Chapter 5
Viewers 830

🏝️ Chapter 5

သိတတ်လိမ္မာသောမယား



အိမ်ထောင်ရေးကိစ္စက အဆင်ပြေသွားသော်လည်း ရှန်းလေ့နှင့် စုကျွင်းယန်တို့က စစ်တပ်မှ သုံးရက်သာ ခွင့်ယူခဲ့ခြင်းဖြစ်သည်။

  

အပြီးသတ်ပြီးနောက် သူတို့ နှစ်ယောက်က သက်ဆိုင်ရာ ယူနစ်များသို့ ပြန်သွားကာ သူတို့၏ အိမ်ထောင်ရေး အစီရင်ခံစာကို တင်ပြရမည်ဖြစ်သည်။


မေလ ၇ ရက် နံနက်တွင် 


ရှန်းလေ့နှင့် စုကျွင်းယန်က သူတို့ ယူနစ်ကို ပြန်သွားကြသည်။ ဇွန်လ ၄ရက်တွင် အစီရင်ခံစာကို အတည်ပြုခဲ့ပြီး၊ တရားဝင်လက်ထပ်ရန်အတွက် အဆိုပြုရန် သူတို့နှစ်ယောက် ရှန်းကန်ရွာသို့ ရောက်လာကြသည်။


စုကျွင်းယန်နှင့် နင်ရွှယ် နှစ်ယောက်လုံးက အပျို၊လူပျိုမဟုတ်သည့်အပြင် နောက်အိမ်ထောင်လည်းဖြစ်၍ ကိန်းကြီးခန်းကြီး မလုပ်ဘဲ ရိုးရှင်းသောမိသားစုညစာသာ စားသောက်ဖြစ်ကြသည်။


နင်ဝေ့ကောနှင့် စွန်းအိုက်ကျွီ သာ သူတို့သမီးလေး နင်ထန်အတွက် အားထုတ်ကာ ငွေများစွာထည့်ဝင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပရန်အတွက် ဧည့်သည်များလည်း ဖိတ်ခေါ်ခဲ့သည်။ ရွာသူရွာသားများသည်လည်း နေ့လည်စာစားရန်ပွဲသို့ ရောက်လာကြသည်။


ဇွန် ၈ ရက်၌ ရှန်းလေ့နှင့် စုကျွင်းယန်တို့က နင်ထန်နှင့် နင်ရွှယ်ကို ဟိုင်လန်ကျွန်းရှိ စစ်စခန်းဆီသို့ ခေါ်သွားမည်ဖြစ်သည်။


လက်ထပ်ပြီးနောက် ရှန်းကန်ရွာ၏ထုံးစံမှာ သတို့သမီးအတွက် ခန်းဝင်ပစ္စည်းကို သတို့သားက ပေးရမည်ဖြစ်သည်။ ၎င်းက အခြားမဟုတ်ဘဲ သတို့သမီးအတွက် အဝတ်အသစ်နှစ်စုံ ဝယ်ပေးရခြင်းပင်။ သို့ပါသော်လည်း ထိုကိစ္စက မိသားစုတစ်ခု၏ ဘဏ္ဍာရေးအခြေအနေပေါ်တွင်သာ မူတည်သည်။ ချမ်းသာသူက အဝတ်နှစ်စုံဝယ်ပေးနိုင်သည်။ ငွေကြေးမပြည့်စုံသူများက လက်ကိုင်ပုဝါများလည်း ဝယ်ပေး၍ရသည်။


ရှန်းလေ့နှင့် စုကျွင်းယန်တို့ ပထမတစ်ခါ လာချိန်က အလျင်လိုနေကြ၍ တင်တောင်းငွေမှတစ်ပါး ဘာမှ မဝယ်လာကြပေ။ ထို့ကြောင့် မင်္ဂလာဆောင်ပြီး သူတို့မထွက်ခွာမီ တစ်ရက်အလိုတွင် ရှန်းလေ့နှင့် စုကျွင်းယန်က နင်ထန်နှင့် နင်ရွှယ်ကို မြို့မှ ဌာနစတိုးဆီသို့ ခေါ်သွားပေးသည်။


