Chapter 19
Viewers 839

🏝️ Chapter 19

ပင်လယ်စာကောက်ခြင်း



နင်ထန်က တဝါ၏ ဖင်ကလေးကို ဖတ်ခနဲ အသာအယာရိုက်လိုက်သည်။ တဝါက ရှူးရှူးရှားရှားဖြစ်ကာ သူ့ဖင်ကို အမြန်ဖုံးလိုက်သည်။

" ဟို့မား သားကိုရိုက်တာကို အဖေ့ကိုတိုင်မယ်…"


နင်ထန်က ရယ်လိုက်သည်။

" သွားတိုင်ချေ… ပြီးတော့ ပင်လယ်စာတွေ လိုက်ရှာမယ့်အကြောင်းပါ ပြောလိုက်…"


"ဒါဆို သဘောတူညီချက်တစ်ခု လုပ်ရအောင်… ဒီတစ်ကြိမ် သားတို့ကောင်းကောင်းနေမယ်…ဒါဆို နောက်တခါလည်း ခေါ်သွားနော်…"


ဤခရီးစဉ်အတွင်း ကောင်းမွန်စွာ နေထိုင်ပါက၊ နင်ထန်က သူတို့ကို နောက်တစ်ကြိမ် ထပ်ခေါ်သွားမည်ဖြစ်သည်။


 "နင်တို့ ဘယ်လိုနေမလဲဆိုတာ ကြည့်မယ်လေ…"


အန်တီလောက နင်ထန်နှင့် ကလေးသုံးယောက် ရန်ဖြစ်နေသည်ကိုကြည့်ကာ ရယ်လိုက်သည်။

"ရယ်စရာကောင်းလိုက်တာ နင်တို့တွေ…"


နင်ထန် ကို ကလေးသုံးယောက်နှင့် ယခုလိုနေထိုင်မည်ဟု အန်တီလော မမျှော်လင့်ခဲ့ပေ။ တဝါတို့ နင်ထန်ကိုဆက်ဆံပုံမှာ လူကြီးတစ်ယောက်ကို ဆက်ဆံပုံနှင့် မတူဘဲ၊ သူငယ်ချင်းလိုဖြစ်နေသည်။ ကျွန်းပေါ်ရှိ မိသားစုများ ဤကဲ့သို့ ပြုမူကြသည်ကို သူမ မတွေ့ဖူးပေ။


နင်ထန်က အစ်မလောကိုမေးသည်။ 

"ပင်လယ်စာတွေစုဖို့ ပစ္စည်းကိရိယာတွေလိုသေးလား အစ်မလော…"


သူမ ပထမဆုံး ကျွန်းပေါ် ရောက်ချိန်က အစ်မလောက ပလတ်စတစ်ဖိနပ်တစ်ရံကို စီးထားကာ ပုံးကိုဆွဲ၍ ပလာယာ ကိုင်ထားသည်။


အစ်မလော : "လိုတယ် ညီမတို့ အိမ်ထဲကို ကြည့်လိုက်… ပြီးတော့ ရာဘာဖိနပ်တွေ၊ ပလတ်စတစ်ပုံးတွေ၊ ပလာယာတို့၊ တုတ်တံတို့ ရှာလိုက်၊ ဆားအိတ်သေးသေးလေးလည်း ယူလာပါ…"


ကလေးသုံးယောက်စလုံးမှာ ပလတ်စတစ် ဖိနပ်များရှိသည်။ နင်ထန်က သူမ ပါလာသော ပလပ်စတစ်ခြေညှပ်ဖိနပ်အား ၀တ်ထားကာ ပုံးအကြီးတစ်လုံးနှင့် အသေးသုံးလုံးလည်း ယူလာသည်။ ပုံးတစ်လုံးက လက်ကိုင်မပါပေ။ ပလာယာက တစ်စုံတည်းသာရှိပြီး ထင်းကောက်ရာတွင် အသုံးပြုသော မီးညှပ်များသာရှိသည်။ ဆားကိုမူ မီးဖိုချောင်ထဲက လက်ကျန်အိတ်တစ်ဝက်ကို ယူလိုက်၏။


