Chapter 4
Viewers 833

🏝️ Chapter 4

စိတ်နေစိတ်ထား



စွန်းအိုက်ကျွီက စိတ်တိုနေပုံဖြင့်ပြောသည်။

" ဘာလဲ ရွာသူကြီးရဲ့… ရှင် သင်္ချာမတတ်ဘူးလား… ဟုတ်တယ် စုကျွင်းယန်က ယွမ်တစ်ရာ ပိုပေးတယ်… ဒါပေမယ့် ရှန်းလေ့က ရာထူးပိုအဆင့်မြင့်တယ်… လစာက စုကျွင်းယန် ထက်သာတယ်… သူ့လစာကလည်း တစ်လကို ယွမ်နှစ်ရာ က'မှာမဟုတ်ဘူး…"


"ငွေဆိုတာခက်ခက်ခဲခဲ ရှာရတာ မလွယ်ဘူး… ပြီးတော့ တိုင်းပြည်အခြေအနေက သိပ်မကောင်းဘူးလို့ ကြားတယ်… တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းမနေဘူး…ရှန်းလေ့ပါ သွားရမလားဆိုတာလည်း မသိနိုင်ဘူး… သူလည်း မကြာခင် စစ်မြေပြင်ကို ရောက်သွားနိုင်တယ်… မင်း ငါတို့သမီးကို မုဆိုးမဖြစ်စေချင်တာလား…"

နင်ဝေ့ကောက ပြောသည်။


စွန်းအိုက်ကျွီက မျက်လုံးကို လှန်လိုက်သည်။

"မဟုတ်ပါဘူး… တောင်တရုတ်ပင်လယ်မှာ မငြိမ်းချမ်းပေမယ့် စစ်ဖြစ်မယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး… ဖြစ်ရင်တောင် ကျွန်မ သမီး သူ့ကို လက်ထပ်တာ နောင်တမရနိုင်ဘူး… နိုင်ငံကိုကာကွယ်တဲ့ စစ်သားသေရင် မိန်းမကလည်း ခံစားခွင့်ကျန်ခဲ့တယ်လေ…"


နင်ဝေ့ကော : "ဘာလို့ မင်းရဲ့ အတွေးက နောက်ပြန်ဆုတ်နေတာလဲ…"


နင်ထန်က မီးဖိုထဲက ကန်စွန်းဥကိုထုတ်ရန် မီးညှပ်ကို သုံးကာ စွန်းအိုက်ကျွီနှင့် နင်ဝေ့ကောကိုကြည့်ရင်း ကန်စွန်းဥအခွံခွာလိုက်သည်။


သူမ၏ မိဘများ ငြင်းခုံနေသည်ကို သူမက မြိန်ရေရှက်ရေစားရင်းကြည့်နေသည်။ စွန်းအိုက်ကျွီ နင်ထန်ကို လှမ်းကြည့်လိုက်ရာ အပူလောင်မည်စိုး၍ ကန်စွန်းဥကို မရဲတရဲကိုင်နေသော သမီးဖြစ်သူကို တွေ့လိုက်ရသည်။ သူမ မနေနိုင်တော့ဘဲ သမီးဖြစ်သူအား ကန်စွန်းဥ အခွံခွာပေးလိုက်သည်။


"ကလေးတွေဆိုတာလေ တကယ့်ကို ဝန်ထုပ်ဝန်ပိုးပဲ… နင့်အစ်ကိုဆို အသက်သုံးဆယ်ရှိနေပြီ… အိမ်ထောင်မပြုသေးဘူး… အခုလည်းကြည့် နင့်အတွက် ငါတို့အိမ်ထောင်ရေးကို ဆွေးနွေးနေကြပေမယ့် နင်က လုံးဝ ဂရုမစိုက်ဘူး…အစားပဲငမ်းနေတယ်…"


နင်ထန်က အခွံခွာထားသောကန်စွန်းဥကို ယူလိုက်ကာ မှုတ်ရင်း အေးအေးဆေးဆေး ကိုက်စားလိုက်သည်။

"သမီး နားထောင်နေပါတယ်…"


