အပိုင်း ၂၃-၂၄
Viewers 28k

Part 23


ကျန်းဟွမ် ထိုကိစ္စကို ဖုံးပစ်ရန် ပိုက်ဆံ အမြောက်အမြား သုံးခဲ့ရသည်။


ထိုအချိန်တွင် သူသည် အသက် ၅၀ ကျော်သွားခဲ့ပြီဖြစ်သည်။သူ့စိတ်နှင့် ကိုယ်ခန္ဓာ ကျန်းမာရေးဆုတ်ယုတ်လာခဲ့သည်မှာ ယခုလက်ရှိ သူ၏ပုံစံနှင့် လုံးဝ ကွဲပြားနေခဲ့သည်။သို့သော်လည်း သူ့တွင် အမွေဆက်ခံသူ ရှိမလာခဲ့ပေ။


သားသမီး သုံးယောက်ထဲတွင် အကြီးဆုံးသမီးသည် ဆိုဆုံးမရန် ခက်ခဲပြီး အပြင်တွင်သာ ပျော်ပါးနေခဲ့သည်။သမီးအလတ်က အရမ်းသီးသန့်ဆန်ဆန်နေလွန်းကာ အရည်အချင်း နည်းနည်းမှ ရှိမနေသောကြောင့် လူကြီးများရှေ့တွင် တောင့်မခံနိုင်ပေ။


အငယ်ဆုံးသားဖြစ်သူမှာတော့ ဆန်ကုန်မြေလေး လူရမ်းကားအဖြစ်သာ ကြီးပြင်းလာခဲ့သည်။ထိုအချိန်တွင် သူ့သား တကယ်ကို ပျက်စီးနေခဲ့ကြောင်း ကျန်းဟွမ် ဝန်ခံတော့သည်။


သူ၏ နားသယ်မွေးတွင် ဆံပင်ဖြူ အများအပြားရှိနေပြီး ယခုလက်ရှိထက် အရမ်းအသက်ကြီးသည့် ပုံပေါက်နေခဲ့သည်။ကျန်းယန်ရှန့်၏ ဦးလေးနှင့် ပြိုင်ဆိုင်လိုစိတ် သူ့တွင် ရှိနေသေးသည်။သို့သော် ထိုအချိန်တွင် သူလုံးဝ အရှုံးပေးလုနီးပါးပင် ဖြစ်သည်။


မိသားစုမှ ကလေးသုံးယောက်လုံးသည် ကျန်းယန့်ရှန့် ဝမ်းကွဲနှင့် မည်သူမျှ ပြိုင်ဘက် ဖြစ်မလာခဲ့ပေ။အဘွားကျန်း၏ မျက်လုံးထဲရောက်အောင် ဘယ်ကလေးမှ မလုပ်နိုင်ခဲ့သဖြင့် သူမ၏ အာရုံစိုက်မှုကို ရရှိဖို့ ကျရှုံးခဲ့ကြသည်။


အကယ်၍ ထိုအချိန်မှ ကျန်းဟွမ်သာ အခုလက်ရှိအချိန်သို့ ပြန်လည်မွေးဖွားလာပြီး ပြန်ရောက်နိုင်ခဲ့လျှင် သူ နောင်တရနိုင်စွာဖြင့် ကျန်းရှို့ချန်ကို စည်းကပ်တင်းကြပ်ရန် စဥ်းစားပါ့မလားဟု သူမ တွေးမိသည်။


မည်သို့ပင်ဖြစ်စေ ကျန်းဟွမ်တွင် ထိုအတွေးမျိုးရှိလာမည် မဟုတ်ပေ။ကလေးတွေနှင့် ပတ်သက်သမျှကို သူ့အမျိုးသမီးနှင့်သာ လွှဲထားမည် ဖြစ်ကာ သူနှင့် အတူရှိနေသော အမျိုးသမီးမှာလည်း ကလေးတွေကို မည်သို့ ကောင်းမွန်စွာ ကြီးပြင်းလာရန် ပျိုးထောင်ရမည်ကို မသိရှိပဲသာ ဖြစ်နေလိမ့်မယ်။


ကျန်းဟွမ် ပြန်လည်မွေးဖွား မလာသော်လည်း ကျန်းယန်ရှန့်ကတော့ ပြန်မွေးဖွားလာခဲ့သည်။ ထို့ကြောင့် သူမ ဘယ်အရာမှ ဒီတိုင်းလွှတ်မထားနိုင်ပေ။ကျန်းရှို့ချန်၏ သေဆုံးခြင်းကို သူမဂရုမစိုက်သော်လည်း ကျန်းရှို့ချန်ကြောင့် နစ်နာမည့် အပြစ်မဲ့မိန်းကလေးများကို ဒီတိုင်း ထိုင်ကြည့်နေနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။


