Chapter 20
Viewers 831

🏝️ Chapter 20

ရှန်းလေ့ ပင်လယ်ပြင်ကို ခရီးထွက်သွားပြီ (၁)



နင်ထန်က စိတ်ပါဝင်စားစွာဖြေလိုက်၏။

 "ကောင်းပါပြီ…"


သူမ အစ်မလော၏ နည်းလမ်းအတိုင်း လုပ်သော်လည်း၊ မည်မျှ ကြိုးစားကြိုးစား၊ အလွယ်တကူ မဖမ်းမိနိုင်ချေ။


 "ရှောင်နင်… ပင်လယ်ခရုကောက်တာက ကျွမ်းကျင်ဖို့လိုတယ်၊ စစ်တိုက်နေရသလိုပဲ… ကိုယ့်ဘက်က မပြင်ဆင်ထားရင် တိုက်ခိုက်ခံရလိမ့်မယ်…"


နင်ထန် စိတ်ရှုပ်သွားသည်။

"ဘယ်လို ပြင်ဆင်ရမှာလဲ…"


အစ်မလော : "ပင်လယ်ခရုတွေက သူတို့ကိုယ်သူတို့ ရေစီးနဲ့ မျောပါသွားမှာကြောက်လို့ ကျောက်တုံးပေါ်မှာ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားကြတယ်… ဒါကြောင့် ကိုယ်က သတိထားရမယ်… မဟုတ်ရင် သူတို့က ပိုလို့တောင်တွယ်ကပ်ထားကြလိမ့်မယ်… ဒါဆို တော်တော်နဲ့ ကောက်လို့ရမှာ မဟုတ်တော့ဘူး…"  


အစ်မလော ရှင်းပြပြီးနောက် နင်ထန် သဘောပေါက်သွားကာ လက်ချောင်းများဖြင့် လျင်မြန်စွာ ဖမ်းကောက်လိုက်၍ မျှော်လင့်ထားသလိုပင် ပင်လယ်ခရုများကို အလွယ်တကူ ဖမ်းမိနိုင်ခဲ့သည်။


ပင်လယ်ခရုကောက်ရခြင်းက အလွန်ပျော်စရာကောင်းသည်။ ဉာဏ်ပညာနှင့် အတတ်ပညာသုံးရသော တိုက်ပွဲတစ်ခုလိုပင်။


နင်ထန်က ရေပုံးတစ်ဝက်ပြည့်အောင်ပင် အမြန်ကောက်လိုက်နိုင်သည်။ သူမ ကောက်နေစဉ်တွင် မျက်လုံးက ကလေးသုံးယောက်ပေါ်၌ ရှိနေသေးသည်။

 

“နောက်တစ်ခါ ပင်လယ်စာတွေရှာရင် မခေါ်ဘဲနေမှာနော်" ဟု ပြောထား၍လားမသိ ကလေးများက မခေါ်မည်ကြောက်၍ နာခံစွာပင် စကားနားထောင်ပြီး တည်ငြိမ်နေကြသည်။


ကလေး လက်ဖဝါး အရွယ်အစားလောက်ရှိသည့် ပင်လယ်ခရုတစ်လုံးက ကျောက်တုံးများတွင် ညှပ်နေ၍ မီးညှပ်နှင့် ဖမ်းရန် ခက်ခဲနေသောကြောင့် သူမ လက်ဖြင့်သာ မရမက ကောက်သည်။ သို့သော် ပင်လယ်ခရုကို ဖမ်းရမည့်အစား ချောပြီး ပျော့သော အရာတစ်ခုကို စမ်းမိသွားသည်။ 


နင်ထန် အနီးကပ်ကြည့်လိုက်ရာ လက်နှစ်ချောင်းလောက်ထူသော အညိုရောင်ပင်လယ်မျှော့ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူမ ပင်လယ်ခရုကို ဖမ်းရန် မေ့သွားကာ ပင်လယ်မျှော့ကိုဖမ်းရန် အာရုံစိုက်လာသည်။


