ယန်ကျင်းဇီ ဝမ်ဟဲယန်ကို ရိုက်ချင်မိသည်။
သူ့ရှေ့ရှိ ဤဝမ်ဟဲယန်ဟာ မူလဇာတ်ကြောင်းထဲ၌ မူလပိုင်ရှင် ဖမ်းမိခဲ့သော လုရွေ့ချွင်နှင့် လူးလှိမ့်နေသူ ဖြစ်ပြီး လုရွေ့ချွင် အမှန်တကယ် ကြိုက်နှစ်သက်သည့်လူလည်း ဖြစ်သည်။
ဝမ်ဟဲယန်က မူလပိုင်ရှင်၏ တက္ကသိုလ်အခန်းဖော်ပင်။
မူလပိုင်ရှင်က တက္ကသိုလ်တစ်လျှောက်လုံး သူ့လမ်းကို ငွေဖြင့် ဝယ်ယူခဲ့သည်။ တက္ကသိုလ်တက်ပြီးနောက် သူက စာလေ့လာရန် ဂရုမစိုက်သော်ငြား အပေါင်းအသင်းဖွဲ့ရာတွင် အလွန်ကျွမ်းကျင်ပြီး သူ့အတန်းဖော်များနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။
ဝမ်ဟဲယန်တွင် ဆိုးရွားသော မိသားစုနောက်ခံ ရှိပြီး အလွန်ဆင်းရဲသည်။ မူလပိုင်ရှင်က သူ့ကို သနားသဖြင့် သူ မသုံးနိုင်သော ပစ္စည်းများကို ဝမ်ဟဲယန်အား အမြဲပေးပြီး သူ့အိမ်စာကို ကိုယ်စားလုပ်ခိုင်းသည့် အကြောင်းပြချက် ပေး၍လည်း ငွေပေးလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ဝမ်ဟဲယန်၏ မူလပိုင်ရှင်နှင့် ဆက်ဆံရေးက ပိုမိုနီးစပ်လာသည်။
မူလပိုင်ရှင်က ဝမ်ဟဲယန်ကို သူငယ်ချင်းအဖြစ် မှတ်ယူခဲ့သော်ငြား ဝမ်ဟဲယန်က မူလပိုင်ရှင်ကို သူငယ်ချင်းအဖြစ် မမှတ်ယူသည်မှာ ထင်ရှားသည်။
မူလပိုင်ရှင်က လုရွေ့ချွင်နှင့် အမြဲတစေ အတူရှိနေပြီး လုရွေ့ချွင်ထံသို့ အမြဲသွားကာ ဝမ်ဟဲယန်ကလည်း လုရွေ့ချွင်နှင့် ရင်းနှီးလာလျက် သူတို့နှစ်ဦးက အတူတကွ တွဲခုတ်လိုက်ကြသေးသည်...
တွဲခုတ်နေသည်ကို မေ့လိုက်ကြဦး၊ ဝမ်ဟဲယန်နှင့် လုရွေ့ချွင်တို့၏ ဆက်ဆံရေး ထုတ်ဖော်မခံရမီ ဝမ်ဟဲယန်က မူလပိုင်ရှင်ရှေ့တွင် “ဂရုစိုက်တတ်သော ညီအစ်ကို” ဟူသော မျက်နှာထားကို ထားရှိခဲ့သည်။ မူလပိုင်ရှင်နှင့် လုရွေ့ချွင်တို့ အငြင်းပွားသည့်အခါတိုင်း သူက နှစ်ဘက်စလုံးကို ကူညီဖျောင်းဖျပေး၏။
မူလပိုင်ရှင်ကလည်း ဝမ်ဟဲယန်ကို အလွန်ယုံကြည်ခဲ့ပြီး ဝမ်ဟဲယန်နှင့် လုရွေ့ချွင်တို့ အတူတကွ လုသို့ အလုပ်သင်ဆင်းမည်ကိုပင် သူက အရင်သွားခွင့်ပြုခဲ့ကာ ဝမ်ဟဲယန်ကို လုရွေ့ချွင်အား သူ့ကိုယ်စား စောင့်ကြည့်ပေးရန် အကူအညီတောင်းခဲ့သည်...
မူလပိုင်ရှင်က တကယ်ကို ငတုံးတစ်ကောင် ဖြစ်သည်။ သူက ဝံပုလွေကို အခန်းထဲသို့ပင် ဝင်ခိုင်းသည်။
သူ၏ လုရွေ့ချွင်နှင့် ရန်ဖြစ်ခြင်းက သူနှင့် လုရွေ့ချွင်တို့၏ ကိစ္စသာ ဖြစ်သည်ဟုလည်း သူက မတွေးခဲ့ချေ။ ဝမ်ဟဲယန်နဲ့ ဘာဆိုင်လို့လဲ? ဝမ်ဟဲယန်က လုရွေ့ချွင်ကိုယ်စား အမြဲတောင်းပန်နေတယ်၊ ဒါဘာလဲ?
ယန်ကျင်းဇီသည် အများအပြား တွေးမိသော်ငြား ဤအခိုက်အတန့်တွင် သူ ဝမ်ဟဲယန်ကို ဂရုမစိုက်အားပေ — အရေးကြီးဆုံးမှာ လုကျင်းရှိူ့ပင်။
သူသည် ဝမ်ဟဲယန်ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် လုကျင်းရှိူ့၏နောက်သို့ လိုက်သွားခဲ့သည်။
လုကျင်းရှိူ့သည် တတ်နိုင်သမျှ အမြန်လျှောက်ရန် အစွမ်းကုန် ကြိုးစားသော်လည်း သူသည် အခြားသူများ၏ရှေ့တွင် ခြေဆာခြင်း မဖြစ်စေချင်သောကြောင့် အရှိန်က သိပ်ပြီး ပိုမမြန်နိုင်ချေ။
သူ့ရုံးခန်းတံခါးသို့ သူ ရောက်သည်နှင့် ယန်ကျင်းဇီက မီလာပြီး သူ့ရှေ့တွင် ပိတ်ရပ်သည် : “ ဦးလေးလု... ”
“ လမ်းဖယ်စမ်း! ” လုကျင်းရှိူ့က ယန်ကျင်းဇီကို အမူအရာမဲ့စွာ ကြည့်သည်။
“ ဦးလေးလု၊ သူ့စကား နားမထောင်နဲ့။ ကျွန်တော် ဒီကိုလာတာ လုရွေ့ချွင်ကို ရှာဖို့ မဟုတ်ဘူး။ ကျွန်တော် ဦးလေးလုကို ရှာဖို့ ဒီကိုလာတာပါ။ ” ယန်ကျင်းဇီက လုကျင်းရှိူ့ကို ပြုံးပြသည်။
“ ဟက်... မင်း ဘာလုပ်ဖို့ ငါ့ကို လာရှာတာလဲ? ” လုကျင်းရှိူ့က လှောင်ရယ်သည်။
“ ဦးလေးလုနဲ့ ထမင်းအတူစားဖို့။ ” ယန်ကျင်းဇီသည်လုကျင်းရှိူ့ကို သူ ကိုင်ထားသော အပူပေးဘူး ပြလိုက်သည်။
ဤအပူပေးဘူးကို မမြင်မီကတည်းက လုကျင်းရှိူ့သည် ယန်ကျင်းဇီက စားစရာပို့ရန် ရောက်လာကြောင်း ခန့်မှန်းမိသည်။ သူ အနည်းငယ် စားနိုင်သည်ဟု ထိုအချိန်တွင် သူ တွေးနေခဲ့သော်လည်း ယခုမူ...
