Chapter 4
Viewers 810

🧜 အခန်း ၄ 

ယွဲ့ကျန့် : ကိုယ့်ကို လိုချင်လား 



ယီနျို ငါးသလောက်စည်သွပ်ဘူးအား သေချာပေါက် စားမည်မဟုတ်ပေ။ ထို့အပြင် ထိုငါးသလောက်ဘူးများမှာ ဇီဝဓာတုလက်နက်များနှင့်ပင် နှိုင်းယှဉ်၍ရသည်။ ထိုဘူးအား ဖွင့်လိုက်သည်နှင့် အနံ့ကြောင့် စစ်သင်္ဘောအတွင်းရှိလူများ မေ့မျောသွားနိုင်သည်။


သူ့အနေဖြင့် အဆင်ပြေသည့်တိုင်အောင် အခြားသူများအတွက် စဉ်းစားပေးရဦးပေမည်။ သူက ယွဲ့ကျန့်ကဲ့သို့ ပစ်စလက်ခတ် လုပ်တတ်သူ မဟုတ်ပေ။


သူက စည်သွပ်ဘူးအား အကူစစ်သားထံသို့ တိုက်ရိုက်ပေးကာဖြင့် မေးလိုက်သည်။

“မင်းတို့သင်္ဘောမှာ ဒီလိုဟာမျိုး စားရတာ ကြိုက်တဲ့သူ ရှိလား..”


ယွဲ့ကျန့်က ဒါကို ကြိုက်တာလား... ‘တစ်ယောက်တည်းစားပြီး သင်္ဘောတစ်ခုလုံး မေ့လဲအောင် လုပ်’ လိုက်တာမျိုးတော့ မဖြစ်သွားလောက်ပါဘူးနော်..


“မကြိုက်ပါဘူး... မကြိုက်ပါဘူး...”


အကူစစ်သားလေးက လျင်မြန်စွာ ခေါင်းယမ်းပြီးနောက် ဆက်ပြောသည်။

“ဒါက အထက်လူကြီးတွေရဲ့ ဖိအားပေးမှုကြောင့်ပါ... တကယ်တမ်း ကျွန်တော်တို့က ဝယ်ချင်စိတ်ကို မရှိကြတာပါ...”


“အိုး...”


ယီနျို ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် တစ်စုံတစ်ခုအား နားလည်သွားပုံရသည်။


ကြည့်ရတာ ယွဲ့ကျန့်ရဲ့ ဘဝကလည်း မလွယ်ကူပုံပဲ... စစ်တိုက်ရတာနဲ့တင် ပင်ပန်းနေပါပြီဆိုမှ ရိက္ခာကလည်း အသက်မရှူနိုင်လောက်အောင်ပဲ...


သို့သော် ဤကဲ့သို့သော အဖြစ်အပျက်မှာ အံ့အားသင့်ဖွယ် မကောင်းချေ။ အင်ပါယာ၌ မက်ခါကဲ့သို့သော စစ်လက်နက်များအား တင်သွင်းသူကြီးအချို့မှ လက်ဝါးကြီးအုပ်ထားသည်။ ထိုသူအများစုမှာ ဂြိုဟ်အရှင် (ဂြိုဟ်စားမင်း) များနှင့် အင်ပါယာမြို့တော်မှ မျိုးရိုးမြင့်များ ဖြစ်ကြသည်။ ကိစ္စအများစု၌ ဧကရာဇ်ထံတွင် ထိုသူတို့အား လွှမ်းမိုးနိုင်သည့်အာဏာ မရှိချေ။


ယီနျို၏ အဖိုးဖြစ်သူ ဒဲလန်နယ်စားမင်းသည်လည်း ထိုတင်သွင်းသူများထဲမှ တစ်ဦးဖြစ်သည်။ သို့သော် ယီနျို၏ မိခင်ဖြစ်သူ ဘုရင်မဒဲလန် သေဆုံးပြီးနောက် ဒဲလန်မိသားစုက တဖြည်းဖြည်းကျဆင်းကာ သူတို့၏ အဆင့်အတန်းအား ဆုံးရှုံးခဲ့ရသည်။


ရှေ့တန်းမှ အခြေအနေအား နားလည်ပြီးနောက် အကူစစ်သားလေး၏ ရှက်ရွံ့ရခြင်းအကြောင်းအား ယီနျို နားလည်သွားပြီ ဖြစ်သည်။


“ဟုတ်ပါပြီ... ဒါဆိုလည်း ရေနည်းနည်းလောက် ရနိုင်မလား... အဲဒီလိုဆိုရင် အဆင်ပြေလား...”


ယီနျို အလျင်အမြန်ပင် သူ၏ စကားလုံးများအား ပြောင်းလဲလိုက်ပြီး အနည်းဆုံး အမြီးဖျားလေးအား ရေစိမ်ဖို့ရန် တွေးလိုက်သည်။


“ပြီးတော့ စားစရာကလည်း ငါးသလောက်မဟုတ်တဲ့ စည်သွပ်ငါးတစ်မျိုးမျိုး ရနိုင်မလား...”


