အပိုင်း ၁၃၈
Viewers 34k

Chapter 138
Extra_(5)



‌သွေးအရိုးငါး၏ လက်ရှိအခြေအနေက အနည်းငယ် မှားယွင်းနေလေသည်။

ယဲ့ကျားက ပုံမှန်အတိုင်း အိမ်ပြန်လာပြီး တံခါးကို ဖွင့်လိုက်သောအခါ ဧည့်ခန်းတွင် လှဲလျောင်းနေသော သွေးအရိုးငါးက မျက်လုံးချိုင့်ကြီးများဖြင့် မော့ကြည့်လာပြီး ခေါင်းပြန်ငုံ့သွားလေသည်။

ယဲ့ကျားက စိတ်ပူစွာ မျက်မှောင်ကြုတ်လိုက်သည်။

သွေးအရိုးငါး ဤသို့ဖြစ်နေသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်သည်။

သွေးအရိုးငါးက အိမ်တွင် နေချိန် နည်းပြီး ကျီရွှမ်နှင့် လိုက်သွားချိန်များလေသည်။ ထို့ကြောင့် ယဲ့ကျား အိမ်ပြန်လာသောအခါ အမြဲတက်ကြွစွာ ကြိုဆိုလေရှိသည်။ သို့သော် ယခု ကျီရွှမ်နှင့် မလိုက်သွားပေ။ အိမ်တွင်သာ ကပ်နေလေသည်။ ထို့ထက် ပိုအရေးကြီးသည်က…

ယဲ့ကျားက သွေးအရိုးငါးရှေ့ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

ထိုအခါ သွေးအရိုးငါးက ယဲ့ကျား၏ လက်ဖဝါးကို ပြန်လည် ပွတ်သပ်လိုက်ပြီး အမြီးကို လေးကန်စွာ လှုပ်နေလေသည်။

တကယ်ထူးဆန်းနေတယ်…

"မင်းဘာဖြစ်နေတာလဲ…"

ယဲ့ကျားက သွေးအရိုးငါးရှေ့ တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး မေးလိုက်သည်။

"တစ်နေရာရာက အဆင်မပြေလို့လား…"

သွေးအရိုးငါးက ပြန်မဖြေနိုင်ပေ။ ခေါင်းကိုသာ ယဲ့ကျား၏ ဒူးပေါ် တင်လိုက်လေသည်။

ယဲ့ကျား စိုးရိမ်သွားသည်။

ဒဏ်ရာရထားတာလား…ဒါမှမဟုတ် တိုက်ပွဲကရခဲ့တဲ့ ဒဏ်ရာတွေ မပျောက်သေးတာလား…

သူက ဖုန်းထုတ်လိုက်ပြီး ကျီရွှမ်ထံ ဖုန်းဆက်မေးလိုက်သည်။

ကျီရွှမ်က ‌ဝေဝါးစွာ ပြန်ဖြေလိုက်သည်။

"ကောကောကို လွမ်းနေလို့ဖြစ်မယ်…"

ယဲ့ကျား :"မဖြစ်နိုင်တာ…လွန်ခဲ့တဲ့ရက်ကပဲ သူနဲ့ တွေ့ထားတာလေ…"

ကျီရွှမ်: "တကယ်…တချို့တိရစ္ဆာန်တွေက သခင်နဲ့ ဝေးရင် စိတ်ဓာတ်ကျလာတယ်လေ…"

ယဲ့ကျားက သွေးအရိုးငါး၏ ခေါင်းကို ပုတ်လိုက်ပြီး သံသယ၀င်စွာ မေးလိုက်သည်။

"တကယ်လား…"

ကျီရွှမ်: "ကောကော သေချာသိချင်ရင် အရိပ်တစ္ဆေကို မေးလိုက်လေ…သူက အဲ့အပိုင်းမှာအတွေ့အကြုံပိုရှိတယ်…"

ယဲ့ကျား ဖုန်းချလိုက်သည်။

ကျီရွှမ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ကံကောင်းလို့…လှည့်စားလိုက်နိုင်တယ်…

ဖြစ်စဉ်တစ်ခုလုံးကို ‌တွေ့လိုက်ရသည့် ရုပ်သေးသခင်:"..."

