Chapter 6
Viewers 826

🧜 အခန်း ၆ 

နောက်ထပ်ဖြားယောင်းမယ့် ပစ်မှတ်လား 



ကြယ်ပြာစစ်စခန်းမှာ ကြီးမားသည်။ မက်ခါအများစုအား မြေအောက်လက်နက်တိုက်တွင် သိမ်းဆည်းထားပြီး စစ်ပွဲ သို့မဟုတ် လေ့ကျင့်ချိန်ရောက်မှသာ ထုတ်လေ့ရှိသည်။ ဤနည်းဖြင့် ရှောင်တခင်တိုက်ခိုက်ခံရပါက အဓိကပစ်မှတ်မှာ မက်ခါများ ဖြစ်လာတော့မည် မဟုတ်ချေ။


ယွဲ့ကျန့်က ယီနျိုအား မြေအောက်လက်နက်တိုက်သို့ တိုက်ရိုက်ခေါ်ဆောင်သွားသည်။ သို့သော် ဝင်ပေါက်သို့ ရောက်ချိန်၌ ရုတ်တရက် ရပ်တန့်ကာ နောက်သို့လှည့်လိုက်သည်။ ထို့နောက် ယီနျိုအနောက်မှ လိုက်ပါလာသော လူအုပ်အားကြည့်ကာပြောသည်။


“စိတ်မရှိပါနဲ့... လက်နက်တိုက်က အရေးကြီးတဲ့နေရာတစ်ခုဖြစ်တာကြောင့် မင်းသားလေးပဲ ဝင်ခွင့်ရှိပါမယ်...”


ဗိုလ်ချုပ်လင်းက ကောင်းကင်အား မော့ကြည့်ကာ တွေးမိလိုက်သည်။

လုံးဝကို စံနှစ်ထပ်ပါလားနော်...


ဗိုလ်ချုပ်ယွဲ့က အပြင်လူတွေကို ဘယ်တုန်းကများ အရေးကြီးတဲ့နေရာကို ဝင်ခွင့်ပေးလိုက်တာတုန်း... အလွန်ဆုံးမှ မက်ခါစစ်သည်တွေကို မောင်းနှင်တာကို ကြည့်ခိုင်းရုံလောက်ပဲ လုပ်ခဲ့တာလေ.. အဲဒီလူတွေမှာ မက်ခါတွေကို ထိခွင့်တောင် မရှိခဲ့ဖူးဘူးနော်..


ယွဲ့ကျန့်ပြောသည်အား ကြားပြီးနောက် ယီနျိုအနောက်ရှိလူများ၏ အမူအရာများ မသိမသာ ပြောင်းလဲသွားကြသည်။ ထိုလူများထဲမှ အချို့က ကိုယ်စားလှယ်အဖွဲ့ဝင်များ ဖြစ်ကြပြီး အချို့မှာ ဧကရာဇ် စီစဉ်ပေးလိုက်သော အစောင့်အရှောက်များဖြစ်ကြကာ အချို့မှာ ယီနျို၏ ကိုယ်ပိုင်ကိုယ်ရံတော်များဖြစ်သည်။ 


ကိုယ်စားလှယ်အဖွဲ့ဝင်များက ပြပွဲအား ကြည့်ရှုရန် ပြင်ဆင်ထားကြသည်။ မစ္စတာဟော် အား ရှင်းလင်းပြီးနောက် မင်းသားလေးမှာ ထိပါးရန်မသင့်ကြောင်း သူတို့သိရှိလာသည်။ သို့သော် ယွဲ့ကျန့်မှာလည်း ရှုပ်၍မရသောသူ ဖြစ်သည်။ နတ်ဘုရားနှစ်ပါးအကြားမှ တိုက်ပွဲဖြစ်သဖြင့် သေးငယ်သည့်လူများ ကြားဝင်ရန် အခွင့်မရှိပေ။


လော်ယွမ်ကျဲနှင့် လုယာသည်လည်း မင်းသားလေးအား ကာကွယ်ရန် အတူသွားသင့်သည်ဟု ခံစားမိသည်။ အထူးသဖြင့် လုယာမှာ ယီနျို၏ ကိုယ်ရံတော်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး သူ၏တာဝန်မှာ ယီနျိုအနောက်မှ လိုက်ပါရန် ဖြစ်သည်။


ယီနျို မက်ခါများအား စစ်ဆေးနေစဉ် မတော်တဆမှု ဖြစ်မည်အား စိုးရိမ်မိသောကြောင့် ယွဲ့ကျန့်အား စိတ်အားထက်သန်စွာဖြင့် မော့ကြည့်လိုက်မိသည်။


ယွဲ့ကျန့် : “…” 


ဒီနေရာမှာ ချစ်ဖို့ကောင်းအောင် ပြုမူတာ တရားမဝင်ဘူးနော်...


