အပိုင်း ၃
Viewers 54

အချက်အပြုတ်နတ်ဘုရားလေး၏ ခရီးစဉ်


အပိုင်း ၃



"ဒီမှာ၊ မင်းအတွက် ကြက်စွပ်ပြုတ်လုပ်ထားတယ်။ မြန်မြန်စားလိုက်၊ မဟုတ်ရင် ခဏနေ အေးသွားလိမ့်မယ်။"



သူမ ဆိုဖာပေါ်မှာ ထိုင်လိုက်တာနှင့် ချန်းရှုဟွာက ထမင်းဘူးကိုဖွင့်ပြီး တွန်းပို့လိုက်သည်။



ထမင်းဘူး ဖွင့်လိုက်တာနှင့် ကြက်စွပ်ပြုတ်၏ အနံ့က ချက်ချင်းပင် နှာခေါင်းထဲကို ရောက်လာသည်။ အစောပိုင်းက သတိမထားမိခဲ့သော်ငြား အနံ့ထွက်လာသောအခါမှာတော့ စုခယ်က ယနေ့ထမင်း တစ်နပ်သာ စားရသေးပြီ သူမ ဗိုက်ပင် ပြန်ဆာနေပြီကို သတိရလာသည်။



စုခယ်က မီးဖိုချောင်ထဲသွားကာ ဇွန်းတစ်ချောင်းရှာ၊ ခုံပုလေးတစ်ခုံကို ဆွဲယူလိုက်ပြီး ကော်ဖီစားပွဲမှာ ထိုင်ကာ စစားတော့သည်။



"ကျေးဇူးပါ၊ ယောင်းမ အရမ်းကောင်းတယ်" စုခယ် က စွပ်ပြုတ်ကို တစ်ဇွန်းသောက်လိုက်ပြီး ခေါင်းမော့ကာ ကျေးဇူးတင်စွာပြောလိုက်သည်။



မူရင်းစာအုပ်ထဲက ဇာတ်လမ်းအရ ဒီအချိန်မှာ မူလကိုယ်က လူတော်တော်များများကို စိတ်ဆိုးစေပြီးနေပြီ ဖြစ်သည်။ သူမ ထမင်စားပြီးမပြီးကို ဂရုစိုက်သောသူတွေအား ကျေးဇူးတင်ရမှာပင်။



ချန်းရှုဟွာက လုံးဝကို အရင်ကနှင့်ကွာခြားစွာ ကလေးမလေးကို ဒီလိုပြောမယ်လို့ မမျှော်လင့်ထားပေ။ သူမ၏ ပြန်လည် ပြင်ဆင်ထားသော အိမ်အသစ်ကို ပြန်ကြည့်လိုက်ကာ တစ်ခုခုပြောင်းသွားသလို ခံစားလိုက်ရသည်။ စုခယ်၏ ခင်ပွန်းက သူမခင်ပွန်း၏ လက်အောက်ငယ်သားဖြစ်ပြီး နှစ်အိမ်စလုံးက ရင်းနှီးသည်။ 



ယခင်က သည်ကိုလာသောအခါ ထိုကောင်မလေးက လျစ်လျူရှုထားခဲ့သည်မို့ စကားပြောဖို့လည်း နည်းလမ်းမရှိခဲ့ပေ။ အိမ်ကို သန့်ရှင်းရေးလုပ်ရန်၊ သက်သောင့်သက်သာဖြစ်အောင်ထားရန် သူမအကြံပေးချက်များကို လျစ်လျူရှုခဲ့သည့်အပြင် မီးမွှေးပြီး ဟင်းချက်ရန် အကြံပေးသည်ကိုလည်း လျစ်လျူရှုထားခဲ့သည်။ ယခုလိုမျိုး ကျေးဇူးတင်ပြီး ပြုံးပြရတာတော့ လုံးဝမဖြစ်နိုင်ပေ။



"ယောင်းမ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ ဘယ်မှာဝယ်လို့ရမလဲဆိုတာ သိလား။"



ချန်းရှုဟွာက အံ့အားသင့်သွားပြီး၊ "ဘာဝယ်ချင်တာလဲ။"



"မီးဖိုချောင်သုံး ပစ္စည်းတွေလေ၊ ညီမ ထမင်းဟင်း ချက်ချင်လို့၊ နေ့စဉ်သုံး ပစ္စည်းတွေပါ ဝယ်လို့ရရင် ပိုကောင်းမယ်"



