Part 25
ကျန်းရှို့ချန် ဖုန်းပြောနေသည်ကို ကျန်းယန်ရှန့် မတော်တဆ ကြားလိုက်ရခြင်းဖြစ်သည်။သူပြောနေသည်မှာ အိမ်စာများ လုပ်ပေးရန် တစ်စုံတစ်ယောက်ကို ပိုက်ဆံပေး၍ ခိုင်းမည်ဟူ၍ ဖြစ်သည်။
ကလေးဘဝတွင် လုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း သူ အထွန့်တက်ခဲ့သည်။မူလတန်း အိမ်စာများမှာ လွယ်ကူသောကြောင့် ပိုက်ဆံပေးလျှင် အရင်အလုပ်သမား အန်တီမှာ ကူ၍လုပ်ပေးလေသည်။ကျန်းရှို့ချန် ပထမတန်းမှစ၍ အိမ်စာများကို သူမ ရေးပေးသည်။သို့သော် ထိုအရာမှာ အချိန်ကြာကြာ အလုပ်မဖြစ်ခဲ့ပေ။ထိုအန်တီသည် အဆင့်မြင့်ပညာရေးစနစ်ကို မသင်ယူခဲ့ရသောကြောင့် အထက်တန်းအိမ်စာများအား ကူရေးမပေးနိုင်တော့ပေ။
ကျန်းရှို့ချန်၏ အိမ်စာများကို ကြီးကြပ်ပေးရန် အန်တီဝမ်အား ကျန်းယန်ရှန့် ပြောလာသောအခါ အန်တီဝမ်သည် အလေးအနက်ထားခြင်း မရှိပေ။မိဘနှစ်ပါးလုံး ရှိနေသေးသောကြောင့် ကျန်းရှို့ချန်၏ကိစ္စများကို ကျန်းယန်ရှန့် ကိုင်တွယ်မည်မှာ မဖြစ်နိုင်ပါဟု သူမ တွေးလိုက်သည်။ထို့အပြင် ကျန်းယန်ရှန့်သည် ကလေးအမေတစ်ယောက်တောင် မဖြစ်လာသေးပေ။
သူမ၏ လုပ်ဆောင်ချက်များကို ကျန်းယန်ရှန့် မည်သို့ အတိအကျ သိနေသည်ကို သူမ စဉ်းစား၍မရ ဖြစ်နေသည်။
ကျန်းဟယ်လင်း ခြေထောက်ဆောင့်လိုက်ပြီး "သူ့အိမ်စာတွေကို ရှင် ဘယ်လိုတောင် ကူလုပ်ပေးရဲတာလဲ….ဒါက သူ့ကို ထိခိုက်နစ်နာအောင် လုပ်နေတယ်ဆိုတာကို ရှင် မသိဘူးလား…."
ကျန်းဟယ်လင်းမှာ စိုးရိမ်နေပြီး ဒေါသထွက်နေသည်။သွေးသားတော်စပ်မှုအရ ကျန်းရှို့ချန်သည် သူ့မောင် ဖြစ်နေသောကြောင့် သူမ အရေးစိုက်သေးသည်။ထို့ကြောင့် သူမ ဤအရာများကို ကြားရသောအခါ စိုးရိမ်ပူပန်လာသည်။
"သုံးတန်းကလေးတောင် ဒါက မလုပ်သင့်ဘူးဆိုတာ နားလည်သေးတယ်….ရှင့်လို လူကြီးတစ်ယောက်က ဘာလို့ နားမလည်တာလဲ…."ကျန်းယန်ရှန့် နှာခေါင်းရှုံ့လိုက်သည်။
သူမ၏ မျက်လုံးထဲမှ လှောင်ပြောင်သရော်နေမှု နှင့် အထင်သေးမှုကို ထင်ရှားစွာ မြင်လိုက်ရသောအခါ အန်တီဝမ် အလွန်အမင်းချွေး ထွက်လာခဲ့သည်။
