Chapter 8
Viewers 849

🏝️ Chapter 8 

လူတိုင်းမှာ အဖေရှိတယ်



ရှန်းလေ့က သူတို့နှစ်ယောက်ကို အမျိုးသမီးနှင့် မိတ်ဆက်ပေးသည်။

"ဒါက ပထမယူနစ်က နိုင်ငံရေးအရာရှိရဲ့ ဇနီး အစ်မလောပါ…"

 

"အစ်မကို အစ်မလောလို့ပဲ ခေါ်လို့ရပါတယ်…"


အစ်မလောက နင်ထန်နှင့် နင်ရွှယ်ကိုမေးသည်။

"ညီမတို့က ဗိုလ်ကြီးရှန်းနဲ့ ဒုဗိုလ်စုရဲ့ ဇနီးတွေ၊ ဟုတ်တယ်မလား…"


ရှန်းလေ့နှင့် စုကျွင်းယန်တို့ ကြင်ဖက်တွေ့ရန်အတွက် ခွင့်ယူကာ ထွက်သွားမှန်း သူမ သိသည်။ အိမ်ထောင်ရေးအစီရင်ခံစာတင်ခြင်းက တပ်သားများကြားတွင် နာမည်ကြီးသည်။ အထူးသဖြင့် အစ်မလော၏ ခင်ပွန်းသည်က အိမ်ထောင်ရေး အစီရင်ခံစာကိစ္စများကို ဦးစွာအတည်ပြုရ၍ သူမ သိနှင့်နေပေပြီ။

  

နင်ထန်နှင့်နင်ရွှယ်က ရှန်းလေ့နှင့် စုကျွင်းယန်ဘေးမှ နီးနီးကပ်ကပ်ရှိနေ၍ မြင်ရုံနှင့် သိသာထင်ရှားသည်။ အစ်မလောက သိလျက်နှင့် မေးခွန်းမေးလိုက်ခြင်းသာ။

 

နင်ရွှယ်က ပင်လယ်လှိုင်မူးလာ၍ အနားယူချင်နေသဖြင့် ဟက်ဟက်ပက်ပက်မရှိပေ။ အစ်မလောကို ပြုံးရုံသာ ပြုံးပြကာ ဝတ်ကျေတန်းကျေသဘောမျိုးပင်။ အစ်မလောက မေးသော် သူမက "အင်း" ဟုပင် အေးစက်စွာ တုံ့ပြန်ခဲ့သည်။


နင်ထန်ကမူ အားတက်သရော စကားပြန်ပြော၏။

"ဟုတ်ပါတယ်… ကျွန်မရဲ့နာမည်က နင်ထန်ပါ… ရှောင်နင်လို့ ခေါ်လို့ရပါတယ်…"


နင်ထန်က အစ်မလော၏လက်ထဲက အနီရောင် ပလတ်စတစ်ပုံးကိုကြည့်လိုက်သည်။ အထဲတွင် သေးငယ်သော အနက်ရောင်အရာတို့နှင့် ပြည့်နှက်နေသည်။

"အစ်မလော အဲဒါ ဘာတွေလဲ…"


အစ်မလောက နင်ထန် စိတ်အားထက်သန်နေသည်ကို သဘောကျသည်။ သူမက နေ့ခင်းတစ်ပိုင်းလုံး အလုပ်လုပ်နေခဲ့၍ ဤအကြောင်းကို ပြောပြရန် စိတ်အားထက်သန် နေ၏။

"ညီမတို့က ကုန်းတွင်းပိုင်းကဆိုတော့ ဒါကို မမြင်ဖူးဘူးမလား… ဒါကို ကမာကောင်လို့ခေါ်တယ် စားလို့ရတယ်လေ…"


နင်ထန် ၎င်းကို ယခင်က မမြင်ဖူးကြောင်း ဝန်ခံရပေမည်။

"ကြည့်ရတာ တော်တော်လှတယ်နော်… ထူးဆန်းတယ်၊ ပြုတ်စားရတာလား ကြော်စားရတာလား…"


"ကြိုက်သလိုလုပ်စားနိုင်တယ်…" 

