part-51
ဝမ်လေးက ယွမ်ရှ၏အခန်းထဲသို့ချည်းနှီးဝင်ရောက်လာခဲ့သည်။ သူက ကလေးအရွယ်သာရှိသေးပြီးအလှအပကိုကောင်းကောင်းမခံစားတတ်သေးသော်လဲ သူကယောက်ျားလေးတယောက်ဖြစ်နေဆဲပင်။ယွမ်ရှကလေး၏လက်ကိုဆွဲကိုင်လိုက်ပြီး မေးလိုက်သည်။
"မာမားကြည့်လို့ကောင်းလား..."
ကလေးများသည် သူတို့၏မိခင်ကိုရုပ်ဆိုးသည်ဟုဘယ်တော့မှမထင်ထားပေ။ဝမ်လေး၏စိတ်ထဲတွင် သူ့၏အမေကကမ္ဘာလောကတခုလုံးတွင်အလှဆုံးသောသူဖြစ်သည်။ထို့ကြောင့်သူကချက်ချင်းဆိုသလိုပင် ကြက်ကလေးအစာကောက်သလိုမျိုးဆက်တိုက် တဆဆ်ဆတ်ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။
"လုံးဝကြည့်လို့ကောင်းတယ်...အရမ်းအရမ်းကြည့်လို့ကောင်းတယ်..."
ယွမ်ရှက ကလေး၏နဖူးကို ခပ်ဖွဖွလေးတောက်လိုက်ပြီးနောက်ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြောလိုက်သည်။
"ကောင်စုတ်လေး ဟမ်...အမြင်ကောင်းလေးတွေရှိနေတာပဲ..."
မူလပိုင်ရှင်မျက်နှာက မပြင်မဆင်ပဲနဲ့တောင်အလွန်လှပနေပြီဖြစ်သော်လဲ ယွမ်ရှက ဒီနေ့သူမဝတ်ဆင်ထားသောဂါဝန်နှင့်လိုက်ဖက်ညီအောင်သေချာစွာပြင်ဆင်လိုက်လေသည်။
စုန့်ထင်ရှန်း၏အရပ်သည် ၁.၈ မီတာကျော်အောင်ရှည်လျားသောကြောင့် ယွမ်ရှဒေါက်ဖိနပ်အမြင့်စီးလိုက်လျှင်ပင်သူ့ထက်ကျော်သွားမည်ကိုစိုးရီမ်စရာလိုပေ။
"ကျွန်မ...ဒီနေ့ကားမမောင်းဘူး..."
ယွမ်ရှ၏စကားကို စုန့်ထင်ရှန်းကလဲအံ့ဩသွားခြင်းမရှိပေ။
"ကောင်းပြီ..."
သူတို့နှစ်ဦးသည် တမိုးအောက်ထဲတွင်လေးနှစ်ကြာမျှနေထိုင်ခဲ့ပြီးပြီဖြစ်သောကြောင့် ထိုမျက်နှာလှလှလေးပေါ်တွင်ခုခံမှုတချို့ရရှိထားပြီသားဟုပြောလျှင်လွန်လွန်မည်မဟုတ်ပေ။ထို့ကြောင့်ပင်စုန့်ထင်ရှန်းက ယနေ့ယွမ်ရှ သေသေချာချာပြင်ဆင်ဝတ်စားထားကြောင်းကိုသတိမထားမိပေ။
ထို့အပြင်ယွမ်ရှက ခါတိုင်းနှင့်ကွဲပြားခြားနားနေသည်ဟုလဲသူမထင်ပေ။
အကယ်၍ယွမ်ရှသာ သူ့၏အတွေးများကိုသိပါက မျက်စိကန်းမှုအတွက်ကျိန်းမောင်းပြောဆိုပေလိမ့်မည်။
မင်္ဂလာဆောင်သို့သွားရာလမ်းတွင်ဝမ်လေးက ကားထဲရှိကလေးထိုင်ခုံလေးထဲတွင်တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေခဲ့သည်။
ယွမ်ရှက ဒီနေ့တွင်သူ့အတွက်လဲသေချာစွာအားထုတ်၍ဝတ်စားဆင်ပေးခဲ့သည်။
မူလပိုင်ရှင်က ကလေးလေးကို ဂရုစိုက်ခြင်းမရှိသော်လဲ အလွန်သနားစရာကောင်းသည်ဟုတော့မဆိုလိုပေ။သူ့တွင်ဗီရိုနှင့်ပင်မဆန့်တော့လောက်အောင်များပြားလှသော အဝတ်အစားများရှိနေပေသည်။
ယွမ်ရှက သူ့အတွက်အဖြူရောင်ရှပ်အက်ျီနှင့်မိုးပြာရောင် ဂျင်းတထည်ကိုရွေးချယ်ပေးခဲ့သည်။
ထိုဝတ်စုံလေးနှင့်ကလေးလေးက နေမင်းအသေးစားလေးအလားတောက်ပလင်းလက်နေလေသည်။သူက နေကာမျက်မှန်လေးကိုတပ်ဆင်ပြီးနောက်လျှောက်ထွက်လာလိုက်ရာ အားလုံး၏အကြည့်များကို ဆွဲဆောင်ထားနိုင်သည့်နတ်ဘုရားအသေးစားလေးအလားပင်ထင်မှတ်ရလေ၏။
"အိုက်ရား...ငါတို့ရဲ့ဝမ်လေးကတော့ တကယ့်ကိုချောမောခန့်ညားနေတာပဲ..."
