Chapter 5
Viewers 797

🧜 အခန်း ၅ 

မင်းသားလေးက အရမ်း... ချစ်စရာကောင်းတယ်



ဗိုလ်ချုပ်ယွဲ့၏ အပြုအမူမှာ ထူးဆန်းပြီး ရှင်းပြရန်ခက်လှသည်ဟု ယီနျို ခံစားမိသည်။ ပထမဆုံးအနေဖြင့် ဗိုလ်ချုပ်က သူ့အား လာရောက်‘နှစ်သိမ့်’ ပေးသည်။ ထို့နောက် ယီနျိုအား သူ့ကို ‘လိုချင်’ သလားဟု မေးသည်။ အဆုံးတွင် မည်သည့်စကားမျှ မဆိုဘဲနှင့် တံခါးပိတ်ကာ ထွက်ခွာသွားသည်။


ယွဲ့ကျန့်၏ အပြုအမူများမှာ အမြဲလိုလို ဤကဲ့သို့ ကြောင်တောင်တောင်နိုင်နေသည်လား သို့မဟုတ် ယွဲ့ကျန့်က သူ၏ အာရုံစိုက်မှုအား လိုချင်သဖြင့် ဤသို့ ပြုနေခြင်းများလား မပြောတတ်ပေ။


ယီနျို မျက်မှောင်ကြုတ်လိုက်သည်။ စာအုပ်အတွင်း၌ ဖော်ပြထားသည်များမှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူ့အနေဖြင့် ယွဲ့ကျန့်နှင့် ပတ်သက်လိုစိတ် အနည်းငယ်မျှပင် မရှိချေ။


ထိုအကြောင်းအား တွေးတောပြီးနောက် စာအုပ်အား နောက်တစ်ကြိမ် ထုတ်ယူလိုက်ပြီး လေးနက်စွာ ဆက်လက် ‘လေ့လာ’ တော့သည်။


ဤတစ်ကြိမ်တွင်မူ လာရောက်နှောင့်ယှက်သူ မရှိတော့ချေ။ တိမ်တိုက်လေးမှာလည်း ငြိမ်သက်တိတ်ဆိတ်စွာဖြင့် ဦးခေါင်းထက်၌ မျောလွင့်နေသည်။


သုံးနာရီကြာ ကြယ်တာရာခရီးရှည်မှာ တိုတောင်းသည်ဟု မဆိုသာသော်လည်း ရှည်လျားခြင်းလည်း မရှိပေ။ ပြီးခဲ့သည့် နှောင့်နှေးမှုနှင့် ပေါင်းစပ်လိုက်သည့်အခါ ဆိပ်ကမ်းသို့ စစ်သင်္ဘော ဆိုက်ကပ်ချိန် ရောက်သည့်တိုင်အောင် ယီနျို၏ ‘လေ့လာမှု’က မပြီးဆုံးသေးပေ။


ယီနျိုက စိတ်မချမ်းမြေ့စွာဖြင့် စာအုပ်အား နေရာလွတ်လက်ကောက်အတွင်းသို့ ထည့်ကာ မတ်တတ်ရပ်ပြီး ကုတ်အင်္ကျီဝတ်လိုက်သည်။ ထို့နောက် အဝတ်အစားများအား သေသပ်အောင်ပြုလုပ်ပြီး အခန်းအတွင်းမှ ထွက်လာသည်။


ယီနျို သင်္ဘော၏ ထွက်ပေါက်သို့ရောက်ချိန်တွင် ယွဲ့ကျန့်က အကြည့်တစ်ချက်တည်းနှင့်ပင် လှမ်းမြင်လိုက်သည်။


အခြားသော အကြောင်းများကြောင့် မဟုတ်ပေ။ မင်းသားလေးက သေးငယ်သည့် အဖြူရောင်လည်စည်းပါဝင်သော ရွှေဖြူရောင်တော်ဝင်ဝတ်စုံအား ဝတ်ဆင်ထားသည်။ ထိုသူ စစ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားများ၏ရှေ့၌ မတ်တတ်ရပ်လျက်ရှိနေသည်မှာ လွန်စွာသိသာထင်ရှားသဖြင့် လမင်းအားဝန်းရံထားသည့် ကြယ်စင်များနှင့်ပင် တူလေသည်။


ဦးခေါင်းထက်၌ လူအများအား ဓာတ်လိုက်စေနိုင်သော တိမ်တိုက်ငယ်လေး ရှိနေသည်ကိုမူ ပြောနေရန်ပင် မလိုအပ်ချေ။


ယွဲ့ကျန့် အမူအရာမဲ့စွာဖြင့် အကြည့်လွှဲလိုက်သည်။ သူ၏နားများဖြင့် ကြားခဲ့ခြင်းသာ မဟုတ်ပါလျှင် ‌လှပကြော့ရှင်းကာ မြင့်မြတ်ပြီး အထက်စီးဆန်သော မင်းသားလေးမှာ သူ၏စိတ်ထဲ၌ ယွဲ့ကျန့်နှင့်ပတ်သက်၍ ညစ်ညမ်းအတွေးများ ရှိနေသည်ကို ယုံနိုင်မည် မဟုတ်ချေ။