အစ်မလောက စိတ်အားထက်သန်စွာဆိုရင်း ချက်ပြုတ်နည်းများကို ရှင်းပြသည်။ သူမက နင်ထန်ကို ကမာတစ်ထုပ်ပေးကာ ‌ပြန်သွားလေသည်။


နင်ထန် နဖူးထက်က ချွေးများကို သုတ်လိုက်သည်။ အစ်မလော၏ စိတ်အားထက်သန်ပုံနှင့်ဆ်ိုလျှင် နေမပြင်းပါက ၊အတော်နောက်ကျသည်အထိ ဆက်စကားပြောဖြစ်နိုင်သည်။ 


အစ်မလောကို နှုတ်ဆက်ပြီးနောက်၊ သူတို့ လေးယောက် စစ်တပ်အိမ်ရာဝင်းထဲကို သွားကြသည်။


စုကျွင်းယန်က တစ်လမ်းလုံး ဟိုင်လန်နယ်မြေကို မိတ်ဆက်ပေးသည်။ ကျွန်းက မကျယ်သော်လည်း ကျောင်း၊ စတိုးဆိုင်၊ စပါးဂိုဒေါင်၊ ဆေးခန်းကဲ့သို့သော အခြေခံအဆောက်အဦးများ အားလုံးရှိသည်။ သေးငယ်သော်လည်း စုံလင်စွာ ဖွဲ့စည်းထားသည်။


 "ကျွန်မတို့ ဒီမှာနေရမှာလား…"  

နင်ရွှယ်က အချို့သောဘန်ဂလိုများသို့ ဖြတ်သွားရင်း မေးလိုက်သည်။


စုကျွင်းယန်က ပြုံးပြီး ပြောသည်။

"ဒါတွေက ကျွန်းမှာ နေထိုင်တဲ့သူတွေရဲ့အိမ်တွေ၊ ရှန်းလေ့နဲ့ ကိုယ်က စစ်တပ်မိသားစုအတွက် စစ်တပ်က ဆောက်ထားတဲ့ ရပ်ကွက်တွေထဲမှာ‌နေတယ်၊ မြို့လယ်နဲ့ ပိုနီးပြီး အဲဒီ ဝင်ပေါက်မှာ အစောင့်တွေ ရှိတယ်…"


စစ်တပ်မိသားစုတွေအတွက် ရပ်ကွက်… အစောင့်တွေက ဝင်ပေါက်မှာရှိနေကြတယ် ဟုတ်လား…


ထိုစကားကို ကြားသောအခါ နင်ရွှယ်၏ မျက်လုံးများက လောဘစိတ်များပြည့်နှက်လာသည်။ ၎င်းက သူမ စိတ်ကူးမယဉ်ဖူးသော အရာတစ်ခုပင်။ ယခင်က မကြည့်ဖူးသော လေးလေးစားစားအကြည့်ဖြင့် သူမ စုကျွင်းယန်ကို ကြည့်လိုက်၏။


စုကျွင်းယန်ကလည်း သူမ၏ အကြည့်ကို သဘောကျနှစ်ခြိုက်လျက်ရှိသည်။ စကားပြောရင်း သူတို့က စစ်တပ်မိသားစု ရပ်ကွက်ကို ရောက်လာကြသည်။ စုကျွင်းယန် ပြောထားသည့်အတိုင်း စစ်ယူနီဖောင်း ၀တ်စုံအပြာနှင့် အဖြူစပ်ဝတ်ထားသာ အစောင့်များက ဂိတ်ပေါက်ဝ၌ မတ်တတ်ရပ်နေသည်။


အစောင့်များက ရှန်းလေ့နှင့် စုကျွင်းယန်ကို တွေ့သည့်အခါ အလေးပြုကြသည်။ ရှန်းလေ့ နှင့် စုကျွင်းယန် တို့က အစောင့်များအား စာရွက်စာတမ်းများပြကာ နင်ထန် နှင့် နင်ရွှယ်ကို မိတ်ဆက်ပေးခဲ့သည်။


