Chapter 11
Viewers 845

🏝️ Chapter 11 

သဘောတူညီချက်



ဟိုင်လန်ကျွန်းပေါ်ရှိနေရောင်ခြည်က အတော်လေးပြင်းထန်သည်။ နင်ရွှယ် နေ့လည်ခင်းတစ်ခုလုံး အပြင်မှာနေပြီးနောက် သူ့ပါးပြင်များမှာ နီမြန်းနေပြီး ချွေးများစိုရွှဲနေကာ ဆံပင်များကလည်း နဖူးတွင် ကပ်နေသည်။ သူမ၏မျက်နှာကလည်း ရှုံ့မဲ့နေကာ နောက်ဆုံးတွင် ပေါင်းသင်ခြင်း ပြီးသွားသည်။


ခြံတစ်ခုလုံး လုပ်ပြီးခါနီးတွင် ရှန်းမိသားစုအိမ်မှ ထွက်လာသော နင်ထန်ကိုတွေ့သော် သူမ ခဏနားလိုက်၏။ နင်ထန့် နောက်တွင် ကလေးသုံးယောက်လိုက်လာသည်။ သူမက နင်ထန်ကို အမြန်ခေါ်လိုက်သည်။

"နင်ထန် ဘယ်သွားမလို့လဲ…"


နင်ထန်က ကျွန်းနှင့်မရင်းနှီး၍ သူမ စိုးရိမ်နေမိသည်။ ကျွန်းကို လှည့်လည်သွားလာနေ၍ အကျိုးမရှိနိုင်ပေ။ အထူးသဖြင့် တစ်ကျွန်းလုံးလိုလိုတွင် တင်းကျပ်သော လုံခြုံရေးအစီအမံများ ထားရှိသည်။ ထို့အပြင် သူမနှင့် နင်ထန်တို့က ဝမ်းကွဲညီအစ်မများဖြစ်ကြသည်။


နင်ထန်က ကမ်းခြေကိုသွားမည့်အကြောင်း အမှန်အတိုင်းပြောပြရန် ရည်ရွယ်ထားသည်။


" ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်မလို့၊ မြန်မြန်ပြန်လာမှာပါ…"


ထိုမှပင် နင်ရွှယ် ကျေနပ်စွာနှင့်ပြုံးလိုက်မိသည်။

"ကောင်းပြီလေ… တခြားသွားစရာကိစ္စမရှိရင် မသွားနဲ့လေ"


နင်ရွှယ်က နင်ထန်ကို တစ်ချက်ကြည့်လိုက်သည်။ နင်ထန်က အိမ်ထဲမှာသာနေ၍ သူမ၏ သန့်ရှင်းလတ်ဆတ်သော ရုပ်သွင်ကို မြင်နေရ၏။ သူမ(နင်ရွှယ်)ကမူ ခြံထဲ၌ အလုပ်လုပ်နေရ၍ ချွေးတဒီးဒီးဖြစ်နေသောကြောင့် အနည်းငယ် စိတ်ဆိုးသွားမိသည်။


" နင်ထန်… နင်တို့ မိသားစုရဲ့ခြံက အရမ်းရှုပ်ပွနေတာပဲ…နင် အပြင်ထွက်လမ်းလျှောက်မယ့်အစား ငါ့လို ခြံကို ပေါင်းမြက်နှုတ်ပါ့လား…"


စုမိသားစုနှင့် ရှန်းမိသားစု၏ အိမ်များက မျက်နှာချင်းဆိုင်အိမ်များဖြစ်ပြီး သေးငယ်သော လမ်းကလေးနှင့် နိမ့်သောခြံစည်းရိုးသာခြားထားသည်။ ကျွန်းက နေရောင်ခြည်ပေါများစွာရကာ မိုးများစွာရွာသွန်း၍ အသီးအရွက်များ သန်မာကြီးထွားသည်။ ရှန်းမိသားစု၏ခြံထဲတွင် ပေါင်းပင်များမှာ လူ့အရပ်တစ်ဝက်နီးပါးပင်။


နင်ထန်က နင်ရွှယ်၏ စကားကို တုံ့ပြန်ပြောဆိုမနေပေ။ပေါင်းပင်များနေလျှင်ပင် ယခုလောလောဆယ်နှုတ်ရန် အလျင်စလိုလုပ်နေစရာ မလိုပေ။