ထိုအသံများမှာ သေချာပေါက်ပင် အနည်းငယ် ထူးဆန်းနေသည်။ ဥပမာဆိုရသော် အကြောင်းအရာမှာ လွန်စွာအသေးစိတ်ကျပြီး စကားလုံးကြွယ်ကြွယ်ဝဝ သုံးထားသည်။ ထို့အပြင် ယင်းမှာ အဝါရောင်စာအုပ်တစ်အုပ်အား ဖတ်နေရသည်နှင့်ပင် တူလေသည်။


မင်းသားလေးမှာ ရိုမန့်ဝတ္ထုအများအပြား ဖတ်ဖူးသူဖြစ်ရမည်ဟု ယွဲ့ကျန့် ခန့်မှန်းလိုက်သည်။ ‘ဇာတ်လမ်းကတော့ စပြီ’၊ ‘စာအုပ်ထဲကလိုပဲ’ ဟူသည့် စကားလုံးများအား သူကြားခဲ့ရသည်။


ထိုစာအုပ်အား ဖတ်ပြီးနောက် ကောင်ငယ်လေး၏ နှလုံးသားထဲရှိ ဆန္ဒများ ထွက်ပေါ်လာခြင်းဖြစ်မည်ဟု သူယုံကြည်သည်။ ထိုထဲတွင် သူက ဇာတ်ကောင်နေရာမှ ပါဝင်နေပြီး လွန်လွန်ကဲကဲ အပြုအမူများ ပြုလုပ်ရခြင်းအားလည်း လွန်စွာနှစ်ခြိုက်နေလေသည်။


သူ နားမလည်နိုင်သည့်အရာမှာ မင်းသားလေးမှာ မည်သည်ကြောင့် သူ့အကြောင်းအား စဉ်းစားနေရသည်ကိုပင်။


ဖြစ်နိုင်တာက ငါ့ကို... ကြိုက်နေလို့များလား...


ယွဲ့ကျန့်မှာ ထိုအကြောင်းအား စဉ်းစားမိလေလေ မျက်မှောင်ကြုတ်ခြင်းအား မရပ်တန့်နိုင်တော့လေ ဖြစ်သည်။ သူ ချက်ချင်းပင် အတွေးများအား ဖြတ်တောက်လိုက်သည်။


ထိုအကြောင်းအား ခန့်မှန်းနေဖို့ရန်ပင် မလိုအပ်ချေ။ မင်းသားလေး၏ စိတ်ထဲမှ တွေးနေသည့်အရာတိုင်းမှာ သူနှင့် အနည်းငယ်မျှပင် သက်ဆိုင်မှု မရှိပေ။


မင်းသားလေးအနေဖြင့် တိတ်တဆိတ်နှင့် မည်သည့်အမှားအယွင်းမျှမရှိဘဲ စာနာမှုအား အရိုးသားဆုံး ဖော်ပြကာ ကိုယ်စားလှယ်အဖွဲ့နှင့် အမြန်ဆုံး ပြန်လည်ထွက်ခွာသွားရန်သာ ယွဲ့ကျန့် မျှော်လင့်မိသည်။ ရှေ့တန်းအား အရှုပ်အထွေးဖြစ်စေခဲ့သော ယခင်ကိုယ်စားလှယ်ခေါင်းဆောင်များအား သူသဘောကျခြင်း မရှိပေ။


သို့သော် ယီနျိုက စစ်ရေးစစ်ရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန်အလို့ငှာ ရှေ့တန်းသို့ ရောက်ရှိလာခြင်းဖြစ်သောကြောင့် ယွဲ့ကျန့်၏ မျှော်လင့်ချက်များအား ရိုက်ချိုးသကဲ့သို့ ဖြစ်မည်မှာ စိတ်မကောင်းဖွယ်ရာပင်။


စာအုပ်အား ‘လေ့လာမှု’ ပြုပြီးနောက် ယီနျို၏ အတွေးများ ရပ်တန့်သွားသည်။ စစ်သင်္ဘောပေါ်မှ ဆင်းပြီးနောက်တွင် ပထမဆုံး ပြုလုပ်ရမည့်အရာမှာ မက်ခါများ၏ ခိုင်ခံ့မှု အခြေအနေအား စစ်ဆေးရန်ဖြစ်သည်။ ထို့နောက်တွင် မက်ခါစစ်သည်များအား အကြိမ်များစွာ တိုက်ခိုက်မှုပြုစေပြီး မက်ခါများ၏ လုပ်ဆောင်မှု အရည်အသွေးအား စမ်းသပ်မည်ပင်။