သူမ သန့်ရှင်းရေး လုပ်သောအခါ မီးဖိုချောင်ထဲမှာ အိုးတစ်လုံးတောင် မရှိဘူးဆိုတာ သတိထားမိသည်။ ပန်းကန်တစ်လုံးတောင်မရှိပေ။ လုံးဝကို ပြောင်ရှင်းနေသည်။ ဤနေရာတွင် အနည်းဆုံး ခြောက်လနေရမှာ ဖြစ်သဖြင့် ကန်တင်းမှာ အမြဲတမ်း စားဖို့က လက်တွေ့မကျပေ။ 



ထို့အပြင် နောက်ပိုင်းလုပ်ဆောင်ရမည့် အလုပ်တွေအတွက် မီးမွှေးပြီး ချက်ပြုတ်ဖို့လည်း လိုလိမ့်မည်။ ချက်ပြုတ်ခြင်းက လေ့ကျင့်မှုအများကြီးလိုအပ်သည့် အရာတစ်ခုဖြစ်သည်။



"ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေဆို မနက် ၈ နာရီမှာ ရပ်ကွက်တံခါးဝကိုသွား၊ မြို့ထဲကိုသွားတဲ့ ဘတ်စ်ကားရှိတယ်"



 ချန်းရှုဟွာက ခဏတာ စဉ်းစားပြီး ထပ်ပြောလိုက်သည်။ "ကျန်တဲ့ အချိန်တွေမှာဆို စာရင်းတစ်ခုရေးပြီး ထောက်ပံ့ရေးဌာနကို ပို့လိုက်ရင် အများကြီးတစ်ခါတည်း ဝယ်ပေးလိမ့်မယ်"



စစ်ဘက် မိသားစုဝင်တွေ၏ ဘဝကို ပိုမိုကောင်းမွန်စေဖို့နှင့် ပိုမိုအဆင်ပြေစေဖို့အတွက် ရပ်ကွက်က ဗုဒ္ဓဟူးနှင့် သောကြာနေ့တွေမှာ မြို့ထဲကိုသွားကာ ပစ္စည်းတွေ ဝယ်ရန် ဘတ်စ်ကားတွေ စီစဉ်ပေးထားသည်။ ပုံမှန်အားဖြင့် ထောက်ပံ့ရေးဌာနက စုပေါင်း ဝယ်ယူပေးနိုင်သည်။



 ရည်ရွယ်ချက်မှာ စစ်သားဇနီးတွေအတွက် ဘဝကို ပိုမိုအဆင်ပြေစေရန်ပင်။  ဥပမာ ထောက်ပံ့ရေးဌာနက ဝယ်ရန် မသင့်တော်သော ပစ္စည်းတွေဆို ကိုယ်တိုင်ဝယ်လို့ရသည်။



ချန်းရှုဟွား - "အိုကေ၊ မနက်ဖြန်လာခဲ့ ငါ နင်နဲ့ လိုက်ဝယ်ပေးမယ်"



"ကျေးဇူးတင်ပါတယ် ယောင်းမ အရမ်းကောင်းတာပဲ" ချီးမွမ်းစကားများက အမြဲမှန်၏။ စုခယ်က ပြုံးပြလိုက်သည်။



နှစ်ယောက်သား တွေ့ရန် အချိန်ကို သဘောတူပြီးနောက် စုခယ်လည်း ထမင်းစားပြီးသွားလေသည်။ နောက်ကျနေပြီ ဖြစ်သဖြင့် ချန်းရှုဟွာက ထမင်းဘူးနှင့်အတူ ပြန်သွားသည်။



သန့်စင်ပြီးသောနောက် စုခယ်က စားပွဲမှာထိုင်ပြီး မှတ်စုစာအုပ်ထုတ်ကာ စာရင်းလုပ်သည်။



ယနေ့က အင်္ဂါနေ့ဖြစ်သဖြင့် မနက်ဖြန်မှာ မြို့ထဲကိုသွားပြီး လိုအပ်သော ပစ္စည်းတွေ ဝယ်လို့ရသည်။ မီးဖိုချောင်သုံး ပစ္စည်းတွေအပြင် သူမ သင့်တော်သည်ဟု ထင်ပါက အဝတ်အစားတွေပါ ဝယ်လို့ရမည်။ သူမ သွားတိုက်တံ၊ သွားပွတ်တံတွေနှင့် တခြားအရာများလည်း ဝယ်ရမည်။