ယွဲ့ကျန့် တိတ်တဆိတ် အကြည့်လွှဲကာ တစ်ထစ်လျှော့ပေးလိုက်သည်။

“အများဆုံး ကိုယ်ရံတော် ၂ ယောက်ပဲ ခေါ်လို့ရမယ်...”


ယီနျို ပျော်ရွှင်သွားသည်။ ကျေးဇူးတင်စကား ဆိုပြီးနောက် နောက်သို့လှည့်ကာ ပြောလေသည်။

“လုယာနဲ့ လော်ယွမ်ကျဲ... လိုက်ခဲ့ကြ...”


ယီနျို ပျော်ရွှင်သွားခြင်းအား ယွဲ့ကျန့် နားမလည်နိုင်ပေ။ ထို့အပြင် ကိုယ်ရံတော်များအားလည်း မလိုအပ်ဟု ခံစားရသည်။ 

မင်းသားလေးက ငါနဲ့အတူရှိနေချိန် ဘယ်လိုလုပ်ပြီး ထိခိုက်လိမ့်မတုန်း...


သို့သော် ထပ်မံပြောကြားခြင်း မရှိတော့ဘဲနှင့် ယီနျိုအား ဖြတ်ကျော်ကာ မျက်ကြည်လွှာ လုံခြုံရေးစနစ်ဖြင့် လက်နက်တိုက်၏ လုံခြုံရေးတံခါးအား ဖွင့်လိုက်သည်။


အတူလိုက်ပါလာသော ဗိုလ်ချုပ်လင်းက ကောင်းကင်သို့ မော့ကြည့်နေဆဲဖြစ်ပြီး ကူကယ်ရာမဲ့စွာဖြင့် တွေးနေမိသည်။


မင်းသားလေးက မျက်တောင် နှစ်ချက်လောက်ပဲ ခတ်ပြရသေးတယ် ငါတို့ရဲ့ အေးစက်စက် မျက်နှာပိုင်ရှင် ဘက်မလိုက် ဗိုလ်ချုပ်ယွဲ့က နောက်တစ်ထစ် အလျော့ပေးလိုက်ပြန်တယ်ပေါ့... သူ့ရဲ့ တင်းကြပ်ပါတယ်ဆိုတဲ့ စည်းမျဉ်းတွေ ဘယ်ရောက်သွားတုန်း... ဘယ်မှာလဲ အောက်ခြေမျဉ်းဆိုတာ...


*


မြေအောက်လက်နက်တိုက်သို့ ရောက်ရှိပြီးနောက် ထိုနေရာမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ကြီးမားသည်ကို သိလိုက်ရသည်။ အလယ်အလတ်အရွယ်အစားရှိ မြေအောက်မြို့တစ်ခုအလားပင်။ အဆောက်အဦများနှင့် အထောက်အပံ့ ပစ္စည်းများမှာ မြေပြင်ပေါ်မှ စခန်းနှင့် တူညီလုနီးနီးရှိသည်။


လုယာနှင့် လော်ယွမ်ကျဲတို့သည်လည်း ဤကဲ့သို့ ကြီးမားလှသော မြေအောက်စစ်လက်နက်တိုက်အား ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြခြင်း ဖြစ်သည်။ ထို့ကြောင့် ရှေ့သို့သွားနေရင်း စိတ်ထဲမှသာ အံ့ဩတကြီး ရေရွတ်နေမိကြသည်။


လက်နက်တိုက် အမှတ် ၁ သို့ မရောက်ရှိမီ သူတို့အဖွဲ့အား စောင့်နေသည့် မက်ခါတပ်ဖွဲ့မှူးဖြစ်သူ ဗိုလ်မှူးဂါဗင်နှင့် ဆုံသည်။ ထိုသူက အမိန့်လက်ခံရရှိပြီး မကြာမီမှာပင် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။


သူက အလေးပြုပြီးနောက် ယွဲ့ကျန့်အား တိုက်ရိုက်တင်ပြသည်။

“မက်ခါတပ်ဖွဲ့ရဲ့ ထိပ်တန်းအဖွဲ့နဲ့ နည်းပညာဌာနက လူတွေအားလုံး အဆင်သင့်ဖြစ်ပါပြီ... အချိန်မရွေး စစ်ဆေးမှု စတင်နိုင်ပါတယ်...”