ဤကဲ့သို့ စီစဉ်ရခြင်းမှာ စာအုပ်ထဲ၌ “အင်ပါယာစစ်တပ်က နောက်ဆုံးစစ်ပွဲ၌ မရှုမလှ ရှုံးနိမ့်ခဲ့ပြီး မက်ခါတစ်သိန်းမှာ အလုံးစုံ ပျက်စီးသွားခဲ့သည်” ဟု ဖော်ပြထားသောကြောင့် ဖြစ်သည်။


ဤကဲ့သို့သော ဆိုးဝါးသည့် ရှုံးနိမ့်မှုမျိုး အမှန်တကယ် ဖြစ်လာမည်ဆိုလျှင် အမှားအယွင်းမှာ မက်ခါများ၌ ရှိနေခြင်းသာ ဖြစ်ရမည်ဟု ယီနျို သံသယဝင်မိသည်။


ကြယ်တာရာခေတ်၏ အကောင်းမွန်ဆုံးသော တစ်ကိုယ်တော်တိုက်ခိုက်မှု လက်နက်ဖြစ်သည့်အတွက် မက်ခါများမှာ ကားများကဲ့သို့ လွယ်လင့်တကူ ဖျက်ဆီးခြင်းခံရနိုင်သောအရာ မဟုတ်ချေ။ အင်ပါယာ၏ ဆုံးရှုံးမှု မည်မျှကြီးမားသည်ဖြစ်စေ ထိုမက်ခါများအား အလုံးစုံ ပျက်စီးစေရန်မှာ မဖြစ်နိုင်ပေ။ 


ထိုသို့ခွဲခြမ်းစိတ်ဖြာမှု ပြုပြီးနောက် ရုတ်တရက်ပင် စစ်ဆေးမှုပြုရန် မျှော်လင့်မိကာ မျက်လုံးများ အရောင်တောက်လာသည်။ ယွဲ့ကျန့်အား မြင်တွေ့ချိန်၌ ‘ဟယ်လို’ ဟုပင် နှုတ်ဆက်လိုက်သေးသည်။


တစ်ဖက်လူအား ခပ်သွက်သွက်လှုပ်ရှားရန် လောဆော်ချင်စိတ်ပင် ပေါ်လာသည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးမှာ စစ်သင်္ဘောပေါ်တွင် အမြင့်ဆုံးရာထူးရှိသူများ ဖြစ်ကြသည်။ တစ်ဦးမှာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး ကျန်တစ်ဦးမှာ ရှေ့တန်းမှ ဗျူဟာမှူးဖြစ်သောကြောင့် သင်္ဘောပေါ်မှ အတူတကွ ဆင်းရပေမည်။


သို့သော် ယီနျို နှုတ်ဆက်မှုပြုပြီးနောက် ယွဲ့ကျန့်က ထွက်ပေါက်သို့ လျှောက်လှမ်းနေခြင်းအား ရပ်တန့်လိုက်ပြီး ယီနျိုနှင့် ခြေတစ်လှမ်း နောက်ချန်လိုက်သည်။


ယီနျို : “…”  


သူ နားမလည်နိုင်ဟန်ဖြင့် မျက်နှာပေါ်တွင် အမေးသင်္ကေတ ပေါ်လာသည်။

ငါက အဲလောက်တောင် ကြောက်ဖို့ကောင်းနေတာလား..


ယွဲ့ကျန့်က သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ ၁၀ မီတာပင် မရှိတော့ကြောင်း သတိပြုမိလိုက်သဖြင့် မသိစိတ်မှ အလိုလို နောက်ဆုတ်လိုက်ခြင်း ဖြစ်သည်။ သူ့ထံ၌ အခြားသူများ၏ အတွေးများအား ချောင်းနားထောင်လိုသော ဝါသနာမရှိပေ။


သို့သော် များမကြာမီမှာပင် သူ၏ တုံ့ပြန်ပုံမှာ လွန်လွန်ကျူးကျူး ဖြစ်သွားသည်ဟု ခံစားမိသည်။ မင်းသားလေးမှာ အချိန်မရွေး ထိုအကြောင်းများအား စဉ်းစားနေမည် မဟုတ်ချေ။ ထို့ကြောင့် သူတို့နှစ်ဦးကြားရှိ အကွာအဝေးအား သိသိသာသာ ကွာခြားစေရန် မလိုအပ်ပေ။


သို့သော် ယီနျိုက မကြာမီကပင် သူတို့နှစ်ဦး၏ စစ်သင်္ဘောပေါ်မှ လိင်မှုရေးရာ ဇာတ်ကွက်များအား ဖတ်ရှုထားပြီး ဖြစ်သောကြောင့် ယွဲ့ကျန့်မှ ထိုကဲ့သို့ ကြည့်လာသည့်အခါ သူ၏စိတ်ထဲ၌ စာအုပ်အတွင်းမှ စာကြောင်းများ ပေါ်လာသည်။


ထို့ကြောင့် ယွဲ့ကျန့် ချဉ်းကပ်လာချိန်၌—


[ခြေတံရှည်တွေနဲ့ သန်မာတဲ့ခါး... ပြီးတော့ အဝတ်ပါးပါးတွေက ဖရိုဖရဲနဲ့...] 