လုကျင်းရှိူ့က အပူပေးဘူးကို တိုက်ရိုက်ရိုက်ချလိုက်သည် : “ ယူသွားစမ်း! ”
လုကျင်းရှိူ့သည် တုတ်ကောက် ကိုင်သည့် ညာဘက်လက်နှင့် အပူပေးဘူးကို ရိုက်ခဲ့သည်။ ဤအားကြောင့် သူသည် ခိုင်မြဲစွာ မရပ်နိုင်တော့လုနီးပါး ဖြစ်သွားရသည်။
သို့သော် သူက တည်ငြိမ်ဆဲဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီက သူ ပြုတ်ကျမည်ကို စိုးရိမ်ပြီး အလိုအလျောက် မသိစိတ်ဖြင့် သူ့ကို ကူညီခဲ့သဖြင့် လက်ထဲရှိ အပူပေးဘူးကို မကိုင်နိုင်တော့ဘဲ အပူပေးဘူးက ကြမ်းပြင်ပေါ်သို့ ချက်ချင်း ပြုတ်ကျသွားသည်။
ဘူးအဖုံး ပွင့်သွားကာ အထဲမှ စားစရာများ ထွက်လာပြီး ကြမ်းပြင်တွင် ရှုပ်ပွသွား၏။
လုကျင်းရှိူ့သည် အပူပေးဘူးကို တစ်ချက်ကြည့်ပြီး ယန်ကျင်းဇီကို တွန်းဖယ်ကာ တံခါးကို ဆောင့်ပိတ်၍ ရုံးခန်းထဲသို့ ဝင်သွားသည်။
အတော်သနားစရာကောင်းသကဲ့သို့ လုကျင်းရှိူ့ ခံစားနေရသည်။ လုရွေ့ချွင် မလိုချင်မှသာလျှင် သူ့အလှည့် ဖြစ်လာသည်။
သူသည် သူ့စားပွဲတွင် ထိုင်ပြီး သူ့ဘယ်ခြေထောက်ကို တုတ်ကောက်နှင့် ရိုက်လိုက်သည်။
သူ့ဘယ်ခြေတွင် သတိရှိနေပြီး ၎င်းက ဤအချိန်တွင် နာကျင်လာသော်ငြား သူ့ကို အသိလည်း ကပ်စေသည်။
သတိရှိပြီးနောက် လုကျင်းရှိူ့ နောင်တရမိပြန်သည်။
မည်သို့ပင်ဖြစ်စေ ယန်ကျင်းဇီကလည်း ငယ်ရွယ်သော သခင်လေးတစ်ဦး ဖြစ်သည်။ သူသည် ယနေ့တွင် ယန်ကျင်းဇီကို အလွန်ကျေးဇူးကန်းပြီး ယန်ကျင်းဇီ သယ်လာသည့် နေ့လယ်စာဘူးကို ပစ်ချခဲ့သည်။ ဤလူက လုရွေ့ချွင်ကို နက်နက်ရှိုင်းရှိုင်း ချစ်လျှင်ပင် လုရွေ့ချွင်အတွက်နှင့် ဤမှုန်ကုပ်နေသော ဦးလေး စိတ်ကျေနပ်အောင် ပြုမူရန် ဆက်လက်ပြီး အလိုရှိတော့မည်မဟုတ်ချေ။
အတိတ်၌သာဆိုလျှင် သူသည် ယန်ကျင်းဇီကို မောင်းထုတ်နိုင်သည်မှာ ကောင်းသည်ဟု ခံစားရနိုင်သော်လည်း ဤအခိုက်အတန့်တွင် သူ အထူးအဆင်မပြေဖြစ်မိသည်။
စားစရာက လုရွေ့ချွင်အတွက် ပြင်ဆင်ထားခြင်း ဖြစ်လျှင်ပင် သူ ၎င်းကို တကယ် စားနိုင်သည်။ အဆုံး၌မူ ထိုဟာကို ယူလာသည်မှာ ယန်ကျင်းဇီ ဖြစ်သည်လေ...
ကောင်းပြီ၊ သူ အများကြီး တွေးနေလည်း အသုံးမဝင်တော့ပေ။ ယန်ကျင်းဇီက သေချာပေါက် ပြန်မလာတော့ဘူး။
မနေ့ညက ကောင်းကောင်းအိပ်ပျော်ခဲ့သဖြင့် တစ်မနက်လုံး အတော်အသင့် ကောင်းမွန်နေသော သူ့စိတ်အခြေအနေမှာ အပြည့်အဝ ဆိုးရွားသွားခဲ့သည်။ လုကျင်းရှိူ့သည် ကွန်ပြူတာကို ဖွင့်ပြီး သူ့ကိုယ်သူ ဖိအားပေး၍ အလုပ်လုပ်ခိုင်းလိုက်သည်။
လုကျင်းရှိူ့၏ ရုံးခန်းအပြင်ဘက်တွင် ယန်ကျင်းဇီက တိတ်တဆိတ် သက်ပြင်းချသည်။
လုကျင်းရှိူ့ ဒေါသထွက်နေမှန်း သူ သိသည်။
လုကျင်းရှိူ့ ဒေါသထွက်သည်ကို သူ အပြစ်မတင်ပေ။
သူသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်ကို ဖတ်ခဲ့ပြီးဖြစ်ကာ လုကျင်းရှိူ့၏မိဘများက လုရွေ့ချွင်ကို မျက်နှာသာပေးပြီး လုကျင်းရှိူ့ကို ဂရုမစိုက်ကြောင်း သိထားသည်။ လုကျင်းရှိူ့တွင် လုရွေ့ချွင်နှင့်ပတ်သက်ပြီး အမြင်များ ရှိမည်မှာ သေချာသည်။
ယခု သူက ဤအစားအစာဟာ လုရွေ့ချွင်အတွက် ဖြစ်သည်ဟု ထင်သွားသည်။ လုကျင်းရှိူ့ စိတ်ဆိုးပြီး မစားချင်သည်မှာ ပုံမှန်ပင်။
ယန်ကျင်းဇီသည် မလှမ်းမကမ်းရှိ ဝမ်ဟဲယန်ကို လှမ်းကြည့်လိုက်သော်ငြား ဝမ်ဟဲယန် ထွက်ပြေးသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူ ပြေးတာ အရမ်းမြန်တယ်!
လုကျင်းရှိူ့၏ရုံးခန်း တည်ရှိသော ၂၈ ထပ်မှ ဝန်ထမ်းများဟာ သာမန်မဟုတ်ကြချေ။ လုကျင်းရှိူ့ လက်ထောက်၏ လက်ထောက်ပင်လျှင် အနည်းဆုံး ဘွဲ့ရကျောင်းသားတစ်ဦး ဖြစ်သည်။ ယန်ကျင်းဇီသည် သူတို့ကို မခိုင်းစေနိုင်ပေ။ သူ ပြုံးကာ မေးလိုက်သည် : “ ကြမ်းသုတ်ဖတ် ဘယ်မှာလဲ သိကြလား? ”
မကြာမီ တစ်စုံတစ်ဦးက ယန်ကျင်းဇီကို တည်နေရာ ပြောပြသည်။
ယန်ကျင်းဇီသည် ကြမ်းသုတ်ဖတ်တစ်ခုကို ရှာတွေ့ကာ ကြမ်းပြင်ပေါ်ရှိ အစားအစာများကို အမြန်ရှင်းလင်းပြီးနောက် မေးမြန်းသည် : “ ဒါနဲ့ မင်းတို့ ပုံမှန်ဆို ဘယ်မှာစားလေ့ရှိကြတာလဲ? ”
“ ကုမ္ပဏီက အသင့်ပြင်ပြီးသား နေ့လယ်စာတွေကို လာပို့ပေးတယ်။ ဒါပေါ့၊ မှာယူစားသောက်လို့လည်း ရတယ်။ ဒါမှမဟုတ် ကန်တင်းသွားပြီး စားလည်း ရတယ်။ ”
“ ဦးလေးလု ဘာစားလဲ? ”
“ ဥက္ကဌလုက နေ့လယ်စာထမင်းဘူး စားတယ်။ ”
ယန်ကျင်းဇီ မျက်တောင်ခတ်ကာ သူတို့ကို ကြည့်လိုက်သည် : “ ငါရော နေ့လယ်စာထမင်းဘူး စားလို့ရမလား? ”
ယန်မိသားစု၏ကုမ္ပဏီက လုနှင့် ပူးပေါင်းဆောင်ရွက်မှုများစွာ ရှိပြီး ယန်ကျင်းဇီက လုသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသည်။ သူက ယန်မိသားစုရဲ့ ဒုတိယသခင်လေး ဆိုတာနဲ့ လုရွေ့ချွင်ရဲ့ စေ့စပ်ထားသူ ဖြစ်တာကို ဘယ်သူက မသိလို့လဲ?
