အပိုင်း (၅၀)
Viewers 31k

part-50


ယွမ်ရှကမသွားချင်သော်လဲ စုန့်ထင်ရှန်းကပြောပာဆိုခဲ့ပြီးဖြစ်ပြီး ကလေးလေးကလဲသူမကိုတောင်းဆိုနေလေရာအဆုံးသတ်၌သွားဖို့သာသဘောတူလိုက်ရလေသည်။


"ဒီလိုဆိုရင်လဲကောင်းပြီလေ..."


မူလပိုင်ရှင်၏မှတ်ဉာဏ်များထဲ၌သူမသည် စုန့်ထင်ရှန်းနှင့်ထိုကဲ့သို့သူငယ်ချင်းများစုဝေးပွဲသို့ မသွားဖူးသလိုညစာစားပွဲများကိုလဲမတက်ရောက်ခဲ့ဖူးပေ။သူတို့ကလူထုရှေ့သို့မိသားစုသုံးယောက်တူညီစွာပေါ်လာသည့်အချိန်မျိုးက အလွန်ကိုရှားပါးလွန်းသည်။


စုန့်ထင်ရှန်းအနေဖြင့်စုံညီပွဲများတွေ့ဆုံပွဲများသို့မူလပိုင်ရှင်ကို ခေါ်သွားဖို့မလိုအပ်သလို မူလပိုင်ရှင်ကလဲလိုက်ပါဖို့ဆန္ဒရှိလိမ့်မည်မဟုတ်ပေ။


ထို့ကြောင့်ပင် သူတို့လက်ထပ်ထားသည်မှာလေးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လဲ လူအများကစုန့်ထင်ရှန်းလက်ထပ်ပြီးပြီဟုသာကြားဖူးကြသည် သူ့၏ဇနီးကိုမြင်ဖူးခြင်းမှာမူရှားပါးလှသည်။


ကလေးလေး၏စိတ်ထဲတွင် မင်္ဂလာပွဲသို့သွားရသည်က အလွန်ပင်ပျော်စရာကောင်းလိမ့်မည်ဟုတွေးထင်နေခဲ့သည်။ထို့ကြောင့်သူတို့မနက်စာစားသည့်အချိန်တွင်သူ့၏သိချင်မှုလှိုင်းလုံးကြီးကိုမရပ်တန့်နိုင်ပဲ မရပ်မနားမေးခွန်းများမေးနေခဲ့သည်။


"လက်ထပ်မှာက ဘယ်ဦးလေးလဲ..."


"ဦးလေးလီလေ...ပေါင်ပေါင့်ကို ကစားစရာကားလေးပေးဖူးတဲ့တယောက် မှတ်မိလား..."


ထိုနာမည်ကိုကြားလိုက်သည့်ခဏ၌ယွမ်ရှ တောင့်တင်းသွားမိသည်။


ဒီနာမည်လီက လီကျင်းရဲ့ လီနဲ့တော့မသက်ဆိုင်ပါဘူးနော် ဟုတ်တယ်မလား...ဘာလို့အဲ့လောက်တောင်မှပဲကမ္ဘာကြီးကကျဉ်းနေရတာလဲ...


စုန့်ထင်ရှန်းက ယွမ်ရှ၏အမူအယာကိုသတိပြုမိသွားပြီးပြောလိုက်သည်။


"ညက ကိုယ့်ကို ဖုန်းခေါ်တဲ့တစ်ယောက်က...လီယွမ်ဟန့်ရဲ့ညီမလေ သူကကုမ္ပဏီမှာပဲအလုပ်လုပ်တာ..."


ထိုစကားများကိုပြောလိုက်ပြီးသည်နှင့် စုန့်ထင်ရှန်းအနဲငယ်နောင်တရသွားသလိုခံစားလိုက်ရသည်။


သူကဘာကြောင့်များအဲ့လိုရှင်းပြလိုက်မိတာပါလိမ့်...


ယွမ်ရှခေါင်းညိမ့်၍ပြန်ပြောလိုက်သည်။


"အိုး...ဒါကြောင့်မလို့ ဒီနာမည်ကိုရင်းနှီးနေပါတယ်လို့ထင်နေတာ..."


လီယွမ်ဟန့်....


