Chapter 17
Viewers 837

🏝️ Chapter 17 

မိထွေးနှင့် မိခင်အရင်း



နင်ထန်က ပြောသည်။

"ညီမတို့ ရောက်တာကို အိမ်ကို အသိပေးရင်း ဈေးကနေ အခြောက်အခြမ်း ပြန်ပို့ပေးချင်လို့လေ… အဖေနဲ့ အမေ၊ ဦးလေး၊ အဒေါ်တွေရော စားလို့ရအောင်လို့…"


နင်ရွှယ်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပါတယ်၊ ကျေးဇူးသိတတ်တာ ကောင်းတာပေါ့…"


စကားပြောပြီးနောက် သူမ မော့ကြည့်လိုက်ရာ တဝါ၊ အားနူနှင့် စန်းဝါက နင်ထန် နောက်တွင်နေ၍ အိတ်များထမ်းထားသည်ကို တွေ့ရ၏။

"နင်က သယ်သွားလို့ရပေမယ့် ကလေးတွေကတော့ ငယ်ငယ်လေးရှိသေးတာ… ပစ္စည်းတွေ အများကြီးဘယ်သယ်နိုင်မလဲ…"


နင်ထန် အံ့အားသင့်သွားသည်။ ရေနဂါးခြောက်များ၊ ပုစွန်ခြောက်များက အရွယ်အစားသေးငယ်ပြီး အလေးချိန်ပေါ့ပါးသည်။ ကလေးသုံးယောက်အနေဖြင့် သယ်ယူရန် မခက်ခဲပေ။ နင်ရွှယ်က အပိုလုပ်ကာ ဝမ်းပမ်းတနည်းဖြင့် သနားသလိုလို ပြောနေ၏။


နင်ရွှယ် ရှေ့တိုးသွားကာ တဝါ၏ခေါင်းကို ကြင်ကြင်နာနာထိ၍ အိတ်ကို ကိုင်လိုက်သည်။

"ငါက မင်းအမေရဲ့ဝမ်းကွဲအစ်မပါ… ငါ့ကို အန်တီလို့ ခေါ်… ကြည့်ရတာ မင်းတို့ အရမ်းပင်ပန်းနေပုံပဲ… ပစ္စည်းတွေ အများကြီးကို သယ်ပြီးပြန်လာရတာ…လာ အန်တီ ကူညီမယ်…"


သို့သော် တဝါက သူမကိုကြည့်ကာ သတိကြီးစွာထားပြီး လက်နှစ်ဘက်လုံးကို နောက်ပစ်လိုက်၏။

 "မပေးချင်ပါဘူး…"


ပြောပြီးသည်နှင့် တဝါက နင်ထန်ကို စိုးရိမ်တကြီး မျှော်ကြည့်သည်။

"သား မပေးဘူးနော်… သား သယ်လာတာနော်…" 


နင်ထန်က နင်ရွှယ်၏ အကူအညီကို အကြောင်းပြချက်အဖြစ် အသုံးပြု၍ စွန်ပလွံသီးများ မပေးမည်ကို တဝါ ကြောက်သည်။ နင်ရွှယ်က နေရာတွင် လက်ကိုဆန့်၍ ရပ်နေရင်း ကြောင်အမ်းသွား၏။ နင်ထန်ကလည်း တဝါ၏အပြောကြာင့် ရယ်ချင်သွားတော့သည်။

" ဟုတ်ပါတယ် နင် သယ်လာတာပါ၊ မပေးချင်မပေးနဲ့လေ…"


သူမက နင်ရွှယ်ကို လှမ်းကြည့်လိုက်သည်။

"မြင်တယ်မလား… ညီမက အဲဒါတွေကို သယ်ခိုင်းချင်တာမဟုတ်ဘူး…သူတို့က အတင်းသယ်ချင်နေတာ…"

 

နင်ရွှယ် အံကြိတ်ကာ ဆတ်ခနဲ တုန်လှုပ်သွားသည်။ အချိန်အခါ လင့်နေပြီဖြစ်ကာ ညစာစားချိန်ရောက်နေ၍ အားနူ ဗိုက်ဆာနေလေပြီ။ အိမ်ပြန်၍ ရှန်းလေ့ ချက်ပြုတ်ထားသည့် အစားအစာကို စားချင်နေပြီဖြစ်သည်။ 

" ဟို့မား သမီးတို့ ဗိုက်ဆာနေပြီ…"


"ဟို့မား…" 


နင်ရွှယ် အံ့သြသွားသည်။

 "သူတို့က နင့်ကို ဟို့မား(မိထွေး)လို့ ခေါ်တာလား"