“ရတာပေါ့...”


အကူစစ်သားလေးက ဤတစ်ကြိမ်တောင်းဆိုမှုမှာ လုံးဝခက်ခဲမှုမရှိကြောင်း သိလိုက်ရသည်။ ထို့ကြောင့် စိတ်အားထက်သန်စွာဖြင့်ပင် စစ်သင်္ဘောပေါ်၌ ရေပြတ်လပ်မှု မရှိကြောင်းနှင့် မရှိသည်မှာ လတ်လတ်ဆတ်ဆတ် ငါးသာလျှင်ဖြစ်ကြောင်း အသိပေးလိုက်သည်။


ယွဲ့ကျန့်က အဝေးမှ သူတို့နှစ်ဦးအား ကြည့်လိုက်ပြီးနောက် သူ၏နံဘေး၌ရှိနေသည့် တပ်ရေးဗိုလ်ထံသို့ လှည့်ကာ အမိန့်ပေးလိုက်သည်။

“မင်းသား‌လေးအတွက် ရေချိုးကန်ပါတဲ့ နားနေခန်းတစ်ခု စီစဉ်ပေးလိုက်..”


တပ်ရေးဗိုလ်လေးမှာ ရုတ်တရက်ဆိုသလို ရှက်ရွံ့သွားပြီး အသံခပ်တိုးတိုးဖြင့် သတိပေးလိုက်သည်။


“ဆရာ့အခန်းတစ်ခန်းထဲမှာပဲ ရေချိုးကန်ပါတာလေ..”

ယွဲ့ကျန့် : “…”


ချူချာအားနည်းကာ နူးညံ့သိမ်မွေ့ပြီး ထင်ရှားကျော်ကြားသည့် ဧည့်သည်များအား စိတ်ကျေနပ်စေရန်မှာ ခက်ခဲလှသည်။ ထိုသူများ မည်သည့်အကြောင်းကြောင့် ရှေ့တန်းသို့ ရောက်လာကြမှန်း ယွဲ့ကျန့် မသိချေ။


နှစ်မိနစ် ကြာပြီးနောက်၌ ယွဲ့ကျန့်က အေးစက်သော မျက်နှာထားနှင့် သူ၏ အနည်းငယ်သော ပိုင်ဆိုင်မှုတို့အား ဘေးအခန်းသို့ရွှေ့ပြီးနောက် တပ်ရေးဗိုလ်လေးအား ပြောလိုက်သည်။

“မင်းသားလေးကို ငါ့အခန်းမှာ အနားယူဖို့ပြောလိုက်...”


ထိုသို့ဖြင့် ယီနျို အနားယူခန်းအတွင်းသို့ ဝင်ပြီးနောက် စစ်သင်္ဘောပေါ်မှ အခြေအနေမှာ သူထင်သားသကဲ့သို့ ဆိုးဝါးနေခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ အနည်းဆုံး ဤအခန်း၌ ရေချိုးကန် တစ်ခုနှင့် ၂၄ နာရီ ရေ သုံးနိုင်သေးသည်။


အလွန်အမင်း ရေလိုအပ်နေပြီ ဖြစ်သည့်အတွက် ယီနျို ထိုအကြောင်းနှင့် ပတ်သက်၍ များများစားစား တွေးမနေတော့ချေ။ ချက်ချင်းပင် ရေချိုးကန်အား ရေဖြည့်ပြီးနောက် သက်သောင့်သက်သာရှိစွာဖြင့် ဝင်စိမ်လိုက်သည်။


ရေထဲသို့ မဝင်မီ ရေချိုးခန်းအတွင်း၌ စောင့်ကြည့်ကိရိယာ ရှိ၊ မရှိအား သေသေချာချာ စစ်ဆေးအတည်ပြုလိုက်သည်။ ဤသို့ပြုရခြင်းမှာ အခြားသူများအား သံသယဝင်မိသောကြောင့် မဟုတ်ဘဲ ရေသူထီး ဖြစ်လာချိန်မှစကာ သတိထားတတ်သည့်အကျင့် ရှိလာခြင်းဖြစ်သည်။ သူ၏ ကိုယ်ပိုင်ရေချိုးခန်းကိုပင် ရေမချိုးမီ စစ်ဆေးခြင်းပြုတတ်သည်။


အခန်းအတွင်းရှိ ရေချိုးကန်မှာ မကြီးလှပေ။ ယီနျို သူ့ခန္ဓာကိုယ်အား ရေထဲနှစ်မြှုပ်လိုက်သည်နှင့် အချိုးကျလှပသော သွယ်လှလှခြေချောင်းများမှာ အပြာရောင်ငါးမြီးအဖြစ်သို့ ပြောင်းသွားလေသည်။