ကျန်းရှို့ချန်ကြောင့် ဘဝပျက်ခဲ့သော မိန်းကလေးသည် စိတ်ဓာတ်ကျမှုများကြောင့် နှစ်ပတ်အကြာတွင် သတ်သေခဲ့သည်ကို ကျန်းယန်ရှန့် ကြားခဲ့ရသည်။ကျန်းယန်ရှန့် ထိုအရာများကို လျစ်လျူရှုကာ မနေနိုင်ပေ။ကျန်းရှို့ချန် မည်မျှပင် စိတ်အနှောက်ယှက် ဖြစ်စရာကောင်းနေပါစေ သူ့ကို သူမ ရအောင် ထိန်းချုပ်ရမည်ဖြစ်သည်။


“အခုကို သူပစ္စည်းတွေ ခိုးတတ်နေပြီ…အဖေ့အထင် သူက ငယ်သေးတယ်လား…”


 ကျန်းယန်ရှန့် ဆက်ပြောလေသည်။


 “သူ တစ်ယောက်ယောက်ကို သတ်လိုက်တာ.. ဒါမှမဟုတ် အနိုင်ကျင့်တာ…အဆိုးဆုံးက သူ တစ်ယောက်ယောက်ကို မုဒိန်းကျင့်လိုက်ရင်…အဲ့အခါကျ အဖေ သူ့ကို ငယ်သေးလို့ပါဆိုပြီး တွေးနေလို့ မရတော့ဘူးလေ…”


ကျန်းဟွမ် ‌‌ဒေါသထွက်လာပြီး ပြောလိုက်သည်။


 “ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ….”


ကျန်းယန်ရှန့် သူ့ကို စိုက်ကြည့်လိုက်ရင်း ပြောသည်။


 “အဖေ့သားကို ဒီလို ဆက်လွှတ်ထားရင်…သူ ဘယ်လိုလူ အဖြစ်နဲ့ ကြီးပြင်းလာမယ်လို့ အဖေ ထင်လဲ…ဆိုရှယ်လစ်စနစ်နဲ့အညီ သူက ဆက်ခံသူဖြစ်လာမှာလား…ဒီတိုင်းဆက်လွှတ်ထားရင် အဖေ အနှေးနဲ့အမြန် နောင်တရလာမှာမလို့….သမီးက ပြောနေတာ…”


ကျန်းယန်ရှန့် ချဲ့ကား ပြောနေသည်ဟု ကျန်းဟွမ် ခံစားလိုက်ရသည်။ကျန်းရှို့ချန်သည် အမှန်တကယ်ကို အနည်းငယ် ဆိုးသွမ်းသော်လည်း သူသည် အရမ်းမငယ်တော့ပေ။


သို့သော်လည်း ကျန်းယန်ရှန့် ပြောသည်မှာ အဓိပ္ပါယ်မရှိခြင်း မဟုတ်သည်ကိုတော့ ကျန်းဟွမ် သိလေသည်။အယူအဆအရ စည်းကမ်းတင်းကြပ်ခြင်းသည် လိမ္မာသည့်ကလေးများ ဖြစ်လာစေသည်။လူတိုင်းသည်တော့ ထိုသို့ စည်းကမ်းတင်းကြပ်ခြင်းကို မပြုလုပ်နိုင်ပေ။အထူးသဖြင့် မနေ့ညက ကျန်းရှို့ချန်သည် သူ့အဒေါ်မွေးနေ့ပွဲတွင် သူ့ကို မျက်နှာအကြီးအကျယ်ပျက်အောင် လုပ်ခဲ့သည်။


ကျန်းဟွမ် သူ့မေ့စေသူ ပွတ်လိုက်ကာ ပြောသည်။ “ဒါပေမယ့် သူက တကယ်ကို တော်တော်လေး ဆိုးသွမ်းနေတာ…သူ့အမေက ကလေးတွေကို ပျိုးထောင်တဲ့နေရာမှာ သိပ်တော်တာမဟုတ်ဘူး…ဘယ်လိုပဲဖြစ်ဖြစ် သမီးက သူတို့ရဲ့ အမကြီး ဖြစ်နေမှတော့ သမီးပဲ သူတို့ကို သင်ပြလိုက်ပါ…သမီးက သမီးအကြီးဆုံးပဲ…အမကြီး အမိရာ ဆိုပြီး လူတွေပြောကြသလိုပေါ့…အဖေ့အထင် သမီးဒီနေ့ ကောင်းကောင်း ထိန်းချုပ်နိုင်တယ်…နောက်ပြီး သမီးမှာ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး အမြင်ကောင်းရှိတယ်….”


သူ ထိုအကြောင်းကို ပိုတွေးမိလေ ပိုအဆင်ပြေသည်ဟု ခံစားရလေ ဖြစ်သည်။ ကျန်းဟွမ် ဆိုဖာကို ပုတ်လိုက်ကာ “အရမ်းကောင်းတယ်… သိပ်ကောင်းတယ်…သမီး ဒီလိုပဲ အနာဂတ်မှာ သူ့ကို ကောင်းကောင်း ထိန်းချုပ်…”


ကျန်းယန်ရှန့် ကြက်သေသေသွားခဲ့သည်။.