“အင်း...”


ယွဲ့ကျန့် ခေါင်းအသာညိတ်လိုက်ပြီးနောက် ယီနျိုအားမေးသည်။

“မင်းသားလေး မက်ခါတွေကို အရင်ကြည့်ချင်လား ဒါမှမဟုတ် လုပ်ဆောင်မှုကိုပဲ တိုက်ရိုက်စစ်ဆေးချင်ပါသလား...”


ယီနျိုက မက်ခါများအား အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။ ယွဲ့ကျန့်၏ အမေးအား ကြားသည့်အခါ ရိုးသားပွင့်လင်းစွာ ပြောသည်။

“မက်ခါတွေကို အရင်ဆုံးကြည့်ကြတာပေါ့...”


[တကယ်တမ်းက အဲဒါတွေကို ကိုင်ကြည့်ချင်တာလို့... ဒီမှာရှိတဲ့ မက်ခါတွေက နောက်ဆုံးပေါ်တွေလို့ ကြားထားတာကို...]


ယွဲ့ကျန့် : “…”


မက်ခါများနှင့်ပတ်သက်၍ မည်သို့မှားယွင်းနေသည်အား မင်းသားလေး သိထားခြင်း ရှိ၊ မရှိ သိလိုခဲ့ခြင်းဖြစ်သည်။ မက်ခါတင်ဆက်မှု စစ်ဆေးခြင်းမှာ ဟန်ပြတစ်ခုမျှသာ ဖြစ်နေနိုင်သည်။ သို့သော် သူမျှော်လင့်မထားသည်မှာ...


သူက မင်းသားလေး၏ သန့်ရှင်းလှပသည့် လက်များအား မကြည့်မိဘဲ မနေနိုင်တော့ချေ။ ထို့နောက် မသိလိုက်ဘဲ တွေးမိသည်။


ထားလိုက်ပါလေ... ကိုင်ကြည့်ချင်တယ် ဆိုတော့လည်း ကိုင်ပါစေပေါ့... မက်ခါတွေကို မဖျက်ဆီးသရွေ့ပေါ့...


“မက်ခါသိုလှောင်ရုံကို ဖွင့်လိုက်...”

ယွဲ့ကျန့် ဂါဗင်အား အမိန့်ပေးသည်။


ဂါဗင်က ယွဲ့ကျန့်၏ ငြင်းပယ်ချက်အား နားထောင်ရန် စောင့်နေခြင်းဖြစ်သည်။ မမျှော်လင့်စွာဖြင့် သိုလှောင်ရုံအားဖွင့်ရန်သာ အမိန့်လက်ခံရရှိလိုက်သည်။ အံ့အားသင့်လွန်းသောကြောင့် နှစ်စက္ကန့်မျှ ကြောင်အနေမိသည်။


သူ ယီနျိုအား နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်တော့ချေ။ ထို့နောက် ဗိုလ်ချုပ်လင်းအား တိတ်တဆိတ် ကြည့်လိုက်ပြီးနောက် ဤသို့မေးချင်နေပုံရသည်။

ဗိုလ်ချုပ်ယွဲ့က တစ်ခုခု မှားနေတာလား... လုံးဝ တခြားလူတစ်ယောက်လိုပဲနော်...


ဗိုလ်ချုပ်လင်းမှာ အနည်းငယ်မျှပင် အံ့ဩသွားဟန် မရှိပေ။ သူက ဂါဗင်၏ အကြည့်အား လျစ်လျူရှု၍ တိတ်တဆိတ်သာ ရပ်နေသည်။


တံခါးဖွင့်ပြီးနောက် ယီနျို၏ အကြည့်အား မြင့်မားသည့် မက်ခါများမှ ဆွဲဆောင်သွားလေသည်။ ယွဲ့ကျန့် ‘ဝင်ပါ’ ဟု မပြောမိီမှာပင် မင်းသားလေးမှ လက်ဦးမှုရယူကာ သိုလှောင်ရုံအတွင်းသို့ ဝင်သွားသည်။


ဂါဗင်က ထိုအခြေအနေအား အခွင့်ကောင်းယူကာ ယွဲ့ကျန့်အနီးသို့ ရွှေ့သွားပြီး ခပ်တိုးတိုးမေးသည်။

“တပ်မှူး.. ဘာတွေဖြစ်နေတာလဲ... ဘာဖြစ်လို့ ရုတ်တရက်ကြီး မက်ခါတွေကို စစ်ဆေးချင်ရတာလဲ... ပြီးတော့...”


