Chapter 3
Viewers 820

🧜 အခန်း ၃ 

သူက အကြားအာရုံမကောင်းတာပဲ ဖြစ်ရမယ် 



ယွဲ့ကျန့်မှ စစ်ကူများ မကြာမီ ရောက်ရှိတော့မည်ဟု ပြောသော်လည်း မည်မျှမြန်ဆန်စေကာမူ အချိန်ယူရဦးမည် ဖြစ်သည်။


ယီနျို၏ အဖွဲ့က နှစ်နာရီကျော်ကြာအောင် တိုက်ခိုက်ပြေးလွှားပြီးနောက် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ ရန်သူ့သင်္ဘော အရေအတွက်မှာ လွန်စွာများပြားလှပြီး တိုက်ခိုက်နိုင်စွမ်းမှာလည်း အလွန်ပြင်းထန်လေသည်။ ကိုယ်စားလှယ်အဖွဲ့မှာ အနီးအနားရှိ စွန့်ပစ်သတ္တုတွင်းရှိရာကြယ်သို့ ဆင်းသက်ရန် ဖိအားပေးခံရပြီး ရန်သူတပ်ဖွဲ့နှင့် မက်ခါစစ်ပွဲ စတင်တော့သည်။


ယီနျိုသည် ကလေးဘဝကတည်းက အားနည်းသဖြင့် မက်ခါမောင်းနှင်နိုင်စွမ်း မရှိချေ။ အာကာသအတွင်း၌ နှစ်ဖက် တိုက်ခိုက်နေကြစဉ် သူ စစ်သင်္ဘောအတွင်း၌ ထိုင်နေရုံသာတတ်နိုင်သည်။ သို့သော် မြေပြင်ပေါ်၌ တိုက်ခိုက်ကြချိန်တွင်မူ အရှက်ရနေရုံသာရှိသည်။


သို့သော် သူ မည်မျှပင် အားနည်းစေကာမူ အဖွဲ့အား ဆွဲချမည့်သူ မဟုတ်ပေ။ မက်ခါမောင်းနှင်နိုင်စွမ်း မရှိသည့်တိုင်အောင် အနိမ့်ပျံ စစ်သင်္ဘောငယ်များကို ထိန်းချုပ်နိုင်ဆဲဖြစ်သည်။


တစ်ခုတည်းသော ပြဿနာမှာ ထိုစစ်သင်္ဘောများ၌ အဆင့်မြင့်လက်နက်များနှင့် အာကာသအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိခြင်းပင်။ အတိတ်က တိုက်လေယာဉ်များကဲ့သို့ပင်ဖြစ်သည်။ မက်ခါများနှင့် ယှဉ်၍ပင် မရနိုင်သဖြင့် အနိုင်ရရန် အခွင့်အရေးမရှိချေ။


ယီနျိုက ကျည်ဆန်များအားဖြတ်ကာ စစ်သင်္ဘောအသေးအား မောင်းနှင်ကာဖြင့် ပုန်းအောင်းရန် အကောင်းဆုံးကြိုးစားနေသည်။


တိုက်ပွဲ တစ်နာရီနီးနီး ကြာမြင့်လာသည့်တိုင်အောင် စစ်ကူများ ရောက်ရှိမလာသေးချေ။


ယီနျို သေတော့မလိုပင်။ ရုတ်တရက်ဆိုသလို သူ ရေမစိမ်ရသည်မှာ သုံးရက်ခန့်ရှိပြီး ငါးမစားရသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်ကြောင်း အမှတ်ရလိုက်မိသည်။


ရေသူမများမှာ အချိန်ကြာမြင့်စွာ ရေမစိမ်ကပါ သေဆုံးသွားနိုင်သည်။ ငါးမစားပါကလည်း သူတို့၏ ငါးသဘာဝကို ထိန်းသိမ်းရန် ခက်ခဲပေမည်။ ဆာလောင်မှုကြောင့် ကျိုးကြောင်းဆီလျော်မှု ဆုံးရှုံးသွားနိုင်ပြီး သူတို့၏ ငါးမြီးများကို ကိုက်စားခြင်းဖြင့် အဆုံးသတ်သွားလိမ့်မည်။