ဟိုင်လန်ကျွန်းပေါ်ရှိ နေရောင်က နေ့ခင်းဘက်ရောက်သည့်အခါ အရေပြားပင် အလွှာကွာနိုင်သည်အထိ ပူပြင်းလှ၏။သို့သော် နင်ထန်၏ အတွေ့အကြုံကို အခြေခံပါက သူမ၏ ဝမ်းကွဲအစ်မ နင်ရွှယ်က စိတ်ဓာတ်ပြတ်သားသည်။ဆုံးဖြတ်ချက်ချတတ်ပြီး ဖြစ်အောင်လုပ်တတ်သည်။ သူမက ခြံထဲတွင် ပေါင်းသင်ရန် စိတ်ပင်မကူးထားမှန်း နင်ရွှယ်အား ပြောပင်မပြောဖြစ်ပေ။ သူမက ရယ်လိုက်ရင်း ပြန်ပြောသည်။

" ကောင်းပြီ‌လေ… နောက်မှပဲ ပေါင်းသင်တော့မယ်…"


နင်ရွှယ်က နင်ထန်၏ စကားကို နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။ ယခုအခါတွင် နင်ထန်က ပင်လယ်ကမ်းစပ် ရှုခင်းကို ခံစားရန် ခံစားချက်လည်းမရှိတော့၍ ကလေးသုံးယောက်ကိုခေါ်ကာ အိမ်ပြန်ခဲ့ရသည်။ အိမ်သို့ရောက်သောအခါ ကလေးများက စိတ်သက်သာရာရကာ သက်ပြင်းချမိကြသည်။ နင်ထန်ကမူ ရုတ်တရက် ထောင်ကျနေသလို ခံစားလိုက်ရသည်။


ကံကောင်းသည်မှာ ခုနစ်နာရီဝန်းကျင်တွင်၊ ရှန်းလေ့ ပြန်ရောက်လာသည်။ ရှန်းလေ့ဝင်လာသည်နှင့် တဝါက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

 "အဖေ…"  


အားနူ ကလည်း “အဖေ” ဟု အော်လိုက်သည်။


စန်းဝါကမူ ‌မအော်ဘဲ ရှန်းလေ့၏ပေါင်ကို ဖက်ထားသည်။ မရင်းနှီးသော နင်ထန်နှင့်ယှဉ်ပါက၊ သူတို့၏ ဖခင် ရှန်းလေ့ ပြန်ရောက်လာမှသာ ကလေးသုံးယောက်လုံးက လုံခြုံသည်ဟု ခံစားရသည်။


ရှန်းလေ့ မပြန်လာမီတွင် စပါးဂို‌ဒေါင်နှင့် ဆီဆိုင်အပြင်၊ဟင်းသီးဟင်းရွက်ဈေးက ဂျုံမှုန့်၊ ဆီနှင့်ဟင်းသီးဟင်းရွက်များ ဝယ်လာသည်။ အိတ်များကို သူ့လက်ထဲ၌ ကိုင်ထားစဉ် ကလေးသုံးယောက်ကြောင့် ဘာလုပ်ရမည် မသိတော့ပေ။


နင်ထန်က ကလေးသုံးယောက်ကို ကြည့်လိုက်ပြီး ရှန်းလေ့ ၏လက်မှအထုပ်များအား ယူလိုက်သည်။

"ပေး… ကျွန်မ မီးဖိုချောင်ထဲမှာထားပေးမယ်…"


ရှန်းလေ့ အံ့သြသွားပြီး နင်ထန်ထံသို့ အိတ်များ ပေးလိုက်သည်။ ထို့နောက် ကလေးသုံးယောက်ကို ချော့မော့ရသည်။ရှန်းလေ့ ကလေးသုံးယောက်လုံးကို နှစ်သိမ့်ပေးပြီးနောက် ခဏကြာသောအခါ ကလေးများက ခြံထဲကို သွားသည်။သူ ချက်ပြုတ်ရန်မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်နှင့် မီးဖိုချောင်တွင် သစ်သားအင်တုံတစ်လုံးကို သူတွေ့လိုက်သည်။ အင်တုံထဲတွင် ကလေးသုံးယောက်စားထားသော ပန်းကန်များနှင့် တူများအား အပုံလိုက်စိမ်ထားသည်။ရှန်းလေ့ အံ့အားသင့်သွားပြီး ထမင်းမချက်မီ ပန်းကန်များအား ဆေးလိုက်သည်။ 