"ဟုတ်တယ်၊ သုံးယောက်လုံး ညီမကိုဟို့မားလို့ ခေါ်တယ်… အဲဒါက ပြဿနာရှိလို့လား…"


အဘယ်ကြောင့်ဆိုသော် သူတို့က သူမ၏ကလေးများမဟုတ်ပေ။ သူမကို သူတို့သုံးယောက်က အမေဟု တကယ်ခေါ်လျှင်လည်း အဆင်မပြေပေ။


နင်ရွှယ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်လိုလုပ်မလဲ…ဟို့မားလို့ ခေါ်ကြတာက သိပ်တော့မကောင်းဘူးထင်တယ်…"


သူမက စုကွမ်းကျုံးနှင့် စုယောင်ကျူးကို တစ်ချက်ကြည့်လိုက်ရာ အမြွှာညီအစ်ကို နှစ်ယောက်စလုံးက"အမေ" ဟု တညီတညွတ်တည်း အော်လိုက်သည်။ 


နင်ရွှယ်က နင်ထန်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။ နင်ရွှယ်တွင် အမျိုးသမီးဇာတ်ဆောင်တစ်ယောက်၏ ရောင်ဝါလိုမျိုး တိကျသော လက္ခဏာတစ်ခုရှိသည်ဟု နင်ထန် တွေးမိသည်။ နင်ရွှယ်က စုမိသားစုသို့ ရောက်သည်မှာ မကြာသေး၊ ကလေးများ၏ ချစ်ခြင်းကိုပါ ရရှိနေပေပြီ။ အမြွှာနှစ်ယောက်၏ သူမအပေါ် ချစ်ခင်မှုကိုလည်း နင်ထန် အထင်းသားမြင်နိုင်သည်။ 


ကလေးများကလည်း နင်ရွှယ်ကို သူတို့၏မိခင်အရင်းပမာ၊ လက်ခံထားကြသည်။ နင်ထန်ကိုကြည့်ကာ နင်ရွှယ်က စကားလမ်းကြောင်းပြောင်း၍ သူမ၏ ကလေးများကို စတင်ချီးမွမ်းသည်။

"ငါတို့ သားအမြွှာတွေက အရမ်းတော်တယ်၊ အရမ်းလည်းကြည့်ကောင်းတယ်…"


နင်ထန် ထိုကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ စုကွမ်းကျုံး နှင့် စုယောင်ကျူးတို့က တကယ်ကို ကြည့်ကောင်းကြသည်။ ချောမောလှပသော စုကျွင်းယန်၏ အသွင်အပြင်အတိုင်း တစ်ထေရာတည်းတူကြ၏။


ထို့အပြင် အမြွှာများက အပြင်ထွက်ပြီး ကစားရသည်ကို မကြိုက်ကြပေ။ ကျွန်းပေါ်ရှိ နေရာတိုင်းတွင် ဆော့ကစားနေကြသည့်ကလေးများမှာ နေလောင်ထား၍ အသားအရေ မည်းညစ်ကြသည်။ သို့သော် အမြွှာ များကမူ အဖြူရောင် ကြွေရုပ်များလိုပင် ချောမာနေကြ၏။


တစ်ဖက်က ရှန်းမိသားစု၏ ကလေးသုံးယောက်မှာ အငယ်ဆုံးလေး စန်းဝါမှလွဲ၍ ကျန်နှစ်ယောက်က အပြင်မှာ အမြဲနေသူများပင်။ ထို့ကြောင့် အသားအရေညိုကြသည်။


အနီးနားကပ်ကြည့်မှသာ သူတို့ ရုပ်ရည်ကြန်အင်၏ ကောင်းကွက်များကို မြင်နိုင်သည်။ အဝေးမှကြည့်ပါက၊ အနက်ရောင် ကျောက်မီးသွေးဘောလုံးလေးနှစ်လုံးပင်။အသားဖြူပါက ရုပ်ရည်ကို အတော်အသင့်ကြည့်ကောင်းစေသည်ဟု ဆိုရိုးရှိပေသည်။


စန်းဝါ က ကလေးပီပိ ချစ်စရာကောင်းကာ အသားဖြူနေသေး၍ ကြည့်ကောင်းလှ၏။ နင်ရွှယ် ကြွားသည်ကလည်း အံ့သြစရာ မဟုတ်ပေ။ စုအမြွှာနှစ်ယောက်ကို မြင်လိုက်ရသည့်အခါ နင်ထန်က ခေါင်းညိတ်ပြီး “သူတို့ တော်တော်ချောတာပဲ"ဟု ရိုးရိုးသားသား ပြောလိုက်သည်။