ပင်လယ်မျှော့က အလွန်လျင်မြန်ခြင်းမရှိသောကြောင့်၊ သူမ တစ်ချက်တည်း ဖမ်းလိုက်နိုင်သည်။ သူမ လက်ထဲပါလာသော ပင်လယ်မျှော့ကို အံ့အားသင့်စွာကြည့်မိသည်။ ယခု သူမ ပင်လယ်မျှော့ကို ပထမဆုံးမြင်ဖူးခြင်းပင်။ ကျောရိုးကို ဆူးပျော့ပျော့လေးများဖြင့် ဖုံးလွှမ်းထား၏။ သူမ ၎င်းကိုထိလိုက်ရာ ရေများပန်းထွက်လာသည်။


အစ်မလော သက်ပြင်းချလိုက်သည်။

"နင်ထန်၊ ဒီနှစ်ရဲ့ ဒီအချိန်မှာ ပင်လယ်မျှော့ဖမ်းနိုင်တာ ကံကောင်းတာနော်…"


နင်ထန်က ပင်လယ်မျှော့ ဖမ်းခဲ့သော နေရာကို ညွှန်ပြလိုက်သည်။

"ဒီတစ်ခုတင်မကဘူး… အစ်မလော ကြည့်လိုက်…"


အစ်မလောက နင်ထန် လက်ညှိုးထိုးရာကို လိုက်ကြည့်ရာ ထွားကြိုင်းသော ပင်လယ်မျှော့အများအပြားကို တွေ့လိုက်ရသည်။ ကျောက်တုံးများကို တိတ်တဆိတ် တွယ်ကပ်နေခြင်းပင်။မဟုတ်လျှင် မြင်ရမည်မဟုတ်ပေ။


"ကောင်းလိုက်တာ၊ ဒီည အပိုဟင်းတစ်ခွက်ရပြီ…" 


အစ်မလောက ရယ်ကာပြောလိုက်၏။ ထို့နောက် နှစ်ယောက်သား လက်ချင်းတွဲပြီး ထွားကျိုင်းသော ပင်လယ်မျှော့ ဆယ်ကောင်နှင့် ပင်လယ်ခရုနှစ်ပုံးကို ကောက်လိုက်နိုင်ကြသည်။


အစ်မလော မတ်တတ်ထရပ်လိုက်ပြီးပင်လယ်ကိုကြည့်လိုက်၏။ နေရောင်က ဖြည်းဖြည်းချင်းအောက်ကို နိမ့်ဆင်းကာ သမုဒ္ဒရာ၌ နစ်မြုပ်လုနီးနေပေပြီ။ ပင်လယ်ပြင်မှာ ရောင်ပြန်ဟပ်နေသည့်နေရောင်ကလည်း အတော်လှသည်။ 


"နောက်ကျနေပြီ ငါတို့ ပြန်သင့်ပြီ…"


နင်ထန်က တွန့်ဆုတ်ခြင်းနှင့်အတူ ကျောက်တုံးများကို ကြည့်လိုက်သည်။ သူမ ပင်လယ်ရေသတ္တဝါများဖမ်းရန် အချိန်မလောက်ပေ။ သို့သော် အများစုကို ကောက်ပြီးသွားပြီဖြစ်၍ ဤကျောက်တန်း၌ အကောင်ပလောင် များများစားစား မကျန်တော့ပေ။

 

နှစ်ယောက်သား ထွက်သွားရန်ပြင်ဆင်နေစဉ် အစ်မလောက တစ်ယောက်ယောက်ကို တွေ့လိုက်သည်။

"ရှင်းလန်၊ ပင်လယ်စာဖမ်းဖို့ လာတာလား…"


ရှင်းလန်ဟု ခေါ်သူက သေးသွယ်ပြီး သိမ်မွေ့သော မိန်းမသားပုံမျိုးပင်။ ဖြူလျော်‌လျော်ဝတ်စုံကို ဝတ်ထားကာ သူမ၏မျက်နှာ အသွင်အပြင်က အလွန်လှပသော်လည်း၊ အသားအရေက အနည်းငယ် ညိုမဲပြီး အရေပြားတွန့်နေ၏။ သို့သော် အနီးကပ်စစ်ဆေးကြည့်မှသာ မြင်နိုင်၍၊ သူမ အလှကို မလျော့စေပေ။


အစ်မလောကို တွေ့သော် ရှင်းလန်က ပြုံးပြီး နှုတ်ဆက်သည်။

 "ဟုတ်ကဲ့ အစ်မ…"