မက်ခါတွေကိုကြည့်ဖို့ အလှလေးကိုပါ ခေါ်လာသေးတယ်...


အလှလေးမှာ တော်ဝင်အဆင့်အတန်းရှိသော်လည်း သူတို့ရှေ့တန်း၌ ဧကရာဇ်၏ ဦးရီးတော်ဖြစ်သူ မင်းသားအဲလက်စ်ကဲ့သို့ ပိုမိုကျော်ကြားထင်ရှားသူများကိုပင် ကြိုဆိုခဲ့ဖူးသည်။ သို့သော် ထိုစဉ်က တပ်မှူးယွဲ့မှာ ယခုကဲ့သို့ ယဉ်ကျေးခြင်း မရှိပေ။


ယွဲ့ကျန့် ဂါဗင်အား တစ်ချက်ကြည့်ကာ ပြောသည်။

“ကိုယ့်အလုပ်ကိုယ်လုပ်... ပေါက်ကရ လျှောက်တွေးမနေနဲ့...”


သူတို့နှစ်ဦးက တော်ဝင်စစ်အကယ်ဒမီတွင် ပညာသင်ကြားခဲ့ကြပြီး စစ်တပ်သို့ မဝင်မီကပင် သိကျွမ်းခဲ့ကြသူများ ဖြစ်သည်။ အထက်လူကြီးနှင့် လက်အောက်ငယ်သားအပြင် သူတို့နှစ်ဦးမှာ သူငယ်ချင်းများ ဖြစ်သောကြောင့် နှစ်ဦးသား သီးသန့်စကားပြောရာ၌ အလွန်အမင်း ယဉ်ကျေးမနေကြချေ။


ဂါဗင် စိတ်ရှုပ်ထွေးမှုကြောင့် ခေါင်းကုတ်ချင်လာမိသည်။ မင်းသားလေးအား ကြည့်လိုက်ချိန်တွင် တစ်ဖက်လူက အရာအားလုံးအပေါ် စူးစမ်းချင်စိတ် အပြည့်ဖြစ်နေပြီး တစ်ခါတစ်ရံ မက်ခါများကိုပင် ထိတွေ့ကိုင်တွယ်နေသေးသည်။ ထို့နောက် မင်းသားလေး၏ လှုပ်ရှားမှုများအား လေ့လာနေသော ယွဲ့ကျန့်အား ကြည့်လိုက်သည်။ ယွဲ့ကျန့်၏ မျက်လုံးထဲ၌ မကျေချမ်းမှု တစ်စိုးတစ်စိမျှပင် ရှိမနေဘဲ အလိုလိုက်မှုအချို့ပင် ထင်ဟပ်နေသေးသည်။ ဤမြင်ကွင်းမှာ အလွန်အမင်း ယုတ္တိမတန်ဟု ဂါဗင်ခံစားမိလာသည်။


တော်ဝင်မိသားစုဝင်များအား မက်ခါသိုလှောင်ရုံသို့ ဝင်ခွင့်ပေးကာ မက်ခါများအား ထိတွေ့ခွင့်ပြုခြင်းသည် စခန်း၏ စည်းမျဉ်းများအား ချိုးဖောက်ခြင်း မရှိသောကြောင့် ပြဿနာတစ်ရပ် မဟုတ်ချေ။ သို့သော် ဤတစ်ကြိမ်တွင် ထိုသူများအား ဦးဆောင်လာသူမှာ ယွဲ့ကျန့် ဖြစ်နေသောကြောင့် မယုံနိုင်စရာ ကောင်းလှသည်။


ဂါဗင်က ယွဲ့ကျန့်အား နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်ချေ။

ဒါ တကယ်ပဲ ဘော့စ်လား... လူစားထိုးခံလိုက်ရတာများလား...


လက်နက်တိုက် ၇ ခု၊ ၈ ခု ခန့်အား လေ့လာပြီးနောက် ယီနျိုက မတူညီသည့် ပုံသဏ္ဌာန်ရှိသော မက်ခါ တစ်ဒါဇင်ခန့်အား ကျပန်းရွေးချယ်ကာ ယွဲ့ကျန့်အားပြောသည်။

“ဒါတွေကို အရင်ဆုံး စစ်ဆေးကြည့်ပါ...”


