ။


အစားအသောက်ပို့ရန် သွားခြင်း ဆိုသည်မှာလည်း သူ့အတွက် လုပ်စရာတစ်ခုခု ရှာဖွေခြင်း ဖြစ်သည်... ယန်ကျင်းဇီသည် ခုန်ထပြီး အဒေါ်ဝမ်နှင့် အလုပ်လုပ်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။


သူတို့နှစ်ဦးသည် စားစရာများကို အတူချက်ပြုတ်ကြပြီး ယန်ကျင်းဇီသည် ၎င်းကို နေ့လယ်စာ ထမင်းဘူးထဲတွင် ထည့်ကာ လုလုပ်ငန်းသို့ ကားမောင်းသွားသည်။


လုရွေ့ချွင် ကုမ္ပဏီသို့ အလုပ်သင်ဆင်းကတည်းက မူလပိုင်ရှင်ဟာ လုရွေ့ချွင်ကို မကြာခဏ သွားတွေ့သည်မို့ ယန်ကျင်းဇီသည် ကုမ္ပဏီနှင့် အလွန်ရင်းနှီးနေသည်။ ကုမ္ပဏီသို့ သူ ရောက်ရှိပြီးနောက် ရှေ့ရုံးခန်းစားပွဲက သူ့ကို တွေ့သော်လည်း မတားကြချေ။


သို့သော် သူ ထွက်သွားသောအခါ ရှေ့ရုံးခန်းစားပွဲက လုရွေ့ချွင်ကို ချက်ချင်း ဖုန်းဆက်သည်။


လုကျင်းရှိူ့၏ အဆောက်အဦးတွင် ၂၈ ထပ် ရှိသည်။ လုကျင်းရှိူ့၏ ရုံးခန်းသည် အပေါ်ဆုံးထပ်တွင် တည်ရှိ၏။ ထိုနေရာသို့ တက်ရန် အထူးဓာတ်လှေကားကို စီးရမည်ဖြစ်သည်။ ယန်ကျင်းဇီသည် ထိုအထူးဓာတ်လှေကားကို မစီးနိုင်သဖြင့် ၂၇ ထပ်သို့ သွားပြီးမှသာ ထိပ်ဆုံးအထပ်သို့ သွားရမည်ဖြစ်၏။


ရလဒ်ကမူ သူ ၂၇ ထပ်သို့ ရောက်သည်နှင့် လုရွေ့ချွင်ကို တွေ့လိုက်ရသည်။


လုရွေ့ချွင်ဟာ မည်သို့ပင်ဖြစ်စေ လု၏ အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်သည်။ သူက လုတွင် အလုပ်သင်ဆင်းရန် ရောက်လာခဲ့ပြီး အောက်ခြေမှ သူ စတင်မည်ဟု ပြောသော်ငြား သူက အမှန်တကယ်ပင် အောက်ခြေမှ မစတင်နိုင်ပေ။


တကယ်တမ်းတွင်မူ လုကျင်းရှိူ့က သူ့ကို အကြီးတန်းအမှုဆောင်တစ်ဦး၏ လက်ထောက်အဖြစ် ကောင်းမွန်သော ရာထူးနေရာ စီစဉ်ပေးထားခဲ့သည်။


လုရွေ့ချွင်၏ အမှုဆောင်အရာရှိက စိတ်သဘောထား ကောင်းမွန်ပြီး လုရွေ့ချွင်သာ အလိုရှိလျှင် ဤအမှုဆောင်ထံမှ များစွာသင်ယူနိုင်သည်။


ယန်ကျင်းဇီ ကူးပြောင်းပြီးနောက် ဤသည်မှာ လုရွေ့ချွင်ကို သူ မြင်တွေ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သူ တွေ့သောအခါ မူလပိုင်ရှင်၏အမြင်က ဆိုးရွားလွန်းသည်ဟု သူ ခံစားလိုက်ရသည်။


အသက် ၂၂ နှစ် လုရွေ့ချွင်က တကယ် ကြည့်ကောင်းပေမယ့် ဘယ်နေရာမှာများ သူက လုကျင်းရှိူ့လောက် ရုပ်ချောလို့လဲ?