အစ်မလောက နင်ထန်ကို ရှင်းလန်ဆီသို့ ခေါ်သွားသည်။

"ဒါက နင်ထန်... သူက ဗိုလ်ကြီးရှန်းရဲ့ ဇနီးပါ…" 


ထို့နောက် သူမက ရှင်းလန်ကို နင်ထန်နှင့် မိတ်ဆက်ပေးခဲ့သည်။


"သူက ဗိုလ်ကြီးချီယင်းချန်ရဲ့ဇနီးလေ… သူ့ကို ရှင်းလန် ဒါမှမဟုတ် ရှောင်ကျန်လို့ခေါ်နိုင်တယ်…"


နင်ထန်က တရိုတသေ နှုတ်ဆက်လိုက်သည်။

 "မင်္ဂလာပါ ရှင်းလန်…"


ရှင်းလန်က ဖြည်ချထားသော ဆံပင်များကို အနောက်တွင် ညှပ်ထားသည်။ ထို့နောက် နင်ထန်ကို ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။ သူမကို ကြည့်ရသည်မှာ အလွန်အမင်းရှက်နေပုံပင်။


အစ်မလောက ရှင်းလန်၏ ရေပုံးကို တစ်ချက်ကြည့်လိုက်သည်။ အထဲ၌ ပင်လယ်ခရု သုံးလေးကောင်သာရှိ၍ သူမ အံ့သြသွားသည်။

"ဘာလို့ ဒီလောက်ပဲ ရှိတာလဲ…"


ရှင်းလန်က နှုတ်ခမ်းစူပြီးပြောသည်။

"ဒီရက်ပိုင်းက အိမ်က တဟူကလေ အမေကို အရမ်းတွယ်ကပ်နေတာ… ဒါနဲ့ ညီမ အပြင်ကိုတောင် မထွက်ရဘူး… ဒီနေ့လည်း ပင်လယ်ကမ်းစပ်ကို နောက်ကျမှ ရောက်တာဆိုတော့ ဘာမှ မကောက်လိုက်နိုင်ဘူး…"


ဤသည်ကိုကြားသော် နင်ထန်က ရှင်းလန်၏ ပလတ်စတစ်ပုံးထဲသို့ သူမ ပုံးထဲက ပင်လယ်စာများအား တစ်ဝက်လောက် လောင်းချလိုက်၏။ ထို့နောက် ပင်လယ်မျှော့များကိုလည်း ပေးသည်။


ရှင်းလန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"နင်ထန် ဘာလုပ်နေတာလဲ… မပေးပါနဲ့…" 


နင်ထန်က သူမလက်ကို ဝှေ့ယမ်းပြီး ပြောသည်။

"ဘာမှမဖြစ်ဘူး…ကျွန်မက အစောကြီးလာလို့ အများကြီး ကောက်ဖြစ်သွားတာ… ညီမမှာ ပင်လယ်ခရုနဲ့ပင်လယ်မျှော့တွေ ပါတာမို့ တစ်ဝက်ကို ပေးလိုက်တာပါ…" 


အစ်မလော,က အံ့သြသွားပြီး ပြောသည်။

 "နင်ထန်၊ နင် အဲဒါတွေ ကောက်ဖို့ အရမ်းကြိုးစားခဲ့တာမလား…"


ပြောပြီး အစ်မလောက နင်ထန် ကို ချစ်ခင်စွာ ကြည့်နေသည်။ နင်ထန်က ခေါင်းညိတ်လိုက်သည်။ 

"ဟုတ်တယ်…"


"ဒါဆို ဘာလို့ မျှပေးတာလဲ"


 "ညီမက အပျော်သဘောလာတာပါ… ပျော်ဖို့ လာတယ်ပဲဆိုပါတော့…"


 "ရှောင်နင်က အရမ်းစေတနာကောင်းတာပဲ…"


အစ်မလောက ချီးကျူးခဲ့သည်။ သို့သော် ရှင်းလန်က လက်မခံနိုင်သေးပေ။

"မဟုတ်ဘူး၊ အများကြီးတော့ အလကားမယူပါရစေနဲ့…"


ပင်လယ်ခရုများက ကြီးပြီး အတော်ဝဖြိုးသည်။ ပင်လယ်မျှော့ကလည်း သုံးကောင်ရှိ၏။ နင်ထန် ကြိုးစားအားထုတ်၍ အများကြီး ကောက်ထားခြင်းဖြစ်မည်။ နင်ထန် လက်ကို ဝှေ့ယမ်းပြီး ပြောသည်။