ကျီရွှမ်က ရုပ်သေးသခင်ကို ကြည့်ကာ မေးလိုက်သည်။

"မင်းမှာ နည်းလမ်းရှိလား…"

ရုပ်သေးသခင်:"ရှိတော့ရှိတယ်…အချိန်တော့ကြာမယ်…"

ကျီရွှမ်:"ဘယ်လောက်ကြာမှာလဲ…"

ရုပ်သေးသခင်:"နှစ်ဆယ့်လေးနာရီ…"

ကျီရွမ်က ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ ငါ မင်းကို အချိန်လေးနာရီပေးမယ်…"

ရုပ်သေးသခင်:"???"

ရုပ်သေးသခင်က အံကြိတ်ကာ ပြောလိုက်သည်။

"ငါအခု မလွတ်လပ်တော့ဘူး ဆိုတာကို သိတယ်မလား…"

ရုပ်သေးသခင်က လက်မြှောက်လိုက်ပြီး သူ့ လက်ရှိ လက်ထိပ်ကို ပြောလိုက်သည်။ တိုက်ပွဲပြီးနောက် သူက အမေ့၏ ဘက်တော်သား ဖြစ်သောကြောင့် ဗျူရိုက သူ့ကို ထိန်းသိမ်းထားလေသည်။

ကျီရွှမ်: "ဗျူရိုကို စိတ်ပူမနေနဲ့…."

ရုပ်သေးသခင် : "..."

……..

ယဲ့ကျားက အားမီထံ ဖုန်းဆက်လိုက်သည်။

အားမီ:"အိမ်မွေးတိရစ္ဆာန်လား…ငါက အဲ့ဘက်မှာ အတွေ့အကြုံရှိတယ်…ပြော…ငါ ဘာကူညီပေးရမလဲ…"

ယဲ့ကျား:"အိမ်မွေးတိရစ္ဆာန်တွေက သခင် ကို မတွေ့တာကြာရင် စိတ်ဓာတ်ကျနိုင်လား…"

အားမီ:"ကျတာပေါ့…သခင်က သူတို့အတွက်အရေးကြီးတယ်လေ…ခွေးလေးတွေဆို ပိုဆိုးသေး…"

အားမီက အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်ကို မွေးချင်ခဲ့သော်လည်း တိရစ္ဆာန်များကသူ့ကို မြင်သောအခါ ကြောက်ရွံ့နေကြလေသည်။ ထို့ကြောင့် သူက ဓာတ်ပုံများကိုသာ ကြည့်၍ ဖြေသိမ့်ခဲ့ရသည်။

သို့သော် မကြာသေးမီက သရဲတ‌စ္ဆေလောကတွင် အိမ်မွေးတိရစ္ဆာန်ဈေးကွက် ပေါ်ပေါက်လာလေသည်။

သူက သက်ရှိကြောင်ကို ‌မမွေးနိုင်သော်လည်း ကြောင်ဝိညာဉ်ကို မွေးနိုင်ပေသည်။

အားမီ ၀မ်းသာလွန်းသောကြောင့် ကြောင်ငါးကောင်၊ ခွေးတစ်ကောင်နှင့် ငါးနှစ်ကောင်ကို ချက်ချင်း ၀ယ်မွေးခဲ့သည်။

အားမီက သူ့အတွေ့အကြုံများကို မျှဝေပေးနေလေသည်။

အားမီ:"ဘာလို့ မင်းတိရစ္ဆာန်ကို ငါ့ကို လာမပြတာလဲ…ငါ ကြည့်ပေးမယ်လေ…"

ယဲ့ကျားက ပျော်ရွှင်စွာ ပြောလိုက်သည်

"ကောင်းပြီ…"

နာရီ၀က်ခန့် ကြာပြီးနောက်…

အားမီက ယဲ့ကျား၏ နောက်မှ ဖိအားများလွှတ်နေသည့် သွေးအရိုးငါးကို မြင်သောအခါ ထွက်ပြေးလိုက်လေသည်။

အားမီ:"ဒါက မင်းရဲ့ အိမ်မွေးတိရစ္ဆာန်လား…"

ယဲ့ကျားက သွေးအရိုးငါး၏ ခေါင်းကို ထိလိုက်သည်။

"ဟုတ်တယ်…"

အားမီ:"..."

ဒါကြီးက အိမ်မွေးတိရစ္ဆာန်မဟုတ်ဘူး…မ‌ကောင်းဆိုးဝါးကြီး…

ယဲ့ကျား :"သူက ဒီရက်ပိုင်း သိပ်မလန်းဘူး…မင်း ဘာဖြစ်လို့လဲ သိလား…"

အားမီ:"သူ…သူနဲ့ အတူနေပေးလိုက်လေ…"

ယဲ့ကျားက သွေးအရိုးငါး၏ ခေါင်းကို ပွတ်သပ်ပေးနေရင်း သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ ငါ အလုပ်ရှိသေးတယ်…"

ထို့နောက် ယဲ့ကျား အကြံပြုလိုက်သည်။

"မင်းတိရစ္ဆာန်တွေနဲ့ အတူ ထားထားလိုက်ရင်ရော…"

အားမီ:"...."

