Chapter 6
Viewers 838

🏝️ Chapter 6

အယုံသွင်းခြင်း



လမ်းအကွေ့အကောက်များအား ဖြတ်ကျော်လာပြီးနောက် နင်မိသားစုအိမ်အနီးရှိ တောင်ပေါ်လမ်းကို သူတို့ရောက်လာသည်။ 


စွန်းအိုက်ကျွီနှင့် ကျိုးယင်က သူတို့ အိမ်နားမရောက်မီကပင် ကြိုတင်လာ၍ နှုတ်ဆက်၏။ အိတ်များကိုလည်း ကူညီသယ်ယူပေးသည်။


စွန်းအိုက်ကျွီက သူတို့အနားကို ချဉ်းကပ်လာပြီး ရှန်းလေ့ အိတ်ကြီးအိတ်ငယ်များအား သယ်ပိုးလာသည်ကို တွေ့လိုက်သော် ချက်ချင်းပင် ရယ်မောလိုက်သည်။

"ဘာလို့အများကြီး ဝယ်လာတာလဲကွယ်…" 

 

နင်ထန်က ပြောသည်။

" သမီးအတွက် အဝတ်အစားတွေ၊ ဖိနပ်တွေ ဝယ်ခဲ့တယ်… အဖေကြိုက်တဲ့ မုန့်တွေနဲ့အမေ အကြိုက်ဆုံး အသီးအနှံတွေလည်း ပါတယ်လေ"


စွန်းအိုက်ကျွီက အလွန်ကျေနပ်သွားသော်လည်း သူမ၏မျက်နှာပေါ်တွင် မပြသခဲ့ပေ။

 "ပိုက်ဆံအများကြီး ကုန်တော့မှာပဲ…"


နင်ထန်က ရှန်းလေ့၏ပုခုံးကို မမှီမကမ်း ပုတ်လိုက်သည်။

"သမီး ယောက်ျားမှာ ပိုက်ဆံရှိတယ်လေ… မပူပါနဲ့…"


ရှန်းလေ့ "…"


တစ်ချိန်တည်းမှာပင် ကျိုးယင်က နင်ရွှယ်နှင့် စုကျွင်းယန်ထံသို့ အိတ်များအား ကူညီသယ်ယူပေးရန် လမ်းလျှောက်လာသည်။ သို့သော် တစ်ချက်ကြည့်လိုက်ရုံနှင့် သူမသဘောပေါက်သွားသည်။ သူမ ကူညီစရာပင် မလိုအပ်ခဲ့ပေ။ နင်ရွှယ်နှင့် စုကျွင်းယန် ဝယ်လာသည်များမှာ အတော်ပင် နည်းပါးလှသည်။ အဝတ်အစားနှင့် ပေါ့ပါးသောပစ္စည်းများ၊ သယ်ရလွယ်ကူသော စီးကရက်များသာ။ ကျိုးယင် လန့်ဖျပ်ကာ နောက်ဆုတ်ရင်း နင်ရွှယ်အား လက်ဖြင့်တို့၍ တိုးတိုးပြောသည်၊

"နင် ဘာလို့ ဒီလောက်မိုက်ရတာလဲ…ဘာလို့ နည်းနည်းပဲဝယ်လာတာလဲ… ပိုက်ဆံက စုကျွင်းယန် ပေးရတာလေ… ဘာလို့ ပိုမသုံးခဲ့တာလဲ… ဟိုဘက်က နင်ထန်ကို ကြည့် ဝယ်လာတာ အများကြီးပဲ…"


