Chapter 7
Viewers 834

🏝️ Chapter 7

ဟိုင်လန်ကျွန်း



ဇွန်လ ၈ ရက် နံနက်ခင်း၊ လင်းကြက်မတွန်မီမှာပင် မိသားစုအားလုံး နိုးလာကြသည်။ ရှန်းကန်ရွာမှ ဟိုင်လန်ကျွန်းသို့ ခရီးခုနစ်ရက်နီးပါးကြာအောင် ရထားစီးကြရမည်ဖြစ်သည်။ လက်မှတ်များဝယ်ပြီး မနက် ၉ နာရီတွင် စောစောထွက်ပြီး ခရီးထွက်ရပေမည်။ 


နင်ထန်က မည်သည့်အခါကမှ စောစောမနိုးခဲ့ဖူးပေ။ အများအားဖြင့် သူမက မနက်မိုးလင်းသည်အထိပင် မထဖြစ်ပေ။ သို့သော် ယနေ့တွင် သူမ စောစီးစွာပင် မျက်လုံးကို မှိတ်တစ်ဝက်၊ ဖွင့်တစ်ဝက်ဖြင့် ဖြစ်နေတော့သည်။


စွန်းအိုက်ကျွီက ကြက်ဥပြုတ်၊ ပေါက်စီများ၊ ကန်စွန်းဥများကို ရထားပေါ်တွင်စားရန်အတွက် ပြင်ဆင်ပေးနေသည်။ နင်ထန်က ပြင်ဆင်ပေးနေသော စွန်းအိုက်ကျွီအနားသို့လာကာ ပြောလိုက်သည်။

"အမေ တော်ပါတော့…ပင်ပန်းနေပါပြီ…"

 

စွန်းအိုက်ကျွီက နင်ထန်၏လက်ကို သေချာကြည့်ကာ သူမ၏ရုပ်ကို စိတ်ထဲစွဲနေအောင် သေချာကြည့်သည်။

 

နင်ဝေ့ကောက ပင်မအခန်းတံခါးဘေးတွင် တစ်ယောက်တည်းထိုင်ကာ ဆေးလိပ်သောက်နေသည်။စီးကရက်ကို ငေးခနဲနေအောင် သောက်နေသော အဖေဖြစ်သူကိုကြည့်ကာ နင်ထန် စိတ်မသက်မသာ ခံစားရသည်။


စွန်းအိုက်ကျွီနှင့် နင်ဝေ့ကောတို့ကို သူမက မိဘအရင်းများလို မြင်လာခဲ့သည်။

"ဆိုရိုးစကားရှိတယ်မလား… အိမ်ကထွက်သွားရင် အိမ်ထမင်း၊ အိမ်ဟင်းကို တခြားဟင်းကောင်းတွေထက်ပိုတောင့်တတယ်တဲ့… အခု သမီးရဲ့နှုတ်ဆက်ထမင်းဟင်း‌လေးကို ကောင်းကောင်းလေး စားသင့်တယ်မလား…"


စွန်းအိုက်ကျွီက သူမကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မရဘူး၊ နင့်အဖေနဲ့ငါ အားလုံးစားပစ်လိုက်မယ်…"


နင်ထန်က ရယ်လိုက်သည်။

"သမီး အလည်ပြန်လာတဲ့အခါ ခေါက်ဆွဲလုပ်ကျွေးဖို့ မမေ့နဲ့နော်… အမေ လုပ်ကျွေးတဲ့ ခေါက်ဆွဲလေးကို ကြက်ဥပြုတ်… နှမ်းဆီနည်းနည်းထည့်ပြီးစားရင် အရမ်းစားကောင်းတာ…"


"အင်းပါ…"

စွန်းအိုက်ကျွီက စိတ်ခံစားမှုပြင်းပြ၍ ဆို့နင့်သောအသံဖြင့်ပြောလိုက်သည်။ ထို့နောက် နင်ထန်၏နှာခေါင်းကို လက်ညှိုးဖြင့် အသာအယာထိလိုက်သည်။ နင်ထန်က တံခါးဝမှာ ထိုင်နေကာ ဆေးလိပ်သောက်နေသည့် နင်ဝေ့ကောကို တစ်ချက်ကြည့်လိုက်သည်။