နင်ဝေ့ကောက မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်လျက်၊ စီးကရက်တစ်လိပ်သောက်‌နေသဖြင့် ညအခန်းထဲတွင် အဖြူရောင်မီးခိုးငွေ့များ ပြည့်နေတော့သည်။

 

"ဒါဆိုရှန်းလေ့ကို ရွေးရအောင်…"


"အတိအကျပဲ…" 

စွန်းအိုက်ကျွီက ကျေနပ်စွာပြောသည်။


နင်ထန်က အစားကိုသာ အာရုံစိုက်ပြီး စားသောက်‌နေ၏။သူမက ရှန်းလေ့နှင့် စုကျွင်းယန်တို့အကြောင်းကို အစားစားနေစဉ်အတွင်း ပြန်လည်စဥ်းစားကြည့်မိသည်။ နေ့ခင်းက ထမင်းစားစဉ် ရှန်းလေ့က နင်ရွှယ်ဆေးမည့် ပန်းကန်များကို ကူညီသယ်ယူ‌ပေးခဲ့သည်။


စွန်းအိုက်ကျွီလည်း ထိုအရာကို သတိထားမိသည်။ထို့ကြောင့်လည်း သူမက ရှန်းလေ့ကို အထင်ကြီး‌နေရခြင်းဖြစ်သည်။


"ရဲဘော်ရှန်းကိုကြည့်စမ်း… စွမ်းအင်တွေ အပြည့်နဲ့ အရမ်းလုပ်ချင်ကိုင်ချင်စိတ်ရှိတယ်… ဒါ့အပြင် ကျွန်မတို့ သမီးလေးက အိမ်အလုပ်မလုပ်တတ်ဘူးမလား… ဘာပဲဖြစ်ဖြစ် သူ့လို လက်ကြောတင်းတဲ့သူနဲ့ဆို ကလေးလည်း သက်သာတာပေါ့ ကူညီဖော်ရတာပေါ့…"


လင်မယားနှစ်ယောက် အတူနေကြသည့်အခါ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမ ဖြည့်ဆည်းရန် လိုအပ်သည်။ 

နင်ထန်က အပျင်းထူပြီး လောဘကြီးတတ်တဲ့သူ၊ နောက်တစ်ယောက်ကလည်း အပျင်းကြီးပြီး အလုပ်မလုပ်တဲ့သူဆိုရင် သူတို့ လင်မယားနှစ်ယောက် ဘယ်လိုရှင်သန်ကြမလဲ… အဲဒါဆို သူတို့နှစ်ယောက်လုံး သေဖို့ပဲကောင်းတယ်…


နင်ဝေ့ကောလည်း နင်ထန်အကြောင်းကို တွေးနေမိသည်။

"ငါတို့သမီးက ဟင်းမချက်တတ်ဘူးနော်… သူတို့ လက်ထပ်ပြီးရင် စားသောက်ရေး မခက်ခဲနိုင်ဘူးလား…"


ငြိမ်သက်နေသူ နင်ထန်က ဝင်ပြောသည်။

"ဒါဆို လက်မထပ်ခင် ဘယ်သူမှ မချက်တတ်ကြဘူးလား… လက်မထပ်ခင် ဟင်းမချက်တတ်တဲ့သူတွေက လက်ထပ်ပြီးတော့ရော ဒီတိုင်း အငတ်ခံသေသွားကြတာလား… အဖေ အဲ့ဒီလိုလူမျိုးမြင်ဖူးလား…" 


တစ်ညတာ ဆွေးနွေးပြီးနောက် မိသားစုများက စိတ်ကိုဆုံးဖြတ်‌ပြီးဖြစ်ကြသည်။ 


နောက်တစ်နေ့နံနက်တွင် နင်ဝေ့ကော နှင့် နင်ဝေ့တန့် စကားစမြည်ပြောကြည့်ရာ အချင်းချင်း လူတစ်ယောက်စီ သီခြားရွေးလိုက်ကြသည်ဆိုသည်ကို ကြားသိရ၍ ဝမ်းမြောက်‌နေကြ၏။ 