ယွဲ့ကျန့် ခေါင်းညိတ်ကာ ဂါဗင်ထံ လှည့်ပြောသည်။

“စီစဉ်လိုက်...”


မြေအောက်စခန်းမှာ အလွန်ကြီးမားပြီး မက်ခါများအတွက် တိုက်ကွင်း (လေ့ကျင့်ကွင်း)တစ်ခုပင်ရှိသည်။ မက်ခါများ၏ အမှန်တကယ် တိုက်ခိုက်နိုင်စွမ်းအား စမ်းသပ်စစ်ဆေးရန် သူတို့ ထိုနေရာသို့သွားရန် လိုအပ်သည်။


ဂါဗင်က မက်ခါတိုက်ကွင်းသို့သွားရန် ယာဉ်ပျံတစ်ခု စီစဉ်လိုက်သည်။


လမ်းတွင် ယီနျိုမှာ တိတ်ဆိတ်လျက်ရှိပြီး မည်သည်ကို စဉ်းစားနေကြောင်း ယွဲ့ကျန့် မသိရပေ။


ယွဲ့ကျန့်၏ အကြည့်များမှာ ယီနျိုထံတွင်သာ ကပ်ညိနေသည်။


မင်းသားလေးက ဘာတွေများ တွေးနေတာလဲ.. မက်ခါတွေမှာ ပြဿနာရှိနေတာနဲ့ ပတ်သက်နေတာများလား.. ဒီသတင်းတွေကို ဘယ်ကနေ ရလာတာလဲ.. ငါကရော ဘာလို့ သူ့အတွေးတွေကို ကြားရလိုက် မကြားရလိုက်နဲ့ ဖြစ်နေရတာလဲ..


ဂါဗင်က ယီနျိုအားကြည့်ပြီးနောက် ယွဲ့ကျန့်အား ကြည့်လိုက်ပြန်သည်။ ထို့နောက် ရုတ်တရက်ဆိုသလို ယွဲ့ကျန့်အနီး တိုးကပ်သွားကာ တီးတိုးပြောသည်။

“ဘော့စ်... မင်းသားလေးကို တစ်ချိန်လုံးကြည့်နေတာ ငါမြင်တယ်နော်...”


ယွဲ့ကျန့် အကြည့်ပြန်ရုတ်လိုက်ပြီးနောက် ဂါဗင်အားမကြည့်ဘဲနှင့် ပြောသည်။

“ပါးစပ်ပိတ်ထား...”


“ဘော့စ်... ငါ့အထင်တော့ မင်းပြန်လာကတည်းက နည်းနည်းကွေးသွားပုံပဲ...”


ယွဲ့ကျန့် : “?!”


“မင်းဆံပင်ကို ပြောတာပါ...”


ယွဲ့ကျန့်၏ အေးစက်စက်အကြည့်အား မြင်သည့်အခါ ဂါဗင် အလျင်စလိုဖြင့် ဦးခေါင်းအား လက်ညိုးထိုးပြလိုက်သည်။


ထိုသို့ပြောပြီးနောက် စိတ်ထဲမှ တီးတိုးပြောနေမိသည်။


ဘော့စ်က ဒီနေ့ ဖက်ရှင်ကျပြီး ခံ့ညားနေတာ.. မင်းသားလေးကိုလည်း အထူးအရေးပေး ဆက်ဆံနေသေးတယ်... ဖြစ်နိုင်တာက မင်းသားလေးကြောင့် သေသေချာချာ ဝတ်စားထားတာများလား...


ယွဲ့ကျန့် : “…”

“ထွက်သွားစမ်း...”


ယွဲ့ကျန့် ဂါဗင်အား ဆောင့်ကန်လိုက်သည်။

“စကားပြောတာရပ်ပြီး သူများတွေဆီက လေ့လာ...”


သူတို့နှစ်ဦးမှာ အသံခပ်တိုးတိုးဖြင့် ပြောနေကြခြင်း ဖြစ်သော်လည်း ယီနျိုက သူတို့ပြောနေသည့် စကားလုံးအချို့အား အမှတ်မထင် ကြားလိုက်မိသောကြောင့် အပြစ်ရှိစိတ်ဖြင့် ကိုယ်ကိုကျုံ့လိုက်မိသည်။


ယွဲ့ကျန့် ဆံပင်တွေကွေးသွားတယ် ဆိုတာက ငါ့ရဲ့ တိမ်တိုက်လေးကြောင့် မဟုတ်ဘူးလားလို့...