"ဟုတ်တယ် သူတို့ အရမ်းချောတယ်…" 

 

နင်ရွှယ် က နင်ထန်၏မျက်နှာကို သေချာအကဲခတ်နေ၍ တစ်ကယ်ရိုးသားစွာ ပြောနေကြောင်း သဘောပေါက်ခဲ့သည်။ မနာလိုခြင်း အရိပ်အမြွက်မပါ၍ သူမကို ပို၍ပင် ပဟေဠိဖြစ်စေသည်။


နင်ထန်က အနာဂတ်မှလာသူပင်။ သတင်းအချက်အလက်နည်းပညာများ တီထွင်ခဲ့သော ခေတ်မှလာသူပီပီ တီဗီနှင့် ရုပ်ရှင်များတွင် ရုပ်ရည်ချောမောသာ ကလေးများကို မြင်ဖူးသည်။ တီဗီထဲက နာမည်ကြီးကလေးစတားများနှင့် ယှဉ်ပါက စုအမြွှာများ၏ ရုပ်ရည်က အထူးအဆန်းမဟုတ်ပေ။


နင်ရွှယ် အရှုံးမပေးဘဲ တဝါ၊ အားနူ နှင့် စန်းဝါတို့အား ကြည့်လိုက်သည်။ 

မင်းတို့ အန်တီရဲ့ ကလေးနှစ်ယောက်က အရမ်းကြည့်ကောင်းလို့ မင်းတို့လည်း မနာလိုဖြစ်‌နေကြမယ် မလား…

 

သို့သော် ကလေး သုံးယောက်က ရုပ်ရည်ကို ပိုင်းခြားသိတတ်သည့်အရွယ်မဟုတ်သေးပေ။ သူတို့အတွက် လောလောဆယ် ဂရုစိုက်နေသည်က အိမ်ပြန်ပြီး ထမင်းစားရရန်ပင်။


တဝါက မျက်မှောင်ကလေးကြုတ်ကာ ပြောသည်။

" ဟို့မား နေချင်လည်းနေ… သားတို့ကတော့ အိမ်ပြန်ပြီး ထမင်းသွားစားတော့မယ်…"

 

နင်ထန် ပခုံးတွန့်ကာ နင်ရွှယ်ကို နှုတ်ဆက်လိုက်သည်။

"ကလေးတွေက စိတ်မရှည်တော့ဘူးဆိုတော့ ညီမ အရင်သွားလိုက်ပါဦးမယ်…"


" အေး အေး သွားပါ..."


အိမ်ပြန်ရောက်သည်နှင့် ရှန်းလေ့က သူမ အိတ်အများကြီးသယ်လာသည်ကို မြင်သောအခါ အံ့သြသွားသည်။

 "မင်း စျေးတစ်ခုလုံး ဝယ်လာတာလား…"


နင်ထန် နဖူးက ချွေးများကို သုတ်လိုက်သည်။ 

“မဟုတ်ဘူး မဟုတ်ဘူး… နည်းနည်းပဲ ဝယ်လာတာပါ…"

 

သူမက လက်ညိုးနှင့်လက်မအား နည်းနည်းလေးဆိုသည့်ဟန်ပန်မျိုး လုပ်ပြလိုက်သည်။


ရှန်းလေ့က သူမနှင့် ကလေးသုံးယောက်ထံမှ အိတ်များကို ယူကာဖွင့်လိုက်သည်။ ထိုအခါ ရေနဂါးခြောက်၊ ပုစွန်ခြောက်၊ ငါးကွမ်းခြောက်များကို တွေ့ရ၏။

 "မင်း ကိုယ် ပြောသမျှ အားလုံးကို ဝယ်ခဲ့တာလား…"


 "ဟုတ်တယ်၊ ပင်လယ်စာ အခြောက်အခြမ်းတွေလေ… ကျွန်မ ရှင်ပြောတာ အကုန် မမှတ်မိတော့ စျေးသည်တွေကို မေးရတယ်…"

နင်ထန်က ရှင်းပြသည်။

 

တဝါက သူ့လက်ကို မြှောက်လိုက်သည်။ 

" အဖေ သားတို့က ဟို့မားကို အိတ်တွေသယ်ကူပေးတယ်နော်…"


ကလေးနှစ်ယောက်ကလည်း ခေါင်းညိတ်ပြသည်။


ရှန်းလေ့က သူတို့ကို ချီးကျူးလိုက်သည်။

" လိမ္မာလိုက်တာ... မင်းတို့ကို ဆုချတဲ့အနေနဲ့ အရသာရှိတဲ့ဟင်းချက်ဦးမယ်…"