"အမေ အဖေ့ကို ဆေးလိပ်ဖြတ်ဖို့ ပြောရမယ်နော်… သူ လုံးဝမပြတ်နိုင်ဘူး… တစ်ချိန်လုံး သောက်နေတယ်…"


နင်ဝေ့ကော စီးကရက်ကို မြေပြင်ပေါ်သို့ဖိချေကာ သူ့ဖိနပ်နှင့် နင်းချေလိုက်သည်။

"အဖေ ကြားပါတယ်…"


နင်ထန်က လျှာကိုတစ်လစ်လေးထုတ်လိုက်သည်။ စွန်းအိုက်ကျွီ အချိန်ကို ကြည့်ရာ နေထွက်နေပြီဖြစ်မှန်း တွေ့လိုက်ရသည်။


"သွားဖို့အချိန်တန်ပြီ…"


နင်ထန် ခေါင်းညိတ်ပြီး စွန်းအိုက်ကျွီကို လက်ပြလိုက်သည်။  

"သမီးတို့ သွားတော့မယ်၊ အမေ…"


ရှန်းလေ့က ဘေးတွင် တိတ်တိတ်လေး ရပ်စောင့်နေရင်း နင်ထန် နှုတ်ဆက်စကားပြောသည်ကို ကြားသောအခါ သူလည်း လိုက်နှုတ်ဆက်သည်။ နှစ်ယောက်သား ဘေးချင်းကပ်လျက် လျှောက်သွားကြသည်။ နင်ထန်က ခြေလှမ်းအနည်းငယ်ရောက်တိုင်း စွန်းအိုက်ကျွီရှိရာ နောက်ဘက်ဆီသို့ လှည့်ကြည့်သည်။

"အမေ သမီး ဟ်ိုရောက်တဲ့အခါ စာရေးလိုက်မယ်နော်…"


မကြာမီတွင် သူတို့က အစက်လေးများသာမြင်ရသည်အထိ အဝေးသို့ ရောက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် နင်ရွှယ်လည်း နင်ဝေ့တန့် ၊ ကျိုးယင်နှင့် နင်သဲတို့အား နှုတ်ဆက်သည်။ နင်ရွှယ်က စကားများစွာ မပြောပေ။ လမ်းတစ်‌လျှောက်လုံး ကျိုးယင်နှင့် စုကျွင်းယန်သာ တတွတ်တွတ် ပြောနေကြသည်။


ကျိုးယင်က နင်ရွှယ်၏ လက်ကို ဆက်လက် ဆုပ်ကိုင်ထားကာ စုကျွင်းယန်နှင့် အဆင်ပြေပြေပေါင်းသင်းရန် သတိပေးနေလျက်ရှိသည်။ ယခင်တစ်ခါ အိမ်ထောင်ရေးလို လမ်းမခွဲရအောင် သတိပေးနေပေ၏။

 

စုကျွင်းယန်ကလည်း နင်ဝေ့တန့်နှင့် နင်သဲအား နင်ရွှယ်ကို သေချာဂရုစိုက်မည်ဟု ကတိအထပ်ထပ်ပေးနေသည်။ ဟိုင်လန်ကျွန်းက ပင်လယ်စာပေါများ၍ အစားအသောက်များ ပို့ပေးမည်ဟုလည်း ပြော‌နေသည်။


နင်ဝေ့တန့်ကလည်း ပါးစပ် နားရွက်ထိ ချိတ်လုမတတ် ပြုံးရွှင်နေတော့သည်။ နင်သဲ ပင်လျှင် ယခုတစ်ခေါက် သူ့အစ်မ အိမ်ထောင်ကျကံကောင်းပြီဟု တွေးနေမိလေသည်။

 

စုကျွင်းယန်နှင့် နင်ရွှယ်တို့က စကားများနေ၍ ရှေ့က ရှန်းလေ့ နှင့် နင်ထန်တို့က သွားနှင့်ပြီးဖြစ်သည်။ ပြီးခဲ့သည့် အကြိမ်၊ မြို့တွင်းရှိ စတိုးဆိုင်သို့ သွားသလိုပင် မြည်းလှည်းကိုစီးကာ ရထားဘူတာကို သွားရမည်ဖြစ်၏။