ယီနျို ရေသူဖြစ်လာပြီးနောက် ထိုအကျင့်ဆိုးများလည်း ရှိလာသည်။


ပစ်ခတ်မှုများက သတ္တုတူးဖော်ကြယ်၏ မျက်နှာပြင်အပူချိန်ကို မြင့်တက်လာစေပြီး ကျည်ဆန်များက ယီနျို စစ်သင်္ဘော၏ အကာအကွယ်လွှာကို ကျိုးပျက်သွားစေသည်။ ယီနျို၏ စစ်သင်္ဘောမှာ အပူလှိုင်းများ၏ တိုက်စားခံရသောကြောင့် အရေပြား ပိုမိုခြောက်သွေ့ကာ နာကျင်လာစေသည်။


များမကြာမီအချိန် ရေမစိမ်ပါက ငါးကင်အဖြစ်သို့ ပြောင်းသွားတော့မည်ဟု ယီနျိုခံစားနေရသည်။ 


ယွဲ့ကျန့် ဘာလို့များ ရောက်မလာသေးတာလဲနော်.. ငါတို့ကို အရူးလုပ်သွားတာ မဟုတ်ဘူးမလား.. မဟုတ်လောက်ပါဘူးနော်..


လက်နက်ခဲယမ်းများ ကုန်ဆုံးသွားချိန်မှာပင် အင်ပါယာစစ်တပ်များ သတ္တုတူးဖော်ကြယ်သို့ ရောက်ရှိလာသည်။ တစ်ချိန်တည်း၌ ယီနျိုသည်လည်း အရောင်အဝါတောက်ပနေသော ယွဲ့ကျန့်အား မြင်တွေ့လိုက်ရပုံပင်။


လူအများပြောကြားသကဲ့သို့ပင် ယွဲ့ကျန့်မှာ လျင်မြန်စွာ တိုက်ခိုက်၊ အနိုင်ယူတတ်သူဖြစ်သည်။ လူအများ အံ့ဩတကြီးဖြစ်နေစဉ်မှာပင် ရန်သူများအား ဖမ်းဆီးလိုက်သည်။ အင်ပါယာစစ်တပ်၏ ရောက်ရှိလာမှုမှာ ကယ်ဆယ်ရေးအတွက်သာ ဖြစ်သော်လည်း ရလဒ်မှာမူ မကြာမီပင် ရန်သူစစ်သင်္ဘော ဖျက်ဆီးခံလိုက်ရသည်။


အဆုံး၌ ယီနျို စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်မိပြီး အားနည်းချိနဲ့စွာဖြင့် စစ်သင်္ဘော၏ ယာဉ်မောင်းထိုင်ခုံပေါ်သို့ မှီလိုက်သည်။


ကွဲအက်နေသော အကာအကွယ်လွှာမှတစ်ဆင့် စစ်သင်္ဘောပေါ်မှ အရပ်ရှည်ရှည် ဗိုလ်ချုပ်တစ်ဦး ဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူက ဦးစွာ လော်ယွမ်ကျဲအား အခြေအနေ မေးမြန်းပြီး တိုက်ပွဲအား လှည့်လည်စစ်ဆေးသည်။ ထို့နောက် လျင်မြန်စွာပင် ပစ်မှတ်အား သတ်မှတ်ပြီး‌နောက်၌ စစ်သင်္ဘောငယ်ရှိရာသို့ လျှောက်လှမ်းလာသည်။


ကောင်းကင်ပေါ်ရှိ နေဝင်ချိန်မှာ သွေးကဲ့သို့ ရဲရဲနီနေသည်။ ယွဲ့ကျန့်က စစ်မီးလျှံနှင့် ကျည်ဆန်များအား ဖြတ်သန်းကာ လျှောက်လှမ်းလာပြီး အဆိုပါမြင်ကွင်းမှာ ယီနျိုနှင့် ရင်းနှီးကျွမ်းဝင်နေပြီး မကြာသေးမီက မက်ခဲ့သော အိပ်မက်ကိုပင် အမှတ်ရမိလိုက်သည်။


ယွဲ့ကျန့်က လျင်မြန်စွာ လျှောက်လှမ်းလာပြီး စစ်သင်္ဘောငယ်ရှိရာသို့ ၂ မိနစ်အတွင်း ရောက်ရှိလာသည်။ သူက မည်သည့်စကားမျှ မဆိုဘဲနှင့် စစ်သင်္ဘောအား ခေါက်လိုက်သည်။


ယီနျိုက ကျိုးပဲ့နေသည့် အကာအကွယ်လွှာအား ဖွင့်လိုက်ပြီး ခေါင်းကလေးစောင်းကာ ထူးဆန်းသည့် အရိပ်အယောင်များ ပါဝင်နေသော မျက်လုံးတစ်စုံဖြင့် ယွဲ့ကျန့်အား ကြည့်လိုက်သည်။