နင်ထန်က သူမထက် ထက်မြက်သည်ဟု တခြားသူများကပြောလာသောအခါ၊ နင်ရွှယ် သဘောမကျပေ။ အထူးသဖြင့် နင်ထန်က အလယ်တန်းအထိသာတက်ဖူးပြီး သူမက အထက်တန်းကျောင်းအထိပြီးထားသူပင်။ ဘွဲ့ရသူများကိုဆိုလျှင် ယခုခေတ်က အလွန်တော်သူများဟုချီးမြှောက်ကြသည်။ ယခုလည်း အလယ်တန်းအောင်နှင့် သူမလို အထက်တန်းအောင်အား အယှဉ်ခံရသည်ကို သူမ သဘောမကျချေ။ သူမလို အထက်တန်းအောင်သူပင် တစ်ရွာလုံးမှာ လက်တစ်ဆုပ်စာလောက်သာ ရှိသည်။ သူမက မြို့ကိုသွားကာ အထက်တန်းတက်ရသူများထဲမှ တစ်ယောက်ပင်။ သူမက အမြဲတမ်း ဤအချက်အတွက် ဂုဏ်ယူမိချေ၏။ ထို့ကြောင့် သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"အမေကလည်းလေ နင်ထန်က မသိတာပါ… အိမ်ထောင်ကျရင် သူနဲ့ကိုယ်က မိသားစုတစ်ခုဖြစ်လာမယ်လေ… ကျွင်းယန်ရဲ့ပိုက်ဆံက သမီးရဲ့ ပိုက်ဆံမို့လို့ သမီးလည်း သုံးလို့ရတာပါပဲ…"


ကျိုးယင် စဉ်းစားကြည့်ပြီးနောက် အဓိပ္ပာယ်ရှိနေ၍ သူမသဘောပေါက်သွားသည်။ နင်ရွှယ်က စိတ်အေးလက်အေး ဆက်ပြောသည်။

" ပြီးတော့ သမီးက ဒီဟာတွေကို ကျွင်းယန်နဲ့ သူ့ကလေးနှစ်ယောက်အတွက် ဝယ်လာတာ… သမီးက သူ့မိန်းမဖြစ်လာမှာလေ… အခုလို သူတို့အပေါ်ကောင်းပေးတော့ သူကလည်း နောက်ကျရင် သမီးကို တန်ဖိုးထားမယ်မလား… ကြည့်လိုက်ပါဦး နင်ထန်က နားမလည်တော့ သူ့အတွက်ပဲ ပစ္စည်းတွေဝယ်လာတယ်… ပြီးတော့ ဦးလေးနဲ့အဒေါ်အတွက်ရောပဲ… အခုဆို ရှန်းလေ့စိတ်ထဲမှာ ဘာဖြစ်နေမလဲဆိုတာ အမေတွေးကြည့်မိလား…"  


နင်ရွှယ်က နင်ထန်ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ နင်ထန်က သူမ ဝယ်လာသောအရာများအား မိခင်ဖြစ်သူကို ဂုဏ်ယူစွာ ပြသနေ၏။


 "နင်ထန်က ဘာမှ နားမလည်ဘူး… သူ့အတွက် ပစ္စည်းချည်းပဲ ဝယ်လာတယ်… သူ့အတွက်ရော ဦးလေးအတွက်ရော… အဒေါ်အတွက်ရော… ရှန်းလေ့ ဘာပြောမလဲဆိုတာ သူ စဉ်းစားကြည့်ရဲ့လားမသိဘူး…"


ကျိုးယင်က ယောင်တောင်ပေါင်တောင်နှင့် ယခုထိ သေသေချာချာ နားမလည်သေးပေ။ 

 "ဘာစဉ်းစားစရာရှိလို့လဲ… နင့်ရဲ့ဦးလေး နဲ့ အဒေါ်တွေက ရှန်းလေ့ရဲ့ယောက္ခမလေ၊ သူတို့အတွက် ပစ္စည်းတွေပါလာတယ်ဆိုတာ ပျော်စရာမဟုတ်ဘူးလား… သူ့ယောက္ခမအတွက် ဝယ်လာတယ်ဆိုတာကလည်း ပုံမှန်ပဲလေ…"