အဖွဲ့သားများလည်း အဆင်သင့်ဖြစ်နေကြသည်။နောက်ကျနေပြီဖြစ်၍ လေးနာရီထိုးသည်နှင့် ကမ်းခြေသို့ထွက်ခွာရန် အမြန်ပြင်လိုက်သည်။ ကမ်းခြေဆိုသော်လည်း သူတို့နေထိုင်ရာ အိမ်ရာနှင့် တော်တော်ဝေးသည်။ 


နင်ထန်နှင့် အစ်မလောတို့လို အရွယ်ရောက်ပြီးသူ လူကြီး နှစ်ယောက်က ဘာမှမဖြစ်ပေ။အံ့သြစရာကောင်းသည်မှာ ကလေးသုံးယောက်ကလည်း မကျေမနပ်မဖြစ်ကြချေ။ ပင်လယ်စာများ ရှာဖွေကြမည်ဖြစ်၍ စိတ်လှုပ်ရှားနေကြကာ အခြားအရာအားလုံးကို လျစ်လျူရှုထား၏။


ကမ်းခြေသို့ ရောက်သောအခါ နင်ထန်က ရှေ့က ရှုခင်းကို ချက်ချင်းပင် စွဲလမ်းသွားသည်။ ကြည်ပြာရောင်ကောင်းကင်က သမုဒ္ဒရာနှင့် ဆုံပြီး လှပသည့်ပင်လယ်ရှုခင်းကို ဖန်တီးပေးနေသည်။ ပင်လယ်နှင့် ကောင်းကင် ရောစပ်နေသည့် နေရာတွင် ငါးဖမ်းလှေများ ရံဖန်ရံခါ ဖြတ်သွားကြသည်။ အဝေးမှကြည့်လျှင် အနက်ရောင် အစက်သေးသေးလေးများကိုသာ မြင်ရသည်။ နေထိုးနေသော ရွှေရောင်ကမ်းခြေတွင် အနက်ရောင်ကျောက်တုံးများဖြင့် စီတန်းထားသည်။ လှိုင်းပုတ်သံများကလည်း သာယာမှုကို ဖန်တီးပေးသည်။ ဤအလှတရားကို စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရန် ခက်ခဲလှသည်။


နင်ထန်က ဖိနပ်ကို ချွတ်လိုက်ပြီး ပျော့ပျောင်းသော သဲသောင်ပြင်ပေါ်သို့ ခြေဗလာဖြင့် တက်လိုက်သည်။ ပြီးလျှင် အသံချဲ့စက်လိုမျိုး လက်ကို မြှောက်ကာ ပင်လယ်ပြင်ဘက်ကို လှမ်းအော်ရန် ပြင်ဆင်နေသည်။


 "အားးးးး"


အော်သံကြောင့် နင်ထန် ခေါင်းကို လှည့်ကြည့်လိုက်ရာ ကလေးသုံးယောက်က အော်သံပြုလိုက်ခြင်းပင်။ သူတို့ကပင် ပင်လယ်မြင်ရသည်ကို သူမထက်ပို စိတ်လှုပ်ရှားနေသည်။ သူမသာ သတိမပေးထားလျှင် သူတို့ ယခုကတည်းက ဗြောင်းဆန်အောင်ဆော့ကြပေမည်။


အစ်မလောက နင်ထန်ကိုမြင်ပြီး စိတ်လှုပ်ရှားစွာ ပြုံးပြီးပြောသည်။

 "ညီမလည်း အစ်မ မြောက်ပိုင်းဒေသမှာ နှင်းတွေကို ပထမဆုံးမြင်ရသလိုမျိုးပဲ စိတ်လှုပ်ရှားနေတယ်မလား…"


နင်ထန်ကလည်း ပြုံးပြီးပြောသည်။

"ဟုတ်တယ်… ပင်လယ်က အရမ်းလှတယ်…"


