Chapter 16
Viewers 843

🏝️ Chapter 16 

ပင်လယ်ပြင်သို့ သွားခြင်း



"ပင်လယ်ကိုသွားရင် ထောက်ပံ့ကြေးလည်းရမယ်…"


နင်ထန် ငြိမ်သက်သွားသည်။

"ထောက်ပံ့ကြေးက ဘယ်လောက်လဲ…"


ရှန်းလေ့ ခဏလောက်စဉ်းစားပြီး ပြန်ဖြေသည်။

"ဘယ်လောက်ကြာကြာနေမယ် ဆိုတဲ့အပေါ်မှာ မူတည်တယ်… ပျမ်းမျှကတော့ တစ်လကို ယွမ်ခြောက်ဆယ်…"


နှစ်လသွားလျှင် ယွမ် ၁၂၀ ဖြစ်မည်။ ရှန်းလေ့က တစ်လကို လစာ ယွမ်ရှစ်ဆယ်သာ ရရှိသည်။ ယခု ပင်လယ်ကိုနှစ်လသွားပါက ယွမ် ၁၂၀ ရပေဦးမည်။ နှစ်ကုန်ဘောနပ်စ်လို အပိုဆုကြေးရသလိုမျိုးပင်။


နင်ထန် : " ကောင်းပြီ… ကျွန်မ ရှင့်ကလေးသုံးယောက်ကို စောင့်ရှောက်ထားမယ်…ဒါပေမယ့် ရှင်ပြန်လာတဲ့အခါ ထောက်ပံ့ကြေး ကျွန်မကို အကုန်ပေးရမယ်…"


ယွမ် ၁၂၀ နှင့် လုပ်အားခက အဝတ်လျှော်စက်ဝယ်ရန် လုံလောက်ပေသည်။ ယခုခေတ်တွင် နင်ထန်အတွက် အဝတ်လျှော်ရခြင်းက အလွန်ခက်ခဲလှသည်။ အထူးသဖြင့် အိပ်ရာခင်းများနှင့် စောင်များပင်။ သူမ ခြေထောက်နှင့် နင်း၍ လျှော်သော်လည်း လျှော်ပြီးတိုင်း သူမ၏ ကျောနှင့် ခါးမှာ နာကျင်၍သာနေသည်။


နွေရာသီတွင် အဝတ်အစားလျှော်ရသည်ထက် ဆောင်းရာသီက ပို၍ပင် ခက်ခဲသည်။ ထို့ကြောင့် သူမက အဝတ်လျှော်စက် အမြန်ဝယ်ချင်သည်။


"ကောင်းပြီ…"

ရှန်းလေ့က လျင်မြန်စွာ သဘောတူသော်လည်း၊ သူ့ကိုယ်သူ ပြန်ပြင်လိုက်သည်။

" အဲဒါ ကိုယ့်ကလေးတွေ မဟုတ်ဘူး…သူတို့က ကိုယ်တို့ရဲ့ ကလေး‌တွေပါ…"


နင်ထန်က လက်ကို ဝှေ့ယမ်းလိုက်သည်။

 "အတူတူပဲလေ…" 


ထိုစဉ် နင်ထန်က အခြားတစ်ခုခုကို သတိရလာသည်။ သူမ ဟိုင်လန်ကျွန်းတွင် ရောက်နေသည်က အချိန်တစ်ခုပင် ကြာလာလေပြီ။ သူမ မထွက်လာခင်က၊ နင်ဝေ့ကော နှင့် စွန်းအိုက်ကျွီတို့ကို သူမရောက်လျှင် စာပို့မည်ဟု ကတိပြုခဲ့သည်။ သို့သော် စာရေးရုံနှင့်မဖြစ်သေးဘဲ ဟိုင်လန်ကျွန်းတွင်သာ ရနိုင်သော ပစ္စည်းများအား ပို့ပေးရန် စဉ်းစားထားသည်။ ထို့ကြောင့် သူမက ရှန်းလေ့ကိုမေးလိုက်သည်။


"ဒီကျွန်းပေါ်မှာ ဘာထူးခြားတာရှိလဲ… ကျွန်မ မိဘတွေဆီရော၊ အစ်ကို့ဆီရော ပစ္စည်းလေးတွေ ပြန်ပို့ချင်တယ်…"


 "နေဦး, ကိုယ် စဉ်းစားပါရစေ… ဟိုင်လန်ကျွန်းမှာ ဘာထူးခြားတာရှိလဲဆို ပုစွန်ခြောက်၊ ဂုံးခြောက်၊ ပြည်ကြီးငါးခြောက်တွေ ရှိတယ်၊ ရေနဂါးခြောက်လည်းရနိုင်တယ်…"


နင်ထန်၏ မျက်လုံးများ တောက်ပလာသည်။

"အများကြီးပဲ… အဲဒါတွေကို ဘယ်မှာဝယ်လို့ရမလဲ…"

 