သေချာတာပေါ့၊ သူအတွက် နေ့လယ်စာထမင်းဘူးတစ်ဘူး မှာရသည်မှာ အဆင်ပြေသည်။
တိုက်ဆိုင်စွာဖြင့် လက်ရှိမှာ နေ့လယ်စာထမင်းဘူး ပို့ချိန် ဖြစ်နေသည်။ ယန်ကျင်းဇီသည် သူ့နေ့လယ်စာထမင်းဘူးကို လျင်လျင်မြန်မြန် ရရှိလာသည်။ လုကျင်းရှိူ့၏ ကိုယ်ရေးလက်ထောက်ကလည်း လုကျင်းရှိူ့၏ နေ့လယ်စာထမင်းဘူးကို ယူပြီး လုကျင်းရှိူ့၏ ရုံးခန်းတံခါးကို ဖွင့်သည် : “ ဥက္ကဌလု၊ နေ့လယ်စာစားချိန်ပါ။ ”
“ ငါ မလိုဘူး။ ” လုကျင်းရှိူ့ ပြောလိုက်သည်။ သူ တကယ် စားချင်စိတ်မရှိပေ။
“ ဦးလေးလု၊ အစားစားချင်စိတ် မကောင်းရင်တောင် အနည်းနဲ့အများ စားသင့်တယ်။ ” ယန်ကျင်းဇီက လုကျင်းရှိူ့၏ လက်ထောက်နောက်မှ ထွက်လာကာ လုကျင်းရှိူ့ကို ပြုံးပြသည်။
လုကျင်းရှိူ့ အံ့ဩသွားသည်။
ယန်ကျင်းဇီသည် သူ့နေ့လယ်စာထမင်းဘူးကို ယူပြီး လုကျင်းရှိူ့၏ ကြီးမားသော ဘော့စ်စားပွဲပေါ်တွင် တင်လိုက်သည်။ သူက ထိုင်ခုံတစ်လုံးကို ရွှေ့ပြီး လုကျင်းရှိူ့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည် : “ ကျွန်တော်တို့ အတူစားကြမလား? ”
လုကျင်းရှိူ့သည် ယန်ကျင်းဇီ ထွက်သွားပြီဟု တွေးထားသည်။ သို့ရာတွင် ယန်ကျင်းဇီ မထွက်သွားသေးဟု သူ မမျှော်လင့်ထားမိပေ။ ယန်ကျင်းဇီက သူနှင့် အတူစားရန်ပင် စီစဉ်ခဲ့သည်။
ယန်ကျင်းဇီက လုရွေ့ချွင်ကို အရမ်းအရမ်း သဘောကျလွန်းလို့ ဒီလိုနှိမ့်ချတဲ့ သဘောထားနဲ့ သူ့ရှေ့မှာ ရပ်တည်ဖို့တောင် လိုလားတာလား?
လုကျင်းရှိူ့ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
သို့သော် ဤသို့ဆိုလျှင်တောင်မှ သူသည် ယန်ကျင်းဇီကို မမောင်းထုတ်ဘဲ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ပင် ချမိသည်။
လုကျင်းရှိူ့ သူ့နေ့လယ်စာထမင်းဘူးကို ယူပြီး ဖွင့်လိုက်သည်။
လု၏ သာမန်ဝန်ထမ်းများအတွက် နေ့လယ်စာထမင်းဘူးများမှာ အသီးအရွက်ဟင်းနှစ်ခွက်နှင့် အသားဟင်းတစ်ခွက် ဖြစ်သည်။ အများအားဖြင့် အသားဟင်းနှစ်မျိုး ရှိပြီး နှစ်သက်ရာ တစ်ဟင်းကို ရွေးချယ်နိုင်သည်။ အမှုဆောင်များအတွက် နေ့လယ်စာထမင်းဘူးများမှာ အတော်လေး ဇိမ်ကျသည်။ အသားဟင်းနှစ်မျိုး ပါရုံသာမက အသီးအရွက်ဟင်းများကိုလည်း အိုးကြီးတစ်လုံးထဲတွင် ရောမွှေမချက်ဘဲ သီးခြားခွဲကြော်ထားသည်။
ယန်ကျင်းဇီ၏ နေ့လယ်စာထမင်းဘူးမှာ အမှုဆောင်အရာရှိ၏ ထမင်းဘူးပုံစံ ဖြစ်ပြီး လုကျင်းရှိူ့၏ ထမင်းဘူးနှင့် အတူတူပင်။ ၎င်းတွင် ဝက်သားနီဟင်း ဗိုက်သားတစ်ပိုင်းနှင့် ကြက်ပေါင်ဟင်းတို့ ပါဝင်သည်။
“ ဒီနေ့လယ်စာထမင်းဘူးက အရသာရှိမယ့်ပုံပေါ်တယ်။ အသားက တကယ် မွှေးနေတာပဲ။ ” ယန်ကျင်းဇီသည် စကားပြောပြီးနောက် အလုတ်ကြီးတစ်လုတ် စားလိုက်သည်။
လုကျင်းရှိူ့သည် စားစရာတောင်းရမ်းစားသောက်ရချိန်၌ လုံလုံလောက်လောက် မစားသောက်နိုင်ခဲ့ဘဲ အစာရှာရန်အတွက် အမှိုက်ပုံးတူးခြင်းကဲ့သို့သော အရာများကိုလည်း ပြုလုပ်ခဲ့ဖူးသည်။
သူ မိဘမဲ့ဂေဟာတွင် ရှိနေစဉ်၌လည်း ရိက္ခာအထောက်အပံ့များက မပေါများချေ။ အသက်ဆယ့်ငါးနှစ်အရွယ် လုအိမ်သို့ ပထမဆုံး ပြန်ရောက်စဉ်အချိန်တွင် သူသည် အများအပြား စားခဲ့သည်။
ရလဒ်ကမူ သူ စားပြီးပြီးချင်း သူ့မိခင်က သူ့ကို ခေါ်ကာ သူ့ကို စားပွဲအမူအကျင့်များအကြောင်း အထူးပြောပြလာခဲ့၏။
ချက်ချင်းပင် သူ၏ အစားအသောက်ကို ချစ်မြတ်နိုးစိတ်မှာ ပျောက်ဆုံးသွားခဲ့သည်။
သို့ရာတွင် နောင်နှစ်များ၌ သူသည် အများအပြား မစားခဲ့သော်လည်း ဤနှစ်နှစ်အတွင်းမူ ပိုမိုဆိုးရွားလာသည်။
လုကျင်းရှိူ့ အလွန်ကောင်းစွာ သိသည်၊ သူ့တွင် စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုအချို့ ရှိနေပြီး ဤမူမမှန်မှုများက သူ့ခန္ဓာကိုယ်ကို အလွန်သက်ရောက်သဖြင့် သူ့တွင် တစ်နှစ်ပတ်လုံး အစာစားချင်စိတ် မရှိတော့ဘဲ ဘာကိုမှ မစားနိုင်တော့ပေ။
သို့သော် ဤအခိုက်အတန့်တွင်မူ သူ့ရှေ့၌ ယန်ကျင်းဇီ စားနေသည်ကို မြင်ရသောအခါ ဤနေ့လယ်စာထမင်းဘူးက... အမှန်တကယ် ကောင်းပုံရသည်ဟု သူ ခံစားလိုက်ရသည်။
လုကျင်းရှိူ့သည် သူ့ရှေ့ရှိ နေ့လယ်စာကို ဖြည်းညှင်းစွာ စားသည်။
သူသည် အများအားဖြင့် သုံးပုံတစ်ပုံကိုသာ စားလေ့ရှိခဲ့သော်ငြား ယနေ့တွင်မူ သူသည် တစ်ဝက်တိတိ စားခဲ့ပြီး ကြက်ပေါင်ကိုပင် စားခဲ့သည်။
ဝက်ဗိုက်သားပိုင်းကိုတော့ သူ မထိပေ။
“ မစားဘူးလား? ” ယန်ကျင်းဇီက မေးသည်။
“ အင်း ” လုကျင်းရှိူ့က ပြောသည်။
“ ဒါဆို ကျွန်တော့်ကို ပေး။ ” ယန်ကျင်းဇီသည် တူကို သုံး၍ လုကျင်းရှိူ့၏ နေ့လယ်စာထမင်းဘူးထဲမှ ဝက်ဗိုက်သားပိုင်းကို ညှပ်ယူကာ နှစ်ကိုက်တည်းဖြင့် စားလိုက်သည်။
ဤနေ့လယ်စာထမင်းဘူးမှ အသီးအရွက်များက အရသာရိုးရှင်းပြီး ကြက်ပေါင်များက အရသာမရှိချေ။ အိုးကြီးတစ်အိုးထဲမှာ ချက်ထားတဲ့ ဝက်ဗိုက်သားတစ်ခုတည်းကပဲ အရမ်းမွှေးတယ်!