*


ယာဉ်ပျံ၏ မောင်းနှင်နှုန်းမှာ မြန်ဆန်ပြီး လေ့ကျင့်ကွင်းသို့ ၁၀ မိနစ်အတွင်း ရောက်ရှိသွားသည်။


နည်းပညာဌာန၏ ခေါင်းဆောင်မှာ ကျုံးမင်ဖြစ်သည်။ ကျုံးမင်က အင်ပါယာမြို့တော်ကြယ်မှ မျိုးရိုးမြင့်မိသားစုဖြစ်သော ကျုံးမိသားစုဝင်ဖြစ်သည်။ မူလက ကျုံးမင်က မက်ခါ ပြုပြင်ထိန်းသိမ်းရေးခေါင်းဆောင် ဖြစ်သည်။


လွန်ခဲ့သော ၆ လခန့်တွင် နည်းပညာဌာနခေါင်းဆောင်က အားလပ်ရက်ခရီး၌ မမျှော်လင့်ဘဲ သေဆုံးသွားခဲ့သည်။ ကျုံးမင်က ထိုနေရာအား ယာယီလွှဲပြောင်းရယူထားပြီး မက်ခါများ၏ လုပ်ဆောင်မှုအား စတင်ခန့်ခွဲသည်။ ဌာနမှ ခေါင်းဆောင်အသစ် ခန့်အပ်ခြင်းမရှိသေးသောကြောင့် လက်ရှိအချိန်ထိ ယာယီခေါင်းဆောင်ဖြစ်နေဆဲပင်။


ဂါဗင်က ယွဲ့ကျန့်အား လမ်းတစ်လျှောက် ညည်းညူလာသည်။ ကျုံးမင်မှာ အရည်အချင်းရှိသော်လည်း အတော်လေး အထက်စီးဆန် မောက်မာသဖြင့် အတူတကွ တွဲဖက်လုပ်ကိုင်ရန် မလွယ်ကူလှပေ။ နည်းပညာအင်ဂျင်နီယာဌာနမှ အကြီးအကဲတစ်ဦးအား ခေါင်းဆောင်အဖြစ် ခန့်အပ်ပြီး ကျုံးမင်အား ဒု-ခေါင်းဆောင်နေရာ၌ထားရန် မျှော်လင့်နေမိသည်။


ယီနျို သူတို့စကားအချို့အား ကြားမိသော်လည်း စိတ်ထဲမထားပေ။ ထိုအရာများမှာ စခန်း၏ ပြဿနာများဖြစ်သောကြောင့် သူနှင့် သက်ဆိုင်ခြင်းမရှိပေ။ မက်ခါများ၌ ပြဿနာ ရှိ၊ မရှိအား အတည်ပြုရန်သာ ဤနေရာသို့ လာရခြင်းပင်။


မက်ခါနှင့် မက်ခါမောင်းနှင်သူများက ယီနျိုတို့ထက် အနည်းငယ်စောစွာ ရောက်လာကြသည်။ လူတိုင်း နေရာယူကြပြီးနောက် တိုက်ခိုက်မှု စတင်သည်။


မက်ခါမောင်းနှင်သူများအား ဂါဗင်မှ ရွေးချယ်ထားပြီး အားလုံးမှာ ထိပ်ထန်းအဖွဲ့မှ ထိပ်တန်းမောင်းနှင်သူများ ဖြစ်ကြသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ယွဲ့ကျန့်နှင့် မင်းသားလေးအား သူ၏ခွန်အားကို ပြသလိုသည်။


ထို့ကြောင့် ချစ်ကြည်ရေးပွဲစဉ်ဖြစ်သည့်တိုင်အောင် မက်ခါစစ်သည်များက လှပပြီး အံ့ဩဖွယ်ရာ လှုပ်ရှားမှုများဖြင့် စိတ်‌ရောကိုယ်ပါ တိုက်ခိုက်ကြလေသည်။


