Chapter 10
Viewers 842

🏝️ Chapter 10

အလွန်ကောင်းသော အကြံဉာဏ်



နင်ထန်က သူမ၏တာဝန်ကို ရှင်းရှင်းလင်းလင်း နားလည်သည်။ သူမနှင့် ရှန်းလေ့က အတူနေထိုင်ကြသည်။ သူမက လယ်ယာလုပ်ငန်းမလုပ်ရအောင် ရှန်းလေ့ကို အသုံးချ၍ လက်ထပ်ခြင်းဖြစ်သည်။ တစ်ဖန် ရှန်းလေ့က သူ့ကလေးသုံးယောက်ကို ပြုစုစောင့်ရှောက်ရန်အတွက် သူမအား အသုံးချသည်။ တစ်နည်းဆိုရသော် နှစ်ဦးနှစ်ဖက်သဘောတူ အကျိုးရှိသော အစီအစဥ်ဖြစ်သည်။


သို့သော် သူမ အာမခံနိုင်သည်မှာ သူမ၏ စောင့်ရှောက်မှုအောက်တွင် သူ့ကလေးသုံးယောက်လုံး မည်သည့်အန္တရာယ်မှ ရှိမည်မဟုတ်ပေ။ ဇာတ်လမ်းသဘောအရလည်း ကလေးများ၏ နေ့စဉ်လိုအပ်ချက်များကို ဂရုစိုက်ရန် သူမ၌ တာဝန်ရှိ၏။

 

တွေးကြည့်ပါက ကလေးသုံးယောက် မပြောနှင့်၊သူမကိုယ်တိုင်ပင် ကိုယ့်ကိုယ်ကို ဂရုမစိုက်နိုင်သေး၍ ကလေးများကို စောင့်ရှောက်ရန်က စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သည်။


တဝါ၊ အားနူနှင့် စန်းဝါတို့က အပြန်အလှန် တစ်ချက်ကြည့်လိုက်ကြသည်။ ထို့နောက် စန်းဝါက ပက်လက်ကုလားထိုင်ပေါ်တွင် လှဲနေသော နင်ထန်ကို မျှော်လင့်ချက်မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်။


နင်ထန် မျက်လုံးမှိတ်ပြီး ကလေးများ၏ အကြည့်ကို လျစ်လျူရှုလိုက်သည်။ သူမက အိပ်ချင်ယောင်ဆောင်ပြီး လှုပ်ကုလားထိုင်ကိုသာ ပုခက်လွှဲသလို လှုပ်နေလိုက်သည်။


လှုပ်ကုလားထိုင်၏ အသံ တကျွိကျွိကသာ တစ်ခန်းလုံးကို လွှမ်းခြုံထားသည်။ တဝါတို့ကမူ သူတို့ကို ဟို့မားက လုံးဝ ဥပေက္ခာပြုလိမ့်မည်ဟု မထင်ထားပေ။ တစ်ချိန်ချိန်၌ ထလုပ်ပေးမည်ဟုထင်ကာ စားပွဲ၌ ထိုင်နေကြ၏။ ခဏကြာသော် နင်ထန်၏ တခေါခေါဟောက်သံကို မမျှော်လင့်စွာပင် သူတို့ကြားလိုက်ရ၏။ ကလေးများအားလုံး အံ့အားသင့်နေကြသည်။

ငါတို့ ဘာလုပ်သင့်သလဲ… ဟို့မားက အမှန်အတိုင်းပြောလိုက်တာလား…


အားနူက တဝါကို တံတောင်နှင့်တွတ်လိုက်သည်။

"ညီမလေးတို့ ဘာလုပ်ကြမလဲ… ဒီတိုင်းနေနေရမှာလား…"


စန်းဝါက စပျစ်သီးနှင့်တူသော ချစ်စရာမျက်လုံးဝိုင်းကြီးများနှင့် ကြည့်ကာ တဝါကို ချွဲနွဲ့၍ ပြောလိုက်၏။

 â€œá€Ąá€…်ကို၊ ညီလေး ဗိုက်ဆာနေပြီ~"


တဝါက ကလေးသုံးယောက်တွင် အသက်အကြီးဆုံးဖြစ်၍ အားနူ နှင့် စန်းဝါက သူ့စကားကို နားထောင်ရသည်။


တဝါ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး မျက်နှာငယ်လေးပေါ်တွင် လေးနက်သောအမူအရာတို့ ဖြစ်တည်လာ၏။ထို့နောက် နင်ထန်ကို ကြည့်လိုက်ရာ၊ သူတို့ကို လျစ်လျူရှုနေသည်ကို တွေ့ရသည်။ ထို့ကြောင့် သူက ညီလေး၊ညီမလေး၏ လက်ကိုဆွဲကာပြောလိုက်သည်။