အကယ်၍ သူမ ကလေးကို သူမကိုယ်တိုင် ပျိုးထောင်ရလျှင်လည်း သူမကလေး၏ အိမ်စာကို ကူလုပ်ပေးချင်သည့်သူ ရှိလျှင် သူမကလေးနောက်သို့ တံမြက်စည်းဖြင့် လိုက်ရိုက်မိမည်ဖြစ်သည်။ထို့ကြောင့် သူမ ဤအရာကို သေချာပေါက် နားလည်လေသည်။
သို့သော် မကောင်းဆိုးဝါးလေး ကျန်းရှို့ချန်သည် ငွေစက္ကူအနီ တစ်အုပ်ကို ကိုင်၍ သူမကို ကူရေးပေးမလား မေးလာခဲ့သည်။အိမ်စာတစ်ခါရေးပေးလျှင် ယွမ်တစ်ရာပေးသောအခါ လွယ်လွယ်ကူကူရမယ့်ငွေကို အန်တီဝမ် မငြင်းနိုင်တော့သောကြောင့် ဖြစ်သည်။
မိဘများက ကလေးများကို အမြဲစောင့်ကြည့်နေသော အိမ်တွင်တော့ သူမ ဒီလို လုပ်ရဲမည် မဟုတ်ပေ။သို့သော်လည်း ကျန်းမိသားစုတွင် ယောက်ျားများမှာ အပြင်တွင် ငွေရှာရန်သာ ဂရုစိုက်ပြီး မိန်းမများမှာလည်း အချိန်တိုင်း ပြင်ဆင်ခြယ်သရန်သာ နှစ်သက်ကြသည်။သူတို့ အပြင်သွားသောအခါ ကလေးများအား ကလေးထိန်းများဖြင့်သာ လွှတ်ထားတတ်သောကြောင့် သူမတွင် သတ္တိအလုံအလောက် ရှိခဲ့သည်။
သူမ အလုပ်ရှင်သည် ထိုအကြောင်းအရာများကို အနှေးနဲ့အမြန် ရှာတွေ့လာမည်ကို အမှန်တကယ် မသိရှိခဲ့ခြင်း ဖြစ်သည်။သို့သော် လူတွေဟာ မက်လုံးကို မြင်လျှင် ကြာကြာတောင့်မခံနိုင်ပေ။
ယခုအချိန်တွင်တော့ ကျန်းယန်ရှန့်သည်သူမအကြောင်း ဖော်ထုတ်ကာ ချိန်းခြောက်လာလေသည်။အန်တီဝမ့်မျက်နှာတွင် သွေးမရှိတော့သယောင် ဖြူဖျော့သွားသည်။
သူမအလုပ်ပြုတ်ပါက အလုပ်သစ်တစ်ခု ထပ်ရှာနိုင်သည်ဖြစ်သော်လည်း သူမ ပိုက်ဆံတွေကို ဆုံးရှုံးလိုက်ရပြီး ထောင်ထဲဝင်ရမည်ကို သူမ မလိုလားပေ။
ကျန်းယန်ရှန့် ရုတ်တရက် နှာခေါင်းရှုံ့လိုက်သည်။သူမ နှုတ်ခမ်းများ ကော့တက်သွားကာ ပြောလိုက်သည်။
"ခုနက ပြောလိုက်သလိုပဲ...အရင်က ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျွန်မ စိတ်မဝင်စားဘူး...အခုကစပြီး ကိစ္စတိုင်းကို ကျွန်မ ကိုင်တွယ်မယ်…ရှင် ကျွန်မပြောတာ နားလည်လား…."
သူမ ထိုသို့ပြောလိုက်သောအခါ အန်တီဝမ် စိတ်သက်သာရာရသွားသည်။သူမ အလျင်အမြန် ခေါင်းငြိမ့်လိုက်ပြီး "ကျွန်မ နားလည်ပါတယ်…..ကျွန်မ နားလည်ပါတယ်….."
ကျန်းယန်ရှန့် မေးလိုက်သည်။ "ကျန်းရှို့ချန် ဘယ်မှာလဲ….သူ အိပ်ယာထပြီလား…."
"သူ အိမ်နောက်ဖေးမှာ ဆော့နေတယ်…ကလေးဆိုတော့ အစောနိုးပြီး မနက်စာလည်း အစောကတည်းက စားထားတယ်…."