သတို့သမီးဘက်က ပြေပြေလည်လည်ဖြစ်သွား၍ ယခု သတို့သားဘက်က စဉ်းစားရပေမည်။


မနက်စာစားပြီးနောက် နင်ဝေ့တန့် မိသားစုက စုကျွင်းယန်ကို အိမ်ထဲကို ဆွဲခေါ်သွားသည်။ ထို့နောက် အိမ်ထောင်ရေးအတွက် အသေးစိတ်အချက်အလက်များကို ဆွေးနွေးခဲ့သည်။


မည်သည့်အရာကိုများ ဆွေးနွေးခဲ့ကြမှန်း မသိရသော်လည်း ပြန်ထွက်လာသောအခါ စုကျွင်းယန်၏မျက်နှာမှာ ပြုံးရွှင်နေကြောင်း ရိပ်စားမိနိုင်သည်။ ရှက်ရွံ့ဟန်ရှိ‌နေသော နင်ရွှယ်၏မျက်နှာကလည်း အဆင်ပြေကြောင်း သက်သေပြနေသည်။ 


ယခု ရှန်းလေ့ အလှည့်ရောက်‌လေပြီ။ နင်ဝေ့ကောက ရှန်းလေ့ကို အခန်းထဲသို့ ခေါ်သွားသည်။ စွန်းအိုက်ကျွီနှင့် နင်ထန်တို့ကိုလည်း အတူရှိနေစေ၏။ ခန်းမအတွင်းရှိ စတုဂံစားပွဲတွင်၊ နင်ဝေ့ကော၊ စွန်းအိုက်ကျွီ နှင့် နင်ထန်က တစ်ဖက်၌ ထိုင်နေသည်။ တစ်ဖက်တွင် ရှန်းလေ့ ရှိနေ၏။ သုံးယောက်သား သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေပုံက စမ်းသပ်စာမေးပွဲတစ်ခုလို ခံစားရစေသည်။


နင်ဝေ့ကောက ရှန်းလေ့ကို တိုက်ရိုက်မေးလိုက်သည်။

"ဒါဆို ရဲဘော်ရှန်း ဦးလေးသမီးကို ဘယ်လိုထင်လဲ…"


စိတ်မသက်မသာ ခံစားနေရသော ရှန်းလေ့က လန့်သွားကာ ရေခွက်ထဲမှ ရေတစ်ငုံသောက်လိုက်သည်။ ထို့နောက် နင်ဝေ့ကော၏ ရိုးရှင်းသောမေးခွန်းကို လည်ချောင်းရှင်းပြီး ပြောလိုက်သည် ။

 

“ဦးလေး ကျွန်တော် စစ်တပ်ထဲမှာ နင်ကျွင်းနဲ့အတူတူ အသင်းမှာရော၊ အနောက်ဘက်ခြမ်းမှာ အမှုထမ်းခဲ့ပါတယ်… နင်ကျွင်းကြောင့်သာမဟုတ်ရင် ကျွန်တော် ဒီကို မလာနိုင်လောက်ပါဘူး… ကျွန်‌တော့် မိဘနှစ်ပါးစလုံးက ငယ်ငယ်တုန်းကတည်းက ဆုံးသွားကြတယ်… ဦးလေးက နင်ကျွင်းရဲ့အဖေဆိုတော့ ဦးလေးကို ကျွန်တော့်အဖေလို ဆက်ဆံပါမယ်… ဦးလေးကို ကျွန်တော့်ဘက်က လျှိုထားစရာအကြောင်းမရှိပါဘူး…အခုလည်းတိုက်ရိုက်ပြောပါမယ်…"


ခေတ္တနားပြီးနောက် ရှန်းလေ့က ဆက်ပြောသည်။

"ကျွန်တော့်ရဲ့အခြေအနေကို ဦးလေးတို့ သိပါတယ်… ကျွန်တော်က ကလေးသုံးယောက်အဖေ၊ မုဆိုးဖို၊ အပြင်လူတွေကဆို ကျွန်တော်က ကံဆိုးမိုးမှောင်ကျစေတဲ့သူ၊မိသားစုအတွက် ကံဆိုးစေတဲ့သူလို့ ပြောကြတယ်… ဒီတော့ ကျွန်တော်က ဦးလေး သမီးကို ဘယ်လိုမြင်လဲဆိုတာ အရေးမကြီးပါဘူး… သူ ကျွန်တော့်ကို ရွေး၊မရွေးဆိုတာပဲ အရေးပါတာပါ…"