လူကြီး နှစ်ယောက်၊ ကလေးသုံးယောက်အတွက် ရှန်းလေ့က ခေါက်ဆွဲသုံးပန်းကန်နှင့် ဟင်းတစ်မျိုး ချက်သည်။ပန်းကန်များကို စားပွဲထက်သို့ ယူဆောင်လာသောအခါ၊ နင်ထန် လှမ်းကြည့်လိုက်မိသည်။ ဂုံးပေါင်းဟင်းရွက်မွှေကြော်၊ အဝါရောင်ငါးပုတ်ကြော်၊ အချဉ်၊ ဂေါ်ဖီထုပ်နှင့်ဖက်ထုပ်ဟင်းချိုစသဖြင့်ပင်။ ဟင်းပွဲများက ရိုးရှင်းသော်လည်း၊ ရှန်းလေ့က ဟင်းချက်ကျွမ်းကျင်၍ အရသာအလွန် ကောင်းမွန်ခဲ့သည်။ ငါးက သေးသော်လည်း အရိုးပါ၍ ရှန်းလေ့က ကလေးသုံးယောက်အတွက် ငါးအရိုးကို ဂရုတစိုက်နွှင်၍ ကလေးသုံးယောက်ကို ထည့်ပေးသည်။


နင်ထန်ကမူ ရှန်းလေ့ကဲ့သို့ ကလေးသုံးယောက်အား ဂရုစိုက်စရာမလိုပေ။ သူမက ပန်းကန်ကို ကောက်ယူပြီး စိတ်ပါလက်ပါပင် စားတော့သည်။


နေ့လယ်စာအတွက် ခေါက်ဆွဲပြုတ် တစ်ပန်းကန်သာ စားထား၍ အတော်ဆာနေပေပြီ။ ငါးအရိုးနွှင်နေစဉ်၊ ရှန်းလေ့ တုံ့ဆိုင်းသွားပြီး နင်ထန်ကို ကြည့်လိုက်သည်။

 "အင်း ကိုယ်တို့ ဆွေးနွေးရအောင်…"


နင်ထန် တူများကို ချလိုက်သည်၊

"ဘာများလဲ…"


"ကိုယ်တို့ကြားက အိမ်မှုကိစ္စကို ဝေစုခွဲရအောင်…"


"ကောင်းပြီလေ…"


အနာဂတ်တွင် သူတို့နှစ်ယောက် အတူနေထိုင်ကြမည်ဖြစ်၍ အိမ်မှုကိစ္စများအား တာဝန် ခွဲဝေရန် လိုအပ်သည်။သေချာပေါက် သူမလည်း လုပ်ရပေမည်။


" နောက်ဆို မင်း အိမ်မှာ ထမင်းဟင်းချက်ထားလို့ရမလား… ကိုယ်က စစ်တပ်ကို နေ့တိုင်းလေ့ကျင့်ဖို့ သွားရမယ်ဆိုတော့ အရမ်း ပင်ပန်းတယ်… ဒီလိုနေ့မျိုးဆို ပြန်လာရင် ထမင်းချက်ဖို့မဖြစ်နိုင်ဘူး…"


နင်ထန်က ရိုးရိုးသားသားပြောလိုက်သည်။

"ကျွန်မ ရိုးရိုးသားသားပြောမယ်... ကျွန်မ ပန်းကန်တွေဆေးလို့ရပေမယ့် ထမင်းဟင်းတော့ ချက်ပြုတ်လို့ မရဘူး…"


"ဘာလို့လဲ…"  


ရှန်းလေ့ အံ့သြသွားသည်။ 

ဘာလဲ သူက မိန်းမဖြစ်ပြီး ထမင်းမချက်တတ်ဘူးလား…


နင်ထန် ရှန်းလေ့ကို တစ်ချက်ကြည့်လိုက်ပြီး သူဘာတွေးနေကြောင်း မှန်းဆကြည့်မိသည်။

" ရွာမှာတုန်းက ကျွန်မ ဟင်းချက်တာ တွေ့ဖူးလား…"


ရှန်းလေ့က သေသေချာချာ စဉ်းစားသည်။ သူ ရှန်းကန်ရွာတွင် နေခဲ့စဉ်က အမြဲချက်ပြုတ်တတ်သူက နင်ရွှယ် ပင်။


ရှန်းလေ့ အံ့ဩသွားသည်။

 "နင်ထန်… မင်း တစ်ခါမှ မီးဖိုချောင် မဝင်ဖူးဘူးလား… မင်းက ဟင်းမချက်တတ်တာလား၊ ဒါမှမဟုတ် မချက်ချင်တာလား…"


နင်ထန်က "နှစ်ခုစလုံး" ဟု ပြန်ဖြေသည်။

 