 "ရပါတယ် အစ်မ ယူလိုက်ပါ ဒါက အစ်မ အတွက် မဟုတ်ပါဘူး တဟူလေး အတွက်ပါ… အစ်မ ကောက်လာတာက နည်းနည်းလေးရယ်… တစ်မိသားစုလုံးစားလို့ လောက်ပါ့မလား၊အစ်မတို့လင်မယား မစားရင်လည်း တဟူလေးကိုကျွေးလိုက်ပါနော်…"


ရှင်းလန်က ချီတဟူ၏မျက်နှာသေးသေးလေးကို တွေးလိုက်ပြီး နောက်ဆုံးတွင် မငြင်းဖြစ်တော့ပေ။ သူမ နင်ထန်ကို ကျေးဇူးတင်ကြောင်းသာ ပြောလိုက်၏။

"ကောင်းပြီ၊ ကျေးဇူးတင်ပါတယ်နော် ရှောင်နင်…"


" ရပါတယ်…"


အစ်မလော : " ငါတို့ကို ကျေးဇူးတင်မနေနဲ့၊ ရှောင်နင်ပဲ ပေးမှာမဟုတ်ဘူး… ငါ ကောက်လာတာတွေလည်းပေးမယ်… ဒီမှာ ပင်လယ်မျှော့နဲ့ ခရုကြီးတွေ ယူဦး…" 


ရှင်းလန်က နင်ထန်နှင့် အစ်မလောကို ကျေးဇူးတင်စွာဖြင့် ကြည့်နေသည်

 "ကောင်းပါပြီ…"


အစ်မလောက နင်ထန်ကို အရွှန်းဖောက်ပြီးပြောလိုက်သည်။

"အခုဆို ပင်လယ်စာက နည်းနည်းလေးပဲ ကျန်တော့တာ၊ ကလေးသုံးယောက်လုံးအတွက် လောက်ပါ့မလား…"


နင်ထန်က သူမ လက်ကိုဝှေ့ယမ်းပြီး ပြောသည်။

" ပြဿနာမရှိပါဘူး… သူတို့လာပြောရင် ညီမ ပြန်ပြောလိုက်မယ်…"


ထိုစဉ် အနောက်မှ အသံတစ်သံ ထွက်လာသည်။

" ဟို့မား သား အကုန်ကြားတယ်နော်…"


နင်ထန် လန့်သွားပြီး လှည့်ကြည့်လိုက်ရာ တဝါ၊ အားနူ နှင့် စန်းဝါက သူမ နောက်မှာ တန်းစီရပ်နေသည်ကို တွေ့ရ၏။

"နင်တို့ သုံးယောက် ဘယ်ကရောက်လာတာလဲ…"


အားနူက နှုတ်ခမ်းကိုစူပြီးပြောသည်။

"သမီးတို့က ဟို့မားကို စောင့်နေတာ… ရောက်မလာတော့ လာရှာကြတာ… အခု ဟို့မားတို့ စကားပြောနေတာကို တွေ့တာပဲ…"


နင်ထန်က အားနူ၏ မျက်နှာလေးကို လိမ်ဆွဲလိုက်သည်။

 "ကျွန်မ မှားပါတယ်…"


စန်းဝါ : "ဟို့မား ဘာလို့ နည်းနည်းလေးရလာတာလဲ…"


တဝါ : ဟုတ်တယ်၊ သားတို့ ကောက်တာတောင် ဟို့မားထက်အများကြီးပိုရတယ်…"


နင်ထန်က ကလေးသုံးယောက်၏ ပုံးသေးသေးလေးများကို ကြည့်လိုက်သည်။ သူတို့ပုံးထဲတွင် ဂုံးများ ပြည့်နေသည်က အမှန်ပင်။ 

"ဟုတ်ပြီ… ငါ ဒီတစ်ခါရှုံးသွားတယ်…"


ရှင်းလန်က ရှန်းမိသားစုမှ ကလေးသုံးယောက်ကို သိသည်။

 "တဝါ… မင်း အမေက အန်တီ့ကို ပင်လယ်စာတွေ ပေးလိုက်လို့ အဲဒါကြောင့် သူ့မှာ နည်းနည်းလေးပဲ ကျန်တော့တာပါ…"