အစောင့်များကလည်း သူတို့လေးဦး၏ အထောက်အထားများကို စစ်ဆေး၍ ဝင်ခွင့်ပြုသည်။


အထဲဝင်ပြီးသည်နှင့် နင်ရွှယ်က စစ်တပ်မိသားစု နေထိုင်ရာ အုတ်ကြွပ်မိုး ဘန်ဂလိုလေးများကိုကြည့်ပြီး ရှန်းကန်ရွာနှင့် ယှဉ်ကာ အံ့ဩနေသည်။ အဖြူရောင် နှစ်ထပ်တိုက်ငယ်လေးများမှာ သူတို့အတွက် အံ့မခန်းဖွယ်ရာ အိမ်တစ်လုံးလိုပင်။


နင်ထန်ကမူ အဆင်ပြေသည်။ သူမ၏ အတိတ်ဘဝက အဆောက်အဦးများ လှပသော အထပ်မြင့်များစွာကို မြင်တွေ့ခဲ့ရဖူးသည်။ ထို့ကြောင့် သူမက ခဏတာမျှသာ အံ့ဩသွားသည်။


တစ်ဖက်တွင်မူ နင်ရွှယ်က ပါးစပ်ပင် မစေ့နိုင်ဘဲ အံ့သြသွားသည်။

"ကျွန်မ… ကျွန်မတို့ ဒီလိုအိမ်မှာနေရမှာလား…"


စုကျွင်းယန်က လက်ကို ဟန်ပါပါ နောက်ပစ်ကာ ဂုဏ်ယူစွာနှင့် ပြောလိုက်သည်။

"ဟုတ်တယ်… ဒါက ကိုယ့်တို့ရဲ့ အနာဂတ်အိမ်ပါ… ဟိုက အိမ်တွေထက် ပိုစတိုင်ကျတယ်မလား…"


ရှန်းလေ့ကမူ ပုံမှန်အတိုင်းပင် နင်ထန်ကို ရှင်းပြသည်။

"အတိအကျ ပြောရရင် ဒီအိမ်က ကိုယ်တို့ပိုင်မဟုတ်ဘူး… ကိုယ်တို့က ဒီမှာနေပိုင်ခွင့်ရှိတယ်၊ ဒါပေမဲ့ စစ်တပ်ကပဲ ပိုင်တာ…"


နင်ထန်က ပြောသည်။

"ဒါလည်း ကောင်းပါတယ်… ရှင်သာ ရာထူးကြီးတဲ့သူ မဟုတ်ရင် ကျွန်မတို့ ဒီလိုနေနိုင်မှာ မဟုတ်ဘူးမလား… ကျွန်မ နားလည်ပါတယ်…"


နင်ထန့်စကားကို ကြားလိုက်ရသည်နှင့် ရှန်းလေ့ နှုတ်ခမ်းကို အနည်းငယ် ကွေးကာပြုံးလိုက်သည်။ သို့သော် အပြင်၌ မှောင်မဲနေပြီး သူကလည်း အသားညိုသူဖြစ်သောကြောင့် နင်ထန် မသိလိုက်ပေ။


နှစ်ထပ်အဆောက်အဦးများ၏ ပိုင်ရှင်က စစ်တပ်ကမှန်း ရှန်းလေ့ ပြောလိုက်သော်လည်း၊ နင်ရွှယ်ကမူ လျစ်လျူရှုပြီး သူမပိုင်သည်ဟုသာ တွေးပစ်လိုက်သည်။

 

သူတို့ ရှေ့ကို ဆက်လျှောက်လာကာ နှစ်ထပ်တိုက်တစ်ခု ရှေ့တွင် ရပ်လိုက်သည်။ နံရံကို တွယ်တက်စရာအဖုအထစ်များနှင့် ဆောက်ထားသော အဆောက်အဦးပင်။ ရှန်းလေ့က ရပ်လိုက်ပြီး နင်ထန်ကို ပြောသည်။

"ဒါ ကိုယ်တို့အိမ်ပဲ…"


စုကျွင်းယန်ကလည်း ရှန်းလေ့၏အိမ်နှင့်မျက်နှာချင်းဆိုင်က နှစ်ထပ်တိုက်ကိုပြရင်း နင်ရွှယ်အား ပြောလိုက်သည်။