နင်ရွှယ်က ကျိုးယင်ကို မသိရန်ကောဆိုသည့်သဘောမျိုးနှင့် စိတ်မရှည်စွာ ကြည့်လိုက်သည်။  

"အမေက ဘာဖြစ်လို့ နားမလည်တာလဲ… အမေပဲ သမီးကို အမြဲတမ်း ပြောနေတာ မဟုတ်ဘူးလား… မိန်းမတစ်ယောက်ဟာ အိမ်ထောင်ကျတဲ့အခါ သူက တစ်စုံတစ်ယောက်ရဲ့ အပိုင်ဖြစ်လာတယ်ဆို… နင်ထန်လည်း ဒီလိုပဲလေ… သူက ရှန်းလေ့ နဲ့ လက်ထပ်လိုက်တော့ သူတို့ အခုဆို မိသားစုဖြစ်နေကြပြီ… ဒါပေမယ့် နင်ထန်က သူ့ခင်ပွန်းရဲ့ ပိုက်ဆံကို ဦးလေးတို့အတွက် ပစ္စည်းတွေ ဝယ်ပေးပြီး ဖြုန်းတီးနေတယ်… ရှန်းလေ့ရဲ့ မျက်လုံးထဲမှာ ဘယ်လိုမြင်နေမလဲ…"


ကျိုးယင် : "ဘယ်လိုမြင်နေမလဲ…"


နင်ရွှယ်က ပြောသည်။

" သူ့မိန်းမက သူ့ပိုက်ဆံကို မိသားစုဆီ ထောက်ပံ့နေတာကို ဘယ်ယောက်ျားက သဘောကျမှာလဲ… ကြည့်လေ ရှန်းလေ့က နင်ထန်ကို ကြည့်မရဖြစ်နေတာ…"


ကျိုးယင်က နင်ရွှယ်၏ သီအိုရီမှာ အနည်းငယ်ထူးဆန်းသည်ဟု ထင်မိသည်။ သူမ ငြင်းဆိုချင်သော်လည်း၊ မတတ်နိုင်ဘဲ နင်ရွှယ် အကြောင်းကို ပြန်စဉ်းစားမိသည်။ နင်ရွှယ်က သူမတို့ရွာ၏ ရှားပါးအမျိုးသမီးများထဲမှ တစ်ဦးပင်။ တစ်နည်းဆိုရသော် အထက်တန်းကျောင်းဆင်းဖြစ်သည်။ အထက်တန်းကျောင်းသားများက များသောအားဖြင့် ယောက်ျားလေးများပင်။ ခေတ်ပညာတတ်ဆိုလျှင်လည်း မိန်းကလေးရှားသည်။ မည်သို့ဆိုစေ၊ သေချာသည်က နင်ရွှယ် မမှား၊ နင်ထန် မှားခြင်းပင်။


ကျိုးယင်နှင့် နင်ရွှယ်တို့အချင်းချင်း တိုးတိုးပြောနေကြသောကြောင့် သူမတို့၏ ခြေလှမ်းများက သဘာဝအတိုင်း နှေးကွေးသွားသည်။ စုကျွင်းယန် နောက်ကို လှမ်းကြည့်လိုက်ရာ သူတို့နှစ်ယောက်သာ နှေးနေ သောကြောင့် မေးလိုက်၏။

"နင်ရွှယ် နဲ့အမေ မြန်မြန်လာလေ… ဘာလို့နှေးနေတာလဲ…" 


နင်ရွှယ်က ကျိုးယင် ကို အလျင်အမြန်ဆွဲခေါ်လိုက်ရင်း ပြုံးပြီး ပြောလိုက်သည်။

" ကျွန်မ ဖိနပ်တွေက ချောင်နေလို့ပါ…"


"အိုး ဟုတ်လား…"

စုကျွင်းယန်က ပြောသည်။


ကျိုးယင်က နင်ရွှယ်၏ စကားအား နားယောင်လိုက်ကာ သားမက်ဖြစ်သူအား ကောင်းကာင်းဆက်ဆံပေးပါက သူမ၏သမီးကိုလည်း သားမက်က ကောင်းပေးမည်ဟု အတွေးပေါက်သွား၏။ သို့ဖြစ်၍ သူမက စုကျွင်းယန် လက်ထဲမှာ အများကြီးမပါလာသော ပစ္စည်းများကို ကူသယ်ပေးရန်ပြောလိုက်သည်။