ကျန်းယန်ရှန့် ဘာမှဆက်ပြောခြင်းမရှိပဲ နံရံကိုသာ စူးစိုက်ကြည့်နေသည်။ထို့နောက် အန်တီ့ဝမ့်ကို ကြည့်လိုက်သဖြင့် အန်တီဝမ်သည် လိမ္မာပါးနပ်စွာ ပြောလာသည်။
"အခုက စာလုပ်ချိန်ရောက်ပြီ...ကျွန်မ သူ့ကို အခုချက်ချင်း သွားခေါ်လိုက်ပါ့မယ်…."
အန်တီဝမ် အိမ်နောက်ဖေးသို့ ပြေးသွားလေသည်။
ကျန်းဟယ်လင်း ပြောသည်။
"မမ...ဒီအန်တီနဲ့ လွှတ်ထားလို့ ဖြစ်မှာမဟုတ်ဘူး...အဖေ့ကို ဒီအကြောင်းပြောပြီး သူ့ကို အလုပ်ဖြုတ်ခိုင်းရအောင်…."
ကျန်းယန်ရှန့် မျက်လုံးများမှာ ဓားတစ်ချောင်းကဲ့သို့ ချွန်ထက်သွားကာ "နင် ဒီကိစ္စကို အာရုံစိုက်ဖို့ ဘယ်သူက ခွင့်ပြုလို့လဲ…."ကျန်းဟယ်လင်း ရုတ်တရက် မျက်နှာညှိုးသွားသည်ကို မြင်သော် ကျန်းယန်ရှန့် ချက်ချင်း နောင်တရသွားသည်။
ကျန်းယန်ရှန့် သေဆုံးချိန်တွင် ကျန်းဟယ်လင်းသည် ဆယ့်ငါးနှစ်ပြည့်ပြီးရုံသာ ရှိသေးသည်။သူမက ငယ်ရွယ်၍ တောက်ပသော ကလေးတစ်ယောက် ဖြစ်လာသင့်ေသာ်လည်း သူမ၏ အပြုအမူများမှာ အကောင်းကြီးမဟုတ်ပေ။သူမသည် စကားပြောရန် မဝံ့ရဲသလို သူမကိုယ်သူမလည်း မဖော်ပြတတ်ကာ အနည်းငယ် နှိမ့်ချလွန်းသည်။
တဲ့တိုးပြောရမည်ဆိုပါက သူမတွင် သရဲဘောေကြာင်သော ပင်ကိုယ်စရိုက်ရှိသည်။အချိန်မရွေး ပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံးသဖွယ် ကျန်းယန်ရှန့် နှင့် အထိန်းအကွပ်မဲ့သော မကောင်းဆိုးဝါးလေး ကျန်းရှို့ချန် တို့နှင့် ယှဉ်လျှင် ကျန်းဟယ်လင်းမှာ ရိုးစင်းကာ အသက်ရှင်သန်နိုင်ေရးအတွက် ဆင်ခြင်တုံတရား ရှိမနေခဲ့ပေ။အိမ်အကူများက သူမအပေါ် သိပ်အလေးအနက် မထားသော်လည်း ထိုသို့သော လူမျိုးသည် မိသားစု၏ အချိန်အတော်ကြာ လျစ်လျူရှုမှုကို ခံစားရပြီး သေးသိမ်ေနကာ သူမအမေ၏ အပြစ်တင်ဆုံးမမှုများကို အပျိုပေါက်အရွယ်တွင် အချိန်တိုင်း ခံစားခဲ့ရသည်။
သူမ ထိုအရာများကို ခေါင်းထဲထည့်၍ စဉ်းစားမိခြင်း မရှိခဲ့သလို ရှေ့နောက် မစဉ်းစားကာ ပြောလာသည့်အချိန်တွင်လည်း လျစ်လျူရှုထားခဲ့မိသည်။