စာရင်းလုပ်ပြီးတာနှင့် စုခယ်က မှတ်ဉာဏ်ကို အားကိုးပြီး ပိုက်ဆံကို ရှာတွေ့ခဲ့သည်။ မှတ်စု အပါအဝင် အကုန်လုံးကို လွယ်အိတ်ထဲ ထည့်လိုက်သည်။



အားလုံးပြီးသွားသည့်နောက် စုခယ်က စားပွဲမှာထိုင်ပြီး နေ့ခင်းက စီစဉ်ထားသော စာတွေကို ထုတ်လိုက်သည်။

သူမ၏လုပ်ဖော်ကိုင်ဖက် ပြောသည်ကို သူမမှတ်မိသလောက်မှာ မူလပိုင်ရှင်နှင့် ချန်းလင်တို့က ခြောက်လအတွင်း ကွာရှင်းဖို့သဘောတူထားပြီး ကျန်သောအချိန်ကို အေးအေးဆေးဆေး ကုန်ဆုံးသွားဖို့ပင်။ 



ပြဿနာက သူမ၏အတုအယောင် အခင်ဆုံးသူငယ်ချင်း ဟဲထင်က သူမ ယောကျာ်းလေး အတန်းဖော်တွေနှင့် စာပေးပို့တာကို ဖော်ထုတ်လိုက်တာကြောင့် ကိစ္စက ကြီးထွားသွားပြီး သူမ၏ ဂုဏ်သတင်းကို လုံးဝပျက်စီးသွားစေသည်။



စာတွေကို တစ်စောင်ချင်းဖွင့်ပြီး တစ်စောင်ချင်း ဖတ်ကြည့်တော့ သူမကိုချစ်ကြောင်း ဖွင့်ပြောကာ ချဉ်းကပ်ဖို့ ကြိုးစားသော အတန်းဖော်ကောင်လေးတွေ၏ စာတွေ ဖြစ်နေသည်။ ထို့နောက် အိမ်ထောင်ချထားပေးသည်ကို မည်ကဲ့သို့ ရှောင်ရမည်ဆိုတာ သင်ပေးထားသည်။



ဖတ်ပြီးသောနောက် စုခယ်၏ စိတ်ထဲမှာ တစ်ခွန်းသာရှိသည်။ နောက်ထပ် တွက်ချက်တတ်သော ဖီးနစ်လိုယောကျ်ားတစ်ယောက်ပါပင်။



စာထဲတွင် သူမ၏ မိသားစု၊ မိဘတွေ၊ သူမ၏ အဆက်အသွယ်တွေကို မကြာခဏ မေးထားသည်။



စာရွက်ကို ဆော့နေရင်း သူမ လက်ရှိ အခြေအနေကို စဉ်းစားနေသည်။ စုခယ်က နောက်ပိုင်းမှာ ပြဿနာမဖြစ်စေရန် စာတွေအားလုံးကို မီးရှို့ပစ်လိုက်သည်။ 

အားလုံးပြီးသွားပြီးနောက် စုခယ် အနားယူရန် အိပ်ရာထဲ ဝင်လိုက်သည်။



နောက်တစ်နေ့တွင် မိုးကောင်းကင်က ပူပြင်းပြီး မှိန်ဖျော့နေသည်။



စုခယ်က ထပြီး မျက်နှာသစ်ကာ သူမ၏ နက်မှောင်နေသော ဆံပင်ကို ဆံထုံး ထုံးလိုက်သည်။



သူမ၏အဝတ်ဘီရိုထဲမှာ ထင်ရှားမှု အနည်းဆုံး နှင့် အရောင်ညီသော စကတ်ကိုရှာပြီး ဝတ်လိုက်သည်။ ထို့နောက် သွားဖို့အဆင်သင့်ပြင်လိုက်သည်။



သူမ တံခါးပိတ်လိုက်သည်နှင့် မျက်နှာချင်းဆိုင်မှ တံခါးပွင့်လာသည်။ အသက်နှစ်ဆယ် အစောပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က မီးခိုးရောင် ချည်ဂါဝန်ဝတ်ထားပြီး ငါးနှစ်အရွယ် ကောင်လေးတစ်ယောက်၏ လက်ကို ကိုင်ထားသည်။



"မင်္ဂလာနံနက်ခင်းပါ။" စုခယ်က ပြုံးပြီး အရင် နှုတ်ဆက်လိုက်သည်။ အမျိုးသမီးက သိသိသာသာ အံ့အားသင့်သွားပြီး "မင်္ဂလာပါ" လို့ပြန်ပြောကာ ကောင်လေးကို ဆွဲလျက် လျင်မြန်စွာ ထွက်သွားသည်။