"သွားရအောင်… ငါတို့ဘာသာ စားရအောင်…"


အားနူ ယနှင့် တဝါက ရှေ့မှ လျှောက်သွားခဲ့သည်။ စန်းဝါက နောက်က အနီးကပ်လိုက်လာသည်။ မီးဖိုချောင်တွင် တဝါက တံခါးနောက်ကွယ်မှ ခွေးခြေသေးသေးလေးကို ယူကာ မီးဖိုရှေ့၌ ချထားလိုက်သည်။ ထို့နောက် ခွေးခြေပေါ်သို့ တက်လိုက်သည်။ အားနူက ဗီရိုထဲမှ ပန်းကန်လုံးများ ထုတ်ယူကာ တဝါကို ပေးလိုက်သည်။ တဝါက ပန်းကန်လုံးကို လက်တစ်ဖက်နှင့် ကိုင်က အဖုံးကို အခြားလက်တစ်ဖက်ဖြင့် ဖွင့်၍ ဟင်းချိုဇွန်းကြီးတစ်ဇွန်း အပြည့်ထည့်လိုက်သည်။


စန်းဝါက ဘေးတွင်ထိုင်ကာ သူ့အစ်ကိုကြီး လုပ်နေသည်ကို ကြည့်နေသည်။ တဝါနှင့် ပူးပေါင်း၍ အားနူက ဟင်းချို သုံးပန်းကန်ကို အမြန်ပြင်ဆင်လိုက်နိုင်သည်။


နင်ထန်က မျက်လုံးတစ်ဖက်တည်းသာ ဖွင့်လိုက်ပြီး မီးဖိုချောင်ထဲမှ ကလေးသုံးယောက်၏ အဆိုပါ လှုပ်ရှားမှုများကို လျှို့ဝှက်စွာ ကြည့်ရှုနေသည်။ အငယ်ဆုံးလေးအတွက် ဟင်းချိုကို ကျွမ်းကျွမ်းကျင်ကျင် ခပ်ကျွေးနေသောအကြီးလေးနှစ်ယောက်ကို တွေ့လိုက်ရလျှင် သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။


သူမ စောစာကမှ အိပ်ရာနိုးလာခါစဖြစ်၍ ခုနက ဟောက်သံမှာ ဟန်ဆောင်ခြင်းသာဖြစ်သည်။ တကယ်အိပ်ခြင်းမဟုတ်ဘဲ ကလေးသုံးယောက်ကို လှည့်စားခြင်းသာ။


တဝါနှင့် အားနူက လက်ထဲတွင် ပန်းကန်နှစ်လုံးကိုင်ပြီး မီးဖိုခန်းထဲက ထွက်လာသည်။ စန်းဝါက အကြီးနှစ်ယောက်နောက်ကို အသာတကြည် လိုက်လာခဲ့သည်။


သူတို့ လာနေသည်ကို မြင်သော် နင်ထန်က မျက်လုံးကိုအမြန်ပိတ်လိုက်ပြီး ဆက်လက်ဟောက်ပြလိုက်သည်။ တဝါက နင်ထန်ကို ကြည့်လိုက်ရာ၊ သူမ အိပ်ပျော်နေသည်ကိုမြင်သော် ဒေါသထွက်၍ စားပွဲပေါ်၌ ပန်းကန်လုံးနှစ်လုံးကို ဆောင့်ကြီးအောင့်ကြီး နေရာချလိုက်၏။


နင်ထန်က ဘုန်းခနဲ အသံကြောင့် ထိတ်လန့်သွားသော်လည်း လုံးဝ တုံ့ပြန်မှုမရှိခဲ့ပေ။ ကလေးသုံးယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။ထို့နောက် သူတို့၏ ထမင်းဟင်းပန်းကန်များကို ကောက်ကိုင်လိုက်ပြီး ခေါက်ဆွဲပြုတ်ကို ဖလူးခနဲမြည်အောင် ကျယ်လောင်စွာ ဇွတ်အတင်းစားလိုက်ကြ၏။

 

ကံမကောင်းစွာပင် နင်ထန်က ယခုထိ အာရုံမစိုက်ပေ။ သူမက လှည့်တယပင်မကြည့်၍ တဝါနှင့်စန်းနူ နှစ်ယောက်လုံး ဒေါပွနေကြ၏။