"စျေးမှာလေ… ဒါတွေအားလုံးက ပင်လယ်ထဲက ဖမ်းမိတဲ့ ပင်လယ်စာမလား… တံငါသည်က ဖမ်းပြီး အခြောက်ခံပြီးမှ စျေးသွားရောင်းတယ်လေ…"


နင်ထန် ပြန်တွေးကြည့်မိသည်။ တံငါသည်များသည် သူတို့ရလာသော ငါးများအား အခြောက်လှန်းကာ ဈေးတွင်ရောင်းစားသည်ကို သတိရမိသည်။ သူမက လတ်လတ်ဆတ်ဆတ် ပင်လယ်စာများသာ ဝယ်လေ့ရှိ၍ ထိုအခြောက်အခြမ်းများအား ဂရုမပြုမိပေ။


"မနက်ဖြန် စစ်တပ်က ပြန်လာရင် ကိုယ် စျေးဝင်ဝယ်‌ပေးပါ့မယ်" 

ရှန်းလေ့ အကြံပြုလိုက်သည်။


"မလိုပါဘူး… ကျွန်မကိုယ်တိုင်ဝယ်လိုက်မယ်… ပင်လယ်ထွက်ကုန်တွေအစုံ ကျွန်မမိဘတွေဆီ ပို့ဖို့ဆိုတော့ ကျွန်မဘာသာ ကြည့်ဝယ်တာကောင်းတယ်…"


 "ဒါဆိုလည်း ကောင်းပါပြီ…"  

ရှန်းလေ့ သဘောတူလိုက်သည်။


နောက်တစ်နေ့ ညနေ လေးနာရီတွင် နင်ထန်က ပိုက်ဆံများကို ရေတွက်ပြီး စျေးသွားရန် ပြင်ဆင်သည်။ သူမ အပြင်ထွက်ခါနီးအချိန်တွင် တဝါက ပြောလာသည်။

"ဟို့မား သားလည်း လိုက်ချင်တယ်…"


နင်ထန်က ယခုမှရောက်လာစဖြစ်‌၍ ရှန်းလေ့က ကလေးသုံးယောက်ကို နှစ်လခန့် အပြင်မထွက်ဘဲ၊ အိမ်မှာသာ ငြိမ်ငြိမ်လေးဆော့ကစားကြရန် မှာထားခဲ့သည်။


တဝါက အိမ်တွင် အတော်ကြာအောင်နေရ၍ ပျင်းနေမိကာ အခွင့်အလမ်းရှိတိုင်း အပြင်ထွက်ချင်နေသည်။


"လိုက်ချင်ရင် လိုက်လေ…"

နင်ထန်က တစ်ဖန် အားနူနှင့် စန်းဝါကို မေးလိုက်သည်။

"နင်တို့နှစ်ယောက်‌ရော လိုက်ချင်လား…"


တဝါလိုပင် အားနူနှင့် စန်းဝါသည်လည်း ငြိမ်မနေနိုင်ပေ။ သူတို့ကို လာခေါ်သည်နှင့် တပြိုင်နက် ချက်ချင်းပြောသည်။

"သားတို့လည်း သွားချင်တယ်…"


နင်ထန် : "လိုက်တာက လိုက်နိုင်တယ်…ဒါပေမယ့် ပစ္စည်းတွေသယ်ဖို့ မင်းတို့ သုံးယောက်လုံး ကူညီရမယ်…"


တဝါက သူ့မျက်လုံးကို လှိမ့်လိုက်သည်။

"ဒါဆို တစ်ယောက်ချင်းစီကို စွန်ပလွံသီး နှစ်လုံးစီပေးရမယ်နော်…"


နင်ထန်က ကောင်လေး၏လက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်သည်။

" နင် အရင်ဘဝတုန်းက စာရင်းကိုင်များလား…" 


 "အဲ့ဒါက ဘာကြီးလဲ…"


 "မင်း ဘာလို့ ဒီလောက် တွက်တတ်နေတာလဲလို့ ပြောတာ…ဒါပေမယ့် စွန်ပလွံသီးက တစ်ယောက်ကို တစ်လုံးပဲနော်…"


"အဆင်ပြေပါတယ်…"

တဝါက ခေါင်းညိတ်သည်။

 

နင်ထန် မျှော်လင့်ထားပြီးသားပင်။ သူမက တစ်ယောက်ကို တစ်လုံးစီသာပေးမည်ဖြစ်၍ သူက နှစ်လုံးဟု ကြိုတင်တွက်ဆကာ တမင်သက်သက် ပြောလိုက်ခြင်းပင်။

 

 "ဒါဆို စကားကို တည်ရမယ်…"


"အမယ် ငါက လူကြီးပါ…စကားကိုတည်တာပေါ့… နေ့လယ် သုံးနာရီမှာ ပန်းကန်ဆေးအပြီး‌နော်… ဒါဆို နင်တို့ကို တစ်ယောက်ကို စွန်ပလွံသီးနှစ်လုံးစီ ပေးမယ်…" 