ဘတ်စ်ကားစီးဖို့ သွားမှာလားဟု မေးချင်ခဲ့သော်ငြား သူမ မပြောဖြစ်ခင် သူတို့က ထွက်သွားလေပြီ။



System က သူမကို စုန့်ကွေ့ကျစ်ဟု ခေါ်သောသူအကြောင်း သတိပေးသည်။ မူရင်းဇာတ်ကောင်က ကျေးလက်မှ စစ်တပ်နှင့်အတူလာသော စစ်ဘက် မိသားစုဝင်တွေကို စားသောက်ပုံမတတ်၊ ယဉ်ကျေးမှုမရှိ၊ အပြုအမူကြမ်းသည်ဟု လှောင်ပြောင်ခဲ့သည်။ မြို့ပေါ် အဝတ်အစားတွေ ဝတ်သော်ငြား မြို့ပေါ်သူတွေနှင့် တူမနေဘူးဟု ပြောခဲ့သည်။



ဇာတ်လမ်းကို ပြန်သတိရတော့ စုခယ်က အမှန်ပင် စကားပြောစရာမဲ့သွားသည်။ စာရေးသူက စာရေးသောအခါ လုံးဝကို ဂရုမစိုက်ခဲ့ပေ။ မူလကိုယ်ကို ဤမျှထူးခြားပြီး ပညာတတ်သော မိသားစုနောက်ခံ ပေးထားသော်ငြား ဇာတ်လမ်းကို ဦးနှောက်မပါဘဲ ရေးထားသည်။



စစ်ဘက်ဇနီးတစ်ယောက်ကို ပညာမတတ်ဘူးလို့ လှောင်ပြောင်တာက မူလကိုယ် လုပ်မည့် လုပ်ရပ်မျိုး မဟုတ်ပေ။



သူမ ခေါင်းကိုခါကာ သက်ပြင်းချလိုက်သည်။ သူမက ရန်သူတွေ အများကြီး ဖန်တီးထားမိပြီမို့ မိသားစုခြံဝန်းထဲတွင် ဘဝက ရှည်လျားပြီး ခက်ခဲသောခရီး တစ်ခုဖြစ်နေသည်။



သူမတို့ ဝန်းတံခါးဝကို ရောက်သောအခါ စစ်ဘက်ဇနီးတွေ အများအပြားက အစောကြီး စောင့်နေလေပြီ။

စုခယ်က သူမရောက်လာတာနှင့် မူလ အသက်ဝင်နေသော ပတ်ဝန်းကျင်က အေးစက်သွားသည်ကို သိသိသာသာ ခံစားမိသည်။



ချန်းရှုဟွာနှင့် ပြန်ဆုံပြီးနောက် စုခယ်က သူမ ဘာမှမသိသလိုသာ ဟန်ဆောင်လိုက်သည်။ သူမက ယောင်းမဖြစ်သူနှင့် ခဏစကားပြောပြီးသည်နှင့် ကားရောက်လာသည်။ စစ်ဘက်မိသားစုဝင်တွေက ဘက်စ်ကားပေါ်သို့ ပေါင်းအိုးထဲ ဖက်ထုပ်ထည့်သလို တစ်တန်းတည်း တက်သွားကြသည်။



စုခယ်က ချန်းရှုဟွာကို ကား၏နောက်ဆုံးခုံ ပြတင်းပေါက်နားမှာ ထိုင်ဖို့ဆွဲခေါ်လိုက်သည်။ သူမ၏ ဂရုစိုက်မှုကို သတိရကာ ညနေပိုင်းမှာ သူမအိမ်ကို ညစာစားဖို့ ဖိတ်လိုက်သည်။



ယနေ့ သူမ ပစ္စည်းများ အားလုံးဝယ်ပြီး ဖြစ်သဖြင့် မီးမွှေးပွဲလေးစတင်ဖို့ အချိန်ကျလေပြီ။