မင်း ငါ့ကို သတ်နေတာလား…

………

အားမီ‌အိမ်မှ ထွက်လာပြီးနောက် ယဲ့ကျားက သူ့နောက်လိုက်လာသော သွေးအရိုးငါးကို မေးလိုက်သည်။

"မင်း ငါနဲ့ အတူနေချင်လို့လား…"

သွေးအရိုးငါးက ယဲ့ကျားကို ပွတ်သပ်လိုက်သည်။ လှုပ်ရှားမှုက လေးကန်နေဆဲဖြစ်သော်လည်း ယခင်ကထက် ပိုကောင်းလာပြီဖြစ်၏။

ယဲ့ကျား :"ငါ့ကို လွမ်းနေတာလား…"

‌သွေးအရိုးငါးက အမြီးကို လှုပ်ယမ်းလိုက်သည်။

ယဲ့ကျား :"မင်းခန္ဓာကိုယ်ကို ကျုံ့လိုက်လို့ ရလား…"

ထိုအခါ သွေးအရိုးငါး၏ အမြီးက ပိုမိုလှုပ်ယမ်းလာပြီး ခန္ဓာကိုယ်က ကျုံ့သွားလေသည်။

ယဲ့ကျားက အိတ်ကပ်ထဲရှိ သွေးအရိုးငါးကို ပြောလိုက်သည်။

"တက်ကြွလာတာက ကောင်းပေမဲ့ ငြိမ်ငြိမ်နေပေးပါလား…"

…..

ကျီရွှမ်က အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။

သူက ရုပ်သေးသခင်ကို မေးလိုက်သည်။

"မပြီးသေးဘူးလား…"

ရုပ်သေးသခင်:"ပြီးတော့မယ်…"

ရုပ်သေးသခင်က နောက်ဆုံး ကြိုးမျှင်ကို နေရာချလိုက်လေသည်။

"အခု စောင့်ရမယ်…"

သူက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ခြေ‌ထောက်တိုလေးများကို လှုပ်ယမ်းနေလေသည်။

"အေ့စ်နဲ့ ဘာပြောကြတာလဲ…"

ကျီရွှမ်:"ဘာ…"

ရုပ်သေးသခင်က မျက်နှာရှုံ့မဲ့ကာ ပြောလိုက်သည်။

"ငါက ခင်ဗျား‌တို့ရဲ့ အကြောင်းကို စိတ်မ၀င်ပါဘူး…မေးရုံပဲ…"

ကျီရွှမ်:"သွေးအရိုးငါး အကြောင်း လှမ်းမေးတာ…"

ရုပ်သေးသခင်:"သူက ဘာဖြစ်တာလဲ…"

ကျီရွှမ်:"စားတာ များသွားတာ…"

ရုပ်သေးသခင်:"...."

ကျီရွှမ်:"သူက သွေးအရိုးငါးကို လက်လွတ်စပယ် အစာမကျွေးခိုင်းဘူးလေ…အဲ့ဒါကြောင့်…"

ရုပ်သေးသခင်:"..."

သူက ပျင်းလို့ စပ်စုရုံပဲ…ခွေးစာစားချင်တာ မဟုတ်ဘူး…

ထိုစဉ် သူ့ရှေ့မှ ပိုးမျှင်စက ရုတ်တရက် လှုပ်ရှားလာလေသည်။

ရုပ်သေးသခင်က တက်ကြွစွာ ပြောလိုက်သည်။

"ရပြီ…"

ကျီရွှမ်:"ဘယ်မှာလဲ…"

သူက သူ့ရှေ့မှ အရာကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါက လှုပ်နေပြီ…ဒါပေမဲ့ နောက်ဆုံးအဆင့်တော့ ကျန်သေးတယ်…"

…….