မူလပိုင်ရှင်က စုန့်ထင်ရှန်း၏သူငယ်ချင်းအသိုင်းအဝိုင်းကိုမသိသော်လဲ လီယွမ်ဟန့်၏နာမည်ကိုတော့ကြားခဲ့ဖူးသလို သူ့၏အကြောင့်တချို့ကို ပါသိထားပေသည်။


ထိုသူက စုန့်ထင်ရှန်း၏ကောလိပ်ကျောင်းမှအခန်းဖော်ဖြစ်သည်။ထိုအချိန်ထဲမှ သူတို့ကသူငယ်ချင်းများအဖြစ်တည်ရှိလာခဲ့ကြခြင်းဖြစ်သည်။နှစ်ယောက်စလုံးက အသက်သုံးဆယ်ကျော်လာပြီဖြစ်သော်လဲ ယခုချိန်ထိအောင်သူတို့၏သူငယ်ချင်းဆက်ဆံရေးကို 

မပြောင်းမလဲ ထိန်းထားနိုင်တုန်းဖြစ်သည်။


ဒီတော့အခြေအနေတွေကို ပြန်စဉ်းစားရမယ်ဆိုရင် မနေ့ညတုန်းက ဖုန်းခေါ်တဲ့တယောက်ကလီယွမ်ဟန့်ရဲ့ညီမပေါ့လေ...


ယွမ်ရှ အခြေအနေများကိုစဉ်းစားကြည့်လိုက်ပြီးနောက် ထိုလီကျင်းဆိုသည်က စုန့်ထင်ရှန်း၏ ကြိတ်ပုန်းခုတ်နေသည့်သူမဟုတ်ပဲအများဆုံးမှ စုန့်ထင်ရှန်းကိုသဘောကျနေသည့်သူသာ ဖြစ်နိုင်ကြောင်းသိသွားသည်။ စုန့်ထင်ရှန်း၌တခြားအမျိုးသမီးတယောက် ရှိမရှိကို သူ မသိသော်လဲ၎င်းကလီကျင်း မဖြစ်နိုင်မှန်းတော့ သေချာသွားပေသည်။ 


ယွမ်ရှကစုန့်ထင်ရှန်းနှင့် အချိန်ကြာကြာရင်းနှီးခဲ့ခြင်းမဟုတ်သော်လဲ 

သူ့၏ အကျင့်စရိုက်အရ သူငယ်ချင်းကောင်းဖြစ်သူ၏ညီမအပေါ် လှည့်စားမည့်သူမဟုတ်ကြောင်းတော့သေချာသိပေသည်။


အနည်းဆုံးအနေဖြင့်စုန့်ထင်ရှန်းတွင် ထိုကဲ့သို့ ယုံကြည်ရသောသမာဓိမျိုးရှိလေသည်။ထို့အပြင်သူက သူမနှင့်ကလေးကိုမဂ်လာဆောင်သို့ခေါ်သွားဖို့လဲပြောထားပြီးသားဖြစ်သည်။


လီကျင်းဆိုသည်မှာ လီယွမ်ဟန့်၏ညီမဖြစ်သည်။ အကယ်၍ သူသာလီကျင်းနှင့်တိတ်တိတ်ပုန်းဆက်ဆံရေးရှိမည်ဆိုပါက 

မင်္ဂလာဆောင်တွင် ထိပ်တိုက်တွေ့နိုင်မည့်အဖြစ်မျိုးကိုပြုလုပ်လိမ့်မည်မဟုတ်ပေ။စုန့်ထင်ရှန်းတွင် ထိုကဲ့သို့အသစ်များကိုခံစားတတ်သောအကြိုက်မျိုးမရှိကြောင်းသေချာပေသည်။


သို့သော်လဲ သူမကလီကျင်းစုန့်ထင်ရှန်းကို စိတ်ဝင်စားနေကြောင်းကိုတော့ အတည်ပြုနိုင်ခဲ့လေသည်။ထို့အပြင် ထိုစိတ်ဝင်စားမှုကလဲသာမာန်ပေါ့ပေါ့ပါးပါးမဟုတ်ပေ။


အိုက်ရား...ယွမ်ရှကထိုကဲ့သို့သောစိတ်လှုပ်ရှားစရာများကိုမခုခံနိုင်ပေ။


မူလယွမ်ရှသာဆိုလျှင် ထိုမဂ်လာပွဲသို့တက်ရောက်မည်မဟုတ်သော်လဲ ယခုသူမကကြုံတွေ့ရမည့်အဖြစ်အပျက်များကိုလုံးဝစိတ်ဝင်စားနေလေပြီ။