အချိန်ညှိပြီးသည်နှင့် စုခယ်က ကားဆီသို့ အကြည့်ရောက်သွားသည်။



မူလကိုယ်က ရှေ့မှာရှိသော လူတွေကို တစ်နည်းနည်းနှင့် စိတ်ဆိုးစေခဲ့သည်။ အသက်လေးဆယ် အစောပိုင်းအရွယ် ပန်းပွင့်ရိုက် အင်္ကျီဝတ်ထားသော အမျိုးသမီးမှာ လျိုစုန့်ကျစ်ဖြစ်သည်။ လူတိုင်းက သူမကို အန်တီလျိုလို့ ခေါ်သည်။ သူမ၏ ခင်ပွန်းက စစ်တပ်ထဲတွင် ကားမောင်းသူဖြစ်ပြီး၊ သူမကိုယ်တိုင်က စစ်တပ်ကန်တင်းမှာ အလုပ်လုပ်ကာ ထမင်းပြင်ပေးသည်။ 



ယခင်က မူလကိုယ် အပြင်ထွက်စားသောအခါ အန်တီလျိုက စွပ်ပြုတ်ကို မတော်တဆ သူမအပေါ်လောင်းမိတာကြောင့် နှစ်ယောက်သား စကားများခဲ့ကြသည်။ အန်တီလျိုနှင့် အတူရှိသော သူမ အစောလေးကတင် တွေ့ခဲ့သော အမျိုးသမီးက စုန့်ကွေ့ကျစ်ဖြစ်သည်။ သူမက ကျေးလက်မှ စစ်တပ်နှင့်အတူလာခဲ့သည်။ သူမ ဘေးရှိ ပန်းပွင့်အင်္ကျီ ဝတ်ထားသော အမျိုးသမီးက အန်တီလျို၏ညီမ လျိုရှင်းဟွာဖြစ်သည်။



ဤသုံးဦးစလုံးက မူလပိုင်ရှင်နှင့် ပဋိပက္ခဖြစ်ခဲ့ဖူးတာကြောင့် သူမကို ဘယ်သူမှ ဂရုမစိုက်ချင်သည်က ပုံမှန်ပါပင်။



System က ပေးထားသော တာဝန်တွေကို စဉ်းစားမိသောအခါ စုခယ်က ဆက်၍ သူမ၏ ဂုဏ်သတင်း ထိခိုက်မှာကို မဖြစ်စေချင်ပေ။



သို့သော်ငြား ဘယ်လိုလုပ်ရမလဲဆိုတာ သူမမှ မသိသေးပေ။



စဉ်းစားနေစဥ်မှာပင် သူမတို့ ဆင်းရမည့် နေရာသို့ ရောက်သွားချေပြီ။



သူမက ခရိုင်မြို့ရှိ ကုန်တိုက်သို့ တိုက်ရိုက်သွားပြီး အိမ်မှာလိုအပ်နေသော နေ့စဉ်သုံး ပစ္စည်းတွေ အားလုံးကို ဝယ်လိုက်သည်။ ဈေးကို ပြေးပြီး ကျောက်ပုဇွန် ဆယ်ပေါင်နှင့် ဘီယာအနည်းငယ် ဝယ်လိုက်သည်။



သူမ ကျွေးမည်ဟု ပြောသောအချိန်မှာပင် မီနူးကို စဉ်းစားထားပြီးသားဖြစ်၏။ နွေရာသီ ညနေခင်းမှာ ကျောက်ပုဇွန်စားရင်း ဘီယာအနည်းငယ်သောက်ရတာထက် ပိုပျော်စရာကောင်းတာမရှိပေ။



သူမ မိသားစုဝန်းထဲသို့ ပြန်ရောက်သောအခါ ညနေ ၃နာရီခွဲရောက်နေလေပြီ။ ပစ္စည်းတွေအားလုံးကို စနစ်တကျထားပြီးသည်နှင့် စုခယ်က ကျောက်ပုဇွန်တွေကို စတင်ပြင်ဆင်သည်။ ဆယ်ကီလိုဂရမ်ကို ပြီးသည်အထိ လုပ်ရန် တစ်နာရီနီးပါး ကြာသွားသည်။ အရံဟင်းများ အားလုံးကို လှီးပြီးသည်နှင့် စုခယ်က ဘီယာ သုံးပုလင်းကို ယူပြီး ခြံထဲက ရေကန်ထဲ ထည့်လိုက်သည်။



အချိန်က သိပ်မနှောင်းသေးတာကြောင့် စုခယ်က ဖရဲသီးအချို့ လှီးပြီး ကုလားထိုင်ကို လှမ်းဆွဲကာ လေသာ ပြတင်းပေါက်မှာ ထိုင်၍ လေအေးကို အရသာခံရင်း ဖရဲသီးစားနေခဲ့သည်။