လုရွေ့ချွင်က စာတော်ပေမယ့်လည်း အဲ့ဒါအကုန်ပဲလေ... ဒါပေမယ့် လုကျင်းရှိူ့ကရော? သူက မူလပိုင်ရှင်ရဲ့အဖေတောင် မချီးကျူးဘဲ မနေနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ!


ပိုအရေးကြီးသည်မှာ ဤလုရွေ့ချွင်တွင် စိတ်ကောင်းမရှိချေ။


လုကျင်းရှိူ့က အေးစက်စွာ စကားပြောသော်ငြား သူ့ကို မမုန်းမှန်း ယန်ကျင်းဇီ ခံစားနိုင်သည်။ လုရွေ့ချွင်က ကွဲပြားသည်။ လုရွေ့ချွင်ကို တွေ့ရရချင်း လုရွေ့ချွင်က သူ့ကို မကြိုက်ကြောင်း သူ သဘောပေါက်သည်။


သိသိသာသာပင် သူက မူလပိုင်ရှင်ကို မကြိုက်ချေ။ သို့သော် သူက မူလပိုင်ရှင်နှင့် စေ့စပ်ထားဆဲဖြစ်ပြီး မူလပိုင်ရှင်ကို ကြိုးမျှားထားကာ နောက်ပိုင်းတွင် မူလပိုင်ရှင်ရှေ့၌ လုကျင်းရှိူ့အကြောင်း မကောင်းပြော၍ မူလပိုင်ရှင်ကို လုကျင်းရှိူ့အား ဖြေရှင်းရန် တိုက်တွန်းနေခဲ့သည်... ဤလုရွေ့ချွင်က ကောင်းသည့်အရာ မဟုတ်ချေ။


“ ကျင်းဇီ၊ ဘာလို့ မင်း ဒီကို ရောက်နေပြန်တာလဲ? ” လုရွေ့ချွင်က ယန်ကျင်းဇီကို မပျော်မရွှင် ကြည့်သည် : “ ဒီကိုမလာဖို့ ငါ မင်းကို မပြောထားဘူးလား? ” 


လုရွေ့ချွင်သည် သူ့ကို လိုက်နှောင့်ယှက်သဖြင့် ယန်ကျင်းဇီကို မုန်းတီးပြီး ယန်ကျင်းဇီ သူ့ကုမ္ပဏီသို့ လာသည်ကိုလည်း မကြိုက်ပေ။ ယန်ကျင်းဇီ သူ့ထံသို့ လာသောကြောင့် ယခင်က သူ ယန်ကျင်းဇီနှင့် ရန်ဖြစ်ခဲ့ဖူးသည်။


ယန်ကျင်းဇီ ထပ်လာဦးမည်ဟု သူ မထင်ထားရာ အလွန်စိတ်ဆိုးမိသည်။


ယန်ကျင်းဇီ မျက်ဖြူလှန်ပြလိုက်သည် : “ ဘယ်သူက မင်းကို ရှာလို့လဲ? ငါ ဒီရောက်နေတာ ဦးလေးလုကို ရှာဖို့! ” စကားပြောပြီးနောက် သူ အပေါ်ထပ်သို့ တက်သွားသည်။


လုရွေ့ချွင်သည် ထွက်သွားသော ယန်ကျင်းဇီကို ကြည့်ပြီး အံ့အားသင့်သွား၏။


ဤအချိန်တွင် လုရွေ့ချွင်နောက်မှ တစ်စုံတစ်ဦး ထွက်လာသည် : “ ရွေ့ချွင်၊ ကျင်းဇီ စိတ်ဆိုးနေတာ ဖြစ်လောက်တယ်။ ငါ သူ့ကို ဖျောင်းဖျဖို့ ကြိုးစားကြည့်မယ်။ ”


ယန်ကျင်းဇီက လုရွေ့ချွင်ကို သဘောကျသော်လည်း သူက ဒေါသကြီးပြီး လုရွေ့ချွင်နှင့် မကြာခဏ စကားများရန်ဖြစ်တတ်သည်... အဆုံးတွင်မူ သူဟာ အလိုလိုက်ခံပြီး ကြီးပြင်းလာကာ ယန်မိသားစု၏ ဒုတိယသခင်လေး ဖြစ်သော သူက တစ်ခါမှလည်း အပြစ်တင်မခံဖူးချေ။