သူမ၏ ယခင်ဘဝတွင် ဟင်းချက်နည်းကို တစ်ခါမှ မသင်ဖူးပေ။ ဤကမ္ဘာကို ရောက်ရှိလာသောအခါ သူမ ပို၍ပင် ချက်ပြုတ်ချင်စိတ်မရှိ ဖြစ်လာသည်။ ယခင်ဘဝက နည်းပညာလည်း တိုးတက်၍ ထမင်းချက်ချင်ပါက လျှပ်စစ်ထမင်းပေါင်းအိုး ခလုတ်အား နှိပ်ရုံသာလိုအပ်သည်။ ဤ‌ခေတ်ကြီး၌ ဟင်းချက်ခြင်းက အတော်ပင်ပန်းသည်။မီးမွေးရမည်၊ မီးတောက်အောင်ထည့်ရမည်ဖြစ်ရာ ရာသီဥတုက ပူပူနှင့် လူကိုအကောင်လိုက် ပြုတ်ထားသလို ခံစားရပေမည်။


ယမန်နေ့က ရှန်းလေ့ ချက်ပြုတ်သည်ကို သူမ ကြည့်ပြီး အတော်ပင်ပန်းမှန်းသိလိုက်ခြင်းပင်။ ရှန်းလေ့က နင်ထန် ကို ကြည့်လိုက်ပြီး သူမ အမှန်အတိုင်းပြောနေမှန်း သဘောပေါက်သွားသည်။ သူက ခဏလောက်စဉ်းစားသည်။

" တစ်နေ့ ဟင်းနှစ်နပ်ချက်ရတယ်၊ နေ့လည်စာနဲ့ ညစာ၊ ဒီနေ့ ကိုယ်က ခုနစ်နာရီပြန်လာတယ်တော့ အိမ်ပြန်နောက်ကျတယ်... ဒါပေမယ့် ထုံးစံအတိုင်းဆိုရင်‌တော့ ငါးနာရီခွဲ ခြောက်နာရီရောက်တယ်လေ… ဒီတော့ ကိုယ် ညစာ ထမင်းချက်လို့ရတယ်…ဒါပေမယ့် နေ့လည်စာကိုကျတော့ရော.... "


နင်ထန်ကို မစောင့်ဘဲ ရှန်းလေ့က ဆက်ပြောသည်။

"ကိုယ် မင်းတို့အတွက် ထမင်းချက်ဖို့ တပ်ကနေ ပြန်လာလို့မရဘူး… နေ့လယ်စာစားချိန်တွေမှာ ပြန်ချင်ရင်တောင် တပ်မှူးနဲ့ နိုင်ငံရေးအရာရှိက ခွင့်မပြုဘူး…"


ရှန်းလေ့က မနက်စောစောထပြီး ခေါက်ဆွဲချက်ထား၍သူမတို့လေးယောက်လုံး နေ့လည်စာမငတ်ခြင်းပင်။ သူ နောက်ဆုံး စိတ်လျှော့ပြီး ပြောလိုက်သည်။

" ဒါဆို မင်း ဘာလို့ နေ့လည်စာ မချက်ကြည့်တာလဲ…"


နင်ထန်က မျက်ကလူးဆန်ပြာဖြင့် ပြောသည်။

"ကျွန်မ မချက်ချင်ဘူး… တကယ်တော့ ကျွန်မရဲ့ ဟင်းချက်နည်းက အရမ်းရိုးပါတယ်… ဟင်းချက် မကောင်းဘူးလို့တောင် ပြောလို့ရတယ်… စဉ်းစားကြည့်လေ၊ ကျွန်မနဲ့ ဝမ်းကွဲအစ်မနဲ့ နှစ်ယောက်မှာ သူကပဲ အမြဲ ဟင်းချက်နေတာပဲကြည့်တော့…ကျွန်မက တစ်ခါမှ ဟင်းမချက်ဘူး…မွှေကြော်ကြော်တာတောင် ကျွန်မက မကြော်တတ်ဘူး…ရှင် ဝမ်းပျက်ဝမ်းလျှော မဖြစ်ချင်ဘူးမလား…"


ရှန်းလေ့က ပြောသည်။

"အရမ်းချက်တတ်ဖို့ မလိုပါဘူး… မွှေကြော်ကြော်တတ်ပြီး၊ ပြုတ်တတ်ရုံနဲ့ ဟင်းချက်လို့ရပါတယ်… ကိုယ်တို့ကျွန်းပေါ်က ပင်လယ်စာထွက်ကုန်တွေပေါတယ်… ငါး၊ ပုစွန်၊ ကဏန်းတွေကို စျေးထဲမှာရောင်းတယ်… ဝယ်ပြီးရင် ရေနွေးငွေ့နဲ့ ပေါင်းလိုက်…ဘာမှ သိပ်လုပ်စရာမလိုဘူး…"