[သူနဲ့အတူသာ အိပ်ရာပေါ်တက်မယ်ဆိုရင် အဲဒီလူက တကယ်ကြီး ထိုးသွင်းစက် ဖြစ်လာမှာလား...]


[စိတ်က တည်ငြိမ်နေပြီး နှလုံးသားက ရေပြင်လို ငြိမ်သက်နေတယ်.. မတွေးနဲ့.. မတွေးနဲ့.. မတွေးနဲ့.. မြန်မြန်လေး အာရုံလွှဲလိုက်.. လျင်မြန်ခြင်းဆိုတာ ဥပဒေတစ်ခုပဲ...]


ယွဲ့ကျန့် : “…”


ယွဲ့ကျန့် ရုတ်တရက် ရယ်ချင်လာသည်။ ထိုအတွေးများအား ပထမဆုံးအကြိမ် ကြားရစဉ်ကမူ ခေါင်းကိုက်လာသော်လည်း ဤတစ်ကြိမ်၌ အကူအညီမဲ့သလို ခံစားရသည်။ မင်းသားလေးမှာ အနည်းငယ် ချစ်စဖွယ်ကောင်းသည်ဟုပင် တွေးမိသည်။


စာအုပ်များအား စွဲလမ်းနေသည့် အလယ်တန်းဒုတိယနှစ်ရောဂါခံစားနေရသော ကလေးတစ်ဦးအား သူ မနှောင့်ယှက်လိုပေ။


သို့သော် မင်းသားလေးမှာ အရွယ်ရောက်ပြီးသူတစ်ဦး ဖြစ်နေသည်။ အလယ်တန်း ဒုတိယနှစ်ရောဂါ ဖြစ်ပွားမှုမှာ အနည်းငယ် နောက်ကျနေပြီဟု ဆိုရမည်။


“မင်းသားလေး... ကျေးဇူးပြုပြီး...”

ယွဲ့ကျန့် တည်ကြည်မှုအပြည့်ဖြင့် ယီနျိုအား ဦးစွာဆင်းရန် နူးညံ့စွာဆိုသည်။


“ဗိုလ်ချုပ်ယွဲ့ကို ဦးစားပေးပါတယ်...”

ယီနျိုက ‘မင်းနောက်မှပေါ့’ ဟန်အမူအရာဖြင့် ယဉ်ကျေးစွာ တုံ့ပြန်သည်။


ယီနျိုမှာ လွန်စွာငြိမ်သက်အေးဆေးလျက်ရှိသည်။ သူက တော်ဝင်မိသားစု၌ မွေးဖွားလာသူဖြစ်ပြီး ကောင်းမွန်သည့် အပြုအမူများနှင့် ပညာရေးအား ရရှိထားသည်။ ယီနျို၏ အပြုံးမှာ ပြစ်ချက်ကင်းလှသည်။


သို့သော် ယွဲ့ကျန့် သူ့အနီးသို့ လျှောက်လာသည့်အခါ မင်းသားလေး၏အသံကို ကြားလိုက်ရပြန်သည်။


[ခုနစ်ရက်၊ ခုနစ်ည... အဲဒီအကြောင်းကို ဆက်မတွေးချင်တော့ဘူးလို့... မဟုတ်ဘူး... အဲဒီဟာကို ဒီနေ့တော့ လုံးဝ မဖတ်နိုင်တော့ဘူး...]


ယွဲ့ကျန့် အနည်းငယ် တုံ့ဆိုင်းသွားပြီး ခြေလှမ်းမှားလုနီးနီးပင်။


ခုနစ်ရက်... ခုနစ်ည တဲ့လား...


ယွဲ့ကျန့်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားပြီး မည်သည့်စကားကိုမျှ မကြားဟန်ဆောင်လိုက်သည်။


 *


စစ်သင်္ဘောပေါ်မှ ဆင်းပြီးနောက် ယွဲ့ကျန့် ချက်ချင်းပင် သူနှင့် မင်းသားလေး၏ အကွာအဝေးအား ခြားလိုက်သည်။ နောက်ဆုံး၌ တစ်ဖက်လူ၏ အတွေးများအား မကြားရတော့ချေ။


ရှေ့တန်း၏ ဌာနချုပ်မှာ ကြယ်ပြာစစ်စခန်း၌ တည်ရှိပြီး ဂလက်ဆီ ၈ ၏ ဂြိုဟ်ပတ်လမ်းနှင့် အနီးဆုံးနေရာ ဖြစ်သည်။