သူမ တွေးထားသည်မှာ ကျန်းရှို့ချန်အတွက် ကျန်းဟွမ် သေချာပေါက် ကာပြောပေးမည်ဖြစ်ပြီး သူမကို ဝင်ရောက်စွက်ဖက်ခွင့် ပေးမည်မဟုတ် ဟူ၍ ဖြစ်သည်။


“သမီး အဖေ့သားကို စည်းကမ်းတင်းကြပ်လိုက်ပါ့မယ်…ဒါပေမယ့် အဖေ့မိန်းမက လုပ်ခိုင်းမှာတဲ့လား…” ကျန်းယန်ရှန့် နှာခေါင်းရှုံ့ လိုက်သည်။


“လုပ်ခိုင်းမှာပါ…” ကျန်းဟွမ် သူ့မေးစေ့ကို ထပ်ပွတ်လိုက်သည်။သူ့ခံစားချက်တွေ တကယ်ကို ကောင်းနေလေသည်။ 


“ အဖေ့အထင် သမီး ဒီနေ့ သူ့ကို ကောင်းကောင်း ကိုင်တွယ်နိုင်တာပဲလေ…. သမီးက တကယ်ကို သမီးအမေရဲ့ ပုံစံတွေ တော်တော်များများ  ရှိနေတာပဲ…”


ကျန်းယန်ရှန့် ရုတ်တရက် ရန်လိုလာခဲ့သည်။


 “ ဘာလို့ သမီးအမေ အကြောင်းက ပါလာတာလဲ…”


သူမအမေ နှင့် လျန့်ယင်းယင်းကို အတူတူထား၍ ပြောလာပြန်သည်။ ကျန်းယန်ရှန့် တကယ်ကို ပေါက်ကွဲမတက် ဖြစ်နေသည်။


“ မပြောတော့ဘူး… အဖေ မပြောတော့ဘူး…”


 ဘယ်အချိန်မှာ ရပ်လိုက်သင့်သလဲ ကျန်းဟွမ် သိပါသည်။ 


“သမီးလည်း သမီးရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်သင့်တယ်..သမီးအဲ့လို မလုပ်နိုင်ဘူးမလား ဒါဆို  နောက်တစ်ခါ သူမကို ရိုက်ဖို့ မရွယ်နဲ့…သမီးကို သူမ  ဒီတစ်ခါ တော်တော်ကြောက်သွားတယ်...အဖေ့အထင် သူမ သမီးကို ထပ်ပြီး ဘာမှပြောရဲမှာ မဟုတ်တော့ဘူး…သူမက တကယ်တော့ သတ္တိနည်းတယ်…"


ကျန်းယန်ရှန့် ပြန်မဖြေပဲ ကျန်းဟွမ်ကိုသာ နားမလည်သလို ကြည့်နေလိုက်သည်။သူမ၏အရင်ဘဝတွင် လျန့်ယင်းယင်းကို သူမ ဆန့်ကျင်ကာ အကြိမ်များစွာ ရန်ဖြစ်စကားများခဲ့သည်။ဘယ်သောအခါမှ ကျန်းဟွမ် သူမနှင့် စကားပြောဖို့ ဦးစွာစတင်လာခြင်း မရှိကာ သူတို့ကို ရင်းနှီးစေချင်သည်မှာလည်း မရှိခဲ့ပေ။


ယနေ့ သူမ လျန့်ယင်းယင်းကို လက်ပါခဲ့ပြီး လျန့်ယင်းယင်း၏ အရှိန်အဝါကို ရက်စက်စွာ ဖိနှိပ်ခဲ့သည်။ထို့နောက် ကျန်းဟွမ် ချက်ချင်း ရောက်လာခဲ့သည်။သူမ နောက်ဆုံးတွင် ကျန်းဟွမ်၏ အကြံကို နားလည်သွားခဲ့သည်။


ကျန်းဟွမ်အတွက် သမီးကြီးနဲ့ သူ့ဇနီးကြားက မဟုတ်မမှန်ပြောဆိုမှုများမှာ အခဲကျေမည်မဟုတ်ကြောင်း သူ ကောင်းစွာ သိလေသည်။ ဒီအမျိုးသမီးနှစ်ယောက် တစ်အိမ်ထဲနေလျှင် အရှေ့လေကလည်း အနောက်လေကို လွှမ်းမိုးတိုက်ခိုက်နေသလို အနောက်လေကလည်း အရှေ့လေကို တိုက်ခိုက်နေမည်သာဖြစ်သည်။ကျန်းဟွမ်အတွက် တကယ်တမ်းတွင်  ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်နေသည်ကို စိတ်ဝင်စားခြင်းမရှိပေ။