လုရွေ့ချွင်လည်း ယန်ကျင်းဇီ ဒေါသထွက်နေသည်ကို ခံစားမိသည်။


ထို့အပြင် ယန်ကျင်းဇီကို ဖျောင်းဖျချင်သည်ဟု ပြောသူမှာ ယန်ကျင်းဇီ၏ သူငယ်ချင်းနှင့် ကောလိပ်အခန်းဖော် ဝမ်ဟဲယန် ဖြစ်သည်။ 


ဝမ်ဟဲယန်သည် အသားဖြူပြီး ထူးချွန်ပုံမပေါ်သော်လည်း သူက အလွန်နူးညံ့သိမ်မွေ့ပြီး ပြုံးလိုက်သောအခါတွင် ပို၍ပင် နူးညံ့လှသည်။


သူ့ကို မြင်ချိန်တွင် လုရွေ့ချွင်၏အကြည့်များ ပျော့ပျောင်းသွားသည် : “ အဆင်ပြေပါတယ်။ ”


ဝမ်ဟဲယန်က ပြုံးပြီး ယန်ကျင်းဇီနောက်သို့ လိုက်ရန် အပေါ်ထပ်သို့ တက်သွားသည်။


ယန်ကျင်းဇီသည် လုရွေ့ချွင်ကို ဖယ်ရှားပြီး အပေါ်ထပ်သို့ တက်လာခဲ့သည်။ သူက ကံလည်း ကောင်းသည်။ သူ အပေါ်ထပ်သို့ ရောက်ရောက်ချင်း အစည်းအဝေးခန်းထဲမှ ထွက်လာသော လုကျင်းရှိူ့ကို သူ တွေ့လိုက်ရသည်။


“ ဦးလေးလု၊ ကျွန်တော် စားစရာလာပို့ပေးတယ်! ” ယန်ကျင်းဇီက လုကျင်းရှိူ့ကို ပြုံးပြခဲ့သည်။


ယန်ကျင်းဇီ၏အပြုံးကို လုကျင်းရှိူ့ တွေ့လိုက်ရသောအခါ သူ့နှလုံးသားဟာ ထပ်မံထိမှန်သွားပုံရသည်။


ဘာကြောင့်မှန်း သူ မသိပေ၊ ဤနှစ်ရက်တာ၏ ယန်ကျင်းဇီက သူ့ကို ပိုပိုပြီး သဘောကျစေလာသည်...


“ မင်း စားစရာလာပို့ဖို့ ငါ မလိုအပ်ဘူး! ” လုကျင်းရှိူ့ ပြောလိုက်သည်။


သူ စကားပြောပြီးနောက် တွေ့လိုက်ရသည်၊ ယန်ကျင်းဇီနှင့် သက်တူရွယ်တူ လူငယ်တစ်ဦးက အပေါ်ထပ်သို့ ပြေးတက်လာပြီး ယန်ကျင်းဇီကို ပြောလာသည်ကိုပင် : “ ကျင်းဇီ၊ ရွေ့ချွင်ကို စိတ်မဆိုးပါနဲ့။ သူ ဒီနေ့ စိတ်အခြေအနေ မကောင်းဖြစ်နေတယ်... မင်း ယူလာတဲ့ စားစရာကို ငါ သူ့ကို ပြလိုက်ပါ့မယ်။ ”


သူ့ကို လုကျင်းရှိူ့ စိုက်ကြည့်နေသည်အား တွေ့သော် ဤလူက

လုကျင်းရှိူ့ကိုလည်း ပြုံးပြလာ၏ : “ ဥက္ကဌလု! ”


ယန်ကျင်းဇီက သူ့ဆီ အစားအသောက် ပို့ပေးရန် ရောက်လာခြင်း မဟုတ်သည်လည်း ဖြစ်လောက်သည်။ ယန်ကျင်းဇီက ၎င်းကို လုရွေ့ချွင်ထံသို့ မပေးနိုင်သဖြင့် သူ့ကို ရှာရန် ရောက်လာခဲ့ပေသည်။


လုကျင်းရှိူ့သည် လှောင်ရယ်ကာ လှည့်ထွက်သွားတော့သည်။