ရှန်းလေ့၏ စကားကိုနားထောင်ရင်း စွန်းအိုက်ကျွီက အစပိုင်းတွင် မျက်မှောင်ကြုတ်သွားသော်လည်း၊ နားထောင်ရင်းနှင့် တဖြည်းဖြည်း ဖြေလျှော့သွားမိသည်။

 

ရှန်းလေ့က တစ်ချက်ကြည့်လိုက်ပါက စကားမပြောတတ်သူလိုမျိုး စိတ်ဝင်စားစရာမကောင်းသော်လည်း သူ့ ပါးစပ်ကို ဟလိုက်ပါက၊ သူ့စကားကို နားထောင်ချင်အောင်လုပ်နိုင်သည်။ ရှန်းလေ့က သူ့အကြောင်းကို တစ်လုံးမှ မပြောပေ။ သူ၏ မြင့်မားသောလစာ သို့မဟုတ် အားသာချက်များ စသည်တို့ကို မဖွင့်ဟသွားပေ။ ထိုအစား အိမ်ထောင်ရေးနှင့်ပတ်သက်သော မိန်းကလေးဘက်ကိုသာ ရွေးချယ်ခိုင်းသည်။


စွန်းအိုက်ကျွီက ရှန်းလေ့နှင့် ပတ်သက်၍ နဂိုကတည်းက အထင်ကြီးနေသူပင်။ နင်ထန်သည်လည်း မူလက အသီးစားရန်လုပ်နေရင်း ရှန်းလေ့၏ စကားကိုနားထောင်မိကာ စားရမည်ကိုမေ့သွားတော့သည်။ သူမက မျက်လုံးကိုလှန်ကြည့်ကာ ရှန်းလေ့ကို သေချာအကဲခတ်နေမိရင်း စိတ်ဝင်စားလာပြီး အသီးကို ချထား၍ စိတ်ဝင်တစားနှင့် မေးလိုက်၏။

"တကယ်လား… ရှင်က ကံဆိုးစေတဲ့သူလို့ သူများတွေပြောကြတာလား… ဒါဆို ကျွန်မ ရှင့်ကိုလက်ထပ်ရင် ဘယ်လိုလုပ်မလဲ… ရှင် ကျွန်မဆီကို ကံဆိုးမှုတွေ ယူလာပေးမှာလား…"


စွန်းအိုက်ကျွီက စူးစူးရဲရဲကြည့်ရင်း ပြောလိုက်သည်။

"ဟယ် ဘာလျှောက်ပြောနေတာလဲ… အဓိပ္ပာယ်မရှိတာ…"


ရှန်းလေ့က အနည်းငယ်ရှက်သွားသော်လည်း နင်ထန်က သူ့ကို စေ့စေ့ကြည့်နေသောကြောင့် အဖြေပေးလိုက်သည်။

" ဒါတွေအားလုံးက ကောလဟာလတွေ ပျံ့နှံ့နေတာပါ… ကျွန်တော့်မိဘတွေက အလုပ်အလွန်အကျွံလုပ်လို့ ဆုံးသွားတာ… ကျွန်တော့်ဇနီးကလည်း ရောဂါနဲ့ ဆုံးသွားတာပါ…"


နင်ထန်က သူ့ကို မယုံကြည်မည်စိုး၍ သူ ထပ်ပြောလိုက်သည်။

"တကယ်လို့ ကျွန်တော်ကသာ ကံဆိုးစေပြီး အထီးကျန်နေမယ့်သူဆို ကျွန်တော့်ကလေးသုံးယောက်တောင် ရှိလာမှာမဟုတ်ပါဘူး…"


"ရှင့်မှာ ကလေးသုံးယောက်ရှိတယ် ဟုတ်လား…"