သို့သော် ယွဲ့ကျန့်၏ မျက်လုံးထဲ၌မူ လူငယ်လေးက ချည့်နဲ့စွာဖြင့် ထိုင်ခုံအား မှီထားပြီး ဆံပင်များလည်း အနည်းငယ်ပွယောင်းလျက်ရှိကာ တစ်ကိုယ်လုံး ရေခဲရိုက်ထားသော ခရမ်းသီးတစ်လုံးနှယ် ညှိုးနွမ်းလျက်ရှိသည်။


ယွဲ့ကျန့် အနည်းငယ် အံ့အားသင့်သွားမိသည်။ မှတ်မိရသလောက် များမကြာမီ အချိန်ကပင် ဤမင်းသားလေးမှာ တည်ငြိမ်ရဲဝံ့စွာဖြင့် မစ္စတာဟော်နှင့် ရင်ဆိုင်ခဲ့သေးသည်ပင်။


ထိုစဉ်က မင်းသားလေးမှာ တလက်လက်တောက်ပကာ လှပ၍ ဈေးကြီး၊ ဝံ့ကြွားပြီး ဒေါသထွက်လွယ်သည့် ကြောင်တစ်ကောင်နှယ် ဖြစ်သည်။ သို့သော် ယခု၌မူ ဤကောင်ငယ်လေးက အနိုင်ကျင့်ခံထားရသော ကြောင်ပေါက်လေးပမာပင်။


ကောလာဟလများမှာ အမှန်တကယ် ဖြစ်ပုံရသည်။ မင်းသားလေးက ကျန်းမာရေးမကောင်းဘဲနှင့် ပြောင်းလဲလွယ်သော စစ်မြေပြင်အား ခံနိုင်ရည်မရှိဟု ဆိုကြသည်။ သို့သော် ယီနျိုက ကျန်းမာရေးဆိုးရွားနေစေကာမူ စစ်ကူများ ရောက်ရှိလာသည့်အချိန်ထိအောင် တောင့်ခံထားနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ဆုံးဖြတ်ချက်ပြတ်သားသူဟု ဆိုရပေမည်။ ယွဲ့ကျန့် တိတ်တဆိတ် အကြည့်လွှဲလိုက်ပြီးနောက် ယီနျိုအား သတိပေးလိုက်သည်။


“ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံး ရှေ့တန်းကို ပြန်သွားရမှာပါ မင်းသားလေး...”


ယွဲ့ကျန့် ဆိုလိုသည်အား ယီနျို သဘောပေါက်သည်။ သို့သော်လည်း စစ်သင်္ဘောပေါ်မှ ဆင်းလိုက်ချိန်တွင် မတ်တတ်ရပ်ဖို့ရန်ပင် အားမရှိတော့သည်အတွက် ယိမ်းယိုင်သွားသည်။


ယီနျိုအား ထိန်းရန် ယွဲ့ကျန့် အချိန်မီရောက်သွားသည့်တိုင်အောင် မမျှော်လင့်ဘဲနှင့် မင်းသားလေးမှာ သူ့ရင်ခွင်အတွင်းသို့ လဲကျသွားလေသည်။


ယွဲ့ကျန့် သတိလက်လွတ်ဖြင့် မင်းသားလေး၏ခါးအား ဖိညှစ်လိုက်မိသည်။ တစ်ဖက်လူအား မတ်မတ်ရပ်နိုင်အောင် ကူတွဲပေးချင်သည့်တိုင်အောင် ပထမဆုံးတွေးမိသည့် အတွေးမှာ မင်းသားလေး၏ နူးညံ့သေးသွယ်သည့် ခါးလေးဖြစ်နေလေသည်။


ဒါက ယောကျ်ားလေးတစ်ယောက် ရှိသင့်တဲ့ ခါးလား..


ယွဲ့ကျန့်၏ဦးနှောက်က အချိန်တစ်ခုမျှ ဗလာကျင်းသွားသည်။ သူ၏လက်မှာလည်း လျှပ်စီးတို့ခံရသကဲ့သို့ တုန်ယင်သွားပုံရသည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး စစ်သားတစ်ယောက်၏ဉာဉ် မပျောက်ဟန်ပင်။ မင်းသားလေး၏ ခါးသွယ်သွယ်အား ဖျစ်ညှစ်မိပြီးနောက် စိတ်ထဲမှ ဝေဖန်နေလေသည်။ 

‘အရမ်းပဲ အားနည်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူး... စစ်တပ်ကိုဝင်ပြီး နေ့တိုင်း လေ့ကျင့်ရေးကွင်းကို အနည်းဆုံး ၁၀ ပတ်လောက် ပြေးသင့်တယ်...’