၉၉၆ အလုပ်ကနေ လွတ်မြောက်ပြီး၊ ဖရဲသီးတစ်လုံးကိုင်ထားရင်း၊ သန့်ရှင်းသောအိမ်နှင့်၊ တာဝန်ထမ်းဆောင်နေသောအချိန်မှာ အိမ်မပြန်လာသော ယောကျ်ားတစ်ယောက်ရှိသဖြင့် ဘဝက အေးချမ်းပြီး လှပနေသည်။



System က ရုတ်တရက် ပေါ်မလာဘူး ဆိုပါက မူရင်းစာအုပ်၏ ဇာတ်လမ်းအတိုင်း လိုက်နာခဲ့မည်ဆိုပါက သူမကွာရှင်းပြီး ထွက်သွားပြီးဖြစ်လောက်သည်။ ၁၉၈၀ ပြည့်လွန်နှစ်တွေတွင် သူမ၏ကျွမ်းကျင်မှုတွေနှင့် ငတ်ပြတ်သေစရာ အကြောင်းမရှိပေ။ ကောင်းကောင်း နေနိုင် လောက်သည်။



ကြိုးစားပြီး စီးပွားရေးလုပ်ငန်း စခဲ့မည် ဆိုပါက သန်းကြွယ်သူဌေး တစ်ယောက်တောင် ဖြစ်လာနိုင်သည်။ ပိုက်ဆံတွေ ပိုရလာသောအခါ တစ်နိုင်ငံလုံးမှာ အိမ်တွေရာနှင့်ချီ ဝယ်နိုင်မည်။ အိမ်ခြံမြေ စျေးကွက်စီးပွားရေး တိုးတက်လာသောအခါ သူမပြန်လည် ချမ်းသာကြွယ်ဝသွားမှာပင်။



ထိုအရာကို စဉ်းစားရင်း စုခယ်က ရယ်မောလိုက်သည်။ အရာရာက ကိုယ့်စိတ်ကူးအတိုင်း ဖြစ်နေရင် မည်မျှကောင်းမည်နည်း။ ကံမကောင်းစွာနှင့်ပင် သူမမှာ အကဲဖြတ်ချက် တစ်ခုရှိနေသည်။



သူမက ဖရဲသီး နောက်တစ်စိတ်ကောက်ယူလိုက်ကာ ခါးပေါ်မှာ လက်တင်ပြီး မိသားစုဝန်း အပြင်ဘက်တွင် လေ့ကျင့်နေသော စစ်သားတွေကို ငေးကြည့်နေမိသည်။ သူတို့မှာ ဂျုံရောင်အသားအရေတွေ၊ ဝမ်းဗိုက်ကြွက်သားရှစ်ခုပါသော နုပျိုသည့်ခန္ဓာကိုယ်တွေနှင့် အားပါးတရ အော်နေကြသည်။



အင်း .. သိပ်မဆိုးဘူးပဲ။



"လှပသောရှုခင်း"ကို ခဏခံစားပြီးတာနှင့် ဖရဲသီးစားခြင်းကို လက်စသတ်လိုက်သည်။ အချိန်နီးနေပြီဆိုသည်ကို တွေ့သဖြင့် စုခယ်က မီးဖိုချောင်ထဲ ပြန်ဝင်ပြီး လုပ်ငန်းစရန် ပြင်ဆင်တော့သည်။



မစ္စချန်းက ကလေးတွေကို ခေါ်လာမှာမို့ စုခယ်က ကလေးတွေအတွက် သစ်သီးလက်ဖက်ရည်လုပ်ဖို့ စဉ်းစားထားသည်။ ရေကိုဆူအောင်တည်ပြီး လက်ဖက်ရည်ထဲကို သကြားညိုထည့်သည်။ လှီးထားသော ပန်းသီး၊ လိမ္မော်သီးနှင့် သံပုရာသီးတွေထည့်ပြီး ဓာတ်ဘူးထဲထည့်ကာ ဘေးချထားလိုက်သည်။



နောက်ထပ် အိုးကြီးတစ်လုံးထုတ်ပြီး ဆီပူအောင်တည်ကာ ကျောက်ပုဇွန်တွေ ထည့်သည်။ အစိမ်းရောင်ခွံနှင့် ကျောက်ပုဇွန်တွေက ဆီအိုးထဲထည့်လိုက်သည်နှင့် ပန်းရောင်ပြောင်းသွားသည်။ ငါးစက္ကန့်အတွင်းမှာ လုံးဝနီသွား၍၊ အနည်းငယ် လှိမ့်လိုက်သည်နှင့် ကြော်ပြီးသားဖြစ်သွားပြီး ဆီထဲကနေ ဆယ်၍ ဆီစစ်ထားလိုက်သည်။