ယီနျို၏ ငါးမြီးမှာ လွန်စွာလှပသည်။ ပင်လယ်ပြာရောင်နှင့် တူသော်လည်း အမြီးထိပ်ဖျားလေးမှာ တဖြည်းဖြည်းနှင့် ခရမ်းရောင်နက်ဗျူလာအဖြစ် ပြောင်းလဲနေသည်။ ကြေးခွံများမှာ တောက်ပြောင်ပြီး ယီနျို၏ ဝမ်းဗိုက်တစ်ဝိုက်ရှိ ခပ်ပါးပါးကြေးခွံများက အဖြူရောင်ကျောက်စိမ်းတုံးသဖွယ် တလက်လက်ဖြာလျက်ရှိသည်။


ယီနျို၏ ခြေထောက်များနည်းတူ အသွင်အပြင်မှာလည်း ပြောင်းလဲသွားသည်။ ရွှေရောင်ဖျော့ဖျော့ ဆံပင်နှင့် မျက်လုံးများမှာ ခရမ်းပြာရောင်အဖြစ် ပြောင်းလဲသွားသည်။ နားရွက်များ၏ ပြောင်းလဲမှုမှာ ပို၍သိသာထင်ရှားပြီး ထွင်းဖောက်မြင်နိုင်အောင် ပါးလွှာသည့် အပြာရောင်ငါးဆူးတောင်များအဖြစ် ပြောင်းလဲသွားခြင်းဖြစ်ကာ လိပ်ပြာတောင်ပံများနှင့်ပင် တူလေသည်။


လက်ချောင်းများအကြား၌လည်း ရေယက်များ ဖြစ်ပေါ်လာပြီး လက်သည်းချွန်ချွန်... သွားထက်ထက်...


ယီနျိုမှာ ထိုအရာများနှင့် အသားကျနှင့်ပြီး ဖြစ်သည်။ အပြာရောင်ငါးမြီးအားကြည့်ကာ စိတ်ထဲ၌ မကောင်းသည့်အတွေးများ ပေါ်လာသည်။


‘ဒါက အတော်လေး အရသာရှိမှာပဲနော်.. ငါ့ခြေထောက်လေးကို ဖြတ်ပစ်ချင်လိုက်တာ...’


ဒါ... ဗိုက်အရမ်းဆာပြီး အချိန်အကြာကြီး ငါးပြတ်လပ်မှုဒဏ်ကို ခံစားနေရတာကြောင့်ပဲ ဖြစ်မှာပါနော်... အဲဒါကြောင့် အခုလိုမျိုး လူမဆန်တဲ့အတွေးတွေ တွေးနေမိတာပဲဖြစ်မှာ...


ကံကောင်းစွာဖြင့် အကူစစ်သားလေးမှ ငါးစည်သွပ်ဘူး လာရောက်ပို့ဆောင်ချိန်၌ တံခါးခေါက်သံ ထွက်ပေါ်လာသဖြင့် ယီနျိုအား အတွေးကမ္ဘာထဲမှ အချိန်မီ နှိုးလိုက်နိုင်သည်။


*


ငါးစည်သွပ်ဘူးကို စား‌သောက်ပြီးနောက် ယီနျို ရေချိုးကန်အတွင်းသို့ နောက်တစ်ကြိမ် ဝင်သွားပြန်သည်။


နောက်တစ်ကြိမ် ပြန်ရှင်သန်လာသည်ဟု ခံစားမိပြီးနောက် စိတ်တည်ငြိမ်သွားလေပြီ။ ထို့နောက် ဦးခေါင်းထက်ရှိ တိမ်တိုက်လေးနှင့် ပတ်သက်၍ စဉ်းစားရန်သာ ရှိသည်။


ယွဲ့ကျန့်မှာ ထိုတိမ်တိုက်လေးအား မြင်နိုင်ပုံရသည်။ သို့သော် ထိုမတိုင်မီက သူတစ်ဦးတည်းသာ မြင်နိုင်ခြင်းပင်။ ထို့အပြင် တိမ်တိုက်လေးသည် မည်သည်ကြောင့် ယွဲ့ကျန့်အား တိုက်ခိုက်ခဲ့သည်ကို မသိပေ။


ထိုစဉ်က သူ ယွဲ့ကျန့်အပေါ် ရန်လိုနေခဲ့ခြင်းကြောင့် ဖြစ်နိုင်မည်လား သို့မဟုတ် မသိစိတ်မှ တိုက်ခိုက်မှု ပြုမိခြင်းများလားဟု တွေးနေလိုက်မိသည်။


သူကိုယ်တိုင် စမ်းသပ်ကာ အဖြေရှာနိုင်နေချိန်၌ ဤကဲ့သို့သောအရာမျိုးအား မေးခွန်းထုတ်နေရန်ပင် မလိုအပ်ချေ။


ယီနျို ရေချိုးကန်ဘေးမှ စင်ပေါ်ရှိ တဘက်အား ပြင်းထန်ကြမ်းတမ်းစွာ ကြည့်လိုက်သည်။


သို့သော် တိမ်တိုက်လေးမှာ တဘက်အား တိုက်ခိုက်ခြင်း မရှိပေ။


ယီနျို : … ကြည့်ရတာ ငါအရမ်း မကြမ်းသေးလို့ဖြစ်မှာ...