 "ကိုယ်တို့အိမ်က ဟိုမှာပါ…"


တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။ နင်ရွှယ်နှင့် နင်ထန်တို့ ဝမ်းကွဲနှစ်ယောက်က တစ်အိမ်တည်းက ညီအစ်မများဖြစ်သလို၊နေရမည့်အိမ်ကလည်း တိုက်ဆိုင်စွာဖြင့် လာ၍နီးနေသည်။နောက်ကျနေပြီဖြစ်၍ လေးယောက်သား တံခါးနားတွင် စကားနည်းနည်းပြောပြီး လမ်းခွဲကြသည်။


ရှန်းလေ့၏ အဖြူရောင် နှစ်ထပ်တိုက်ရှေ့တွင် ခြံစည်းရိုးကာထားသည်။ ခြံစည်းရိုးက ဝင်ပေါက်တွင် အစိမ်းရောင် စာတိုက်ပုံး ရှိသည်။ နင်ထန် ခြေဖျားထောက်ပြီးကြည့်လိုက်ရာ ခြံဝင်းထဲ၌ ပေါင်းပင်၊မြက်ပင်များ ပြည့်‌နေသည်ကို တွေ့လိုက်ရသည်။ ရှန်းလေ့ အိမ်မပြန်သည်ကကြာ၍ ပေါင်းထူနေခြင်း ဖြစ်နိုင်သည်။ ရှန်းလေ့က နင်ထန် ကိုခေါ်ကာ ခြံဝင်းသစ်သားတံခါးကိုဖွင့်ပြီး အိမ်ထဲသို့ဝင်၏။ တံခါးကိုဖွင့်လိုက်သည်နှင့် ကလေးသံတစ်ခုနှင့်အတူ အရှိန်ပြင်းပြင်းခန္ဓာကိုယ်တစ်ခု ပြေးထွက်လာသည်။

"အဖေ…"


အော်ပြီးနောက် ထိုကိုယ်လေးက ရှန်းလေ့ နှင့် နင်ထန် ရှေ့တွင်ရပ်တန့်သွားသည်။ နင်ထန် ငုံ့ကြည့်လိုက်ရာ ဂုတ်ဝဲကေညှပ်ထားသော ကောင်လေးကိုမြင်လိုက်သည်။‌ ကောင်လေးက အသက် ခုနစ်နှစ်လောက်ရှိပြီး အနည်းငယ်ညိုသောအသားအရေရှိကာ၊ ရှန်းလေ့လို အကြည့်စူးစူးရဲရဲနှင့် ဝိုင်းစက်စက်မျက်လုံးရှိသည်။


နင်ထန် နောက်ပြန်မဆုတ်ဘဲ ကလေးကို ပြန်ကြည့်သည်။

"အံမယ်… ငါ့ထက် အသက်ငယ်လို့ နင့်ကို ငါ ဝင်မတိုက်ဘူးမထင်နဲ့နော်…"


ရှန်းလေ့က ချောင်းတစ်ချက်ဆိုးပြီး ဆက်ပြောမည်ပြင်နေစဉ် နောက်ထပ် ကလေးနှစ်ယောက်ကလည်း ကျည်ဆံလိုအမြန်ထွက်လာသည်။


တစ်ယောက်က ဆံပင်ကောက်ကောက်လေးကို ကျစ်ဆံမြီးနှစ်ချောင်းကျစ်ထားသော ကလေးမလေးဖြစ်ပြီး ကျန်တစ်ဦးမှာ အသက်သုံးနှစ်အရွယ် ကောင်လေးဖြစ်သည်။မိန်းကလေးက ဖီးနစ်မျက်လုံးများလို အကြည့်စူးစူးရှိနေကာ နှာတံပေါ်ပေါ်နှင့် ရုပ်ချောသည်။


သုံးနှစ်သားလေးကလည်း တော်တော်ချစ်စရာကောင်းသည်။ ဖြူဖွေးသော အသားအရေ၊ မျက်နှာဝိုင်းဝိုင်းနှင့် ကြီးမားသောစပျစ်သီးသဖွယ် မျက်လုံးများ ရှိ၏။ ကလေးနှစ်ယောက်က အမြန်ပြေးလာသော်လည်း၊ မိန်းကလေးက အနည်းငယ်အိန္ဒြေရှိသည်ဟု ဆိုနိုင်သည်။