စစ်ပွဲမပြီးဆုံးသေးသည့်အတွက်ကြောင့် ရှေ့တန်းက မည်သည့်အချိန်မဆို အသင့်တိုက်ခိုက်နိုင်စေရန် ပြင်ဆင်ထားပြီး ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုရန် အရင်းအမြစ်များစွာ မရှိပေ။


ဤတစ်ကြိမ်၌ မင်းသားလေးကိုယ်တိုင် ရောက်ရှိလာခဲ့သောကြောင့် စခန်း၏ လက်ထောက်တပ်မှူးက စစ်သားအချို့အား မင်းသားလေးအား ကြိုဆိုရန်အတွက် စစ်သားအချို့အား ခေါ်ဆောင်ကာ စစ်တပ်ဆိပ်ကမ်း၌ စီတန်း၍ စောင့်နေကြသည်။


ဤကြိုဆိုမှုမှာ အတော်‌လေး ဖြစ်ကတတ်ဆန်း နိုင်လှသည်။ ကိုယ်စားလှယ်အဖွဲ့မှ လူများအား မဆိုနှင့် စစ်သားတစ်ဦးဖြစ်သူ လော်ယွမ်ကျဲပင်လျှင် မျက်မှောင်ကြုတ်သွားမိသည်။


ရှေ့တန်း၏ လုပ်ဆောင်ချက်မှာ မှားယွင်းနေသည်ဟု မထင်မိချေ။ မည်သို့ပင်ဖြစ်စေ ယခုအနေအထားမှာ ရှေ့တန်းရှိ စစ်သားများအတွက် မလွယ်ကူလှပေ။ မင်းသားလေး စိတ်အနှောင့်အယှက် ဖြစ်မည်ကိုသာ စိုးရိမ်မိခြင်း ဖြစ်သည်။


လော်ယွမ်ကျဲ ယခင်က တော်ဝင်ကိုယ်စားလှယ်အဖွဲ့အား အကြိမ်ပေါင်းများစွာ လိုက်ပါစောင့်ရှောက်ခဲ့ဖူးပြီး ဤတစ်ကြိမ် ကြိုဆိုရေးမှာ အဆုံးဝါးဆုံးတစ်ခုဟု သတ်မှတ်ရမည် ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်မှာ မစ္စတာ ဟော် ဖြစ်နေဆဲဆိုပါလျှင် နေရာတွင်ပင် ချက်ချင်း လှည့်ပြန်သွားပေလိမ့်မည်။


သို့သော် ဤနေရာ၌ မစ္စတာဟော်ဖြစ်လျှင် ပိုကောင်းပေမည်။ ယွဲ့ကျန့်က ကိုယ်စားလှယ်အဖွဲ့အား ဤသို့ ဆက်ဆံခွင့်ပြုလိမ့်မည် မဟုတ်ချေ။ မစ္စတာဟော် ပြဿနာရှာမည်ဆိုလျှင်လည်း ခံစားရမည့်သူမှာ ယွဲ့ကျန့်သာလျှင် ဖြစ်လိမ့်မည်။


သို့သော် ဤမင်းသားလေးမှာမူ...


လော်ယွမ်ကျဲက မင်းသားလေးအပေါ် အထင်အမြင်ကောင်းရှိသည်။ ထို့ကြောင့် မင်းသားလေးအား အရှက်မရစေလိုပေ။


သို့သော် လော်ယွမ်ကျဲမှာ အလွန်အမင်း အတွေးလွန်နေခြင်း ဖြစ်သည်။ ယီနျိုက ကြိုဆိုခြင်းနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ရှိသည်ဟု မခံစားရချေ။


စစ်သင်္ဘောပေါ်မှ ဆင်းပြီးနောက် ယီနျိုက သူ့အစီအစဉ်အား အမှတ်ရလာပြီး ယွဲ့ကျန့်အား တိုက်ရိုက်ပြောလိုက်သည်။

“တပ်မှူးယွဲ့...ပထမဆုံး မက်ခါတပ်ကို သွားကြည့်လို့ရမလား... ပြီးတော့ မက်ခါတိုက်ပွဲ နည်းနည်းပါးပါး တိုက်ခိုက်ပြမယ်ဆိုရင်ရော ခင်ဗျားတို့အတွက် အဆင်ပြေနိုင်လား... ကျွန်တော်က မက်ခါတွေရဲ့ လုပ်ဆောင်မှုကို စစ်ဆေးကြည့်ချင်လို့ပါ...”