တဝါနှင့် အားနူ အမြန်စားပြီးသွားအခါ ခေါက်ဆွဲပြုတ်ကို စန်းဝါအား ဗိုက်ပြည့်သည်အထိ ခွံ့ကျွေးလိုက်ကြသည်။ စန်းဝါက အသက် သုံးနှစ်သာ ရှိသေး၍ တူမပြောနှင့် ဇွန်းကိုပင် ဖြောင့်အောင်မကိုင်တတ်သေးပေ။ သို့နှင့် တဝါနှင့် အားနူက သူ့ကို သေသေချာချာ ခေါက်ဆွဲခွံ့ကျွေးကြသည်။


စန်းဝါ ဗိုက်ပြည့်သွားပြီးနောက် အားနူက လည်ပင်းတွင် ချိတ်ထားသော ပုဝါဖြင့် သူ့ပါးစပ်ကို သုတ်ပေးလိုက်သည်။


ထို့နောက် သူမက တဝါကို ပြောသည်။

" အစ်ကိုကြီး ဒီပန်းကန်တွေကို ဘာလုပ်ရမလဲ…"


တဝါက ဒေါသတကြီး အော်ဟစ်လိုက်သည်။

" ငါက ဘယ်သိမှာလဲ… ငါ ပန်းကန်ဘယ်လိုဆေးရလဲဆိုတာ မသိဘူး… ဦးလေးရှောင်ကျောက် ငါတို့ကို ထမင်းလာပို့တုန်းက သူပဲ ပန်းကန်တွေကို ဆေးဖို့ပြန်ယူသွားတာ…"


နင်ထန်၏ နားရွက်များ လှုပ်ရှားသွားသည်။ ဦးလေးရှောင်ကျောက် ဆိုသည်က ရှန်းလေ့ပြောသော အစားအသောက် ယူဆောင်လာပေးသည့် အစောင့်ကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ တဝါက အားနူ နှင့် စကားပြောနေသော်လည်း နင်ထန်ကို ကြားအောင်ပြောနေမှန်းသိသာသည်။ သို့သော်လည်း နင်ထန်က ယခုထိ အိပ်ရာနိုးဟန်မပြသေးပေ။


တဝါလည်း ဤကိစ္စနှင့် ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ခဲ့ပေ။ နင်ထန် ဆိတ်ဆိတ်နေခြင်းက သူတို့ဘာသာသူတို့ အကုန်လုပ်ခိုင်းခြင်းပင်။ သူမက ဘာမှမလုပ်ဟု ဆိုလိုခြင်းပင်။ သို့သော် တဝါ၊ အားနူနှင့် စန်းဝါက ပန်းကန် ဘယ်လိုဆေးရမှန်းမသိပေ။


တဝါက အံကြိတ်ကြိုးစားကာ သစ်သားအင်တုံတစ်ခုကို ဆွဲယူပြီး ရေထည့်၍ ညစ်ပတ်သောပန်းကန်များကို ပုံထားလိုက်သည်။ ထို့နောက် တစ်ချပ်ချင်းစီကို ဖြည်းဖြည်းချင်းဆးကြောနေလိုက်သည်။

 

နင်ထန်က သူတို့ပန်းကန်ဆေးပြီးသောအခါ ငုတ်တုတ်ထထိုင်ပြီး လက်များကို ဆန့်တန်းလိုက်သည်။ 

"အင်း၊ တစ်ရေးတစ်မော အိပ်လို့ကလည်း ကောင်းလိုက်တာ…"


တဝါက မျက်လုံးပြူးကာ နင်ထန်ကို စိုက်ကြည့်နေသည်။နင်ထန်က သူ့ကို ပြန်ကြည့်ကာ မျက်တောင်ကိုပုတ်ခတ် ပုတ်ခတ်လုပ်လိုက်သည်။

"အမယ် ငါ့ကို ဘာလို့ကြည့်နေတာလဲ…"


တဝါက တိတ်တိတ်လေး ကျိန်ဆဲလိုက်၏။

' တော်တော်အရှက်မရှိတာပဲ၊ ခုဏကကျတော့ အိပ်ချင် ယောင်ဆောင်တယ်၊ အခု လုပ်ပြီးခါကျမှ နိုးလာတယ်…'


တဝါက သူ့နှာခေါင်းကိုရှုံ့၍ ဟစ်အော်လိုက်သည်။

"ဘာမှမဟုတ်ဘူး…"