"ကြားလား တဝါ…"


"အန်တီရှင်းလန်က ဒီနေ့ ပင်လယ်စာတွေ အများကြီးမရလို့ ငါက ပင်လယ်မျှော့နဲ့ ပင်လယ်ခရုတွေ ပေးလိုက်တာ… အဆင်ပြေလား…"


တဝါက ရှင်းလန်ကိုကြည့်ပြီး ပြောသည်။

"အန်တီရှင်းလန်… ဒီနေ့ ပင်လယ်စာ အများကြီး မရဘူးလား…"


ရှင်းလန်က ခေါင်းညိတ်ပြီး ပြောသည် ။

 "ဟုတ်တယ် အန်တီ ဒီနေ့နောက်ကျမှရောက်လို့ အကောင်သေးလေးတွေပဲ ရတယ်…" 


တဝါ ခဏလောက်စဉ်းစားပြီး သူ့ပုံးသေးသေးလေးထဲက ဂုံး တစ်ဝက်ခန့်ကို ရှင်းလန်၏ပုံးထဲသို့ လောင်းထည့်လိုက်သည်။

"အန်တီရှင်းလန်… အဲဒါတွေက သားကောက်လာတာ… အန်တီ ယူပြီး စားလိုက်တော့…"


အားနူနှင့် စန်းဝါတို့ကလည်း တဝါလိုပင် ရှင်းလန်၏ပုံးထဲသို့ ဂုံးများ လိုက်ထည့်ခဲ့ကြသည်။

"အန်တီရှင်းလန် သမီးတို့ ဂုံးတွေလည်း ယူလိုက်ပါ…"


ရှင်းလန်က အားပင်အားနာနေရလေပြီ။ နင်ထန်နှင့် အစ်မလောသာမက ယခု ကလေးသုံးယောက်ကပါ လာပေးနေကြသည်။ သူမက ကလေးများထည့်ထားသော ဂုံးများအား အလျင်အမြန် ကောက်ယူလိုက်ပြီး ပြန်ထည့်ပေးရန် ပြင်သည်။


ကလေးသုံးယောက် : "ဟင့်အင်း နေပါစေ…စားဖို့ယူထားပါ…"


နင်ထန် ကလည်း ဝင်ပြောသည်။

"ဒါက ကလေးတွေရဲ့ စိတ်ရင်းစေတနာပါ…ငြင်းရင် မကောင်းဘူးနော်…"


ကျန်ရှင်းလန် ကလေးသုံးယောက်ကိုကြည့်ရာ သူမအား စိတ်အားထက်သန်စွာ ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမ၏ နှလုံးသား ပျော့ပျောင်းလာပြီး နောက်ဆုံးတွင် သူမ လက်ခံလိုက်သည်။

"ကောင်းပြီ ဒါဆို အစ်မ လက်ခံပါတယ်…"


ကလေးသုံးယောက်ကလည်း အတူတူခုန်လိုက်ကြသည်။

 "ယေးးး"


နောက်ကျနေပြီဖြစ်၍၊ အဖွဲ့လိုက် ခပ်သုတ်သုတ်ပြန်လာကြသည်။ လမ်းဆုံသို့ ရောက်သောအခါ ရှင်းလန်က နင်ထန် ၊ အစ်မလော နှင့် ကလေးသုံးယောက်ကိုနှုတ်ဆက်၍ သူမ အိမ်ရှိရာကို ပြန်လာခဲ့သည်။ 


အပြန်လမ်းတွင် နင်ထန်က ပြောသည်။

"ပင်လယ်ကမ်းစပ်က နေရာတိုင်းမှာ ရတနာတွေရှိတာပဲ… နောက်ဆို ညီမတို့ကတော့ ဈေးမှာပင်လယ်စာမဝယ်စားတာ့ဘူး၊ ကမ်းခြေကို နေ့တိုင်းလာပြီးကောက်မယ်…"