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်လိုက်ပြီးနောက် သူ့နေ့လယ်စာထမင်းဘူးကို ကြည့်ကာ ရုတ်တရက် ခံစားချက်ပိုမိုကောင်းမွန်လာသည်။
ယန်ကျင်းဇီက... သူ့ကို တကယ် စိတ်မဆိုးချေ။
လုကျင်းရှိူ့ စိတ်ကောင်းဝင်နေသည်ကို ယန်ကျင်းဇီလည်း ခံစားမိပြီး ချက်ချင်း ပြောလိုက်သည် : “ ဦးလေးလု၊ ကျွန်တော် ကုမ္ပဏီမှာ အလုပ်သင်လာဆင်းလို့ရမလား? ကျွန်တော် ဦးလေးလုရဲ့ ကိုယ်ရေးလက်ထောက် လုပ်မလားလို့? ”
သူသည် တခြားဘာကိုမှ မလုပ်နိုင်သော်ငြား လုကျင်းရှိူ့အတွက် ကိုယ်ရေးလက်ထောက် လုပ်ရန်တော့ အဆင်ပြေသည်။
လုကျင်းရှိူ့ ယခင်က အစားမစားခဲ့ချင်ချေ... သူ ရှိလျှင် သူက လုကျင်းရှိူ့၏ အစားအသောက်ကို ကြီးကြပ်နိုင်သည်။
သို့သော်လည်း လုကျင်းရှိူ့၏မျက်နှာက ပြောင်းလဲသွားနိုင်သည် : “ မရဘူး! ”
“ ဦးလေးလု၊ ကျွန်တော် အိမ်မှာ ဘာမှလုပ်စရာမရှိလို့ ဦးလေးလုနောက်ကို လိုက်ခွင့်ပေးပါ! ” ယန်ကျင်းဇီက ထပ်ပြောသည်။
သူ့နောက်ကို လိုက်မှာလား? ယန်ကျင်းဇီက တကယ်ပဲ သူ့နောက်လိုက်ချင်တာလား ဒါမှမဟုတ် သူက လုရွေ့ချွင်ကို အဖော်ပြုပေးဖို့ ကုမ္ပဏီကို လာချင်တာလား?
အလုပ်သင်ဆင်းရန် လုရွေ့ချွင် ကုမ္ပဏီသို့ ရောက်လာစဉ်က ယန်ကျင်းဇီက လုရွေ့ချွင်နှင့် အတူနေရရန် ကုမ္ပဏီသို့ လာချင်ခဲ့သည်။ ထိုအချိန်တွင် သူသည် မဆိုင်းမတွ ငြင်းဆိုခဲ့ပြီး ယခုအခါတွင် သဘောတူရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
“ တွေးတောင် မတွေးနဲ့! ” လုကျင်းရှိူ့က ပြောပြီးနောက် ယန်ကျင်းဇီကို ကြည့်သည် : “ ငါ အလုပ်လုပ်ရမယ်၊ မင်း ထွက်သွားတော့! ”
“ ဦးလေးလု ”
“ ထွက်သွား! ” လုကျင်းရှိူ့ ပြောလိုက်သည်။ ယန်ကျင်းဇီနဲ့ လုရွေ့ချွင် သူ့နှာခေါင်းအောက်က သွားမှာကို သူ ဘယ်တော့မှ ခွင့်မပြုဘူး!
ယန်ကျင်းဇီသည် သူ့နှာခေါင်းကို ထိကာ မထွက်သွားချင်သော်လည်း လုကျင်းရှိူ့၏ ကိုယ်ရေးလက်ထောက်က တံခါးဖွင့်ပြီးပြီဖြစ်သည်။
“ ဦးလေးလု၊ ကျွန်တော်... ”
“ လုမှာ အလုပ်လုပ်ဖို့ မစဉ်းစားနဲ့! ” လုကျင်းရှိူ့က အလေးပေးကာ ထပ်ပြောပြန်သည်။
ယန်ကျင်းဇီ : “ … ”
ယန်ကျင်းဇီသည် ရုံးခန်းမှ ထွက်လာလာချင်း အပြင်ဘက်ရှိ လူအများအပြားက သူ့ကို ကြည့်နေကြသည်အား တွေ့လိုက်ရသည်။ ထို့အပြင် လုကျင်းရှိူ့၏ ရုံးခန်းတံခါးက ပိတ်ထားဆဲဖြစ်သည်။
ယန်ကျင်းဇီသည် သူ့ကို ဂရုဏာသက်စွာ ကြည့်နေသော လုကျင်းရှိူ့၏ လက်ထောက်နှင့် အတွင်းရေးမှူးကို ကြည့်ပြီး အံကြိတ်ကာ ပြောလိုက်သည် : “ ငါ လုကို သေချာပေါက် ဝင်နိုင်တယ်! ”
“ ဒုတိယသခင်လေးယန်... ” ထိုလူများက ယန်ကျင်းဇီကို ဆွံ့အစွာ ကြည့်နေကြသည်။
ဒီဒုတိယသခင်လေးယန်မှာ အတွေ့အကြုံမရှိတာကို ဘယ်သူက မသိလို့လဲ? သူတို့ရဲ့ ဥက္ကဌလုက ဒီလိုလူကို အမုန်းဆုံးပဲ၊ သူ့ကို သေချာပေါက် လုကို ဝင်ခွင့်မပေးဘူး!