သူမ ပင်လယ်ကမ်းစပ်ဆီသို့ လမ်းလျှောက်ရင်း ရေအနည်းငယ်ကို လက်ခုပ်ဖြင့်ခပ်ယူလိုက်သည်။ နက်ပြာရောင်ရေများက သူမလက်ထဲတွင် လှုပ်ခတ်နေသည်။


“ဒီလို အပြာရောင်ပင်လယ်ကြီးကို အရင်က မတွေ့ဖူးဘူး…"


ထိုရေက နီလာကျောက်ထက်ပင် ပို၍ပင်လှသည်။ နင်ထန်က ချဲ့ကားပြောခြင်းမဟုတ်ပေ။ သူမ ယခင်က ကမ်းခြေကို ရောက်ဖူးသော်လည်း ဟိုင်လန်ကျွန်းကဲ့သို့ ပင်လယ်ရေပြာပြာကို မမြင်ဖူးပေ။


အပြာရောင်က လူ့စိတ်ကို ရွှင်လန်းစေ၏။ စိတ်လှုပ်ရှားနေသော်လည်း နင်ထန်က ရည်ရွယ်ချက်ကို မမေ့ပေ။ သူမက တောက်ပသော မျက်လုံးများဖြင့် အစ်မလော အား ပြောလိုက်သည်။

“ကဲ သွားစို့…” 


 "ဟုတ်တယ် ဂုံးသွားဖမ်းရအောင်…"

အစ်မလော,က ပြန်ဖြေသည်။


 "ဂုံးတွေက ဘယ်နားမှာလဲ…"  


အစ်မလောက ခြေဖဝါးအောက်ကသဲကို ညွှန်ပြသည်။

"ဒီမှာရှိတယ်လေ…"


တဝါက နှုတ်ခမ်းစူပြီးပြောသည်။

"အန်တီလော လိမ်နေတာ… ဒီမှာ သဲပဲရှိတယ်၊ ပင်လယ်ခရုတွေ မရှိဘူး…"


" တဝါ၊ အန်တီလော မလိမ်ပါဘူး…" 


အန်တီလော,က လက်မအရွယ်ရှိ ကမ်းခြေပေါ်မှ အပေါက်များပေါ်ကို လက်ညှိုးထိုးပြသည်။

 "အဲဒီမှာ ဂုံးကောင်တွေရှိတယ်…" 


အားနူက ကမ်းခြေပေါ်တွင် ဝမ်းလျားမှောက်ချကာ တွင်းကို ချောင်းကြည့်နေသည်။ 

"အန်တီလော ဘယ်မှာလဲ၊ မမြင်ရဘူး…"


"အရူးမလေး အားနူ… သူတို့ကို ကြည့်ရုံနဲ့ မတွေ့နိုင်ဘူး… သူတို့ကိုဖမ်းဖို့ ဆားသုံးဖို့ လိုတယ်… ငါတို့ ဆားယူလာတယ်မလား…"


ဂုံးဖမ်းရန်အတွက် ဆားသုံးရသည်ကို နင်ထန် ပထမဆုံးကြားဖူးခြင်းပင်။ ဆားနှင့် ဂုံးဖမ်းခြင်းက မသက်ဆိုင်လှ၍ သူမ အစ်မလောကို မယုံတစ်ဝက်ဖြင့် ကြည့်လိုက်သည်။


အစ်မလောက ပါးစပ်မှ မရှင်းပြဘဲ သူတို့ ယူဆောင်လာသော ဆားကိုထုတ်၍ အပေါက်တစ်ခုထဲသို့ လောင်းထည့်လိုက်၏။

 "သတိထား..."


