Chapter 9
Viewers 832

🏝️ Chapter 9 

ပညာပေးခြင်း



နာမည်ခေါ်သည့်ကိစ္စနှင့်ပင် တစ်နာရီခန့် ကြာသွားသည်။နောက်ဆုံးတွင် ရှန်းလေ့က သူ့အင်္ကျီလက်များကို လှန်တင်လိုက်သည်။

 "သွားပြီး ထမင်းချက်ဦးမယ်…"


နင်ထန် လှည့်ပတ်ကြည့်ရာ ရှန်းမိသားစု၏အိမ်တွင် ဘာမှလုပ်စရာမရှိပေ။ အဆောက်အဦးတွင် စုစုပေါင်း အထပ်နှစ်ထပ်ရှိသည်။ ပထမထပ်၌ ဧည့်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်းနှင့် ပရိဘောဂများ ထားရှိသည်။


ဧည့်ခန်းတွင် ကုလားထိုင်များနှင့် စားပွဲရှည်ကြီးတစ်ခု ပါဝင်သည်။ နံရံပေါ်တွင် ချိတ်ထားသော နာရီတစ်လုံးလည်း ရှိသည်။ ဒုတိထပ်ကိုမူ နင်ထန် အလျင်အမြန် တစ်ချက်သာ ကြည့်လိုက်ပြီး အနီးကပ်မကြည့်ဖြစ်ပေ။


ဒုတိယအထပ်၏ အထက်တွင် မျက်နှာကြက်ရှိကာ၊ ထပ်ခိုးအထပ်လို အသေးလေးတစ်ခုရှိသေးသည်။ လှေကားငယ်တစ်ခုလည်းရှိ၏။ နင်ထန် သာမာန်သာ ကြည့်ဖြစ်ကာ ခြံထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုမှ မရှိနေချေ။


ခြုံပြောရလျှင် ကျယ်ဝန်းပြီး အတော်လေးသပ်ရပ်သန့်ရှင်းသော နှစ်ထပ်တိုက်ငယ်လေးပင်။ နင်ထန် တော်တော် ကျေနပ်မိသည်။ နောက်ဆုံး၌ ဤနေရာတွင် သူမ အနာဂတ်တစ်လျှောက် အသက်ရှင်ရမည်ဖြစ်၍ သက်တောင့်သက်သာရှိခြင်းက ပိုကောင်းသည်။ သူမ လျှောက်ကြည့်ပြီးသောအခါ ရှန်းလေ့လည်း ချက်ပြုတ်ပြီးသွားလေသည်။


သူက အိမ်တွင်ကျန်သော ဆန်ပြားခေါက်ဆွဲအချို့နှင့် လက်ဆောင်ရလာသော ကမာကောင်များအား ချက်ပြုတ်ထားသည်။ ခေါက်ဆွဲကို ရိုးရိုးပြုတ်ကာ၊ ကမာကောင်ကို ပေါင်းလိုက်၏။ ထို့နောက် စားပွဲပေါ်တွင် ခေါက်ဆွဲပန်ကန်သေးငါးလုံးနှင့် ကမာကောင်အတွက် ပန်းကန်ပြားကြီးတစ်ချပ် ခင်းကျင်းလိုက်တော့၏။


ရှန်းလေ့က ဟင်းအမည်နည်းပါးသောကြောင့် သူမကို တောင်းပန်သလို တစ်ချက်ကြည့်လိုက်သည်။

"အိမ်မှာ ခေါက်ဆွဲပဲကျန်တော့လို့ ဒါလေးပဲ ချက်ပြုတ်လိုက်ရတယ်… မနက်ဖြန် ကိုယ် စပါးဂိုဒေါင်ကိုရော ဆီဆိုင်ကိုရာ သွားရမယ်… နေ့စဥ်သုံးပစ္စည်းတွေလည်း ဝယ်ရဦးမယ်…"


နင်ထန် ခေါင်းညိတ်ပြီး ခေါက်ဆွဲကို တူဖြင့်ကောက်ကိုင်လိုက်သည်။ ထို့နောက် တစ်လုတ်စားကြည့်သည်။  

"အဆင်ပြေပါတယ်… ခေါက်ဆွဲပြုတ်ကလည်း အရသာရှိပါတယ်…"