ရှန်းကန်မှ မြို့သို့ရောက်ရန် ရွာတစ်ရွာကို ဖြတ်သန်းသွားလာရသည်။ ကွေ့ကောက်သော တောင်လမ်းမှ သွားရသဖြင့် ရွာထဲက မြည်းလှည်းကိုငှားသွားကြ၏။အကွေ့အကောက်များစွာ ဖြတ်လာပြီး နောက်ဆုံး သူတို့မြို့ကို နှစ်နာရီအကြာတွင် ရောက်လာသည်။


မြို့ထဲရောက်သည်နှင့် သူတို့ လေးယောက်သား ကုန်တိုက်ဆီသို့ ဦးတည်သွားကြသည်။ သူတို့ လိုအပ်သည့်အရာများက မတူနိုင်၍ နင်ထန်က ရှန်းလေ့နှင့် သွားသလို၊ စုကျွင်းယန် နှင့် နင်ရွှယ်က အတူတူသွားခဲ့ကြသည်။


စုကျွင်းယန်က နင်ရွှယ်ကို အသင့်ဝတ် အဝတ်အစားများ ရောင်းချသည့်ကောင်တာသို့ ဦးဆောင် ခေါ်သွားခဲ့သည်။သူက နင်ထန်ကို ပြုံးပြီ တစ်ချက်ကြည့်လိုက်သည်။

 "ကိုယ် အဝတ်ကူပွန်တွေ အများကြီး ယူလာတယ်… မင်းကြိုက်တာဝယ်ပါ…မင်းက သိပ်လှတော့ အဝတ်အစားလှလှလေးတွေနဲ့ဆို အရမ်းလိုက်မှာ…"


စုကျွင်းယန်က ချောမောခံ့ညားကာ စကားပြောကောင်းပြီး ရက်ရောသဖြင့် ကောင်တာရှိ အမျိုးသမီး အရောင်းစာရေးများက နင်ရွှယ်အား မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။ နင်ရွှယ်က ဖျတ်ခနဲ ပြုံးလိုက်သည်။

" ကျွန်မမှာ ဝတ်ဖို့အဝတ်အစား အလုံအလောက်ရှိပါတယ်… အမေက ကျွန်မအတွက် ဝတ်စုံအသစ် တစ်ထည်နှစ်ထည်ပေးထားတယ်… သူ့သမီး မင်္ဂလာဆောင်ပြီး အရမ်းစတိုင်ကျနေအောင်လို့တဲ့လေ…"


စကားပြောပြီးနောက် သူမက ကလေးဝတ်အထည်များရောင်းသော ကောင်တာဆီသို့ တည့်တည့်သွားခဲ့သည်။ထို့နောက် နက်ပြာရောင် ရှပ်အင်္ကျီတစ်ထည်ကို ကောက်ယူလိုက်သည်။ ပြီးလျှင် သူမက လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။

 "ရှင့်မှာ ကလေးနှစ်ယောက်ရှိတယ်မလား… ခုနစ်နှစ်ရှိပြီဆိုတော့ ကလေးတွေက ထွားလာပြီ… အဝတ်အစားတွေလည်း သူတို့နဲ့မတော်တာတွေ များနေမှာပဲ… ဒီအထည်တွေကို ဝယ်လိုက်ပါ… သူတို့အတွက် အဝတ်အစားဝယ်ဖို့ ကူပွန်နဲ့ပေးလိုက်လေ… ကျွန်မက ဘာမှ မလိုအပ်ပါဘူး…"


စုကျွင်းယန်က နင်ရွှယ် သူ့ကလေးများအတွက် အဝတ်ဝယ်ပေးမည်ဟု မမျှော်လင့်ခဲ့၍ အံ့ဩသွားရသည်။ ယခုလို ကြင်စဦးအချိန်မျိုးမှာပင် သူမက သူမအတွက် မဝယ်ဘဲ အိမ်မှာရှိနေသည့် သူ့(စုကျွင်းယန်၏)အမြွှာကလေးများအကြောင်း တွေးနေေသးသည်။ သူမ၏ ဆင်ခြင်ဉာဏ်ကြောင့် သူ အတော်ရင်ထဲထိသွားသည်။ သူမက သူ့ကလေးများအား ပြုစုစောင့်ရှောက်နိုင်သော မိထွေးတစ်ယောက်ဖြစ်လာမည်ပင်။


"ဒါဆို မင်းသဘောပါပဲ…"