မျက်နှာကို လက်ဖြင့်ပွတ်ကာ ခံစားချက်များအား ပြန်လည်ဖမ်းဆုပ်လိုက်ပြီးနောက် တဘက်အား ကြည့်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် ယီနျို၏ အကြည့်များမှာ စူပါ့စူပါ ပြင်းထန်ကြမ်းတမ်းနေပြီ ဖြစ်သည်။


ပြောင်းလဲခြင်းမရှိပေ။


ယီနျို စိတ်ပျက်လက်ပျက်နှင့် စိတ်ထဲမှ တွေးနေမိသည်။

‘အဲဒီတဘက်ကို ဓာတ်လိုက်စေချင်တယ်လို့...’


နောက်တစ်စက္ကန့်မှာပင် တိမ်တိုက်လေးထံမှ လျှပ်စီးကြောင်း ထွက်ပေါ်လာပြီး တဘက်အား ပေါက်ထွက်သွားစေရုံသာမကဘဲနှင့် တဘက်ဘေးရှိ အပင်ကိုပါ လျှပ်စစ်စီးကြောင်း ကူးစက်သွားလေသည်။  


ယီနျို : “…” 


ဆိုတော့ ဒီတိုင်းလေး တွေးလိုက်ရုံပဲပေါ့... ဟုတ်လား...


ထို့နောက် ဝမ်းနည်းစိတ်ဖြင့် တဘက်အားယူကာ အပင်၏ “အလောင်း” အား ဖုံးအုပ်လိုက်သည်။ ‌ခေတ္တမျှ တွေးပြီးနောက် ထို “အလောင်း” ၏ ဘေး၌ ကြယ်ဒင်္ဂါး ၁၀၀၀ ထားလိုက်သည်။


အာကာသအတွင်း၌ အပင်တစ်ပင် ရှင်သန်နိုင်ရန်မှာ မလွယ်ကူလှပေ။ ထို့ကြောင့် ကြယ်ဒင်္ဂါး ၁၀၀၀ မှာ လုံလောက်သော လျော်ကြေးပမာဏ ဖြစ်၊ မဖြစ်အား ယီနျို မသိချေ။ စစ်သင်္ဘောမှ ဆင်းသည့်အခါ၌ အကူစစ်သားလေးအား မေးရပေမည်။


သေးငယ်သော မတော်တဆမှု ပြီးဆုံးပြီးနောက် ယီနျို ထပ်မံကြိုးစားရန် မဝံ့ရဲတော့ဘဲ ရေချိုးကန်အတွင်းသို့ ဝင်ကာ အရေးကြီးကိစ္စအား စတင်တွေးတောလေသည်။


ကြိုတင်ကြံရွယ်ထားသော တိုက်ခိုက်မှုအကြောင်းအား စဉ်းစားပြီးနောက် ဝမ်းကွဲဖြစ်သူ အလန်ဒဲလန်အား ဦးစွာ စာပို့လိုက်သည်။ သူ၏ အကြီးဆုံးအစ်ကိုနှင့် တတိယအစ်ကိုတို့၏ လက်တလော ဆောင်ရွက်ချက်များအပေါ် အာရုံစိုက်စေလို၍ ဖြစ်သည်။


ထို့နောက် ရှေ့တန်းသို့ လာရောက်ရခြင်း၏ အစစ်အမှန် ရည်ရွယ်ချက်အား တွေးတောပြီးနောက် အလန်ထံသို့ နောက်ထပ် စာတစ်စောင် ပို့လိုက်ပြန်သည်။ ထိုစာထဲ၌ ရှေ့တန်းသို့ အထောက်အပံ့နှင့် စစ်လက်နက်များအား မည်သည့်ကုမ္ပဏီများမှ တင်သွင်းသည်ကို ကူညီ၍ ရှာဖွေပေးရန်ဖြစ်သည်။


အကူစစ်သားလေး၏ စကားလုံးများက ယီနျိုအား သတိပေးလိုက်သလိုပင်။ အကယ်၍ အင်ပါယာစစ်တပ်သာ စစ်ပွဲ၌ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခြင်းဖြင့် အဆုံးသတ်သွားမည် ဆိုပါက အကြောင်းအရင်းမှာ —


မှားယွင်းတဲ့ အမိန့်ကြောင့်လား.. အတွင်းသစ္စာဖောက်များ ရှိနေလို့လား... ဒါမှမဟုတ် စစ်လက်နက်များမှာ ပြဿနာတစ်ခုခု ဖြစ်နေတာများလား..