ထင်ထားသည့်အတိုင်း ရှန်းလေ့က အတော်လေးကို အချက်အပြုတ်ကျွမ်းကျင်သည်။


နှမ်းဆီနှစ်စက်ခန့်နှင့် ခေါက်ဆွဲလေးကလည်း အရသာ တစ်မျိုးကောင်းနေသည်။ ကလေးများက ဗိုက်ဆာနေတာကြောင့် အတင်းစားတော့သည်။ 


နင်ထန်က ကလေးသုံးယောက်စားနေသည်ကိုကြည့်ရင်း စပ်စုလိုက်သည်။

"ရှင် အဝေးရောက်နေတဲ့အချိန် သူတို့က ဘာစားကြတာလဲ…"


သူမတို့ အိမ်ပြန်ရောက်သော် ကလေးသုံးယောက်ကိုသာ တွေ့ရပြီး လူကြီးလည်း မရှိချေ။ ဤကလေးသုံးယောက်က ထမင်းချက်တတ်မည်လည်း မဟုတ်ပေ။


ရှန်းလေ့က ပြော၏။

"လုံခြုံရေးတွေ အစောင့်အကြပ်တွေ စစ်တပ်မှာရှိတယ်လေ… ကိုယ် ရှန်းကန်ရွာမှာရှိနေတုန်း သူတို့က စစ်တပ်စားသောက်တန်းကနေပြီးတော့ ကလေးတွေဖို့ စားစရာတွေ ယူလာပေးတယ်…"


ရှန်းလေ့က ကလေးသုံးယောက်ကို ကြည့်လိုက်သည်။

"ကလေးတွေကို တစ်နေ့ကို ထမင်းနှစ်နပ်ပို့ခိုင်းထားတယ်… နေ့လယ်တစ်ကြိမ်၊ ညနေတစ်ကြိမ်…"


နင်ထန်၏ မျက်လုံးများ တောက်ပလာသည်။

"ဒါဆို ကျွန်မတို့လည်း နေ့တိုင်း ထမင်းစားဖို့ တပ်စခန်းကန်တင်းကို သွားလို့ရမလား…"


" အလကား ရပါ့မလား… ကိုယ်က အဲဒီမှာစားနိုင်ပေမယ့် မင်း စားလို့မရဘူး… အဲဒါက လူတိုင်းကိုပေးတာမဟုတ်ဘူးလေ… မဟုတ်ရင် စစ်သည်မိသားစုတွေအားလုံး စစ်တပ်ကန်တင်းကို သွားစားနေကြမှာပေါ့… ဒါဆို စစ်တပ်ကလည်း ဘယ်တတ်နိုင်တော့မလဲ…"


"ကောင်းပါပြီ…" 

နင်ထန်က စိတ်ပျက်နေသည့်ပုံဖြင့် မျက်လွှာချလိုက်သည်။ထမင်းစားပြီးသည်နှင့် ရှန်းလေ့ ပန်းကန်ဆေးရန် ထွက်လာခဲ့သည်။ ဧည့်ခန်းထဲတွင်ထိုင်နေသော ကလေးသုံးယောက် ကို သူမ တစ်ချက်ကြည့်လိုက်ပြီး အထုပ်အပိုးများအား သေချာစီစဉ်ရမည်။


သို့သော် မမျှော်လင့်စွာဖြင့် တဝါက သူ့ခြေထောက်ကို မြှောက်လိုက်ကာ သူမ သွားမည့်လမ်းကို တားထားလိုက်သည်။

"ဟေး…"  


နင်ထန် လှည့်ကြည့်လိုက်ပြီး မီးဖိုချောင်ဘက်ကိုလှည့်၍ လက်နှစ်ဖက်ဖြင့် ပါးစပ်နားကိုအုပ်ကာ အော်လိုက်သည်။ 

 "ရှန်း-"


"ရပ်၊ ရပ်၊ ရပ်…"  

တဝါက သူမကို အမြန်ပင်တားလိုက်သည်။


"ဟို့မား..."