ယီနျို သိသိသာသာကို တောင့်တင်းသွားသည်။ ယွဲ့ကျန့်၏ ရင်ခွင်အတွင်းသို့ ပြုတ်ကျသွားလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။ ထို့အပြင် ယွဲ့ကျန့်သည်လည်း ထိုအရာအား ‘အခွင့်ကောင်းယူ’ ကာ သူ၏ ခါးအား ဖျစ်ညှစ်လာလိမ့်မည်ဟု တွေးပင်မတွေးမိပေ။


လူတစ်ယောက်ရဲ့ အသွင်အပြင်ကိုကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ တကယ်မှန်တာပဲ..


ယီနျို ကြောင်အနေမိပြီး ရုတ်တရက်ဆိုသလို စာအုပ်ထဲမှ ‘ယွဲ့ကျန့်’က မနှစ်မြို့စရာ ကောင်းလှပြီး လူကောင်းတစ်ဦး မဟုတ်သည်ကို အမှတ်ရမိလိုက်သည်။ ထိုလူမှာ ‘သူ့’ အား အချိန်အတော်ကြာအောင် စိတ်ဝင်စားနေခဲ့သော်လည်း မည်သည့်စကားမျှ မဆိုခဲ့ဘဲနှင့် ‘သူ’ ငါးစာဟပ်မိသည်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်းပင်။


ယွဲ့ကျန့်အား ‘သူ’ ဖြားယောင်းဟန်ဆောင်စဉ်ကပင် ထိုလူသည် စိတ်မလှုပ်ရှားဟန်ဆောင်ကာ ‘သူ’ ကနေသည့် ဇာတ်ကို တိတ်တဆိတ်သာ ကြည့်နေလေသည်။ ထို့နောက် ထိုလူဆိုးကောင်မှာ အဆုံးတွင် ပါးစပ်အတွင်းသို့ ရောက်ရှိလာသည့် အသားပိုင်းအား စားသောက်ပစ်ရန် ဆန္ဒရှိလာတော့သည်။


ယီနျို အလျင်အမြန်ပင် ယွဲ့ကျန့်အား အဝေးသို့ တွန်းထုတ်လိုက်ပြီးနောက် မယုံနိုင်ဟန်ဖြင့် တွေးလိုက်မိသည်။

[ဇာတ်ကြောင်းက စနေပြီလား... ငါက သူ့ကို ဖြားယောင်းနေပါတယ်လို့ ယွဲ့ကျန့်က တွေးနေတာလား...]


ယွဲ့ကျန့် : “?”  


သူ ယီနျိုအား ထူးဆန်းစွာ ကြည့်လိုက်မိသည်။ ထင်ယောင်ထင်မှား ဖြစ်နေခြင်းသာ မဟုတ်ပါက ယခုလေးတင် မင်းသားလေး ပြောလိုက်သည့် စကားတို့အား ကြားလိုက်မိပုံပင်။ သို့သော် မင်းသားလေး၏ ပါးစပ် လှုပ်သွားသည်ကိုမူ မမြင်လိုက်ရချေ။


ဒါက ဘာလဲ အသံလှိုင်းထုတ်လွှင့်မှုလား.. ‘ဖြားယောင်းတယ်’ ဆိုတာကရော ဘာအဓိပ္ပါယ်လဲ..


ကြည့်နေရင်းဖြင့် ရုတ်တရက်ဆိုသလို သူသတိမပြုမိခဲ့သော အရာတစ်ခုအား တွေ့ရှိလိုက်လေသည်။ မင်းသားလေး၏ ဦးခေါင်းထက်၌ အနက်ရောင်တိမ်တိုက်ငယ်လေးတစ်ခု မျောလွင့်လျက်ရှိသည်။


ဘာတွေဖြစ်နေတာတုန်း...


“မင်း...”

ယွဲ့ကျန့် မသိစိတ်မှ လက်မြှောက်လိုက်မိပြီး ထိုတိမ်တိုက်လေးအား ထိချင်မိ၍လား သို့မဟုတ် ယီနျိုအား ထိုအကြောင်း ပြောပြချင်၍လားပင် မသိတော့ချေ။


မမျှော်လင့်ထားစွာ ယီနျို၏ တုံ့ပြန်မှုမှာ ပြင်းထန်လှသည်။ ထိတ်လန့်တကြားဖြင့် ရုတ်တရက် နောက်သို့ဆုတ်သွားပြီးနောက် ယွဲ့ကျန့်အား စိုက်ကြည့်နေလေသည်။

“ခင်ဗျား ဘာလုပ်တာလဲ...”