ယွမ်ရှက ကလေးလေး၏ ပါးဖောင်းဖောင်းလေးကိုဖျစ်ညစ်ပြီးဆိုလိုက်သည်။
"မာမားကတော့ ဒီဝမ်လေးလိုမျိုးချောမောကြည့်ကောင်းတဲ့ကလေးမျိုးတခါမှကိုမမြင်ဖူးပါဘူး..."
ထိုကဲ့သို့လွန်လွန်ကြူးကြူးချီးမွမ်းခံလိုက်ရသောကြောင့်ကလေးလေး၏စိတ်ထဲတွင် ရှက်ရွံမှုနှင့်ပျော်ရွှင်စိတ်လှုပ်ရှားမှုကိုခံစားရလေသည်။
"ပေါင်ပေါင်ကလဲ မာမားလိုမျိုးချောမောတဲ့ မိန်းကလေးမျိုးတခါမှမမြင်ဖူးပါဘူး..."
အမေနှင့်သားအတွဲက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချီးမွမ်းပြောဆိုနေကြသည်။သူတို့နှစ်ယောက်စလုံးက ခံစားချက်များအလွန်ကောင်းမွန်နေပြီးအချိတ်အဆက်မိနေကြလေ၏။သူတို့နှစ်ယောက်စလုံးက တဖက်သား၏ချီးမွမ်းမှုကြောင့်ပြုံးပျော်နေကြသည်။
ယွမ်ရှက သူမဆန္ဒရှိသည့်အရာကိုဝမ်လေးကိုလုပ်ခိုင်းရန်လဲမမေ့ခဲ့ပေ။သူမကပင်စတင်၍လမ်းကြောင်းပေးမေးမြန်းလိုက်သည်။
"ဒီနေ့ မာမားကအရမ်းလှနေတယ်လို့ ပေါင်ပေါင်ထင်တယ်မလား ဟုတ်လား..."
ကလေးလေးကလဲ စိတ်အားထက်သန်စွာဖြင့်ခေါင်းညိမ့်ပြီးပြောလိုက်သည်။
"အရမ်း အရမ်းကိုလှနေတာ..."
"ဟုတ်ပြီ ဒါဆိုရင် ပေါင်ပေါင့်ရဲ့အမြင်ကောင်းမွန်မှုအတွက် မာမားက like ပေးမယ်..."
ထို့နောက်သူမက ဆက်ပြောလိုက်သည်။
"ဒီလိုဆိုရင် ပေါင်ပေါင့်ကိုသာ ချီ မသွားရဘူးဆိုရင် မာမားရဲ့ဒီပြီးပြည့်စုံတဲ့ပုံရိပ်လေးကိုလုံးဝသေချာပေါက်ထိန်းသိမ်းထားနိုင်မှာပဲ...ဟုတ်တယ်မလား..."
ဝမ်လေးသည်လဲတခြားကလေးများ ကဲ့သို့ပင်ပျင်းရိသောအကျင့်လေးကိုသင်ယူတတ်မြောက်လာပြီးပြီဖြစ်သည်။သူကခဏလောက်ကစားပြီးသည်ဖြစ်စေ ခဏလောက်လမ်းလျှောက်ပြီးသည်ဖြစ်စေ...'သူ့၏ဗိုက်ကနာတယ်၊သူ့၏ခေါင်းကနာတယ် စသဖြင့်အကြောင်းပြချက်မျိုးစုံကိုပြောဆိုနေလိမ့်မည်။
မည်သို့ပင်ဆိုစေ သူကလမ်းမဆက်လျှောက်လိုတော့ပဲ သူ့အမေသူ့ကိုချီသွားစေချင်လိုသည့်အတွက်ဆင်ခြေပေးခြင်းသက်သက်သာဖြစ်သည်။
ယွမ်ရှက ထိုကလေးလေး၏အလေးချိန်ကြောင့်လက်မောင်းများနာကျင်ကိုက်ခဲသည်ဟု ပြောလျှင်၎င်းကချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။သူမဝတ္ထုထဲကိုရောက်ရှိလာခြင်းက မကြာသေးသော်လဲ ထိုကလေးလေးကိုချီမခြင်းအားဖြင့်အကြိမ်အနဲငယ်မျှလေ့ကျင့်ခန်းလုပ်ပြီးသလိုပင်ဖြစ်နေလေသည်။
ကလေးလေးကခဏမျှစဉ်းစားပြီးမှခေါင်းညိမ့်လိုက်သည်။
"အိုကေ ဒါပေမဲ့..."
ကလေးကဆက်၍မပြောပဲရပ်လိုက်သည်။
ယွမ်ရှကလဲဝမ်လေး၏လိမ္မာပါးနပ်မှုများကိုကျင့်သားရစွာဖြင့်ပင်စကားထောက်ပေးလိုက်သည်။
"ဟုတ်ပါပြီ ဆက်ပြော ပေါင်ပေါင်က ဘယ်လိုအကျိုးကျေးဇူးမျိုးကိုလိုချင်တာလဲ..."
ဝမ်လေးကချက်ချင်းပင် စိတ်အားတက်ကြွစွာဖြင့်သူမကိုပြောလာလေသည်။
"သားကတနင်္လာနေ့ကျရင် ကျောင်းကားနဲ့မသွားချင်ဘူး...မာမား ကားမောင်းပြီးလိုက်ပို့ရမယ်..."
ယွမ်ရှကသူမ၏ဆံပင်လေးများကိုနားနောက်သို့သိမ်းညှပ်လိုက်ရင်း မေးလိုက်သည်။
"ဘာကြောင့် ပေါင်ပေါင်ကမာမားကို ကျောင်းလိုက်ပို့စေချင်တာလဲ..."