ယန်ကျင်းဇီက မထွက်သွားပေ။ သူသည် သူ့ဖုန်းကို ထုတ်ပြီး သူ့ဖခင်ကို ဖုန်းဆက်ကာ သူ့ဖခင်ကို အကူအညီတောင်းသည်။ သူက လုတွင် အလုပ်သင်ဆင်း၍ လေ့ကျင့်ချင်ကြောင်း ပြောကာ သူ့ဖခင်ကို ရှေ့ထွက်ပြီး လုကျင်းရှိူ့နှင့် တိုက်ရိုက်စကားပြောရန် တောင်းဆိုခဲ့သည်။
လုကျင်းရှိူ့၏ လက်ထောက်များနှင့် အတွင်းရေးမှူးများ : “ ... ” ဒုတိယသခင်လေးကတော့ ဒုတိယသခင်လေး ဖြစ်ထိုက်ပါပေတယ်!
ပြောရမယ်ဆိုရင် ဒုတိယသခင်လေးယန်က ဒီလိုလုပ်တာ လုရွေ့ချွင်ကို ပိုးပန်းဖို့မလား? သူက လုသခင်လေးကို နက်နက်နဲနဲ ချစ်ပေမယ့် ဥက္ကဌလုကတော့ အသေစိတ်ဆိုးတော့မှာပဲ။
လုကျင်းရှိူ့၏ လက်ထောက်အဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့တွင် လူများစွာ ရှိပြီး လုရွေ့ချွင်၏လူများလည်း ပါဝင်သည်။ ဤအခိုက်အတန့်တွင် တစ်စုံတစ်ဦးက လုရွေ့ချွင်ကို ဤနေရာရှိ အခြေအနေကို ပြောပြပြီးဖြစ်သည်။
လုရွေ့ချွင်သည် သတင်းကြားသောအခါ ဝမ်းသာသွားသည်။
သူ ယန်ကျင်းဇီကို တကယ် မုန်းသည်။
သူ့အဖိုးက မဆုံးပါးမီတွင် သူ့အတွက် ဤလက်ထပ်ပွဲ ပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ယန်မိသားစုကို သူ့ကျောထောက်နောက်ခံ ဖြစ်စေချင်ခဲ့၏။ ထိုအချိန်တွင် သူသည် ၎င်းကို ကောင်းသည်ဟု ထင်ကာ သဘောတူလိုက်သည်။
နှစ်များကြာလာသည်နှင့်အမျှ လူတိုင်းက သူဟာ ယန်မိသားစုကို မှီခိုနေသည်ဟု ထင်နေခဲ့ကြသည်... ဒါပေမယ့် သူ ယန်မိသားစုဆီက ဘာအကျိုးအမြတ်ကိုမှ လုံးဝ မရဖူးဘူး!
သူ့တွင် လုရှယ်ယာတစ်ဝက် ရှိသော်ငြား ယန်ကျင်းဇီက ယန်မိသားစု၏ ပိုင်ဆိုင်မှုတစ်ဝက်ကို မရနိုင်ချေ။ ကဏ္ဍပေါင်းစုံတွင် သူက ယန်ကျင်းဇီထက် သာလွန်မှန်း ထင်ရှားသော်လည်း အခြားသူများ၏အမြင်တွင် ယန်ကျင်းဇီက သူနှင့် အတူရှိနေပြီး သူ့ကို ကူညီနေသည်။
သူ လက်မခံနိုင်ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ယန်ကျင်းဇီက သူ့ကို နှောင့်ယှက်နေခဲ့ပြီး သူ့ကို ပို၍ပင် မကျေမနပ် ဖြစ်စေခဲ့သည်။
သို့သော် သူ့တွင် လုလုပ်ငန်း မရှိသေးရာ သူသည် ယန်ကျင်းဇီနှင့် သူ့မျက်နှာကို မဖြဲရဲသေးပေ။
သူတို့နှစ်ဦးက ကောလိပ်မှ ဘွဲ့ရခါနီးကတည်းက ယန်ကျင်းဇီဟာ လက်ထပ်ရန်သာ စဉ်းစားနေခဲ့သည်။ သူသည် အလွန်စိတ်အနှောင့်အယှက်ဖြစ်ပြီး သူ၏ ထိုဦးလေး စိတ်ကျေနပ်အောင် ပြုလုပ်ရန် ယန်ကျင်းဇီကို လှည့်စားလိုက်သည်။
သူ့ဦးလေးသည် ယန်ကျင်းဇီနှင့် မျက်နှာချင်းဆိုင်ရာတွင် ဘယ်တော့မှ မကောင်းမွန်ဘဲ ယန်ကျင်းဇီကို မြင်သည့်အချိန်တိုင်း မပျော်မရွှင်ဖြစ်သည်။ ရှေ့တွင် သွားလာလှုပ်ရှားနေသော ယန်ကျင်းဇီကို တွေ့မြင်ရခြင်းက သူ့ဦးလေးကို မသက်မသာဖြစ်စေလိမ့်မည်။ သူ့ဦးလေးကို ယန်ကျင်းဇီကို ရှင်းခိုင်းလိုက်မယ်၊ အဲ့ဒါဘယ်လောက်ကောင်းလဲ?
ယနေ့ကဲ့သို့ပင်... ယန်ကျင်းဇီက ကုမ္ပဏီကို ခရီးတစ်ခေါက် ပေါက်လာကာ သူ့ဦးလေးကို စိတ်ဆိုးစေခဲ့သည်။
သို့သော် လုရွေ့ချွင်သည် ခဏတာသာ ပျော်ရွှင်ခဲ့ပြီး ထို့နောက် သူ ထပ်မံမျက်မှောင်ကြုံ့သွားသည်။
ယန်ကျင်းဇီက ကုမ္ပဏီထဲသို့ ဝင်ချင်သည်၊ ၎င်းဟာ သူ့ကို ဆက်လက်နှောင့်ယှက်ရန်အတွက် ဖြစ်ကြောင်း သေချာသော်ငြား သူသည် ယန်ကျင်းဇီထံမှ အနှောင့်အယှက်မခံချင်ပေ...
လုရွေ့ချွင် ထိုသို့စဉ်းစားနေစဉ် ဖုန်းသံမြည်လာပြီး ခေါ်ဆိုသူမှာ သူ့ဦးလေး ဖြစ်နေသည်။
လုရွေ့ချွင်သည် ဖုန်းဖြေပြီးနောက် သူ့ဦးလေး၏အသံကို ကြားလိုက်ရသည် : “ လုရွေ့ချွင်၊ မင်း မနက်ဖြန် H မြို့ ရုံးခွဲကို အစီရင်ခံရမယ်! ”
“ ဦးလေး? ဘာလို့လဲ? ” လုရွေ့ချွင် စိတ်ပူသွားသည်။ သူ ရုံးခွဲကို မသွားချင်ဘူး!
သူသည် ဤနေရာတွင် အဆက်အသွယ် အနည်းငယ်ကိုသာ စုဆောင်းထားနိုင်သေးသည်။ ဒီအချိန်မှာ သူက ရုံးခွဲကို သွားရရင် သူ့အားထုတ်မှုတွေ အလကားမဖြစ်ကုန်ဘူးလား?
“ ငါ မင်းကို သွားခိုင်းရင် မင်း သွားလိုက်! ” လုကျင်းရှိူ့က စကားပြောပြီးနောက် ဖုန်းကို တန်းချသွားသည်။
လုရွေ့ချွင်သည် လူအမြန်လွှတ်ပြီး သတင်းစုံစမ်းလိုက်သည်။ ထိုအခါမှသာ သူ သိလိုက်ရသည်၊ ယန်ကျင်းဇီ၏ဖခင်က လုကျင်းရှိူ့ကို ဖုန်းဆက်ခဲ့ကာ လုကျင်းရှိူ့ကို ဘာပြောခဲ့ကြောင်း မသိရှိရဘဲ ဖုန်းဆက်ပြီးနောက် လုကျင်းရှိူ့က ယန်ကျင်းဇီကို နေခွင့်ပြုခဲ့သည်။
ဒါပေမယ့် လုကျင်းရှိူ့က စိတ်ဆိုးနေတဲ့ပုံပဲ။ ဒါကြောင့်မို့ သူက သူ့ဒေါသကို ထုတ်ပြီး သူ့ကို (လုရွေ့ချွင်ကို) အဝေးပြောင်းပစ်လိုက်တယ်!