နင်ထန်က ယခုမှ သိသလိုမျိုး မေးလိုက်သောကြောင့် နင်ဝေ့ကော သက်ပြင်းချမိသည်။ သူ့သမီးက တကယ်ကို သေချာနားမထောင်ထားပေ။ မည်သည့်အပိုင်းကို သေချာမှတ်သားထားရမည်ဆိုသည်ကိုပင် မသိရှာပေ။


"ဟုတ်ပါတယ်… သားနှစ်ယောက်၊သမီးတစ်ယောက်၊ သားကြီးက ၇နှစ်၊ သမီးလတ်က ၅နှစ်၊ သားငယ်က ၃နှစ်ပါ"


နင်ထန် စိတ်ထဲတွင်မူ ကလေးသုံးယောက်ရှိနေခြင်းကြောင့် သူမအနေဖြင့် နောက်ထပ်ကလေးမွေးစရာမလိုတော့သည်ကို တွေးနေမိသည်။ သူမတို့ရွာထဲက မိန်းကလေးငယ်တစ်ယောက် ကိုယ်ဝန်ရှိ၍ ကလေးမွေးရန် မြို့ကိုတက်သွားသည်။ သို့သော် ကလေးမမွေးနိုင်၍ ကလေးရော၊ မိခင်ပါ အသက်ဆုံးခဲ့ရသည်။ သူတို့ခေတ်တွင် ကလေးမွေးခြင်းက လုံးဝ အသက်အန္တရာယ်မစိုးရိမ်ရဟု မပြောနိုင်ပေ။ ယခုခေတ်၏ ခေတ်မမှီသော ဆေးဝါးများကြောင့် သူမ အသက်ကို လောင်းကြေးမထပ်ချင်ပေ။ သူမ မနေနိုင်တော့ဘဲ စိတ်ထဲကအတွေးကို မေးလိုက်သည်။

"ရှင့်မှာ ကလေး ရှိပြီးသားဆိုတော့ ကျွန်မကို နောက်ထပ် ကလေးမွေးခိုင်းဦးမယ်လို့‌ တွေးထားသလား…"


ရှန်းလေ့က နင်ထန် ယခုလိုမေးမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူက နင်ထန်၏မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်နေသည်။

"အဓိကတော့ မင်းအပေါ် မူတည်တယ်… မင်းရဲ့ထင်မြင်ချက်ကို လေးစားပါတယ် ဒါပေမယ့်..."


သူက နင်ထန်ကို ထူးထူးခြားခြားပုံစံဖြင့် ကြည့်လိုက်သည်။

"ကျွန်တော့်ကိုလက်ထပ်ရင်တော့ ကလေးသုံးယောက်ရဲ့ မိထွေးဖြစ်လာမယ်… ကိုယ့်သွေးသားအရင်းကို မလိုချင်တဲ့မိန်းကလေးရှိပါ့မလား…"


စွန်းအိုက်ကျွီက သဘောတူပြီး ခေါင်းညိတ်ကာ နင်ထန် ၏နားကိုကပ်၍ တိုးတိုးပြောသည်။ 

"သူများ ကလေးတွေကို ပြုစုပျိုး‌ထောင်ရတာ လွယ်တယ်မှတ်နေလား… ကလေးတွေက နင့်ကို မရင်းနှီးမှာကို မကြောက်ဘူးလား… ပြီးတော့ ကလေးမယူရင်၊ နောင်တစ်ချိန်အသက်ကြီးသွားရင် ဘယ်သူက ကိုယ့်ကို ပြန်ပြုစုပါ့မလဲ…"