 

"သားမက်လေး အန်တီ ကူသယ်ပါရစေ…"


စုကျွင်းယန်က ပြုံးရင်း ကျိုးယင်၏လက်ကို ရှောင်လိုက်သည်။

"ရပါတယ် အမေ… ကျွန်တော် နိုင်ပါတယ်…"


ကျိုးယင်က မျက်မှောင်ကြုတ်ပြီး "ရပါတယ်" ဟုပြောကာ စွန်းအိုက်ကျွီကို လက်ညှိုးထိုးပြသည်။

"ဟိုမှာ ရှန်းလေ့ ပါလာတဲ့ သူ့ပစ္စည်းတွေကိုတောင် ယောက်မတို့က ကူညီသယ်ပေးကြတာပဲ ရပါတယ်…"


စုကျွင်းယန်က ပြောသည်။

" ဒါက ရှန်းလေ့ ဉာဏ်မမီတာပဲ… ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမသားတွေကို ပစ္စည်းတွေ သယ်ခွင့်ပေးတာဟာ လူကြီးလူကောင်းမပီသတာပဲ…"


အမှန်တကယ်တွင် စုကျွင်းယန် ဝယ်သမျှက အိတ်နှစ်အိတ်မျှသာ။ အိတ်တစ်လုံးစီကို လွယ်လွယ်ကူကူ သယ်သွားနိုင်သည်။ရှန်းလေ့က ပစ္စည်းအနည်းငယ် ပိုဝယ်ခဲ့၍ စွန်းအိုက်ကျွီနှင့် နင်ထန်တို့က ကူညီခဲ့ကြခြင်းဖြစ်သည်။သို့သော်လည်း လေးလံသောအရာများက ရှန်းလေ့၏လက်ထဲတွင် ကျန်ခဲ့သေးသည်။ နင်ထန်တို့က ပေါ့ပါးသောအရာများကိုသာ သယ်ကြသည်။


ကျိုးယင်နှင့်နင်ရွှယ်တို့က စုကျွင်းယန်၏ စကားကြောင့် လှည့်စားခံလိုက်ကြရသည်။ ကျိုးယင်က နင်ရွှယ်ကို ပြောလိုက်သည်။

"သမီးက တော်လိုက်တာ… စမတ်ကျတဲ့ သားမက်ကို ကောင်းကောင်းရွေးတတ်တာပဲ…"


နင်ရွှယ်ကလည်း ဂုဏ်ယူဟန်ဖြင့်ပြောသည်။

"ဟုတ်တယ်အမေ မြင်လား… သမီးတို့က သူ့ကို ကောင်းကောင်းဆက်ဆံရင် သူကလည်း ပြန်ပြီး ကောင်းကောင်း ဆက်ဆံလိမ့်မယ်… အဒေါ်က ရှန်းလေ့ ကို ပစ္စည်းတွေကူသယ်ရတယ်...အမေက ကူသယ်စရာမလိုဘူးလေ၊ အမြတ်ပေါ့…"


နင်မိသားစုအ်ိမ်သို့ ပြန်သွားကြသောအခါ ညစာစားချိန်ရောက်ပြီဖြစ်သည်။ နင်ရွှယ်က ထုံးစံအတိုင်း ခြံထဲသို့ ၀င်သွားသည်။ မီးဖိုချောင်မှာ ကူညီချက်ပြုတ်ရန် ကျိုးယင် လည်းလိုက်ပါသွားသည်။


စွန်းအိုက်ကျွီက ရှန်းလေ့ ပါလာသော ပစ္စည်းအားလုံးကို ယူလာပြီး အားလုံးကို ခွဲကာစီစဉ်သည်။ ဥပမာ- နင်ထန်အတွက် ဝယ်လာသော အဝတ်အစား၊ ဖိနပ်များကို သူတို့ ဟိုင်လန်းကျွန်းသို့ သွားသောအခါ ယူသွားနိုင်ရန် ခွဲသည်။တစ်ဖန် မုန့်များ၊ အသီးအနှံများကို ဖြည်ပြီး ယခု စားရန်လုပ်သည်။