နင်ရွှယ်က အမြွှာကောင်လေးများအတွက် အဝတ်အစားလေးထည်ကို ကောက်ယူလိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများက ယောက်ျားဝတ်အတွင်းခံအင်္ကျီကို မြင်သွားကာ ထိုအထည်အား ကောက်ကိုင်လိုက်ပြီး စုကျွင်းယန်ကို ပြောသည်။

"ရှင့်အတွက် အောက်ခံအင်္ကျီတစ်ထည်ဝယ်ပါရစေ… ဟိုင်လန်ကျွန်းမှာ နေပူတယ်လို့ ကြားတယ်… အတွင်းခံအင်္ကျီနဲ့ဆို နေရထိုင်ရတာ လေ၀င်လေထွက်ကောင်းလိမ့်မယ်…"


စုကျွင်းယန်က ကလေးများအတွက် အဝတ်အထည်များအား ဝယ်ရန် အထည်ကူပွန်အများစုကို အသုံးပြုပြီးဖြစ်သည်။ ထို့ကြောင့် သူက ခပ်တိုးတိုးပြောလိုက်သည်။

"ဒီအင်္ကျီမျိုးကလေ... စစ်တပ်က ကိုယ်တို့ကို သင်တန်းပေးတုန်းက ဒီလို ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့အဝတ်တွေပေးထားပါတယ်…"


နင်ရွှယ်က လိမ္မာပါးနပ်သူဖြစ်သည်။ သူမက ချီတုံချတုံဖြစ်နေသော စုကျွင်းယန်၏ စကားလုံးများနှင့် လှုပ်ရှားမှုများမှတစ်ဆင့် သူ့အိတ်ထဲမှာ အထည်ကူပွန်များ နည်းပါးနေမှန်း သိလိုက်သည်။ ထို့ကြောင့် စုကျွင်းယန် စကားမဆုံးမီ နင်ရွှယ်က ကြားဖြတ်ပြောသည်။

" ရပါတယ်… ကျွန်မမှာ အထည်တွေအများကြီးရှိတယ်… ရှင့်အတွက် ကျွန်မကူပွန်နဲ့ ဝယ်ပေးလိုက်ပါမယ်…"


နင်ရွှယ်က စုကျွင်းယန်ကိုပြောရင်း သူမဘက်ကို သူ့အား ဆွဲခေါ်လိုက်သည်။ စုကျွင်းယန် တုံ့ဆိုင်းသွားမိသည်။ 

"မင်းရဲ့ ကူပွန်ကိုသုံးဖို့ အဆင်မပြေဘူးနဲ့တူတယ်… ယောက္ခမက ကူပွန်တွေကို မှောင်ခိုဈေးကနေ ဈေးကြီးကြီးဝယ်ထားရတယ်လို့ကြားတယ်… နေပါ မင်းအတွက်ပဲ ဝယ်ပါ…"

 

နင်ရွှယ်က နှုတ်ခမ်းစူပြီး သူ့ကိုလှမ်းကြည့်သည်။

"ဘာတွေပြောနေတာလဲ ကျွန်မတို့က မိသားစုလေ… ရှင့်ရဲ့ကူပွန်ကိုချည်း သုံးလို့ဖြစ်ပါ့မလား… ကျွန်မရဲ့ ကူပွန်ကလည်း ရှင့်ဟာပဲ၊ အတူတူပဲမလား…"


နင်ရွှယ်က ရုပ်ရည်ကလည် အံ့မခန်းအောင်လှပသူပင်။ ယခုလို လိမ္မာပါးနပ်ကာ ကြင်နာနေသောကြောင့် စုကျွင်းယန် တစ်ကိုယ်လုံး လှိုင်းလုံးကြီးတစ်ခု လွမ်းခြုံလိုက်သမျိုး သူ့ခန္ဓာကိုယ်အနှံ့ သက်တောင့်သက်သာရှိကာ ဝမ်းသာနေမိသည်။

"ကောင်းပြီလေ ဒါဆိုလည်း မင်းသဘောပါပဲ…"


အင်္ကျီများဝယ်ပြီး၍ စုကျွင်းယန်က အိတ်အကြီး အသေးများအား လက်ထဲတွင် သယ်လာရင်း သူ့စိတ်ထဲတွင် အတွေးတစ်ခု စိုးမိုးထားသည်။

" ဒီလိုမယားမျိုးနဲ့သာဆို ဘယ်ခင်ပွန်းမျိုးက ဘာလိုအပ်နေပါဦးမလဲ…"