သမီးဖြစ်သူက ဇနီးဖြစ်သူကို ဖိနှိပ်ခြင်း ဖြစ်ဖြစ် ၊ ဇနီးဖြစ်သူက သမီးဖြစ်သူကို ဖိနှိပ်ခြင်း ဖြစ်ဖြစ် သူတို့ဟာ ဒီအိမ်ထဲမှာ နေနေကြသည် ဖြစ်သည်။ သူတို့အချင်းချင်း ရိုက်လည်းမရိုက်နိုင်သလို အနိုင်လည်း မကျင့်နိုင်ပေ။တစ်ယောက်က ပျော်ရွှင်ပြီး နောက်တစ်ယောက်က မပျော်ရွှင်နေရုံသာ ဖြစ်သည်။


သို့သော်လည်း ကျန်းဟွမ်အတွက် သူတို့ တစ်ယောက်ကို တစ်ယောက် ထိန်းထားနိုင်သရွေ့ သူပိုပြီး အေးအေးချမ်းချမ်း နေနိုင်မည်ဖြစ်သည်။တိတ်ဆိတ်ခြင်းက သဟဇာတဖြစ်ခြင်း ဖြစ်သည်။ သဟဇာတဖြစ်ခြင်းက ပျော်ရွှင်မှုသာ ဖြစ်သည်။


ဘယ်သူက ဘယ်သူ့ကို ဖိနင်းနေလဲ သူ စိတ်မဝင်စားပေ။ သူက သူ၏ တိတ်ဆိတ်ခြင်း သဟဇာတဖြစ်ခြင်း နှင့် ပျော်ရွှင်မှုကိုသာ လိုလားသည်။သူတို့ထဲမှ တစ်ယောက်က အခြေအနေကို ထိန်းထားနိုင်သရွေ့ အိမ်က ငြိမ်သက်နေပြီး သူလည်း စိုးရိမ်သောက ကင်းကာ အပြည့်အဝ စိတ်ကျေနပ်ရမည် ဖြစ်သည်။


ဤအရာများမှာ အရင်ဘဝက အကြောင်းအရာများသာ ဖြစ်သည်။ ကျန်းယန်ရှန့်အငယ်လေးဟာ လျန့်ယင်းယင်းကို မဖိနှိပ်နိုင်သောကြောင့်  သူမ တဖြေးဖြေး ကြီးပြင်းလာချိန်တွင်ပို၍ အစွန်းရောက်သူ ဖြစ် လာခဲ့သည်။သူမသည် လျန့်ယင်းယင်း အပေါ် ပြင်းထန်သည်ဟုသာ ကျန်းဟွမ်အတွက် သိသာသွားသည်။သူ ငြိမ်အေးတဲ့ ဘဝမှာ မနေရပါလားဟု တွေးသွားစေသည်။ ထို့ကြောင့် နောက်ပိုင်းတွင် လျန့်ယင်းယင်းဘက်ကသာ ကျန်းဟွမ် ရပ်တည်ခဲ့သည်။


မူလကျန်းယန်ရှန့်သည် သူမအဖေ၏ ယောကျာ်းတစ်ယောက်တွင် ရှိသော စိတ်သဘောထားကို နားမလည်နိုင်ခဲ့ပေ။မိသားစုထဲမှ အမျိုးသမီးများ ဖော်ရွေပျူငှာသည့်ဆက်ဆံရေး ရှိကာ အမျိုးသမီးတစ်ယောက်က တစ်ခြားသူတွေနဲ့ ပတ်သက်သမျှ အကုန်စီမံပေးနိုင်ပြီး သူ့ကို ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ခြင်းကို ယူ‌ဆောင်ပေးနိုင်ဖို့ မျှော်လင့်ခဲ့သည်။


သို့သော် ယခု ကျန်းယန်ရှန့် ဒီအချိန်ကို ပြန်ရောက်လာခဲ့ကာ သူမက အကုန်လုံးကို ပိုင်းခြားဝေဖန်တတ်၍ သိမ်မွေ့နက်နဲစွာ တဖန် ပြန်ရောက်လာခဲ့သည်။ရုတ်တရက် သူမသည် ကျန်းဟွမ်၏ မြင်ကွင်းထဲသို့ရောက်လာကာ သူ့အကြံအတွက် သင့်တော်သူ ဖြစ်လာသည်။


ကျန်းယန်ရှန့်အငယ်လေးသည် သူမအဖေ သူမဘက်တွင် ရှိမနေသည့်အတွက် အရမ်းစိတ်ဆိုးဒေါသထွက်ခဲ့သည်။သူမ၏ အစွန်းရောက်သော အပြုအမူများသည် သူမအဖေ သူမကို ပိုကြည့်လာရန် ပိုဂရုစိုက်လာစေရန်သာ ဖြစ်သည်။


xxxxxxxx


Part 24


သို့သော်လည်း ဒီလူဟာ အရမ်း တကိုယ်ကောင်းဆန်သည်။သူသည် ‘သဟဇာတဖြစ်ခြင်း’ နဲ့သာ ဘဝကို နေထိုင်ရန် သူ့စိတ်ထဲတွင် ရှိသည်။ကျန်းယန်ရှန့် ခံစားလိုက်ရသည်မှာ သူအရင်က အဓိပ္ပါယ်မရှိစွာ မဖြစ်နိုင်တာကိုသာ လိုချင်နေခဲ့မိသည်။