မည်သူ့ အာရုံစိုက်မှုမှ မရခဲ့သည့် ညီမအငယ်သည် သူမ၏ ဈာပနတွင် တိတ်တဆိတ် ငိုကြွေးနေမည်ကို တွေးလိုက်မိသောအခါ ရန်လိုတတ်သော အမကြီးဖြစ်သည့် ကျန်းယန်ရှန့်သည် သူ့စိတ်နှလုံးတွင် အပြစ်မကင်းကြောင်း ခံစားခဲ့ရသည်။
သူမရှေ့တွင်ရှိသော အဖေတူအမေကွဲ ညီမသာလျှင် သူမ၏သေဆုံးမှုကြောင့် အမှန်တကယ် ဝမ်းနည်းသည့် တစ်ယေက်သောသူ ဖြစ်သည်။
သို့သော် ကျန်းယန်ရှန့်သည် ဆိုးရွားသည့် အကျင့်စရိုက်ရှိကာ ဘယ်သောအခါမှ တောင်းပန်ခြင်း မရှိပေ။ကလေးမလေးသည် ခေါင်းကိုငုံ့ထား၍ နှုတ်ခမ်းကိုက်နေသည်ကို တွေ့သောအခါ ကျန်းယန်ရှန့် မျက်နှာလွှဲကာ အဝေးသို့ကြည့်လိုက်သည်။
သို့သော်လည်း သူမသည် ပြန်လည်မွေးဖွားလာသူ ဖြစ်ကာ၂၁နှစ်အရွယ် လူကြီးတစ်ယောက်သာ ဖြစ်သည်။မူလတန်းအရွယ် ကလေးတစ်ယောက်နှင့် စကားပြောသောအခါ သူမ အနေခက်နေသေးရန် လိုအပ်သလားဟု သူမတွေးနေမိသည်။
ကျန်းယန်ရှန့် မျက်နှာကြတ်ကို ခဏမျှ စူးစိုက်ကြည့်နေပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ကာ သူမခေါင်းကို တစ်ဖက်သို့ လှည့်လိုက်၍ မာတောင့်တောင့် ပြောလိုက်သည်။
“နင်ပြောတာက မှားတော့မမှားဘူး…”
ကျန်းဟယ်လင်း ခေါင်းမော့လာပြီး သူမ၏မျက်နှာမှာ ပန်းရောင်သန်းကာ မျက်လုံးများမှာ မျက်ရည်ဝဲနေလေသည်။ကျန်းယန်ရှန့် နှလုံးသားလေးဟာ လုံးဝကို ပျော့ပျောင်းသွားတော့သည်။
“သူမကို နှင်ထုတ်လို့ရတယ်…ဒါပေမယ့် သူထွက်သွားရင် ကျန်းရှို့ချန်ကို ထိန်းမယ့် နောက်ထပ် လူတစ်ယောက် ရှာရလိမ့်မယ်…” ကျန်းယန်ရှန့် ပြောလိုက်သည်။
“ကျန့်ရှို့ချန်ရဲ့ အကျင့်ဆိုးတွေကို…အသစ်လာမယ့်အန်တီကလည်း ကောင်းကောင်း ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး..နောက်ပြီး .. လူသစ်မလာခင် သုံးရက်လောက် ငါတို့ စိတ်အနှောက်ယှက် ဖြစ်နေရမှာ…အန်တီဝမ်က ကျန်းရှို့ချန်ကို ထိန်းလာတာ အရမ်းကြာပြီ…အဲ့တော့ သူ့အကြောင်း အကုန်သိတယ်…အဲ့လိုမှ မဟုတ်ရင် .နောက်လာမယ့် အန်တီက ကျန်းရှို့ချန် ကုတ်ခြစ်လို့ ပွန်းပဲ့သွားရင် သည်းမခံနိုင်ပဲ အလုပ်ထွက်သွားလိမ့်မယ်…”
ကျန်းဟယ်လင်း စကားဆက်ပြောရန် လုပ်လိုက်သည်။
“ ဒါပေမယ့်…”
Xxxxxxx
Part 26