[ T/N - ယွဲ့ကျန့်ရဲ့ မူလရာထူးက ဗိုလ်ချုပ်ဆိုပေမယ့်၊ ရှေ့တန်းစစ်မြေပြင်မှာတော့ သူက တပ်မှူးပါ၊ အဲ‌ဒါကြောင့်မို့ ယီနျိုက တပ်မှူးလို့ ခေါ်လိုက်တာပါ ]


ယီနျိုထံ၌ ထိုသို့ပြုလုပ်ရမည့် အကြောင်းအရင်းရှိသည်။ စာအုပ်ထဲ၌ စစ်ပွဲရလဒ်ကိုသာ ဖော်ပြထားပြီး နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်အား ဖော်ပြထားခြင်း မရှိသောကြောင့်ပင်။


စာအုပ်မှ အလေးအနက် မရှိလှချေ။ စာအုပ်ပါ အကြောင်းအရာများမှာ ‘သူ’ နှင့် ‘ယွဲ့ကျန့်’ စတင်ရင်းနှီးချိန်မှ မှတ်ဉာဏ်များသာ ဖြစ်သည်။ ထို့ကြောင့် အလျင်စလို လုပ်ဆောင်မှုမပြုပါက ယနေ့ည မည်သည့်ကိစ္စများ ဖြစ်ပွားလာမည်ကို မသိနိုင်ပေ။


ယီနျို၏ တောင်းဆိုမှုအား ကြားသည့်အခါ ယွဲ့ကျန့် လမ်းလျှောက်နေရာမှ ချက်ချင်း ရပ်တန့်သွားပြီးနောက် လှည့်ကြည့်လာသည်။


လော်ယွမ်ကျဲ တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး ယီနျိုအတွက် ထပ်မံစိုးရိမ်လာမိသည်။


ကြိုဆိုရေးအခမ်းအနားအား နှစ်ခြိုက်မှုမရှိခြင်းကသာ ပိုကောင်းပေလိမ့်မည်။ ယွဲ့ကျန့်အနေဖြင့် ကြိုဆိုရေးအပေါ် ပြဿနာတစ်စုံတစ်ခု ဖြစ်လာလျှင် မင်းသားလေး၏ အထောက်အထားကြောင့် မျက်ကွယ်ပြုထားမည်ဖြစ်သော်လည်း စစ်ရေးကိစ္စများအား ဝင်ရောက်စွက်ဖက်လာမည်ဆိုလျှင်မူ လျစ်လျူရှုထားလိမ့်မည် မဟုတ်ချေ။


စခန်း၏ လက်ထောက်တပ်မှူးဖြစ်သူ ဗိုလ်ချုပ်လင်းက မတ်မတ်ရပ်ကာဖြင့် မသိမသာ ခေါင်းယမ်းနေမိသည်။ ယွဲ့ကျန့်က သေချာပေါက် မင်းသားလေးအား ငြင်းပယ်ပေလိမ့်မည်။


ယွဲ့ကျန့်က ယီနျိုအား စစ်ဘက်ဆိုင်ရာ ကိစ္စများ၌ ဝင်ရောက်စွက်ဖက်စေလိုခြင်း မရှိပေ။ မင်းသားလေးမှာ အသက် ၁၈ နှစ်သာလျှင် ရှိသေးသည်။ ထို့အပြင် ကောလိပ်တွင်ပညာသင်ကြားဖူးခြင်း မရှိသည့်အပြင် အဆင့်မြင့်ပညာရေးအား ဆရာများထံမှ တစ်ဦးချင်းသင်ကြားရေးဖြင့် ရရှိထားခြင်းဖြစ်သည်။


မင်းသားလေးက အင်ပါယာကောလိပ်မှ ပါမောက္ခများထံမှ သင်ယူခဲ့ခြင်းဖြစ်သော်လည်း သူ၏ ပညာရေးအဆင့်အတန်းအား မည်သူမျှ မသိကြချေ။ ယီနျို စစ်ဘက်ရေးရာများ တတ်ကျွမ်းခြင်း ရှိ၊ မရှိ အား ယွဲ့ကျန့် မသိပေ။


သို့သော် ယွဲ့ကျန့်က တိုက်ရိုက်ငြင်းပယ်ခြင်းမပြုဘဲ ပြန်လည်မေးခွန်းထုတ်လိုက်သည်။

“မင်းသားလေးက မက်ခါလုပ်ဆောင်ချက်ကို စစ်ဆေးဖို့အတွက် ကျွမ်းကျင်မှုရှိပါသလား..”


ယီနျို ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူ့အနေဖြင့် ကျွမ်းကျင်မှု မရှိသော်လည်း မက်ခါများနှင့် ပတ်သက်၍ နားလည်မှု များစွာရှိသည်ဟု ဖြေသည်။


ယွဲ့ကျန့် ရယ်မောကာဖြင့် ပြောသည်။

“မင်းသားလေးရဲ့ ခရီးစဉ်တစ်လျှောက် အခက်အခဲတွေ နည်းနည်းပါးပါး ရှိခဲ့တော့ အရင်ဆုံး အနားယူလိုက်တာက ပိုကောင်းပါမယ်... တခြား လိုအပ်တာရှိရင်တော့ ကျွန်တော်တို့ မနက်ဖြန်မှ ပြောကြတာပေါ့...”