“ F*ck! ” လုရွေ့ချွင် တိတ်တဆိတ် ကျိန်ဆဲမိသည်။ ယန်ကျင်းဇီ၊ ဒီလူက သူ့အတွက် ဘယ်လိုပြဿနာရှာပေးရမလဲ တကယ် သိတာပဲ!
လုရွေ့ချွင်သည် လုကျင်းရှိူ့က ဒေါသဖြေရန်အတွက် သူ့ကို အသုံးချသဖြင့် သူ့ကို လုကျင်းရှိူ့ နေရာရွှေ့ပြောင်းလိုက်သည်ဟု ထင်ခဲ့သည်။ သို့သော် ယင်းကား ထိုသို့မဟုတ်ချေ။
ယန်ကျင်းဇီကို ရုံးခန်းထဲမှ မောင်းထုတ်ပြီးနောက် လုကျင်းရှိူ့ နောင်တရမိပြန်သည်။
တကယ်တော့ ယန်ကျင်းဇီကို အလုပ်သင်ဆင်းရန် သူနှင့် အတူနေခိုင်းလျှင် ကောင်းလိမ့်မည်ပင်။
သူ့တွင် ပျက်စီးနေသော ခန္ဓာကိုယ် ရှိပြီး သူ မည်မျှနေနိုင်မည်ကို သူ မသိပေ။ သူ သဘောကျတဲ့ လူကို မသေခင်မှာ သူ့အနားထားရတာ ဘယ်လောက်ကောင်းသလဲ?
သို့သော် လုရွေ့ချွင်ကလည်း ပြဿနာတစ်ခု ဖြစ်ကာ ၎င်းကို ဖယ်ရှားလိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။
ဤသို့တွေးရင်း လုကျင်းရှိူ့သည် ယန်ကျင်းဇီ၏ဖခင်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ ယန်ကျင်းဇီ၏ဖခင်က သားဖြစ်သူကို သူနှင့် အတူလေ့လာစေချင်ကြောင်း ပြောလာသည်။
လုကျင်းရှိူ့ သဘောတူလိုက်ပြီး တစ်ချိန်တည်းတွင် သူ့စိတ်ထဲ၌ ဆုံးဖြတ်လိုက်သည် — သူသည် လုရွေ့ချွင်ကို ရုံးခွဲသို့ တစ်ခါတည်း တန်းသွားခိုင်းခဲ့သည်။
ဤဆုံးဖြတ်ချက်ကို ချပြီးနောက် လုကျင်းရှိူ့သည် လန်းဆန်းမှုကိုသာ ခံစားခဲ့ရသည်။
ယခင်နှစ်များတွင် သူသည် မနာလိုဖြစ်မိလျှင်တောင်မှ ဘာမှမလုပ်ဘဲ သည်းခံခဲ့သော်လည်း ယခုမူ...
ယန်ကျင်းဇီက ကိုယ်တိုင်ကိုယ်ကျ သူ့ဆီကို လျှောက်လာတာ၊ သူတို့ကို ခွဲခွာလို့ သူ့ကို အပြစ်မတင်နဲ့!
လုကျင်းရှိူ့သည် ခဏလောက် စဉ်းစားပြီး သူ့ကိုယ်ရေးလက်ထောက်ကို ခေါ်လိုက်သည် : “ မင်း လူလွှတ်ပြီး ယန်ကျင်းဇီကို ခေါ်သွားပြီး မင်းစာချုပ်အတိုင်း စာချုပ်တစ်ခုကို လက်မှတ်ထိုးခိုင်းလိုက်ပါ။ ပြီးတော့ ဒီနေ့လယ်ခင်း လုရွေ့ချွင်ကို ရုံးခွဲကို ကိုယ်တိုင်သွားပို့လိုက်! ”
သူ ဒီနှစ်ယောက်ကို ဒီည မတွေ့စေချင်ဘူး — အခုတလော လုရွေ့ချွင်က လုအိမ်မှာ နေဖို့ ခဏခဏ ပြန်ရောက်လာတယ်!
“ ဟုတ်ကဲ့ ” ကိုယ်ရေးလက်ထောက်က သဘောတူသည်။
“ လုရွေ့ချွင်ကို သေသေချာချာ အမြန်လိုက်ပို့လိုက်။ သူ သိပ်ပြီးမလွန်သရွေ့
သူ့တောင်းဆိုချက်တိုင်းကို မင်း တိုက်ရိုက်သဘောတူနိုင်တယ်။ ” လုကျင်းရှိူ့က ထပ်ပြောသည်။
လက်ထောက်က ပြန်ဖြေသည်။
လက်ထောက် ထွက်သွားသောအခါ လုကျင်းရှိူ့သည် ပို၍ပင် ပျော်ရွှင်သွားသည်။
သူသည် မနက်ဖြန်တွင် ဖြစ်လာမည့် ယန်ကျင်းဇီ၏ စိတ်ဓာတ်ကျသော ပုံစံကိုပင် စတင်စောင့်မျှော်မိသည်။
လုကျင်းရှိူ့ ဘာတွေးနေမှန်း ယန်ကျင်းဇီ မသိပေ။ သူ့ဖခင်ကို သူ ဖုန်းဆက်ခဲ့ပြီးနောက် စာချုပ်ချုပ်ရန် ခေါ်သွားခံရသည်ကိုသာ သူ သိသည်။
သူသည် လုကျင်းရှိူ့၏ ကိုယ်ရေးလက်ထောက်နှင့် တူညီသည့် စာချုပ်ကို လက်မှတ်ထိုးခဲ့ပြီး အနာဂတ်တွင် သူက လုကျင်းရှိူ့ကို ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်သည်။
ဒါတကယ်ကောင်းတယ်!
ယန်ကျင်းဇီသည် ပျော်ရွှင်စွာဖြင့် စာချုပ်တွင် လက်မှတ်ထိုးခဲ့သည်။ ထို့နောက် သူ လုကျင်းရှိူ့ကို သွားတွေ့သောအခါ လုကျင်းရှိူ့ စိတ်ကောင်းဝင်နေသည်ကို သူ တွေ့လိုက်ရသည်။
သူသည် လုကျင်းရှိူ့ကို ဖိအားပေးရန် သူ့ဖခင်ကို အသုံးပြုခဲ့သဖြင့် လုကျင်းရှိူ့ မပျော်မရွှင်ဖြစ်မည်ကို စိုးရိမ်နေခဲ့သည်။ ရလဒ်မှာမူ... လုကျင်းရှိူ့က တကယ်ပဲ အရမ်းပျော်နေတာလား? ပြီးတော့ သူ့ကိုတောင် ကြင်နာသေးတာလား?
လုကျင်းရှိူ့ရဲ့ // မာကျောတဲ့ ပါးစပ်က // ဘယ်အတိုင်းအတာထိတောင်လဲ?
အနာဂတ်မှာ လုကျင်းရှိူ့က “မလုပ်နဲ့” ဒါမှမဟုတ် “မရဘူး” လို့ ပြောလာတဲ့အချိန်ကျ သူ နားမထောင်ပဲနေရမလား?