နင်ထန် မျက်ခုံးပင့်လိုက်သည်။

 "ဘာဖြစ်တာလဲ နင်ငါ့ကို ဘာလို့ခေါ်တာလဲ…"


တဝါက သူ့အဝတ်အစားကို လက်ဖြင့်ချေမွနေရင်း ပြောလိုက်သည်။ 

"ဒီတိုင်း ခေါ်ကြည့်တာပါ…"


တစ်ခုခုတော့ မှားနေပြီ…


နင်ထန် သူ့ကို စကားမပြောဘဲ သူမ၏ ခရီးဆောင်အိတ်ကို ဆက်လက်ဖြည်ချနေသည်။ ဤတစ်ခါတွင် တဝါက သူမကို မတားပေ။


နင်ထန် အထုပ်ဖြည်ပြီးသောအခါ ရှန်းလေ့လည်း ပန်းကန်ဆေးပြီးသွားသည်။ ရှန်းလေ့ နံရံပေါ်က နာရီအား ကြည့်လိုက်သော် ကိုးနာရီထိုးနေပြီဖြစ်၍ ကလေးသုံးယောက်အား ပြောလိုက်သည်။

"တဝါ၊ အားနူ၊ စန်းဝါ ရေသွားချိုး…"


သုံးယောက်သား နာခံစွာဖြင့် ရေချိုးခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက်ဝင်ကာ ရေချိုးကြသည်။ ပြီးလျှင် ရှန်းလေ့က နင်ထန်ကို ရှင်းပြသည်။

"သူတို့ပြီးရင် မင်းလည်း ရေချိုးလေ…"  


စစ်တပ်က အိမ်ရာများကို ရေအပြည့်အဝ ပေးထားသောကြောင့် ရေပူကို အကြာကြီးစောင့်ရန် မလိုအပ်ပေ။ 


ကလေးသုံးယောက် ရေချိုးပြီးသွားသော် နင်ထန် အလှည့်ဖြစ်သည်။ ရထားပေါ်၌ ကိုယ်လက်သန့်ရှင်းရေးသာလုပ်ထားရ၍ ချွေးများ၊ ကြေးနံ့များ နံစော်နေသည်။ သူမ ခေါင်းကိုပါ သေချာလျှော်လိုက်၍ အချိန်တစ်နာရီနီးပါးကြာသွားသည်။


ရှန်းလေ့က နောက်ဆုံး ရေချိုးသူဖြစ်သည်။ သူက စစ်သားဖြစ်သောကြောင့် ရေချိုးချိန်က အလွန်ဆုံး ငါးမိနစ်အောက်သာ ကြာသည်။


ရေချိုးပြီးနောက် ရှန်းလေ့က ကလေးသုံးယောက်ကို သူတို့အခန်းထဲသို့ ပေးပို့လိုက်သည်။


အိပ်ခန်းအားလုံးက ဒုတိယထပ်တွင်ရှိသည်။ တဝါနှင့် စန်းဝါက အခန်းကိုအတူမျှသုံးသည်။ အားနူတွင် သူမ၏ကိုယ်ပိုင် အခန်းရှိသည်။ စောစောစီးစီး အမေကို ဆုံးရှုံးထားတာကြောင့်ဖြစ်နိုင်သည်။ ကလေးသုံးယောက်က အတော်လေး ရင့်ကျက်ပြီး အငယ်ဆုံးလေး စန်းဝါ သည်ပင် စကားနားထောင်ကာ တိတ်ဆိတ်ငြိမ်သက်နေသည်။


ရှန်းလေ့က သူတို့ကို အိပ်ရာဝင်ခိုင်းလိုက်ရာ ကလေးသုံးယောက်က နာခံပြီး သူတို့အခန်းသို့ သွားအိပ်ကြသည်။ ရှန်းလေ့က ကလေးသုံးယောက်ကို အခန်းထဲလိုက်ပို့စဉ်၊နင်ထန်က ကလေးများ၏ အခန်းထဲကို သေချာကြည့်လိုက်သည်။


အခန်းတိုင်းက 20 စတုရန်းမီတာခန့်ရှိကာ တော်တော်ကျယ်သည်။ တဝါ နှင့် စန်းဝါတို့၏ အခန်းထဲ၌ ခုတင်နှစ်လုံးကို ဘေးချင်းကပ်ထားသည်။ အားနူက သူ့အခန်းတွင် တစ်ယောက်တည်း အိပ်သည်။


ကလေးများ အိပ်ပျော်သွားပြီးနောက် ရှန်းလေ့ အခန်းထဲက တိတ်တိတ်လေး ထွက်လာသည်။ ကလေးများ၏ အခန်းနှစ်ခုလုံးက တံခါးများကို ဖွင့်ထား၍ ညဘက်ကျလျှင် ကလေးများအား ခဏခဏ ထကြည့်တတ်သည်ဟု နင်ထန် တွေးလိုက်သည်။