ကျန်းယန်ရှန့်မှာ သူမပြောချင်သည်ကို နားလည်နေသည့်အတိုင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။ကလေးများ၏ ကမ္ဘာကြီးကို မြင်သောအမြင်သည် အဖြူနဲ့ အမဲသာ ဖြစ်သည်။လူတွေဟာ ကောင်းသည့်လူနှင့် ဆိုးသည့်လူ ဟူ၍သာ ရှိပြီး ကိစ္စများမှာလည်း အမှားနှင့် အမှန်ဟုသာ ခွဲခြားလို့ရကြောင်း တွေးကြပေမည်။
ကျန်းယန်ရှန့်သည် ကျန်းဟွမ်၏ အာရုံစိုက်မှု ရရန် ပြဿနာမျိုးစုံ ရှာတတ်သည့် အစွန်းရောက်လူတစ်ယောက် ဖြစ်ခဲ့သည်။နောက်ဆုံးတွင် သူမကိုယ်သူမ ပျက်စီးစေခဲ့သည့် ကလေးတစ်ယောက်သာ ဖြစ်သည်။
“သူမ အမှားလုပ်ထားတယ်…ဒါကလည်း ကောင်းတဲ့အရာပဲ…ငါ သူမကို ကိုင်တွယ်ဖို့ လုပ်နေတော့... သူ ငါ့စကားနားမထောင်ပဲ မနေရဲတော့ဘူးလေ…”
ကျန်းယန်ရှန့် ပြောသည်။
“အကယ်၍ ငါ ဒီလိုသိမနေရင်… သူက ငါ့စကား နားထောင်မှာတဲ့လား…”
အန်တီဝမ်သည် ကျန်းယန်ရှန့် ပြောသမျှကို အရင်က အလေးအနက်မထားခဲ့ပေ။လျန့်ယင်းယင်း ကျန်းမိသားစုထဲသို့ ဝင်မလာခင်ကတည်းက သူမကို အလုပ်ခန့်ထားခဲ့သည်။ ကျန်းရှို့ချန် မွေးကင်းစအရွယ်မှစ၍ သူမ ထိန်းခဲ့ရပြီး လျန့်ယင်းယင်း ကျန်းအိမ်သို့ ရောက်လာသောအခါ သူမလည်း လိုက်လာခဲ့သည်။သူမစိတ်ထဲတွင် လျန့်ယင်းယင်းသာ သူမ အလုပ်ရှင်ဟု သတ်မှတ်ထားသည်။
ကျန်းယန်ရှန့် နှင့် လျန့်ယင်းယင်း သည် မိထွေးနှင့် လင်ပါသမီးသာ ဖြစ်သည်။လူအများပြောကြသကဲ့သို့ မင်းမှာ မိထွေးရှိလာခဲ့လျှင် မင်းအဖေကလည်း ပထွေးသာ ဖြစ်လာလိမ့်မည် ဟူ၍ဖြစ်သည်။ထို့ကြောင့် အရင်မိန်းမ၏ သမီးကို အလေးအနက်ထား၍ ဂရုစိုက်ရန် မလိုအပ်ပါဟု သူမ သဘာဝကျကျ ခံစားမိသည်။
မည်သို့ပင်ဖြစ်စေ သူမ၏ အဓိက တာဝန်မှာ ကျန်းရှို့ချန်ကို ထိန်းရန်သာဖြစ်ပြီး ကျန်းယန်ရှန့်နဲ့ အဆင်ပြေနေရန်လည်း လိုအပ်ခြင်း မရှိသောကြောင့် ဖြစ်သည်။မည်သူမှ ထိုအကြောင်းအရာများကို ထောက်ပြခြင်း မရှိခဲ့ပေ။
ကျန်းဟယ်လင်း တစ်စုံတစ်ခု ခံစားလိုက်ရသည်။ကျန်းယန်ရှန့် ထိုသို့ပြောလာသောအခါ သူမ စိတ်သက်သာရာရစွာ ခေါင်းငြိမ့်လိုက်ပြီး “ အဲ့တာဆို ဒါတွေက ဒီလိုမျိုးပေါ့…”
“နင် အခု ဘာလုပ်နေတာလဲ..”