ယန်ကျင်းဇီ စဉ်းစားကြည့်သည်။
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ဝမ်းသာအားရ ကြည့်မိသော်ငြား လှောင်မရယ်ဘဲ မနေနိုင်ပေ။
မနက်ဖြန်ကို စောင့်နေတယ်၊ ယန်ကျင်းဇီ ရယ်နိုင်တော့မှာ မဟုတ်ဘူး!
လုကျင်းရှိူ့၏အတွေးများကို ဘာမှမသိသော ယန်ကျင်းဇီသည် သူ စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် လုကျင်းရှိူ့၏ ကိုယ်ရေးလက်ထောက် ပျောက်သွားသည်ကို တွေ့ရှိသွားသည်။
လုကျင်းရှိူ့ဟာ ဤကိုယ်ရေးလက်ထောက်နှင့် အမြဲတစေ ခွဲမရဖြစ်နေပြီး ယန်ကျင်းဇီသည် ဤကိုယ်ရေးလက်ထောက်ကို အတော်လေး မနှစ်သက်ပေ။ ယခု ဤကိုယ်ရေးလက်ထောက် မရှိတော့သောအခါ... ယန်ကျင်းဇီ ပို၍ပင် ပျော်ရွှင်သွားသည်။
“ ဦးလေးလု၊ ကျွန်တော် ဘာလုပ်ပေးရမလဲ? ”
“ မင်း ဘေးမှာပဲ နေနေပါ။ ” လုကျင်းရှိူ့ ပြောလိုက်သည်။ သူသည် ယန်ကျင်းဇီ အလုပ်လုပ်မည်ကို မမျှော်လင့်ထားပေ။ ယန်ကျင်းဇီ ဒုက္ခမပေးသရွေ့ အဆင်ပြေသည်။
ယန်ကျင်းဇီ : “ … ”
လုကျင်းရှိူ့က ဆက်ပြောသည် : “ ဟိုဆိုဖာပေါ်မှာ သွားထိုင်နေ၊ ငါ့ကို မနှောင့်ယှက်နဲ့။ ”
လုကျင်းရှိူ့သည် စကားပြောပြီးနောက် အလုပ်စလုပ်တော့သည်။ ထို့ကြောင့် ယန်ကျင်းဇီသည် ရွေးချယ်စရာမရှိဘဲ ဧည့်သည်များကို ဧည့်ခံရန် လုကျင်းရှိူ့ အသုံးပြုသော ဆိုဖာပေါ်တွင်သာ ထိုင်လိုက်တော့သည်။
ယန်ကျင်းဇီသည် သူ၏ လုပ်ဆောင်နိုင်စွမ်းနှင့် တိုးတက်မှုအတွက် အလွန်ကျေနပ်မိသည်။
သူ မနေ့ကမှ ဒီကိုရောက်လာတယ်၊ ဒါပေမယ့် တစ်ရက်တည်းနဲ့ သူ လုကျင်းရှိူ့နဲ့ နီးစပ်ပြီး လုကျင်းရှိူ့ရဲ့ ကိုယ်ရေးလက်ထောက် ဖြစ်လာပြီ!
ရက်နည်းနည်းလောက်နဲ့ဆို သူ လုကျင်းရှိူ့ရဲ့ ကောင်လေး ဖြစ်လာမလား?
အင်း၊ ဒါက နည်းနည်းလေး အလှမ်းဝေးတယ်။ အရေးကြီးဆုံးကိစ္စကတော့ လုကျင်းရှိူ့ကို ဘယ်လိုဂရုစိုက်ရမလဲ စဉ်းစားဖို့ပဲ။
ယန်ကျင်းဇီသည် ဤသို့တွေးမိကာ ဖုန်းကို ကိုင်၍ အရိုးကျိုးပြီးနောက် ကောင်းစွာ မပျောက်ကင်းသော လူနာများအား မည်ကဲ့သို့ ဂရုစိုက်ရမည်ကို စစ်ဆေးလိုက်သည်။
အင်တာနက်ပေါ်မှ သတင်းများမှာ အလွန်ရှုပ်ပွနေသည်။ ယန်ကျင်းဇီသည် လျှောက်ကြည့်ကာ နောက်ဆုံးတွင်မူ ဆေးဘက်ဆိုင်ရာ e-book အနည်းငယ်ကို ရှာတွေ့ပြီး ဖတ်ကြည့်သည်။
မူလပိုင်ရှင်က စာအုပ်ဖတ်လျှင် အိပ်ပျော်သွားသည်ကို မထိန်းနိုင်သူ ဖြစ်သော်လည်း ယန်ကျင်းဇီကမူ...
တစ်ခုခုမှားနေပြီမှန်း သူ ရုတ်တရက် သဘောပေါက်သွားသည်။
သူ... မမေ့သွားဘူးလား?
သူသည် ဤကဲ့သို့ ဆေးစာအုပ်များစွာကို အမှန်တကယ် နားမလည်သော်ငြား ဖတ်ပြီးနောက် ၎င်းတို့အားလုံးကို သူ တကယ် မှတ်မိနေသည်။
ယန်ကျင်းဇီသည် မူလပိုင်ရှင်၏မှတ်ဉာဏ်ထဲရှိ ဖတ်ဖူးသော စာအုပ်များကို သေသေချာချာ ပြန်တွေးကြည့်သော်လည်း စာအုပ်၏ တိကျသည့် အကြောင်းအရာကို လုံးဝ မမှတ်မိနိုင်ဘဲ ယေဘုယျအတွေးအမြင်တစ်ခုကိုသာ ပြန်တွေးလို့ရသည်။
သို့သော် ယနေ့ သူ မြင်တွေ့ပြီး ဖတ်ခဲ့သည့် အရာအားလုံးဟာ သူ့ဦးနှောက်ထဲတွင် စွဲထင်နေသည်။
ယန်ကျင်းဇီသည် ဖုန်းကို ကိုင်ထားပြီး သူ့စိတ်နှလုံးထဲတွင် ဟုန်းခနဲ ပီတိဖြာသွားသည်။
သူ့ကြည့်ရတာ... ဉာဏ်ကြီးရှင် ဖြစ်ပုံပဲ!
သူက ဘယ်တော့မှ မမေ့ဘူး!
သူ့တွင် အတိတ်မှ မှတ်ဉာဏ်များ မရှိဘဲ မူလပိုင်ရှင်ကလည်း တုံးလွန်းသည်။ သူသည် ယခင်က လုကျင်းရှိူ့ကို ပိုးပန်းရန် ရှက်ရွံ့ခဲ့သော်ငြား ယခုမူ...
သူက ဉာဏ်ကြီးရှင်တစ်ယောက်ပဲ!
သူ သေချာပေါက် လုကျင်းရှိူ့ကို ပိုးပန်းနိုင်တယ်!