နင်ထန်က စွန်းအိုက်ကျွီနောက်သို့ လိုက်သွားသည်။ စွန်းအိုက်ကျွီက ပစ္စည်းများနှင့် ပန်းသီးအိတ်များကို သိမ်းဆည်းနေရင်း နင်ထန် လက်ထဲသို့ ပန်းသီး နှစ်လုံးထည့်‌ပေးလိုက်သည်။

 "သွား... ရေဆေးပြီး စား…"


နင်ထန်က ဗိုက်မဆာ၍ သူ့လက်ထဲမှ ပန်းသီးနှစ်လုံးနှင့် ကစားနေသည်။ စွန်းအိုက်ကျွီကမူ နင်ထန် ပန်းသီးများအား ဆေးကြောရန် သွားနေသည်ဟု ထင်ကာ ဆက်လက် ပြင်ဆင်နေလိုက်သည်။ သို့သော် သူမ တစ်ဖက်ပြန်လှည့်သောအခါ နင်ထန်က နေရာတွင်ပင် ရှိနေသေးသည်ကို တွေ့လိုက်ရ၏။ သူမ မနေနိုင်ဘဲ ဆူလိုက်သည်။

"နင်က အိမ်ထောင်သည်ဖြစ်နေပြီ၊ အခုထိ ဘာလို့ ကလေးဆန်ပြီး ဆော့နေရတာလဲ…"


နင်ထန်က ပြန်ဖြေသည်။

"သမီးက လက်ထပ်လိုက်ပေမယ့်လည်း အမေ့သမီးက အမေ့သမီးပါပဲ…"


စွန်းအိုက်ကျွီက ပန်းသီးကို အခွံခွာပြီးသောအခါ နင်ထန် ကို ပေးလိုက်ပြီး အခန်းပြင်ကိုကြည့်ကာ တိုးတိုးလေးပြောသည်။

 "နင် ဒီနေ့ ပစ္စည်းတွေ အများကြီးဝယ်လာတယ်… အားလုံးက နင့်အဖေအတွက်ရော၊ အမေ့အတွက်ရောပဲ…"


စွန်းအိုက်ကျွီက ခုံတွင်ထိုင်ပြီး နင်ထန်၏ လက်ထဲက ပန်းသီးကို ဓားနှင့် အခွံနွှာလိုက်သည်။

"မိုက်လိုက်တာ… နင်က အိမ်ထောင်ကျပြီးပြီလေ… တစ်ဖက်သားကိုလည်း ကြည့်ရမယ်… ရှန်းလေ့က နင့်ကို တစ်ခုခုပြောသေးလား…"


ပန်းသီးစားနေေသာ နင်ထန်က ခေါင်းကိုယမ်းပြသည်။

 "ဘာမှ မပြောပါဘူး…"


ဈေးဝယ်ထွက်စဥ်ကလည်း နင်ထန်က သူမကြိုက်သောအရာကို ရွေးနေသည်။ ထိုစဉ် ရှန်းလေ့က သူမ နောက်မှာ နေနေသည်။ စွန်းအိုက်ကျွီက နားထောင်နေရင်း စိတ်သက်သာရာရသော်လည်း ပိုစိုးရိမ်လာသလိုပင်။ 

"သမီးရဲ့ ယောက်ျားက သမီးအပေါ် ဘယ်လိုထင်နေတာလဲ…"


"သူက ဘယ်လိုထင်ရမှာလဲ…"


စွန်းအိုက်ကျွီက နင်ထန်၏ ပေါင်ကို ရိုက်လိုက်သည်။

"ဟိုတစ်ခါ နင့်အဖေ ငါ့ကို လက်ကိုင်ပဝါ ဝယ်ဖို့ဆိုပြီး အတူသွားကြတုန်းက မှတ်မိသေးတယ်မလား… ဈေးကြီးတဲ့ လက်ကိုင်ပဝါတွေချည်း ငါ ရွေးဝယ်တာကို သူက ဘာမှမပြောဘူး… ပြီးခဲ့တဲ့ရက်ပိုင်းက ငါတို့ ရန်ဖြစ်ကြမှ အဲဒီအကြောင်းကို ပြောတော့တာပဲ…"