ရှန်းလေ့က နင်ထန်ကို သူတို့နေရမည့်အခန်းသို့ ခေါ်သွားပေးသည်။ ဤအခန်းက ကလေးများ၏ အခန်းထက် အနည်းငယ် ပိုကျယ်သည်။ 30 စတုရန်းမီတာခန့်ကျယ်ကာ အလယ်ဗဟိုတွင် နှစ်ယောက်အိပ်ခုတင်ကြီးရှိသည်။ အိပ်ရာဘေးတွင်၊ စားပွဲတစ်လုံး၊ မှန်တင်ခုံတစ်ခု ရှိသည်။ ပြတင်းပေါက်အနီး၌ သစ်သားနီဗီရိုရှိသည်။


နင်ထန် ခုတင်ပေါ်တွင် ထိုင်ချလိုက်သောအခါ ရှန်းလေ့ က အနီရောင်သစ်သားဗီရိုထဲမှ အသစ်စက်စက် စောင်တစ်ထည်ကို ထုတ်လိုက်သည်။

"မင်း ဒါကို ဒီညသုံးလို့ရတယ်…"


နှစ်ယောက်သား တရားဝင်လက်ထပ်ပြီး လက်ထပ်စာချုပ်ရှိထားသော်လည်း တစ်ယောက်နှင့် တစ်ယောက် နှစ်လခန့်သာ သိခဲ့ကြသည်။ ကြင်ဖက်တွေ့ထားသောကြောင့် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းမသိပေ။ထို့ကြောင့် ယနေ့ညအတွက် နင်ထန် စိတ်မသက်မသာခံစားရသည်။ ထို့အပြင် သားသမီး သုံးဦးကလည်း နံရံတစ်ဖက်သာ ခြားလေသည်။


ရှန်းလေ့၏စီစဉ်မှုက အကောင်းဆုံးဖြစ်သောကြောင့် နင်ထန် အလွယ်တကူ လက်ခံလိုက်သည်။

“ကောင်းပါပြီ…” 


နှစ်ယောက်သား ခုတင်တစ်လုံးတည်းတွင် အတူအိပ်ကြပြီး တစ်ယောက်ကို စောင်တစ်ထည်စီခြုံထား၏။ ခရီးရှည်ကြီးလာရပြီးနောက် နင်ထန် အမြန်ဆိုသလို အိပ်ပျော်သွားသည်။


သို့သော် အသားမကျသေးသောကြောင့်၊ ညလယ်၌ ခဏတိုင်း နိုးလာတတ်သည်။ နိုးလာသောအခါ သူမ အနားတွင် မည်သူမှမရှိဟု ခံစားရသည်။ ရှန်းလေ့က ကလေးများအား သွားကြည့်ရန် ထွက်သွားသောကြောင့် ဖြစ်နိုင်သည်။သူက တာဝန်သိဖခင်တစ်ဦး ဖြစ်သည်။


နောက်နေ့တွင် နင်ထန် အိပ်ရာထလာပြီး ခန္ဓာကိုယ်ကိုဆန့်၍ အိပ်ငိုက်သောမျက်လုံးများအား ပွတ်သပ်လိုက်သည်။ အပြင်ဘက်က ဖြတ်ဝင်လာသော နေရောင်ခြည်အရ အချိန်မစောတော့ပေ။ သူမအနားကို လှမ်းကြည့်လိုက်ရာ၊ ခုတင်က ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ခြုံစောင်ကို သပ်သပ်ရပ်ရပ်ခေါက်ထားကာ ခေါင်းအုံးပေါ်၌ တင်ထားသည်။


နင်ထန်က ဖိနပ်စီးကာ ရေချိုးရန်အတွက် အောက်ထပ်ကိုဆင်းသွားလိုက်သည်။ သို့သော် ရှန်းလေ့ကို မတွေ့ပေ။ဧည့်ခန်းထဲတွင်လည်း ကလေးသုံးယောက်သာရှိသည်။ အကြီးဆုံးကလေးက ကြမ်းပြင်ပေါ်ထိုင်ကာ အငယ်လေးနှင့် သစ်သားအရုပ်ကားမောင်းတမ်း ကစားနေသည်။

 