အစ်မလောက ရယ်လိုက်သည်။

"ဘယ်သူက နေတိုင်း ကမ်းခြေသွားမလဲ… ရှင်းလန် နဲ့ငါကပဲ ကမ်းခြေကို မကြာခဏ ရောက်တာ… ငါကတော့ ဘာမှလုပ်စရာမရှိလို့လေ… ရှင်းလန် ကတော့ သူ့ဘဝနဲ့သူ လာမှရမယ်…စစ်တပ်က လစာက များတယ်… ပင်လယ်စာတွေကို စျေးကွက်မှာ ဈေးပေါပေါရောင်းတယ်ဆိုတော့ လူတိုင်းက ကမ်းခြေကို မလာချင်ကြဘူး…လာမယ့်အစား ဆင့်နည်းနည်း‌ပေးပြီး လတ်ဆတ်တဲ့ ပင်လယ်စာတွေဝယ်စားတာက ပိုကောင်းတယ်…"


"ရှင်းလန်တို့ မိသားစုအခြေအနေက သိပ်မကောင်းဘူးလား..."


 "မဟုတ်ရင် သူ အဝတ်ဖြူဗြောင်ကြီ ဘယ်ဝတ်ထားပါ့မလဲ… ပြီးတော့ ပင်လယ်စာဖမ်းမမိတဲ့အခါ သူ စိုးရိမ်နေတာကို ကြည့်ပါ့လား…"


အကယ်၍ ကျန်ရှင်းလန်၏ စိုးရိမ်သောကရောက်နေ‌ေသော မျက်နှာကိုမမြင်ပါက နင်ထန် ပင်လယ်စာများအား ပေးရန် မဖြစ်နိုင်ပေ။


အစ်မလောက သက်ပြင်းတစ်ချက်ချလိုက်သည်။

" စစ်တပ်လစာက များပြီး ထောက်ပံ့ကြေးတွေလည်း ရှိတယ်၊ ဗိုလ်ကြီးချီက တပ်ရင်းမှူးဆို‌တော့ တစ်လကို အနည်းဆုံး ယွမ်လေးဆယ်ကနေ ငါးဆယ်ကြားရတယ်…"


နင်ထန် မျက်ခုံးပင့်မိသည်။ ရှင်းလန်က ထိုအဖြူ‌ဗြောင်ထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။


 " အို တပ်ရင်းမှူးက အရမ်းတွန့်တိုတာပဲ… ဇနီးအတွက် အင်္ကျီကောင်းကောင်းလေးတောင် ဝယ်ပေးဘူးလား…"

နင်ထန် အေးစက်စွာပြောသည့်အခါ အစ်မလောက နှုတ်ခမ်းထောင့်ကို ညွတ်ကာပြုံးလိုက်သည်။


" ဗိုလ်ကြီးချီက မတွန့်တိုပါဘူး… သူက အရမ်းရက်ရောတယ်… ဒါပေမယ့် သူက ရှင်းလန် နဲ့ တဟူကိုတော့ သဘောမကောင်းဘူး… ဗိုလ်ကြီးချီ‌ရဲ့မိသားစုမှာ ညီအစ်ကိုငါးယောက်ရှိတယ်…သူက အကြီးဆုံး၊သူတစ်ယောက်တည်း တပ်ရင်းမှူးဖြစ်လာတာလေ… သူ့ မိသားစုက သူ့လစာနည်းနည်းလေးပဲရတာဆိုတော့ သူတို့ကိုထောက်ပံ့ရတယ်… ရှင်းလန် အပြောအရဆို ဗိုလ်ကြီးချီက လစဉ် အိမ်အသုံးစရိတ်ဆယ်ယွမ်ပဲ ပေးပြီး ကျန်တဲ့ငွေကို အိမ်ပြန်ပို့ပေးတယ်တဲ့…"


" သူ့လစာက ယွမ် ၄၀-၅၀ ပဲ ရတာလေ… ၄၀၀-၅၀၀ မဟုတ်ဘူး… အဲဒါနဲ့ သူ့မိသားစုက ဘယ်မှာလောက်ပါ့မလဲ… တစ်ခါတလေ အသုံးစရိတ် ဆယ်ယွမ်ကိုလည်း ပြန်ပို့ရတာဆိုတော့ သုံးလေးယွမ်တည်းနဲ့ ဘယ်လောက်မလဲ… ဒါကြောင့် အစားအသောက်နဲ့ အဝတ်အစားကို ခြွေတာနေရတာ…ရသမျှပိတ်စလေးကို ဖြတ်ပြီးပြန်ချုပ်ရတယ်… ဈေးထဲက ပင်လယ်စာကိုလည်းမဝယ်နိုင်တော့ သူ့မိန်းမက နေ့တိုင်း ပင်လယ်ကိုသွားရတာ…"