သုံးနှစ်သားကမူ တည့်တည့် ပြေးလာပြီး ‌ဖအေဖြစ်သူကိုဖက်လိုက်သောကြောင့် မထိန်းနိုင်ဘဲ နောက်ပြန်ကျလုနီးပါးဖြစ်သွားသည်။ သို့သော် မိန်းကလေးက အမြန်လက်ဖြင့် ဖမ်း၍ ကယ်တင်နိုင်ခဲ့သည်။ မဟုတ်လျှင် ထိုကလေးလည်း နောက်ပြန်လဲကျကာ ခေါင်းကွဲနိုင်သည်။


သုံးနှစ်သားကို ထိုမိန်းကလေးက တားပေးပြီးနောက် နေရာတွင် ပြန်ရပ်လိုက်သည်။ ကောင်လေးက ခြေထောက်များ တလှုပ်လှုပ်နှင့် နင်ထန်ရှေ့တွင် ဒူးထောက်ထိုင်သည်။


နင်ထန် အံသြသွားသည်။ သူမကို ယခုလို အရိုအသေပေးရန် မလိုချေ။ ကောင်လေးက ခဏကြာသောအခါ သူ့မျက်လုံးများ နီရဲလာသည်။ သူ ယခုမှသာ လူစိမ်းကို သတိထားမိတော့သည်။


ရှန်းလေ့ ခေါင်းကို တစ်ဖက်လှည့်ကာ မျက်စိကို စုံပိတ်လိုက်မိသည်။ ဤကလေးသုံးယောက်က သူ့ကလေးဟုပြောရန် ရှက်နေမိတော့၏။ သူက ကလေးကို ချီကာ၊ ဖုန်များအား ခါပေး၍ လည်ချောင်းကို တစ်ချက်ရှင်းပြီး နင်ထန် နှင့် မိတ်ဆက်ပေးသည်။

 "ဒါက ကိုယ့်ကလေး သုံးယောက်ပဲ…" 


ထို့နောက် ကောင်လေးအား လက်ညှိုးထိုးပြပြီး ပြောသည်။

"သူက အကြီးဆုံးသား ရှန်းကျန့်ဖျင်၊ နာမည်ပြောင်က တဝါ၊ ဒီနှစ်ဆို ခုနစ်နှစ်ပြည့်ပြီ…"


တဝါက သူ့လက်နှစ်ဖက်ကို ပိုက်ထားကာ တစ်ဖက်သို့ ခေါင်းကို လွှဲထားလိုက်၏။


ရှန်းလေ့က ကောင်မလေးကို လက်ညှိုးထိုးပြသည်။

"သူက ဒုတိယသမီး ရှန်းယာ၊ နာမည်ပြောင် အားနူ၊ အသက်ငါးနှစ်…"


အားနူက သူမ၏ ကောက်ကွေးနေသော ဆံပင်များကို ဆုပ်ကိုင်ထားရင်း အစ်ကိုကြီးကို တုပပြီး ခေါင်းကို တစ်ဖက် လှည့်လိုက်သည်။ နောက်ဆုံး သုံးနှစ်သားအလှည့်ရောက်လာသည်။


"သူက သားအငယ်ဆုံး ရှန်းရှန့်တုံ… နာမည်ပြောင်က စန်းဝါ၊ အခုနှစ်ဆို သုံးနှစ်ရှိပြီ…"


စန်းဝါက တဝါနှင့် အားနူကို ကြည့်လိုက်သည်။ ထို့နောက် သူကလည်း အတုယူကာ လက်ပိုက်လိုက်၏။ သို့သော် အသက်ကလည်း ငယ်၊ လူကလည်း ဝဝကစ်ကစ်လေးဖြစ်၍ လက်ပိုက်နေပုံလေးက အလွန်ပင် ချစ်စရာကောင်းနေသည်။