၎င်းက ယဉ်ကျေးသည့် ငြင်းဆိုမှုဖြစ်ပြီး ကလေးတစ်ဦးအား ချော့မော့နေသကဲ့သို့ပင်။


သို့သော် ယီနျိုက လက်မခံချေ။

“မရဘူး..”


ယွဲ့ကျန့် ထွက်ခွာတော့မည်ကို မြင်သည့်အခါ ယီနျို ရုတ်တရက် ရှေ့သို့လှမ်းလိုက်ပြီးနောက် တစ်ဖက်လူ၏ အင်္ကျီအား လှမ်းဆွဲကာ လေးလေးနက်နက်ပြောသည်။

“ဒီညပဲ မက်ခါတွေကို စစ်ဆေးမှဖြစ်မယ်...“


ယွဲ့ကျန့် နောက်သို့လှည့်ပြီး သူ၏အဝတ်အား ကိုင်ထားသည့် လက်ကလေးအား ကြည့်လိုက်သည်။


ကောင်ငယ်လေး၏ အသားအရေမှာ ပုလဲကဲ့သို့ နုနယ်သည်။ လက်ချောင်းလေးများမှာ ကြက်သွန်မြိတ်ကဲ့သို့ ဖြူဖွေးကာ သွယ်လျသော်လည်း လက်ချောင်းထိပ်လေးများက လုံးဝန်းကာ ချစ်စဖွယ်ပင်။ လက်ကလေးမှာ ကြည့်လိုက်ရုံနှင့်ပင် နူးနူးညံ့ညံ့ရှိပြီး ခွန်အားများစွာရှိပုံမရဘဲ လွယ်လင့်တကူ ကျိုးပဲ့သွားစေနိုင်သည်။


ဖန်လှောင်အိမ်ထဲ ဂရုတစိုက် ကြီးပြင်းလာခဲ့သော ပန်းကလေးမှာ မက်ခါများအား အမှန်တကယ် နားလည်နိုင်မည်လားဟု သူတွေးနေမိသည်။ ယင်းက အဓိပ္ပါယ်မဲ့လှသည်။


သို့သော် ယွဲ့ကျန့်က ယီနျို၏လက်အား တွန်းဖယ်ခြင်းမပြုဘဲ ထို့အစား သူ၏အနီးရှိ လူတစ်ဦးအား ပြောလေသည်။

“မစ္စတာဟော် ကို ခေါ်ခဲ့..”


ချက်ချင်းပင် ယီနျို၏ မျက်လုံးများ ပြူးကျယ်လာသည်။ 

ငါက တိုက်ခိုက်ခံရလို့ သေမလိုပဲလေ.. အဲဒီ မစ္စတာဟော် က အသက်ရှင်နေသေးတာလား.. ဘုရားရေ.. အဲဒီလူက ဘာကိစ္စနဲ့ ဒီလောက်တောင် ကံကောင်းနေတာလဲနော်..


မစ္စတာဟော် မှာ အသက်ရှင်နေဆဲ ဖြစ်သော်လည်း သူ၏အခြေအနေမှာ မကောင်းလှချေ။ တိုက်ပွဲအတွင်း၌ ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရပြီး လက်တလောတွင် ကိုမာအခြေအနေ၌ ရှိနေသည်။


ကံအဆိုးဆုံးအရာမှာ မစ္စတာဟော် က ယွဲ့ကျန့်လက်အတွင်း ရောက်ရှိသွားခြင်းပင်။


ယွဲ့ကျန့်က ကိုမာအခြေအနေ၌ ရှိနေသည့် မစ္စတာဟော် အား ညွှန်ပြကာဖြင့် ပြောသည်။

“ဒီလူ နောက်ဆုံးအကြိမ် ရှေ့တန်းကို လာတုန်းက မက်ခါတိုက်ပွဲတင်ဆက်ပေးဖို့ ပြောတယ်လေ... အဲဒီမှာ မက်ခါ ၂ စီးနဲ့ စစ်သား ၂ ဦး ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့တယ်... သူက ဒီနေရာကို ထပ်လာရဲတယ်ဆိုတော့ စစ်ခုံရုံးကနေ ‌ထောင်ဒဏ် နှစ် ၅၀ ကျခံရတော့မှာ... နားလည်လား...”


အဲဒါကြောင့် ဒီကောင့်ဆီကနေ သင်ယူမနေနဲ့..


ယီနျို အံ့ဩသွားမိသည်။ မမျှော်လင့်စွာဖြင့် သူတို့နှစ်ဦးမှာ လူတစ်ဦးတည်းကို မုန်းတီးနေကြခြင်းဖြစ်သောကြောင့် ချက်ချင်းပင် ပြောလေသည်။


“နားလည်ပါတယ်... သူနဲ့တန်တယ်လေ...”