ယီနျို ရှေ့တန်းသို့ ရောက်ရှိလာရခြင်း၏ ရည်ရွယ်ချက်မှာ စာအုပ်၏ ဇာတ်ကြောင်းအား အတည်ပြုရန်သာ ဖြစ်သော်လည်း သူက အင်ပါယာသားတစ်ဦး ဖြစ်နေဆဲပင်။ ‘ရှုံးနိမ့်မှု’ အား အဓိပ္ပါယ်မဲ့ စာအုပ်ထဲ၌သာ ဖော်ပြထားခြင်း ဖြစ်သည့်တိုင်အောင် အင်ပါယာစစ်တပ် မရှုမလှ ရှုံးနိမ့်မည်အား သိရှိထားသဖြင့် မည်သည်ကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ပြီးပြီးရော ထိုင်နေရန်မှာ မဖြစ်နိုင်ပေ။


ဝမ်းကွဲမှ အကြောင်းပြန်ခြင်း မရှိသေး‌ချေ။ သူ၏စာအား မမြင်သေး၍ဖြစ်မည်ဟု ယီနျို ခန့်မှန်းလိုက်သည်။


ယီနျိုသည်လည်း အလျင်မလိုပေ။ နေရာလွတ်လက်ကောက်ထဲမှ ထူးဆန်းသည့်စာအုပ်အား ထုတ်ယူလိုက်ပြီးနောက် အသုံးဝင်သည့် သဲလွန်စများအား ရှာဖွေရန်အတွက် နောက်တစ်ကြိမ် ဖတ်ရန်ပြင်သည်။


အကြောင်းမှာ ဤစာအုပ်အား သူဖတ်နေသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့သည့်အတွက် ယခုအခါ၌ ပို၍ သတ္တိရှိလာပြီဟု ခံစားရသည်။


အသက်ပြင်းပြင်း ရှိုက်ပြီးနောက် စာအုပ်အဖုံးအား ဖွင့်လိုက်သည်—


《မာရှယ်နဲ့ အိပ်ခဲ့တယ်...》


ဒီ... လိင်အသားပေးဇာတ်ကွက်တွေ...


ထိုစာအုပ်အား အကြိမ်မည်မျှပင် ဖတ်ရှုစေကာမူ ထိုသွေးတရွှဲရွှဲဇာတ်ကွက်အား တိုက်ရိုက်ဖတ်ရန် မတတ်နိုင်ချေ။ အဆိုးဆုံးအရာမှာ ထိုစာအုပ်က ပထမလူ၏ ရှုထောင့်မှ ရေးသားထားခြင်း ဖြစ်သဖြင့် နှစ်ထပ်ကွမ်း အရှက်ရခြင်းသာ။


သို့သော် အဖိုးတန်အချက်အလက်များအား ရှာဖွေရန်အလို့ငှာ ယီနျို ထိုစာအုပ်အား သေသေချာချာ ဂရုတစိုက်နှင့် ဖတ်ရန် ဆုံးဖြတ်လိုက်ပြီး “အာ့.. ဟာ့..” ဟူသည့် စကားလုံးများပင်လျှင် မလွတ်စေခဲ့ရပေ။


သူ အသက်ပြင်းပြင်းရှိုက်ကာ နောက်တစ်ဖန် ဖတ်ရှုခြင်း စတင်လေသည်။


တစ်ချိန်တည်းမှာပင် တစ်ဖက်အခန်း၌ သုံးဖက်မြင် ဗီဒီယိုအစည်းအဝေး ပြုလုပ်နေသူ ယွဲ့ကျန့်က ရုတ်တရက်ဆိုသလို ခံစားချက်မဲ့ ‘စိတ်ထဲမှတစ်ကိုယ်တည်းစကားပြောခန်း’ အား ကြားလိုက်ရသည်။


[သူ့ပါးပြင်ကို ဖွဖွနမ်းလိုက်တယ်...]


ယွဲ့ကျန့် : ?


[ယွဲ့ကျန့်က ရုတ်တရက် ငါ့ခါးလေးကို ဆွဲယူလိုက်တယ်...]


ယွဲ့ကျန့် : ??


[ငါ့ကို တွန်းလှဲလိုက်တယ်...]


ယွဲ့ကျန့် : ???


ယွဲ့ကျန့် အမူအရာမဲ့စွာဖြင့် တွေးလိုက်မိသည်။ မင်းသားလေး၏ ‘အသံ’ အား ကြားလိုက်ရပုံပင်။


ဘာတွေဖြစ်နေတာတုန်း..


စစ်သင်္ဘောရှိ အခန်းများ၏ အသံလုံစနစ်မှာ မဆိုးလှပေ။ သို့သော် မင်းသားလေး၏ အသံမှာ သူ့အရှေ့တွင်ရပ်ကာ ပြောနေသကဲ့သို့ လွန်စွာနီးကပ်နေပုံရသည်။


ထို့အပြင် မင်းသားလေး ပြောနေသည့်အရာများမှာ မည်သည့်အရာများ ဖြစ်နေသည်ကို သူ မသိပေ။


ယွဲ့ကျန့် သက်ပြင်းရှိုက်လိုက်ပြီးနောက် မကြာမီမှာပင် ထိုသည်မှာ မင်းသားလေးပြောနေခြင်း မဟုတ်နိုင်ကြောင်း သိလိုက်သည်။


သုံးဖက်မြင်အစည်းအဝေး၏ အခြားပါဝင်သူများအား မော့ကြည့်လိုက်သည်။ ထိုသူများမှာ မည်သည့်အရာကိုမျှ ကြားလိုက်ပုံမရချေ။