ထိုအချိန်တွင် ရှန်းလေ့နှင့် နင်ထန်တို့က တစ်ဖက်ရှိ ဖိနပ်ဆိုင်သို့ ရောက်ရှိလာသည်။ ရှန်းလေ့က‌ ဈေးဝယ်ရန်အတွက် နင်ထန်အား စတိုးဆိုင်တစ်ဆိုင်ကို ခေါ်လာခဲ့၏။ နင်ထန်က စတိုးဆိုင်ထဲကို တန်းတန်းမတ်မတ်ဝင်သွားသည်။ ဖိနပ်များက စတိုင်မျိုးစုံ ရှိသော်လည်း၊ သူမ၏ခေတ်လောက် မစုံပေ။ ထို့အပြင် ခေတ်မီသည်မျိုးက ရှားပါးသည်။ ယခုနှစ်များမှာ သိပ်လူမကြိုက်သော စတိုင်များသာရှိသည်။ 


နင်ထန်က အဖြူရောင် ပလတ်စတစ်သားဖြင့် ချုပ်ထားသော အမျိုးသမီးဝတ်ဖိနပ်တစ်စုံကို ကြည့်လိုက်သည်။ တစ်စုံလျှင် သုံးယွမ်ဟုရေးထား၍ အတော်လေးစျေးကြီးသည်။ သူမ ပြန်ချထားလိုက်ရာ ရှန်းလေ့က အမြန်ပင် ကောက်ယူပြီး စာရေးမလက်ထဲ ထည့်ပေးလိုက်သည်။


" ရှင် ငွေအများကြီးရှာနိုင်တာလား…"

နင်ထန်က ရှန်းလေ့၏လုပ်ရပ်ကြောင့် အံ့သြသွားသည်။ 


" အဆင်ပြေပါတယ်… ကိုယ်က မင်းကို ဈေးဝယ်ခေါ်သွားမယ်လို့ ပြောထားတာပဲ… ကိုယ့်စကားကို တည်ရမှာပေါ့…"


နင်ထန် မျက်ခုံးပင့်လိုက်သည်။

"ရှင် ပုံမှန်ဆို သုံးယွမ်တန်ဖိနပ်မျိုး ဝယ်လေ့ရှိလား…"


" မင်းပြောတာလည်း ဟုတ်ပါတယ်လေ… ပိုက်ဆံဆိုတာ သစ်ပင်ပေါ်က ရတာမဟုတ်ပါဘူး…"

ရှန်းလေ့က ပြန်ဖြေသည်။

"ကိုယ့်အတွက်ကတော့ စစ်တပ်က ဖိနပ်တွေ ထုတ်ပေးတယ်… ကိုယ် အဲဒါပဲစီးတယ်…"


နင်ထန် ရှန်းလေ့၏ခြေထောက်ကို ကြည့်လိုက်သည်။ အမှန်ပင် စစ်တပ်ကထုတ်ပေးသော အစိမ်းရောင်ရော်ဘာဖိနပ်တစ်ရံ စီးထားသည်ကို မြင်၏။ ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ စီးထားပုံရသည် အနားသပ်များက အခွံကွာနေကာ မလှတော့ပေ။


ဖိနပ်ဝယ်ပြီးနောက် ရှန်းလေ့က နင်ထန်ကို အထည်ဆိုင်သို့ခေါ်သွားပြန်သည်။ ထို့နောက် မုန့်ဆိုင်တွင် နင်ထန်က မုန့်နှစ်ပေါင်၊ သကြားလုံးအိတ်ပေါင်းများစွာအပြင် အသီးအချို့ဝယ်ပြန်သည်။


ခဏလောက် လမ်းလျှောက်ပြီးသည်နှင့် ရှန်းလေ့၏လက်ထဲတွင် အိတ်ကြီးအိတ်ငယ်များဖြင့် ပြည့်နှက်နေသည်။ နင်ထန်ကမူ ဝယ်လာသည်များကို ကျေနပ်လျက်ရှိသည်။


စုံတွဲနှစ်တွဲဆုံသောအခါ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်သည်။ ရှန်းလေ့နှင့် နင်ထန်တို့ ဝယ်လာသည့်အရာအားလုံးက နင်ထန်၏ ပစ္စည်းများပင်။ နင်ထန် အတွက် အ၀တ်အစား၊ အသားအရေထိန်းပစ္စည်းများ၊ အစားအသောက်များအပြင်၊ နင်ဝေ့ကောနှင့် သူ့ဇနီးစွန်းအိုက်ကျွီအတွက် နေ့စဉ်သုံးပစ္စည်းများပင် ဝယ်ခဲ့သည်။