ကလေးများကလည်း ချီးမွမ်းလိုက်သောကြောင့် ရွှင်မြူးနေကြသည်။ ဟင်းချက်ခြင်းမပြုမီ ရှန်းလေ့က ပင်လယ်စာများကို နှစ်ပိုင်းခွဲလိုက်သည်။ နင်ဝေ့ကောကို အကြီးထုပ်ပို့ပေကာ၊ အသေးထုပ်ကို သူတို့အတွက်ချန်ထား၏။ သူတို့က ဟိုင်လန်ကျွန်းတွင် နေထိုင်သဖြင့် လတ်ဆတ်သည့် ပင်လယ်စာကို အလွယ်တကူ ရနိုင်သဖြင့် အခြောက်ခြမ်းများအား ပြန်ပို့ရန်ထားလိုက်သည်။


ရှန်းကန်က မြောက်ပိုင်းဒေသမှ ကျေးရွာတစ်ရွာဖြစ်ကာ ပင်လယ်နှင့် ဝေးသည်။ ပင်လယ်စာဆိုသည်က သူတို့အတွက် ရှားရှားပါးပါး စားစရာတစ်ခုပင်။ နင်ထန်သည်လည်း ထိုအရပ်မှလာသူဖြစ်၍ ယခင်က ပင်လယ်စာများအား မြည်းစမ်းမကြည့်ဖူးပေ။ ထို့ကြောင့်လည်း နင်ထန်က အိမ်ကိုပစ္စည်းများ ပို့ချင်နေခြင်းပင်။


"ရှန်းလေ့ ညစာချက်ပြီးရင် ကျွန်မ မိဘတွေဆီ စာရေးလိုက်ဦးမယ်…" 


ရှန်းလေ့က ခေါင်းညိတ်ပြီး မေးသည်။

"ယောက္ခမတွေက ဒီပင်လယ်စာတွေ ကြိုက်ပါ့မလား…"


နင်ထန်က ပြောသည်။

"ရှန်းကန်မှာ မြစ်ငယ်လေးပဲရှိတာ… ကျွန်မ အိမ်မှာရှိတုန်းက မြစ်ထဲက ရတဲ့ ငါးခူနဲ့ အဝါရောင်ငါးခူတွေ စားရတယ်၊ မြို့ထဲမှာ ပင်လယ်စာတွေ ရှိပေမယ့် လက်မှတ်တွေက ဈေးကြီးတော့ အမေတို့လည်း မစားဖူးဘူး… သူတို့ဆို ဘယ်လိုချက်ပြုတ်ရမှန်းမသိလောက်ဘူး…"

 

"ဒါဆို ကိုယ် ချက်ပြုတ်နည်းတွေ သင်ပေးပါရစေ... တကယ်တော့ ဒီပင်လယ်စာတွေက ကြော်ကြော် ချက်ချက် အဓိက အခက်အခဲတော့ ရှိတယ်… ဥပမာ အခြောက်ခံထားတာဆိုတော့ ရေကိုတစ်ခါ ပြန်စိမ်ရသေးတယ်… နှစ်ရက်ခြားတစ်ခါလောက် ရေလဲပေးရတယ်… ပုစွန်ခြောက်ဆိုလည်း ဆယ်မိနစ် အရင်စိမ်ထားရတယ်…"


ရှန်းလေ့ ပြောနေချိန်၌ နင်ထန်က စာတစ်စောင်ကို အပြီးရေးနေတော့သည်။ ရေးထားသော စာမျက်နှာအပြည့်ကိုကြည့်ကာ နင်ထန်က ရှန်းလေ့ကို ကျေးဇူးတင်နေသည်။သူမက နောက်ထပ် စကားလုံးအချို့ကို ထပ်ဖြည့်လ်ိုက်လျှင်၊ စုစုပေါင်း စာမျက်နှာငါးမျက်နှာပြည့်သွားပြီး သူမ ဘေးကင်းအဆင်ပြေကြောင်းများ ရေးသားလိုက်သည်။


"ရှန်းလေ့ စာကိုဘယ်လိုပို့ရမလဲ…"


"ထားလိုက်ပါ… ကိုယ် အားလပ်ရက်ကျရင် စာတိုက်ကိုယူသွားလိုက်မယ်…


ရှန်းလေ့က ပြန်ပြောသည်။ နောက်တစ်နေ့ အားလပ်ရက်တွင် သူက နင်ထန်၏ စာသာမက၊ ပင်လယ်စာများကိုပါ စာတိုက်မှတစ်ဆင့် ထည့်ပေးလိုက်သည်။



🏝️🏝️🏝️