မင်းသား‌လေးရဲ့ စိတ်ထဲကအသံများ ဖြစ်နေတာလား…

ယခင်ကလည်း မင်းသားလေး ပါးစပ်မလှုပ်ဘဲနှင့် ‘စကားပြော’ သည်ကို သူ မြင်တွေ့ခဲ့ဖူးပုံရသည်။


မေ့လိုက်တော့မည်။ လက်ရှိအရေးကိစ္စအား ဖြေရှင်းရန်မှာ ပို၍အရေးကြီးသည်။ ယွဲ့ကျန့်က သူ့အား အလွန်အမင်း မသက်မသာဖြစ်အောင် ပြုလုပ်နေသော ထိုရှက်ရွံ့ဖွယ် ‘မှော်ဆန်သည့်အသံ’ အား လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။


နှစ်မိနစ်ခန့် ကြာပြီးနောက်—


[ယွဲ့ကျန့်က အသံခပ်နိမ့်နိမ့်နဲ့ ငါ့ရဲ့နားကိုကပ်‌ပြောတယ်...] 


ယွဲ့ကျန့် သူ့လက်ထဲရှိ ဘောပင်အား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။


ငါးမိနစ် ကြာပြီးနောက်—


[အမ်း... ဟင်း... အား... အာ့...]


ယွဲ့ကျန့်၏ နဖူးတွင် အပြာရောင်သွေးကြောများ ထောင်ထလာသည်။


မိနစ် ၂၀ ကြာပြီးနောက်—


[ယွဲ့ကျန့် နောက်တစ်ကြိမ်ထပ်၍...]


ယွဲ့ကျန့် ရုတ်တရက်ထကာ မဲမှောင်နေသော မျက်နှာဖြင့် ဘေးအခန်းသို့သွား၍ တံခါးဘဲလ်တီးလိုက်သည်။


ယီနျို ထိတ်လန့်သွားပြီး စာအုပ်အား ‘ဖောင်း’ခနဲမြည်အောင် ပိတ်လိုက်သည်။ ချက်ချင်းဆိုသလို ယီနျို၏ ငါးမြီးမှာ ခြေထောက်တစ်စုံအသွင် ပြန်ပြောင်းသွားပြီး ပုံသဏ္ဌာန်သည်လည်း မူလပုံစံသို့ ပြောင်းလဲသွားသည်။


အရှေ့တံခါး၏ ကင်မရာသို့ ကြည့်လိုက်သည့်အခါ တံခါးဘဲလ်အား တီးနေသူမှာ ယွဲ့ကျန့်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရုတ်တရက်ဆိုသလို အနည်းငယ် မသက်မသာဖြစ်သွားမိသည်။


သူက ယခုလေးတင် ထိုလူနှင့် သူ၏ လိင်အသားပေးဇာတ်ဝင်ခန်းများအား ဖတ်နေခဲ့ခြင်းဖြစ်သည်။ မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ပါဝင်သူနောက်တစ်ဦးမှာ သူ၏တံခါးဝသို့ ရောက်လာလေသည်။ ယီနျို အပြစ်ရှိစိတ်ဝင်သွားမိသော်လည်း သူဖတ်နေသည့်အရာအား ယွဲ့ကျန့်မသိနိုင်ဟု ခံစားမိသည်။


“ဘာကိစ္စရှိလို့ပါလဲ...”

ယီနျိုက လေးနက်သည့်မျက်နှာထားပြုကာ တည်ငြိမ်ဟန်ဆောင်ရန် ကြိုးစားလိုက်သည်။


သို့သော် ယွဲ့ကျန့်၏ နှလုံးသားထဲ၌ ယီနျို၏ ပုံရိပ်မှာ လွန်ခဲ့သောအချိန်များကပင် ယိုယွင်းပျက်စီးနေပြီးဖြစ်ကြောင်း ယီနျိုမသိလိုက်ပေ။


“တံခါးဖွင့်ပါ...”

ယွဲ့ကျန့် အမူအရာမဲ့စွာဖြင့် ပြောသည်။


သူ၏ အလျင်စလိုနိုင်သော လေသံအား သတိပြုမိပြီးနောက် နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

“ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ မင်းသားလေး...”


ယီနျို ခေါင်းညိတ်ကာဖြင့် ပြောသည်။

“ခဏစောင့်ဦး...”


ထို့နောက် *ဗီဒီယိုအားပိတ်ကာ စာအုပ်ကို နေရာလွတ်လက်ကောက်အတွင်းသို့ ပြန်ထည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် အဝတ်တစ်စုံ ထုတ်ယူလိုက်သည်။


(T/N - ဗီဒီယိုဆိုတာ တံခါးမှာတပ်ထားတဲ့ ကင်မရာကနေတစ်ဆင့် မြင်ရတဲ့ စခရင်ကိုပြောတာပါ... မြင်သာအောင်ပြောရရင် ကိုရီးယားကားတွေမှာ အမြဲတမ်းပါတတ်တယ်...)