စုကျွင်းယန်နှင့် နင်ရွှယ်ကမူ စုကျွင်းယန်၏ အမြွှာကလေးများဖြစ်သော စုကွမ်းကျုံးနှင့် စုယောင်ကျူးအတွက် အဝတ်အစားများ၊ စုကျွင်းယန်၏ အောက်ခံအင်္ကျီနှင့် စုကျွင်းယန် ကြိုက်သော စီးကရက်တံဆိပ်တို့ ဝယ်လာကြသည်။ ပစ္စည်းများစွာပါလာသော်လည်း နင်ရွှယ်အတွက် တစ်ခုမှ ပါမလာပေ။


သူတို့လေးယောက်က မြည်းလှည်းဖြင့် အိတ်များ တင်ဆောင်လာကာ ရှန်းကန်ရွာသို့ ပြန်လာကြ၏။ကွေ့ကောက်သော တောင်လမ်းများကိုလည် အလာကလိုပင် ဖြတ်ကျော်လာရ၏။ စုကျွင်းယန်က ရှေ့တွင်ထိုင်နေရင်း ရှန်းလေ့အား ကြွားဝါပြီးပြောလိုက်သည်။

"ငါ့မိန်းမအကြောင်း မင်းကိုပြောဦးမယ်… ငါသူ့ကို စတိုးဆိုင်ကိုခေါ်သွားတော့ သူက ဘာပဲကြိုက်ကြိုက်၊ မဝယ်ဘူး… အဲဒီအစား သူက ငါတို့သားအဖအတွက်ပဲ ဝယ်ပေးတယ်…ကျစ်...ကျစ်... နင်ရွှယ်က တကယ်ကို ရက်ရောတယ်ကွ…" 


စုကျွင်းယန်က ရှန်းလေ့မှာ သူ့စကားအား အာရုံစိုက်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ရှန်းလေ့ သူ့ကိုအားကျနေသည်ဟုထင်ကာ ဝယ်လာသော သူ့အင်္ကျီ၊ Double Happiness အမှတ်တံဆိပ် စီးကရက်များအား ထုတ်ပြလိုက်သည်။


"ငါ အစက နင်ရွှယ်အတွက် မျက်နှာလိမ်းဖို့ ကမာဆီ ဝယ်ပေးဖို့တွေးနေတာ… ဒါပေမယ့် သူက မလိုအပ်ဘူးလို့ ပြောတယ်… သူ့မျက်နှာကို ရေနဲ့ပဲသစ်မယ်တဲ့… ပြီးတော့ သူက ငါ့ကို အကြံပေးတယ်… ပိုက်ဆံစုပြီး စီးကရက်နှစ်ဘူးဝယ်ပါတဲ့၊ ပွဲရှိရင် သောက်လို့ရတာပေါ့တဲ့…"


"အင်း..."

စုကျွင်းယန် သက်ပြင်းချလိုက်သည်။

" ဒီလိုမျိုး ဇနီးကောင်းနဲ့ ငါ လက်ထပ်ရတာ ကံကောင်းတာပဲ… ငါ့ဇနီးဟောင်းဆို ဘယ်လောက် အသုံးစရိတ်ကြီးလိုက်သလဲ…"

 

ရှန်းလေ့က ပြောသည်။

"မင်းရဲ့ ဇနီးဟောင်းကလည်း ဆိုးနေတာမဟုတ်ပါဘူး… သူက မင်းအတွက် အမြွှာလေးတွေ မွေးပေးပြီး ပြုစုစောင့်ရှောက်ပေးတယ်မလား… အိမ်မှုကိစ္စတွေကိုလည်း နေ့တိုင်းလုပ်တယ်… အဲဒါကတင် သူ့အတွက် အရမ်းခက်ခဲနေပါပြီ…"

 