သူ့သမီး၏ စူးစိုက်ကြည့်နေခြင်းမှာ ကျန်းဟွမ်ကို အနည်းငယ် ကသိကအောက်ဖြစ်စေသည်။အမြဲ သူမက ကလေးတစ်ယောက်နဲ့ မတူအောင် ‌ကျောချမ်းစရာကောင်းသည်ဟု ခံစားရသည်။


“ပြောစရာကတော့ ဒီလောက်ပဲ…”


 ကျန်းဟွမ် ချောင်းဟန့်လိုက်ပြီး ထရပ်လိုက်သည်။


 “သူတို့ကို အခု စိတ်ထဲ ထားမနေနဲ့…အဖေ အပေါ်ထပ် အရင် တက်နှင့်တော့မယ်…”


သူ့သမီးကို နှစ်သိမ့်ပေးပြီးနောက် သူဟာ အဖေကောင်းတစ်ယောက် ဖြစ်သည်ဟု ခံစားလိုက်ရသည်။သူ့ရပ်တည်ချက်ကို ပြောင်းလဲရန် အစီစဥ် ချလိုက်သည်။ဒီတစ်ခါ သူ့သမီးကြီးက သူ့ကို အရင် လက်လျှော့လိုက်သည်ကိုတော့ သူမသိပေ။


ကျန်းယန်ရှန့် ဒီလူ့အပေါ် ဘာမှ ထပ်ပြီး ခံစား‌နေတော့မည် မဟုတ်ပေ။သူထွက်သွားတော့မှာကို သူမ ကြည့်နေလိုက်သော်လည်း ရုတ်တရက် သူ့ကို ရပ်သွားအောင် သူမ လုပ်လိုက်သည်။


“ကျန်းဟယ်လင်းက မကြာခင် လေးတန်းတက်ရတော့မှာမလို့ မုန့်ဖိုးရသင့်တယ်…သမီး သုံးတန်းရောက်တော့ အမေက သမီးမုန့်ဖိုးတွေကို သမီးကိုယ်တိုင် သိမ်းထားခိုင်းပြီ..”


ကျန်းဟွမ် အခုထိ ထိုကိစ္စအပေါ် ထင်မြင်ချက်တစ်ခု ရှိနေသေးသည်။ထိုအချိန်က သူ့ဇနီး သူ့ကို ပြောခဲ့သည်။ 


“ ကျွန်မ ဘယ်အချိန် လက်လျှော့မိမယ် မသိဘူး..ရှင်ကလည်း ကိုယ့်ကလေးကိုယ် ဂရုစိုက်နိုင်တဲ့သူ မဟုတ်ဘူး…အဲ့တာကြောင့် ယန်ယန် ပိုက်ဆံကို ဘယ်လို စီမံရမယ်ဆိုတာ သိသင့်တဲ့ အချိန်ကျပြီ…”


ထိုသို့ပြောသောအခါ ဓာတုကုထုံးကြောင့် ဆံပင်အမြောက်အမြား မရှိတော့တဲ့ သူ့ဇနီးကို သူ ငြင်သာစွာ နှစ်သိမ့်ပေးခဲ့သည်။သိပ်မကြာခင် သမီးကြီးသည် သူ့ မုန့်ဖိုးအား သူကိုယ်တိုင် ကိုင်တွယ်သုံးစွဲခွင့် ရလေသည်။ သူမ ကောင်းမွန်စွာ စီမံတတ်ပုံလည်းပေါ်သည်။


ကျန်းဟွမ် အနည်းငယ် အံ့သြသွားခဲ့သည်။ သမီးကြီးသည် ညတွင်းချင်း အရွယ်ရောက်လာသလို ထင်ရသည်။ သူ့မောင်လေးကို ဆုံးမရုံသာမက သူ့မိထွေးကို ဖိနှိပ်နိုင်ပြီး သူ့ညီမလေးအတွက်လည်း ဂရုစိုက်ပေးသည်။ဒီအရာက သူမြင်ချင်တဲ့ မိသားစုပုံစံသာ ဖြစ်သည်။


“ ကောင်းပြီလေ.. အဲ့ဒါဆို အဖေ…” 


ကျန်းဟွမ် ခနလောက် တွေးကြည့်လိုက်သည်။အရင်က ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်းကို လျစ်လျူရှုထားခဲ့သည်။ဒီညီမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးအောင် ဒါက အခွင့်ကောင်းပဲ ဖြစ်သည်။ သူပြောလိုက်သည်။


 “အဖေက အလုပ်များတယ်…သမီးဘာလို့ မလုပ်ပေးလဲ.. သမီး ညီမအတွက် ကဒ်တစ်ခု လုပ်ပေးပြီး သမီးက သူငွေသုံးတာကို စောင့်ကြည့်လိုက်ပေါ့,...သမီး ဘယ်လိုသဘောရလဲ…”