ယီနျို၏ ရန်လိုမှုကြောင့် ဖြစ်နိုင်သည်။ သူ၏ ဦးခေါင်းထက်ရှိ တိမ်တိုက်ငယ်လေးမှာ ရုတ်တရက်ဆိုသလို တလှိမ့်လှိမ့်တက်လာပြီးနောက် သေးငယ်သော လျှပ်စီးကြောင်းလေး ထွက်လာကာ ယွဲ့ကျန့်အား ပစ်ခတ်လိုက်လေသည်။


ရုတ်တရက်ဆိုသလို ယွဲ့ကျန့်၏ လက်ချောင်းထိပ်မှစကာ တစ်ကိုယ်လုံး ထုံထိုင်းသွားလေသည်။ လျှပ်စီးကြောင်းမှာ လူတစ်ယောက်အား နာကျင်စေသည်အထိ ပြင်းထန်ခြင်း မရှိသော်လည်း သက်သောင့်သက်သာ ဖြစ်စေနိုင်သည့်အရာ မဟုတ်သည်မှာ သေချာလေသည်။


ယွဲ့ကျန့်၏ တုံ့ပြန်မှုကို မြင်သည့်အခါ ယီနျိုမှာ ထိုသူ ဓာတ်လိုက်ခံရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။


ယွဲ့ကျန့် : “…”


ယီနျို: “…”


*


ငါးမိနစ် ကြာပြီးနောက် ယွဲ့ကျန့်က မဲမှောင်သော အမူအရာဖြင့် စစ်သင်္ဘောပေါ်သို့ တက်သွားသည်။ သူ၏နောက်၌ အမှားတစ်စုံတစ်ရာ ပြုလုပ်ထားသော ချွေးမလေးသဖွယ် အပြစ်ရှိစိတ်ဖြင့် လိုက်ပါလာသော ယီနျို ရှိလေသည်။ သူ ထိုသို့ပြုလုပ်ရန် မရည်ရွယ်ထားချေ။ ထို့အပြင် တိမ်တိုက်ငယ်လေးနှင့် ပတ်သက်၍ မည်သည်က မှားယွင်းသွားသည်အားလည်း အမှန်တကယ် သိရှိခြင်း မရှိပေ။


စစ်သင်္ဘော‌ပေါ်မှ တစ်စုံတစ်ယောက်က များမကြာမီမှာပင် ဗ်ိုလ်ချုပ်ယွဲ့၏ ဆံပင်က အပြင်မှ ပြန်လာပြီးနောက် အတော်လေး ကောက်ကွေးနေသည်ကို သတိပြုမိလိုက်သည်။


သို့သော် ယွဲ့ကျန့်၏ မျက်နှာအခြေအနေ မကောင်းသည်ကို မြင်ပြီးနောက် ထိုအကြောင်းနှင့် ပတ်သက်၍ မည်သည်မျှ စကားမစဝံ့ဘဲ မမြင်ဟန်သာ ဆောင်နေကြရသည်။ 


စစ်သင်္ဘော၏အကူမှာ လျှင်မြန်စွာဖြင့် ရှေ့သို့တက်လာပြီးနောက် ယီနျိုအား နွေးထွေးစွာ ကြိုဆိုလေသည်။


ထိုသူက မင်းသားလေး၏ရှေ့၌ သူ့ကိုယ်သူ ဖော်ပြလို၍ ဖြစ်နိုင်ပြီး ရင်ဘတ်အားပုတ်ကာ ပြောသည်။


“အရှင့်သား အလိုရှိတာသာ ကျွန်တော့်ကို ပြောလိုက်ပါ.. ချက်ချင်း စီစဉ်ပေးပါ့မယ်..”