နင်ထန်က မျက်လုံးပြူးပြီး ပြောသည်။

 "သားသမီးအရင်းတိုင်းလည်း ပြန်လုပ်ကျွေးမယ်လို့ တွက်လို့မရပါဘူး… ဥပမာ ရွာအဝင်ဝမှာ နေတဲ့မိန်းမကြီးဆို သူ့မှာ သားသုံးယောက်ရှိတယ်၊ သူ့ခင်ပွန်းဆုံးသွားတယ်… သားတွေက သူ့ကို ပြန်မကြည့်ကြဘူး၊ မရှာကျွေးကြဘူး‌လေ… အခုဆိုကြည့် သူ တစ်အိမ်ပြီး တစ်အိမ် ဝင်ထွက်ပြီး စားသောက်ဖို့ တောင်းနေရတယ်လေ… ဟို‌နေ့က အမေ မှတ်မိလား… သူ အိမ်ဘေးက ဖြတ်သွားလို့ အမေ ပေါင်မုန့်နှစ်လုံးပေးလိုက်သေးတယ်မလား… ဒီလိုပဲ သွေးသားရင်း မဟုတ်တဲ့ကလေးတွေ မကောင်းဘူးဆိုတာလည်း ဟုတ်မ‌နေပါဘူး… သွေးသားရင်း ဟုတ်ဟုတ်၊မဟုတ်ဟုတ် လူတစ်ယောက်ချင်းစီ‌ပေါ်မှာဘဲ မူတည်ပါတယ်… ဟုတ်တော့ဟုတ်ပါတယ်၊ ပုံမှန်ဆို အရင်းအချာတွေက အရင်းမဟုတ်သူ‌တွေထက် ပိုကောင်းပါတယ်…"


နင်ထန်၏ စကားကိုနား‌ထောင်ရင်း စွန်းအိုက်ကျွီ မထိန်းနိုင်ဘဲလက်သီးကို ကျစ်နေအောင်ဆုပ်ထားလိုက်သည်။ 

"နင်ဟာလေ ငါ့လိုပဲ အမြဲတမ်း ခေါင်းမာတယ်…"


ရှန်းလေ့က နင်ထန်၏စကားကိုနားထောင်ကာ စိတ်ဝင်စားစွာ ဖြေလိုက်သည်။

"ကိုယ် သေရင် မင်းအတွက် သေချာစီစဉ်ပေးခဲ့ပါ့မယ်…ကိုယ့် သားသမီးသုံးယောက်က မင်းကိုပြဿနာမရှာ‌အောင် မင်းနဲ့ ရှိနေနိုင်အောင် လုပ်သင့်တာလုပ်ပေးမှာပေါ့…"


နင်ထန်က ရှန်းလေ့ကို သေချာကြည့်သည်။ လိမ်ညာပြောဆိုသူများကို သူမ မကြိုက်ပေ။ ရိုးသားပွင့်လင်းပြီး အရှိကိုအရှိအတိုင်း‌ပြောသူမျိုးကိုသာ သူမ သဘောကျသည်။ ထို့ကြောင့် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

"ကျွန်မနာမည်က နင်ထန်ပါ…တွေ့ရတာဝမ်းသာပါတယ်…"


ရှန်းလေ့က နင်ထန်၏မျက်လုံးများကိုကြည့်လိုက်ကာ သူ့လက်ကို ကမ်းပေးလိုက်၏။

"ကျွန်တော့်နာမည်က ရှန်းလေ့ပါ… ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်…"


စွန်းအိုက်ကျွီနှင့် နင်ဝေ့ကော နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ ကြင်ဖက်ရွေးခြင်းက ယခုလို အဆုံးသတ်သွားလိမ့်မည်ဟု မထင်ထားပေ။


နင်ဝေ့ကောက သိချင်သည့်သဘောဖြင့် မေးသည်။

"ဒါဆို ပြီးသွားပြီလား…"


ရှန်းလေ့က သူ့အိတ်ကပ်ထဲမှ ယွမ်နှစ်ရာ ထုတ်ယူကာ စားပွဲပေါ်တင်လိုက်၏။

" ဒါက တင်တောင်းငွေပါ…"


နင်ထန်ကလည်း ယူရန် တွန့်ဆုတ်မနေဘဲ ပိုက်ဆံအားလုံးကို စွန်းအိုက်ကျွီကို ပေးလိုက်သည်။

"အမေ ယူထားလိုက်ပါ…"


စွန်းအိုက်ကျွီက သူမကို စိုက်ကြည့်ပြီး ပိုက်ဆံပြန်ပေးလိုက်သည်။

" ကောင်မလေးကလည်း… နင့်အဖေနဲ့ ငါ့မှာ ပိုက်ဆံရှိပါတယ်… နင့်အစ်ကိုကလည်း သူ့လစာကို ပေးတယ်… ငါတို့ကလည်း ခြွေတာသုံးတယ်လေ… ဒီပိုက်ဆံက နင်ယူထားလေ၊ သုံးချင်တာသုံးရတာပေါ့..."