နင်ထန် ခေါင်းကို လှည့်လိုက်ပြီး တိတ်တိတ်လေး ရယ်မောရင်း ပြောလိုက်သည်။ 

ဟီးဟီး ငါ သူတို့သုံးယောက်ကို ထိန်းနိုင်သေးတယ်…


သူတို့ ပန်းကန်ဆေးပြီးသောအခါ နေ့လည် နှစ်နာရီထိုးနေလေပြီ။ 


နင်ထန် အပြင်ကို လှမ်းကြည့်လိုက်ရာ သစ်ပင်၊မြက်ပင်များပေါ် မီးရှို့သကဲ့သို့ နေရောင်ထိုးကျနေသော မြင်ကွင်းကို မြင်လိုက်ရ၏။ ပုစဉ်းရင်ကွဲနှင့် ငှက်သံများက ဆူညံပွက်လောရိုက်နေသည်။ မြောက်ဘက်အစွန်းဆုံးရှိ ရှန်းကန်ရွာနှင့် တောင်ဘက် အစွန်းဆုံးရှိ ဟိုင်လန်ကျွန်းက ရာသီဥတု လုံးဝကွဲပြားသည်။


ဇွန်လတွင် ရှန်းကန်ရွာက သိပ်မပူသော်လည်း ဟိုင်လန်တွင်မူ နေရောင်ခြည်က အရေပြားကိုပင် မီးလောင်စေသည်အထိ ဖြစ်နေသည်။

 

နင်ထန် ခြံဝင်းထဲကိုလာ၍ ခဏတာ မတ်တတ်ရပ်ရန် ကြိုးစားသည်။ သို့သော်လည်း ပူပြင်းသော နေရောင်ခြည်က ပြင်းထန်၍ သူမ အိမ်ထဲကို ချက်ချင်း ပြန်ဝင်လိုက်သည်။


တဝါက သူ့အရုပ်ကားနှင့် ဆော့ကစားနေခိုက် အပြင်ထွက်ပြီး အထဲကို ကသောကမျောပြန်ပြေးလာသော နင်ထန်ကိုမြင်လိုက်ရ၏။ တဝါက မျက်လုံးပြူးသွားကာ တွေးလိုက်မိသည်။

ဟို့မားက ဘာဖြစ်တာလဲဟ…


နင်ထန်က အခန်းတွင်း၌ အချိန်အတော်ကြာအောင် နေခဲ့သည်။ နေ့လည် ငါးနာရီထိုးပြီးနောက် နေရောင်က ထူးထူးခြားခြား မပူတော့ပေ။


သူမ လှေပေါ်မှ ဆင်းလာသောအခါက ဟိုင်လန်ပင်လယ်ကို စိတ်ဝင်စားခဲ့မိသည်။ သို့သော် အချိန်မလောက်ငှ၍ ကြည့်ချိန်ပင်မရလိုက်ဘဲ ကျွန်းကိုရောက်လာ၏။ ထိုအချိန်ကလည်း အိမ်ပြန်ရန် အလျင်လိုနေ၍ သူမ ရှုခင်းကြည့်ရန် အချိန်မရှိပေ။ ယခု သူမ၌ အချိန်ရှိနေပြီဖြစ်သည်။ လမ်းလျှောက်ပြီး ပင်လယ်နှင့် အုန်းရနံ့လှိုင်နေသော ကျွန်း၏ကျက်သရေကို ခံစားသင့်သည်။


သူမ၏ အတိတ်ဘဝတွင် ဟိုင်လန်ကျွန်းက ကမ္ဘာလှည့်ခရီးသည်များလာရောက်ရာနေရာ ဖြစ်ခဲ့သည်။ နင်ထန်လည်း အားလပ်ရက်တွင် သွားလည်ချင်ခဲ့သည်။သို့သော်လည်း ကံမကောင်းသည်မှာ သူမက အလုပ်အလွန် ရှုပ်နေခဲ့သည်။သူဌေးက တစ်နေ့လျှင် ၁၂ နာရီ၊ တစ်ပတ်တွင် ၆ရက် အလုပ်လုပ်ခိုင်း၏။


ဒီတစ်ခါတော့ အခွင့်အရေးက အရမ်းကောင်းသွားပြီ…

သူမကိုယ်သူမ တွေးမိသည်။ ယခင်ဘဝကထက်စာလျှင် ဤခေတ်ကာလ ဟိုင်လန်ကျွန်းပေါ်က ရှုခင်းများ သာယာဝပြောသည်။ ထို့ကြောင့် ကျွန်းကိုစူးစမ်းရန်အခွင့်အလမ်း အပြည့်အဝယူသင့်သည်။


နင်ထန်က အိမ်မှ ထွက်လာပြီးနောက် ပင်လယ်ကမ်းစပ်ကိုဦးတည်ကာ အေးအေးလူလူ ဂုဏ်ယူဝံ့ကြွားစွာ လျှောက်လှမ်းနေ၏။ သို့သော် သူမ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် တစ်ခုခုက နောက်မှလိုက်လာသလို ခံစားလိုက်ရသည်။ သူမ နောက်သို့လှည့်ကြည့်လိုက်ရာ အရိပ်သုံးခု သူမနောက်သို့ လိုက်လာသည်ကို မြင်လိုက်ရသည်။