အရုပ်ကားလေးမှာ ဘီးလေးခုနှင့် ကော်ပတ်ကိုယ်ထည်ရှိသည်။ ရိုးရှင်းသော်လည်း ကစားနေရ၍ ကလေးပီပီ ပျော်နေပုံရသည်။


အားနူက သူမ၏ဆံပင် နှစ်ဖက်ခွဲ၍ ကျစ်ဆံမြီးကျစ်ရန် အလုပ်များနေသည်။


အငယ်ဆုံးလေးက ခုံပေါ်၌တက်ထိုင်နေသည်။ သူ့ခြေထောက်တိုတိုလေးက ကြမ်းပြင်ကို ထိမနေဘဲ တွဲလောင်းကျ၍ တလှုပ်လှုပ်ဖြစ်နေကာ သူ့အစ်ကိုကြီး အရုပ်ကားမောင်းနေသည်ကို လက်ခုပ်တီး၍ အားပေးရင်း ရီမောနေသည်။


နင်ထန်က ကလေးသုံးယောက်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အကြီးဆုံးကလေးကို မေးလိုက်သည်။

"နင်တို့ အဖေ ဘယ်မှာလဲ…"


အကြီးဆုံးကလေးက အရုပ်ကားကို မကစားတော့ဘဲ နင်ထန်ကို ကြည့်သည်။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ပြန်ဖြေလာသည်။

" အဖေ၊ စစ်တပ်ကိုသွားတယ်…"


 "အိုး…" 


ရှန်းလေ့က မင်္ဂလာပွဲအတွက် ပြင်ဆင်ရန် ရှန်းကန်ရွာသို့ နှစ်ကြိမ်ခန့် သွားထား၍ အလုပ်များစွာ လစ်ဟင်းနိုင်ပေသည်။ ယခု သူပြန်လာသည်နှင့် စစ်တပ်ကိုသတင်းပို့ကာအလုပ်များနေပေမည်။


နင်ထန် စင်ပေါ်ရှိ နာရီကိုကြည့်လိုက်ရာ ဆယ့်တစ်နာရီ ထိုးနေပြီဖြစ်သည်။ သူမ ဗိုက်ကို ပွတ်သပ်လိုက်ပြီး မြည်နေသော တဂွီဂွီသံကို အကြောင်းပြု၍ တဝါအား မေးလိုက်သည်။

 "ငါတို့အတွက် ဒီနေ့ နေ့လည်စာက ဘာလဲ…"


တဝါက စကားမပြောနိုင်ဖြစ်နေရ၏။ သူ့မိထွေးက အရွယ်ရောက်ပြီးသားဖြစ်သော်လည်း၊ယ သူ့လို ကလေးတစ်‌ယောက်ကို နေ့လည်စာ ဘာစားရမလဲဟု မေးနေသည်။သို့သော် တဝါက ရှန်းလေ့၏ စကားကို မှတ်မိကာ နာခံစွာဖြင့် ပြန်လည်ဖြေလိုက်သည်။

"အဖေက သားတို့အတွက် နေ့လယ်စာချက်ခဲ့တယ်…အပြန်ကျမှ ညစာချက်မယ်လို့ ပြောတယ်…"


နင်ထန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဗိုလ်ကြီးရှန်းက အလုပ်ကြိုးစားတာပဲ…"


နင်ထန် မီးဖိုခန်းထဲသို့ ၀င်သွား၍ ခဏလောက်ရှာလိုက်လျှင် မီးဖိုပေါ်မှ ရှန်းလေ့ ချက်ပြုတ်ထားသောခေါက်ဆွဲပြုတ်တစ်အိုးအား ရှာတွေ့သွားသည်။ 


ရှန်းလေ့က စစ်တပ်ထဲ မနက်၇နာရီအရောက် အရောက်သွားရသည်။ ဤခေါက်ဆွဲပြုတ်အိုးလေးကို မနက် ၆နာရီကတည်းက ချက်ထားခြင်းဖြစ်နိုင်၏။


နင်ထန် နှာခေါင်းရှုံ့ပြီး ခေါက်ဆွဲပြုတ်ကို စားကြည့်သည်။သူမက ဇီဇာကြောင်သူမဟုတ်၍ ဗိုက်ပြည့်နေသရွေ့ မည်သည့်အစားအသောက်မဆို အဆင်ပြေသည်။ ထို့အပြင် သူမက ဟင်းချက်မတတ်သောကြောင့် အစားအသောက်ကို မဝေခွဲတတ်ပေ။ သူမ ထမင်းစားပြီးသွားသည့်အခါ ပန်းကန်ကို ဆေးကြောလိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲက ထွက်လာသော် စားပွဲ၌ထိုင်နေသော ကလေးသုံးယောက်က သူမအား စိုက်ကြည့်နေသည်ကို တွေ့ရ၏။ 