ကျန်းယန်ရှန့် ရုတ်တရက် မေးလိုက်သည်။
“နင် နွေကျောင်းပိတ်ရက်အတွက် အိမ်စာတွေ ပြီးပြီလား..နင်ဘာလို့ ဒီမှာ ငါ့နား ဆက်ပြီး ကပ်နေတာလဲ…”
ကျန်းဟယ်လင်း လျှာထုတ်ပြလိုက်ကာ “အခု စာလုပ်ဖို့ သွားပါပြီ…” ပြောပြီးသောအခါ သူမ အပေါ်ထပ်သို့ တက်ရန် သွားလေသည်။
“ကျန်းဟယ်လင်း…”
ကျန်ယန်ရှန့် သူမကို ရပ်ခိုင်းလိုက်သောကြောင့် ကျန်းဟယ်လင်း ရပ်လိုက်ပြီး နောက်လှည့်ကြည့်လာသည်။
သူမ၏ အမကြီးမှာ ဆိုဖာပေါ်တွင် ထိုင်နေ၍ လက်တစ်ဖက်ဖြင့် မေးထောက်နေကာ နောက်လက်တစ်ဖက်ဖြင့် သူမ ပါးစပ် နှင့် နှာခေါင်းတို့ကို အုပ်ထားသည်မှာ သူမ မျက်နှာတစ်ဝက်နီးပါးပင် ဖြစ်သည်။သို့သော် သူမ၏ မျက်လုံးများမှာ တစ်ခြားနေရာသို့ ကြည့်နေသည်။ထိုပုံစံမှာ သူမ တစ်စုံတစ်ခုကို ပြောချင်သော်လည်း မပြောနိုင်သည့် ပုံစံမျိုးဖြစ်သည်။
ကျန်းယန်ရှန့် စက္ကန့်အနည်းငယ် ရပ်တန့်နေပြီးနောက် သူမ လက်များကို ချလိုက်ကာ ကျန်းဟယ်လင်းကို ကြည့်၍ သူမစိတ်ထဲမှ စကားလုံးများကို ပြောလေသည်။
"ငါက နင့်အပေါ် ကောင်းကောင်း မဆက်ဆံခဲ့မိဘူး…အဲ့ဒါ ငါမှားခဲ့တယ်..”
ကျန်းယန်ရှန့် ဆက်ပြောသည်။
“နင့်မှာ ပြောစရာတစ်ခုခုရှိရင် ခုနကလိုပဲ ပြောချလိုက်..တစ်ခြားသူတွေက နင်ပြောတာကို လက်မခံမှာ မကြောက်နဲ့…နင်အဲ့လို ထုတ်ပြောမှ သူတို့ နင်ပြောချင်တာကို သိပြီး နင့်ကို ကြည့်ကြလိမ့်မယ်..အဲ့တာမှ နင့်တည်ရှိမှုကို သူတို့ သတိထားမိလာလိမ့်မယ်..”
ကျန်းဟယ်လင်းမှာ ပြောသမျှကို ကောင်းမွန်စွာ နားလည်ပုံမပေါ်သော်လည်း သူမ နှလုံးသားထဲမှ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ကျန်းယန်ရှန့် တည်တည်ငြိမ်ငြိမ် ငြင်သာစွာ စကားပြောလာသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။သူမ ပြုံးလိုက်ကာ ပြောလာသည်။
"ဟုတ်...ညီမလေး နားလည်ပြီ…"
နေရောင်ကဲ့သို့ အပြုံးတစ်ပွင့်မှာ ကလေးမလေး၏ မျက်နှာထက်တွင် တောက်ပနေပြီး စမ်းချောင်းသဖွယ် ကြည်လင်နေသည်။ထိုအပြုံးမှာ ပြန်လည်မွေးဖွားလာသော အကျင့်စရိုက်ဆိုးရွာခဲ့သည့် သူ့မကိုယ်သူမ ရှက်လာစေသည်။
ကျန်းဟယ်လင်း ခုန်ဆွခုန်ဆွဖြင့် လှေကားပေါ်သို့ တက်သွားသည်။သူမ အပြင်သွားမည်ဖြစ်ကာ အိတ်ကိုယူရန် အပေါ်ထပ်သို့ မတက်မှီ ခဏမျှ ကျန်းယန်ရှန့် ရပ်နေခဲ့သည်။