ယန်ကျင်းဇီသည် ဝမ်းသာအားရဖြင့် ဆိုဖာပေါ်မှ ထခုန်သည်။
လုကျင်းရှိူ့သည် အလုပ်မလုပ်နေစဉ်တွင် ယန်ကျင်းဇီကို ကြည့်နေခဲ့သည်။ ဤမြင်ကွင်းကို သူ မြင်လိုက်ရသည်။ ယန်ကျင်းဇီကို သူ တွေ့ချိန်၌ ယန်ကျင်းဇီက အလွန်ပျော်ရွှင်စွာဖြင့် တောက်ပနေပြီး သူလည်း မနေနိုင်ဘဲ ပြုံးချင်မိသည်။
သို့သော် သူ မပြုံးသည်မှာ ကြာပြီဖြစ်ရာ သူသည် ခဏတာ ဤအမူအရာကို မလုပ်နိုင်ခဲ့ပေ။
ပိုအရေးကြီးသည်မှာ... ယန်ကျင်းဇီက လုရွေ့ချွင်နှင့် ကုမ္ပဏီတစ်ခုတည်းတွင် ရှိရသောကြောင့် ပျော်နေခြင်းဖြစ်နိုင်သည်ဟု လုကျင်းရှိူ့ ရုတ်တရက် သဘောပေါက်သွားရသည်။
လုကျင်းရှိူ့သည် သူ့လက်ထဲရှိ ဘောပင်ကို အလွန်တင်းကြပ်စွာ ညှစ်လိုက်မိရာ ၎င်းက ကျိုးလုနီးပါးဖြစ်ပြီး ၎င်းနှင့် သူ့ဘယ်လက်ကို ထိုးရန် ကြိုးစားလိုက်သည်။
သို့ရာတွင် ယန်ကျင်းဇီက သူ့ထံသို့ ရုတ်တရက် ရောက်လာသဖြင့် သူသည် ထိုသို့မလုပ်နိုင်လိုက်ပေ : “ ဦးလေးလု၊ ကျွန်တော်က တော်တော်အစွမ်းထက်တယ်လို့ ကျွန်တော် ရုတ်တရက် ခံစားလိုက်ရတယ်။ ”
လုကျင်းရှိူ့က ယန်ကျင်းဇီကို ဖျတ်ခနဲ လှမ်းကြည့်သည် : “ မင်းက တော်တော်လေး အံ့ဩဖို့ကောင်းတယ်... ”
သူသည် ဤမျှအသက်ကြီးပြီး လူအများအပြားနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ဤလူကို ချစ်မိသွားခဲ့သည်...
သူ ပြုစားခံရသည်ဟုပင် သူ ခံစားမိသည်။
“ ဦးလေးလု၊ ကျွန်တော် အနာဂတ်မှာ သေချာပေါက် အတော်ဆုံး ဖြစ်လာမှာ။ ကျွန်တော် သေချာပေါက် ဦးလေးလုကို ဂရုစိုက်နိုင်ပြီး ကူညီနိုင်လိမ့်မယ်။ ” ယန်ကျင်းဇီက ဆက်ပြောပြန်သည်။ သူ သိချင်မိသည်၊ သူသာ ဆေးပညာကို လေ့လာနိုင်လျှင် လုကျင်းရှိူ့၏ လက်များနှင့် ခြေတို့ကို သူ ကုသနိုင်လောက်မည်လား။
ဒါပေါ့၊ ဒီကိစ္စက အလျင်မလိုဘူး။
ထိပ်တန်းဦးစားပေးမှာ လုကျင်းရှိူ့ကို ရရန် ဖြစ်သည်။
“ဉာဏ်ကြီးရှင်” ဖြစ်ကြောင်း သိလိုက်ရသောကြောင့်လားမသိ၊ ယန်ကျင်းဇီ၏ ယုံကြည်မှုသည် ခဏတာအတွင်း နှစ်ဆတိုးသွားသည်။ ထို့ကြောင့် သူသည် လုကျင်းရှိူ့ကို အချိန်စော၍ ဆွဲဆောင်ရန်ပင် စတင်တွေးတောမိတော့သည်။
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်နေပြီး သူ့နှလုံးသားက တဒုန်းဒုန်း ထပ်မံခုန်နေပြန်သည်။
သို့သော် သူ ရုတ်တရက် ကိစ္စတစ်ခုကို ထပ်သတိရသွားသည်။
ယန်ကျင်းဇီက သူ့ရှေ့တွင် ရင်ဘတ်ပုတ်လျက် အနာဂတ်၌ သူဟာ အသုံးဝင်သော လူတစ်ဦး ဖြစ်လာမည် ဖြစ်သဖြင့် စိတ်ချလက်ချဖြင့် လုရွေ့ချွင်ကို သူ့လက်ထဲသို့ အပ်နိုင်ကြောင်း ယခင်က ပြောဖူးခဲ့သည်...
လုကျင်းရှိူ့၏ နှလုံးသားက နောက်တစ်ကြိမ် နစ်မြုပ်သွားရပြန်သည်။ သူသည် ယန်ကျင်းဇီကို ဆိုဖာပေါ်တွင် နေနေရန် ပြန်မောင်းထုတ်လိုက်သည်။
ယန်ကျင်းဇီ ရှိနေသောအခါ လုကျင်းရှိူ့သည် ယနေ့တွင် ပုံမှန်အချိန်၌ အလုပ်ဆင်းပြီး ယန်ကျင်းဇီ၏ကားနှင့် အိမ်ပြန်သည်။
ကားထဲသို့ ဝင်လိုက်သည်နှင့် လုရွေ့ချွင်၏ အကြိုက်ဆုံးရေမွှေးနံ့ကို သူ အနံ့ရလိုက်သည်။
ယန်ကျင်းဇီသည် ရေမွှေးပြဿနာကို လုံးဝ သတိမထားမိပေ : “ ဦးလေးလု၊ နောက်ကျရင် အလုပ်သွားတဲ့အချိန်နဲ့ အလုပ်ဆင်းတဲ့အချိန်မှာ ကျွန်တော့်ကို လိုက်ပို့ခွင့်ပေးပါ! ”
“ ဒါ မင်း ပြောတာနော်။ ” လုကျင်းရှိူ့က ဆိုသည်။
“ ကျွန်တော် ပြောတာ။ ” ယန်ကျင်းဇီက ရယ်သည် : “ ဦးလေးလု ဆန္ဒရှိလား? ”
“ ရှေ့က ထောင့်ကို ကွေ့လိုက်။ အဲ့မှာ ကားရောင်းတဲ့ နေရာ ရှိတယ်။ ” လုကျင်းရှိူ့က ရုတ်တရက် ပြောလာသည်။
“ အဲ့ကိုသွားပြီး ဘာလုပ်မလို့လဲ? ” ယန်ကျင်းဇီ ပဟေဠိဖြစ်သွားသည်။ လုကျင်းရှိူ့ ပြောသည့် ကားရောင်းသော နေရာမှာ ဇိမ်ခံကားများကို အထူးပြုသည့် သူတို့မြို့ထဲရှိ အရောင်းကုမ္ပဏီ ဖြစ်သည်...
လုကျင်းရှိူ့က ပြန်ပြောသည် : “ မင်းရဲ့ကားက ဆိုးလွန်းတယ်! ငါ စီးမှာ မဟုတ်ဘူး! ”
ယန်ကျင်းဇီ : “ ... ” သူ့ကားက သန်းပေါင်းများစွာ တန်ဖိုးရှိတယ်! လုကျင်းရှိူ့ ပုံမှန်စီးနေကျထက်တောင် နည်းနည်းပိုဈေးကြီးသေးတယ်။ ဘာကွာလို့လဲ?!
သို့သော် သူ့ကားက ပိုမိုခေတ်ဆန်သည်။ လုကျင်းရှိူ့ မကြိုက်လောက်ချေ...
ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို ခေါ်ကာ ကားရောင်းသည့်နေရာတွင် ရပ်လိုက်သည်။
လုကျင်းရှိူ့သည် ကားပေါ်မှ ဆင်းပြီး ယန်ကျင်းဇီနှင့်အတူ အထဲသို့ လျှောက်သွားသည် : “ မင်း ဘယ်ကားလိုချင်လဲ၊ မင်းကိုယ်တိုင် ရွေးလိုက်။ ”
သူသည် ငွေရှာနေစဉ်က သူ သဘောကျသည့် လူအတွက် ငွေသုံးရန် တွေးခဲ့ပြီး ယခု သူ့တွင် အခွင့်အရေး ရှိလာသည်။
ကံမကောင်းစွာဖြင့် ဤလူက သူ့အပိုင် မဟုတ်ချေ။
လုကျင်းရှိူ့သည် ထိုသို့တွေးမိပြီး သူ့အမူအရာမှာ မှုန်ကုပ်နေသည်။
____