“သမီး လုပ်ပေးနိုင်တယ်…” ကျန်းယန်ရှန့် ပြောသည်။


 “အဲ့ဒါဆို  အဖေ သမီးကို  တစ်လစာ နောက်ထပ် 50,000 ထပ်ပေးရမယ်…”


“ကောင်းပြီ…” ကျန်းဟွမ် သဘောတူလိုက်သည်။ “ဟယ်ဟယ် က အခုထိ ငယ်သေးတယ်… သမီး သူ့ကို ပိုက်ဆံအများကြီး မသုံးစေနဲ့…”


“အဖေ သမီးနဲ့ လွှဲထားမှတော့…ဒီကိစ္စကို စိတ်မပူပါနဲ့…” ကျန်းယန်ရှန့် နှာခေါင်းရှုံ့ကာ


 “ အဖေ့ မိန်းမကိုသာ ကလေးတွေကို မရိုက်ဖို့ သတိပေးလိုက်.. ကျန်းရှို့ချန်ကလွဲလို့ပေါ့…နောက်ပြီး ကျန်းဟယ်လင်းကို မရိုက်ဖို့..ဆွဲမဆိတ်ဖို့လည်း ပြောလိုက်အုံး…သူမရဲ့ တောဆန်တဲ့ အကျင့်စရိုက်တွေကိုလည်း တတ်နိုင်သမျှ မြန်မြန် ပြင်ဖို့ရော ပြောလိုက်အုံး…”


လျန့်ယင်းယင်း အပြုအမူတွေကို ကျန်းဟွမ်လည်း သဘောမကျနေပေ။ကျန်းယန်ရှန့် ပြောသလိုဆို အနည်းငယ် မျှော်လင့်ချက် ရှိသေးသည်။မဟုတ်ပါက သူမသည် သူနဲ့ မည်သို့မှ လိုက်ဖက်နေခြင်း မရှိသောကြောင့် ဖြစ်သည်။သူအရင်က သူ့ကလေးများအပေါ် ဂရုစိုက်ခြင်း မရှိခဲ့သော်လည်း ကျန်းယန်ရှန့် ဒီနေ့‌ပြောလာသောအခါ လျန့်ယင်းယင်းသည် သားနှင့်သမီးကို ကောင်းကောင်း မသွန်သင်နိုင်သည့် အမေတစ်ယောက်ဟု ခံစားလိုက်ရသည်။


အရင်အချိန်များတွင် လျန့်ယင်းယင်းသည် သူနှင့် အပြင်သာသွားနေခဲ့ပြီး သူမက ငယ်ရွယ်ကာ လှပသည်။ ထို့ကြောင့် သူမကို သူ တုန်နေအောင် ချစ်သည်။သို့သော် လျန့်ယင်းယင်းသည် ယခု မစ္စကျန်း ဖြစ်နေပြီ ဖြစ်သည်။ကလေးတွေကို သင်ကြားပေးရာမှာ သူ့ကို သူမ ကူညီသင့်သည်။မည်သို့ပင်ဖြစ်စေ လျန့်ယင်းယင်းမှာ အရင်ကနှင့် တစ်ပုံစံတည်းပင် စျေးဝယ်ထွက်သည် ဖြီးလိမ်းပြင်ဆင်သည် ကတ်ကစားသည် နောက်ပြီး နေရာတိုင်းတွင် ပျော်ပါးနေသည်။သူမ၏ ဂုဏ်ပုဒ်မှာ အငယ်အနှောင်းမှ ဇနီးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း အဆင့်အတန်းမှာ ရင်ပေါင်မတန်းနိုင်ခဲ့ပေ။


ကျန်းဟွမ် ထိုအရာကို မကျေနပ်နိုင်ပေ။


သို့သော်လည်း မနေ့ နှင့် ယနေ့တွင် သူ့သမီးကြီးအပေါ် မမျှော်လင့်ထားပဲ စိတ်ကျေနပ်ခဲ့သည်။ဒီကလေးတွင် သူ့အမေ၏ ပြုမူပြောဆိုပုံများ တွေ့ရပြီး ရုတ်တရက် ရင့်ကျက် ကြီးပြင်းလာလေသည်။ကျန်းဟွမ် အပေါ်ထပ်သို့ စိတ်သက်သာရာရစွာ တက်သွားလိုက်သည်။ .သူ့သမီးကြီးကို သူမ ဘာကြောင့် ဒီလောက် အင်အားကြီးလာလဲဆိုသည်ကို မေးရန် သူမေ့နေခဲ့သည်။


သူမ ကလေးဘဝတွင် ပြိုင်ပွဲတိုင်းကို ဝင်ပြိုင်ကာ သူမအမေကို ဂုဏ်ပြုမှတ်တမ်းများနှင့် ဆုများစွာကို သူ့အမေ စိတ်ကျေနပ်စေရန် ယူပေးခဲ့သည်။ သို့သော် သူ့ဇနီး သေဆုံးပြီးနောက် သူမ ပြိုင်ပွဲတိုင်းတွင် မနိုင်တော့ကာ နောက်ပိုင်းတွင် အိမ်သို့ ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ပြန်လာခြင်း မရှိတော့ပေ။