ယီနျိုမှာ သေသပ်အောင်ဝတ်ဆင်ပြီး ဆံပင်အား ဂရုတစိုက် ဖြီးသင်ပြီးသည်အထိ တံခါးဖွင့်ရန် ဆန္ဒမရှိပေ။


ယွဲ့ကျန့် တစ်ချက်ကြည့်ရုံနှင့်ပင် ဤလူမှာ ယခုလေးတင် ရေချိုးထားခြင်းဖြစ်ကြောင်း ပြောနိုင်သည်။ ကောင်းမွန်သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ကြယ်သီးများလည်း တပ်ထားသည့်တိုင်အောင် ရေစိုနေသော ဆံပင်များက ယွဲ့ကျန့်အား ယခုလေးတင် ကြားခဲ့ရသော အကြောင်းအရာများအား အမှတ်ရလာစေသည်။


စာအုပ်၏ သရုပ်ဖော်ချက်မှာ လွန်စွာနှစ်လိုဖွယ်ကောင်းပြီး စိတ်ကူးယဉ်ဆန်လှသည်။ လူအများအား ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာစေနိုင်သည်။


“မင်းသားလေး...”


ယွဲ့ကျန့် တည်ငြိမ်စွာဖြင့် ပြောသည်။

“အဲဒီအကြောင်းကို မတွေးပါနဲ့...”


အထူးသဖြင့် ကျွန်တော်နဲ့ လိင်မှုကိစ္စတွေကို မတွေးပါနဲ့.. အရမ်း... ရှင်းရှင်းလင်းလင်း မတွေးပါနဲ့...


ယီနျို အနည်းငယ် နားမလည်နိုင်ဘဲ ရှိနေသည်။ 

ဘာကို မတွေးရမှာလဲ…


သူက ယခုလေးတင် အရေးကြီးကိစ္စအချို့အား ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။ ယွဲ့ကျန့်သည် လက်တလော ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့် သူ စိုးရွံ့ထိတ်လန့်နေမည်ကို စိတ်ပူ၍ နှစ်သိမ့်ပေးခြင်းများလားဟု ထင်လိုက်မိသည်။


ဤသို့ဆိုလျှင် သူ့အပေါ် အထင်သေးခြင်းဖြစ်သည်။ ယီနျိုမှာ သူထင်ထားသလို ပျော့ညံ့ခြင်း မရှိချေ။ သို့သော် ယွဲ့ကျန့်မှာ အလွန်ကြင်နာတတ်သည်။


ထို့ကြောင့် ယီနျိုက ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

“ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါ...”


ယွဲ့ကျန့် : “…”


သူတို့နှစ်ဦး၏ ဦးနှောက်ပတ်လမ်းများမှာ မတူကြချေ။ သို့သော် သူ့အနေဖြင့် တိုက်ရိုက်ပြောရန်မှာလည်း မဖြစ်နိုင်ချေ။ ထို့အပြင် တော်ဝင်မင်းသားလေး၏ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုအားလည်း ထိခိုက်စေ၍ မရပေ။


ကံကောင်းစွာဖြင့် သူ တံခါးဘဲလ်တီးပြီးနောက်၌ မင်းသားလေး၏ ညစ်ညမ်းသော အတွေးများ ရပ်တန့်သွားခဲ့သည်။


“ကောင်းပါပြီ... ဒါဆိုလည်း ကျွန်တော် သွားပါတော့မယ်...”


ယွဲ့ကျန့်က ယီနျိုအား နက်နက်နဲနဲ စိုက်ကြည့်လိုက်သည်။ မင်းသားလေး ဖြူစင်သောစိတ်အခြေအနေ၌ ဆက်ရှိနေရန်သာ မျှော်လင့်မိတော့သည်။


ယီနျို စိတ်ရှုပ်ထွေးနေမိသည်။ တံခါးပိတ်ပြီးနောက် ယွဲ့ကျန့်၏ လွတ်မြောက်သွားဟန်နှင့်တူသည့် အမူအရာအား သူ နားမလည်နိုင်ဘဲ ရှိနေလေသည်။


နားမလည်နိုင်မှတော့ နားလည်ဖို့ မကြိုးစားရုံပဲ...


သူ များများစားစား တွေးမနေတော့ဘဲနှင့် နေရာလွတ်လက်ကောက် အတွင်းမှ စာအုပ်အား ထုတ်ယူကာ ဆက်လက်ဖက်ရှုလေသည်။


[ဒီတစ်ကြိမ်... ယွဲ့ကျန့်က...]


၁၀ မိနစ် ကြာပြီးနောက် တံခါးဘဲလ် မြည်လာပြန်သည်။


နှစ်ကြိမ်ဆက်တိုက် အနှောင့်အယှက်ပြုခံလိုက်ရသဖြင့် ယီနျို အနည်းငယ် ဒေါသထွက်လာသည်။ 

ဒီစာအုပ်ကို ဖွင့်ဖတ်တဲ့အချိန်တိုင်း ဘယ်လောက်တောင် သတ္တိတွေ စုစည်းရသလဲဆိုတာ အဲဒီ ယွဲ့ကျန့်ဆိုတဲ့ကောင်က သိပါ့မလား...