 

နင်ထန် အတော် အံ့သြသွားသည်။

"မဟုတ်သေးပါဘူး… အဖေက ဒီလို ဒေါသတွေ ဖြစ်တတ်တာလား…"


စွန်းအိုက်ကျွီက သူမကို မျက်စောင်းထိုးလိုက်သည်။ 

 "ဘာလဲ နင့်အဖေကို ဒေါသမထွက်တတ်ဘူး၊ မရွဲ့တတ်ဘူးများ နေထင်နေလား… ယောက်ျားတွေဆိုတာ တစ်ခါတလေ စိတ်ထဲက ကြိတ်တွေးနေကြတာ… သူတို့မျက်နှာမှာသာမပေါ်တာ… အသံကျယ်ကျယ် ထုတ်မပြောပေမယ့် စိတ်ထဲမှာမှတ်ထားကြတာ…"


နင်ထန်က ရှန်းလေ့တွင် ယခုလို အာဃာတများရှိနေမည်ဟု မထင်ထားပေ။ သူမကို ပစ္စည်းများ ဝယ်ပေးသောအခါ၌ သူ၏ စေတနာတရားကို သူမ မြင်ထားသည်။


"ဒီအကြောင်းကို ရှန်းလေ့ကို သမီး ပြောကြည့်ပါလား… ဒါဆိုရင် သမီးတို့ချင်းလည်း နားလည်လာကြမယ်… သူ့ရဲ့ ပိုက်ဆံသုံးစွဲတဲ့အလေ့အထကိုလည်း နားလည်လာမယ်…"


နင်ထန်လည်း အမေဖြစ်သူပြောသည်က တကယ်ဟုတ်မဟုတ် သိချင်လာသည်။ သူမ မေးပါကလည်း မည်သူ့ကိုမှ ထိခိုက်မည်မဟုတ်ပေ။ စွန်းအိုက်ကျွီက သူမ၏ အမေဖြစ်၍ သူမကို ဒုက္ခမပေးနိုင်ပေ။ ထိုမှတစ်ပါး၊ ရှန်းလေ့ကို အကဲဖြတ်ရန် ဤနည်းလမ်းကို အသုံးပြုနိုင်သည်။


ထို့ကြောင့် နင်ထန်က ရှန်းလေ့ကိုရှာရန် အခန်းထဲကထွက်လာသည်။ ရှန်းလေ့က ခြံထဲတွင် ထင်းခုတ်နေသည်။ သူ့အင်္ကျီလက်များကို အပေါ်ထိ လိပ်တင်ထားကာ ပုဆိန်ကို မြင့်မြင့်ကိုင်ထားပြီး ညာသံပေး၍ အားကြိုးမာန်တက်ပေါက်နေ၏။


"အိုက်ယား..."


နင်ထန်က နံဘေးတွင်ရပ်ကာ မျက်ခုံးပင့်ကြည့်ရင်း သူမကိုယ်သူမ တွေးမိသည်။

ရှန်းလေ့က တော်တော်သန်မာတာပဲ…


ရှန်းလေ့ မတ်တတ်ရပ်ပြီး အကြောအခြင်များအား ဆန့်တန်းလိုက်စဉ် သူ့မျက်လုံးထောင့်မှနေ၍ နင်ထန်ကို မြင်လိုက်ရသည်။

 "နည်းနည်း သတိထားပြီး နောက်ဆုတ်လိုက်ပါလား…ပျံထွက်လာတဲ့ သစ်သားပြားတွေ မှန်နိုင်တယ်…"


နင်ထန် ခေါင်းညိတ်ပြီး အနည်းငယ် နောက်ပြန်ဆုတ်ကာ ထင်းပုံကြီးပေါ် ထိုင်လိုက်သည်။

"ဟေး...ကျွန်မ ရှင့်ကို မေးစရာရှိတယ်…"