တဝါက လှည့်ကြည့်ပြီး သဘောပေါက်သွားသည်။ သူ့မိထွေးက ပျင်းရိကာ အအိပ်မက်သော်လည်း စကားကို တည်တတ်သူဖြစ်သည်။ သူက နင်ထန်၏ အမေးကို မဖြေဘဲ အားနူနှင့် စန်းဝါတို့ကိုခေါ်ကာ လှည့်ပြီး ပြေးထွက်သွားသည်။


နင်ထန်လည်း သူတို့သုံးယောက်နောက်ကို လိုက်သွားသည်။ယနေ့ နေသိပ်မပူ၍ သူမ ကောက်ရိုးဦးထုပ် မ၀တ်ထားပေ။ နာရီဝက်လောက် လမ်းလျှောက်သောအခါ ဟင်းသီးဟင်းရွက်စျေးသို့ ရောက်လာသည်။ ဤနံနက်ခင်းအချိန်တွင် ဈေးသည် အရေအတွက်သာမက ဈေးဝယ်သူများပါ တဖြည်းဖြည်း များလာသည်။  


နင်ထန်က ကလေးသုံးယောက် နောက်ကို လိုက်သွာသည်။ ထို့နောက် လူရှင်းသော ပင်လယ်စာဆိုင်သို့ဝင်ကာ ဈေးသည်အား မေးလိုက်သည်။

 " ဒီရေနဂါးခြောက်က ဘယ်လိုရောင်းလဲ…"


 "ဒါကို တစ်‌ကောင်ချင်း ငါးဆင့်နဲ့ရောင်းပါတယ်…"

 á€…ဝ္းသည်ကပဟ္ဏသည်။


" ဟင်းချက်ချင်ရင် အများကြီးဝယ်ရမှာလား…" 


" ဒါက ဟင်းချက်ရတာမဟုတ်ဘူး… ရေနဂါးဝိုင်လုပ်ရတာ… ရေနဂါးခြောက်က ခန္ဓာကိုယ်အတွက် အားကောင်းစေတယ်၊ ကျောက်ကပ်ကို အာဟာရဖြည့်ပေးတယ်၊ အရွတ်တွေသန်မာတယ်၊ သက်ကြီးရွယ်အိုတွေအတွက်လည်း ကောင်းပါတယ်… ဒီက သက်ကြီးရွယ်အို မိသားစုဝင်ရှိတဲ့ အိမ်တိုင်းမှာ ဒီအိုးတွေရှိတယ်… အများကြီးဝယ်စရာ မလိုဘူး… တစ်ကောင်ကို သုံးဆင့်ပဲကျတယ်…"


သက်ကြီးရွယ်အိုနှင့်သင့်တော်သည်ဆိုသည်က အတော်ကောင်းသွားသည်။ နင်ဝေ့ကောက အရက်ကို နှစ်သက်သူဖြစ်၍ အကောင်၃၀ ဝယ်ရန် သူမ ဆုံးဖြတ်ခဲ့သည်။ 


ပုစွန်ခြောက်၊ ပင်လယ်ခရု နှင့် မက်ကရယ်ငါးများကိုလည်း ဝယ်ခဲ့သည်။ သူမ ဈေးဝယ်ပြီးသွားသည့်အခါ လက်ထဲတွင် အိတ်များစွာဖြင့် ပြည့်နေသည်။ ထိုအခါ တဝါက သူ့တာဝန်များကို သတိရပြီး ပြောလိုက်သည်။

 "ဟို့မား သားတို့ သယ်ကူပေးမယ်… အိမ်ပြန်ရောက်တဲ့အခါမှသာ စွန်ပလွံသီးတွေပေးပါ…"


နင်ထန်က ကလေးများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်‌စေချင် ပေ။ ထို့ကြောင့် အလေးချိန်များသည်ကို မပေးဘဲ ပေါ့ပါးသည့် ပစ္စည်းများဖြစ်သည့် ရေနဂါးခြောက်၊ ပုစွန်ခြောက် စသည်တို့သာ ပေးသည်။ 


ကလေးသုံးယောက်က အိတ်အသေးတစ်လုံးစီကို ကျေကျေနပ်နပ်ယူသွားကြပြီ ယုံကြည်မှုအပြည့်နှင့် လမ်းလျှောက်လာကြသည်။


နင်ထန်နှင့် ကလေးသုံးယောက်တို့ အိတ်ကြီး၊ အိတ်ငယ်များ သယ်ကာ အိမ်တံခါးဝကို ရောက်လာကြ၏။ ထိုစဉ် မထင်မှတ်ဘဲ နင်ရွှယ် ၊ စုကွမ်းကျုံးနှင့် စုယောင်ကျူး တို့က တံခါးထိပ်၌ သူမတို့အား စောင့်နေသည်ကို တွေ့ရသည်။ နင်ရွှယ်က နင်ထန်ကို ကြည့်ရင်း ပြောလိုက်သည်။


"နင် ဘယ်သွားနေတာလဲ…ဘာလို့ ဒီလောက်အများကြီးဝယ်လာတာလဲ…"



🏝️🏝️🏝️