ထိုခေတ်တုန်းက ကျောက်ပုဇွန်အစပ်ကြော်ရန် သီးသန့်အနှစ် မရှိသေးတာကြောင့် ချက်ချင်းကြော်ရုံသာ ကြော်နိုင်သည်။ သူမက ကျောက်ပုဇွန်အစပ် ကြော်နည်းမျိုးစုံကို စမ်းသပ်ပြီး သင်ယူထားကာ သူမအကြိုက်ဆုံးက ရှင်းထျန်နည်းဖြစ်သည်။ သူမ မှတ်မိထားသောနည်းအတိုင်း လိုက်ကာ ချက်ပြုတ်ပြီး ခဏအတွင်းမှာ ပါဝင်ပစ္စည်းတွေကို အောင်မြင်စွာ ကြော်လိုက်နိုင်သည်။



မီးဖိုကိုဖွင့်ပြီးနောက် သူမ စတင် ချက်ပြုတ်တော့သည်။ ကျောက်ပုဇွန်တွေကို အိုးထဲထည့်ပြီး ဘီယာလောင်းထည့်ရသည်။ ကျက်လောက်သည့် အချိန်ရောက်သည်နှင့် ပန်းကန်လုံးကြီး တစ်လုံးထုတ်ပြီး စားပွဲပေါ်တင်သည်။ ကလေးက အစပ်မစားနိုင်သောကြောင့် ကြက်သွန်ဖြူအရသာနှင့် ချက်လိုက်သည်။



ကျောက်ပုဇွန်အားလုံးကို ချက်ပြီးသွားသည့်နောက် သူမ ကြက်သွန်ဖြူနှင့် ဟင်းသီးဟင်းရွက်တစ်ခွက်၊ ခရမ်းချဉ်သီး ကြက်ဥကြော်တစ်ခွက်နှင့် အအေးစာဟင်းအချို့ပါ ချက်ပြီးသွားသည်။ ခြောက်နာရီတွင် အကုန်လုံးမှာ အဆင်သင့်ဖြစ်နေလေပြီ။ စုခယ်က အေပရွန်ကို ချွတ်ပြီး ဝယ်ထားသော ဘီယာတစ်ပါကင်လုံးကို ရေခဲသေတ္တာထဲ ထည့်လိုက်သည်။ ထို့နောက် ဝိုင်ခွက်တွေ ထုတ်ကာ ရေခဲသေတ္တာပေါ်မှာ တင်ထားလိုက်သည်။



အကုန်လုံး အဆင်သင့်ဖြစ်ပြီဆိုသည်နှင့် စုခယ်က တခြားဟင်းတွေကို စတင်ကြော်သည်။ ဆီအေးကို အိုးပူထဲထည့်၊ ငရုတ်သီးစိမ်းနှင့်အာလူးကို မွှေကြော်ပြီးသည်နှင့် တည်ခင်းလိုက်သည်။ ကြက်သွန်ဖြူနှင့်ဟင်းသီးဟင်းရွက်...



အားလုံးကြော်ပြီးချိန်၌ ခြောက်နာရီခွဲရောက်နေပြီ။



လူမရောက်သေးသည်ကို တွေ့သဖြင့် စုခယ်က ရပ်ကွက်တံခါးဝမှာ ကြိုရန် အောက်ထပ် ဆင်းလာခဲ့သည်။



၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း နန်ချန်း ခရိုင်မှာ အလုပ်သမားအများစုက ဆင်းရဲသားရပ်ကွက်တွေတွင် နေထိုင်ကြသည်။ ဝန်းတစ်ဝန်းတွင် မိသားစုများစွာ နေကြသည်။ 



စစ်ဘက် မိသားစုဝင်များ၏ ဘဝကို ပိုမိုဂရုစိုက်သည်အား ပြရန် စစ်ဘက်မိသားစုအိမ်ရာတွေကို သီးသန့်နေထိုင်မှုအတွက် အပြည့်အဝ စီစဉ်ပေးသည်။ တစ်ထပ်တွင် အိမ်စုနှစ်အိမ်ရှိပြီး၊ တန်ဖိုးနည်း အိမ်ရာတွေနှင့်ဆင်သည်။ သို့သော်ငြား အထပ်တွေက မမြင့်ချေ။ တစ်တိုက်တွင် အများဆုံး အိမ်ထောင်စု ၁၂ အိမ်နေနိုင်သည်။