သို့သော် သူမ အစောကတင် ပြောလိုက်သော ကျန်းရှို့ချန် 'ကုတ်ခြစ်လို့ ပွန်းပဲ့သွားရင်' ဆိုသည့် နိမိတ်မကောင်းသည့် စကားကြောင့် ယခု အန်တီဝမ် သူမလက်မောင်းကို မြှောက်၍ ပြန်ပြေးလာခဲ့သည်။
"မမလေး ယန်ယန်...ဒီမှာကြည့်ပါဦး….ကျွန်မက အလုပ်ကောင်းကောင်း မလုပ်တာမဟုတ်ဘူး...ဒီမှာ...ဒီမှာကြည့်ပါဦး…" သူမ လက်မောင်းတွင် ကျန်းရှို့ချန် ကုတ်ခြစ်လိုက်သဖြင့် တကယ်ကို ပွန်းပဲ့နေသည်။
"ကျွန်မ သူ့ကို မကိုင်တွယ်နိုင်ဘူး...ကြည့်ပါဦး...သူ ကျွန်မကို ကုတ်တယ်…"
ပထမတန်းသာ ရှိသေးသော်လည်း ကျန်းရှို့ချန်သည် အတော်လေး အထိန်းအကွပ်မဲ့နေပြီ ဖြစ်သည်။သူကြီးလာလျှင် ဘယ်လိုဖြစ်လာမည်ကို ကျန်းယန်ရှန့် တွေးမိသောအခါ သူမ မျက်နှာ ရုတ်တရက် မဲမှောင်သွားသည်။
"သူ ဘယ်မှာလဲ…"
"နောက်ဖေးက သဲကန်ထဲမှာပါ…"
သဲကန်မှာ ကျန်းယန်ရှန့် ကလေးဘဝတွင် သူမ၏အမေ လုပ်ပေးခဲ့ခြင်း ဖြစ်သည်။သူမကြီးလာသောအခါ သဲများနှင့် မဆော့တော့သဖြင့် ထိုအရာကို သူမ စွန့်ပစ်လိုက်လေရာ ထို သဲများမှာ မြေဆီလွှာအဖြစ်သို့ ပြောင်းလဲသွားလေသည်။
အချိန်ကြာလာသောအခါ လျန့်ယင်းယင်းသည် ကျန်းရှို့ချန်နဲ့ ကျန်းဟယ်လင်းကို ခေါ်ကာ အိမ်သို့ ရောက်လာခဲ့သည်။ထိုအခါ ကျန်းဟွမ်မှ အလုပ်သမားများကို ကလေးများ ဆော့ကစားရန် သဲအသစ်များ လဲစေခဲ့သည်။
ကျန်းယန်ရှန့် အန်တီ့ဝမ်ကို ကျော်၍ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာနေသည်။အန်တီဝမ် တိတ်ဆိတ်စွာဖြင့် သူမနောက်မှ လိုက်လာခဲ့သည်။
ဤအမျိုးသမီးငယ်လေးမှာ မိထွေးဖြစ်သူနှင့် ခဏခဏ စကားများရန်ဖြစ်သော်လည်း သူမ၏ အိမ်မှ အလုပ်သမားများအပေါ် ဆိုးဆိုးရွားရွား မဆက်ဆံပေ။
ကျန်းယန်ရှန့်သည် အရင်ဇနီးနှင့်ရသော ကလေးဖြစ်ပြီး မိထွေးမှ သားတစ်ယောက် မွေးလိုက်သည့်အချိန်မှစ၍ အိမ်အကူများမှာ သူမအပေါ် သာမန်သာ ဆက်ဆံတော့သည်။
ရုတ်တရက်ဆန်စွာ အကြီးဆုံးမမလေးမှာ မနေ့က အရမ်းခွန်အားကြီးလာပြီး မကောင်းဆိုးဝါးလေး ကျန်းရှို့ချန်ကို ပထမဆုံးအကြိမ် ရိုက်နှက်ခဲ့သည်။
ခင်ပွန်းဖြစ်သူနှင့် ဇနီးဖြစ်သူ ပြန်လာသောအခါ လျှောက်လမ်းတွင်သာ စိတ်လှုပ်ရှားစွာ ကလေးမလေး မည်သို့ အဆုံးသတ်မည်ကို ရပ်ကြည့်နေခဲ့သည်။ရလဒ်မှာ တစ်ဖက်လူကို မသာမယာဖြစ်အောင် ထိုးနှက်လေ့ရှိသော ကောင်မလေးသည် သူမ၏ မိထွေးကိုတောင် ကြက်သေသေသွားစေသည်။