သူမက အဖေနှင့်သား၏မျက်လုံးနှစ်စုံအောက်မှာပင်လွတ်လပ်ပေါ့ပါးစွာဖြင့်အပေါ်ထပ်သို့တက်သွားလိုက်သည်။


စုန့်ထင်ရှန်းကလဲ သူ့သား၏လက်ကလေးကိုဆွဲကိုင်ကာ သူမနောက်မှ လိုက်တက်လာခဲ့သည်။


မူလပိုင်ရှင်၏အိပ်ခန်းသည် အလွန်ကြီးမားပြီး လျှောက်ဝင်၍ရသောအဝတ်လဲခန်းပင်ရှိသည်။သူမက ဟိုပစ္စည်းကောက်ယူလိုက် ဒီပစ္စည်းကောက်ယူလိုက်နှင့်ကြံရာမရဖြစ်နေသည်။ သူမဘာဝတ်ရမည်ကိုမဆုံးဖြတ်နိုင်ပေ။


အဓိကအချက်မှာ မူလပိုင်ရှင်တွင် အလွန်ပင်လှပသော အဝတ်အစားအများအပြားရှိနေသောကြောင့်ဖြစ်သည်။ သူမ၏ အဝတ်လဲခန်းက လုံးဝတောက်ပြောင်လွန်းလှသည်။


သူမ ထိုကဲ့သို့ဝေခွဲမရဖြစ်နေသည်မှာ အနည်းဆုံးဆယ်မိနစ်ခန့်ကြာသွားပြီးနောက် ယွမ်ရှကခန္ဓာကိုယ်နှင့်ကွက်တိကျလှပလှသောဂါဝန်ကိုရွေးလိုက်သည်။ထိုဂါဝန်က ဝတ်ဆင်သူ၏ပုံရိပ်ကိုစစ်ဆေးဆုံးဖြတ်သည့်အဝတ်အစားမျိုးဖြစ်သည်။အကယ်၍ဝတ်ဆင်သူကသာ အနဲငယ်မျှလျှင်ဝနေမည်ဆိုပါက 

၎င်းကအရှိကိုအရှိအတိုင်းဖော်ပြနေပေလိမ့်မည်။


သို့သော်လဲ ဝတ်ဆင်သူကလှပသောအချိုးအစားသာရှိနေပါက ၎င်းကလဲ ကြည့်၍ကောင်းလှသောအမို့အမောက် အကွေ့အဝိုက်များကို ကွက်တိဖော်ပြပေးနေပေလိမ့်မည်။


ယွမ်ရှ ထိုဂါဝန်ကိုဝတ်ဆင်ပြီးသည်နှင့်ခါးပေါ်လက်ထောက်လိုက်သည်။အရင်အချိန်ကသူမကြားခဲ့ဖူးသောစကားတခုကိုတွေးလိုက်မိသည်။


လက်တဖက်ထဲဖြင့်ပွေ့ဖက်၍ရသောသေးသွယ်လှပသောခါးကလေး...


 ထိုစကားကို ချဲ့ကားပြာဆိုထားသည်ဟုသာသူမထင်ခဲ့ဖူးသည်။


ယခု၌ အရင်ချိန်က မမြင်ခဲ့ဖူးသော ထိုကဲ့သို့လှပသည့်ခါးကလေးကို သူမမျက်မြင်တွေ့လိုက်ရလေပြီ။မူလပိုင်ရှင်၏အကျင့်စရိုက်ကို သူမ သေချာမသိသော်လဲသူမ၏ မျက်နှာတန်ဖိုးကိုယှဉ်ပြိုင်နိုင်သည့်သူမျိုးကိုတော့ သူမ မတွေ့ဖူးပေ။


ယခုလက်ရှိ၌ သူမကထိုကဲ့သို့သော ပထမတန်းစားအလှလေးဖြစ်လာသောကြောင့် သူမ ရင်တွင်းမှပီတိကို မထိန်းသိမ်းထားနိုင်တော့ပေ။


ကိုယ်လုံးပေါ်မှန်ထဲမှ ပေါ်လွင်နေသောပုံရိပ်ကိုပျော်ရွှင်စွာဖြင့်လှည့်ပတ်ကြည့်ရှုရင်း ချီးမွမ်းနေမိသည်။


xxxxxxxxxx