ရှန်းလေ့နှင့် နင်ထန်တို့က ဦးဆုံးရောက်လာ‌၍ ရထားဘူတာရုံတွင် ကျန်နှစ်ယောက်ကို စောင့်နေရသည်။ ရထားစီးခါနီးအချိန်ကျမှ စုကျွင်းယန်နှင့် နင်ရွှယ်က ချွေးများပြိုက်ပြိုက်ကျ၍ အမောတကော ရောက်လာသည်။ နင်ထန် သူတို့ကို မထွက်ခွာမီကတည်းက အမြန်လာကြရန် အကြိမ်ကြိမ်သတိပေးခဲ့သည်။ သို့‌သော် သူတို့နှစ်ယောက်စလုံး စကားများ‌နေ၍ ယခုကဲ့သို့ ရထားမမှီတော့မလို ဖြစ်ရခြင်းပင်။


ယခုခေတ်က ရထားစီးသူ များများစားစား မရှိသော်လည်း ဇွန်လသည် ခရီးသွားများတတ်သော ရာသီဖြစ်၍ ခုံသိပ်မရပေ။ ကံကောင်းထောက်မစွာဖြင့် ရှန်းလေ့နှင့် စုကျွင်းယန်တို့ လေးယောက်ခုံ ရသွားသည်။ အတွဲတစ်ခုတည်းကဖြစ်ကာ၊ လေးယောက်မျက်နှာချင်းဆိုင်ထိုင်ရသော ခုံတန်းနှစ်ခုပင်။


နင်ထန် တွဲထဲကို ဝင်သွားလိုက်ရာ မျက်နှာချင်းဆိုင်ထားသော အစိမ်းရောင် ထိုင်ခုံရှည်နှစ်လုံးကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်က သပ်သပ်ရပ်ရပ်ရှိ၍ မတ်တတ်ရပ်သည်ထက် ထိုင်စီးရသည်က ပိုကောင်းသည်မှာအမှန်ပင်။


သို့သော် ရှန်းလေ့နှင့် စုကျွင်းယန်တို့‌ပြောသလို ခုနစ်ရက်လောက် ထိုင်စီးရမည့်အကြောင်း တွေးမိသောအခါ ယခုကတည်းကပင် နာကျင်ကိုက်ခဲလာသလိုပင်။


ထို့နောက် နင်ထန်က စွန်းအိုက်ကျွီ လမ်းတွင်စားရန် ထည့်ပေးလိုက်သော ကြက်ဥ၊ ပေါက်စီနှင့် ကန်စွန်းဥများအား အိတ်ထဲကထုတ်ကာ လေးယောက်သား မျှဝေစားကြသည်။ညဘက်ဆိုလျှင် သူတို့အားလုံး မီးရထားပေါ်က အစားအသောက်များ မှာစားကြသည်။ အစားအသောက်များက အရသာရှိပြီး စျေးနှုန်းသင့်တင့်သည်။ နှစ်ယွမ်ရှိရုံဖြင့် အသားတစ်ဘူး၊ ဟင်းသီးဟင်းရွက်ပန်းကန် ဝယ်စားနိုင်သည်။


မနက်စောစောထကာ ထွက်လာရ၍ အားလုံး ပင်ပန်း‌နေကြသည်။ ညစာစားပြီးသည်နှင့်၊ သန့်စင်ခန်းဝင်ကာ ကိုယ်လက်သန့်စင်ပြီး အိပ်ရန်ပြင်ဆင်ကြသည်။


အစိမ်းရောင် ကျောမှီကုလားထိုင်က သေးသေးလေးဖြစ်၍ လူနှစ်ယောက်ထိုင်ဖို့ပင် အနိုင်နိုင်ဖြစ်သည်။တစ်ယောက်တည်းထိုင်ပါက၊ လှဲလျောင်းလျက်၊ ခြေဆန့်ကာအိပ်နိုင်လောက်မည်။


ရှန်းလေ့က ထိုင်ခုံများကို တစ်ချက်ကြည့်လိုက်ကာ ခုံတစ်ခုလုံးကို နင်ထန်အား ပေးသည်။

"မင်းပဲ အိပ်ပါ…"


နင်ထန် မျက်ခုံးပင့်လိုက်သည်။

"ရှင်ကရော..."