သူတို့ပြောနေသူက လူတစ်ယောက်တည်းပင်။ သို့သော် ပြောသူက ကွဲပြားနေ၏။ ၎င်းကြောင့် လမ်းခွဲခြင်း သို့မဟုတ် ကွာရှင်းပြီးနောက် အပြုအမူတို့က ပြောင်းလဲတတ်ကြောင်းပြသနေပေ၏။ ရှန်းလေ့က စုကျွင်းယန်ကို အနည်းငယ်အထင်သေးမိသည်။ ဇနီးဟောင်းအကြောင်း မကောင်းပြောနေခြင်းက သူ့တွင် ဇနီးအသစ်ရှိသောကြာင့်မှန်းသိသာနေပေ၏။ စုကျွင်းယန်၏ ဇနီးဟောင်းက လုံးဝ ဆိုးနေခြင်းမျိုးမဟုတ်ပေ။ သူမက ငွေကို ရူးရူးမိုက်မိုက် သုံးစွဲသော်လည်း အမှန်ပင် စုကျွင်းယန် နှင့် သားအမြွှာများဖြစ်သော စုကွမ်းကျုံးနှင့် စုယောင်ကျူးကို ဂရုစိုက်ပေးသည်။  


စုကျွင်းယန်က ရှန်းလေ့ကို အတင်းကပ်ကာ ဇနီးဟောင်းနှင့် နင်ရွှယ်တို့ကို အသေးစိတ်ကျကျယှဉ်ပြနေသဖြင့် ရှန်းလေ့ ခေါင်းမူးလာတော့သည်။ အဆုံးတွင် စုကျွင်းယန်က နောက်မှာထိုင်နေသော နင်ထန်ကိုကြည့်ကာ ဂုဏ်ယူစွာပြောသည်။

"အင်း ငါက အတော် မိန်းမကဲခတ်တတ်တာပဲ… နင်ထန် က မင်း ကိုင်တွယ်နိုင်တဲ့သူမျိုး မဟုတ်ဘူး… ဘဝရဲ့အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာလည်း အားကိုးမရလောက်ဘူး… သေချာတာကတော့ မင်းရဲ့ ခက်ခဲတဲ့နေ့ရက်တွေက မင်းကို စောင့်နေတယ်ဆိုတာပဲ…" 


ရှန်းလေ့ : "မင်း ဘာပဲပြောပြော ငါကတော့ စိတ်မဝင်စားဘူး…"


အထဲတွင်လည်း မိန်းကလေးနှစ်ယောက်က အစည်းအဝေးလုပ်နေသည်။ နင်ရွှယ်က တီးတိုးပြောနေသော်လည်း နင်ထန်က နားသာထောင်နေသည်။ သေချာသည်က နင်ရွှယ် တစ်ယောက်တည်းသာ တက်ကြွစွာ ပြောဆိုနေခြင်းပင်။


မြည်းလှည်းပေါ်၌ ထိုင်မိကြသောအခါ သူတို့ဝယ်လာသော အိတ်ကြီး၊အိတ်ငယ်များမှ ပစ္စည်းများကို အထင်းသားမြင်နေကြရသည်။ နင်ရွှယ်က နင်ထန် ဝယ်လာသည်များမှာ သူမ(နင်ထန်) သဘောကျသည့်အရာများ ဖြစ်ကြောင်းကိုသာ တွေ့လိုက်ရသည်။


သူတို့က ဝမ်းကွဲများပင်ဖြစ်သော်လည်း ဟိုယခင်ကတည်းက အဆင်မပြေကြပေ။ သို့သော် သူတို့က ယခု လက်ထပ်ပြီး ဟိုင်လန်ကျွန်းကို မိသားစုလိုက်၊ ပြောင်းရွှေ့ အခြေချရတော့မည်ဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ရန်လိုသည်။


သို့ဖြစ်၍ နင်ရွှယ်က နင်ထန်ကို စေတနာနှင့် သိသင့်သိထိုက်သည်များအား ပြောပြရန် စတင်လိုက်တော့သည်။

"ဝမ်းကွဲညီမ… ငါ နင့်ကို မဝေဖန်ချင်ဘူး… ဒါပေမယ့် နင် တခြားသူတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ မသိဘူးပဲ… နင် အခု အများကြီးဝယ်လာခဲ့တာနော်… ငါဆို ဘာမှမဝယ်လာဘူး…"


နင်ထန် အံ့အားသင့်သွားသည်။  

"ကျွန်မတို့ရွာက ထုံးစံအတိုင်းဆို လက်ထပ်ပြီးရင် သတို့သမီးအတွက် သတို့သားက ပစ္စည်းတွေဝယ်ပေးရမယ် မလား…"