သို့သော် ယီနျိုနှင့် ယွဲ့ကျန့်တို့က တိုက်ပွဲအနေအထားအား လျစ်လျူရှုထားကြပြီး နှစ်ဦးစလုံးမှာ မက်ခါများ၏ စွမ်းဆောင်ရည်၊ သုံးဖက်မြင် လေ့လာချက်နှင့် ဖန်သားပြင်ရှိ စမ်းသပ်မှုအချက်အလက်များကိုသာ အာရုံစူးစိုက်လျက် ရှိကြသည်။


ပွဲစဉ်ပြီးဆုံးပြီးနောက် ယွဲ့ကျန့်က ယီနျိုအား လှည့်ကြည့်လိုက်သည်။


ယီနျို ‌ခေါင်းယမ်းပြလိုက်ပြီး မည်သည့် မူမမှန်မှုကိုမျှ မတွေ့ရပေ။


ယွဲ့ကျန့်က ဂါဗင်အား နောက်ထပ်ပွဲစဉ်စရန် အချက်ပေးလိုက်သည်။


သို့သော် နောက်ထပ်ပွဲစဉ်ပြီးဆုံးချိန်၌လည်း ယီနျို ခေါင်းယမ်းနေဆဲပင်။


ယွဲ့ကျန့်၏ အမူအရာမှာ မပြောင်းမလဲရှိနေပြီး နောက်ထပ်ပွဲစဉ်စရန် အချက်ပြလိုက်သည်။


ပွဲစဉ်ပြီးဆုံးပြီးနောက် ယီနျို ခေါင်းယမ်းလိုက်သည်။


နောက်တစ်ပွဲပြီးနောက် ယီနျို ခေါင်းယမ်းနေဆဲပင်။


…


ပွဲစဉ် တစ်ဒါဇင်ကျော် တိုက်ခိုက်ပြီးနောက် တစ်ညကုန်ဆုံးလုနီးနီးပင်ဖြစ်သော်လည်း ယီနျို ခေါင်းယမ်းနေဆဲပင်။


မက်ခါစစ်သည်များမှာ ပင်ပန်းရုံသာမကဘဲ စိတ်ရှုပ်ထွေးလျက်ရှိကြသည်။ မင်းသားလေး မည်သည်ကို အလိုရှိကြောင်း သူတို့နားမလည်နိုင်ဘဲ ဖြစ်နေသည်။ စစ်ဆေးသူများမှာလည်း အလွန်နွမ်းနယ်နေကြပြီး ထိုအထဲတွင် ကျုံးမင်၏ စိတ်အခြေအနေမှာ အဆိုးဝါးဆုံးဖြစ်သည်။


ယွဲ့ကျန့် မက်ခါလုပ်ဆောင်ချက်အား စမ်းသပ်မည်ဟု ကြားချိန်တွင် ကျုံးမင်မှာ မပျော်မရွှင် ဖြစ်လာသည်။ ထိုသည်မှာ သူ၏စွမ်းဆောင်ရည်အား မယုံကြည်ခြင်းဟု ထင်မိသည်။ ထိုမက်ခါများအား လွန်ခဲ့သော ၂ ရက်ခန့်ကပင် သူကိုယ်တိုင် စမ်းသပ်ကာ စစ်ဆေးထားခြင်းဖြစ်သည်။ ဘာလို့ ပြဿနာတစ်ခုခု ရှိမှာလဲ…


လေ့ကျင့်ကွင်းသို့ ရောက်ချိန်တွင် မက်ခါများအား စမ်းသပ်လိုသူမှာ ယီနျိုဖြစ်ကြောင်း သိရပြီးနောက် ပို၍ပင် မကျေမနပ် ဖြစ်လာသည်။


ယီနျိုက ဘယ်သူမို့လဲ...

သူက မျက်နှာသာပေးမခံရသော မင်းသားတစ်ပါးသာဖြစ်သည်။ ထိုသူက အင်ပါယာကောလိပ်သို့ပင် တက်ရောက်ဖူးခြင်းမရှိဟု ဆိုကြသည်။ ထိုသို့သောသူမျိုးမှာ မက်ခါအကြောင်း နားလည်နိုင်မည်လား ဟု သူတွေးနေမိသည်။ အင်ပါယာကောလိပ်၌ ကျုံးမင် မက်ခါထုတ်လုပ်မှုအား သင်ယူနေချိန်တွင် အဆိုပါမင်းသားလေးမှာ အထိန်းတော်နှင့် နန်းတော်ထဲ၌ ဆော့ကစားနေဆဲအရွယ်သာ ရှိပေလိမ့်ဦးမည်။