နင်ထန်နှင့် ကလေး သုံးယောက်က တွင်းကို စိုက်ကြည့်ကြပြီး မကြာမီတွင် အပေါက်ထဲက အညိုဖျော့ဖျော့အခွံပါသော အကောင်တစ်ကောင် ထွက်ပေါ်လာသည်။ နင်ထန် မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါဆို ဆားကို သုံးလို့ရတာလား…"


အစ်မလော,က ဂုံးကောင်ကို ရေပုံးထဲ ပစ်ချလိုက်သည်။

" ဟုတ်တယ်… ဒါက ဖမ်းဖို့လွယ်တဲ့နည်းပဲ၊ ဒါပေမယ့်လည်း အကုန်အကျများတယ်… လူအများစုက ဆားအများကြီးမသုံးနိုင်ဘူး… သူတို့ အပေါက်ကို စောင့်ကြည့်ကြတယ်… ပြီးရင် နည်းနည်းပုံပေါ်လာအောင် ဂေါ်ပြားသုံးတယ်၊ သဲကို တူးရတာဆိုတော့ ဂုံးကိုလည်း ခိုက်မိတတ်တယ်…" 


တဝါက သူ့လက်ကို မြှောက်လိုက်သည်။

"သားလည်း ဂုံးဖမ်းချင်တယ်…"


နင်ထန်က သူ့ကို ဆားထုပ်ပေးလိုက်သည်။

" အများကြီး ဖမ်းပြီး အိမ်ပြန်ယူသွား… ပြီးရင် နင့်အဖေကို ဂျင်းနဲ့ ကြက်သွန်နီနဲ့ ဂုံးကြော်လုပ်ခိုင်း…"


တဝါက ဆားကိုယူကာ စိတ်အားထက်သန်စွာဖြင့် သဲကျင်းဘေး၌ ငုတ်တုတ်ထိုင်နေသည်။ ပြီးလျှင် ဆားကို အထဲသို့သေချာလောင်းထည့်လိုက်၏။


ခဏအကြာတွင် ဂုံးတစ်ကောင် ထွက်ပေါ်လာ၍ တဝါ၊ အားနူနှင့် စန်းဝါတို့ စိတ်လှုပ်ရှားစွာဖြင့် အချင်းချင်း အော်လိုက်ကြသည်။ 

 "ရေးးး… ငါတို့ ဂုံးကောင်လေးတစ်ကောင် ဖမ်းလိုက်နိုင်တယ်…"

 

နင်ထန်က သူမလက်ထဲတွင် ဂုံးလေးကို ကိုင်ထားသည်။ တဝါ ဖမ်းမိသော ဂုံးက ရှည်လျားသည်။ လက်ဖဝါးခန့်ပင်ရှိ၍ ဂုံးဘုရင်ဟု ခေါ်ရလောက်အောင်ပင်။


"ကောင်းပြီ… ဂုံးဖမ်းတဲ့တာဝန်ကို နင်တို့ယူကြတော့အဆင်ပြေလား…"


ရှန်းလေ့ကို အတုယူကာ တဝါ၊ အားနူနှင့် စန်းဝါက အလေးပြုလိုက်ကြသည်။

 "ကိစ္စမရှိပါဘူး…"


ကလေးသုံးယောက် ဂုံးများကို ဖမ်းနေစဉ် နင်ထန်က ကမ်းခြေကိုလှည့်ကြည့်ရင်း အစ်မလောကို မေးသည်။

 "အစ်မ ပင်လယ်ခရု ရှာတော့မလား…"


ဂုံးများထက် သူမက ပင်လယ်ခရုကို ပိုစိတ်ဝင်စားသည်။ 


“အဲဒီ သန္တာကျောက်တန်းနားမှာ ပင်လယ်ခရုတွေ တွေ့နိုင်တယ်…” 

အစ်မလော,က အနီးနားရှိ ကျောက်တန်းကိုညွှန်ပြသည်။


နင်ထန် ခေါင်းညိတ်ပြီး တဝါကို ပြောလိုက်သည် ။

 "တဝါ… အစ်မလော နဲ့ ငါ ပင်လယ်ခရုဖမ်းဖို့ ကျောက်တန်းရှေ့သွားဦးမယ်… နင်တို့ သုံးယောက် ဂုံးဖမ်းဖို့ ဒီမှာနေနေရမယ် အဆင်ပြေလား…"