ကြည့်ရသည်မှာ သူမ အချိန်အတော်ကြာ လေ့ကျင့်ထားခဲ့ခြင်း ဖြစ်မည်။သူမ သင်ယူထားသည်များတွင် မည်မျှ ပါရမီပါသည်ကို သူဂရုစိုက်ခြင်းလည်း မရှိသောကြောင့် ဖြစ်သည်။။သူ မသိခင်အချိန်အတွင်းတွင် ကလေးမလေးဟာ ဤမျှ အင်အားကြီးလာမည်ဟု မည်သူမှလည်း ထင်မည် မဟုတ်ပေ။


ကျန်းယန်ရှန့် သူ ထွက်သွားသည်ကို ကြည့်လိုက်ပြီးနောက် တံခါးကို ‘ဘမ်း’ခနဲ မြည်အောင် ပိတ်လိုက်သည်။သူမ ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ပြီး သူမ လက်များကို လိမ်ယှက်ကာ အကြောဆန့်လိုက်လေသည်။


သူမ ကလေးဘဝတုန်းက သူမအမေ သင်စေခဲ့သော စန္ဒရား ၊စစ်တုရင် ၊လက်ရေးလှ နှင့် ပန်းချီစွမ်းရည်များမှာ ကြာလာသောအခါ မေ့သွားပြီဖြစ်သည်။သူမ ကျောင်းသင်ခန်းစာတွေတောင် မမှတ်မိတော့သဖြင့် ထိုသင်ခန်းစာကို သူမ မမှတ်မိပေ။တိုက်ကွမ်ဒို နှင့် တရုတ်လက်ဝှေ့ထိုးနည်းတို့သာ မေ့မသွားခြင်း ဖြစ်သည်။ထိုအားကစား နှစ်ခုမှာ ထွက်ပေါက်ရှာရန် တကယ် ကောင်းမွန်သည်။သူမ ရင်ဘတ်ထဲမှ စိတ်ဓာတ်ကျခြင်းနှင့် ရန်လိုစိတ်များကို ထိုးခြင်း ကန်ခြင်းဖြင့် ပြေလျှော့စေသည်။သူမ နောက်ပိုင်းတွေ့သည့် နည်းပြများမှာ ကျွမ်းကျင်အဆင့် ကစားသမားများဖြစ်သည်။ သူမကိုယ်တိုင်လည်း ကျွမ်းကျင်အဆင့်သို့ ကောင်းစွာ ရောက်နေပြီ ဖြစ်သည်။


သို့သော် ယနေ့ သူမ ခွန်အားမှာ တကယ်ကို အံ့သြစရာကောင်းအောင် သန်မာကြောင်း သိလိုက်ရသည်။ထိုအရာမှာ ၁၅နှစ်အရွယ် မိန်းကလေးတစ်ယောက်မှာ မရှိနိုင်ရုံသာမက ၂၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်တွင် ရှိနိုင်သော ခွန်အားလည်း မဟုတ်ပေ။ဒီခွန်အားမျိုးသည်း ယောကျ်ားအများကြီး၏ ခွန်အားနှင့် ညီမျှသည်။ပြန်လည်မွေးဖွားလာခြင်းက သန်မာတဲ့ခွန်အားတွေပါ တပါတည်း ပါလာခြင်းများ ဖြစ်နိုင်မလား သူမတွေးနေမိသည်။


နောက်နေ့ မနက်တွင် ကျန်းဟွမ် ကော်ဖီတခွက်ကို ကိုင်ထားကာ သေချာလေ့ကျင့်ထားသည့် သူ့သမီးအကြီးဆုံးအား ကြည့်နေသည်။ပစ်မှတ်ကို ထိသည့် လက်အိတ်သံက မနက်စောစောတွင် စည်းချက်ညီစွာ လှပနေသည်။သမီးဖြစ်သူသည် ရင့်ကျက်လာပြီး စဥ်းစားချင့်ချိန်တတ်လာသည်။


ကျန်းဟွမ် ကုမ္ပဏီသို့ စိတ်ကြည်လင်စွာဖြင့် သွားလိုက်သည်။


ကျန်းယန်ရှန့် ရေချိုးပြီးနောက် မနက်စာစားချိန်တွင် လျန့်ယင်းယင်း နှင့် ကျန်းရှို့ချန် ကို မတွေ့မိပေ။လျန့်ယင်းယင်းသည် ပုံမှန်အားဖြင့် ၁၀နာရီ ၁၁နာရီ လောက်မှ ထလေသည်။ ကျန်းရှို့ချန်မှာ အခုထိ မနိုးသေးသလား သွားဆော့ နေသလား သူမ သိပေ။ 