နင်ထန် ငြင်းချင်သော်လည်းရှန်းလေ့က ဆက်‌ပြောသည်။

" ကိုယ့်လစာကို မင်းကို အကုန်ပေးမယ်…မင်းဘာသာ စီမံခန့်ခွဲရမယ်… ဆယ်နာရီမှာ ဈေးသွားပြီး နေ့လည်စာအတွက် ပင်လယ်စာသွားဝယ်… ပြီးရင် ညစာလည်း ဒါပဲချက်လိုက်လို့ရတယ်…"

 

နင်ထန် ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။

"ရှင့်လစာက ဘယ်လောက်လဲ…" 


"ခုနစ်ဆယ့်ငါးယွမ်ကတော့ တရားဝင်ရတာ…ထောက်ပံ့ကြေးတွေနဲ့ဆို ရှစ်ဆယ်လောက်ရှိမယ်ထင်တယ်…"


နင်ထန် မျက်လုံးများ ပြူးကျယ်သွားသည်။ ရှန်းလေ့ကို ဤမျှ ငွေရှာနိုင်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ထို့အပြင် ရှန်းလေ့ကလည်း သူ့လစာကို သူမအား အကုန်အပ်မည်ဟု ဆိုသည်။


ဆိုလိုတာက ငါ လိုချင်တာ ဘာမဆို ဝယ်လို့ရတယ်မလား…


နင်ထန် ချက်ချင်း သဘောတူလိုက်သည်။

"သဘောတူတယ်…"


ရှန်းလေ့က သက်ပြင်းတစ်ချက်ချလိုက်သည်။

"အိုး...စကားမစပ်၊ အိမ်မှုကိစ္စနဲ့ပတ်သတ်ပြီး ပြောစရာတွေရှိတယ်…"


"အိမ်မှုကိစ္စ…" 

နင်ထန် မျက်ခုံးပင့်လိုက်သည်။


 "မင်း နေ့လယ်စာစားထားတဲ့ ပန်းကန်တွေကို ရေမဆေးဘူးမလား… ကိုယ် မီးဖိုခန်းထဲဝင်လိုက်တာနဲ့ မြင်လိုက်တယ်… အဲဒါနဲ့ ဟင်းမချက်ခင် ပန်းကန်ဆေးလိုက်ရတယ်…"


နင်ထန်က ပြောသည်။

"ကျွန်မကတော့ ကိုယ်စားတဲ့ ပန်းကန်တွေကို ဆေးပါတယ်…"


"ဒါဆို တဝါ၊အားနူနဲ့ စန်းဝါ ရဲ့ ပန်းကန်ကိုကျ ဘာလို့မဆေးတာလဲ…"


"ကျွန်မ မဆေးချင်ပါဘူး…"

နင်ထန်က ပြောသည် ။


"မင်း သူတို့စားထားတဲ့ ပန်းကန်တွေကို ဆေးသင့်တယ်မလား… နောက်ဆို သူတို့စားတာတွေကို ကူဆေးပေးလို့ရမလား…"

 

နင်ထန်က ခေါင်းယမ်းပြီး ပြောသည် ။

"မဆေးချင်ပါဘူး…"


"ဘာလို့လဲ…"  


ရှန်းလေ့ နားမလည်နိုင်တော့ပေ။

 "ကိုယ်တို့က လက်ထပ်ပြီးပြီလေ… မင်းက သူတို့အမေပဲ… သူတို့ကို ကူညီဖို့က မင်း တာဝန်မလား… ပန်းကန်ဆေးပေးရမယ် မလား…"


 "ကျွန်မက မိထွေး၊ မွေးထားတဲ့အမေမဟုတ်ဘူး… သူတို့က ကျွန်မ ကလေးတွေ မဟုတ်ဘူး… ဘာလို့ သူတို့ကို ဟင်းပွဲပြင်၊ ပန်းကန်ဆေးပေးရမှာလဲ… ရှင်က သူတို့ရဲ့ အဖေအရင်းပဲ… သူတို့ကို ဟင်းချက်ပေးဖို့ တာဝန်ရှိတယ်…"