တဝါက ဂုံးဖမ်းခြင်းနှင့် အလုပ်ရှုပ်နေ၍ သူ့လက်လေးကို ဝှေ့ယမ်းလိုက်သည်။

“သွားပါ… သားတို့ ဘယ်မှ မပြေးဘူးလို့ ကတိပေးတယ်…” 


သို့သော် နင်ထန်က စိတ်မချသေးဘဲ သစ်ကိုင်းခြောက်ဖြင့် သဲသောင်ပြင်ပေါ် အဝိုင်းပုံဖြစ်အောင် စည်းတားလိုက်သည်။

"ဒီထဲမှာဘဲ ကစားနော်… လျှောက်သွားရင် ပင်လယ်ကို နောက်တစ်ခါ မခေါ်လာတော့ဘူး…"


အားနူက နှုတ်ခမ်းစူရင်း ပြောသည်။ 

"ဟို့မားကလည်း သမီးတို့ ကလေးတွေ မဟုတ်တော့ဘူး… ဘယ်မှ မပြေးပါဘူး…"


နင်ထန်က မျက်နှာလေး တင်းထားသည်။

"အားနူ နင့်ကို ငါ သတိပေးပါရစေ‌ဦး… နင်တို့ အသက်က ငါးနှစ်ပဲရှိသေးတယ်… ကလေးမဟုတ်ရင် ဘာလဲ…"


နင်ထန် သတိပေးသာပေးရသည်။ သူမတို့သွားမည့် အနက်ရောင် ကျောက်တန်းကြီးက ကလေးသုံးယောက်ရှိသည့် ဂုံးဖမ်းသည့်နေရာမှ၊ ခြေလှမ်းနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာ ဝေးသည်။


"ရှောင်နင် သိပ်စိတ်မပူပါနဲ့… ကလေးသုံးယောက်က ဉာဏ်ကောင်းပါတယ်…တကယ်လို့တစ်ခုခုဖြစ်ရင် လှမ်းခေါ်ပါလိမ့်မယ်… အခု ကမ်းခြေမှာ ပင်လယ်စာတွေရှာနေတဲ့ လူတွေအများကြီးရှိတယ်…တစ်ခုခုဖြစ်ရင် သူတို့လည်းကူညီမှာပါ…"


အစ်မလော,က ပြုံးကာ ပြောလိုက်သည်။ ညနေစောင်းနေပြီဖြစ်၍ ပင်လယ်စာဖမ်းသူ ပိုများလာသည်။ ခြေလှမ်းဆယ်လှမ်းလှမ်းတိုင်း ပင်လယ်စာဖမ်းသူ တစ်ယောက်ကို တွေ့နိုင်သည်။ နင်ထန် အနည်းငယ် စိတ်လျှော့လိုက်ကာ အစ်မလောနှင့်အတူ အနက်ရောင်ကျောက်တန်းပေါ်သို့ တက်ခဲ့သည်။ ပင်လယ်ခရုက ဂုံးလိုမဟုတ်ပေ။ သူတို့ ပုန်းတတ်သည့်နေရာကို ဂရုတစိုက် စောင့်ကြည့်ရသည်။


ပင်လယ်ခရုက စိမ်းပြာညို့ညို့ရောင်ရှိ၍ ကမ်းပေါ်ရှိ အမျိုးမျိုးသော ကျောက်တုံးများနှင့် တွဲလျက်ရှိနေသည်။ သေသေချာချာ မကြည့်လျှင် မမြင်ရပေ။


"အိုး၊ ဒီပင်လယ်ခရုက တော်တော်ကြီးတယ်…"


အစ်မလော အော်ပြောလိုက်ပြီး ပင်လယ်ခရုအား သံချောင်းဖြင့်ညှပ်ကာ ရေပုံးအတွင်းသို့ ပစ်ချလိုက်သည်။


"မြန်မြန်ရွေးကြစို့…နောက်လူတွေများလာရင် ကျန်တော့မှာ မဟုတ်ဘူး…"



🏝️🏝️🏝️