မနက်စာစားချိန်တွင် အလွန် တိတ်ဆိတ်နေသည်။ကျန်းဟယ်လင်းမှာ စိတ်အားထက်သန်စွာ ကျန်းယန်ရှန့်အား စကားပြောရန် ကြိုးစားနေသော်လည်း ကျန်းယန်ရှန့်မှာ မျက်လွှာချကာ ဖြေးညင်းစွာ စားနေလေသည်။ ထို့ကြောင့် ကျန်းဟယ်လင်းမှာ မနှောက်ယှက်ပဲ ငြိမ်သက်စွာသာ မနက်စာ စားသည်။


မနက်စာ စားပြီးသောအခါ ကျန်းရှို့ချန်ကို ထိန်းပေးသည့် အန်တီဝမ့်ကို ကျန်းယန်ရှန့် အိမ်ရှေ့ခန်းသို ခေါ်လိုက်သည်။


“ရှင် အမြဲတမ်း ကျန်းရှို့ချန်ရဲ့ နေ့စဥ်လုပ်တာတွေကို ပြန်ပြောပြရမယ်…” သူမ ဆက်ပြောသည်။


 “ ကျမ တောင်းဆိုချင်တာက သူ့ကို မနက်ခင်းမှာ အိမ်စာလုပ်ခိုင်းရမယ်…နောက်ပြီး ရှင် အဲ့ဒါကို ကြီးကြပ်ရမယ်…”


သူမ ကျန်းဟယ်လင်းကို လှမ်းကြည့်လိုက်ပြီး အလုပ်တစ်ခုပေးလိုက်သည်။ 


“ကျန်းဟယ်လင်းက အဲ့ဒါတွေကို စစ်ဆေးလိမ့်မယ်…”


ကျန်းဟယ်လင်း အံ့သြတကြီး မေးလိုက်သည်။ “ညီမလေးကလား…”


“ဟုတ်တယ်…” ကျန်းယန်ရှန့် ပြောသည်။


 “သူ အချိန်မှီမ‌ရေးဘူးဆိုရင် နင် ငါ့ကို ချက်ချင်း လာပြောရမယ်…”


ကျန်းဟယ်လင်း ချက်ချင်း ကတိပေးလိုက်သည်။ “ဟုတ်..စိတ်ချပါ…”


ကျန်းယန်ရှန့် ခေါင်းကိုလှည့်ကာ အန်တီဝမ့်ကို ပြန်ကြည့်လိုက်သည်။သူမ စိုက်ကြည့်နေသည်မှာ အရမ်းကို အေးစက်လွန်းသောကြောင့် အန်တီဝမ်သည် သူမ၏ လက်များကို လိမ်ယှက်နေသည်ကို မရပ်တန့်နိုင်ကာ လည်ချောင်းရှင်းလိုက်လေသည်။ 


“မနေ့က ကျွန်မအဖေက ကျန်းရှို့ချန်ကို စောင့်ကြည့်ဖို့ ကျွန်မကို ညွှန်ကြားခဲ့ပြီးပြီ..အရင်က ဘာတွေဖြစ်ခဲ့လဲ ကျွန်မ စိတ်မဝင်စားဘူး…အခုကစပြီး ရှင် ကျွန်မအတွက် သူ့ကို မျက်စိဒေါက်ထောက် ကြည့်ပေးရမယ်…အိပ်ချိန်မှာ အိပ်ခိုင်းပြီး စာလုပ်ချိန်မှာ စာလုပ်ခိုင်းရမယ်…သူ့အိမ်စာတွေကို ကူပေးဖို့ မေးလာရင်လည်း မလုပ်ပေးနဲ့…အကယ်၍ ရှင် သူ့ဆီကနေ ပိုက်ဆံယူပြီး လုပ်ပေးမယ်ဆိုရင်….”


ကျန်းဟယ်လင်း အန်တီဝမ့်ကို အံ့သြစွာ ကြည့်လိုက်သည်။အန်တီဝမ့်မျက်နှာတွင်လည်း အံ့သြသွားသော အမူအရာမှာ ဖုံးကွယ်၍မရအောင် ပေါ်နေခဲ့သည်။


“ကျန်းဟယ်လင်း‌တောင် ပိုက်ဆံမကိုင်ရသေးဘူး…ကျန်းရှို့ချန်က ဘယ်ကနေ ပိုက်ဆံရတာလဲ..”


 ကျန်းယန်ရှန့် မျက်လုံးများမှ စူးရှနေသည်။ 


“ရှင် ကလေးတွေကို ခိုးဖို့ပြောတယ်..နောက်ပြီး အလုပ်ရှင်ရဲ့ ပစ္စည်းတွေကို မပေးပဲ ယူတယ်… ဒါတွေက ရှင်ထောင်ထဲမှာ နှစ်နှစ်လောက်နေရအောင် လုပ်လို့ရတဲ့ အရာတွေပဲ..…” 


အန်တီဝမ့်မျက်နှာ ဖြူဖျော့သွားသည်။ကျန်းရှို့ချန် အိမ်စာများကို ကူလုပ်ပေးပြီး ပိုက်ဆံယူသည်ကို ကျန်းယန်ရှန့် မည်သို့ သိသွားသည်ကို  သူမ မသိတော့ပေ။


xxxxxxxx