ရှန်းလေ့က တစ်ဖက်ကို ထွက်သွားပြီး ခရီးဆောင်အိတ်ထဲကအဝတ်ထုပ်တစ်ထုပ်ကို တစ်ချက်၊ နှစ်ချက်ခန့် လှုပ်ယမ်းကာ နင်ထန်အား ခေါင်းအုံးအဖြစ်သုံးရန် ပေးလိုက်သည်။ 


"ကိုယ်ကတော့ ဒီတိုင်းပဲ ခဏလောက် မှိန်းလိုက်မယ်…" 


နင်ထန် အနည်းငယ် ရှက်သွားသည်။

"အလှည့်ကျ အိပ်မယ်ဆိုရင်ရော ဘယ်လိုလဲ… ကျွန်မ ခဏအိပ်၊ရှင်က နောက်တော့ အိပ်ပေါ့…"


 "ရပါတယ် မင်း အိပ်ပါ… အနောက်မိုးသစ်တောမှာတိုက်ပွဲဖြစ်တုန်းဆို မျက်လုံးတစ်ဖက်ကို ဖွင့်၊ တစ်ဖက်က ပိတ်ပြီး အိပ်ရတာ… အခုလို ခေါင်းမှီစရာရှိနေတာနဲ့တင် အရမ်းကောင်းနေပြီ… ကိုယ်က အဲဒါကို ကျွမ်းနေပြီမို့ စိတ်မပူပါနဲ့… မင်း စိတ်ချလက်ချ အိပ်ပါ…"


နင်ထန် မအိပ်မည်ကို ကြောက်နေသလိုပင် ရှန်းလေ့က သေသေချာချာရှင်းပြသည်။ ထိုသို့ပြောပြီးနောက် နင်ထန်လည်း ဘာမှဆက်မပြောဖြစ်တော့ပေ။


 "ကောင်းပြီ ဒါဆို ကျွန်မအိပ်တော့မယ်နောမ…"


တစ်နေ့ကုန် ပင်ပန်းထား၍ နင်ထန် ထိုင်ခုံပေါ်တွင် အဝတ်အစားအထုပ်ကိုခေါင်းအုံးလုပ်၍ အိပ်လိုက်ရာ မကြာမီမှာပင် ဟောက်သံတိုးတိုးလေးပင် ထွက်လာရတော့သည်။


ရှန်းလေ့က အနားတွင် ရှိနေကာ ထိုင်ခုံကိုမှီ၍ သူ့မျက်လုံးများကို မှိတ်ထားသည်။ သူ အိပ်နေသလား၊မအိပ်နေသလားကို မည်သူမှ မသိနိုင်ချေ။ ။


နင်ရွှယ် သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် မနာလိုဖြစ်မိကာ စုကျွင်းယန်ကို တောင့်တသောအကြည့်ဖြင့် ကြည့်လိုက်သည်။


စုကျွင်းယန်က နင်ရွှယ်၏အကြည့်ကို သဘောပေါက်ပြီးတိုးတိုးလေးပြောသည်။

"မင်း ကိုယ့်ကို မှီပြီးအိပ်လည်းရတယ်နော်… ကိုယ် မင်းကို အသာလေး ဖက်ထားပေးမယ်… မင်းလည်း အိပ်လို့အဆင်ပြေမှာပါ…"


နင်ရွှယ် ပြန်မပြောနိုင်တော့ပေ။ ထိုင်ခုံက မာနေကာ သေး၍ လူနှစ်ယောက်အိပ်ရန်အတွက် အဆင်မပြေပေ။သို့သော် စုကျွင်းယန်က သူမကို ဖက်ထားရင်း အိပ်မည့်အကြောင်းစဉ်းစားလိုက်ရာ ချိုမြိန်ခြင်း၏ အရိပ်အမြွက်များက သူမ နှလုံးသားထဲတွင် ခုန်ပေါက်သွားသည်။ထို့ကြောင့် သူမလည်း "ကောင်းပြီ" ဟု ချိုသာစွာ ပြောကာသဘောတူလိုက်သည်။

 