ရှန်းလေ့က သူတို့ကိုကြည့်ရင်း အားကိုးရာမဲ့နေခဲ့သည်။ ထို့‌နောက် ကလေးသုံးယောက်အား နင်ထန်နှင့် မိတ်ဆက်ပေးသည်။

"သူက မင်းတို့ရဲ့ အမေအသစ်ပဲ…"


နင်ထန်ကလည်း စိတ်မဝင်စားပေ။ သူက ကလေးသုံးယောက်အား လက်ပြနှုတ်ဆက်လိုက်သည်။

 "မင်္ဂလာပါ…"

 

မမျှော်လင့်ဘဲ ကလေးသုံးယောက်ထဲက အကြီးဆုံးကလေးက မျက်လုံးကြီးနီလာပြီး နင်ထန်ကို လက်ညှိုးထိုးကာ ပြောသည်။

"အမေ သေသွားပြီ… ငါ့မှာ အမေအသစ် မရှိဘူး…"


"အစ်ကိုကြီး ပြောတာမှန်တယ်…"  

မိန်းကလေးကလည်း အော်ဟစ်၍ အငယ်ဆုံးကလေးကလည်း သဘောမတူကြောင်း ဟင်းကနဲ အသံပြုသည်။ ကလေးသုံးယောက်သား တစ်ဖွဲ့ဖွဲ့ကာ အသံများ ဆူညံနေသည်။


နင်ထန်လည်း ရွေးစရာမရှိတော့၍ အနားက ရှန်းလေ့ကို အမြန်ပြောလိုက်သည်။ ထို့နောက် သူမ အထဲကို မြန်မြန်သွားလိုက်သည်။ ရှန်းလေ့ အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ ထပ်ခါတလဲလဲ ရေရွတ်နေမိ၏။

"သူတို့က ငါ့ကလေး‌တွေ ငါ့ကလေးတွေ… ငါ အော်ဟစ်ဆူပူလို့မဖြစ်ဘူး..."


စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအချို့ ပြုလုပ်ပြီးနောက် ရှန်းလေ့က ကလေးသုံးယောက်ကိုခေါ်ပြီး သူတို့နှင့် စကားပြောသည်။ တစ်နာရီခွဲခန့်ကြာသော် ကလေး သုံးယောက်က တုံ့ဆိုင်းစွာဖြင့် နင်ထန့်အနားတွင် ရပ်လိုက်ပြီး ကြောင်လေးများသဖွယ် တိုးတိုးလေး ပြောလိုက်သည်။

"ဟို့မား~ "


နင်ထန်က သူမ နားကို ကုတ်လိုက်ပြီးပြောသည်။

"ဘာပြောတာလဲ…"

 

သူမက သားအကြီးဆုံးကိုတစ်လှည့်၊ သမီလတ်ကို တစ်ခါ၊သားငယ်ကို တစ်ပြန်ကြည့်သည်။ သူတို့ကလည်း နှုတ်ခမ်းစူပြီး အသံထွက်လာသည်။

 "ဟို့မား (မိထွေး)"


"အိုး…" 


ရှန်းလေ့က အနည်းငယ် ရှက်သွားသည်။

"အဲဒီလို မခေါ်ရဘူးလေ… အမေလို့ ခေါ်ရတယ်..."


သူ့စကားမဆုံးခင် နင်ထန်က ပြောသည်။

"ရပါတယ်၊ မိထွေးက မိထွေးပဲလေ… ကျွန်မက သူတို့ရဲ့အမေရင်းမှ မဟုတ်တာ… ဘာပဲဖြစ်ဖြစ် ဟို့မားလို့ခေါ်တာ ကောင်းပါတယ်…"


အမှန်တွင် ဟို့မား(မိထွေး)ဟု ခေါ်ခြင်းက ပိုကောင်းသည်။သူတို့သာ အမေဟု ခေါ်လျှင် နင်ထန် ငြင်းဆိုမိပေမည်။အမေဆိုသည်က တာဝန်ပိုကြီးသည်။ အဖေအရင်း ရှန်းလေ့တစ်ယောက်လုံး ရှိနေ၍ သူမက ဘေးတွင် ရှိနေခြင်းသာကောင်းပေမည်။



🏝️🏝️🏝️