နင်ထန်က ပန်းကန်ဆေးစဉ်က လိပ်တင်ထားခဲ့သာ အင်္ကျီလက်များအား ဖြည်ချလိုက်ရင်း မေးလိုက်သည်။

"ဘာလဲ ငါ့ကိုဘာလို့ ကြည့်နေတာလဲ…"


တဝါက မျက်ခုံးပင့်ကာ တူနှစ်ချောင်းအားကောက်ကိုင်ရင်း ပန်းကန်ကို ပုတ်ပြလိုက်သည်။

"သားတို့အတွက် စားစရာရော…"


နင်ထန်က တံခါးဘောင်ကိုမှီကာ လက်နှစ်ဖက်ကို ပိုက်လိုက်ရင်း မီးဖိုချောင်ဘက်သို့ ညွှန်ပြလိုက်သည်။

"ဟိုမှာလေ ဟင်းအိုး... ကိုယ့်ဘာကိုယ် ယူစားကြ…"


နင်ထန် ခဏစဉ်းစားပြီး ဆက်ပြောသည်။

"စားပြီးရင် ကိုယ့်ပန်းကန်ကိုယ် ဆေးကြနော်… အခုရက်ပိုင်း ရာသီဥတုက အရမ်းပူတယ်… ပန်းကန်ကို ရေမဆေးဘဲ အကြာကြီးထားရင် အနံ့အသက်ဆိုးတွေ ရနိုင်တယ်…"


အားနူ သူ့နားကို မယုံနိုင်လောက်အောင်ဖြစ်ကာ ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။

" ဟို့မားက သမီးတို့ကို ထမင်းခူးကျွေးမှာ မဟုတ်ဘူးလား…"


နင်ထန် ပို၍ပင် အံ့သြသွားသည်။

 "ဘာလို့ ငါက ခူးပေးရမှာလဲ…"


တဝါက နှုတ်ခမ်းကို ဖွဖွကိုက်ရင်း ပြောသည်။

" ဘာလို့ဆို အဖေက သားတို့အတွက် အစားအသောက်တွေကို အမြဲတမ်း စားပွဲပေါ်အရောက် ပြင်ဆင်ပေးတယ်လေ…" 

 

နင်ထန် ယမန်နေ့က ခေါက်ဆွဲစားစဉ် ရှန်းလေ့မှ ခေါက်ဆွဲများအား အသေးလေးများဖြစ်အောင် လှီးဖြတ်ပေး၍ ကလေးသုံးယောက်အတွက် အမဲသား၊ ဘူးသီးများပါအောင် သေချာထည့်ပေးသည်ကို သူမ သတိရသွားမိသည်။


နင်ထန်က ပြောသည်။

"အဲဒါ သူက နင်တို့ရဲ့ အဖေအရင်းမလို့လေ…"


အားနူက ပြောသည်။

"ဒါပေမယ့် ဟို့မားက ဟို့မားလေ… အဖေက သမီးတို့ဘာပဲလိုလို ဟို့မားကိုပြောဖို့ မှာထားတယ်…"


နင်ထန် ရယ်မောလိုက်သည်။

"နင်တို့က ငါ့ကို ဘာလုပ်စေချင်တာလဲ… ငါက နင်တို့ရဲ့မိထွေးလေ… အမေအရင်းမဟုတ်ဘူး ဘာလို့ ငါက ထမင်းခူးပေးရမလဲ…"


ထို့နောက် သူမက လှုပ်နေသော ကုလားထိုင်ဆီသို့ လျှောက်သွားသည်။ ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်ကို ခံစားနေလိုက်ပြီးမှ သူမက စိတ်ကျေနပ်နေသည့်လေသံဖြင့် ပြောလိုက်လေသည်။


" ပြီးတော့ နင်တို့အဖေပြောတာကို နားမထောင်နဲ့… နင်တို့ ဘာပဲလိုလို ငါ့ဆီမလာနဲ့…"



🏝️🏝️🏝️