နင်ထန် ကောင်းကောင်းအိပ်စက်ခွင့်ရပြီး နောက်နေ့မနက်မှာ လန်းဆန်းစွာနိုးထလာသည်။ တစ်ဖက်တွင် စုကျွင်းယန် နှင့် နင်ရွှယ်တို့မှာ ခက်ခက်ခဲခဲထိုင်ပြီး တစ်ညလုံးအိပ်ရ၍ လည်ပင်းနှင့် ခါးမှာ၊ ကျိုးလုနီးပါးဖြစ်ခဲ့သည်။ ခရီးက ရှည်လျား၍ လမ်းတစ်လျှောက် စကားစမြည်မပြောဖြစ်ကြပေ။


ပြတင်းပေါက်မှ ရှုခင်းများကို မြင်တွေ့ရပြီးနောက် နောက်ဆုံး သူတို့ ဦးတည်ရာကို ရောက်လာသည်။


ရထားပေါ်ကဆင်းပြီးနောက် နင်ရွှယ်က စုကျွင်းယန် ကို မေးလိုက်သည်။

 "ကျွန်မတို့ ဟိုင်လန်ကို ရောက်ပြီလား…"


စုကျွင်းယန်က ရယ်လိုက်သည်။

" မဟုတ်ဘူး နီးတောင်မနီးသေးဘူး… အခုက ဝမ်ခရိုင်၊ ကျန်းမြို့မှာ တစ်ခါရပ်တာ… အဲ့ကနေ သုံးနာရီကျော်ကြာလှေစီးရမယ်…"


နင်ထန် နားများပင်အူမတတ် ဖြစ်သွားရသည်။ သုံးနာရီလောက် အချိန်ယူကာ လှေစီးရဦးမည်။ သို့သော် စဉ်းစားကြည့်ပါက၊ ခုနစ်ရက်ကြာ ရထားစီးခြင်းကို ကြံ့ကြံ့ခံခဲ့ပြီးဖြစ်၍ သုံးနာရီ လှေစီးရခြင်းက ဘာမှ မဖြစ်ပေ။


လေးယောက်သား လက်မှတ်ဝယ်ပြီး ဝမ်ခရိုင်၊ကျန်းမြို့မှ ဟိုင်လန်ကျွန်းသို့ စက်လှေနှင့် လိုက်ပါခဲ့သည်။ လှေက အလွန်ရိုးရှင်းပေသည်။ အဖြူရောင် သံချပ်များဖြင့်ကာရံထားပြီး ရေနှင့်ထိထားသော အချို့နေရာများမှာ အဝါရောင် သံချေးများ ပေါ်နေသည်။ နေရာကလည်း မကျယ်ပေ။ စက်လှေသမားက လှေကို ပဲ့ကိုင်နေသည်။ လေးယောက်လုံးအတွက် ထိုင်စရာနေရာလုံလောက် အောင်မရှိချေ။ ရေကူးကွင်းများနှင့် ငါးဖမ်းပိုက်များလည်း ဘေးနားတွင်တွေ့ရသည်။


ခရီးသည်တင်စက်လှေကြီးက အဆက်မပြတ်ရိုက်ခတ်နေသော လှိုင်းလုံးများကြောင့် လှုပ်ခတ်သွား၏။ လှေစီးရသည့် အတွေ့အကြုံက သာယာပျော်မွေ့ဖွယ် ကောင်းမနေချေ။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ရှုခင်းများက အလွန်လှပသည်။


ယခုညနေပိုင်းဖြစ်၍ ပင်လယ်လေတိုက်နေသောကြောင့် ရေပြင်တွင် လှိုင်းလုံးများပေါ်နေသည်။ ပင်လယ်ဘေးက ကျောက်ဆောင်၊ အငူများက ပင်လယ်မျက်နှာပြင်ကို ထိစပ်နေ၍ လှိုင်းများကို တဝုန်းဝုန်းရိုက်ခတ်စေလေသည်။


ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် နေဝင်ချိန်၏ အလှဖြစ်သော ပုစွန်ဆီရောင်လေးက ရေပြင်ပေါ် ထင်ဟပ်နေသည်။


ဟိုင်လန်ကျွန်းရှိ အဆောက်အဦးများကိုလည်း အလင်းကဖြာကျနေသည်။ လေးယောက်သား လှေပေါ် ရပ်ကာ၊ အနည်းငယ်ငန်သော ပင်လယ်လေညှင်း၏အနံ့ကို ခံစားရင်းညှို့ယူနေသော ရှုခင်းများအား ခံစားနေကြသည်။