ပို၍ အံ့ဩရသည်မှာ ကျန်းဟွမ်သည် သူမကို သိပ်မပြောတော့ကာ အန်တီဝမ့်ဆီသာ ဦးတည်လာခဲ့သည်။ဤအိမ်တွင် အနည်းငယ် ပြောင်းလဲတော့မည်ဟု သူမ ခံစားရသည်။အန်တီဝမ် တိတ်ဆိတ်စွာဖြင့် ကျန်းယန်ရှန့်နောက်သို့ ခပ်မြန်မြန် လိုက်သွားသည်။
ကျန်းရှို့ချန် သူမကို ကုတ်ပြီးချိန်တွင်တောင် အန်တီဝမ် ပြောနေသေးသည်။
"မင်းအမက မင်းကို အိမ်စာလုပ်ဖို့ ခေါ်ခိုင်းလိုက်တယ်…..မင်းရဲ့အကြီးဆုံးအမက ခေါ်ခိုင်းတာ……" ထိုသို့ပြောပြီးနောက် အန်တီဝမ် ထွက်လာခဲ့သည်။
သူမ ပြောသည်ကို နားမထောင်သည့်အပြင် ကျန်းရှို့ချန် ဆက်ကစားနေခဲ့သည်။ထို့နောက် ကျန်းယန်ရှန့် အိမ်နောက်ဖေးသို့ ရောက်လာသောအခါ သူ ရုတ်တရက် ထခုန်ပြီး ပြေးသွားခဲ့သည်။
ကျန်းယန်ရှန့် သူမခေါင်းကို လှည့်၍ အိမ်ပြင်တွင်ရှိသော အရုပ်ပုံးထဲမှ ဒူးနားထိ မြင့်သည့် ခုန်ဆွခုန်ဆွဘောလုံးကို မြင်လိုက်သည်။ဘောလုံးပေါ်တွင် ဦးချိုကဲ့သို့ အရာနှစ်ခု ရှိသည်။ထိုဦးချိုများမှာ ကလေးများ ဘောလုံးကို တက်ခွစီးလျှင် ကိုင်ထားရန် ဖြစ်သည်။
ကျန်းယန်ရှန့်သည် ဦးချိုမှ ကိုင်၍ ကျန်းရှို့ချန်ကို ဖမ်းမိဖို့ရာ လှမ်းပစ်လိုက်သည်။သူ၏ရှေ့တည့်တည့်သို့ ချိန်လိုက်ကာ သူမ လက်မောင်းကို အသားကုန်လွှဲ၍ ပစ်လိုက်သည်။သူ့ရှေ့သို့ရောက်လာသော ထိုအရာနဲ့ ကျန်းရှို့ချန် တိုက်မိသွားသည်။ကျန်းရှို့ချန်မှာ ကလေးတစ်ယောက် ဖြစ်သဖြင့် မြန်မြန်ဆန်ဆန် မပြေးနိုင်ကာ ဘောလုံးနှင့် တစ်ချက်ထဲဖြင့် ထိသွားခဲ့သည်။ဘောလုံး၏ ဦးချိုကို ကိုင်ကာ ဘောလုံးနှင့်အတူ သူ မြေပေါ်တွင် လိမ့်နေခဲ့သည်။
သူ မြေပေါ်မှ ထရန် ကြိုးစားနေစဉ် ကျန်းယန်ရှန့်မှာ သူ့လည်ပင်းနောက်မှ ကော်လံစကို ဆွဲလိုက်သည်။ကျန်းရှို့ချန်ကို လည်ပင်းကော်လာစမှ ဆွဲမကာ မြောက်တက်အောင် ကျန်းယန်ရှန့် မြှောက်ပစ်ချင်သည်။ကျန်းရှို့ချန်မှာ ငါးလေးတစ်ကောင်နှင့် တူနေလေသည်။လက်မောင်းနှစ်ဖက်ကို မြှောက်လိုက်သည်နှင့် ကျန်းရှို့ချန်သည် သူ့ရှပ်အကျီမှ လွတ်ထွက်သွားကာ ပြေးဖို့ ပြင်နေသည်။
ကျန်းယန်ရှန့် ရယ်မိတော့မလိုပင် ဖြစ်သွားသည်။သူမ လက်များကို ဆန့်ထုတ်၍ ကျန်းရှို့ချန်၏ခါးမှ လှမ်းဖမ်းလိုက်သည်။ကျန်းရှို့ချန်သည် သူ၏ခြေထောက်တိုလေးများဖြင့် ကန်နေကာ"ငါ့ကိုလွှတ်….ငါ့ကို လွှတ်…"
သူ ပါးစပ်ထပ်ဖွင့်ကာ အော်တော့သည်။ "အမေ….အမေ…."
သူ၏အမေ ယခုအချိန်တွင် အိမ်မှာ ရှိနေသေးသည်ကို ကျန်းရှို့ချန်သိေနသောကြောင့် ဖြစ်သည်။
xxxxxx