ဦးခေါင်းထက်ရှိ မဲမှောင်နေသော တိမ်တိုက်လေးနှင့် ယီနျိုက တံခါးအား ဒေါသတကြီး ဖွင့်လိုက်သည်။


မမျှော်လင့်စွာဖြင့် တံခါးအပြင်ဘက်ရှိ လူမှာလည်း ပိုကောင်းသည့်အမူအရာ ရှိမနေချေ။


ယွဲ့ကျန့် ခေါင်းကိုက်ဟန်ဖြင့် နဖူးအား လက်ဖြင့်ပွတ်နေမိသည်။


ဤတစ်ကြိမ်တွင်မူ မည်သည့်စကားမျှ မဆိုချေ။ တံခါးပွင့်လာသည်ကို မြင်သည်နှင့် ယွဲ့ကျန့်က ယီနျို၏ ပခုံးအားကိုင်ကာ အခန်းအတွင်းသို့ တွန်းလိုက်သည်။


ယီနျိုက နောက်သို့တွန်းခံရသောကြောင့် ယွဲ့ကျန့်အား နားလည်ရခက်သည့် မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။


နံရံနှင့် ဖိကပ်မခံရခင်အထိ ယီနျိုမှာ အနည်းငယ်သာ ဒေါသထွက်နေခြင်းဖြစ်သည်။ ယခုအခါတွင် ဒေါသတကြီး ပေါက်ကွဲလုနီးနီး ဖြစ်လာသော်လည်း မပေါက်ကွဲမီမှာပင် ယွဲ့ကျန့် နောက်သို့ခြေတစ်လှမ်းဆုတ်ကာဖြင့် ပြောသည်။

“ကောင်းပြီ... အခု တွေးလို့ရပြီ...”


ယီနျို : ?


“ဘာကိုတွေးရမှာလဲ...”

ယီနျို နားမလည်နိုင်ဘဲ ရှိနေသည်။


ယွဲ့ကျန့် ခေတ္တမျှ တိတ်ဆိတ်ပြီးနောက် ပြောသည်။

“ကိုယ့်ကို ဘယ်လိုမျိုး လိုချင်သလဲဆိုတာ..”


ယီနျို ကြောင်အသွားသည်။ ကမ္ဘာပေါ်၌ ဤကဲ့သို့ အရှက်မဲ့သည့်လူမျိုး အမှန်တကယ် ရှိနေလေသည်။


ယွဲ့ကျန့်မှာ မင်းသားလေး၏ စိတ်ထဲမှ ပြောစကားများအား မကြားရချေ။ မတိုင်မီက ကြားခဲ့သော ‘တစ်ကိုယ်တော်ပြောစကားများ’ ကို ပြန်လည်အမှတ်ရပြီးနောက် မွန်းကြပ်စွာဖြင့် ထပ်ပေါင်းပြောလိုက်သည်။


“ညစ်ညမ်းတဲ့ ကိစ္စတွေကိုလေ...”


ယီနျို : ?!


သူ အမှန်တကယ် ကြောင်အနေမိသည်။ ထို့ကြောင့် ယီနျို၏ စိတ်ထဲ၌ ဖန်သားပြင်ပေါ်၌ ထွက်ပေါ်လာသော မှတ်ချက်များကဲ့သို့ ကျိန်ဆဲမှုအတန်းလိုက် ပေါ်လာတော့သည်။


[အရှက်မဲ့ချက်... အောက်တန်းကျပြီး ရိုင်းစိုင်းချက်... အရှက်မဲ့တဲ့ကောင်...]


[ဒီခွေးယွဲ့က စာအုပ်ထဲကလိုမျိုး ငါ့ကို ဟိုးအရင်ကတည်းက ငမ်းငမ်းတက် လိုချင်နေခဲ့တာပဲ...]


ယွဲ့ကျန့် : “…”


ဤတစ်ကြိမ်၌ အတည်ပြုလိုက်နိုင်သည်။ ထိုအသံများမှာ အမှန်တကယ်ပင် မင်းသားလေး၏ စိတ်ထဲမှ စကားသံများဖြစ်သည်။


၁၀ မီတာခန့် နောက်ဆုတ်ပြီးနောက်—


ယွဲ့ကျန့် နောက်တစ်ဖန် အတည်ပြုလိုက်နိုင်သည်။ အကွာအဝေးမှာ ၁၀ မီတာထက် ကျော်လွန်ပါက မည်သည့်အသံကိုမျှ မကြားနိုင်တော့ချေ။


“ကျေးဇူးတင်ပါတယ်...”

ယွဲ့ကျန့် ယဉ်ကျေးစွာ ပြုမူပြီးနောက် တံခါးပိတ်လိုက်သည်။


မှတ်ချက်တန်းမှာ ဆန့်တငင်ငင်ဖြင့် ရပ်တန့်သွားသည်။


ယီနျို : “…”


သူ နားမလည်နိုင်တော့ချေ။ 


ယွဲ့ကျန့်က နေမကောင်းတဲ့သူများလား…



🧜🧜🧜