ရှုခင်းများက တကယ့်ကို ရင်သပ်ရှုမောစရာပင်။ မျက်စိတစ်ဆုံးလှပသည့်မြင်ကွင်းကို ကြည့်ရင်း၊ အချိန်ကုန်မြန်လာသလိုပင်။ သုံးနာရီကြာ ခရီးသည်တင်စက်လှေစီးပြီးနောက် ဟိုင်လန်ကျွန်း၏ ဦးတည်ရာကို ရောက်လာသည်။


လှေသမားက အော်လိုက်သည်နှင့် နင်ထန် လှေပေါ်မှ ခုန်ချလိုက်သည်။ ယခုမှ သူမ ခြေထောက်ကို မြေကြီးနှင့်ထိတွေ့ခွင့်ရသွား၏။ သူမ လှေပေါ်မှ ဆင်းလိုက်သည်နှင့် လက်တွေ့ဘဝ၏ခံစားချက်ကို ပြန်လည်ခံစားလိုက်ရ၏။သူမတို့ ဆင်းသက်လိုက်သည့် နေရာက အနက်ရောင်ကျောက်အကြီးအငယ်များနှင့် ပြည့်နှက်နေသည့် ပင်လယ်ကြီး၏ဘေးနားမှ ကမ်းခြေတစ်ခုပင်ဖြစ်သည်။


အမျိုးသမီး တော်တော်များများက နေကာဦးထုပ်များ ဝတ်ဆင်ကြကာ လက်တစ်ဖက်တွင် ပုံးတစ်ပုံးစီဆွဲ၍ ကျောက်ဆောင်ပေါ်၌ ရပ်နေကြသည်။ သူတို့လက်တစ်ဖက်စီတွင် မီးညှပ်တစ်ခုအား ကိုင်ထားသည်။ သူတို့ဘက်ကို ကျောပေးပြီး ရံဖန်ရံခါ အနက်ရောင် ကျောက်တုံးများပေါ်တွင် သံချောင်းများဖြင့် ပေါက်လျက်ရှိသည်။ သူတို့ထဲက တစ်ယောက်က နင်ထန်တို့အုပ်စုကို သတိထားမိပြီး အနက်ရောင်ကျောက်တုံးကြီးပေါ်မှ အော်ဟစ်လိုက်သည်။


 "ဗိုလ်ကြီးရှန်း၊ ဒုဗိုလ်စု…"


ရှန်းလေ့နှင့် စုကျွင်းယန်တို့က ပြန်လည်တုံ့ပြန်ခဲ့သည်။

 "အစ်မလော…"


နင်ထန်က အပြာရောင်ဝတ်ထားသည့် မစ္စလောကို ကြည့်လိုက်သည်။ သူမက အဖြူကွက် ချည်ရှပ်အင်္ကျီကို အပေါ်က ဝတ်ထားကာ နက်ပြာရောင် ဘောင်းဘီတစ်ထည်ကို ခြေတစ်ဖက်ကလိပ်တင်၍ဝတ်ထားပြီး မြေကြီးရောင် ပလပ်စတစ်မိုးကာဖိနပ်ကို စီးထား၏။ ထိုဖိနပ်ပေါ်တွင် သဲများကပ်နေပုံက ရိုးစင်းစွာနေထိုက်သူဖြစ်ကြောင်းသိသာစေသည်။ နင်ထန်နှင့် နင်ရွှယ်ကလည်း လျင်မြန်စွာ ပြန်လည်နှုတ်ဆက်သည်။

"မင်္ဂလာပါ အစ်မလော…"


အစ်မလောက ပြုံးပြီး " မင်္ဂလာပါ" ဟု ပြန်ဖြေရင်း နင်ထန်နှင့် နင်ရွှယ်ကို အံ့အားသင့်စွာကြည့်လိုက်သည်။ ယခုလို လှပသော မိန်းကလေးများကို တွေ့ရခဲသည်။ သူမတို့ နှစ်ယောက်က ကျွန်းကို ယခင်ကရောက်လာဖူးသည့် ဖျော်ဖြေရေးအဖွဲ့တစ်ခုထဲက မင်းသမီးများလိုပင် အတော်ချောမောကြသည်။



🏝️🏝️🏝️