part-54
စုန့်ထင်ရှန်းကကွာရှင်းဖို့အကြောင်းပြောမလာသလို သူမ၏ဘဝကိုထိန်းချုပ်ရန်လဲမကြိုးစားပေ။
သူမက စုန့်ထင်ရှန်းအပေါ်ခံစားချက်များမရှိသော်လဲ ကိုယ့်ဘဝနဲ့ကိုယ် အခန်းဖော်များသဖွယ်စည်းချက်ညီညီလိုက်လျောညီထွေစွာနေထိုင်ခဲ့ကြသည်။ဒါကသူမတို့နှစ်ယောက်ဘယ်လိုနည်းဖြင့်အမည်ခံစုံတွဲအဖြစ်နေထိုင်သလဲဆိုသည့်အကြောင်းပင်။
သူမဒီနေရာသို့ကူးပြောင်းရောက်ရှိပြီးသည့်နောက်တွင်လဲ ထိုမျှတနေသည့်အခြေအနေကိုဖျက်ဆီးစရာအကြောင်းပြချက်မရှိပေ။တကယ်လို့ သူမကိုယ်သူမလေးစားမှုမရှိသူဟုစွပ်စွဲလာမည်ဆိုလျှင်လဲ ၎င်းကိုလက်ခံလိုက်မည်သာဖြစ်သည်။ယခုလက်ရှိအခြေအနေလိုမျိုး တယောက်နှင့်တယောက်အကွာအဝေးတခုထားပြီးလေးစားသမှုဖြင့်ဆက်ဆံခြင်းကအကောင်းဆုံးအခြေအနေဖြစ်သည်ဟုသူမမြင်လေသည်။
ယွမ်ရှက ဝမ်လေး၏လက်ကိုဆွဲ၍ စုန့်ထင်ရှန်းနောက်မှနေမင်္ဂလာပွဲထဲလိုက်သွားလိုက်သည်။ သူတို့သုံးယောက်အတွက် ထိုင်ခုံနေရာများ စီစဉ်ထားပြီးဖြစ်သည်။စုန့်ထင်ရှန်း၏ကောလိပ်ကျောင်းနေဖော် သူငယ်ချင်းများနှင့်တဝိုင်းထဲထိုင်နေလိုက်သည်။သူတို့၏ထိုင်ခုံကစင်မြင့် နှင့်လဲအတော်လေးနီးပေသည်။
သူမကအစောပိုင်းတွင်ထိုသူငယ်ချင်းများနှင့်မိတ်ဆက်ပြီးပြီဖြစ်သောကြောင့်နေရာမှာပင်တိတ်တဆိတ်ထိုင်နေခဲ့လေသည်။
ထိုသူငယ်ချင်းဟောင်းများ၏ရှေးဟောင်းနောက်ဖြစ်ပြောဆိုမှုများကိုသူမတိတ်ဆိတ်စွာနားထောင်နေရန်သာ ရည်ရွယ်ထားသည်။
ကံမကောင်းစွာပင်စုန့်ထင်ရှန်းတယောက်ထဲသာ ဇနီးသည်ကိုခေါ်လာသည့် သူ မဟုတ်ပေ။အမျိုးသားများကသူတို့၏ကျောင်းနေစဉ်ဘဝမမေ့နိုင်သောအမှတ်တရများကိုပြောဆိုနေကြချိန်မှာသူတို့၏ဇနီးသည်များကလဲတခြားအကြောင်းအရာများကိုပြောဆိုနေကြလေသည်။
ယွမ်ရှ၏ဘေးတွင်ထိုင်နေသောအမျိုးသမီးကပျော်ရွှင်တက်ကြွစွာဖြင်ပင်နှုတ်ဆက်လာလေသည်။
"ကျွန်မရှင့်ကိုနောက်ဆုံးမြင်ခဲ့တာက ဝမ်လေးရဲ့မွေးနေ့ပွဲမှာလေ အဲ့ဒီ့အချိန်ကနေဆိုရင်အခုနှစ်နှစ်ကျော်တောင်ရှိခဲ့ပြီနော်..."
"ဟုတ်တယ် အချိန်တွေကုန်တာကအရမ်းမြန်လွန်းတယ်..."
ယွမ်ရှကသူမ၏စကားလမ်းကြောင်းအတိုင်းသံယောင်လိုက်လိုက်သည်။
ထိုအမျိုးသမီးကကျယ်လဲမကျယ် တိုးလဲမတိုးသောအသံနှုန်းဖြင့်ဆက်လက်ပြောဆိုလာခဲ့သည်။
"ရှင်တို့စုံတွဲက နောက်ထပ်ကလေးတယောက်ယူဖို့မစဉ်းစားကြသေးဘူးလား...ဝမ်လေးတောင်မှအခုမူကြိုတက်နေပြီမဟုတ်လား...ရှင်တို့မိသားစုအခြေအနေကလဲကောင်းတယ် ရှင်လဲငယ်သေးတာပဲအခုနောက်ထပ်ကလေးတယောက်ထပ်ယူသင့်ပြီနော်..."