ထို့နောက် မင်းသားလေးမှ ရိုးသားမှုအပြည့်ဖြင့် ဆိုသည်။

“သူ့ကို ကျွန်တော်ဖမ်းထားတာဆိုပေမဲ့လည်း အခုတော့ ခင်ဗျားလက်ကို အပ်လိုက်မယ်လေ.. စကားမစပ် သူက ရန်သူနဲ့ အဆက်အသွယ်ရှိနိုင်တယ်.. သေချာလေး မေးမြန်းလိုက်ဦးနော်..”


ယွဲ့ကျန့် : “…”


ကိုယ်သတိပေးနေတာကို မင်းလေးက နားလည်ပုံမရပါလားကွာ...


“အဲဒါဆို ကျွန်တော်တို့ အခုပဲ မက်ခါတွေကို စစ်ဆေးလို့ရမလား...”


ယီနျိုက မစ္စတာဟော် အား ယွဲ့ကျန့်ထံ အပ်ပြီးနောက် ထပ်မေးလိုက်သည်။


သူ စိုးရိမ်မှုအပြည့်ဖြင့် တွေးနေမိသည်မှာ—


[အဲဒါကို ချက်ချင်းပဲ စစ်ဆေးမှဖြစ်မယ်... မက်ခါတွေမှာ တကယ်ပဲ ပြဿနာရှိနေရင် ဘယ်လိုလုပ်မလဲ... ‘မက်ခါ တစ်သိန်းမှာ အလုံးစုံ ပျက်စီးခဲ့ရသည်’ ဆိုတာမျိုး ဖြစ်မလာစေချင်ဘူးလို့...]


ယွဲ့ကျန့် ငြင်းဆန်ခြင်းပြုလိုသော်လည်း မင်းသားလေး၏ အတွေးများအား ကြားသည့်အခါ သူ၏မျက်ဆံများ ကျုံ့သွားသည်။


သူ သတိမမူမိဘဲ ယီနျိုအား ဖမ်းဆွဲကာ မဝံ့မရဲ မေးလိုက်မိသည်။

“အခုချက်ချင်း ဖြစ်မှလား...”


ဘာကိုဆိုလိုတာလဲ.. မင်းသားလေးက တကယ်ပဲ တစ်ခုခုကို သိထားပြီး အရှုပ်တွေလုပ်နေတာ မဟုတ်ဘူးလား...


ယီနျို : “ချက်ချင်းပဲ...”


[သေချာပေါက် မြန်နိုင်သမျှမြန်အောင် စစ်ဆေးမှ ဖြစ်မှာပေါ့... ဖက်ဒရယ်စစ်တပ်က ဒီညပဲ လာတိုက်ရင် ဘယ်လိုလုပ်ကြမတုန်း...]


[ဖက်ဒရယ်စစ်တပ်က ဂြိုဟ်ပတ်လမ်းမှာပဲ ရှိနေပြီး လက်ဦးမှုယူတာ ဒါမှမဟုတ် ဆုတ်ခွာတာမျိုး မရှိဘူးလေ... သိသိသာသာကြီးကို မသင်္ကာစရာ ကောင်းနေတာပဲ မလား.. အင်ပါယာက တစ်ယောက်ယောက်က သူတို့နဲ့ ပေါင်းကြံနေတာမျိုးတောင် ဖြစ်နိုင်သေးတယ်...]


ယွဲ့ကျန့် : “…”


သူ အသက်ပြင်းပြင်းရှိုက်မိလိုက်သည်။ မင်းသားလေးမှာ ဤယုံကြည်၍မရသော သတင်းအား မည်သည့်နေရာမှ ရရှိလာမှန်း မသိသော်လည်း ဖြစ်နိုင်ချေ တစ်ထောင်ပုံ တစ်ပုံ ရှိနေသရွေ့ လျစ်လျူရှုမထားနိုင်ပေ။ 


ခေတ္တမျှ တွေးတောပြီးနောက် ယွဲ့ကျန့်က ဗိုလ်ချုပ်လင်း အား ပြောသည်။


“မင်းသားလေးနဲ့ ငါက မက်ခါတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးမလို့... စက်ပြင်ဌာနက အခုတာဝန်ချိန်ရှိနေတဲ့လူတွေကို ချက်ချင်းခေါ်လိုက်...”


ဗိုလ်ချုပ်လင်း ကြောင်အသွားမိသည်။ မမျှော်လင့်ဘဲနှင့် ယွဲ့ကျန့်က အမှန်တကယ် သဘောတူလိုက်သည်။


ဒါက ကိုယ်စားလှယ်အဖွဲ့ကိုမြင်တိုင်း ဒေါသထွက်လာပြီး အဖွဲ့ခေါင်းဆောင်က တစ်ခုခု တောင်းဆိုလာရင် ‘ထွက်သွား’ လို့ ပြောတတ်တဲ့ ဗိုလ်ချုပ်ယွဲ့ ဟုတ်ပါတယ်နော်...



🧜🧜🧜