ယဲ့ကျားက လက်ထဲမှ တံစဉ်းကို ပြန်သိမ်းလိုက်သည်။

PIAMBရှိ ၀န်ထမ်းများက ‌နောက်ဆက်တွဲကိစ္စများကို လုပ်ဆောင်နေကြလေသည်။ သူတို့က အချိန်အတော်ကြာ လေ့ကျင့်ခဲ့ကြသောကြောင့် ကျွမ်းကျင်စွာ လုပ်ဆောင်နေကြလေသည်။

ထိုစဉ် ယဲ့ကျား၏ အိတ်ကပ်က လှုပ်ရှားလာလေသည်။

သူက အိတ်ကပ်ကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

"ဟေ့…ခဏလောက် စောင့်ဦး…"

သို့သော် အိတ်ကပ်က ပိုမိုလှုပ်ရှားလာလေသည်။

ယဲ့ကျား ထိတ်လန့်သွားသည်။

ဘာဖြစ်တာလဲ…ပျင်းလို့များလား…

သူက အကြောင်းရင်းက စဉ်းစားမရသေးမီ သွေးအရိုးငါးက အိတ်ကပ်ထဲမှ ခုန်ထွက်လာကာ မူလအရွယ်ပြန်ဖြစ်သွားပြီး လျင်မြန်စွာ ထွက်ပြေးသွားလေသည်။

ဘေးမှ လူများက ထိတ်လန့်သွားပြီး အသင့် အနေအထားပြင်လိုက်ကြသည်။

ယဲ့ကျားက အမြန် ရှင်းပြပြီးနောက် တောင်းပန်လိုက်ကာ သွေးအရိုးငါးနောက် လိုက်သွားလေသည်။

သွေးအရိုးငါးက ဝေးဝေးမပြေးသွားပေ။ တစ်နေရာတွင် ရပ်ကာ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေလေသည်။

ယဲ့ကျားက စိုးရိမ်သွားသည်။

သူ သွေးအရိုးငါး၏ ဤသို့သော ပုံစံကို မတွေ့ဖူးပေ။

ယဲ့ကျားက ကျီရွှမ်ထံ ဖုန်းဆက်လိုက်သည်။

ထိုစဉ် သွေးအရိုးငါးက တစ်ခုခုကို အန်ထုတ်လာလေသည်။

ယဲ့ကျား:"???"

သူက ရှေ့တိုးကြည့်လိုက်သည်။

အရှေ့မြေပြင်ပေါ်ရှိ အချွဲအိုင်ကြားတွင် အရုပ်တစ်ရုပ်ရှိနေလေသည်။

ဒီအရုပ်နဲ့ ရင်းနှီးနေသလိုပဲ…

ထိုစဉ် တစ်နေရာမှ ဖုန်းမြည်သံ ထွက်ပေါ်လာလေသည်။

ယဲ့ကျားက ခေါင်းမော့ကြည့်လိုက်သောအခါ မနီးမဝေးတွင် ကျီရွှမ်က မြည်နေသော ဖုန်းကို ကိုင်ကာ ရပ်နေလေသည်။

ကျီရွှမ်၏ အကြည့်က ယဲ့ကျား၏ ဘေးရှိ သွေးအရိုးငါးပေါ်သို့ ရောက်သွားပြီး ယဲ့ကျား နှင့် တူသော အရုပ်ပေါ်သို့ ရောက်သွားလေသည်။

ကျီရွှမ် :"ကျွန်တော် ရှင်းပြပါမယ်…"

ယဲ့ကျား:"မင်း ငါ့ကို ဘယ်လောက်တောင် လိမ်နေတာလဲ…"

ရုပ်သေးသခင်က အခြေအနေကို သတိပြုမိပြီး ပြောလိုက်သည်။

"ဒါဆို ငါ ပြန်တော့မယ်…"

ယဲ့ကျား၏ နှုတ်ခမ်းထောင့်ကာ တွန့်သွားလေသည်။

သူက လက်မြှောက်ကာ ရုပ်သေးသခင်၏ ကော်လံကို ဆုပ်ကိုင်လိုက်သည်။

"စဉ်းတောင် မစဉ်းစားနဲ့…"

……….

နောက်ဆုံးတွင် ဗျူရိုက ကျွမ်းကျင်ပညာရှင်၏ အရုပ်များကို သိမ်းဆည်းနိုင်ခဲ့ပြီး မှောင်ခိုဈေးကွက်ကို အကြီးအကျယ် ပျက်စီးစေခဲ့လေသည်။

ထိုအမှု၏ ကြိုးကိုင်သူက အိမ်မွေးတိရစ္ဆာန်ကို အစာအလွန်အကျွံ ကျွေးမှုနှင့် မှောင်ခိုလုပ်မှုကြောင့် ပြင်းထန်စွာ အပြစ်ပေးခံခဲ့ရလေသည်။

‌သွေးအရိုးငါးက သုံးရက်ကြာကြာ အိပ်ပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့၏။