 

တဝါက သူ၏ သစ်သားအရုပ်ကားကို ကိုင်ထားသည်။ အားနူက စန်းဝါကို လက်ဆွဲ၍ သုံးယောက်လုံး နောက်က လိုက်လာကြသည်။ နင်ထန်က သူတို့ကိုမြင်သွားသောအခါ၊ တဝါက သေးငယ်သည့် သွားဖြူဖြူလေးများပေါ်အောင် ပြုံးပြလိုက်သည် ။


နင်ထန် မျက်ခုံးပင့်လိုက်သည်။

"ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ…"


တဝါ၏ ထူထဲသော အနက်ရောင် မျက်ခုံးများက တွန့်ချိုးကာ နင်ထန်ကို အနီးကပ် စိုက်ကြည့်ရင်း ပြောလိုက်သည်။

" ဟို့မား တစ်ခုခုဖြစ်မှာကြောက်လို့ လိုက်လာတာပါ…"


"ငါကလား…တစ်ခုခုဖြစ်မယ် ဟုတ်လား…"


နင်ထန် ကလေးသုံးယောက်သားကို ကြည့်ပြီး ရယ်မောလိုက်သည်။

 "နင်တို့ အသက်က ဘယ်လောက်လဲ…"


ဟုတ်သား၊ ရှန်းလေ့ ပြောထားတာပဲ…


တဝါက အသက်ခုနစ်နှစ်၊ အားနူက ငါးနှစ်၊ စန်းဝါက သုံးနှစ်ရှိပြီဖြစ်သည်ဟူ၍ပင်။


"နင်တို့အသက်တွေပေါင်းရင်တောင် ဆယ့်ငါးနှစ်ပဲရှိသေးတာ… ဒါတောင် အရွယ်မရောက်သေးဘူး၊ ငါက နှစ်ဆယ့်လေးနှစ်… အရွယ်ရောက်ပြီးသား… နင်တို့က ငါ ဒုက္ခရောက်မှာကို စိတ်ပူမနေသင့်ဘူး…"


အားနူက တဝါ၏ အသုံးအနှုန်းအတိုင်းတုပကာ မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။


" အဖေက ပြောတယ်၊ ဟို့မားက အတွေ့အကြုံမရှိတော့ သမီးတို့က စောင့်ကြည့်ပေးရမယ်တဲ့…"


 "အတွေ့အကြုံမရှိဘူး ဟုတ်လား…"  


နင်ထန် ခဏတာ အံ့အားသင့်သွားသည်။ အားနူက သူမသည် ဤနေရာနှင့် မရင်းနှီးဟု ဆိုလိုခြင်းပင်။ သူမလည်း ရှန်းလေ့၏ တောင်းဆိုမှုကို လိုက်နာပြီး ကလေးများအား လိုက်ခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်။


နင်ထန်က ကလေးသုံးယောက်နှင့်အတူ ပင်လယ်ကမ်းစပ်ဆီသို့ ဆက်သွားခဲ့သည်။ သို့သော် မကြာခင် သူမကို နင်ရွှယ်က လှမ်းခေါ်လိုက်သည်။


နင်ရွှယ်က ခြံထဲတွင် ပေါင်းပင်များအားနှုတ်နေသည်။ စုကျွင်းယန်လည်း အချိန်အတော်ကြာအောင် အိမ်မကပ်၍ ခြံက ပေါင်းပင်များဖြင့် ထူထပ်နေသည်။ နင်ရွှယ်က ပေါင်းပင်များအား ကုန်းကွကာ နှုတ်နေသည်။


နင်ရွှယ်က ခြံထဲမှ ပေါင်းမြက်များအား အကုန်ရှင်းရန် စဉ်းစားနေသည်။ စိုက်ပျိုးရန် မြေနှစ်ကွက်ကို ဦးစွာရှင်းရမည်။ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များအား စိုက်ရပေမည်။ ထိုမှသာ အကုန်အကျသက်သာကာ အစားအစာကို ပေါများအောင်စားရပေမည်။ ထို့ကြောင့် နင်ရွှယ်က ဟိုင်လန်ကျွန်း၏ လောင်မြိုက်သော နေရောင်အောက်တွင် တစ်နေ့ခင်းလုံးအလုပ်လုပ်ခဲ့ရသည်။



🏝️🏝️🏝️