အင်ပါယာမြို့တော်ကြယ်ရှိ မျိုးရိုးမြင့်မိသားစုမှ တိုက်ရိုက်ဆင်းသက်လာသူတစ်ဦးအနေဖြင့် ကျုံးမင်က အာဏာမရှိ၊ မျက်နှာသာပေးမခံရသော မင်းသားတစ်ပါးအား မျက်လုံးထဲပင် မထည့်ချေ။ အပေါ်ယံလေးစားမှုသာလျှင် ရှိသည်။ မည်သို့ပင်ဖြစ်စေ တစ်ခါတစ်ရံ ဧကရာဇ်သည်ပင် မျိုးရိုးမြင့်မိသားစုများအပေါ် မှီခိုရတတ်သည်။


မင်းသားလေးမှာ မက်ခါများအကြောင်း နားလည်ပုံမရဘဲ အရှုပ်များလုပ်နေသည်ကို မြင်ပြီးနောက် ကျုံးမင်၏ မကျေလည်မှုနှင့် အထင်သေးမှုတို့မှာ ဖုံးကွယ်ထားရန်ပင် မဖြစ်နိုင်တော့သည် အခြေအနေသို့ ‌ရောက်လာသည်။


သူ နားမလည်နိုင်သည်မှာ ဗိုလ်ချုပ်ယွဲ့က မည်သည်ကြောင့် မင်းသားလေး ဆော့ကစားနေခြင်းအား ခွင့်ပြုထားရသည်ကိုပင်။


ယွဲ့ကျန့်မှာ ယီနျိုနှင့်အတူ ဆော့ကစားနေခြင်း မဟုတ်ပေ။ ပွဲ‌ပေါင်း တစ်ဒါဇင်ခန့် ကြည့်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခပ်ရေးရေး ခံစားမိလာသည်။


သူ၏အမြင်၌ တိုက်ပွဲအတွင်း ပြုလုပ်မိသည့် အမှားအယွင်းများအား ရှောင်ရှားနိုင်သည် မဟုတ်ပေ။ ထိုအရာများမှာ အမှားအယွင်းများ မဟုတ်ချေ။ မက်ခါစစ်သည်များ၏ စွမ်းဆောင်ရည်မှာ သူမျှော်မှန်းထားသလောက် ရှိမနေခြင်းပင်။


အဓိက အကြောင်းအရင်းက ဤမက်ခါစစ်သည်များမှာ ထိပ်ဆုံး၏ ထိပ်ဆုံးထဲတွင် ပါဝင်ကြသူများ ဖြစ်သောကြောင့် ယွဲ့ကျန့် ပိုမိုမျှော်လင့်ထားမိသည်။


စမ်းသပ်မှု ဒေတာများ၌ မည်သည့်ပြဿနာမျှ ရှိမနေချေ။ အချက်အလက်များမှာ လက်ခံနိုင်သည့် အမှားအယွင်း ပမာဏအတွင်း၌သာ ရှိနေသည်။ ထိုသေးငယ်သည် အမှားများမှာလည်း မောင်းနှင်သူများ၏ အခြေအနေကြောင့်သာ ဖြစ်သည်။ ဆိုရလျှင် လူတိုင်း အနည်းငယ် ပင်ပန်းနေကြပြီးဖြစ်သည်။


သို့သော် အမှားအယွင်းရှိနေသည်ဟု ခံစားနေရဆဲပင်။



Translator's Note : English Translator က တစ်ခါတစ်လေကျ Major General လို့ သုံးပြီး တစ်ခါတစ်လေကျ Commander လို့ သုံးထားပါတယ်။ ယွဲ့ကျန့်ရဲ့ ရာထူးက Major General ဖြစ်ပြီး အခုလက်ရှိ ရှေ့တန်းရဲ့ Commander in chief အနေနဲ့ တာဝန်ယူထားတာ မို့လို့ပါ။ အဲဒါကြောင့် သူရေးထားတဲ့ အသုံး‌ပေါ်လိုက်ပြီး ဗိုလ်ချုပ်ယွဲ့/ တပ်မှူးယွဲ့ ဆိုပြီး ‌ဘာသာပြန်ခဲ့ပေမဲ့ ဒီအပိုင်းကစပြီး ဗိုလ်ချုပ်ယွဲ့ တစ်မျိုးတည်းပဲ သုံးပါတော့မယ်။ ဖတ်ရတာ ရှုပ်သွားမှာစိုးလို့ပါ။



🧜🧜🧜