 စစ်ဘက်မိသားစုဝင်တွေ စစ်တပ်နှင့်အတူ နေထိုင်ဖို့ရာ စည်းမျဉ်းတွေရှိသည်။ ဒုတိယတပ်မှူးအဆင့်နှင့် အထက်ရာထူးရှိသူတွေသာ မိသားစုဝင်တွေကို သူတို့အား အဖော်ပြုပေးရန် ခေါ်ယူနိုင်သည်။ စုန့်ကွေ့ကျစ်၏ ဘေးအိမ်တွင် နေထိုင်သောသူက ဒုတိယနယ်တပ်က ဒုတိယတပ်မှူးကြီးဖြစ်သည်။ သူ့ကို လွန်ခဲ့သောငါးလကမှ ရာထူးတိုးပေးခဲ့သည်ကို သူမ မှတ်မိသည်။ ရာထူးတိုးပြီးတာနှင့် ကျေးလက်မှ ဇနီးနှင့်ကလေးတွေကို ခေါ်ယူဖို့ လျှောက်ထားခဲ့သည်။



စုခယ်က အိမ်အပြင်ထွက်ချိန် မျက်နှာချင်းဆိုင်တံခါးကို မြင်သောအခါ မနက်ခင်းက တွေ့ဆုံမှုနှင့် အမျိုးသမီး၏ တုံ့ပြန်မှုကို စဉ်းစားမိရကာ ခေါင်းကိုက်လာသည်။ ထိုအချိန်မှာ စက်သံတစ်ခုကို သူမ စိတ်ထဲတွင် ကြားလာရသည်။



[စာအုပ်ထဲ ကူးပြောင်းခြင်း အကူ System ၏ ဇာတ်လမ်းအတွက် ဖြည့်စွက် အကြံပြုချက် - စုန့်ကွေ့ကျစ်က ရပ်ကွက်ထဲကို ခုမှပြောင်းလာသဖြင့် ဘာမှမသိသေးပေ။ ထို့အပြင် ကျေးလက်က လာသောကြောင့် အလွန်စိတ်တိုလွယ်သည်။ သူတို့ နှစ်ယောက်သား တစ်ထပ်တည်းတွင် နေကြသည်။ စုန့်ကွေ့ကျစ်က တစ်ခါတစ်ရံ သူမဆီကို အကူညီတောင်းဖို့ မကြာခဏလာသည်။ အေးအေးဆေးဆေး ဘဝတွင်နေချင်သော မူလပိုင်ရှင်ကို ဒါက စိတ်ညစ်စေသည်။ သူမ သည်းခံပြီးနေခဲ့လျှင် ရက်တွေက ကုန်သွားမှာ ဖြစ်သော်ငြား ယခုနှစ် မတ်လမှာ စုန့်ကွေ့ကျစ်က ရုတ်တရက် စိတ်မထိန်းနိုင်ဖြစ်ပြီး မူလပိုင်ရှင်၏ နဖူးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး သူမကို အထင်သေးသည်ဟု ပြောလာသည်။ မူလပိုင်ရှင်က စိတ်ဆိုးသွားပြီး သူမပြောသည့်အတိုင်းသာ ဆက်ဆံလိုက်သည်။]



အကူ Systemက ဇာတ်လမ်း ဖြည့်စွက် အကြံပြုချက်တွေကို ပြီးအောင်ထည့်ပြီးနောက် ပျောက်သွားသည်။ စုခယ်က တစ်ခုခုကို စဉ်းစားနေသလိုပါပင်။ သူမက သူမ၏ မူလကိုယ်မှာ ဒရာမာဇာတ်လမ်းတွေထဲ ပါဝင်သလို ပြုမူနေတာကြောင့် ကျိုးကြောင်း မဆီလျော်ဘူးဟု ထင်ခဲ့သည်။



စုန့်ကွေ့ကျစ်က ရုတ်တရက် စိတ်မထိန်းနိုင်ဖြစ်သွားတာလား? ကြည့်ရတာ သူမ ယခင်လုပ်ခဲ့သော အမှားတွေမှာ တစ်ခုခု သံသယဖြစ်စရာရှိနေပုံပင်။