ယီနျိုသည်လည်း အမှန်တကယ်ကိုပင် တစ်စုံတစ်ရာ လိုအပ်နေခြင်းပင်။ ယခုလေးတင် ယွဲ့ကျန့်ထံမှ အနှောင့်အယှက် ပြုခံလိုက်ရခြင်း ဖြစ်သဖြင့် ဆာလောင်မှုကြောင့် ငါးခြောက်ဘဝသို့ ရောက်လုနီးနီး ဖြစ်သည်ကိုပင် မေ့လျော့လုမတတ်ပင်။


ထို့ကြောင့် ယဉ်ကျေးမနေဘဲနှင့် အကူစစ်သားအား ပြောလိုက်သည်။

“ငါ့အတွက် ချိုးရေပြင်ပေးပါဦး.. ရေချိုးကန်ထဲ ဝင်စိမ်လို့ရရုံဆိုရင် ရပြီ.. ပြီးရင် ငါးနဲ့ပတ်သက်တဲ့ ဟင်းပွဲတချို့လည်း ပြင်ပေးဦးနော်.. လတ်လတ်ဆတ်ဆတ် ရေချိုငါးနဲ့လုပ်ထားတဲ့ စွပ်ပြုတ်လေးဆိုရင် ပိုကောင်းတယ်...”


ရေသူတစ်ကောင် ဖြစ်လာချိန်မှစကာ အချက်အလက်များစွာအား စုဆောင်းထားခဲ့သည်။ ‌ရေသူများက ထိုငါးအမျိုးအစားအား စားသောက်ရခြင်းကို အလွန်နှစ်ခြိုက်သည်။ စားသောက်ပြီးနောက်တွင် သုံးရက်ခန့် ငါးစွဲလမ်းမှုရောဂါအား ခံစားရတော့မည် မဟုတ်ကြောင်း အာမခံနိုင်သည်။


ယီနျို၏ တောင်းဆိုချက်အား ကြားပြီးနောက် အကူစစ်သားလေးမှာ ကြောင်အသွားလေသည်။ မင်းသားလေးမှာ ရှေ့တန်းစစ်မြေပြင်၏ နေထိုင်မှုအဆင့်အတန်းအား အမှန်တကယ် နားလည်မှု မရှိ ဖြစ်မည်ကို သူမမျှော်လင့်ခဲ့ဘဲ ထိုကဲ့သို့သော လိုအပ်ချက်များကိုပင် ရဲရဲတင်းတင်း ထုတ်ဖော်ပြောလေသည်။ 


ဒါကိုတော့ လုံးဝ အဆင်ပြေအောင် မလုပ်ပေးနိုင်လောက်ဘူးနော်...


ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်မိပြီး ယီနျိုအား မည်သို့ရှင်းပြရမည်ကို မသိနိုင်ဘဲ ရှိနေစဉ်မှာပင် ယွဲ့ကျန့်က ရုတ်တရက် ရှေ့သို့တက်လာသည်။


အပြစ်စိတ်ရှိကြောင့် ယီနျို မသိမသာ အနောက်ဆုတ်လိုက်မိသည်။


သို့သော် သူနောက်ဆုတ်လေ ယွဲ့ကျန့် ရှေ့ဆက်လှမ်းလာလေ ဖြစ်သည်။ အဆုံးတွင် သူ၏နောက်ကျောမှာ သင်္ဘောနံရံနှင့် ထိမိပြီးမှ ယွဲ့ကျန့်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။


ထိုလူ မည်သည့်အရာ လိုချင်နေမှန်း ယီနျို မသိသော်လည်း အပြစ်ရှိစိတ်ကြောင့် နှလုံးခုန်နှုန်း မြန်လာသည်။


တစ်ဖက်လူအား ခြောက်လှန့်ရန်အတွက် လက်ဦးမှုရယူကာ ရိုက်နှက်ချင်မိသော်လည်း ယွဲ့ကျန့်က သူ့ထံသို့ စည်သွပ်ဘူးတစ်ဘူး ပေးလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ 


ယီနျို အနည်းငယ် ရှုပ်ထွေးသွားစဉ်မှာပင် တစ်ဖက်လူက ခန္ဓာကိုယ်အား အနည်းငယ်ကိုင်းကာဖြင့် ပြောလာသည်။


“ရှေ့တန်းရဲ့ အခြေအနေက ခက်ခဲနေပါတယ်... မင်းသားလေး စိတ်မရှိပါနဲ့...”


ထိုသို့ပြောပြီးနောက် စည်သွပ်ဘူးအားထားကာ နောက်သို့လှည့်၍ ထွက်ခွာသွားသည်။


ယီနျို ငုံ့ကြည့်လိုက်သည် ။


ဒါ... ငါးသလောက်ဘူးကြီးဟ...


ဟုတ်ပါပြီ... ငါးသလောက်ကလည်း ငါးပါပဲ...




🧜🧜🧜