ယွမ်ရှ"..."
စကားလမ်းကြောင်းကဘယ်လိုဖြစ်လို့အဲ့ဒီ့အကြောင်းအရာကိုရောက်သွားတာလဲ...ဒုတိယကလေးဟုတ်လား သူမကပထမကလေးတောင်မှမမွေးချင်ဘူးလေ...
ထိုအမျိုးသမီးကယွမ်ရှပြန်မဖြေလာသောကြောင့်ကလေးလေးစုန့်ဘက်သို့လှည့်၍စနောက်လိုက်သည်။
"ဝမ်လေး ...ဝမ်လေးကညီလေး ဒါမှမဟုတ် ညီမလေးမလိုချင်ဘူးလား..."
ဝမ်လေးကအလွန်ပင်ရှင်းလင်းရိုးသားစွာဖြင့်ခေါင်းအသာခါယမ်းရင်းပြန်ဖြေလိုက်သည်။
"သား ဘာမှမလိုချင်ဘူး..."
ယွမ်ရှ ထိုအဖြေစကားကြောင့်ပျော်ရွှင်မိသွားသည်။ထိုအဖြေကြောင့်ကလေးလေးကိုပို၍ပင်ကြိုက်နှစ်သက်သွားမိသည်။
"ဘာလို့လဲ...သားရဲ့ပါပါးနဲ့မားမား တို့ကသားကိုထပ်ပြီးတော့မချစ်တော့မှာစိုးလို့လား..."
ယွမ်ရှ "..." ဟယ်လို...အခုက 2018 တောင်ဖြစ်နေပြီလေ...ကလေးတွေရှေ့မှာအဲ့လိုစကားတွေရှိနေသေးတာလား...
ယွမ်ရှချက်ချင်းပင်ဒီနေရာမှထွက်သွားချင်သွားသည်။
ဝမ်လေးကသူ့အမေကိုလှမ်းကြည့်ရင်းမေးလာလေသည်။
"မားမားကပေါင်ပေါင့်ကို မကြိုက်တော့ဘူးလား..."
ယွမ်ရှကပြုံးလိုက်ပြီးကလေးလေး၏လက်ဖောင်းဖောင်းလေးကိုဆွဲယူကာတချက်နမ်းမွှေးလိုက်သည်။
"မာမားကဘယ်လိုလုပ်ပြီးတော့ ပေါင်ပေါင့်ကိုမကြိုက်ပဲနေမှာလဲ...မာမားကပေါင်ပေါင့်ကိုအရမ်းကြိုက်တာ ပေါင်ပေါင်မသိဘူးလား..."
သူမကကလေးလေးကို မိခင်တယောက်၏ချစ်သည့်နည်းလမ်းမျိုးဖြင့်မချစ်သော်လဲ သူနှင့်အချိန်များစွာကုန်ဆုံးလာပြီးသည့်နောက် ကလေးလေးစုန့်ကိုတကယ့်ကိုဂရုစိုက်ပေသည်။သူ သူ့ကို ကြိုက်နှစ်သက်သည့်အတွက်ကြောင့်သာသူနှင့်နေ့တိုင်းကစားပေးပြီးနေ့တိုင်းတူတူအိပ်စက်ခြင်းဖြစ်သည်။
သူ့အမေဆီမှအဖြေကိုကြားပြီးသည်နှင့်ဝမ်လေးကထိုအမျိုးသမီးဘက်သို့လှည့်လိုက်ပြီး ရှင်းလင်းပြတ်သားစွာပြောလိုက်သည်။
"သားပါပါးနဲ့မာမားက သားကိုမကြိုက်ပဲမနေဘူး...ဒါပေမဲ့လဲ သားကညီလေး ဒါမှမဟုတ်ညီမလေးကိုမလိုချင်ဘူး ဘာလို့လဲဆိုတော့ကလေးတွေကအရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်..."
သုံးနှစ်အရွယ်ကလေးလေးတယောက်ဆီမှထိုစကားမျိုးကြားရသည်ကတကယ့်ကို ရီစရာကောင်းပေသည်။
စားပွဲတွင်ထိုင်နေကြသောသူများအားလုံးရီမောလိုက်ကြ၏။
စုန့်ထင်ရှန်းပင်လျှင် သူ့သားဝတုတ်လေးကိုကြည့်၍ပြုံးလိုက်မိသည်။
"ဒါပေမဲ့လဲ လူတော်တော်များများမှာ ညီလေး ညီမလေးတွေရှိတယ်လေ..."
ထိုအမျိုးသမီးက ဝမ်လေးကိုဆက်လက်၍စနောက်လိုက်လေသည်။
တချို့လူများတွင်မကောင်းသောအကျင့်များရှိလေသည်။ သူတို့က ကလေးများကို ငိုသွားအောင် သို့မဟုတ် စိတ်ဆိုးသွားအောင်စနောက်၍ကျေနပ်မှုကိုရှာဖွေကြလေသည်။
xxxxxxxxxx