နင်ရွှယ်က သူမကို ငေါက်သည်။

"အဲဒါအမှန်ပါပဲ… ဒါပေမယ့် နင်က အိမ်ထောင်ကျပြီး မိသားစု တစ်စုတည်ဆောက်ရတော့မှာ… နင် တစ်ခုခုဝယ်ရင် နင့်အတွက် ကြည့်တာလည်းဟုတ်တယ်… ဒါပေမဲ့ သူ့အတွက်လည်း ပြန်ကြည့်ရမယ်လေ… မိန်းမကောင်းတစ်ယောက်ဟာ ခင်ပွန်းကိုလည်း ဂရုစိုက်သင့်တယ်… သူ့အတွက်လည်း အပိုပစ္စည်းဝယ်ပေးသင့်တယ်၊ ဒါမှ အကျင့်ကောင်းတဲ့ မယားဖြစ်မှာပေါ့…"


နင်ထန်က နင်ရွှယ့်စကားကမှားမှန်းသိသော်လည်း မည်သို့ငြင်းခုံရမှန်းမသိပေ။

"ဒါဆို ယောက်ျားပိုက်ဆံနဲ့ ကျွန်မတို့က ဘာမှမဝယ်ရတော့ဘူးလား…" 


နင်ရွှယ်က သူမကို အံ့အားသင့်စွာကြည့်ရင်း ပြောလိုက်သည်။

"နင် ဟိုစကားကြားဖူးလား… ကိုယ့်လက်ထဲက နှင်းဆီပန်းကို သူများကိုပေးလိုက်ရင်တောင် ကိုယ့်လက်ထဲမှာ မွှေးရနံ့ကျန်နေတယ်ဆိုတာလေ… အဲ့လိုပဲ...ယောက်ျားအတွက် ပစ္စည်းဝယ်ပေးတဲ့အခါ သူတို့မှာလည်း အိမ်ထောင်ကျရတာ သိပ်ကောင်းပါလားဆိုတဲ့ ခံစားချက်ကြီးဖြစ်မသွားနိုင်ဘူးလား… သူ့အတွက်ဝယ်ထားတဲ့ အဝတ်အစားတွေဝတ်… သူ့မိန်းမ ဝယ်ပေးတဲ့ စီးကရက်ကိုသောက်… မိန်းမဖြစ်သူပေးတဲ့ငွေကို သုံးနေရရင် သူလည်း နင့်ကို ပစ်မထားတော့ဘူး… သူ့အပေါ်ကောင်းသလို သူ့မိန်းမအပေါ်ကိုလည်း တန်ပြန်ကောင်းလာမယ်လို့ နင်မထင်ဘူးလား… ဘာပဲဖြစ်ဖြစ် သူက နင့်ရဲ့ခင်ပွန်း၊ နင့်ရဲ့ကောင်းကင်၊ မြေကြီး၊ နင့်ရဲ့အားကိုးအားထားရာလေ…"

 

နင်ထန်၏ မျက်ခုံးများက တွန့်ချိုးသွားသည်။  

"ကိုယ့်လက်ထဲက နှင်းဆီပန်းကို သူများကိုပေးလိုက်ရင်တောင် ကိုယ့်လက်ထဲမှာ မွှေးရနံ့ကျန်နေတယ်ဆိုတဲ့ စကားပုံက အဲဒီလိုသုံးရတာမဟုတ်ဘူးထင်တယ်… နေပါဦး ကိုယ့်အတွက် ရသင့်ရထိုက်တဲ့ ပစ္စည်းကိုယူတာက ဘာများမှားနေသလဲ… ဘာပဲဖြစ်ဖြစ် ကိုယ် ပျော်ရတယ်လေ၊ ပြီးတော့ သူက ညီမ ခင်ပွန်းဖြစ်ရင်တောင် ကျောက်စိမ်းဧကရာဇ်လည်း မဟုတ်ဘူး သူ့ကိုချည်း ညှာတာနေစရာမလိုပါဘူး…"


နင်ရွှယ်က စကားတစ်ခွန်းအတွက် အရှုံးပေါ်နေရာမှ နောက်ဆုံးအနိုင်ပိုင်းလိုက်သည်။

"နင်က အထက်တန်းအထိမှ စာမသင်ဖူးတာ၊ နင် ဘယ်သိမလဲ,ငါ နင်နဲ့စကားမပြောချင်တော့ဘူး…"


နင်ထန် "..."



🏝️🏝️🏝️