နင်ကျွင်းက ပိုက်ဆံရှာနိုင်သည်။ စစ်တပ်က ပေးသော အစားအသောက်ရိက္ခာများနှင့် နေထိုင်ရေးစရိတ်များ၊ လစာအပြင် လစဉ်ထောက်ပံ့ကြေးများလည်းရ၏။ နင်ကျွင်းက တစ်ပြားမှမသုံးဘဲ စွန်းအိုက်ကျွီဆီကိုသာ ပို့သည်။


နှစ်ကြာလာပြီဖြစ်၍ စွန်းအိုက်ကျွီလည်း ပိုက်ဆံများစွာ ချမ်းသာလာခဲ့သည်။ ထို့ကြောင့် နင်ထန်ကလည်း ယွမ်နှစ်ရာကို ယူထားလိုက်သည်။


ရှန်းလေ့ ထွက်သွားပြီးနောက် စွန်းအိုက်ကျွီက နင်ထန်ကို ခေါ်ကာ ပြောလိုက်သည်။ 

"နင်စဉ်းစားပြီးပြီလား… ရှန်းလေ့ကို တကယ်လက်ထပ်လိုက်ရင်... သူ့အခြေအနေက ဘယ်လောက်ကောင်းနေပါစေ… သူက ကလေးသုံးယောက်အဖေ မုဆိုးဖိုနော်… နင် မိထွေးဖြစ်သွားလိမ့်မယ်…"


စွန်းအိုက်ကျွီက သတိပေးပြီးနောက် နင်ဝေ့ကောက ပြောသည်။

 â€œá€„ဍတိုအ ဖျက်လိုက်ရင်ကောင်းမလား… သူက အသက်နည်းနည်းကြီးတယ်… သမီးက အပျိုလေး… မိထွေးဖြစ်ဖို့အထိတော့ မဖြစ်သင့်ဘူးထင်တယ်… ရွာထဲမှာ လူပျိုတစ်ယောက်ယောက်ကိုရှာလို့ရနိုင်ပါတယ်… ပြီးတော့ သမီးအတွက် ပထမဆုံး အိမ်ထောင်ရေးလေ ငါတို့သေချာစဉ်းစားသင့်တယ်…"


နင်ထန်က စဉ်းစားပြီးပြောသည်။

"အဖေနဲ့အမေ၊ သမီးကို ချစ်တာ သိပေမယ့် သမီး စဉ်းစားပြီးပါပြီ… ရှန်းလေ့က သင့်တော်တယ်လို့ထင်ပါတယ်… ပထမအချက်က ရှန်းလေ့ လစာက ကောင်းတယ်… စစ်သားဆိုတော့ သူ့ကျန်းမာရေးကလည်း ကောင်းတယ်… သူနဲ့လက်ထပ်ပြီးရင်လည်း သူ့ဇနီးဖြစ်သူက ခံစားခွင့်တချို့ရနိုင်သေးတယ်… တကယ်လို့ ရွာသားတစ်ယောက်နဲ့ အိမ်ထောင်ပြုမယ်ဆို သမီး ရွာမှာ နေရတာပဲ ရှိမယ်… လယ်ကွင်းထဲမှာလည်း အလုပ်လုပ်ရမယ်…"


နင်ထန် အလုပ်တစ်ခါ လုပ်ဖူးသည်။ နေပူပူ၊ ချွေးစိုစိုဒဏ်ကို သူမ လုံးဝ မခံနိုင်ပေ။ အရေပြားအလွှာကို မီးရှို့ထားသလိုမျိုးပူလောင်နေအောင် ခံစားရသည်။ အလုပ်လုပ်ရ၍ သူမ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်သည်။အထူးသဖြင့် ကျောနှင့်ခါးပင်။