နင်ထန် နားထောင်လေ၊ သူမ၏ မျက်ခုံးများ ပိုမိုတွန့်ချိုးလာလေလေပင်။ ဗိုလ်ကြီးချီက အတော်လူစိတ်မရှိသူပင်။သူ့မိဘ၊ ညီအစ်ကို မောင်နှမများကိုသာ ပြန်ကြည့်သည်။ ဇနီးနှင့်သားသမီးများကိုမူ ပစ်ထား၏။


သူတို့ စကားပြောနေရင်း အိမ်ပြန်ရောက်လာသည်။ အစ်မလောကို နှုတ်ဆက်ပြီးနောက် နင်ထန် ကလေးသုံးယောက်ကို အိမ်ထဲသို့ ခေါ်သွားခဲ့သည်။


အိမ်ထဲသို့ဝင်လိုက်သည်နှင့် ရှန်းလေ့၏ ဒေါသထွက်နေသည့် အော်သံကို သူတို့ကြားလိုက်ရသည်။

"နောက်ဆုံးတော့ ပြန်လာပြီပေါ့… အခုဘယ်အချိန်ရှိပြီလဲ မင်းတို့ မသိဘူးလား…"


ထိုအချိန်တွင် နင်ထန်က အတိတ်ဘ၀ကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ရှန်းလေ့က သူမကို ကြိမ်းမောင်းနေသည်မှာ ခါးစည်းကိုဝတ်ကာ ယောက်မကိုကိုင်၍ ဆူနေသော သူမ၏ အမေလိုပင်။


ရှန်းလေ့က နင်ထန်နှင့် ကလေးသုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး နံရံပေါ်က နာရီကို ကြည့်ကာ သက်ပြင်းချသည်။

"ည ခုနစ်နာရီထိုးနေပြီ..."


ရှန်းလေ့က နင်ထန် နှင့် ကလေးသုံးယောက်၏ သဲများပေနေသော အသွင်အပြင်ကိုကြည့်ကာ အံ့သြနေသည်။ နင်ထန်၏ ဘောင်းဘီက တစ်ဖက်ကတို၊တစ်ဖက်ကရှည်နေကာ အညိုရောင် ပင်လယ်ရေမှော်များက ပလတ်စတစ်ခြေညှပ်ဖိနပ်တွင် ကပ်နေ၏။


တဝါကလည်း သဲများလူးနေကာ၊ အားနူက ကျစ်စမြီးနှစ်ဖက်တွင် သဲများကပ်နေ၏။ စန်းဝါ၏ လက်ဝဝကစ်ကစ်ကလေးတွင်‌လည်း သဲများက အလိမ်းလိမ်းကပ်နေသည်ပင်။


ရှန်းလေ့ မျက်ခုံးပင့်လိုက်သည်။

"မင်းတို့ ကမ်းခြေကို သွားကြတာလား…" 


သူက နင်ထန်ကို မေးသော်ငြား မျက်လုံးက တဝါကို ကြည့်နေသည်ပင်။

 

" အဲ့မှာ အန္တာရာယ်များတယ်လို့ မင်းကို ငါ မပြောဖူးလား… ကမ်းခြေမှာ လှိုင်းတွေကြီး‌နေတာကို အဲဒီကို သွားကစားကြတာလား…" 


ဤသည်ကိုကြားသော် တဝါက အမြန်ပြောလိုက်သည်။

"အဖေ တောင်းပန်ပါတယ် သား ထပ်မလုပ်တော့ပါဘူး… ပြီးတော့ သား သွားကစားတာမဟုတ်ပါဘူး…" 


ရှန်းလေ့က အေးစက်စွာ ပြောလိုက်သည်။

"မင်း ထပ်မလုပ်တော့ဘူး ဟုတ်လား… မင်းတို့ ထပ်လုပ်မယ်ဆိုတာ သေချာပါတယ်…"


သူ ပုံး‌လေးပုံးကို တစ်ချက်ကြည့်လိုက်သည်။

"မင်းတို့ ဒီနေ့ ကောင်းကောင်းဖမ်းနိုင်ကြတာပဲ…"