ရှန်းလေ့က သူမစကားကြောင့် အံ့အားသင့်နေရသည်။ နင်ထန်ကမူ အကြောင်းပြချက်ကို ရှင်းပြရင်း ပြေလည်အောင် ညှိနှိုင်းလိုက်သည်။

" ဒီလိုဆို ဘယ်လိုလဲ… ကျွန်မက နေ့လယ်စာ ချက်ပြုတ်ပြီး ပန်းကန်ဆေးမယ်… ရှင်က ညစာချက်၊ ပြီးတော့ ပန်းကန်ဆေး…"


ရှန်းလေ့ သက်ပြင်းချလိုက်ပြီး ပန်းကန်များကို ယူပြီး မီးဖိုချောင်ကို မထွက်သွားခင် နင်ထန်ကို လှမ်းကြည့်လိုက်သည်။ နင်ထန်က မျက်နှာငယ်လေးဖြင့် ကြည့်နေသည်။ အိမ်ထောင်ပြုပြီနောက် သူမ အတော်ကို အဆင်မပြေဖြစ်ရသည်။ ပျော်စရာလည်း မကောင်းပေ။


ဤရက်ပိုင်း ခရီးလည်းပန်းထား၍ သူမ စောစောအိပ်ရာဝင်ခဲ့သည်။ ပထမတွင် အသားမကျသေးသော်လည်း ယခုနောက်ပိုင်းတွင် ကိုးနာရီဝန်းကျင်လောက်၌ အိပ်ငိုက်လာပြီဖြစ်သည်။


ရှန်းလေ့ကို ကောင်းသောညပါဟု ပြောပြီးနောက် နင်ထန် အိပ်ရာဝင်လိုက်၏။ နင်ထန် မှိန်းနေချိန်တွင် ခုတင်တစ်ဖက်က အလေးချိန်ကြောင့် နစ်သွားသလို ခံစားရသည်။ ရှန်းလေ့ ကလေးသုံးယောက်အား ချော့သိပ်ပြီး အိပ်ရာဝင်လာခြင်းဖြစ်နိုင်သည်။


သူမမှာလည်း သားသမီးရှိပါက ယခုလို စောစောအိပ်ရမည်မဟုတ်ပေ။ တိတ်ဆိတ်သောညတစ်ည ကုန်ဆုံးသွားပြီး နောက်နေ့မနက် နင်ထန် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ရှန်းလေ့ မရှိတော့ပေ။ သူ စစ်တပ်ကို မနက်စောစောကတည်းက ထွက်သွားခြင်းဖြစ်နိုင်သည်။


သူမ တစ်ဖက်ကို လှည့်ကြည့်လိုက်သောအခါ ကလေးသုံးယောက်ကို တွေ့လိုက်ရသည်။

 

တဝါနှင့် အားနူတို့က ခုတင်တစ်ဖက်တွင် မတ်တတ်ရပ်နေကြပြီး စန်းဝါက သူမ၏ အိပ်ရာခြေရင်းပေါ်တက်၍ လှဲလျောင်းနေသည်။

 

တဝါက ပြောသည်။ 

"ဟို့မား အခု ဘယ်အချိန်ရှိပြီလဲသိလား…"


နင်ထန်က အပြင်ဘက်ကောင်းကင်ကို မော့ကြည့်လိုက်သည်။

 "မသိဘူး၊ စောတော့ စောနေသေးတယ်…"


အားနူက သူမတင်ပါးပေါ်တွင် လက်များကို တင်ထားပြီး စူးရှစွာပြောလိုက်သည်။

"ဆယ့်တစ်နာရီထိုးနေပြီ…"


"ဆယ့်တစ်နာရီပဲ ရှိသေးတယ်လေ…"  

နင်ထန် ပြန်လှည့်၍ ကလေးသုံးယောက်အား မျက်နှာလွှဲရင်း ပြောလိုက်သည်။

"ဒါဆိုလည်း နည်းနည်းလောက် အိပ်ပါရစေဟာ…"


တဝါက ဒေါသများ ပေါက်ကွဲထွက်လုနီးပါးပင်။ ထို့နောက် ကျန်နှစ်ယောက်ကို လက်လှမ်းပြကာ သုံးယောက်ပေါင်း၍ နင်ထန်ကို လက်သေးသေးလေးများဖြင့် တွန်းလိုက်သည်။


"ဆယ့်တစ်နာရီထိုးနေပြီ… မြန်မြန်သွား…သားတို့ကို နေ့လယ်စာ လုပ်ပေး…"



🏝️🏝️🏝️