နောက်တစ်ချက်က ရှန်းလေ့တွင် ကလေးသုံးယောက်ရှိသည်။ ဤသည်က အမှန်တကယ်တွင် အားသာချက်တစ်ခုပင်။


နင်ထန် ကလေး မမွေးချင်ပေ။ ရှန်းလေ့မှာ ကလေးသုံးယောက်ရှိပြီးသားဖြစ်၍ သူမ မွေးစရာမလိုတော့ပေ။ ထို့အပြင် ကလေးသုံးယောက်က ငယ်ငယ်လေးများ မဟုတ်ဘဲ အသက်ကြီးနေပြီဖြစ်၍ သူတို့ကိုယ်သူတို့ အချို့အသေးအမွှားတစ်ကိုယ်ရေတစ်ကာယ ကိစ္စများကိုဂရုစိုက်နိုင်သည်။


ရှန်းလေ့ကလည်း ဖခင်အရင်းဖြစ်သောကြာင့် သူမက သူတို့ကို အပေါ်ယံသာ စောင့်ကြည့်ရန်လိုသည်။ သူတို့ကလေးသုံးယောက်နှင့် အတူနေရန် သူမ တစ်ခါတည်း တွေးကြည့်ပြီးသားဖြစ်သည်။ မည်သို့ဆိုစေ အဆင်ပြေနိုင်သည်။

 

ထို့အပြင် သူမက မိထွေးဖြစ်၍ သွေးသားရင်းမဟုတ်သော ကလေးများကိုလည်း အလွန်အမင်းဂရုစိုက်နေစရာ မလိုပေ။


ထို့အပြင် သူမ၏ ယခင်အတွေ့အကြုံအရ၊ ဇာတ်ကွက်ကို ရှောင်လွှဲ၍မရပေ။ အရာအားလုံးက လမ်းကြောင်းအတိုင်းသွားနေပေမည်။ ဇာတ်ကွက်က သူမကို အကျင့်မကောင်းသော မိထွေးအဖြစ် ခိုင်းစေသည်။ ဤကြင်ဖက်ပွဲတွင် သူမ ရှန်းလေ့နှင့် လက်မထပ်ရပါက အနာဂတ်၌ ကွာရှင်းပြတ်စဲထားသော သို့မဟုတ် နောက်ထပ်မုဆိုးဖိုတစ်ယောက်နှင့် လက်ထပ်ရပေမည်။ ရှန်းလေ့မဟုတ်ပါက၊ ဝမ်လေ့ သို့မဟုတ် ကျန်းလေ့ စသည်ဖြင့် အရာရှိမုဆိုးဖိုတစ်ယောက်နှင့်တွေ့ရမည်က မလွဲပေ။


ထို့ကြောင့် ရှန်းလေ့လို အဆင်ပြေ၊ စကားပြောကောင်းသော လူနှင့် လက်ထပ်သည်က ပိုကောင်းသည်။ ထိုနေ့ညက နင်ထန်သည် စွန်းအိုက်ကျွီနှင့် နင်ဝေ့ကောတို့အား သူမ၏အတွေးအမြင်များကို ဆွေးနွေးပြလိုက်သည်။


စွန်းအိုက်ကျွီနှင့် နင်ဝေ့ကောတို့က ငြိမ်သက်ကာနားထောင်နေသည်။ သူတို့ အနည်းငယ် စိတ်ရှုပ်သော်လည်း ဝင်စွက်ဖက်ခြင်းမပြုပေ။ နင်ထန်ကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက် ချချင်ပေမည်။ အကယ်၍ သူမတို့အိမ်ထောင်ရေး အဆင်မပြေပါက အထက်ကိုတင်ပြပြီး ရှန်းလေ့ကို ကွာရှင်းပြတ်စဲရန် သတင်းပို့ရမည်။ ထို့နောက် နင်ထန်ကို သူတို့လင်မယားကသာ တစ်သက်လုံး စောင့်ရှောက်ရပေမည်။



🏝️🏝️🏝️