 

"ဘာများလဲ…" 


နင်ထန်က သူမလက်ဖြင့် ဒူးနှစ်ဖက်အားပွေ့ပိုက်ထားကာ မျက်နှာကို ဒူးပေါ် တင်လိုက်၏။ ထို့နောက် ရှန်းလေ့ အလုပ်လုပ်နေသည်ကို ကြည့်နေသည်။


" ဒီနေ့ ကျွန်မအတွက် ပစ္စည်းတွေ အားလုံးကို ဝယ်ခဲ့တယ်… ရှင့်အတွက် ဘာမှ မဝယ်ဖြစ်ဘူး… ဒါကို ရှင် စိတ်ဆိုးနေလား…"


ထိုစဉ် ကန့်လန့်ကာနောက်မှာ နားထောင်နေသော စွန်းအိုက်ကျွီက သမီးဖြစ်သူ၏ တုံးအ,ပုံကို မူးလဲလုမတတ် ဒေါသထွက်နေသည်။

 "မိုက်လိုက်တဲ့ ကောင်မလေး…ဘာလို့ တည့်ကြီးသွားမေးတာလဲ…"

 

ရှန်းလေ့က နင်ထန်၏မေးခွန်းကြောင့် အံ့အားသင့်သွားသည်။ ထို့နောက် သူက အလုပ်ဆက်လုပ်ကာ ပြောသည်။

" မင်းအတွက် ပစ္စည်းတွေဝယ်တာ ဘာမှားနေလို့လဲ… မင်းခင်ပွန်းအတွက် အဲ့ဒါတွေ ဝယ်ပေးစရာမလိုပါဘူး… ကိုယ်က မင်းကို လှစေချင်တယ်… အပြင်ထွက်တဲ့အခါ မင်းက ကိုယ့်ကြောင့် လှရတယ်ဆိုပြီး ဂုဏ်ယူနေစေချင်တယ်…"


ရှန်းလေ့ အလုပ်ဆက်မလုပ်တော့ဘဲ နင်ထန်ကို အလေးအနက်စိုက်ကြည့်လိုက်သည်။

" ယောက်ျားဆိုတာမျိုးက ဇနီးသည် သပ်သပ်ရပ်ရပ် ၀တ်ထားရင် အလိုလိုဂုဏ်တက်ရတယ်… ဇနီးကို ဘာမှမဆင်ဘဲ ယောက်ျားက တောက်ပနေအောင်ဝတ်ထားတာကို ယောက်ျားလို့ သတ်မှတ်လို့ရမလား…"


နင်ထန်က ရှန်းလေ့၏ စကားအလိမ္မာကြောင့် အံ့သြသွားသည်။ သူမ၏ယခင်ဘဝတွင်ပင် သူ့လို တွေးခေါ်တတ်ကာ၊နားလည်ပေးသော ယောက်ျားမျိုး ရှားပါးလှသည်။ ရှန်းလေ့က သားသမီး သုံးယောက်ကို ပြုစုပျိုးထောင်ရသော်လည်း၊ ဇနီးသည်ကိုပါ မညီးမညူလိုက်ပါစောင့်ရှာက်နိုင်မည့်သူမျိုးပင်။


ရှန်းလေ့၏စကားကို ကြားပြီးနောက် နင်ထန် သူ့ကို ပိုပြီး လေးစားစွာကြည့်နေမိသည်။


စွန်းအိုက်ကျွီက ခိုးနားထောင်ရင်း ငြိမ်နေမိကာ ရှန်းလေ့ကို ကျေနပ်နေမိသည်။ နင်ထန်က ပြုံးပြီး ရှန်းလေ့၏ပုခုံးကို လက်ဖြင့် ပုတ်လိုက်သည်။


"ရှင့်စိတ်ထားက အရမ်းကောင်းတယ်… ဒီတိုင်းလေး နေသွားပါ…"



🏝️🏝️🏝️