နင်ထန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"အဆင်ပြေပါတယ် ဗိုလ်ကြီးရှန်း… သူတို့ကို အပြစ်မတင်ပါနဲ့၊ အဲဒါက ကျွန်မ အကြံပါ… ကျွန်မ ခေါ်သွားမိတာ…" 


တဝါ၊ အားနူ နှင့် စန်းဝါတို့က နင်ထန် ယခုလို တာဝန်ယူမည်ဟုမထင်ထား၍ ထိတ်လန့်သွားသည်။  

"သူတို့သုံးယောက် ကျွန်မကို ဘယ်လောက်ပဲ တွယ်ကပ်နေပါစေ ကျွန်မ မခေါ်သွားသင့်ဘူး…"


ရှန်းလေ့ မျက်မှောင်ကြုတ်လိုက်သည်။ 

"မင်းသူတို့အတွက် ဆင်ခြေမ‌ပေးပါနဲ့…"


ရှန်းလေ့ကို မလှည့်စားနိုင်သည်ကို သိလိုက်ရ၍ နင်ထန် စကားလမ်းကြောင်း ပြောင်းလဲသွားခဲ့သည်။

"ရှင့် ဟင်းတွေ တူးနေတာထင်တယ်၊ ကျွန်မ အနံ့ရတယ်…"


ရှန်းလေ့ကလည်း အနံ့ခံကြည့်ရာ တကယ်ပင် တစ်ခုခု မီးတူးနေသည်ကိုတွေ့ရသည်။

"မင်းတို့စောင့်နေ…နောက်မှ မင်းတို့ကို ပြောမယ်…" 


ပြီးသည်နှင့် သူ မီးဖိုချောင်ထဲသို့လှည့်ထွက်သွားသည်။ နင်ထန်က ပုံးများကိုကိုင်ကာ လိုက်သွားခဲ့သည်။

 "ဒါတွေ ချက်ရအောင်…"


ရှန်းလေ့ သက်ပြင်းချပြီး ပင်လယ်မျှော့နှင့် ခရုကို ချက်ရန် ဆုံးဖြတ်လိုက်၏။


စားပွဲပေါ်၌ ဟင်းပန်းကန်အားလုံးကို ချထားလိုက်သည်။ မွှေးပျံ့အရသာရှိသော အနံ့ကြောင့် ကလေးသုံးယောက် သွားရည်ကျနေသော်လည်း နင်ထန်ကမူ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း ပိုရှိလာသည်။


ရှန်းလေ့က ခါးစည်းကို ချွတ်ကာ ထမင်းစားပွဲ၌ စိတ်ချလက်ချ ထိုင်လိုက်သည်။ ကလေးသုံးယောက်က သူ့ရှေ့၌ ခေါင်းငုံ့လျက် ရပ်နေသည်။

"ပြော… ဘာအမှားလုပ်မိကြလဲ တဝါ မင်း အရင်ဆုံးပြော…"


 á€á€á€Ťá€€ ဝမ်းနည်းသည့်မျက်နှာနှင့် ပြောသည်။

"သားတို့ ပင်လယ်ကို မသွားသင့်ဘူး…"


"အားနူ ပြောစမ်း…"


အားနူက သူမ၏ ကျစ်ဆံမြီးလေးကို ဆွဲကိုင်လိုက်ပြီးစိုးရိမ်တကြီးပြောသည်။

 "အားနူ မသိဘူး…" 


ရှန်းလေ့၏မျက်ခုံးက အကြိမ်အနည်းငယ် လှုပ်သွားသည်၊

" စန်းဝါရော ပြော…"


စန်းဝါ စကားမပြောမီ ရှန်းလေ့က သူ့ကို ဖြတ်ပြောပြီး သက်ပြင်းချလိုက်သည်။

"တော်ပြီ… မင်း မပြောနဲ့တော့…"


စန်းဝါက နှုတ်ခမ်းကို ထော်နေအောင် စူပြီး လက်ပိုက်လိုက်သည်။ 

သားကိုလည်း အစ်ကိုနဲ့အစ်မလို ဆက်ဆံသင့်တယ်မလား…


ကလေးသုံးယောက်က နင်ထန်ကို အားကိုးတကြီးကြည့်လိုက်သည်။



🏝️🏝️🏝️